ပိုက်ဆံ ရှာ လွယ်တာ မှတ်လို့

စဆရ ႀကီးOctober 31, 20141min28212

တစ်ချိန်တုန်းကများပေါ့..

ကျုပ်ဆိုတဲ့ကောင်တစ်ယောက် အသက်ကလေး ၁၄ နှစ်သားလောက်အရွယ်ကပေါ့၊ နေတာကလဲ တောင်ပေါ်ဒေသဆိုတော့ ဘာစီးပွားရေးမှ လုပ်စားစရာကလဲမရှိနဲ့။ နေရတာကလဲ ဝန်ထမ်းမိသားစုမှာ၊ စုစုပေါင်းမိသားစုက ၅ ယောက်၊ ကျုပ်အဖေကလဲ စစ်သားကွ၊ ငါစစ်သူတောင်းစားမဟုတ်ဘူးဆိုတဲ့ မာနကြီးတစ်ခွဲသားနဲ့ နိုင်ငံတော်က ပေးတဲ့ ရိက္ခာနဲ့ လစာကြီးကို မှီခိုပြီးစားနေရတုန်းအခါပေါ့။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကျုပ်ရှေ့လာချပေးတဲ့ ထမင်းပန်းကန်ကို ဗိုက်ဆာနေပါလျက်နဲ့ ကျုပ်တစ်ယောက် မျက်စောင်းတစ်ချက်လေးတော့ စောင်းပြီးကြည့်လိုက်မိတယ်။ ဒီနေ့လဲ ဒါပဲဆိုတာသိနေလျက်သားနဲ့၊ ဟုတ်တယ်လေ၊ တပ်ကပေးတဲ့ ရိက္ခာဆန်ကို သကြားလေးဖြူးပြီးစားနေရတာ။ ကျုပ်အဖေက သင်တန်းသွားတက်နေရတော့ သူကတော့ သူ့ရိက္ခာကို မယူသွားပါဘူးပြောလျက်နဲ့ ဘယ်လိုလုပ် သူ့သင်တန်းမှာစားမလဲဆိုပြီးတော့ အမေက ရှင်ပဲယူသွားပါဆိုတာနဲ့ ကျုပ်တို့မှာတစ်လ တစ်ခါထုတ်ပေးတဲ့ဟာလေးနဲ့ စားနေရတာ။ လစာချန်ခဲ့လို့တော်သေးတာပေါ့။ အဲ့ဒါလေးနဲ့ စားနေရတာ။ အဖေကတော့ တပ်ကပေးတဲ့ သင်တန်းတက်ထောက်ပံ့ကြေးနဲ့။ သူလဲ ကျုပ်တို့လို အငတ်ငတ်အပြတ်ပြတ်နဲ့။ အဲ့ဒီတုန်းက ကျုပ်က ၆ နှစ်သား။ ဘာမှ မလုပ်နိုင်သေး။

၁၂ နှစ်သားလောက်ရောက်တော့လဲ ထိုနည်းလည်းကောင်း။ ကျုပ်တစ်ယောက် အသိရဲဘော်သားသမီးမိသားစုလေးတွေဆီ သွားလည်ရင်း သူတို့ ဘယ်လိုများဘဝကိုရပ်တည်ကြသလဲဆိုတာကို နည်းနည်းစနည်းနာကြည့်တော့ အိုင်ဒီယာလေးတွေရလာသဗျ။ ခြံဘေးကမြေကွက်လပ်လေးတွေမှာ အပင်လေးတွေစိုက်၊ တောထဲတောင်ထဲသွားပြီး ထင်းလေးခုတ်နဲ့။ တစ်ခုတော့ရှိသပေါ့လေ၊ လိုင်းခန်းမှာနေရတယ်ဆိုတော့ အဲ့လို ခြံလုပ်စားစရာ မြေကွက်လပ်လေးရှိတဲ့ ထောင့်ကွက်လေးရဖို့အရေး သူတို့အဖေတွေခမျာလဲ ကြိုးစားရတာပေါ့။ ကျုပ်နေတဲ့ အိမ်လေးကိုကြည့်လိုက်တော့ အလည်ကောင်မှာ။ ရှိတဲ့မြေကွက်လပ်လေးက ခွေးသေးတစ်ခါပန်းစာလောက်တောင်မကျယ်။ ဒါနဲ့ ကျုပ်တစ်ယောက် ထင်းခုတ်ဓါးမလေးတစ်ချောင်းကို ထက်မြနေအောင်သွေး၊ ဂျင်းဘောင်းဘီအစုတ်လေး၊ ဖလံထည်လေးကိုဝတ်၊ တောဆောင်းဦးထုပ်အဟောင်းလေးကိုဆောင်းပြီး တောစီးဖိနပ်တစ်ရံဝတ်ပြီးတော့ သူငယ်ချင်းတွေနဲ့ တောထဲလိုက်လာတာပေါ့ဗျာ။

