“ဖြတ်သန်းခဲ့သော ပလက်ဖောင်းများ ၂၁” (ဖတ်ပြီး ရင်း ဖတ်ချင်နေတာ……………….)
“ဖြတ်သန်းခဲ့သော ပလက်ဖောင်းများ ၂၁”
(ဖတ်ပြီး ရင်း ဖတ်ချင်နေတာ……………….)
၁၉၈၂မှာ ကျနော်တို့ အဖွားက အိမ်ပြောင်းပါတယ်။
ကျနော်တို့ ဘိုးစဉ်ဘောင်ဆက်နေလာခဲ့တဲ့ ၂၅လမ်းကျုံးနံဘေးကနေ
မြောက်ပြင် ထားဝယ်ထဲကိုပြောင်းကြတာပါ။
ကျနော်အဖေရဲ့ ညီအလတ်က အဲဒီနားမှာနေတာကြာပါပြီ။
အဖေ့ရဲ့ညီအငယ်က သူ့အမေအတွက်အိမ်ဝယ်ပေးတော့
ကျနော်တို့မိသားစုပါလိုက်ပြောင်းကြတာပါ။
အဖွားရယ် ဦးလေးတစ်ယောက်ရယ် အဖေရယ် ကျနော်တို့မောင်နှမသုံးယောက်
ရယ်ပေါ့။
ဒါပေမယ့် ကျနော်က အဖွားတို့နဲ့လိုက်မနေပါဘူး။
အိမ်ကိုထမင်းစားရုံလောက်ဘဲ ပြန်ပါတယ်။
ကျနော်က တက္ကသိုလ်ဒုတိယနှစ်ကတည်းက အိမ်မှာမနေတော့တာပါ။
၂၆ဘီလမ်းက အိမ်တစ်အိမ်ရဲ့အပေါ်ထပ်မှာ ကျနော်သူငယ်ချင်းရဲ့အကိုနဲ့
ကျနော်အတူနေကြတာပါ။
အဲဒီမှာနေရတာကျနော့်အတွက်လွတ်လပ်ပါတယ်။
ညည ဆိုရင် သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်။
ပြန်ရောက်ရင် ကိုယ်မအိပ်ချင်သေးသ၍စာဖတ်လို့ရပါတယ်။
ကျနော်အိမ်မှာကလျှပ်စစ်မီးမရှိတော့ ရေနံဆီမီးအိမ်နဲ့စာဖတ်ရပါတယ်။
လူကြီးတွေနဲ့အတူနေရပြန်တော့ အိ်ပ်ချိန်တန်လို့ မအိပ်ရင်အဆူခံရတတ်ပါတယ်။
ဒီအခန်းမှာက လျပ်စစ်မီးနဲ့ဆိုတော့ စာဖတ်လို့ အဆင်ပြေပါတယ်။
သူငယ်ချင်းအကိုနဲ့ ကျနော် နှစ်ယောက်ထဲဆိုတော့ အိပ်ချင်တဲ့
အချိန်မှအိပ် လို့ ရပါတယ်။
ဒီလွတ်လပ်မူ့က ကျနော့်အတွက်အတော်အဘိုးတန်လှပါတယ်။
ကျနော်က စာအရမ်းဖတ်တဲ့အချိန်လဲဖြစ်ပါတယ်။
ညလူခြေတိတ်ချိန်မှာစာဖတ်ရတဲ့အရသာက ဘာနဲ့မှ မတူပါဘူး။
စာလေးဖတ်လိုက် စာရေးသူက ဘာ ဆိုလိုချင်တယ်ဆိုတာကို ပြန်စဉ်းစားလိုက်နဲ့
အင်မတန်ကိုအရသာရှိပါတယ်။
၁၉၇၅နဲ့၁၉၈ဝခုနှစ်အလွန်ကာလများက မြန်မာ့စာပေလောက ထွန်းကားချိန်လို့ဆိုချင်ပါတယ်။
ရုပ်မြင်သံကြားအစီအစဉ်မရှိ။
အောက်စက်မရှိ။
စလောင်းမရှိ ဆိုပြန်တော့ လူတွေအတွက်ခံစားနားဆင်စရာဆိုတာ
