ပညာရေးဌာနနှင့် ယုတ္တိဗေဒ
နယ်တစ်ခါပြန်ရင် အံ့ဩစရာတွေကြားရတတ်တယ်။ စာရေးဖို့အကြောင်းအရာတွေ ရလာတတ်တယ်။ ဒီတစ်ခေါက်ပြန်တော့လည်း ဒီအတိုင်းပဲ။ ဒါပေမယ့် ဒီတစ်ခေါက်ကြားရတာကတော့ ပိုထူးဆန်းပြီး ပိုအံ့ဩဖို့ကောင်းတယ်။
သီတင်းကျွတ်ဆို မပြန်ဖြစ်တဲ့နှစ်တွေကများတော့ ဒီနှစ်မှာ အိမ်ပြန်ခွင့်ရတုန်း ဆရာတွေကို လိုက်ကန်တော့ဖြစ်တယ်။ ၁ဝ နှစ်နီးပါးအတွင်းမှာ နှစ်ခေါက်လောက်ပဲတွေ့ဖြစ်တဲ့ ဆရာတွေဆီလည်း သေချာသွားတွေ့ဖြစ်တယ်။ အဲဒီမှာ ဆရာမတွေ စာသင်ဖို့ထက် ယုတ္တိဗေဒတွေကို လက်တွေ့အသုံးချနေရတဲ့အကြောင်းတွေကို သိလာရရော။
ဆရာမက ကျောင်းမှာ အတန်းပိုင်။ ဆယ်တန်းဆိုတော့ အစိုးရက ဂရုစိုက်တယ်ပေါ့။ တစ်လချင်းစီရဲ့ အောင်ချက်တွေကို ပို့ပေးရတယ်။ ပထမဆုံးစာမေးပွဲရဲ့ အောင်ချက်က ၆၅ ရာခိုင်နှုန်း။ အဲဒီအတိုင်းတင်ပေးလိုက်တော့ ပညာရေးမှူးက ပြောလာတယ်။ ဒီလက ၆၅ ဆို နောက်လမှာ ဒီထက်တက်မှရမယ်၊ ၆၅ ထက်များမယ်လို့ အာမခံနိုင်မှ ဒါကိုတင်ပါတဲ့။ ဆရာမက ရှင်းပြတယ်။ ဒီလက တစ်ခန်းလောက်ပဲသင်ပြီးလို့ တစ်ခန်းတည်းစစ်တာဆိုတော့ ဖြေနိုင်တဲ့သူများတယ်၊ နောက်လမှာ နှစ်ခန်းသင်ပြီး နှစ်ခန်းပေါင်းစစ်မယ်ဆိုရင် အောင်ချက်က ကျသွားနိုင်တယ်၊ ဟိုးနောက်ဆုံးလမှာ တစ်အုပ်လုံးစာစစ်ရင် အောင်ချက်က အနည်းဆုံးဖြစ်သွားမယ်ဆိုတော့ မရဘူးတဲ့။ အောင်ချက်ဆိုတာ တက်တာပဲရှိရမယ်၊ ကျတာမရှိရဘူးတဲ့။ အခု ၆၅၊ နောက်လ ၆၅.၅၊ ေနာက်ဆုံးလကျရင် ၁၀ဝ နီးပါးဖြစ်သွားမယ်။ ဒါလည်း ယုတ္တိမရှိဘူးတဲ့။ ဒီတော့ ဆရာမ နောက်ဆုံးလမှာဖြစ်နိုင်မယ့် အောင်ချက်ကို ခန့်မှန်းလိုက်ပါ၊ အဲဒီအောင်ချက်ကနေ ရှေ့တစ်လချင်းစီအတွက် နည်းနည်းချင်းစီလျှော့လာပြီး ပထမဆုံးလအတွက် ရလာမယ့်အောင်ချက်ကို တင်ပါတဲ့။ ဆရာမတွေမှာ အမှန်တရားကို မေ့ပစ်လိုက်ရပြီး သူတို့သင်ပေးတဲ့အတိုင်းပဲ တင်ရတယ်တဲ့။
တစ်ခါသားကျ အမှတ်စာရင်းချုပ်ကို ညနေအပြီးပို့ရမယ်ဆိုပြီး တောင်းလာပါလေရော။ စာမေးပွဲက မပြီးသေးဘူး။ ဘိုင်အိုက မနက်ဖြန်မှဖြေရမှာ၊ ပို့လို့မရသေးဘူးလို့ပြောတော့ ဒီနေ့မတင်လို့မရဘူး၊ မဖြစ်ဖြစ်အောင် တင်ပါတဲ့။ အင်းလေ၊ စာမေးပွဲပြီးလို့ တကယ့်အမှတ်စာရင်းတွေရလာရင်တောင် အမှန်အတိုင်းမှ တင်လို့မရတာ။ အဲဒီတော့ အတန်းပိုင်တွေက အတန်းမှူးတွေဆီ ပြေးရတယ်။ အတန်းမှူးတွေမှာက လအလိုက်တွက်ထားတဲ့ အောင်ချက်တွေရှိတယ်။ ဒီလမှာ တစ်ကျောင်းလုံးအောင်ချက်က