ကျွန်တော်နှင့် တိုက်ပွဲဝင် နေ့ရက်များ(၂)
ကျွန်တော်နှင့် တိုက်ပွဲဝင်နေ့ရက်များ (အပိုင်း – ၁) (မဖတ်ရသေးသူများအတွက်)
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ အစိုးအရနဲ့ DKBA တပ်များအကြား ပစ်ခတ်မှုတွေကြောင့် စိုးရိမ်ဖွယ်ရာ ဖြစ်နေသေးတဲ့အတွက်
အဆိုပါ ပြည်နယ်တွေကို သွားရောက်မယ့် အမေရိကနိုင်သားများ အနေနဲ့ သံသယဖြစ်စရာ တွေ့ရှိတာနဲ့ အဲဒီဒေသတွေကနေ ချက်ချင်းထွက်ခွါရေး၊
ဒေသတွင်းလုံခြုံရေးအခြေအနေတွေကို သတိပြုရေးနဲ့ သတင်းအဆက်အသွယ်မပြတ်ရေးတို့ကို အမေရိက သံရုံးက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။
ကရင်ပြည်နယ် ကျုံဒိုးနဲ့ ကျိုက်မရောကြားမှာ ခရီးသည်တင် ယာဉ်တစီးကို လက်နက်ကိုင်တပ်ဖွဲ့တစုက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက်
ခရီးသည် လေးဦး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပါတယ်။
လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့ တပ်ဖွဲ့ဟာ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် DKBA တပ်ဖွဲ့ဖြစ်ကြောင်း
နယ်ခြားစောင့်တပ်ဖွဲ့ (BGF) က ပြောဆိုခဲ့ပေမယ့် DKBA ဘက်က သူတို့ ပစ်ခတ်ခြင်း မဟုတ်ကြောင်း ငြင်းဆိုလိုက်ပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။========================================================================
(၁)အောက်တိုဘာ ၅ ရက်နေ့ မနက် Email နဲ့ ပို့ပေးရမည့် သတင်းစာအတွက် ဖြည့်ထည့်ဖို့ကျန်သည့် ကရင်ပြည်နယ်ဆိုင်ရာ ပစ်ခတ်မှုသတင်းတွေကို ချရေး ထည့်လိုက်သည် ။
အဲသည် သတင်းတွေကို ရေးနေစဉ်မှာ လေက တဖျတ်ဖျတ် တိုက်သွား၏ ။စာရေးစားပွဲပေါ်မှာ တင်ထားသော ကားလက်မှတ်ကလေး လေကြောင့် လွင့်မသွားအောင် စာအုပ်တစ်အုပ်နှင့် မြန်မြန် ဖိလိုက်ရသည် ။
ကားလက်မှတ်က ရွှေစင်စကြ်ာ ၊ အောက်တိုဘာလ ၅ ရက်နေ့ ည ရ နာရီ ခွဲ ၊ ရန်ကုန်မှ ဘားအံသို့…. ။
ကရင်ပြည်နယ်၏ မငြိမ်မသက်ဖြစ်စဉ်တွေကြားထဲ တိုးဝင်မိသလို ဖြစ်နေသော ဤခရီးစဉ်အတွက်တော့ ကျွန်တော် နောင်တ မရပါ ။တကယ်လို့ ဒီ အချိန် ဒီရက်မှာ ဒီခရီးစဉ်ကို မသွားလိုက်ရရင်သာ ကျွန်တော် နောင်တ ရနေရမှာ ။
သီတင်းကျွတ် လပြည့်နေ့ဟာ ကျွန်တော်နဲ့ မတည့်သော နေ့ဖြစ်သည် ။
မဖြစ်သင့်သော ဖြစ်ရပ်များကြောင့် ရင်တနင့်နင့် ဖြစ်ရနေကျ ကျွန်တော့်အတွက်တော့…သီတင်းကျွတ် လပြည့်နေ့ဆိုသည်မှာ
ရောက်မလာပါစေနဲ့လို့ တိတ်တိတ်ကလေး ကြိတ် ဆုတောင်းရသော နေ့တစ်နေ့… ။ထိုသီတင်းကျွတ်လပြည့်နေ့ကို တိမ်တွေကြားမှာ လွန်မြောက်ဖို့…
ဒါမှ မဟုတ် အေးစက်သော ကျောက်နံရံကြီးကို မှီတွယ်ပြီး…တောအထပ်ထပ် တောင်အသွယ်သွယ်ကို ငေးမောရင်း လွန်မြောက်ဖို့…
ဒါမှမဟုတ်… တောင်ပေါ်လေထုရဲ့…ဟူးဟူးရားရား အော်မြည်သံတွေကို ကောင်းကင်ရဲ့ ဂီတသံစဉ်လေအလား..ထင်မှတ်မှားရင်း…လွန်မြောက်ဖို့…
တချို့လူတွေက… ဘဝမှာ ဆိုးဝါးသော ဒုက္ခတွေနဲ့ ကြုံတဲ့အခါ…ဘုရားကု ကုတယ်…တဲ့။
ကျွန်တော်ကတော့…ဘုရားကိုလည်း သိပ်စိတ်မဝင်စားသူမို့…. သဘာဝ ရှုမျှော်ခင်းများနဲ့သာ…ကုစားတတ်ပါသည်။မနက်ဖြန်….
မနက်ဖြန်တွင်… ငြိမ်းချမ်းရေးကလေး..အဝေးကို ထွက်ပြေးသွားသော နယ်မြေထဲ….
ကျွန်တော် …သွားပါတော့မည်။
မငြိမ်းချမ်းတော့သော စစ်မီးတောက်များ လောင်ကျွမ်းရာ ဒေသဆီကို….
ကိုယ်တွင်း ငြိမ်းချမ်းမှုကို ရှာဖွေပြီး…စိတ်တွင်း ဒဏ်ရာကို ကုသဖို့….
ကျွန်တော်… သွားပါတော့မည်…။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
(၂)
အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်းကြီးသည် ခရီးသွားများ ၊ ရောင်း ဝယ်လှုပ်ရှားသူများ နှင့် ကားများကြောင့်…ဆူညံပွက်လောရိုက်နေသည်။
ဤမြို့ပြ အငွေ့အသက်ကို ကျွန်တော် ရှုရှိုက်ချင်စိတ် ကုန်နေသည် ။
ကျွန်တော့်အတွက် မြို့ပြ ရနံ့တို့ မသင်းပျံ့တော့ပါ ။
ကျွန်တော်ကရော… သည်မြို့ပြအတွက်…ဘယ်လောက် အသုံးဝင်နေလို့လဲ….