ဓါးမကို ခါးကြားထိုး၊ ရေဘူးလေးလွယ်လို့ပေါ့။ ပြောမယ့်သာပြောရတယ်၊ တောစီးဖိနပ်ဆိုတာ စီးကာစ အတော်လေးလေးတာလား။ ကျုပ်က ရှူးဖိနပ်ဆိုတာ မွေးစကနေ အဲ့ဒီအချိန်ထိ တစ်ခါမှစီးခဲ့ဖူးတာမဟုတ်တော့ အတော်လေး လေးတာလား။ နောက်တော့ တောထဲရောက်ပြီး တောင်ပေါ်တွေတက်တဲ့၊ ဆင်းတဲ့အခါတွေကျမှ အသုံးဝင်ပုံကိုသိပြီးလေးတယ်လို့ကိုမထင်တော့တာ အဟုတ်။ အဲ့ဒီအချိန်ထိတော့ ကျုပ်တစ်ယောက် ဆီလေး နှစ်ကျပ်ခွဲသားပြေးဝယ်လိုက်၊ အိမ်က ဒန်အိုးအဟောင်းအပေါက်/အပြဲတွေကို သွားရောင်းပြီး ဟင်းဖိုးရှာလိုက်နဲ့ပေါ့။ သိတယ်မလား၊ ကျုပ်တို့က နိုင်ငံတော်ကပေးတဲ့ လစာနဲ့ ရိက္ခာကိုစားပြီး အရာရှိလိုင်းခန်းမှာနေနေတာဆိုတော့ ဘယ်သူ့မှလဲ အကူအညီတောင်းစရာမလိုဘူးပေါ့။

ဟုတ်ကဲ့ပါ၊ ကျုပ်တစ်ယောက် ထင်းခုတ်သမားဘဝကို ရောက်ခဲ့တယ်ပေါ့လေ။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ပုခုံးပေါ်မှ ၅ ချောင်းမျှသော ထင်းစည်းသည် ကမ္ဘာကြီးတစ်ခုလုံးပြိုကျလာလေသလားဟုထင်မိသည်။ စထမ်းလာကစကတော့ သူငယ်ချင်းတွေက သုံးချောင်းလောက်ပဲ ထမ်းပါလားပြောလို့ လှောင်တယ်ဟုမခံချင်စိတ်ဖြင့် ထမ်းခဲ့သောထင်းစည်းမှာ လမ်းတစ်ဝက်အရောက်တွင်မတော့ အတော်လေးကိုလေးလံလာပြီဖြစ်သည့်အတွက် ချက်ချင်းပင် ပစ်ချလိုက်ပြီး တွေ့ကရာနေရာမှာပင် လှဲအိပ်လိုက်ချင်ပေမယ့် ကိုယ့်ရှေ့က ထင်းစည်းကိုထမ်းပြီး ထင်းစီးအငြိမ့်၊ ခြေထောက်ကို အကွေးဖြင့် ဟန်ချက်ညီညီ အပြေးတစ်ပိုင်းဖြင့် လျှောက်လှမ်းနေသည့်သူများကို မခံချင်စိတ်၊ ကိုယ့်နောက်ကလူတွေ ကိုယ့်ကို အားနာနေရမှာ အားနာစိတ်ဖြင့် ထင်းစည်းတစ်ငြိမ့်ငြိမ့်၊ လူမှာတော့ ရင်တစ်သိမ့်သိမ့်ဖြင့် လမ်းတစ်ဝက်အရောက်တွင်မတော့ စောင်းလျားပင်အောက်၊ စမ်းချောင်းလေးဘေးတွင် ထင်းစည်းများကို ပင်စည်တွင် မှီထောင်ပြီး စမ်းချောင်းမှ ရေကိုခပ်သောက်ပြီး အမောဖြေ၊ ကြွေကျနေသည့် ချဉ်ပြုံးပြုံးအသီးများတစ်ကိုက်စီကိုက်ပြီး အမောဖြေကြလေ၏။ တောထဲမှ ယခုနေရာထိဆိုလျင် တစ်နာရီခွဲခန့်ပင်ရှိလေပြီ၊ မိုင်ဖြင့်တွက်မူ ၁ဝ မိုင်ခန့်တော့ ခရီးပေါက်ပြီထင်၏။