တစ်ပါတ်တစ်ခါမှ အသစ်လဲတဲ့ရုပ်ရှင်ရှိမယ်။
အချိန်အကန့်အသတ်နဲ့ သာ လွှင့် တဲ့ မြန်မာ့အသံ ရေဒီယိုအစီအစဉ်ရှိမယ်။
အချို့အိမ်တွေမှာသာရှိနိုင်တဲ့ ကက်ဆက် ရှိမယ်။
ဖတ်စရာ ရုပ်ပြကာတွန်း မဂ္ဂဇင်း နဲ့ ဝတ္တုတွေ ရှိမယ်။
(အဲဒီအချိန်က ဂျာနယ် တွေရှိပေမယ့် အခုလောက်မထွန်းကားပါဘူး)
အဲဒီအထဲက မှကိုယ့်အိမ်ထဲမှာတင် ဖတ်လို့ရတဲ့ စာအုပ်တွေကိုလူအများစုက ရွေးချယ်ကြပါတယ်။
စာအုပ်တစ်အုပ်ငှားလိုက်ရင် အိမ်ရှိလူကုန်ဖတ်လို့ရနိုင်တယ်ဆိုတော့
ကုန်ကျစားရိတ် အလွန်သက်သာတဲ့ဖျော်ဖြေရေးလို့ ပြောလို့ လဲ ရနိုင်ပါတယ်။
ဒီတော့ “စာအုပ်အငှားဆိုင်”စံနစ်ထွန်းကားပါတယ်။
ရပ်ကွက်တိုင်းမှာ စာအုပ်အငှားဆိုင်ရှိပါတယ်။
ညနေခင်းမှာဆိုရင် စာအုပ်ဆိုင်သွားကြတာ မဖြစ်မနေလုပ်ကြတဲ့အလုပ်ပါနဲ့။
ရွာမှာတော့ ရေခပ်ဆင်းချိန်က အပျို လူပျို တွေ့ ချိန်ဖြစ်သလို
မြို့မှာတော့ အပျိုလူပျိုတွေ့ချိန်က စာအုပ်အငှားဆိုင်သွားကြတဲ့ညနေခင်းပါ။
အရင်ခေတ်က မိန်းကလေးများဘဝ က အခုခေတ်လို မလွတ်လပ်။
သွားချင်ရာ မသွားရ ပါဘူး။
ညနေစာအုပ် အငှားဆိုင်သွားရမယ့် အချိန်လေးကိုဘဲ အခွင့်ကောင်းယူပြီး
အပြင်ထွက်ခွင့်ရကြတာပါ။
အဲတော့ ကျနော်တို့ ကလဲ ကိုယ်တွေ့ချင်သူကိုစာအုပ်ဆိုင်ကနေ
စောင့်ကြ တာပေါ့။
ပြန်တွေးရင်လွမ်းစရာကောင်းလှပါတယ်။
အဲ့အချိန်က စာအုပ်တစ်အုပ်ငှားရင်သုံးရက်ဖတ်ခွင့်ရပါတယ်။
စာအုပ်ငှားခက စာအုပ်တန်ဘိုးရဲ့ ၁၀% ပေးရပါတယ်။
စာအုပ်တန်ဘိုး က ၅ကျပ်ဆိုရင်စာအုပ်ငှားခက ပြား၅ဝပေါ့။
ဒီစံနစ် က စာဖတ်မြန်တဲ့ ကျနော်တို့ အတွက်အဆင်မပြေပါဘူး။
နောက်တော့ လည်း ပုံစံတွေပြောင်းလာပါတယ်။
တစ်ရက်ဖတ်ရင် ဘယ်လောက်ဆိုတဲ့ ပုံသေ သတ်မှတ်ချက်နဲ့ငှားကြပါတော့တယ်။
ဟိုးအရင်ခေတ်က စာဖတ်ဝါသနာပါသူတွေက စာအုပ်ကို ဝယ်ဖတ်ကြပါတယ်။
စာအုပ်တစ်အုပ်တန်ဘိုးကလဲ ဝယ်နိုင်လောက်တဲ့ အနေအထားမှာရှိတာလဲ ပါ ပါတယ်။
စာအုပ်အထူကြိးတွေဆိုရင် ဝယ်ဖတ်တာနဲ့ ငှားဖတ်တာယှဉ်ရင် ဝယ်ဖတ်တာက တန်ပါတယ်။.
