ဂမ္ဘီရလောက တကယ်ရှိလား
မိမိဝါသနာမှာစာရေးခြင်း စာဖတ်ခြင်းတို့ဖြစ်သည် ။
ဒီဝက်ဆိုက်ကို မရောက်မှီက တနည်းဆိုသော် မန်ဘာမဖြစ်မှီက ဝင်ဖတ်ခဲ့ပါသည် ။
စာဖတ်ရင်းဖြင့် မိမိဝါသနာပါသော စာရေးခြင်းကို စတင်ချင်မိသောစိတ်ဖြစ်မိသည် ။
မည်သည့်အကြောင်းများကိုရေးရမည်မသိဖြစ်မိသည်။
ကျွန်တော်ရေးမိသောအကြောင်းအရာများတွင် မှားယွင်းမှုများပါမည်ကိုစိုးရိမ်မိသည် ။
ဤသို့ဖြင့် အချိန်ယူပြီး ရေးသင့် မရေးသင့် စဉ်းစားမိသည် ။
ကျွန်တော်တို့သည်ငယ်စဉ်အခါက စာစီစာကုံးများရေးသားခဲ့ဘူးသည် ။
စည်းကမ်းပေါင်းများစွာဖြင့် ရေးသားစေခဲ့သောကြောင့် ထိုစာစီစာကုံးများရေးသားရခြင်းကို စိတ်ဝင်စားခြင်းအလျင်းမရှိကြပေ ။
အမှတ်ပေးစည်းမျဉ်း အရ မည်သို့ရေးရမည်ဟု ဆရာများကပြောသည် ။
ကျွန်တော်တို့ရေးလိုသော ဖွဲ့စည်းပုံများကို လက်ခံခြင်းမရှိသောကြောင့် ကျွန်တော်တို့စာစီစာကုံးများသည် ခေတ်အဆက်ဆက် တပုံစံတဲသာဖြစ်နေကြသည် ။
ယနေ့ကာလသည် အွန်လိုင်းဘလော့များ Fb အကောင့်များတွင် လွတ်လပ်စွာရေးသားနိုင်ပြီဖြစ်သောကြောင့် မိမိဝါသနာပါသောအကြောင်းအရာတို့ကို ခံစားတင်ပြလာနိုင်ပြီဖြစ်သည် ။
ထို့ကြောင့် ကျွန်တော်လည်း မိမိတွေ့ကြုံခံစားကြားဖူးသည်များကို ရေးသားချင်ပါသည် ။
စာဖတ်သူများ အဆင်မပြေပါကလည်း ကန့်ကွက်နိုင်သည် ။
ကျွန်တော်ရေးမည့် အကြောင်းအရာတို့သည် ယနေ့လူများ စိတ်ဝင်စားမှုမရှိတော့သော မယုံနိုင်သော ပျောက်ကွယ်လုလု အဖြစ်အပျက်များဖြစ်သည့် ဂမ္ဘီရ ဆန်ဆန် အကြောင်းအရာတို့ဖြစ်သည် ။
ဒီတပုဒ်တွင် အနည်းငယ်စတင်ဖေါ်ပြပါအံ့
အထက်လမ်းမဟိဒ္ဓိရှင်များလောကတွင် အောင် ၄ အောင် ၊ ဗား ၄ ဗားရှိသည်ဟု ဆိုသတတ် –
ထိုအောင် ၄ အောင်တွင် ပထမံဘိုးဘိုးအောင်နှင့် ဗား၄ ဗားရှိသည့်အနက် ဗားမဲ့ဆရာတော် ကိုပိုမို သိကြသည် ။
ထို မဟိဒ္ဓိရှင်များစွာတို့သည် ယနေ့ကာလ လူအများထင်မှတ်နေသကဲ့သို့ ချဲဂဏန်းပေးသူများမဟုတ်ပါ ။
ပယောဂလောက်သာကုသောသူများမဟုတ်ကြပါ ။
ထွက်ရပ်လမ်းနှင့် သက်တမ်းဆန့်ပြီးလျှင် နေမိတ္တရုပ်ပွါး တရားဟောသောကာလကိုစောင့်မျှော်ကြသောသူများဖြစ်သည် ။