ထိုစဉ်အခါကများ ကျုပ်တို့တစ်တွေ ထင်းခုတ်သည်ဆိုသည်မှာ စည်းကမ်းထားကြလေ၏။ ဘယ်တုန်းအခါများကမှ အပင်စိမ်းများကိုမခုတ်၊ ခြောက်နေသော၊ လောင်းရိပ်မိသောအပင်များကို လိုက်လံရှာဖွေကြပြီး ခုတ်လှဲ စုဆောင်းကြခြင်းဖြစ်၏။ တစ်ချို့တစ်လေမှာတော့ ခြောက်တစ်ဝက်၊စိမ်းတစ်ဝက်နှင့်။ အသို့ဆိုစေကာမူ ကျုပ်တို့တစ်တွေမှာ ထိုသို့တစ်တောင်တက် တစ်တောင်ဆင်းနှင့် လိုက်လံရှာဖွေစုဆောင်းကြရလေ၏။ သစ်ခွဝါသနာပါသူများမှာတော့ သစ်ခွပန်းများလဲ လိုက်ရှာဖွေရင်းပေါ့။ များသောအားဖြင့် ကျုပ်တို့သိထားသော အောင်သပြေလို့ပြောကြသည့် အလေ့ကျပေါက်သော သပြေပန်းများသာရတာများကြသည်။ ထိုသပြေပင်ပေါက်လေးများမှာ မွှေးကြည့်လိုက်လျင် မွှေးလေ၏။ အတော်လေးလဲနုသောကြောင့် လမ်းတစ်လျှောက်ရေဖြန်းလာရသည်။ တစ်ရံတစ်ခါများတွင်မတော့ သစ်တော်သီးခြံများအရောက်တွင်မတော့ အောက်တွင်ကြွေကျနေသော အသီးများကိုလဲ ကောက်ပြီးကျောပိုးအိတ်အပြည့် သယ်ဆောင်လာကြပြန်သေး၏။ သို့နှင့်ပင် တစ်တောင်တက်၊ တစ်တောင်ဆင်းနှင့် နှစ်နာရီခန့်ကြာအောင် ရှာဖွေကြလေ၏။ လူချင်းကွဲသွားလျင်တော့ နာမည်တပ်အော်မခေါ်ကြပဲ အချင်းချင်းအမှတ်အသားအသံဖြင့် အသံပြုပြီး အော်ခေါ်ရလေ၏။ တောင်နံရံများမှ ပဲ့တင်သံများကြောင့် တစ်ခါခေါ်လျင် အတော်ကြာသည်ထိ အသံမပျောက်ပေ။ နာမည်ရင်းမခေါ်ကြသည်ဆိုသည်မှာတော့ ဒေသအခေါ် တောစောင့်နတ်၊ တောင်စောင့်နတ်များမှ ပြုစားတတ်ကြသည်ဆိုသောကြောင့်ပင်။ ရောမရောက်တော့လဲ ရောမလို ကျင့်ရသည်ပေါ့။ နောက်တော့ ထင်းစည်းတွေကို ဘယ်လိုစည်းသလဲဆိုတာ ကျုပ်တစ်ယောက် တောထဲ စလိုက်ကာစက အတော်လေး အခက်ကြုံခဲ့ရသည့်ကိစ္စပင်။ ချည်စရာကြိုးကလဲမပါ။