ဘယ်လောက်၊ ဒီပျမ်းမျှကိုရဖို့ အေခန်းအောင်ချက်က ဘယ်လောက်၊ ဘီခန်းအောင်ချက်က ဘယ်လောက်၊ တစ်ခန်းချင်းစီအောင်ချက်ကိုရဖို့ ဘာသာစုံအောင်တာ ဘယ်နှစ်ယောက်၊ တစ်ဘာသာကျတာက ဘယ်နှစ်ယောက် အစရှိသဖြင့် အကုန်တွက်ထားတဲ့ စာရင်းရှိတယ်။ အတန်းပိုင်က အဲဒီစာရင်းကို ယူလာ၊ ကိုယ့်အတန်းက လူတွေကို ပြန်စီရတယ်။ ဒီတစ်ယောက်ကို ဒီဘာသာအကျပြထားရင် နောက်ဘာသာမှာ သူကအောင်ရမယ်၊ နောက်တစ်ယောက်က ဟိုဘာသာအောင်ထားေတာ့ ဒီမှာကျရမယ်၊ အဲဒီလို ယုတ္တိရှိရှိ စာရင်းပြုစုပြီး တင်ပေးလိုက်ရရောတဲ့။
အဲဒါတွေဘယ်သူ့ကို တင်ရလဲဆိုတော့ မြို့နယ်ပညာရေးမှူးကိုတဲ့။ သူက အဲဒီလိုတင်တာသိလားဆိုတော့ သူတို့ကိုယ်တိုင်သင်ပေးတာလေတဲ့။ သူက ဘယ်သူ့ဆီတင်လဲဆိုတော့ တိုင်းကိုတဲ့။ တိုင်းကရော သိလားဆိုတော့ သိတယ်တဲ့။ တိုင်းက ဘယ်သူ့ကို ဆက်တင်လဲဆိုတော့ ဝန်ကြီးကိုတဲ့။ ဝန်ကြီးကရော သိလားဆိုတော့ မပြောတတ်ဘူးလေတဲ့။ ကောင်းပါလေ့။
ဒါနဲ့ ဆက်မေးဖြစ်တယ်။ အခု ပညာရေးစနစ်ပြောင်းဖို့ ဆွေးနွေးပွဲတွေလုပ်နေတယ်၊ ဆရာမတို့ သွားရသလားဆိုတော့ မသွားရဘူးတဲ့။ ဘယ်သူတွေဆွေးနွေးကြလဲဆိုတော့ ပညာရေးမှူးတွေ၊ ကျောင်းအုပ်တွေတဲ့။ သင်ကြားရေးပိုင်းကို တာဝန်မယူတဲ့သူတွေက ကျောင်းသားတွေ၊ ဆရာမတွေ တကယ်ကြုံနေရတဲ့ အခက်အခဲတွေကို သိနိုင်ပါ့မလား။ ပညာရေးရဲ့ အဓိကဇာတ်ကောင်တွေဖြစ်တဲ့ မိဘ၊ ဆရာ နဲ့ ဆွေးနွေး
ကျောင်းသားတွေမပါဘဲ လုပ်နေတဲ့ ဆွေးနွေးပွဲတွေက မှန်ကန်တဲ့အဖြေကို ထုတ်ပေးနိုင်ပါ့မလားဆိုတာ စဉ်းစားစရာပါပဲ။
ကျောင်းသားတွေနဲ့ အနီးကပ်နေနေရတော့ ကျောင်းတွေက ပညာရေးတွေကို သိနေပြီး စိတ်တိုမိတယ်။ ကျောင်းမှာ တစ်လတစ်လမေးမယ့်စာတွေကို အလျင်မီအောင် မသင်နိုင်ကြပါဘူး။ အစပိုင်းတွေဆို စာကောင်းကောင်းမသင်ကြဘဲ စာမေးပွဲနားနီးမှ တစ်ရက်တည်းနဲ့ အပြီးသင်လိုက်တာမျိုးတွေ၊ သင်တောင်မသင်နိုင်တော့ဘဲ စာရွက်တွေအများကြီး ပေးလိုက်တာမျိုးတွေ လုပ်ကြပါတယ်။ ကျောင်းကျူရှင်တက်တဲ့ကလေးတွေက ရွေးပေးတာတွေပဲ ကျက်ရလို့ တော်သေးပေမယ့် ကျူရှင်မတက်တဲ့ကလေးတွေက နားမလည်တဲ့စာတွေကို ခေါင်းထဲကို အလျင်အမြန်အတင်းထည့်ရတာ သနားဖို့ကောင်းပါတယ်။
ဆရာမတွေဘက်ကို ကြည့်တော့လည်း စာသင်ဖို့ထက် ပိုအရေးကြီးတဲ့ စာရင်းအင်းပေါင်းများစွာကို ယုတ္တိရှိရှိတင်ပြနိုင်ဖို့အရေး လုပ်နေရတော့ စာကိုကောင်းကောင်းမသင်နိုင်ကြပါဘူး။