နောက် အဲလို့ အထူကြိးတွေက တစိမ့်စိမ့်ဖတ်မှ အရ သာရှိတာကိုး။
ကျနော်လဲ အချို့ စာအုပ်တွေ ဆိုရင် အပိုင်ဝယ်လိုက်ပါတယ်။
ကိုယ်အပိုင်ဝယ်ထားတဲ့စာအုပ်ဆိုတော့ တစ်နေ့ နည်းနည်းခြင်းဖတ်တာပေါ့။
ငှားထားတဲ့ ဝတ္တု ဆိုရင်တော့ အမြန်ဖတ်ရတာပေါ့။
ကျနော်က ဝတ္တုအရှည်ကြီးတွေဆိုရင် တစ်နေ့ နည်းနည်းခြင်းအရသာခံဖတ်တတ်ပါတယ်။
မြသန်းတင့်ရဲ့ လေရူးသုန်သုန်။ ရွှေပြည်တော်မျှော်တိုင်းဝေး။
ဒါးတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်
မောင်သိန်းဆိုင်ရဲ့ရေနံ့သာခင်ခင်ကြီး
နိုင်ဝင်းဆွေရဲ့မဟူရာမေတ္တာ
သိန်းဖေမြင့် ရဲ့ အရှေ့က နေဝန်းထွက်သည့် ပမာ
ကျော်အောင်ရဲ့အရေးကြိးပြီသွေးစည်းကြစို့
နတ်နွယ်ရဲ့ မြန်မာပြည်မြောက်ပိုင်း
ရွှေဥဒေါင်းရဲ့ မောင်စံရှား စုံထောက်ဝတ္တု လိုစာအုပ်မျိုးက တစိမ့်စိမ့်ဖတ်မှအရသာရှိတာပါ။
နည်းနည်းလေးဖတ်လိုက် ချထားလ ိုက်။
နောက်ရက် ပြန်ဖတ်လိုက်။
မမှတ်မိရင် ရှေ့ကစာကိုပြန်ဖတ်လို်က်။
ဒါကတော့ ကျနော်ဝတ္တုအရှည်ကြီးတွေကိုဖတ်တဲ့နည်းပါဘဲ။
ကျနော် က စာရေးဆရာ ပေါင်းစုံရဲ့ စာကိုဖတ်ပါတယ်။
ဒါပေမယ့် တက်ကျမ်းလို စာအုပ်မျုးိတော့ ကျနော်သိပ်မဖတ်ဖြစ်ပါ။
အထုပ္ပတ္တိ တွေ ဘဝသရုပ်ဖော် တွေ ရသစာပေတွေ ကို ဖတ်ရ တာ ပိုကြိုက်ပါတယ်။
ကြယ်နီရဲ့ ကိုဒေါင်းစိန်
ဆင်ဖြူကျွန်းအောင်သိန်းရဲ့ ကိုဆေးရိုး
နဲ့ ဖိုးကျော့ ရဲ့ တောတွင်း စာအုပ်တွေကို တရိုက်မက်မက်ဖတ်ခဲ့ပါတယ်။
ဘဝသရုပ်ဖော်စာပေ အရေးကောင်းလွန်းတဲ့ မောင်သာရ စာအုပ်
ကတော့ မလွတ်တမ်းဖတ်တဲ့စာအုပ်တွေပေါ့။
ကျနော့် ဘဝ ကို လမ်းပြပေးတဲ့ဆရာမက တော့ ဆရာမကြီး ခင်ဆွေဦးပါဘဲ။
“ဝါဆိုဦး ကပန်ဘူးတယ်”ဆိုတဲ့စာအုပ်ကိုကျနော်အရမ်းနှစ်သက်ခဲ့ပါတယ်။
ခင်ဆွေဦးရဲ့ဇာတ်ကောင်တွေက ရဲရင့်တယ်။
ရိုးသားဖြောင့်မတ်တယ်။
မဟုတ်မခံစိတ်ရှိတယ်။
မှန်ရာကိုပြောရဲတယ်။
ကျနော်ကလဲ အဲလို ဖြစ်အောင်ကျုးိစားပြီးနေပါတယ်။
အဲလိုတော့ ကျနော်ပုံစံက ခပ် မာ မာ လေးဖြစ်လာခဲ့တာတော့အမှန်ပါဘဲ။
