” လူပျင်း ဒါမှမဟုတ် လူဖျဉ်း “
” လူပျင်း ဒါမှမဟုတ် လူဖျဉ်း “
” ဟေ့ကောင် မိုလင်းလို့ မျက်စိနှစ်လုံးဖွင့်တာနဲ့ ဒီဂီတာကြီး တစ်ဒေါင်ဒေါင်ခေါက်ပြီး ဟေလားဝါးလား ဘဲလုပ်နေကြ တာဘဲ ”
” အဖေကလဲ မိုးလင်းတာနဲ့ ဒီဓာတ်ပြားဟောင်းကြီးဘဲ ထပ်ခါထပ်ခါပြောနေတာဘဲ ဒီမှာကီးညှိလို့ မရတဲ့ထဲ ”
” အေး ဓာတ်ပြားဟောင်းကတော့ ဖွင့်ရမယ် ဖွင့်ကိုဖွင့်ရမယ် ဘယ်နဲ့ သူများတွေ မိုးလင်းလို့ ထမင်းချိုင့်ဆွဲ အလုပ်ကိုယ်စီ သွားကြဖို့ပြင်နေတဲ့ချိန် ဒီတစ်ဒေါင်ဒေါင်ဘဲခေါက်မယ် ခဏနေ မင်းလိုအမျိုးတူ ဝေလေလေ ရောက်လာပြီး လဘက်ရည်ဆိုင်သွားလိုက် လမ်းထိပ်ရေမြောင်းအုတ်ခုံထိုင်ပြီး လမ်းသွားတဲ့ ကျောင်းသူတွေ မိန်းကလေးတွေ စလိုက်နောက်လိုက် ညကျ ဟိုလမ်းဆုံမှာ စုပြီးသီချင်းတွေ အော်ဆိုလိုက် ဒီလိုနဲ့ အချိန်ဖြုန်းနေတဲ့ကောင်တွေ ဒီထက်တောင်ပြောသင့်သေး ”
” အဖေကလဲ အလုပ်တွေကလိုက်လျှောက်ထားတာဘဲ သူတို့က ခန့်မှ မခန့်ကြတာ ”
” မင်းပုံစံကရော ခန့်ချင်စရာကောင်းလို့လား အလုပ်ကဖြင့်ဘာမှ မလုပ်တတ်သေးဘူး ပေးတဲ့လစာက နည်းတယ်များတယ် အလုပ်ချိန်က မိုးချုပ်တယ် စောတယ်နဲ့ အရိုးများသေးချီးခါးလေး လုပ်နေတာကိုး ရေသာခို အချောင်ရချင် မပြင်သရွေ့တော့ ခန့်ပါလိမ့်မယ်အားကြီး ”
” ဒါကလဲ ကျွန်တော်နဲ့ ကံတည့်တဲ့အလုပ် မဟုတ်သေးလို့ပါ အဖေရ ”
” ဘာ ကံတည့်တဲ့ အလုပ် ဟုတ်လား၊ ကံ ဆိုတာ မိမိကိုယ်တိုင်ပြုပြင်စီမံမှ ရတာ ဟကောင်ရ၊ အလကားမတ်တင်းထိုင်နေရုံနဲ့တော့ ကံ တည့်တဲ့အလုပ်မပြောနဲ့ ဘာမှတောင်ဖြစ်လာမှာ မဟုတ်ဘူး၊ သက်တောင့်သက်သာ အလုပ်နဲ့အကိုင်နဲ့ စိတ်မလေအောင် အစိုးရအလုပ်လုပ် လုပ်မလား အလုပ်သွင်း ပေးမယ်ဆိုတော့လဲ မလုပ်ချင်ဘူး ဘယ်နဲ့ကောင်စားမျိုးလဲမသိ ”
” အဖေ အစိုးရအလုပ်က တစ်ပဲခြောက်ပြားလောက်ရတဲ့ဉ္စာ ဘာသွားလောက်မှာလဲ ”