ကလေးတွေကို သနားသင့်ပါတယ်။ ကိုလိုနီခေတ်က ပညာရေးလိုပဲ ငွေကြေးတတ်နိုင်တဲ့သူတွေသာ တကယ့်ပညာရေးကို သင်ကြားခွင့်ရှိနေတဲ့အခြေအနေပါ။ ပညာရေးကို ပြောင်းလဲမယ့် တာဝန်ရှိသူတွေအနေနဲ့ တကယ့်အမှန်တရားကို ရှာဖွေတွေ့ရှိနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ ။
ွ
Posted from WordPress for Android
18 comments
တောင်ပေါ်သား
October 17, 2014 at 1:50 pm
ပညာရေးကတော့ ကြာလေ ကျလေပါပဲ ၊
မန်းနီးပေးပြီးရလာတဲ့ PhD ပိုင်ရှင်တွေက ကျောင်းအုပ်ဖြစ်လိုဖြစ်
အစမ်းသပ်ခံ ကလေးတွေဘဝ သနားလေစွ ၊
ကိုယ်တွေလည်း အစမ်းသပ်ခံဘဝနဲ့ သိပ်မလွတ်ခဲ့ပါဘူးလေ ၊
လုံမလေးမွန်မွန်
October 17, 2014 at 1:58 pm
မပြီးသေးသော ပန်းချီကား.. ခပ်ဝါးဝါးတစ်ချပ်ပင်…
အလင်းဆက်
October 17, 2014 at 1:53 pm
ဆရာမတွေဘက်ကို ကြည့်တော့လည်း စာသင်ဖို့ထက် ပိုအရေးကြီးတဲ့ စာရင်းအင်းပေါင်းများစွာကို ယုတ္တိရှိရှိတင်ပြနိုင်ဖို့အရေး….
အပြင်…. ရှိသေးတယ်ဟ….
ပြောတော့ပါဘူး ။
အားလုံးလည်း သိပါတယ်
ဂွိဂွိ
:k:
လုံမလေးမွန်မွန်
October 17, 2014 at 1:59 pm
ဒါကို နင်လည်းသိတယ်.. ငါလည်းသိတယ်.. လုံးဝနားမလည်နိုင်စရာပဲ… ဘာကြောင့်နီးနေ.. ဘာကြောင့်ဝေးနေလဲ.. ဒါကို ဘုရားပဲသိမှာပဲ…
ဂျောက်ဂျက်
ခင် ခ
October 17, 2014 at 1:54 pm
နဝေတိန်တောင် အစိုးရတက်လာပြီးတဲ့နောက် ပညာတွေအရမ်းတတ်ပြီး ပညာတတ်များလာမှာကို စိုးရိမ်တော်မူရှာကထဲက မြန်မာပြည်ပညာရေးမှ စာမတတ်သူ ပပျောက်ရေး ဟူသော ဆောင်ပုဒ်အရ စာတတ်အောင် သင်ကြားရေးတွေ လုပ်ခဲ့ကြပါတယ်။ ရေးတတ် ဖတ်တတ် ရင်ရပြီဘဲ စာမတတ်ဘူးလို့ ပြောလို့မရတော့ဘူးလေ ဒါကြောင့် ရေးတတ် ဖတ်တတ် ရုံမျှသင်ပေးရေး စီမံကိန်းတွေနဲ့ လုပ်ဆောင်လာလိုက်တာ အခုအတော်ကို ခရီးရောက်နေပါပြီ မြန်မာပြည် အစိုးရပညာရေး စနစ်က ဘယ်လိုခရီးရောက်နေတာလဲဆိုတော့ မှေး မှိန် ပျက် စီး ယို ယွင်း အဲလိုတဆင့်ပြီး တစ်ဆင့်ဖြစ်လာတာပါ။
အဲ နောင်သောအခါတော့ “ပျောက်ကွယ်” လာမပေါ့။ အဲဒီအခါ ငွေအဿပြာနှင့် တိုင်းထွာကာ ပညာတတ်ကို မွေးရပေတော့မည်လေ။ ပုပ္ပလိဂ ကိုယ်ပိုင် ကျောင်း ကိုယ်ပိုင် တက္ကသိုလ်များဆီသို့ ရှေ့သို့လှမ်းချီမြန်မာပြည်ပေါ့။
လုံမလေးမွန်မွန်
October 17, 2014 at 2:02 pm
ဟုတ်သားနော်.. စာမတတ်သူပပျောက်ရေးစီမံကိန်းက အောင်မြင်ခဲ့သားပဲ.. ပညာမတတ်သူတွေပဲ ရှိတာကိုး..