ကျနော်တက္ကသိုလ်ကျောင်းသားဘဝမှာ ဝတ္တုနာမယ်ကိုအရှည်ကြီးပေးတဲ့
စာရေးဆရာ အသစ်တစ်ယောက်ပေါ်လာပါတယ်။
သူဝတ္တုုတွေကလဲ ရန်ကုန်တက္ကသိုလ် အသိုင်းအဝိုင်းက အကြောင်းတွေဆိုတော့
တက္ကသိုလ်ကျောင်းသားပေါက်စကျနော်က နှစ်သက်ပါတယ်။
သူ့ဝတ္တုတွေကလဲတက္ကသိုလ်အငွေ့အသက်တွေဖုံးလွှမ်းလို့နေပါတယ်။
သူကတော့ ဆရာငြိမ်းကျော်ပါဘဲ။
ပထမဆုံးစထွက်တဲ့ နှလုံးသားမြို့ဟောင်းတူးဖော်ချက်နောက်ဆုံးအစီရင်ခံစာ ဆိုတဲ့
ဝတ္တုကို သိပ်အကြိုက်ကြီးမဟုတ်ပေမယ့်။
ပဉ္စမမြောက်သမ္မာကျမ်းစာသစ်အမိန့်တော်ပြန်တမ်းဆိုတဲ့ ဝတ္တုရှည်
သုံးပုဒ်ကို ပေါင်းထုတ်တဲ့စာအုပ်ထဲက
ပဉ္စမမြောက်ဆောင်းရက်များကို ကျနော်အတော်လေးသဘောကျသွားပါတယ်။
ချစ်တယ်လို့ ဖွင့်ပြောမယ်ဆိုတဲ့ရက်မှာ သူ့ချစ်သူက နိုင်ငံခြားကိုအပြီးထွက်သွားမယ်
ဆိုတာသိလိုက်တော့ ဖွင့်မပြောဘဲ မျိုသိပ်နေတဲ့သူတစ်ယောက်အကြောင်းပါ။
အဲဒီအချိန်က စပြီး ကျနော် က ငြိမ်းကျော်ရဲ့ ပရိတ်သတ်ဖြစ်သွားပါတယ်.။
မိုးမသောက်မှောင်မိုက်အရိပ်မပြေးမှီ
အပြာရောင်သစ်ခွပွင့်ရဲ့ သမိုင်းအစ ကနေစပြီး သူထွက်သမျှစာအုပ်ကို
အကုန်လိုက်ဖတ်ပါတော့တယ်။
ကျနော်အကြိုက်ဆုံးဝတ္တုကတော့
“ဒေါင်းတစ်တွန်စွန်တဝဲ ဝေးသည်ကိုမျှှ “ဆိုတဲ့ စာအုပ်နဲ့
“ပြောပြလိုက်ပါရှင်မွေးလွန်းပွင့်ရယ်”ဆိုတဲ့ စာအုပ်နှစ်အုပ်ဖြစ်ပါတယ်။
“ ခုတော့လည်းတစိမ်းတွေလိုပါဘဲလား“ဆိုတဲ့စာအုပ်ကတော့လူကြိုက်အများဆုံးစာအုပ်
ဘဲဖြစ်ပါတယ်။
အတော်များများက ငြိမ်းကျော် ဆိုတာနဲ့ အချစ်ဝတ္တုစာရေးဆရာသက်သက်လို့ထင်ကြပါတယ်။
သူ့ဝတ္တုတွေထဲက ထဲမှာ
မိသားစု ချစ်ခြင်း
သူငယ်ချင်းများရဲ့ အပြန်အလှန် ဖေးမခြင်း
သည်းခံခွင့်လွှတ်ခြင်း
အနစ်နာခံခြင်း စတဲ့ လူတို့ရဲ့ ပြုကျင့်အပ်တဲ့
ရှိသင့်တဲ့စိတ်ထားကောင်းတွေကို အမြဲ ဖော်ပြလေ့ရှိပါတယ်။
နောက် ပြီး နိုင်ငံနဲ့ပါတ်သက်တဲ့ ဖြစ်လာနိုင်တဲ့အကြောင်းအရာတွေကို
လည်းပါးပါးလေးထည့်ပြီးရေးလေ့ရှိပါတယ်။