အသုံးမဝင် အသုံးမကျသူမို့…မြို့ပြက မောင်း မထုတ်ရပါဘဲ… ကိုယ့်စိတ်ဆန္ဒနဲ့ ကိုယ် ပြေးထွက်ရတော့မည် မဟုတ်လား…။မတွေးချင်တော့ပါ… ။
ကားဂိတ်ကိုရောက်တော့ ကားထွက်ချိန်ထက် တစ်နာရီလောက် စောနေသေးသည် ။
ကားဂိတ်အနီးမှာ ရှိသော မီနီမတ်လေးထဲ ဟိုဟိုသည်သည် လျှောက်ရင်း..လိုအပ်မယ် ထင်တာလေးတွေ ဝယ်ယူလိုက်သည်။ဝယ်ပြီးသမျှကို ကျောပိုးအိတ်ထဲ သိမ်းကြုံးထည့်ပြီး ကားဂိတ်ကို ပြန်လျှောက်လာပေမယ့် အချိန်က စောနေသေးသည်။
လက်ဖက်ရည်တစ်ခွက်တော့ ထိုင်သောက်ဖို့ အခွင့်အရေး ရသည်။ကားဂိတ်အနီးမှ လက်ဖက်ရည်ဆိုင်မှာ လက်ရာ ညံ့ညံ့ လက်ဖက်ရည်တစ်ခွက်ကို ဇိမ်ဆွဲပြီး သောက်နေရင်း….
ကျောပိုးအိတ်ထဲမှာ ပါလာသမျှ ပစ္စည်းတွေအကြောင်း တွေးမိသည်။ကျွန်တော် ဝတ်ဆင်ရမည့် အဝတ် သုံးစုံ ၊
ကျွန်တော် တည်းခိုရာ အိမ်ကို ပေးမည့် လက်ဆောင် မုန့်ဗူးသုံးဗူး…နဲ့ ထို အိမ်မှာ ညဘက် ထွန်းဖို့ ဖယောင်းတိုင် နှစ်ထုပ် ၊
ဖုန်း ၊ ဖုန်း အားသွင်းကြိုး ၊ နားကြပ် ၊
နိုင်ငံခြား ရုပ်ရှင်ဇာတ်လမ်း DVD သုံးချပ် ၊ မှတ်ပုံတင် ၊ ယာဉ်မောင်းလိုင်စင် ၊ ပြီးတော့…. (—— )
မျက်နှာသစ်ဆေး ၊ သွားတိုက်တံ ၊ သွားတိုက်ဆေး ၊ ကိုယ်တိုက်ဆပ်ပြာ ၊
ရှုဆေးတစ်ဗူးနဲ့.. ဘိုင်အိုဂျက်ဆစ်များ…
မေမေထည့်ပေးလိုက်သော အားဆေးတောင့် အနည်းငယ်.. ။
ကားပေါ်မှာ စားဖို့ အာလူးကြော်ထုပ်နှစ်ထုပ် ၊
ဒါပါပဲ…တခြား ထွေထွေထူးထူး ဘာမှ မပါပါ ။ကားထွက်တော့မည်။
”ဘားအံသွားမယ့် ခရီးသည်များ ကားပေါ် တက်လို့ရပါပြီ….” ဆိုတဲ့ ဂိတ်ထဲက သတိပေးသံကို ကြားလိုက်ချိန်မှာပဲ…
လက်ဖက်ရည်ဖိုး သုံးရာ ချပေးခဲ့ပြီး ထထွက်ခဲ့သည်။
ကျွန်တော် ထိုင်ရမည့် ခုံနံပါတ်မှာ (၁၈) ။
ကျွန်တော် ပြုံးမိသည် ။
ကိုး ပဲ… ။ကိုးသမားတွေက ကျန်တဲ့လူကို နိုင်စားတတ်တယ်.. ဆိုတဲ့စကားလေး..ကြားဖူးခဲ့သည်။
ဟုတ်သလား… ။
ကျွန်တော် ဘယ်သူ့ကိုများ နိုင်စားခဲ့ရပါလိမ့်… ။
ဒါမှမဟုတ်… ကျွန်တော် နိုင်စားတာကို ကြည်ဖြူနှစ်လိုစွာ.. အဘယ်သူလေးက ခံယူဖူးပါလိမ့်… ။
ကွယ်……။
ဒဏ်ရာဒဏ်ချက်တွေ အကြောင်း..မစဉ်းစားချင်တော့ပါဘူး. . .အခုအချိန်မှာ အစဉ်းစားသင့်ဆုံးက… ခုံနံပါတ် ( ၁ရ )
ကျွန်တော့် ဘေးမှာ ဘယ်သူ လာထိုင်မှာလဲ… ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
(၃)
ကားပေါ်မှာ ခြောက်နာရီကျော်ကျော်လောက် ထိုင်ပြီး အိပ်ချင်အိပ် ၊ ငေးချင်ငေး ၊ ရေးချင်ရေး ၊ တွေးချင်တွေး..
လိုက်ပါရဖို့အတွက်.. ကိုယ့်ဘေးမှာ ထိုင်ပြီး တလျှောက်လုံး ပါလာမယ့် ခရီးသည်ဟာ…
ကိုယ့်ကို တနည်းနည်းနဲ့ အနှောက်အယှက် မပေးဖို့ လိုပါသည်။ကျွန်တော့်ကို အနှောက်အယှက်ပေးပြီး စိတ်ပျက်စေသော ခရီးသည်များနှင့်တော့ အတူမထိုင်လိုပါ။
ကွမ်းကို 92 တို့ ၊ ဘုရင်မတို့ လို ဆေးနံ့ပြင်းပြင်းတွေနဲ့ စားပြီး စကားပြောလျှင် ကွမ်းနံ့ ဆေးနံ့ တထောင်းထောင်းထတတ်သူများ…
သူတို့ စားသော ကွမ်းတံတွေးကို ကွမ်းယာထည့်သော ကြွပ်ကြွပ်အိတ်ကလေးထဲ ဖြစ်စေ…
ရေသန့်ဗူးလို ဗူး တခုခု ထဲ ဖြစ်စေ ပျစ်ခနဲ ထွေးနေတတ်သူများနှင့်တော့ အတူ မထိုင်ချင်…
ထို့ အပြင်…
ဖုန်းထဲက သီချင်းကို နားထောင်ရာမှာ နားကြပ်မပါပဲ ဒီအတိုင်း အသံကြီးထွက်အောင် ဖွင့် နားထောင်တတ်သော လူငယ်မျိုးနှင့်လည်း
အတူ မထိုင်ချင်…
ဘေးပတ်ဝန်းကျင်က်ို အနှောက်အယှက် ဖြစ်စေလား ဆိုတဲ့ မေးခွန်းမျိုးကို ကိုယ့်အသိစိတ်နဲ့ကိုယ် မမေးစွမ်းနိုင်သော ထိုလူငယ်မျိုးကို ကျွန်တော် စိတ်ပျက်ပါသည်။
ခန္ဓာကိုယ် ဝဝကြီးနဲ့… ကျွန်တော့်ဘက်ကို မှီတွယ် ပိကျလာမယ့် ခရီးသွားမျိုးနဲ့လည်း အတူမထိုင်လို… ။
စကားများသော မိန်းမကြီးတွေနဲ့လည်း အတူမထိုင်လိုပါ… ။ကျွန်တော့်လို စာအုပ်တစ်အုပ်ကို ငြိမ်ငြိမ်လေူ ထိုင် ဖတ်ရင်း လိုက်ပါလာမည့်သူမျိုး…
ဒါမှ မဟုတ်.. ကျွန်တော့်လို အပြင်ဘက်ကို ငေးပြီး..တွေးချင်ရာတွေး…စိတ် ဝတ္ထု ရေးချင်ရေးနေတတ်မည့်သူမျိုးနှင့် အတူထိုင်ရလျှင်..