” မင်း ခွေးစကား မပြောနဲ့ အဲဒီအစိုးရအလုပ် မင်းအဖေလုပ်ပြီး မင်းတို့ မောင်နှမကို ဘွဲ့ရတဲ့ထိ ကျောင်းထား ရတာ အခုလဲ မင်းအမ အစိုးရရုံးလစာနဲ့ ငါ့ ပင်စင်နဲ့မို့ မင်း ထမင်းနှပ်မှန်အောင်စားနေရတယ်မှတ် အလကား ပျင်းကြောစွဲ အချိန်ဖြုန်းနေတဲ့ ဆန်ကုန်မြေလေးတွေ အားကိုးရမယ့်ကောင် မဟုတ်ဘူး ”
” အဖေပြောထားပါ တစ်နေ့ ကျွန်တော် အဆိုတော်ကြီးဖြစ်မှ အဖေ မအံဪနဲ့ ”
” အေး ရည်မှန်းချက်ဆိုတာ စိတ်ကူးယဉ် လို့ရပေမယ် လက်တွေ့ဖြစ်ဖို့တော့ အလကားမတ်တင်းမဖြစ်ဘူး ငါကောင်ရ၊ အရွယ်ရောက်လာတဲ့ လူတစ်ယောက်ဟာ အကျိုးတစ်ခုခုရပြီး အချိန်ကုန်စေမှ လူဖြစ်ရကျိုးနပ် တာကွ ကိုယ့်အတွက် အကျိုးရှိတဲ့အလုပ် ကိုယ့်အတွက်ကော ကိုယ့်မိသားစုအတွက် ဒါမှမဟုတ် ပတ်ဝန်းကျင် အတွက် အကျိုးရှိတာမျိုး ဒါမှမဟုတ် ကိုယ့်အတွက်တော့ အကျိုးမရှိပေမယ့် အများအတွက်အကျိုး အများကြီး ဖြစ်တဲ့ ပရဟိတမျိုး အဲလိုတွေ လုပ်ပါမှ အချိန်ဆိုတာရပ်နေတာမဟုတ်ဘူး ဒါမှလဲ ကုန်ဆုံးသွားတဲ့ အချိန်တွေ အတွက် ကိုယ့်ကြောင့်အကျိုးတစ်ခုခုနဲ့ ဖလှယ်လိုက်ရလို့ တန်မှာပေါ့ကွ နောက်ဆုံး ကိုယ့်စားနိုင်ရုံဘဲ အကျိုးဖြစ်တယ်ဆိုရင်တောင် ကိုယ် အလားကား ဆန်ကုန်မြေလေးမဖြစ်တော့ဘူးပေါ့ ငါ့ သားရာ မယ်မယ်ရရ အလုပ်လေး တစ်ခုခုတော့ လုပ်ပါကွာ ”
” အပ်ကြောင်းတွေလဲ ထပ်နေပါပြီ အဖေရာ တစ်နေ့နေ့ ဒါဘဲပြောနေတာ နားကိုငြီးတာ လဘက်ရည်ဆိုင်မှာ သွားထိုင်ပြီး ဇာတ်ကားသွားကြည့်တာဘဲကောင်းတယ် ”
” အေး အသိခေါက်ခက် အဝင်နက်တဲ့ကောင် မင်းလိုကောင်တွေများများရှိလေ အိမ်လည်း မချမ်းသာသလို တိုင်းပြည်လဲ မတိုးတက်ဘူး ဆင်းရဲမြဲ ဆင်းရဲနေမှာဘဲကွ ”
” နိုင်ငံခြားသွားပြီးလုပ်ချင်တယ်ဆိုတော့လဲ အဖေတို့မှ လုပ်မှမပေးနိုင်တာ ဒီမှာက လုပ်ရတာနဲ့ ရတာက တန်မှမတန်တာ ”