ကေဇီ
October 17, 2014 at 3:52 pm
ဖွဘုတ် က တွေ့တာလေး လာပေးတာ။
:a:
~~~~~~~~~~~~~~~
ဒါကျက်၊ ဒါဖြေ ပညာရေးစနစ်နဲ့ ကလေးတို့ အနာဂါတ်
———————————————————
သီတင်းကျွတ် ကျောင်းဆယ်ရက် ပိတ်ပါပြီ။ ကျွန်မ တို့ ငယ်ငယ်တုံးကတော့ ကျောင်းဆယ်ရက်ပိတ်ပြီဆိုတာ နဲ့ တစ်ပြိုင်နက်တည်း ကျောင်းလွယ်အိတ်ကို ချောင်ထိုးထားပြီးတော့ ကစားကြ၊ဆော့ကြ၊ ကာတွန်းစာအုပ်တွေ ဖတ်ကြ၊ ပုံတွေ ဆွဲကြတော့ တာပါပဲ။ အဲဒီ့တုံး ကေ ျာင်းပိတ်ရက်တွေ ဆိုတာဟာ တကယ့် ကျောင်းပိတ်ရက် တွေ ဖြစ်ကြပါတယ်။
အခုတော့ ကလေးတို့ ရဲ့ ကျောင်းပိတ်ရက်များဟာ တကယ့် ကျောင်းပိတ်ရက်တွေ မဟုတ်ကြတော့ ပါဘူး။ ကျောင်းသာ ပိတ်ပေမယ့် ကျူရှင်တွေ က မပိတ်တာမို့ ကလေးတို့ ခမြာ စာအုပ်နဲ့ ကင်းလွတ်ခွင့် မရကြရှာပါဘူး။ ရှစ်တန်း ကိုးတန်း၊ ဆယ်တန်း စတဲ့ အတန်းကြီးများ ခမြာ ကျောင်းပိတ်ရက် မှာ မပိတ်နိုင်ဘဲ စာ ကို တတွတ်တွတ်ကျက်ရရှာတာကို ကျွန်မ မပြောလိုပေမယ့် သူငယ်တန်းကျောင်းသား၊ တစ်တန်းကျောင်းသား တို့ မှာလည်းကျောင်းဆယ်ရက်ပိတ်တာကို မပိတ်နိုင်တာကိုတော့ဖြင့် ကျွန်မ တော်တော်ပဲ အံ့ဩမိပါတယ်။
တကယ်တော့ သူငယ်တန်း၊ တစ်တန်း အရွယ်လေးတွေဆိုတာဟာ များများကစားဖို့၊ ဆော့ ဖို့ လိုသေး တဲ့အရွယ်လေးတွေပါ။ ကစားရင်းနဲ့ ပဲ သင်ယူရဦးမယ့် အရွယ်လေးတွေပါပဲ။လူ့ရဲ့ ဦးနှောက်ဟာ အသက် ခုနှစ်နှစ် အရွယ် ကာလမှ သာ အပြည့်အစုံ ဖွံ့ဖြိုးတာမို့လို့ သူတို့လေးတွေ ရဲ့ ဦးနှောက် ဆက်လက်ဖွံ့ဖြိုးသန်မာ လာစေဖို့ အတွက် သင်ယူ လေ့လာ လေ့ကျင့်စရာတွေ ကျန်ပါသေးတယ်။ ဒါကြောင့်မို့လို့ ဖွံ့ဖြိုးပြီးနိင်ငံများက ကျောင်းများမှာတော့ ငါးနှစ်၊ခြောက်နှစ်အရွယ် ကလေးများကို စာသင်ခန်းများမှာ များများ ကစားခိုင်း၊ ဆော့ခိုင်း၊ တီထွင်ဖန်တီးခိုုင်းတဲ့ လုပ်ဆောင်မှု (activities) လေးတွေကိုပဲ လုပ်ခိုင်းကြတာများပါတယ်။ ဒီအရွယ် မှာ ကလေးတို့ စိတ်ကို လေးလံစေတဲ့ ဖိအားတွေ၊ တွန်း အားတွေကို လုံးလုံး မလုပ်ကြပါဘူး။ စာမေးပွဲလည်း မရှိပါဘူး။ ကလေးတို့ဟာ ကျောင်းမှာ အိမ်မှာ လွတ်လပ် ပျော်ရွှင်စွာပဲ ကြီးပြင်းခွင့်ရကြပါတယ်။