ကျွန်တော် စိတ်သက်သာရာရပါလိမ့်မည်။ကျွန်တော့်ဘေးမှာ…ထိုင်မည့်သူသည်..ဘယ်လိုလူစားမျိုးဖြစ်မလဲ…
မိန်းမကြီးတစ်ယောက်လား..
ယောကျာ်းကြီးတစ်ယောက်လား…
ဒါမမဟုတ် လူငယ်လေးတစ်ယောက်လား…
ဒါမှမဟုတ်…ခုံနံပါတ် (၁၈) ကို ရောက်တော့…
ကျွန်တော့် ဘေးမှာ ထိုင်မည့်သူ…ဘယ်သူများလဲ…ဆိုသည့်အတွေးနဲ့… ကြည့်လိုက်မိတဲ့အခါ……”ဟင်”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
(၄)
ကျွန်တော့် ဘေးက ခုံမှာ…
ဘယ်သူမှ ရှိမနေပါ။လက်မှ နာရီကို ကြည့်လိုက်တော့….
ကားထွက်ရန်… ဆယ်မိနစ်လောက် လိုသေးကြောင်း သိရသည်။ခုံနံပါတ် (၁၈) ဟာ… ပြတင်းပေါက်ဘက်မှာထိုင်ရမှာလား…
ဒါမှမဟုတ်… လူသွားလမ်းဘက်မှာလား…
ကားနောက်လိုက်တယောက်ယောက်ကို လှမ်းမေးဖို့ ကြည့်တော့ Driver မှ လွဲ၍ အခြား မတွေ့…. ။
ကိစ္စ မရှိပါ ။
လောလောဆယ် ပြတင်းပေါက်မှန် အခြမ်းမှာ ကျွန်တော် ထိုင်နေလိုက်ပါမည်။
ကျွန်တော့် ဘေးကို ရောက်လာမည့်သူက… ဒီပြတင်းပေါက် ဘက်မှာမှ ထိုင်ချင်ပါသည် ဆိုလျှင် ဖယ်ပေးလိုက်ရုံသာ… ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
(၅)
ငါးခုမြောက် အာလူးကြော်အချပ်ကလေးကို ပါးစပ်ထဲ ထည့် ဝါးလိုက်စဉ်မှာပဲ…
ကျွန်တော့်ဘေးကို လူအရိပ်တစ်ခု ရောက်လာသည် ။
ကျွန်တော် လှည့်မကြည့်ပါ။ကား ထိုင်ခုံများရဲ့ အပေါ်မှ ခရီးဆောင်အိတ်များ တင်သည့် သေတ္တာကြီးကိုဖွင့်ပြီး သူ့မှာ ပါလာသည့် အိတ်ကို ထည့်နေပြီထင်ပါရဲ့။
ဒါနဲ့ နေစမ်းပါဦး. . .
မွှေးရနံ့ သင်းသင်းကလေးတစ်ခု ရနေသလားလို့…. ။
တဖြည်းဖြည်း…မွှေးရနံ့ သင်းသင်းကလေးက…နီး နီးလာသလိုလို….
အဲ…
နီးလာသလိုလို ထင်ရတုန်းမှာပဲ… ထို မွှေးရနံ့ကလေးက…ဗြုန်းခနဲ…ကျွန်တော့်ဘေးနား ရောက်လာသည်။
ကျွန်တော်…လှည့်မကြည့်ပဲ မနေနိုင်တော့ပါ… ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
(၆)
”. . .”
လုံးဝ ထင်မှတ်မထားသော မျက်နှာ တစ်ခု ဖြစ်သည် ။
မိန်းကလေးတစ်ယောက်…
မိန်းကလေးတောင်မှ ကျွန်တော် တွေ့ဖူးနေကျ မိန်းကလေးများလို သာမန် မိန်းကလေးပုံစံ မဟုတ်… ။
ဖြူနုနေသော အသားအရည်လေးက ကြည်လင်ရှင်းသန့်နေသည် ။
နှာတံစင်းစင်းကလေး…နဲ့..နှုတ်ခမ်းဖူးဖူးကလေး…ပြီးတော့..သူမရဲ့ နဖူးပြင် ဝင်းဝင်းလေးက… ဖျက်ခနဲ အကြည့်တစ်ချက်မှာပဲ..
ကပ်ငြိစွဲထင်လာသည်။
ကျွန်တော့်ကို သူ ပြုံးပြပါသည်။
သူ့ အပြုံးကလေးက…ခပ်နွမ်းနွမ်း…ဆိုတာတော့ သတိပြုမိသည်။ကျွန်တော် တစ်ချက် ပြန်ပြုံးပြပြီး…ဘာပြောရမှန်းမသိတာနဲ့….
လက်ထဲက စားလက်စ အာလူးကြော်ကို ထိုးပေးပြီး စားပါဦးလားဆိုတဲ့ ဟန် လုပ်ပြမိသည်။
သူက… ပို ပြုံးသွားပြီး… ”စား စား ” ဟု တိုးတိုးကလေး ပြောပြီး ထိုင်ခုံရှေ့မှာ အသင့်ရှိနေသော ရေသန့်ဗူးကို ဖောက် သောက်နေသည်။တော်လောက်ပြီ သူရ….
မင်းသူ့ကို အကြာကြီး စိုက်ကြည့်မနေသင့်ဘူး..။
ခဏခဏလည်း လှည့်မကြည့်သင့်ဘူး ။
သိပ်လှတဲ့ မိန်းမတစ်ယောက်ဟာ သူ့ကို ခဏခဏ လှည့်ကြည့်နေတဲ့ ယောက်ျားတစ်ယောက်ကို
တခြား ဘာမှတ်ချက်မှ မချနိုင်သေးခင်မှာ… သူ့ အလှကို ယစ်မူးသွားလို့…ဒီလို ခဏခဏ လှည့် ငမ်းနေတာ…ဆိုတဲ့ မှတ်ချက်မျိုး…
ခပ်လွယ်လွယ် ချလိုက်နိုင်တယ် မဟုတ်လား… ။ကောင်မလေးတစ်ယောက်ရဲ့… ချစ်ခင်နှစ်လိုဖွယ် အဆင်းကို ကြည့်ပျော်ရှုပျော်ချင်နေပေမယ့်…
တခြား ဘာရည်ရွယ်ချက်မှ မရှိတဲ့ ယောက်ျားတစ်ယော်ကအနေနဲ့… သူ့ အလှကို တစ်ချက် အသိအမှတ်ပြုတဲ့ အနေနဲ့… ကြည့်ပြီးရင်…
ေတော်လောက်ပြီပေါ့… ။အဲဒီအတွေးနဲ့… ကျွန်တော်… စားလက်စ အာလူးကြော်ကို ဆက်စားနေလိုက်သည်။
စားရင်းနဲ့…တွေးမိတာကတော့.. ကျွန်တော့်ဘေးမှာ ထိုင်လိုက်ပါလာမယ့်…ဒီကောင်မလေးဟာ…
ကျွန်တော့် အသက်လောက်တော့ မရှိသေးပေမယ့်.. ကျွန်တော့်ထက် ငယ်လည်း နည်းနည်းပဲ…..