” ဟကောင်ရ သက်တောင့်သက်သာ ဒီမှာတောင်မလုပ်တာ ဟိုမှ မင်းအခုလို အချိုးနဲ့ဆို တစ်ရက်တောင် ခံမှာ မဟုတ်ဘူး အလုပ်ရှင်က ကန်ထုတ်လိုက်လိမ့်မယ် ဟိုမှာ အလုပ်ကို အလုပ်နဲ့တူအောင် တကယ်လုပ်ရမှာ ပျင်းချိန် ရပါလိမ့်မယ်အားကြီး ဒီနိုင်ငံမှာတာ ပျင်းချိန်ရလို့ ပျင်းရတဲ့သူတွေ ကြာလာတော့ လူဖျဉ်းတွေ ဖြစ်ရော အဲလို တိုင်းပြည်မှာ အဲလို လူဖျဉ်းဖြစ်တဲ့သူတွေ များလေလေ တိုင်းပြည်လဲ မွဲလေလေ မှတ်ဟေ့ ”
အင်း ဦးဖိုးတီး တစ်ယောက်၏ မနက်ချိန်ခါတေးသံသာကို ခင်ခ တစ်ယောက် အလုပ်မသွားခင် မနက်စာ စားရင်းနားသောတဆင်ရတာ အလွတ်တောင်ရနေပါရောလားဗျာ။
လူငယ်တွေ ကိုယ့်အတွက် ကိုယ့်မိသားစုအတွက် ကိုယ့်တိုင်းပြည်အတွက် အနာဂတ်လှဖို့ အလုပ်လုပ် ကြပါနော်။
ခင်ခ။
20 comments
kyeemite
November 17, 2014 at 11:47 am
.ကိုခပြောတဲ့ လူငယ်မျိုးတွေ ကျုပ်လည်းပါတ်ဝန်းကျင်မှာတွေ့တွေ့နေရသေးသဗျာ…တိုင်းပြည်အတွက်
.နစ်နာသဗျာ
ခင် ခ
November 17, 2014 at 12:42 pm
ကိုယ့်အတွက်ဘဲဖြစ်ဖြစ်
တိုင်းပြည်အတွက်ဘဲဖြစ်ဖြစ်
ကိုယ့်မိသားစုအတွက်ဘဲဖြစ်ဖြစ်
လူငယ်တွေ အလုပ်လုပ်သင့်တဲ့အချိန် ရောက်နေပြီလို့ ယူဆမိပါရဲ့ ကိုကြီးမိုက်ရေ။
အလင်းဆက်
November 17, 2014 at 1:58 pm
ပျင်းတဲ့သူကို မပျင်းအောင်.. ပြု ပြင် ပြောင်းလဲလို့ ရတယ်…
ညံ့ဖျင်းတာကိုတော့… လွယ်လွယ်နဲ့ ပြောင်းလဲပေးလို့မရဘူး..ဆိုလား….
ကြားဖူးတယ်..
ဂျက်စပဲရိုး
November 17, 2014 at 2:10 pm
မြန်မာစာ မှာ ပစောက်ပြီးရင် ဖဦးထုပ် လာတယ်
အဲ့လိုပဲ လူမှာလဲ ပျင်းပြီးရင် ဖျင်းဖို့ ပဲ ကျန်တယ် လို့ ငယ်ငယ်တုန်းက ပြောခံ ထိဖူးပါကြောင်း ဟီးဟီး… 🙂
ခင် ခ
November 17, 2014 at 2:28 pm
ကိုအလင်းဆက်ရေ အဓိကကတော့ လုပ်ချင်ကိုင်ချင်စိတ်များ ရှိရင်ဖြင့် ပြုပြင်လို့ရမယ်ထင်ပါတယ်။ ဉာဏ်ကောင်းသူကတော့ မြန်မြန်တတ်လွယ်မယ်ထင်ပါရဲ့ဗျာ။
ဂျက်စပဲရိုးရေ ဖြစ်နိုင်ရင် လူတိုင်းကို ပ စောက်ကနေ ဖ ဦးထုပ်ကို မသွားစေချင်ပါဘူးဗျာ။
Shwe Ei
November 17, 2014 at 3:46 pm