ကြားကာလ၌ လောကထဲလှည့်လည်သွားလာရင်းဖြင့် လူအများကြုံတွေ့ရနိုင်သော ဘေးဆိုးအန္တရယ်များကိုသတိပေးကြသည် ။
ထိုသို့သတိပေးသောအခါတွင် သတိမမူသောသူများမှာ ပျက်ဆီးကြသော်လည်း သတိထားမိသူများမှာ ချမ်းသာရာ ဖြစ်ကြသည်။
ထိုကဲ့သို့ သတိပေးသောဖြစ်စဉ်များစွာထဲမှ တစ်ခုကို ဖေါ်ပြရပါအံ့
လွန်ခဲ့သော နှစ်ပေါင်း ၃၅ နှစ်အထက်တွင် မြန်မာပြည် အလယ်ပိုင်း ဒေသတစ်ခု၌ ကလေးများသည် အောက်ပါ စကားနှစ်ခွန်းကို သီချင်းကဗျာကဲ့သို့ ရွတ်ဆိုနေကြသည် ။
မည်သည့်ရည်ရွယ်ချက်ဖြင့်ရွတ်သည်ဟု မသိသော်လည်း ထိုကလေးများစိတ်ထဲတွင် ရွတ်ရသည်မှာ အလွန်အရသာရှိနေသည် ။
” လက်ခုတ်များများတီးပါ ။ ငါး များများစား ပါ ”
လူကြီးများက အဓိပ္ပါယ်မသိသော်လည်း မကန့်ကွက်ကြပါ ။
တနေ့တွင် ထိုအလယ်ပိုင်းဒေသသို့ အသက်၇ဝ ခန့်ရှိသော အဖိုးကြီးတဦး ရောက်လာပြီးလျှင် အထက်ပါကဲ့သို့ရွတ်ဆိုနေသော ကလေးများကို ဌါပနာ မုန့်များကျွေးသည် ။
(ဌါပနာ မုန့်ဟူသည်မှာ ရှေးအခေါ်အဝေါ်ဖြစ်ပြီး မုန့်တစ်ခုခုထဲတွင် အချို ၊ ယို ၊ စသည်တို့ ဌါပနာထားပြီး လုပ်သောမုန့်ဖြစ်သည် )
ထိုအဖိုးကြီးသည် ဘန်ကောက်လုံချည် (ယနေ့သတိုးသားများဝတ်သော ပိုးပုဆိုး ကဲ့သို့) မိတ်ကပ်ရောင်နှင့် လီနင်ရှပ်လက်ရှည်တို့ကိုသပ်ရပ်စွာဝတ်ဆင်ထားသည်။
ထိုအဖိုးအိုမှာ မည်သူဖြစ်ကြောင်း မသ်ိရှိကြပါ ။
ဧည့်သည်အဖိုးအို မှ လမ်းကြုံသောကြောင့် မုန့်ကျွေးသွားသည် ဟုူ၍ကလေးများကထင်မြင်ကြသည် ။
ကလေးများလည်း အထက်ပါ လက်ခတ်တီး ငါးစား ဟု ရွတ်နေရင်း ကစားကြသည် ။
ထိုစကား၏အဓိပ္ပါယ်ကို ရှင်ပြသူတဦး ပေါ်ပေါက်လာခဲ့ပါသည် ။
ထိုသူအား လူအများမှ ရူးသွပ်သွားပြီဟု အထင်ခံခဲ့ရသည် ။
ထိုသူမှာ အထက်ပါ အလယ်ပိုင်းဒေသ ၏ရွာတရွာမှ လယ်သမားတဦးဖြစ်ပါသည် ။
ထိုလယ်သမားကြီးမည်သို့ အဓိပ္ပါယ် သိရှိခဲ့ပုံကို နောက်တပုဒ်တွင် အသေးစိတ်ဖေါ်ပြပါမည် ။
စောင့်မျှော်အားပေးဖတ်ရှုခြင်းဖြင့်ကျေနပ်နိုင်ပါစေ ။
9 comments
အလင်းဆက်
November 1, 2014 at 6:59 pm
စာရေးကောင်းတာ သတိပြုမိပါတယ်။
တစ်ခုပြောစရာ ရှိတာက…
ဒီပိုစ့်တွေ တင်ထားတာ ကြာပေမယ့်… copy/paste ဖြစ်နေတာမို့…ရှေ့စာမျက်နှာမှာ မပေါ်ပဲ…
ပျောက်နေပါတယ်။
ပိုစ့်တင်တဲ့အခါ….