သူ့ကို ကြည့်ရတာ.. ခပ်ငယ်ငယ် ဆယ်ကျောက်သက်လေးတွေလို ခပ်သွက်သွက် မဟုတ်ဘဲ..
တည်ငြိမ်နေတဲ့ ဟန်တော့ ရတယ်လေ… ။
ပြီးတော့… မပိန် မဝ ခန္ဓာကိုယ်လေးမို့…ကျွန်တော့် ထိုင်ခုံဘက် သူ ့ကိုယ် က လာ အနှောင့်အယှက်ပေးမှာလည်း မပူရ ။
ဒါ့အပြင်.. ကွမ်းနံ့ ဆေးနံ့လည်း မရနိုင်တဲ့ အပြင်… ကျွန်တော် နှစ်သက်သလိုလိုရှိတဲ့ မွှေးရနံ့ သင်းသင်းလေးတောင် ရနေသေးရဲ့… ။
မိန်းမပျိုလေးမို့…အဒေါ်ကြီးတွေလို စကားတွေထိုင်များပြီး တဗျစ်တောက်တောက် ပြောနေမှာလည်း မပူရ… ။မဆိုးပါဘူး… ။ ကျွန်တော့်ကို အနှောင့်အယှက် မဖြစ်စေလောက်တဲ့ ခရီးသွားတစ်ယောက်နဲ့… အတူထိုင်ခွင့်ရတာ… ။
ကားစ မထွက်ခင် အချိန်လေးမှာေတော့…
ကျွန်တော်..အဲဒီလို ဖြောင့်ဖြောင့်တန်းတန်းလေးပဲ..တွေးမိတယ်လေ… ။
ကျွန်တော့်ဘေးက အဲဒီေကောင်မလေးနဲ့…
ကျွန်တော်ဟာ…
လမ်းခရီးမှာ… ဒီလို ရိုးရှင်းတဲ့ အနေအထားကနေ …ဖောက်ထွက်ပြီး..တမျိုးတမည်တွေ ဖြစ်လာလိမ့်မယ်လို့….
ကြို တွေးမထားမိဘူးလေ….
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဆက်လက်တင်ပြပါမည်…
လေးစားချစ်ခင်လျက်…
အလင်းဆက် ( Gazette) https://myanmargazette.net/204211
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အပိုင်း (၂ )
အခန်း (၇)
‘‘ကရင်ပြည်သူလူထု ဘက် ကကြည့်ရင် ဟိုတစ်ဖွဲ့ ဒီတစ်ဖွဲ့ဖြစ်နေတော့ ဟိုဘက်လည်း ကြောက်ရ၊ ဒီဘက်လည်းကြောက်ရ ဖြစ်နေတယ်။
လုံခြုံမှုမရှိဘူး။ ငြိမ်း ချမ်းရေးနဲ့ ပတ်သက်လို့လည်း တစ်စုတစ်စည်းတည်းပြောရင် ပိုမကောင်းဘူးလားလို့ စဉ်းစားကြတယ်’’(Karen Women Em-powerment Group – KWEG အထွေထွေအတွင်းရေးမှူး နော်ဆူဆန်နာလှလှစိုး၏ ပြောကြားချက် )
==================
ညသည် ရန်ကုန်မှ ထွက်ခွာလာသော ကား၏ အပြင်ဘက်မှာသာ ည ပီသသည် ။
ကျွန်တော်ရှိနေသည့် ကားအတွင်းပိုင်းမှာတော့ ညဟာ ညမပီသ… ။
ကားအတွင်းမှ ပြာလဲ့လဲ့ မီး အလင်းရောင်လေးအောက်မှာ…
တချို့က…ညကို ငိုက်မြည်းရင်း ခံစားသည် ။
တချို့ကတော့ ဖွင့်ပြထားသည့် သီချင်းကို လိုက်ပါခံစားရင်း အပြင်က ညကို မေ့နေကြသည် ။
ကျွန်တော် မကြိုက်သော သီချင်းများဖြစ်သည် ။
ကျွန်တော်ကတော့ ပြီးခဲ့တဲ့လ ကန်ရာသီတုန်းက မွေးနေ့လက်ဆောင်အဖြစ် ရထားတဲ့
စာအုပ်အပါးလေးတစ်အုပ်ကို ထုတ်ဖတ်ရင်း ညကို မေ့သွားပါသည်။
ကျွန်တော့်လက်ထဲမှာ ကိုင်ထားသော အပြာရောင်အဖုံးနဲ့ စာအုပ်ကလေးကို
ကျွန်တော့်ဘေးက ကောင်မလေး မကြာခဏ စိုက်ကြည့်နေသေးသည်။
သူ…စာအုပ်တွေကို စိတ် မဝင်စားဘူးလို့…ဘယ်သူပြောနိုင်မလဲ… ။
တကယ်တော့ ကျွန်တော် အခုဖတ်နေသော စာအုပ်သည်လည်း…
ကိုးဂဏန်းနဲ့ ပတ်သက်ဆက်နွယ်နေသေးတာပဲ… ။
စာအုပ်နာမည်မှာကိုက ၉ ဂဏန်းပါသည်။
စာအုပ်အတွင်းက အကြောင်းအရာကလည်း ဘဝအောင်မြင်တိုးတက်ရေးဆိုင်ရာ
အချက် ကိုးချက်ကို ဖွင့်ဆို ရှင်းလင်းထားခြင်းဖြစ်သည်။
ဘယ်တော့မဆို ကျွန်တော်နဲ့ ၉ က…ရစ်ပတ် ယှက်နွယ်နေကျသာဖြစ်သည်။
ကားက သိပ်မြန်မြန်ကြီး မောင်းနေခြင်းမဟုတ်ပါ။
အမြန်လမ်းမကြီးပေါ်မှာ မဟုတ်၍လည်း ကားစီးရတာ နည်းနည်းတော့ စိတ်လုံခြုံမှု ရှိနေသည်။
ဒါနဲ့….အရင်တုန်းက သွားခဲ့သမျှ ခရီးစဉ်မှာ အဝေးပြေးခရီးသွား အာမခံ ဆိုတာ မတွေ့ခဲ့ပါဘူး ။
အခုတစ်ခေါက်…ကားလက်မှတ်ဖြတ်တော့….