ငြိမ်းကျော်ပြီးရင် မောင်မောင်မြင့်လွင်နဲ့ နွမ်ဂျာသိုင်းကိုကြိုက်ပါတယ်။
မင်းသိင်္ခရဲ့ ဂမ္ဘီရ တွေ ဆားပုလင်းနှင်းမောင်တွေ
ဇော်ဇော်အောင်ရဲ့ စိုးအောင်တွေ
စစ်တက္ကသိုလ်အကြောင်းရေးတဲ့ တင်သန်းဦးနဲ့
ထောက်လှမ်းရေးဝတ္တုတွေရေးတဲ့ ဝင်းမောင်ထွန်းရဲ့ ဝတ္တုတွေကလဲ
ကျနော်နှစ်သက်တဲ့စာရေးဆရာတွေပါဘဲ။
မြန်မာ့စာပေသမိုင်းမှာ လူတိုင်းသိတဲ့အဖြစ်အပျက်တစ်ခုကို
ပြောင်းပြန်လှန်ရေးပြီး ကျော်ကြားခဲ့သူ ချစ်ဦးညိုကိုလဲနှစ်သက်ပါတယ်။
စာရေးဆရာမတွေထဲမှာ အယူအဆတွေကိုပြတ်သားစွာရေးတတ်တဲ့စန်းစန်းနွဲ(သာယာဝတီ)
ရင်မောစရာတွေကို ဟာသစွက်ပြီးအမောဖြေတတ်တဲ့မစန္ဒာ
မွန်းကျပ်ပိတ်လှောင်တွေတဲ့ဘဝကို စာနာစိတ်နဲ့ရေးတဲ့ မိုးမိုး(အင်းလျား) တို့
ကတော့ ကျနော် အတော်လေးကြိုက်တဲ့
ဆရာမတွေ လို့ ဆိုနိုင်ပါတယ်။
ကျန်တဲ့ဆရာဆရာမတွေကိုတော့ မကြိုက်ဘူးလို့မဆိုုလိုပါဘူး။
အတော်များများကိုကျနော်ဖတ်ပါတယ်။
စာရေးဆရာပေါင်းစုံရဲ့ စာကိုကျနော်ဖတ်ပါတယ်။
နောက်အဲဒီခေတ်က မဂ္ဂဇင်းတွေ အတော်ထွန်းကားခဲ့တဲ့ခေတ်ပါဘဲ။
မဂ္ဂဇင်းတွေ ထွန်းကားတယ်ဆိုမှတော့ ဝတ္တုတိုတွေလဲ တစ်ခေတ်ထ တယ်ပြောနိုင်ပါတယ်။
မြဝတီ ရူ့မဝ ငွေတာရီ စန္ဒာ ဖြူနီညိုပြာ ပေဖူးလွှာ ဟန်သစ် မဟေသီ စံပယ်ဖြူ
အစရှိတဲ့ မဂ္ဂဇင်းပေါင်းစုံမှာ မြန်မာပြည်က ဝတ္တုရေးဆရာပေါင်းစုံရဲ့ လှပတဲ့
လက်ရာပေါင်းစုံကိုဖတ်ရ တာ အင် မတန်မှအရသာရှိလှပါတယ်။
မြန်မာနိုင်ငံရဲ့ ဝတ္တုတိုရွှေခေတ်လို့ဆိုနိုင်ပါတယ်။
မြောက်မြားလှစွာသောဝတ္တု တို အရေးကောင်းလှတဲ့ဆရာ ဆရာမ
ပေါင်းစုံကို ဖတ်ရင်း ကြည်နူးကျေနပ်ရပါတယ်။
လှပမွှေးကြိုင်တဲ့ ပန်းပေါင်းစုံရှိသော ပန်းဥယျာဉ်ထဲကို ဝင်လိုက်ရသလိုပါဘဲ။
သော်တာဆွေ၊ခင်မြဇင်၊မာန်မြင့်၊တက္ကသိုလ်မြစိမ်း သဲအိမ်မောင်နေဝါ
ဆောင်းဝင်းလတ်၊မောင်ညိုပြာ၊မောင်သာချို။မောင်ရင့်မာကျောင်းကုန်း၊
ခြိမ့်သဲ၊မင်းလူ၊ဝင်းဝင်းလတ်၊နေဝင်းမြင့်၊သိုက်ထွန်းသက်၊သရဝဏ်(ပြည်)
ကိုဆွေ၊တွာလ်ခမ်းမာန်၊ကျော်စွာထက်။ရဲသျမ်း၊လူမျိုးနော်၊