သူ့နေရာနှင့်သူ အသုံးချတတ်လျင်တော့လဲ လွယ်ပါသည်။ တောစီးဖိနပ်ကြိုးတွေ ဖြုတ်ချည်သလားတော့ ထင်ကြပေမည်။ တစ်ကယ်တန်းမှာတော့ နည်း ၃ နည်းဖြင့် စုစည်းချည်နှောင်ကြခြင်းဖြစ်သည်။ နံပါတ်(၁) နည်းကတော့ လျှော်ကြိုးများဖြင့်ဖြစ်သည်။ တောထဲမှ တစ်ချို့သော လျှော်ပင်များမှ အခေါက်များကိုခွာပြီးချည်ချင်းဖြစ်သည်။ နံပါတ်(၂) နည်းကတော့ နွယ်ပင်များဖြင့်စည်းနှောင်ခြင်းဖြစ်သည်။ နံပါတ်(၃)နည်းကတော့ မတတ်သာမှ သုံးရတယ်ဆိုပေမယ့် အတော်လေးကိုခိုင်လေသည်။ မြက်ရိုင်းပင်များကို စုစည်းပြီး ကြိုးလိမ်ကျစ်နည်းဖြစ်သည်။ ထိုနည်းမှာ ကြိုးထုံးလဲကြီးသလို အတော်လေးလဲ လွယ်ကူပေသည်။ ကြိုးကို ထိပ်နှင့် အောက်ခြေနှစ်ချက်သာစီးသည်။ ကြိုးသုံးချက်မစည်းရပါဟုလည်း ဆိုကြသည်။ ထိုသို့စည်းလျင် လူသေကောင်စီးသလိုဖြစ်သဖြင့် မကောင်းဆိုးဝါးများဝင်စီးပြီး လမ်းတစ်လျှောက်ပိုမိုလေးလံပြီး အိမ်သို့တိုင် သူတို့လိုက်ပါလာနိုင်သည်ဟုဆိုသဖြင့် ကျုပ်တို့မှာ နှစ်ချက်သာစည်းသည်။ အလည်ကောင်တွင်မတော့ ပိုပြီးစိတ်ချရစေရန် ထင်းခုတ်ဓါးမများကို ထိုးထည့်ကြလေသည်။ ထို့နောက်တွင်မတော့ တောင်ခြေတစ်လျှောက် တစ်ရွတ်တိုက်ဆွဲပြီး လျှောချရလေ၏။ ထမ်းပြီးတော့သာ ဆင်းရမည်ဆိုလျင်တော့ တစ်လိမ့်ခေါက်ကွေးကျရုံသာရှိသောကြောင့်ဖြစ်သည်။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အနည်းငယ်အမောဖြေပြီးသောအခါ ကိုယ်စီသက်ဆိုင်ရာ ထင်းစည်းများကိုထမ်းပြီး ရှေ့နောက်စီတန်းကာ ခပ်သွက်သွက်လေး လျှောက်လှမ်းလာလေရာ အနောက်အရပ်တွင် နေလုံးကြီး ဝင်သွားသည်နှင့်အတူ ကျုပ်တို့တစ်သိုက်မှာလဲ ကိုယ့်အိမ်သို့ပြန်ရောက်ရေးအလို့ငှာ လျှောက်လှမ်းနေရသော်လည်း အိမ်နှင့်နီးလာလေ ခြေလှမ်းတွေ လေးလာလေနှင့်။ အိမ်ခြံစည်းရိုးကိုလဲအမြင်မှာ နောက်ဆုံးလက်ကျန်ခွန်အားလေးတွေကို ဖြစ်ညှစ်ပြီး အိမ်ဝင်းထဲအရောက် ထင်းစည်းကို ဖုန်း ကနဲနေအောင်ပစ်ချပြီး နံရံကို မှီပြီးပစ်ချလိုက်သည့်တစ်ခဏ ဒီနေ့ထင်းစည်းက သေးလိုက်တာဟု အိမ်မှ မိသားဝင်များအပြောကြောင့် ကျုပ်တစ်ယောက် အသက်ဘယ်က ခပ်ရှက်ရှက်နဲ့ ထွက်ရမယ်တောင်မသိပေ။