လတ်တလော ကိုယ့်ပတ်ဝန်းကျင်မှာ မြင်ရသလောက်တော့ အမျိုးသမီး ကြီးကြီးရော ငယ်ငယ်ရော အလုပ်ကြိုးစားကြပါကြောင်း…အမျိုးသား အလုပ်သမား(ကျွမ်းကျင်အဆင့်) ရှားပါးတာရယ်..အမျိုးသမီးများလောက် လက်ကြောမတင်းတာရယ်ကြောင့်..အလုပ်ခန့်တဲ့အခါ အမျိုးသမီးများကို ဦးစားပေးတဲ့အလေ့အထ တိုးတက်လာပါကြောင်း..ရှေ့လျှောက် အမျိုးသမီးစွမ်းဆောင်ရှင်တွေ တိုးပွားလာတာနဲ့အမျှ တိုင်းပြည်တိုးတက်မဲ့လမ်း ပြန်ပွင့်လာဘီဖစ်လို့ စိတ်မပူကြပါနဲ့လို့..အာ..ဟိ 🙂
မြစပဲရိုး
November 17, 2014 at 3:51 pm
ကျုပ် Post ဆိုလို့ ကတော့ အစိမ်းရောင် အရင့် ကို ချယ် ပေးလိုက်မှာ။ :))
ဒါပါဘဲလေ။
နေရာ ဆိုတာ တောင်းနေလို့ မရ။
လုပ်ပြမှ ရတာမျိုး ဆိုတာ ကို ပိုပို ပြီး သက်သေပြ ဖို့ လိုလာပြီ။
တို့ အမျိုးသမီးထု ကြီး အတွက် နေရာ တွေ အများကြီး ရှိနေပါတယ်။
ကြိုးစားကြဖို့သာပါဘဲ။
:))
ခင် ခ
November 17, 2014 at 4:12 pm
တယ်တော်တဲ့ မရွှေအိ၊ ဉာဏ်အမျှော်အမြင်စူးရောက်ပါပေတယ်။
အား ခြင်းမတူတာကိုတော့ အမျိုးသမီးများ စွမ်းနိုင်မယ်မထင်။
Shwe Ei
November 17, 2014 at 6:15 pm
အမျိုးသားများနဲ့ အားချင်းယှဉ်ပီး လက်မောင်းလှဲဖို့တော့ စိတ်တောင်မကူးဘူးပါဝူး ခီညော် 😛
ခင် ခ
November 17, 2014 at 7:59 pm
မရွှေအိရယ် ကာယစွမ်းအားနဲ့ လုပ်တဲ့အလုပ် ဉာဏစွမ်းအားနဲ့ လုပ်တဲ့အလုပ် စွမ်းဆောင်နိုင်ပုံ မတူတာပြောတာပါဗျာ
aye.kk
November 17, 2014 at 11:08 pm
ပျင်းတာတော်ပါသေး ။
ဖျဉ်းရင်တော့သုံးစားမရ ။
သုံးစားမရမှတော့ ဆန်ကုန်မြေလေး ။
Mr. MarGa
November 18, 2014 at 8:45 am
ပျင်း
ဖျင်း
ဗျင်း
kai
November 18, 2014 at 9:45 am
ဒီလတိုင်မ်းမဂ္ဂဇင်းဆောင်းပါးမယ်.. ရီပါ့ဗလစ်ကင်န်တွေ.. ဒီမိုကရက်ဖက်က.. ဟီလာရီကလင်တန် ယှဉ်နိုင်ဖို့.. အမျိုးသမီးသမ္မတလောင်းရှာရခက်နေပုံရေးထားတယ်.။
ဖြစ်ပုံက.. ရီပါ့ဗလစ်ကင်န်ရဲ့.. အမတ်တွေထဲမလည်း.. အမျိုးသမီးအမတ်က.. ၇%မပြည့်ချိန်မှာ.. ဒီမိုကရက်က.. ၃၃%..