ကျွန်မတို့ နိုင်ငံမှာတော့ မူကြိုအရွယ်မှာ ကတည်းက သူငယ်တန်းမှာ စာလိုက်နိုင်အောင်ဆိုတဲ့ ရည်ရွယ် ချက်နဲ့ ကလေးကို သူငယ်တန်းစာတွေ ဖိသင်ကြပါတော့တယ်။ ကကြီး၊ ခခွေး များကို တစ်မျက်နှာ၊နှစ်မျက်နှာ လောက်ထိ မူကြိုမှာ ရေးခိုင်းရုံနဲ့ အားမရသေးဘဲ အိမ်မှာပါ အိမ်စာအဖြစ်ရေးခိုင်းတဲ့ မူကြိုများလည်း ရှိပါသေးတယ်။ မူကြိုမှာကတည်းက စာကူးရေးလာရတဲ့ ကလေးတစ်ယောက်ဟာ သူငယ်တန်း ကို ရောက်လာပြန်တော့ သူငယ်တန်းမှာ အတန်းထဲမှာ ပထမရအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျောင်းကျူရှင် (ဆရာမကျူရှင်) ယူကြရပြန်ပါတယ်။ ဆရာမက အသင်မကောင်းပြန်တော့ အပြင်ကျူရှင် ဆိုပြီးတော့ နောက်ထပ် ဆရာမတစ်ယောက်ကို ထပ်ငှားကာ သင်ခိုင်းပါတော့တယ်။ သနားစရာ အင်မတန်ကောင်းတဲ့ ကလေးခမြာ ကစားချိန်၊ဆော့ချိန်၊ တီထွင်ဖန်တီး ချိန်( ပုံဆွဲ၊ ပုံပြော၊ ပုံနားထောင် စသဖြင့် ) တွေ ဘာတစ်ခု မှ မရရှိတော့ပါဘူး။ တစ်ချိန်လုံး စာအုပ်နဲ့ မျက်နှာကပ်ပြီးတော့ စာကျက်ရပါတယ်။
ကျွန်မတို့ နိုင်ငံရဲ့ ကျက် ပြီး ပြန်ဖြေစနစ် ကြီး ဟာ တကယ်တော့ အင်မတန်လွဲမှားတဲ့၊ လူ့ရဲ့ ဦးနှောက်ကို ဖျက်ဆီးပစ်နေတဲ့ သင်နည်းစနစ်ပါ။ ဒီစနစ် ရဲ့ အောက်မှာ ကိုယ့်ရဲ့ကလေး ပထမ ရအောင် ဆိုတဲ့ မိဘတို့ရဲ့ အလို ဆန္ဒကပါ ထပ်ပေါင်းစပ် လိုက်တဲ့ အခါမှာတော့ ကလေးတစ်ယောက် ဦးနှောက်ဖွံ့ဖြိုး စေဖို့ အတွက် လိုအပ်တဲ့ သင်ယူ မှု တွေကို ကလေးခမြာ ဘာတစ်ခုမှ မလုပ်နိုင်တော့ပါဘူး။ ဒီလို မလုပ်နိုင်ခြင်းဟာ ကလေးတစ်ယောက် (လူတစ်ယောက် ) အတွက် ကြီးစွာသော ဆုံးရှုံးမှု တစ်ခုပဲဖြစ်ပါတယ်။ ကလေးကို ကစားချိန်၊ဆော့ ချိန် ၊ နားချိန် မရှိအောင် စာတွေ အတင်းဖိကျက်ခိုင်းနေတာမို့လို့ ကလေးဟာ အတန်းထဲမှာ ပထမ ရကောင်း ရနိုင်ပါတယ်။ အဲလိုပဲ ကျွန်မတို့ နိုင်ငံက ပညာရေးစနစ်ဟာ ဒါကို ကျက်ပြီး ဒါပြန်ဖြေရတဲ့ ပညာရေးစနစ်သာမို့ လို့ သူငယ်တန်း ထဲက ကလေးကို ဒီအတိုင်း လေ့ကျင့်လာခဲ့မယ် ဆိုရင်ဖြင့် ဆယ်တန်းမှာ ဂုဏ်ထူးတွေ အများကြီးရ မှာပဲ၊ လိုင်းကောင်းကောင်း ဝင်မှာပဲ လို့ မိဘများတွေးထင်စရာပါပဲ။