ကားခ ၄၅၀ဝ အပြင် နောက်ထပ် ၃၀ဝ ကို အာမခံကြေးအဖြစ် ပေးခဲ့ရသည်။
ဒါဖြင့်… ခရီးသွားရင်း အာမခံထားနိုင်ပြီပေါ့ ။
သေချာအောင် ဖုန်းအင်တာနက်က်ို ဖွင့်ပြီး အချက်လက်ကလေးနည်းနည်း ရှာ ကြည့်မိသည်။
IKBZ နဲ့ အခြား အာမခံလုပ်ငန်းတွေ အဝေးပြေးယာဉ်တွေနဲ့ ချိတ်ဆက်ပြီး ခရီးသွားအာမခံပေးနေပြီဖြစ်ကြောင်း သိလိုက်ရသည်။
အဝေးပြေး အမြန်လမ်းမကြီးများဆိုင်ရာ အထူးခရီးသွားအာမခံများကို
အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇ အာမခံ လုပ်ငန်း ( IKBZ ) နှင့် ချိတ်ဆက်ထားသော အဝေးပြေး ယာဉ်လိုင်းများ ၊
အဝေးပြေး ယာဉ်လက်မှတ် အရောင်းဌာနများတွင် ဝယ်ယူ ရရှိနိုင်ပြီ ဖြစ်ကြောင်း ၊
ပရီမီယံ အဝေးပြေးယာဉ် စီးနင်းလိုက်ပါသော ခရီးသည်များအနေဖြင့်… တစ်ဦးလျှင် တစ်ယူနစ်ကျစီ အာမခံကြေး
(ပရီမီယံ) ကျပ် ၃၀ဝ ဖြင့် ဝယ်ယူနိုင်မှာဖြစ်ပြီး အများဆုံး ၂ ယူနစ်အထိ ဝယ်ယူနိုင်မှာ ဖြစ်သည်။
လျော်ကြေး အကျိုး ခံစားခွင့်အနေဖြင့်…အများဆုံး ကျပ် သိန်း ၃ဝ (အာမခံကြေး၏ အဆ တစ်သောင်း) ရရှိနိုင်မှာ ဖြစ်ပြီး
ထိခိုက်ဒဏ်ရာ ရရှိပါက အချျိုးကျ နှုန်းထားများအတိုင်း ရရှိမှာဖြစ်ပြီး အများဆုံး ကျပ် ၂၄ သိန်းအထိ ရရှိနိုင်မှာဖြစ်သည်…
(IKBZ Insurance မှ… )
မဆိုးပါဘူး …။
အရင်တုန်းက ဘာမှန်းမသိ ညာမှန်းမသိ..ဖြစ်ခဲ့တာတွေထက်တော့.. စနစ်ကလေးတစ်ခု တိတိကျကျ ရှိသွားတာ ပိုကောင်းတယ် မဟုတ်လား ။
စာအုပ်ဖတ်လိုက်… ဖုန်း အင်တာနက်ကို ဖွင့်ပြီး သတင်းတွေ လျှောက်ဖတ်လိုက်နဲ့…ကျွန်တော် တလောကလုံးကို မေ့ထားလိုက်သလို ဖြစ်နေသည်။
ထို့ကြောင့်… ကျွန်တော့် ဘေးမှ ကောင်မလေး ဘာတွေ ဖြစ်နေသည်ကို ကျွန်တော် သတိမပြုမိလိုက် ။
ကျွန်တော့်ဘေးမှ ကောင်မေလေးကို လှည့်ကြည့်မိတော့… သူ…မျက်လုံးကလေး မှိတ်ထားသည်။
ဒါပေမယ့် သူ့ မျက်နှာကို ကြည့်ရတာ ညှိုးနွမ်းလွန်းနေသည်။
နဖူးလေး ရှုံ့ မျက်မှောင်လေးကြုံ့ထားသည်။
ဟာ…. သူ..ဘာများဖြစ်နေပါလိမ့်… ။
ကြည့်နေဆဲမှာပဲ…သူ မျက်လုံးပွင့်လာပြီး ကပျာကယာနဲ့ ဟိုဟိုသည်သည် ရှာသည်။
သူတခုခု ရှာနေပြီ… ။
လက်ကလေးတစ်ဖက်ကလည်း..သူ ့ ပါးစပ်ကို အုပ်ထားသည် ။
အော်… သူ အန်ချင်လို့ ထင်တယ် ။
ကျွန်တော် ခပ်မြန်မြန်ပဲ..ကျွန်တော့်ရှေ့မှာ ညှပ်ထားတဲ့ ကြွပ်ကြွပ်အိတ်ကို ယူပြီး သူ့ကို ကမ်းပေးလိုက်မိသည်။
သူက…လည်း ခပ်မြန်မြန် ယူပြီး အိတ်ထဲ အန်နေတော့သည်။
အင်းးး ကဗျာကတော့ မဆန်တော့ဘူး ။
” အစ်မ အဆင်ပြေလား ”
”……….”
ပြန် ဖြေသံမကြားရ ။ ခေါင်းကိုသာ ညိတ်ပြသည် ။
သူ…မျက်လုံးကလေး မှိတ်ထားသည် ။
” ရော ့…အစ်မလေး… ဒီရှုဆေးလေး ရှုနေလိုက်ပါလား… ကားမူးတတ်တာလား.. ”
” အို…ကျေးဇူးပါပဲ…ကျွန်မ…ဝယ်လာဖို့ မေ့သွားတယ်…”
” ယူထားလိုက်ဗျ… ကျွန်တော်က ခရီးတစ်ထွက်ရင် လိုမယ်ထင်တာတွေ ကြိုတွေးပြီး ယူလာတတ်ပါတယ်။…
ဒါနဲ့.. မိတ်ဆက်ပါရစေဗျာ..
ကျွန်တော့်နာမည်က…သူရ…”
”ဟုတ်ကဲ့… ကျွန်မက စန္ဒာ ၊ ရှင်က…ဘားအံကပဲလား…ဘယ်ထိသွားမှာလဲ…ဘားအံတင်ပဲလား ”
” မဟုတ်ဘူးဗျ… ကျွန်တော်က ရန်ကုန်သားပါ ။ ဘားအံရောက်ပြီးရင် ဆက်သွားရဦးမယ်.. ။
မြိုင်ကြီးငူဘက်လေ… မြိုင်ကြီးငူ ထိတော့ မရောက်ဘူးပေါ့.. မြိုင်ကြီးငူ မရောက်ခင်က ရွာကလေး…စိန္တာ တဲ့.. သိလားဗျ ”
” အိုး…သိတာပေါ့ ..စန္ဒာလည်း အဲ့ဒီလမ်းအတိုင်း သွားရမှာ… ၊ စန္ဒာကတော့ စိန္တာ မရောက်ခင်…ရွှေဂွန်းလေ…
သိလား ”
” အဲ… ရွှေဂွန်း သိတယ်ဗျ… သံလွင်မြစ်ကမ်းဘေးက…စည်ကားတဲ့ ရွာကြီး…မဟုတ်လား..”
”ဟုတ်ပါ့ရှင်.. ရှင် အရင်က အဲဒီဘက်တွေ ရောက်ဖူးလို့လား…”
” ၂၀၁၄ သင်္ကြန်ရက်တွေတုန်းက.. ကျွန်တော် စိန္တာမှာ နေခဲ့တယ်ဗျ…. ။
အဲဒီ ရက်တွေတုန်းက..ရွှေဂွန်းဈေးကို ဈေးလာဝယ်ဖူးတယ်.. ပြီးတော့…
ရွှေဂွန်းရွာ အနောက်…သံလွင်တစ်ဖက်ကမ်းက… ဝဲပျံတောင်ကြီးထိပ်ကို တက်ခဲ့တယ်..”