နုနုရည်(အင်းဝ)၊မြနှောင်းညို၊သစ္စာနီ၊ပိုင်စိုးဝေ၊
မြတ်သစ်၊မောင်သစ်၊
နိုင်ဇော်၊ဝင်းစည်သူ၊ဂျူး။ကိုရိုးကွန့်၊ခက်မာ၊
ကျနော်မမှတ်မိတဲ့ စာရေးဆရာတွေလဲအများကြီးပေါ့။
ကဗျာဆိုရင်လဲ မုးိဝေကဗျာ တော်လှန်ကဗျာ ကာရံမဲ့ကဗျာ
ဆိုတဲ့ ပုံစံသစ် အတွေးသစ်တွေနဲ့ရေးဖွဲ့ကြတဲ့ကဗျာဆရာတွေ
အများကြီးပါဘဲ။
ကဗျာဆရာနာမယ်တွေနဲ့ ဝတ္တုတိုစာရေးဆရာ နာမယ်တွေကို
စာရင်းပြုစုမယ်ဆိုရင် အများကြီးမှ တကယ့် ကိုအများကြီးပါ။
ကျနော်တို့ ကျောင်းသားခေတ်မှာ ခေတ်စားခဲ့တာ တစ်ခုက ပိုစ်ကဒ်ပါ။
သူငယ်ချင်း ကိုပေးဘို့
မိတ်ဆွေကိုပေးဘို့
ချစ်သူကိုပေးဘို့ အကောင်းဆုံးလက်ဆောင်က ပိုစ်ကဒ်ပါဘဲ။
လွတ်လပ်ရေးနေ့ ပြည်ထောင်စုနေ့ လိုအထိန်းအမှတ်နေ့တွေအတွက်ဆိုပြီး
အစိုးရဌာနတွေလဲ ရန်ပုံငွေရအောင်ပိုစ်စကဒ်ထုတ်ကြပါတယ်။
ပိုစ်ကဒ်လေးတွေမှာ အဆွဲအများဆုံးကတော့ရွှေစိုးဟန်နဲ့ပေါ်ဦးသက်
လို့ထင်ပါတယ်။
ပိုစ်ကဒ်မှာ မောင်ပန်းမွှေးရဲ့လက်ရာ ကဗျာ အတိုလေးတွေပါ ပါ တယ်။
အင်မတန်ရောင်းကောင်းတဲ့ဈေးကွက်ဝင်ပစ္စည်းတစ်ခုလဲဖြစ်ပါတယ်။
တကယ့်မမေ့နိုင်စရာ တွေပါဘဲ။
အလုပ်လေးလုပ်လိုက် စာလေးဖတ်လိုက်
သူငယ်ချင်းတွေနဲ့လက်ဖက်ရည်ဆိုင်ထိုင်လိုက်
ငြင်းလိုက်ခုန်လိုက်
အလုပ်အားရင်ချစ်သူဆီသွားလိုက်
ရုပ်ရှင်အတူသွားကြည့်လိုက်
စတိတ်ရှိုးတွေသွားလိုက်လုပ်နေတဲ့ကျနော်
ဘဝရဲ့ကြီးမားသောပြောင်းလဲတဲ့အချိန်ကိုရောက်လာပါတော့တယ်။
ဆက်လက်ဖော်ပြပါမည်
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
25-10-2014
4 comments
kyeemite
October 27, 2014 at 3:58 pm
.စာဖတ်ကောင်းတဲ့အရွယ်ပေါ့…ကျနော်လည်း ၉တန်းလောက်ကစပြီးစာတွေတအားဖတ်ဖြစ်ခဲ့တာ…
.ကျောင်းပီးလို့အစိုးရအလုပ်နဲ့အချိန်တွေက အဖတ်ဖြစ်ခဲ့ဆုံးအချိန်တွေပဲ
.နယ်မှာလည်းဖြစ်..အလုပ်ကလည်းအားချိန်များ…ကိုပေါက်ပြောသလို .အခြားအပမ်းဖြေစရာလည်းများများမရှိတော့..စာဖတ်တာအပမ်းဖြေတာပဲလေ
.ခုတော့ စာဖတ်အတော်နည်းသွားပြီ….သတိရသေးတယ်..