ဟုတ်တော့လဲ ဟုတ်သည်။ ထိုစဉ်က ထင်းတစ်ပိုင် (ထင်းအစည်း ၂၀-၃ဝခန့်)မှ ၄၀၀ဝ သာရပေသည်မလား။ ခြံစိုက်ရအောင်လဲ မြေကမရှိနှင့်။

ကျုပ်တစ်ယောက် တစ်ရက် ၃၀၀ဝ လောက်များဝင်ငွေရှိချင်လိုက်တာဟုသာ။

(ကြွေလွင့်ပန်း)

(ဘာရယ်တော့မဟုတ်၊ ဒီနေ့ အသိတစ်ယောက်က ဒေါ်လာ ၁၀၀၀၊ ၂၀၀ဝ ကျော်ရနေသူတွေက အလကားရနေသည်မှမဟုတ်တာလို့ ဆိုတာကို ဖတ်မိပြီး ခံစားမိတာလေးရှိလို့)

12 comments

  • ကေဇီ

    October 31, 2014 at 11:38 am

    ပင်ပန်းမှာပဲ ကိုရင်ရေ။
    အသက်က အငယ်လေးနဲ့ အသိစိတ် က မငယ်တော့ ခံစားချက်အရပါ ပိုပင်ပန်းခဲ့မှာပဲနော်။
    :a:

    တစ်ခါတစ်လေများ ဘယ် အစိုးရ တက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာပါ လို့ ပြောကြသေးတယ်။
    မတူဘူးဗျ။
    ဘယ် အရာ မှ အလကား မရတာချင်း အတူတူ ……
    နိုင်ငံ ကောင်းရင် ကောင်းသလို ၊ အစိုးရ ကောင်းရင် ကောင်းသလို….
    ပေးရတာနဲ့ ပြန်ရတာ တန်တဲ့ အလုပ်တွေရှိတယ်ဗျ။
    ဝင်ငွေထွက်ငွေ ညီမျှတဲ့ ဘဝတွေ
    အတက်အကျ မကြမ်းတဲ့ ကုန်ဈေးနှုန်းတွေ
    စိတ်ရှိတိုင်း ကစားလို့မရတဲ့ ငွေဈေး မြေဈေးတွေ ကို ဖန်တီးပေးထားနိုင်ပါတယ်။

  • Mr. MarGa

    October 31, 2014 at 12:01 pm

    ဘဝဟာ ခါးး ခါးး ခါးး
    လို့သာ
    အော်ပါရစေတော့ ကိုရင် ရယ်

  • kyeemite

    October 31, 2014 at 2:26 pm

    .ခီများကိုကျုပ်ပြောဖူးသား..ကျုပ်နဲ့ဘဝတူတွေပါလို့
    .ကျုပ်လည်း ၄၊၅၊၆ တန်းလောက်က မေမြို့တပ်ထဲနေခဲ့တာ…ညီကိုယ်မောင်နှမက အဲ့တုန်းက၁ဝယောက်
    .ထမင်းတစ်လှည့် ဆန်ပြုတ်တစ်လှည့်ပေါ့
    .ဂေါ်ရခါးသီးခူးရောင်း…ထင်းခွေရောင်း…မှိုခူး..ကြိန်သီးကောက်…စုံလို့ပဲ…
    .ကျုပ်ကတော်တော်စောတော့..တောကသိပ်မပြုန်းသေးဘူးဗျ…တပ်နောက်ကထွက် .နာရီဝက်လောက်လျှောက်ရင် တောကြီးမျက်မဲထဲရောက်သွားရော
    .နောက်တော့…ငယ်ဘွကိုစာစီပါအုံးမယ်လေ :p:

  • kai

    October 31, 2014 at 2:57 pm

    ဖတ်ပြီး.. ထင်းစည်းနဲ့အတူတူ.. တော်တော်လေးသွားတယ်..။
    အင်း..
    ပိုက်ဆံရှာရတာ.. လွယ်မှတ်လို့….။

    ဒါပေမယ့်…
    မြေတကွက်.. သိန်းထောင်ဂဏန်းတွေ သတင်းတွေထဲ.. ဖတ်ရတိုင်း..
    ဘာပြောရမှန်းမသိ..။
    ညီတော်မောင်.. ရန်ကုန်ကပြန်လာပြီးပြောပြတာကတော့.. အဲလိုမြေကွက်တွေကို.. စာတကြောင်းစီနဲ့ရေးထားတာတောင်.. စာ၂မျက်နှာလောက်ကိုင်ထားတဲ့သူတွေ..တော်တော်များဆိုပဲ..

    အိုဘယ့်..အသင်လောက…။ :k:

  • kyeemite

    November 1, 2014 at 8:58 am

    .ဒဂုံဆိပ်ကမ်းမြို့နယ်မှာ လူမနေသေး…ခြံစည်းရိုးတိုင်တွေချည်းပဲ..လူနေချင်ရင် အရင်ဆုံး . ရပေလောက်မြေဖို့ရမယ်..နဂိုလယ်ကွင်းအတိုင်းပဲရှိသေးတယ်…အဲ့မှာ ၄၀x၆ဝ တစ်ကွက်ကို
    သိန်းတစ်ထောင့်ငါးရာတဲ့…အနိစ္စ :harr:

  • manawphyulay

    November 1, 2014 at 10:05 am

    ဘဝက ကိုယ်တစ်ယောက်ထဲ ပင်ပန်းနေတာ မဟုတ်ပါလားလို့ ခံစားလိုက်မိပါတယ်။
    ကျေးဇူးတင်ပါတယ်။ အမြဲ ငါ့တစ်ယောက်ထဲ ဘာလို့ ဒုက္ခတွေများနေတာလဲလို့ ခံစားနေမိတုန်းလေး ဖတ်လိုက်ရတဲ့အတွက် ရင်ထဲတစ်ဝက်တော့ စိတ်အေးချမ်းမှုလေး ဖြစ်သွားမိပါတယ်။ 😥 😥

  • pooch

    November 1, 2014 at 12:09 pm

    တောထဲလမ်းလျှောက်ရင် ကျောပိုးအိတ်က ဘယ်လောက်တောင် လေးလေးလာလည်းဆို တခါတခါ ကျောပိုးအိတ်ထဲ ခဲပါလာသလားတောင် ထင်ရတယ် ခရီးဝေးလေ တရက်ထက်တရက်ပိုလေးလာလေပဲ အဲ့ဖီလင်တော့ ကောင်းကောင်းသိတယ်

    ဟုတ်ပါတယ် အဲ့လို ထင်းရှာ ဖားရိုက်ရတဲ့ ကြွေလွင့်ပန်းတွေ ခုထိ အများကြီး ရှိပါသေးတယ် သွားရင်းလာရင်းနဲ့ကို မြင်နေရတာပဲ
    အဲ့ဘဝကနေ ဒီနေ့ ဒီလို မတ်မတ်ရပ်နေနိုင်တဲ့ အတွက်လည်း ဘဝက ဝမ်းနည်းစရာရှိရင်တောင် ဖြေသာမှာပါ

    မှန်ရာပြောရရင် ဘဝမှာ ငွေအတွက် တဝမ်းတခါးအတွက် အောင့်သက်ကြေအောင် မရုန်းကန်ဖူးတော့
    ခုကြုံနေရတဲ့ ( ကိုယ့်အတွက်တော့ ခုချိန်ထိ အခါးဆုံးပဲ ) လောကဓံကို စိတ်နာနေတာ
    ဒီစာဖတ်ပြီး တော့ ကိုယ့်ကိုယ်ကိုတောင် ရှက်တယ်