”အိုး…. ရှင် ဝဲပျံတောင်ပေါ် ရောက်ပြီးပြီပေါ့…ဘယ်လိုလဲ..ကျွန်မတို့ မြေ ဒေသကို ကြိုက်လား ”
”ချစ်တယ် ”
”………”
”ကရင်ပြည်နယ်ကို ပြောတာပါ”
”ဟုတ်ပါပြီ ရှင်…”
ကောင်မလေး ပြုံးစစဖြစ်သွားပါလား ။
အဲဒီနောက်…ပြောစရာစကား မရှိတော့သလိုမျိုး တိတ်ဆိတ်သွားသည် ။
အာရုံပြောင်းတဲ့အနေနဲ့ စကားတွေ ပြောလိုက်ရတဲ့အတွက်… ကောင်မလေး မူးဝေတာကို မေ့သွားသလိုမျိုး…
သက်သာသွားပြီထင်ပါရဲ့ ။
ကျွန်တော် ပေးထားတဲ့ ရှုဆေးလေးကိုတော့ မပြတ်တမ်း ရှုနေသေးသည် ။
သူ…တစ်ချက် ငြိမ်ငြိမ်လေးဖြစ်သွားတဲ့အချိန် သူ ့ ဘက်ကို လှည့်ကြည့်မိတော့….
မျက်လုံးကလေး မှိတ်ပြီး…ထိုင်ခုံကို မှီရင်း မှေးနေတာတွေ့သည် ။
အင်းး
တော်တော် လှတဲ့ ကောင်မလေးပဲ… ။
မျက်နှာလေးက ဖူးဖူးစင်စင်လေး… ၊
မျက်ခုံးကလေးကလည်း..နန္ဒာလှိုင်လို မျက်ခုံးမျိုးပဲ… ။
အသားအရည်ကလေးကလည်း ကြည်ကြည်လင်လင်လေး…
နှုတ်ခမ်းလေးကလည်း ပန်းသွေးရောင်…မထူမပါး…
နေပါဦး…သူ..နှုတ်ခမ်းနီများ ဆိုးထားသလား…
အာ…. သူရ ထိန်းစမ်း… သူ့ဘာသာသူ နှုတ်ခမ်းနီ ဆိုးဆိုး မဆိုးဆိုး..ငါနဲ့…ဘာဆိုင်တုန်း ။
သိတာ မကြာသေးတဲ့ မိန်းမတစ်ယောက်ရဲ့ နှုတ်ခမ်းကို အကြာကြီးတော့ စိုက်ကြည့်မနေသင့်ပါဘူး ။
ကျွန်တော်…တခုခုတော့ ဖြစ်နေပြီ…
ထိုင်ရမလိုထရမလို ဖြစ်လာသည်။
စိတ်နဲ့ လူနဲ့ မကပ်တော့သလိုမျိုး…ဖုန်းကို ကိုင်ပြီး ဖွင့်လိုက်ပိတ်လိုက် လုပ်နေတာကို သတိပြုမိတဲ့အချိန်မှာ…
ကျွန်တော်…ငြိမ်ငြိမ်ကလေး ထိုင်နေသင့်ကြောင်း…တွေးမိသည်။
ငြိမ်စမ်း..သူရ…
ငြိမ်ငြိမ်ကလေး ထိုင်ပြီး…
တခုခုကို တွေးနေစမ်းပါ… ။
လှုပ်လှုပ်ရှားရှားဖြစ်သွားတဲ့ ရင်ခုန်နှုန်းတွေ ပုံမှန် ပြန်ငြိမ်သွားဖို့….
ကျွန်တော် အခု တွေးလိုက်တဲ့ ခေါင်းစဉ်က…
မြင်မြင်ချင်း ချစ်တဲ့အချစ်အကြောင်း ြဖစ်နေသည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကရင်ဒုက္ခသည်များ ပြန်လည်နေရာချထားရေးအတွက် သိန်းပေါင်းငါးသောင်းကျပ် လောက်ကုန်ကျပြီးတဲ့အပြင် ၂၀၁၅ ခုနှစ်အတွင်း ကျပ်သိန်းပေါင်း သုံးသောင်းဝန်းကျင် ထပ်မံ အသုံးပြုရန် လျာထားကြောင်း KNU/KNLA တပ်မဟာ (၇)စီးပွားရေးရုံးက ပြောဆိုလိုက်ပါတယ်။
(၈)
ည…
လ မသာပါ ။
ဒါပေမယ့် သာနေလည်း..အဲသည် လကို ကျွန်တော်တို့ သတိပြုမိမှာ မဟုတ်ပါ။
အထူးသဖြင့်…
ကားပေါ်မှာ သိပ်လှတဲ့ မိန်းမတစ်ယောက်ရဲ့ ဘေးမှာ ထိုင်ရင်း
မြင်မြင်ချင်း ချစ်တဲ့ အချစ်အကြောင်းကို စဉ်းစားနေမိတဲ့ လူငယ်တစ်ယောက်ကတော့….ထို လ…
သာသည် ဖြစ်စေ ၊ မသာသည် ဖြစ်စေ…အာရုံထဲ ထည့်မိမည် မဟုတ် ။
ပြီးတော့… ကျွန်တော့်ဘေးမှာက လမင်းလေးတစ်စင်း ထိန်ထိန်လင်းလင်း သာနေတယ်လေ ။
ကျွန်တော့်ရင်ထဲမှာ… ငြိမ့်ငြိမ့်ကလေးနဲ့…
တိတ်တိတ်ကလေး ကြည်နူးနေသလားလို့… ။
—————————————————————
စီးလာသောကားကြီးက အစားအသောက်စားဖို့ (သို့မဟုတ် ) အပေါ့အပါးသွားဖို့… ရပ်လိုက်သည် ။
ခပ်ညံ့ညံ့ စားသောက်ဆိုင်ရှေ့များ ရပ်လေမလားလို့… စူးစမ်းကြည့်လိုက်မိပေမယ့်…
ကျွန်တော် ကျေနပ်သွားသည်။
”စိမ်းလဲ့တင်”
ဒီဆိုင်ကတော့ မဆိုးပါဘူး ။
၁)အစားအသောက်တွေ မှာရင် အကြာကြီးနေမှ လာချတာ…၊
၂)အစားအသောက်က တခြားဆိုင်တွေထက် ဈေးနည်းနည်း များတာ ၊
၃)ပိုက်ဆံရှင်းချိန်မှာ ပျာယာခတ်နေတဲ့ စားပွဲထိုးတွေက မှားတွက်ပြီး မှားအမ်းတာ… ဒါပါပဲ… ။
ဒီ ပြစ်ချက်ကလေးတွေကို … သန့်ရှင်းပြီး လက်ရာ အတန်အသင့်ကောင်းတဲ့ စားသောက်ဖွယ်ရာတွေ စားခွင့်ရတာနဲ့ ဖြေသိမ့်လို့ရပါသည်။
ကျွန်တော်နှင့် မစန္ဒာ ကားပေါ်မှ အတူတကွလိုလို ဆင်းလာခဲ့သည် ။
မရည်ရွယ်ပဲ စားပွဲတစ်လုံးမှာ အတူထိုင်မိသည်။
မရည်ရွယ်ပဲ… မျက်နှာချင်းဆိုင် ထိုင်ဖြစ်သည်။
မရည်ရွယ်ပဲ… ဆီချက်ခေါက်ဆွဲ စားဖို့ ကိုယ်စီ မှာမိကြသည်။
ကျွန်တော်ကတော့ သူ့ထက်ပိုပြီး သောက်စရာ တစ်ခု ပိုသည်။
ကော်ဖီမစ်တစ်ခွက် ဖြစ်ပါသည်။
အမှန်တော့ ကျွန်တော်က လက်ဖက်ရည် ကျစိမ့်လေးတစ်ခွက် သောက်ချင်နေသည်။
စားစရာ လာ မချခင် ဟင်းချိုပူပူလေးတစ်ခွက်စီ အရင် လာချသည်။
အင်းးး အတော်ပဲ.. ။
ကားပေါ်မှာ air conditioner ကြောင့် အေးစက်ပြီး ချမ်းသလိုလိုဖြစ်နေတာနဲ့… ဒီဟင်းချိုပူပူလေးနဲ့… ။
ကျွန်တော်…ဟင်းချိုပူပူလေးကို အရင် ခပ်သောက်နေလိုက်သည်။
ကျွန်တော် ဟင်းချိုခပ်သောက်နေတာကို မစန္ဒာက ကြည့်နေသေးသည်။
ပြီးတော့..သူလည်း..လိုက်သောက်သည် ။
သူ…ကားပေါ်မှာ ချမ်းမနေဘူးလို့ ဘယ်သူပြောနိုင်မလဲ… ။
ချမ်းချမ်းနဲ့…ယောက်ျားတစ်ယောက်ရဲ့ ဖက်တွယ်မှုကို လိုအပ်တဲ့အကြောင်း တွေးမနေဘူးလို့ရော ပြောနိုင်မလား….