ဒါပေမယ့် ကျွန်မတို့ ရဲ့ ပညာရေးစနစ်ကသာ မပြောင်းလည်းပေမယ့် ခေတ်က ပြောင်းလဲလာပါပြီ။ ကိုယ့်နိုင်ငံတွင်းက တက္ကသိုလ်မှာမဟုတ်ဘဲ နိုင်ငံရပ်ခြားမှာ ပညာသင်သွားကြ ရပြီ ဆိုတဲ့ အခါမှာတော့ တီထွင်ဖန်တီးမှု အားနည်းတဲ့ ကလေး၊ အကျိုးနဲ့ အကြောင်း ကို ပိုင်းခြား ဝေဖန် စဉ်းစားတတ်တဲ့ ညဏ်ပညာ နည်းပါးတဲ့ကလေး ၊ စာဖတ်အားနည်း တဲ့ ကလေးများဟာ စာသင်ကြားရေးမှာ အခက်တွေ့ ကြရပါတယ်။ နိုင်ငံရပ်ခြား တက္ကသိုလ်တွေမှာ တကယ်တမ်း စာသင်ကြား ရတဲ့ အချိန်မှာတော့ ဖွံ့ဖြိုးပြီးနိုင်ငံများက လူတွေလောက် ကျွန်မတို့ တစ်တွေ တကယ် မလုပ်နိုင်ကြတာကို လည်း ကြုံ ကြရပါတယ်။
ဒီလိုဖြစ်ရခြင်းဟာ တကယ်တော့ ကျွန်မတို့ လူမျိုးတွေ ညံ့ရတာမဟုတ်ပါဘူး။ အခြေခံပညာရေး စနစ်မှာကတည်းကို က သင်နည်းစနစ်တွေ မှားခဲ့ကြလို့ပါ။
ကျွန်မတို့ ငယ်ငယ်တုံးက ကျောင်းပညာရေး က အခုတိုင်းပဲ မကောင်းလှပေမယ့် ကျွန်မတို့မှာ ဆော့ ချိန်၊ ကစားချိန်၊ စာဖတ်ချိန်တွေ ရှိနေပါသေးတယ် ။ ဒါတောင်မှ ကျွန်မတို့ဟာ ဖွံ့ဖြိုးပြီးနိုင်ငံ က လူများနဲ့ ယှဉ်ရင် ဦးနှောက်ပိုင်းမှာ မယှဉ်နိုင်တာတွေ အများကြီးပါပဲ။
ပညာရွှေခေတ်ရယ်လို့ ခေါ်လာတဲ့ အခုခေတ်ကာလမှာတော့ ကလေးများဟာ ကစားချိန်၊ဆော့ ချိန်၊ အပြင်စာဖတ်ချိန်မရှိတော့ပါဘူး။ လူ့ ဦးနှောက်အတွက် အင်မတန်မှ တန်ဖိုးရှိလှတဲ့ လေ့ကျင့်ခန်းများ ဖြစ်တဲ့ ကစားခြင်း၊ စာဖတ်ခြင်း၊ စဉ်းစားတွေးတောဝေဖန်ခြင်း စတဲ့ အလုပ်တွေကို လုပ်ဖို့ ကလေးတို့ ခမြာ အခွင့် မရရှာတော့ပါဘူး။ ဖတ်စာအုပ်ထဲက စာတွေကို အလွတ် ရဖို့ သာပဲ အထပ်ထပ် လေ့ကျင့်ရင်းနဲ့ အချိန်ကုန် နေရပါတော့တယ်။ အလွတ်ကျက် ၊ အလွတ်ရေး ပြိုင်ပွဲကြီးမှာ အနိုင်ရဖို့ ကို ပဲ ကျိုးပန်းနေရပါတော့တယ်။ စာတွေကို အလွတ်ကျက်၊ အလွတ်ဖြေပြီးရင် ခေါင်းထဲမှာ ဘာမှမကျန်တော့တဲ့ ကလေးများဟာ ခေါင်းဗလာ၊ အတွေးခေါ်ဗလာ နဲ့ပဲ ဆယ်တန်းကိုရောက်လာမယ်။ တက္ကသိုလ်တွေ တတ်မယ်။ ပြီးရင် အလုပ်တွေ ဝင်လုပ် ပါလိမ့်ဦးမယ်။