    ကျနော် ခင်ဗျားငယ်စဉ်ကကလေးအတွေးလောက်တောင် မရင့်ကျက် သလို အဲ့လောက် အရည်အချင်းတောင် ခုချိန်ထိ မရှိခဲ့ပါဘူးဗျာ

    • ကြွေလွင့် ပန်း

      November 1, 2014 at 12:51 pm

      ကျွန်တော်ပေးလိုရင်းက ဒါ…

      ကျွန်တော်တို့တွေ၊ လူတိုင်း လူတိုင်းမှာ ဖြတ်သန်းလာရတဲ့ ဘဝတွေအဖုံဖုံပေါ့၊ အမျိုးစုံကြတာပေါ့။ များသောအားဖြင့် ကိုယ့်အတိုင်းအထွာနဲ့ကိုယ် ခက်ခဲခဲ့ကြတာတွေချည်းပါပဲ။ ဒီတော့ တစ်ချို့တွေက ခြေချော်ပြီးမှောက်ရက်လဲသွားကြတယ်၊ အဲ့ဒီလဲနေရာကနေ ပြန်မထချင်တော့ဘူး။ ပြောရရင် ကျွန်တော်ထင်းစည်းကိုတစ်လမ်းလုံးထမ်းလာပြီး အိမ်ရောက်ကာနီးမှာ ဆက်ပြီးမသယ်ချင်လောက်အောင်ပေါ့၊ ဒါပေမယ့်ရအောင်သယ်တယ်။

      ပြောရရင် ကလေးအရွယ်ဆိုတော့ အဲ့လောက်လဲအားတင်းဖို့မလိုဘူးလို့ ဆိုနိုင်ပေမယ့် ကိုယ့်ပါတ်ဝန်းကျင်ကြည့်လိုက်တော့လဲ ကိုယ့်လိုအရွယ်သူငယ်ချင်းတွေတွေ့နေတော့ သူတို့လဲလုပ်နိုင်တာ ငါလဲ ဘာလို့ မလုပ်နိုင်ရမှာလဲဆိုတဲ့ အတွေးပေါ့ဗျာ။ အဲ့ဒီတုန်းက နေ့တိုင်းကျောင်းတက်နေရတော့ ကျောင်းကပြန်ချိန်မှ တောထဲတက်ရတာဆိုတော့ တစ်ရက်တစ်ခေါက်ပေါ့။ ကျောင်းမတက်ပဲ တစ်နေ့နှစ်ခေါက်ခုတ်နေကြတဲ့သူတွေကိုမြင်တော့ အားကျတယ်။ ငါကျောင်းမတက်ရင် သူတို့လို တစ်ရက်နှစ်ခေါက်နှူန်းနဲ့ တစ်လတစ်လ ငါ့ထက်နှစ်ဆရှာနိုင်သလို ငါလဲရှာနိုင်ရမယ်ဆိုပြီးပေါ့။ တစ်ဖက်ကလဲ ငါအင်ဂျင်နီယာဖြစ်ရမယ်ဆိုတဲ့ စိတ်လဲ လွန်ဆွဲနေရင်းပေါ့။ နောက်ဆုံးတော့ ထင်းခုတ်သမားစစ်စစ်လဲဖြစ်မလာ၊ အင်ဂျင်နီယာလဲ ဖြစ်မလာနဲ့ဆိုပေမယ့် အနေအထားတစ်ခုတော့ ဖြစ်လာတယ်ပေါ့လေ။ ဒီလိုဖြစ်လာဖို့ကလဲ လမ်းမှာ ရေခပ်တိုက်သူမရှိ၊ ရေဗူးလုယူမယ့်သူတွေ၊ အိမ်ပြန်လာ မောလာသလား မေးမယ့်သူမရှိ၊ အမောဆို့စရာတွေနဲ့ပဲ ကြုံတွေ့ခဲ့ရတာတောင် ငယ်ဘဝက ကြုံဆုံခဲ့ရတဲ့ ဘဝအတွေ့အကြုံတွေကြောင့် အကျိုးများခဲ့တယ်ဆိုရမယ်။