ပြီးတော့…သူ့ဘေး ကပ်ကပ်ကလေးမှာ ရွယ်တူယောက်ျားပျိုတစ်ယောက်နဲ့ အတူရှိနေတဲ့ မိန်းမတစ်ယောက်အနေနဲ့….
အားးးး ဒါကတော့ မတွေးသင့်သော ကိစ္စဖြစ်သည်။
အထူးသဖြင့်….အဲဒီကောင်မလေးမှာ ကာမပိုင် ယောက်ျား (သို့မဟုတ်)ချစ်သူရည်းစား ရှိနေလျှင်…
ဒီအတွေးက ကျွန်တော့် အရိုင်းဆန်မှုဖြစ်သွားနိုင်သည်။
ကျွန်တော် ဘာဖြစ်နေပါလိမ့်… ။
ဆယ်ကျော်သက်လေးလည်း မဟုတ်ပါဘဲ..စိတ်ကို ထိန်းမနိုင်သိမ်းမရ ဖြစ်ချင်နေပါလား ။
ကျွန်တော်…စန္ဒာ့ကို မလုံမလဲစိတ်နဲ့ တစ်ချက် ကြည့်မိတော့…သူနဲ့…အကြည့်ချင်း ဆုံသွားသည်။
ပို၍ပင် မလုံမလဲ ဖြစ်သွားရပါသည်။
မရိုးသားသော အတွေးများကြောင့် ကိုယ့်ဘာသာ ရှက်ကိုးရှက်ကန်းဖြစ်ပြီး..ပြုံးစိစိ လုပ်ပြမိသွားသည်။
ထိန်းစမ်းးး သူရ..ထိန်းးးးး
စားသောက် ၊ အပေါ့အပါးသွားပြီး ကားပေါ် ပြန်ထိုင်မိချိန်မှာပဲ… ကျွန်တော် တစ်စုံတစ်ခုကို တွေးမိသွားသည်။
ကောင်မလေးတစ်ယောက်ကို နှစ်သက်သဘောကျမိသွားတဲ့ ကောင်လေးတစ်ယောက်အတွက်…
အဲဒီကောင်မလေးနဲ့ အတူ နီးကပ်စွာ ရှိနေရသော အချိန်တွေဟာ…
စစ်ပွဲတစ်ပွဲကို တိုက်ဖို့ ပြင်ဆင်နေရသော စစ်သားတစ်ယောက်လိုပါပဲလား….
အင်းလေ..
ဘယ်သူငြင်းနိုင်မလဲ….
အချစ်ဆိုတာ တိုက်ပွဲ တစ်ပွဲပါပဲလို့…ဆိုရင်….
————————————————-
ဆက်လက် ရေးသားပါဦးမည်။ (စိတ်ပါလျှင်)
မိတ်ဆွေများ လွတ်လပ်ငြိမ်းချမ်းပါစေ…
ချစ်ခင်လေးစားလျက်…
25 comments
MAUNG
November 3, 2014 at 9:22 am
စိတ်ပါ ပါဗျို့….
စောင့် နေတယ် 🙂
အလင်းဆက်
November 3, 2014 at 9:26 am
ဟုတ် ။ စောင့်မျှော်ဖတ်ရှုပေးနေတဲ့အတွက်…ကျေးဇူးပါနော်.. ။
ရေးထားပြီးသားတွေထဲက..ဖြုတ်ထုတ် ဖြည့်စွက်ပြီး တင်နေရလို့…
အချိန် နည်းနည်း ကြားနေတာပါ ။
😆
တောင်ပေါ်သား
November 3, 2014 at 10:25 am
အလံဖြူ ပြရတဲ့ တိုက်ပွဲတော့ မဖြစ်စေနဲ့ဗျာ ၊
အလင်းဆက်
November 3, 2014 at 10:44 am
အဟိ…
အလံခြုံ ပြီး..ပြန်လာရတဲ့….အောင်မြင်သော တိုက်ပွဲ
😆
sorrow
November 3, 2014 at 10:50 am
..အရေးအသား..အလွန်ကောင်းသည် ..သို့သော် ..တက်ကနစ်ပိုင်းများကြီးလိုသည် ။ …ကချင်လူလည်ကြီးများထံ ချဉ်းကပ်ပါ….အဟိဟိ.