တွေးကြည့်ရင် ဖြင့် အနာဂါတ်တိုင်းပြည် အတွက် တကယ်ရင်မောစရာကောင်းလှပါတယ်။
သူငယ်တန်း ၊တစ်တန်း ကလေး များ လွယ်အိတ်အလေးကြီးလွယ်ရတာ၊ ကျူရှင်တတ်ရတာ၊ ကစားချိန်မရှိတာ၊ ပုံပြင်နားထောင်ချိန်၊ ပုံပြင်ဖတ်ချိန်မရှိတာ၊ စနေ တနင်္ဂနွေ ပါဝင် ကျောင်းပိတ်ရက်တွေမှာ စိတ်လွတ်ကိုယ်လွတ် မကစားရတာတွေဟာ တိုင်းပြည် ပညာရေး ဦးမော့လာတဲ့ လက္ခဏ မဟုတ်ဘဲ တိုင်းပြည် ပညာရေး ဦးစိုက်ဆင်းလာတဲ့ လက္ခဏ တွေ ပါပဲ။ကျွန်မတို့ဟာ ဒီတိုင်းပြည်၊ ဒီပညာရေးစနစ်မှာ နေ နေကြရတဲ့ လူများဖြစ်တာမို့လို့ ကျက်ပြီးပြန်ဖြေ စာမေးပွဲ စနစ်ထဲကနေ ကျွန်မတို့ရဲ့ ကလေးတွေကို ဆွဲထုတ်ယူလို့ မရသေးပါဘူး ။ ဒါပေမယ့် ကျောင်းတွေမှာ မလေ့ကျင့်ပေးနိုင်တဲ့ ကလေးတို့ရဲ့ဦးနှောက်ဖွံ့ဖြိုးဖို့ ကိစ္စကိုတော့ မိဘများ အနေနဲ့ အိမ်မှာ လုပ်ပေးလို့ရပါသေးတယ်။ ဒါကတော့ ကလေးတို့ကို အပြင်စာအုပ် (ပုံပြင်၊ ကာတွန်း၊ ကလေးဂျာနယ်) စတာလေးတွေကို ကလေးကို ဖတ်ခိုင်းပြီးတော့ စာဖတ်ဝါသနာပါအောင်လေ့ကျင့်ပေးတာ၊ ကလေးတို့ကို လွတ်လပ်စွာ ကစားခွင့်ပေးတာ၊ ကလေးဝါသနာပါတဲ့ အလုပ်( ပန်းချီဆွဲ၊ သီချင်းဆို၊ ကခုန် ၊တီးမှုတ်) စတာတွေကို လုပ်ခိုင်းတာ မျိုးတွေနဲ့ လေ့ကျင့်ပေးမယ်ဆိုရင်တော့ ဖြင့် ကျွန်မတို့ရဲ့ ကလေးတွေ ရဲ့ အနာဂါတ်ကို ကျွန်မတို့ ကယ်တင်နိုင်ပါလိမ့်မယ်။ ဒါကြောင့်မို့လို့ မိဘများအနေနဲ့ ကလေးတို့ကို အတန်ုးထဲမှာ ပထမရဖို့ သက်သက် သာ မကြိုးပမ်းကြဘဲနဲ့ ကလေးတို့ရဲ့ အနာဂါတ်ပညာရေးအတွက် ကလေးတို့ ရဲ့ ဦးနှောက်ဖွံ့ဖြိုးဖို့ကို သာ အဓိက ထားကြိုးပမ်းကြပါဦးလို့
Credit to ခေတ်ဘုန်းသစ်
လုံမလေးမွန်မွန်
October 17, 2014 at 4:47 pm
ကျေးဇူး မမဂျီး.. အာ့ဂျောင့် ချစ်ရတာ.. ♥ ♥ ♥ (^_^)
kyeemite
October 17, 2014 at 4:10 pm
.တကယ်အဲ့လိုဖြစ်နေရင်တော့ တစ်ယောက်ယောက်သတ္တိရှိရှိဖွင့်ချဖို့လိုတယ်ထင်မိတယ်….