      ပြောရရင် ဒီစာရေးလိုက်တဲ့နေ့က ရွာထဲက ရွာသူတစ်ယောက်က သူ့အမြင်တစ်ခုကိုရေးထားတာ သဘောကျမိတာကြောင့်ပါ။ ခုချိ်န်မှာ မြန်မာတွေတော်တော်များများက တစ်လ ဒေါ်လာ ၁၀၀ဝကျော် ၂၀၀ဝ ကျော်ရနေသူတွေကို နေရင်းထိုင်ရင်း သောက်ညင်ကပ်နေကြလို့ အဲ့လိုလူတွေခုလို လစာရနေတယ်ဆိုတာလည်း သူတို့အရည်အချင်းတွေကြောင့်လို့ပြောတာလေး (သူများနဲ့ မတူတဲ့ အမြင်လေး)ကိုဖတ်လိုက်ရပြီး တစ်ချိန်က တစ်လလုံးထင်းခုတ်တာမှ မစို့မပို့ငွေလေးရတာကို ပြန်သတိရမိသွားလို့ပါ။

      လွယ်လွယ်နဲ့ ဘယ်သူမှ ခုလိုဝင်ငွေ ရကြတာမှ မဟုတ်တာနော့။

      ဂျီးဒေါ်ပုချ်ကိုတော့ မယှဉ်ရဲပါ။ မိန်းမသားပေမယ့် တစ်တောတက်၊ တစ်တောင်ဆင်းနဲ့ မြန်မာပြည်က အမြင့်ဆုံးတောင်တွေကိုလိုက်တက်နေနိုင်တာကို။ အချိန်ရလို့ အခွင့်သာခဲ့ရင်တော့ ဂျီးဒေါ်ပုချ်ဆီက အတွေ့အကြုံတွေမေးမြန်းပြီး ရောက်အောင်တော့ သွားချင်မိသားဗျာ။

  • Yae Myae Tha Ninn

    November 1, 2014 at 2:09 pm

    တောထဲမှာ ကိုယ် အော်ရင် ပဲ့တင်ထပ်တာလဲ ပါတယ်… နတ်ပြုစားချင် ပြုစားမယ်… ကြားဖူးတာတော့ သင်းခွေချပ်က အဲအသံမျိုး ပြန်ပြုတာတဲ့… ဝင်ပြောကြည့်တာပါ… 🙂

    ကိုယ့်ဒုက္ခ ကြီးလှ အောက်မေ့တာ… ကိုယ့်ထက်ဆိုးတဲ့သူတွေ ဒုနဲ့ ဒေးပါပဲလား… 🙂

  • မြစပဲရိုး

    November 1, 2014 at 4:04 pm

    ပိုက်ဆံရှာရတာ မလွယ် တာ သဘာဝ ဆိုရင်
    ပိုက်ဆံတွေ ကို လွယ်လွယ်လေး သုံး နေကြတာ သဘာဝလွန်ပေါ့နော်။
    အဲဒါ
    ငါတို့ မြန်မာပြည်မှာရှိတယ်။ (ခရက်ဒစ် – မိုးမဟာ)

    တစ်ခါတစ်ခါ ငါများ မုဒိတာ စိတ် နဲ နေတာလား တွေးမိသေး။ 🙄

  • uncle gyi

    November 7, 2014 at 11:47 pm

    ပိုက်ပိုက်ကရှာလို့သာမလွယ်တာ
    သုံးလို့တော့သိပ်လွယ်တာနော်
    ဒါပေမဲ့အဲဒီရှာလို့ခက်တဲ့ပိုက်ဆံကိုပဲ
    အသုံးနဲ့အဖြုန်းနားမလည်ပဲသုံးနေသူတွေများနေတာက
    မြန်မာပြည်ဆင်းရဲကြောင်းတခုများလား

Leave a Reply