တောင်ပေါ်သား
November 3, 2014 at 10:51 am
ကချင်လူလည်တဲမှာ ကျုပ်မပါ
ကျုပ်က လူရိုး လူအ 🙂
အလင်းဆက်
November 3, 2014 at 10:55 am
ကချင်လူလည်ကြီးများ အသင်းအုတ်ကထအဖြစ် ကဆောကို တင်မျှောက်ကြဖို့ သင့်ပါကြောင်းးး
:k:
အချစ်ကိစ္စမှာ.. အနော့်ကိုယ် အနော်..မတော်မှန်း(ညံ့တယ် မပြောချင်လို့) သိပါတယ်.. ။
ဂွစ်ဂွစ်စ်…
😆
ကေဇီ
November 3, 2014 at 11:56 am
ငါ့ ကို ငါ အချစ်ကိစ္စမှာ တကယ် ညံ့မှန်းသိပါတယ်။
ဒါပေမဲ့လည်း အမြစ်တွယ်
နင် တစ်ယောက်တည်း ချစ်တယ်။
ဆက်ဆက် ကော်မန့်မြင်တာ စိုင်းစိုင်းရဲ့ ဒီ သီချင်းလေးကို ကြားယောင်လာလို့။
:k:
(ဘာရမလဲ၊ ပို့(စ) နဲ့ ဆိုင်ဆိုင် မဆိုင်ဆိုင် စိုင်းစိုင်း ကို ခေါ်လာမှာပဲ)
အလင်းဆက်
November 3, 2014 at 1:30 pm
ကျေပြီပေါ့နော်…
ဂွစ်ဂွစ်
:k:
မြစပဲရိုး
November 3, 2014 at 3:51 pm
အဲဒီ စိုင်းစိုင်း က သူငယ်ချင်း ရဲ့ ကား Company မှာ Ambassador ဆိုလား။
သူနဲ့ချည်း ကြော်ငြာ နေတာ တွေ့တာဘဲ။ :))
Yae Myae Tha Ninn
November 3, 2014 at 12:02 pm
နောက်ဆို ပေါင်မုန့်လေးရယ်.. ရေဗူးရယ်… Dramamine 50 mg ရယ် ယူသွား… အမှန်တော့ အဲဆေးက ခရီးမသွားခင် ၁ နာရီလောက်က ကြိုသောက်ထား.. လုံးဝ မမူးဘူး… အရမ်းမူးတတ်တဲ့ ယောက္ခမတောင် အဲဆေး နဲ့ အပြုံး မပျက် ခရီးသွားနိုင်တယ်… 🙂
အလင်းဆက်
November 3, 2014 at 1:36 pm
ကျနော်ကတော့.. မမူးတတ်ဘူး ။
ကျနော့်ကြောင့်သာ…ကားကြီး မူးချင် မူးသွားလောက်ရဲ့
:k:
Yae Myae Tha Ninn
November 3, 2014 at 2:06 pm
ဟုတ်ဘူး… ဆက်ဆက်ရဲ့.. ဇာတ်လမ်းလုပ်ချင်ပြီဆို.. ဒါလေးတွေလဲ လိုတယ်လို့… ခွိ… 😛
အလင်းဆက်
November 3, 2014 at 2:26 pm
.အော…….
:k:
kyeemite
November 3, 2014 at 2:35 pm
.အေး..ဇတ်သိမ်းကောင်ပါဇီလို့ဆုတောင်းပါရဲ့ကွာ…နောက်မှအသီးကွဲမပြနဲ့ :k:
အလင်းဆက်
November 3, 2014 at 2:46 pm
အသဲလား…မကြာခဏ ကွဲပါတယ်ဆို…
:k:
မြစပဲရိုး
November 3, 2014 at 3:49 pm
ဆက်ဆက်ကောင်မလေး က ဒီလောက်ချောတယ်လား။
တော်သေးတယ်။ မင်းဘက်လှည့်ပြီး ထိုးမအန် လိုက်တာ။
ဇာတ်လမ်း ကောင်း တုန်း ကြော်ငြာ တွေ ထိုးတာ ရော စတိုင် ဘဲလား။
ရွာထဲ မှာ ကောင်မလေး နဲ့ တွေ့ပြီး ဇာတ်မသိမ်း နိုင်တာ အဘနီ တစ်ယောက်ရောဘဲ။
LOL:))
အလင်းဆက်
November 4, 2014 at 12:02 pm
အဟီးး စိတ်ကူးယဉ် ဖန်တီးထားတဲ့ ဇာတ်ကောင်အမျိုးသမီးလေးပါ အရီး။
ဒါမယ့် ခရီးသွားတုန်းက ကားပေါ်မှာ တကယ်တွေ ့ခဲ့ရတဲ့ ခပ်ချောချော မိန်းကလေးတယောက်ကို
ပုံ ပြန်ဖော်ထားတာလည်း ပါသပေါ့။
😆
ဇာတ်လမ်းထဲ ခရီးသွား အာမခံအကြောင်းတွေ
စိမ်းလဲ့တင်အကြောင်းတွေ
ကရင်ပြည်နယ်ဆိုင်ရာ သတင်းတွေ ဖြတ် ဖြတ်ထဲ့လိုက်တာက
ကျနော့် ပိုစ့် ဖတ်ရင်း တွေးစရာတွေ ရလိုင်အောင်ပေါ့။
စတိုင်ပေါ့လေ။
အရီး လာရောက် ဖတ်ရှု ခံစားပေးသွားတာ ကျေးဇူးပါ။
ကျနော်တော့ ဒီဇာတ်လမ်းကို ကိုယ်တိုင် အားမရဘူး။
အားရတာက ရေးဟန်စတိုင်နဲ့ စကားပြေ ပါ။
😆
Iris
November 3, 2014 at 7:23 pm
လွန်ခဲ့သော ၈ နှစ်လောက်ကနေပြည်ကပြန်လာတဲ့လမ်းမှာ ကိုယ့်ပုခုံးပေါ်အိပ်ငိုက်လိုက်လာခဲ့တဲ့ကောင်ကလေးကိုသတိရသွားတယ်။ 😀
၃ရက်ဆက်တိုက်အိပ်ရေးဝဝမအိပ်ခဲ့ရတဲ့ ကိုယ်ကမငိုက်ရပဲသူက ကိုယ့်ပခုံးပေါ်လာအိပ်နေတာ။ ခပ်ချောချောကောင်လေးရယ်..သူ့ခုံမှာ (ပြတင်းပေါက်ဘေး) မှာထိုင်ခွင့်ပေးထားတာရယ်ကြောင့် ပြသာနာမလုပ်တော့ဘူး။
အလင်းဆက်
November 4, 2014 at 12:06 pm
တိန် ၁) ခပ်ချောချော
၂) ထိုင်ခုံနေရာပေးတာကြောင့်
အာ့နဲ့ပဲ ပခုံးပေါ် မှီ အိပ်လာတာကို ပြသနာ မလုပ်တော့ဘူးတဲ့။
ဂွစ်ဂွစ်
အဲ့ဒုန်းဂ စာဖွဲ့ရလောက်အောင် ဇာတ်လမ်းမရခဲ့ဘူးလားငင်
:k:
ဦးကြောင်ကြီး
November 9, 2014 at 11:52 pm
တိုက်ပွဲဝင်
လိုက်ပွဲခင်
မိုက်ဆဲဂွင်
ရိုက်ဖဲအင်
ငိုက်လဲချဉ်
တိုက်သဲယဉ်
ပိုက်ဝဲစဉ်
ဗိုက်ရွှဲနင်..။
Myat Pearl Phyu
January 8, 2015 at 4:30 pm
၃ တင်ပီးပလား
အလင်းဆက်
January 10, 2015 at 7:09 am
မတင်ရသေးဘူး ခည…မမြတ်ပဲဖြူ…
အဲ့ဒီ ဘက် မလှည့်အားသေးလို့.. ရေးပြီးသားတော့ ရှိတယ်..
ပြင်ဆင် ဖြည့်စွက်ရဦးမှာမို့..
ရေးထားတဲ့အတိုင်း တင်ချလိုက်ရင်…. မကောင်းတတ်လို့…
😆
CharTooLan
January 9, 2015 at 12:52 pm
နင်အိုဘီ အောင်သျဲလင်း………….. အရေးအသားတွေကအစ အိုသွားဒယ်ကွီ :'(
အလင်းဆက်
January 9, 2015 at 1:12 pm
တိန် တိန် (နှစ်ခါတိန်)
အခုမှ ခလေးပဲ ရှိသေးတာကိုမျန်းးးး
:k:
ဒီပိုစ့်က အတည်အခန့် ရေးထားတာဟ…
😆