မြစပဲရိုး
October 28, 2014 at 2:52 am
ရှေးစာရေးဆရာကြီး တွေ ကို တော်တော်များများ သိတယ်ထင်တာ ကြယ်နီ ဆိုတာ မသိဘူးဘဲ။
တစ်ချို့ ကလောင်ခွဲ တွေရှိတယ် ကြားဖူးတာ။
သများ ကတော့ ငြိမ်းကျော် ကို အဒေါ်က ကြိုက်လွန်းလို့ လိုက်ဖတ်တော့ ကြည့်ပါရဲ့။
ဒီလောက် အကြိုက်ကြီး မဟုတ်။
မောင်ဝဏ္ဏ တို့ သုမောင် တို့ ကိုလဲ ဒီလောက်မဟုတ်။
မင်းလူ ကိုတော့ အသေကြိုက်ပါတယ်။
ချစ်ဦးညို ရဲ့ စာတွေ ကိုလဲ ကြိုက်ပါတယ်။
မောင်စိန်ဝင်း နဲ့ နွမ်ဂျာသိုင်း ကိုလဲ အကြိုက်ကြီး မဟုတ်ပေမဲ့ ထွက်သမျှ ဖတ်ခဲ့ဘူးတယ်။
စာရေးဆရာမထဲ မှာ မစန္ဒာ ကို အလွန့်အလွန် ကြိုက်ပါတယ်။
ဂျီဟောသူဆို အလွတ်နီးပါး ရအောင် ကို ဖတ်ခဲ့ဘူးတာ။
နောက်တော့ ဂျူး ပေါ့။
ဆရာမ ဝင်းဝင်းလတ် ကိုလဲ ကြိုက်တယ်။
ကိုပေါက်(မန္တလေး)
October 28, 2014 at 3:22 pm
“လက်ပန်ပွင့်ချိန် ထွေးရူးချိန်” ဆိုတဲ့စာသားလေးကိုတော့ အခုထိမှတ်မိနေသေးတယ် ကိုလတ်ကြီးရေ
ကိုပေါက်(မန္တလေး)
October 28, 2014 at 8:04 am
ကိုမိုက်ရေ
စာ ကလဲ တကယ်ဖတ်ရင် စွဲပါတယ်
အခုခေတ်ကတော့ စာအုပ်မကိုင်ပေမယ့်အင်တာနက်က ဖတ်ကြပါတယ်။
ကိုလတ်ရေ
မစန္ဒာကတော့ ကျနော်နဲ့ အကြိုက်ခြင်းတူမယ်
ကျနော်က ဘဝ သရုပ်ဖော် ကိုပိုနှစ်သက်ပါတယ်။
နောက်အချစ်ဝတ္တုတွေလဲ ကျနော်ကြိုက်တယ်
ကြယ်နီကတော့ တံငါဝတ္တုများကို တစိုက်မတ်မတ်ရေးသားခဲ့သူ ဘဝသရုပ်ဖော်စာရေးဆရာ တစ်ဦးဖြစ်ပါတယ်