.အထောက်အထားခိုင်ခိုင်လုံလုံနဲ့ပေါ့ :boss:
လုံမလေးမွန်မွန်
October 17, 2014 at 4:46 pm
ရန်ကုန်ကျောင်းလည်း အဲဒီလိုပဲတဲ့.. ခိုင်လုံစွာသတင်းရထားသည်..
Yae Myae Tha Ninn
October 17, 2014 at 4:54 pm
ခု ဆရာမတွေ ဆရာတွေ လစာကောင်းပေးလို့.. ရုံးက ထွက်တဲ့သူတွေ ထွက်ကုန်ပြီ.. နယ်မှာ ဆရာ၊ဆရာမတွေ ရှားတော့ လစာကောင်းပေးတယ်လေ… ဒါကို ကြည့်ချင်းမှာ ကောင်းတာ ရှိသလို မကောင်းတာ ရှိတယ်… ဆရာတွေ ပေါသွားတယ်.. ဒါပေမဲ့ လစာကြောင့်ဆို စေတနာကရော…
ဘီအီးဒီ က ဆရာမလေးတွေဆိုရင် ၁ဝ တန်း ကလေးတွေနဲ့ အသက်က သိပ်မကွာ.. အင်း… အင်း… အင်း… 🙂 တော်ပြီနော်… ဆက်မမန့်တော့ဘူး… 🙂
လုံမလေးမွန်မွန်
October 17, 2014 at 6:20 pm
ပညာရေးစနစ်သာပြောင်းခဲ့ရင် ဆရာမဝင်လျှောက်မယ်…
Mr. MarGa
October 17, 2014 at 7:29 pm
မျက်စိမှိတ်ချင်စိတ်တွေ
လျစ်လျူရှုချင်စိတ်တွေပေါက်နေတယ်
ပြောဖို့ကို စိတ်မပါသေးတဲ့အထိပဲ 🙁
မြစပဲရိုး
October 17, 2014 at 7:51 pm
အားလုံး ကတော့ ခေါင် မလုံ လို့ ဘဲ လို့ သာ ပြောရမှာဘဲ လုံမ ရေ။
တကယ်တော့ မလုံတာမှ ဟောင်းလောင်းကြီး ကို ဖြစ်နေတော့တာ။
ဒီလို အကြောင်းတွေ များများ ရေး တော့ သိသင့်တာ တွေ ကို သိသင့်သူ တွေ သိချင်စိတ်ရှိ ရင်တော့ သိသွားမယ် ထင်ရတာပါဘဲ။
Action ယူ/မယူ ကတော့ သူတို့ အပိုင်းပေါ့။
ဒီလိုဘဲ စကားဝဲနေကြဘဲ ဟာနော။
ဒီလို စာလေးတွေ အတွက် အားကိုးပါတယ် လုံမရေ။
ဒါနဲ့
ယုတ္တဗေဒ လား၊
ယုတ္တိဗေဒ လား။
ကွကို ပြန်မေးနေတာ။
ယုတ္တိဗေဒ က အမှန်ထင်ရဲ့။ :))
ဝင့်ပြုံးမြင့်
October 17, 2014 at 11:16 pm
အဲဒီ စာရင်းတင် ကိစ္စကြီး မသိသေးဘူး။ အခု မွန်မွန်ပြောမှ သိတာ။ စိတ်ပျက်စရာကြီးပါလား။
pooch
October 18, 2014 at 10:39 am
ဘာဆိုဘာမှကို မပြောချင်တော့လောက်အောင်ပါပဲ
မြင်မြင်သမျှ အကုန်ညစ်နေတယ်
လေပါတယ် စိတ် :cryy:
ဦးကြောင်ကြီး
October 20, 2014 at 3:30 am
ငယ်တုံးက ပီတီချိန် အားကာချိန်မှာ ခုံပေါ်ခေါင်းအပ် အိပ်ခဲ့ရတာ လွမ်းသဗျာ… မအိပ်ဘဲ တော်ကီပွားလျင် တောင်ကြည့်မြောက်ကြည့်လုပ်လျင် ခုံပေါ်တက် မတ်တပ်ရပ်နေရသဗျ…
လုံမလေးမွန်မွန်
October 20, 2014 at 3:06 pm
@သဂျား
လျစ်လျူမရှုပါနဲ့ဟာ.တူတူတွန်းကြည့်ကြတာပေါ့