Category ဆိုတဲ့ ဇယားထဲမှာ…ပိုစ့်နဲ့ သင့်တော်တာလေး တစ်ခုခု ရွေးချယ် အမှတ်ခြစ်ပြီးမှ…
တင်စေလိုပါတယ်။ ဥပမာ ကဗျာဆိုရင် Poetry … စသည်ဖြင့်…
ဒါမှ… ရှေ့စာမျက်နှာမှာ ပေါ်မှာ ဖြစ်ပါကြောင်း…
ဂဇက်ရဲ့ စာမျက်နှာ…ညာဘက် အပေါ်နားက..ဖတ်ပါ မှတ်ပါ…ဆိုတာလေးတွေထဲ
ဝင်ကြည့်စေလိုပါကြောင်း…
ဒီမှာပါ.. ပိုစ့်တင်နည်းဆိုင်ရာ လင့်ခ်လေးတွေ…
http://myanmargazette.net/writing-guidelines
http://myanmargazette.net/64188/
http://myanmargazette.net/103358/
http://myanmargazette.net/130682/
https://myanmargazette.net/160515/
http://myanmargazette.net/201490/
http://myanmargazette.net/201505/
ကေဇီ
November 2, 2014 at 4:25 pm
ကြိုဆိုပါတယ်။
စိတ်ဝင်စားစရာ အကြောင်းအရာတွေမို့ ဆက်ရေးပါ။
🙂
ကိုပေါက်(မန္တလေး)
November 2, 2014 at 4:31 pm
စိတ်ဝင်စားတယ် ဗျာ
ဒါပေမယ့် တိုလွန်းတယ်
ရှည်ရှည်ရေးပြီးမှ အပိုင်းခွဲရင်ပိုကောင်းမယ်
မြစပဲရိုး
November 3, 2014 at 5:11 am
” လက်ခုတ်များများတီးပါ ။ ငါး များများစား ပါ ”
ထင်တာ ရမ်းတီးမယ် ရှင့်။
လက်ခုတ်များများတီး တော့ စိတ်ပျော်ရွှင်စေမယ်။
ငါး များများစားတော့ ကျန်းမာရေး အတွက် ကောင်းတယ်။
အထင်။
စိတ်ဝင်စားပါတယ်။
မျှော်နေပါတယ် ကိုခင်ဦး။ :))
kyeemite
November 3, 2014 at 11:00 am
.ကြိုဆိုပါတယ် ကိုခင်ဦး..စာရေးလည်းကောင်းသားဗျ..ဒါပေမဲ့ ဇတ်လမ်းကခုမှအစရှိသေး..ရပ်ပစ်တော့
.ခိုးလိုးခုလုဖြစ်သွားသပေါ့ဗျာ…အထက်လမ်းမဟိဒ္ဓိရှင်များလောကအကြောင်းကိုလည်းစိတ်ဝင်စားပါသဗျ
.အဆက်ကိုမျှော်ရတော့မပေါ့လေ… :))
Yae Myae Tha Ninn
November 3, 2014 at 11:59 am
အထက်ပြောတဲ့ ပုဂ္ဂိုလ်တွေရဲ့ ခန္ဓာလဲ လဲ နေတယ်ဆိုတာကိုတော့ ကြားဖူးတယ်… ရှင်းပြပေးရင် ကောင်းမယ်ဗျ… 🙂
Ma Ei
November 3, 2014 at 12:31 pm
လွန်ခဲ့သော နှစ်ပေါင်း ၃၅ နှစ်အထက်တွင် ဆိုတော့….
၃၅ နှစ်ထက် ဘယ်လောက်အထက်လဲဟင်…
တစ်ကယ့် အဖြစ်ပျက်လား…
စောင့်ဖတ်ရပါဦးမည်…
kai
November 3, 2014 at 12:39 pm
သိကြားလိမ်
**********
နန်းမေရုပြာသာဒ်၊
လမ်းဖြတ်တဲ့ ဣန္ဒာ၊
ကမ်းသတ်လို့ နှိမ်ရှာတယ်၊
အလိမ္မာလွန်သား၊
ထောက်လှမ်းချက် သုဓမ္မာဝယ်၊
ခုအခါ လစ်ကြသလား။
ဘုရားက သိကြားကို မှာတယ်၊
ဌကထာ ရှိသား၊
သာသနာ ငါထားငဲ့၊
မမှားအောင် စေ့ဆော်၊
မကောင်းသူ့ ကောင်းသူတို့ကို၊
ကြောင်းယူလို့ ဆန်းစစ်ကာမျှော်။
ဝိမလနန်းသစ်ပေါ်မှာ၊
သန်းရှစ်ဖော် ရွေများနှင့်၊
ဘုရားကို နှစ်ရစ်လိမ်၊
ညစ်တဲ့မာဃိန်၊
ပစ်ရှာမယ့် ဝရဇိန်ငယ်၊
ပန်းထိမ်မှာ ပြင်တုန်းထင့်လေး။
စလေဦးပုည
=============
သိကြားမင်းကိုတော့.. ဦးပုညက.. အပေါ်ကလိုရေးသဗျ…။
အဲဒီ အောင် ၄ အောင် ၊ ဗား ၄ ဗား ကို.. ဘယ်လိုရေးမလည်း.. သိချင်သား…။ :k:
Lay Pai
November 5, 2014 at 11:39 pm
စလေ ဦးပုည တုံးက ပေရွက်ပေါ် ကညစ်နဲ့ ရေးခဲ့တာနေမှာ။
ကျွန်တော် တို့ ငယ်ငယ် က တော့ ကျောက်သင်ပုံးပေါ် ကျောက်တံ နဲ့ ရေးတာဗျား။
အခု ဆိုရင် ရင် တော့ အွန်လိုင်း စာမျက်နှာပေါ် ကီးဘုတ်နဲ့ ရိုက်ရေးမှာ အသေအချာဘဲ သူကြီးရေ။