ဆိုတော့.. မြန်မာပြည်မှာကတော့.. လွှတ်တော်တခုလုံးမှ.. ၅%ပြည့်ပုံမရ..။
သနားးးးးးးးး :k:
=
ပျင်းစရှိလျှင် ပျင်းချင်ချင်တည့်
ပျင်းပင်ပျင်းရိုး ပျင်းပင်ပျိုးသည်
ပျင်းရိုးမယ့်မောင် ပျင်းစထောင်သည်
ယွင်းအောင်မောင်ခွေး ပျင်းနဲ့လေး….
=
နှိုင်းစရှိလျှင် နှိုင်းချင်ချင်တည့်
နှိုင်းပင်နှိုင်းရိုး နှိုင်းပင်ပျိုးသည်
နှိုင်းရိုးမယ့်မောင် နှိုင်းစထောင်သည်
ယွင်းအောင်မယ်ခွေး နှိုင်းနဲ့လေး….
kyeemite
November 18, 2014 at 11:37 am
.ဒီနေ့ အာတီဒုံတင်တဲ့“အားကျမိတဲ့ အမေရိကန်တယောက်- padonmar” ဆိုတဲ့ပို့စ်နဲ့တွဲဖတ်သင့်တယ် .ကိုခရေ
sorrow
November 18, 2014 at 11:56 am
..ကျော့်ကိုလေ..ငယ်ငယ်က ( လူများအိမ်မှာကပ်နေရတုန်းက ) ရန်ကုန်က ဆွေမျိုးနီးစပ်အိမ်က …မနက်လေးနာရီထပြီးရေတင်..ရေခပ်လုပ်ခိုင်းတယ်ခင်ဗျ…ဆယ့်ငါးနှစ်သားအရွယ်တုန်းကဗျ..
..ညဘက်ထိသူတို့ဆိုင်မှာ ကူရောင်းပေးရတော့ …မနက်မထနိုင်ဘူးခင်ဗျ..အဲ့မှာ .ကျော့်ကိုပြောကျွေးပေးတာ…လူပျင်းတဲ့..တသက်လုံးကောင်းစားမှာမဟုတ်ဘူးတဲ့…ခုထိ ..အဲ့လိုပြောသံကိုနားထဲကြားနေရတုန်း…
မဟာရာဇာ အံစာတုံး
November 18, 2014 at 2:40 pm
ကျော့် ဖားသား ကတော့ ခဏခဏ ပြောဖူးတယ် ..
ဘာတဲ့ …
ဆင်ခြေ များတဲ့သူဟာ ဘယ်တော့မှ မကြီးပွားဘူး … ဒဲ့ …။
ဒါဖြင့် ကျော်က ဆင်ခြေ မများဘူးပေါ့လို့ ထင်နဲ့နော် …
များလိုက်သမှ .. အားကြီးများပေါ့လို့ … ဟီဟိ …
uncle gyi
November 18, 2014 at 10:39 pm
ကိုခပြောတဲ့ကလေးတွေ
အခုခေတ်ပတ်ဝန်းကျင်မှာတွေ့နေရတယ်
ဘယ်လိုကဘယ်လိုဖြစ်နေကြတယ်မသိနိုင်အောင်ပါပဲဗျာ
ကိုပေါက်(မန္တလေး)
November 19, 2014 at 9:18 am
အဓိက အချက်က အလုပ် မလုပ် ရင် လဲ ထမင်းစားနေရသေးတာကြောင့်ပါ
ဆောင်ပုဒ်အသစ်တောင်ပေးလိုက်ချင်တယ်
တကယ်ငတ်ရင် အလုပ်တကယ် လုပ်ကြမည်
လုံမလေးမွန်မွန်
November 19, 2014 at 12:36 pm
လုပ်ငန်းအတွေ့အကြုံဆိုတာ ပိုက်ဆံပေးဝယ်လို့ မရပါဘူး.. ဘယ်အလုပ်မဆို သေးသေးလေးက စရတာ.. အချီကြီးမျှော်နေလို့ကတော့ ထမင်းငတ်သွားလိမ့်မယ်..
နီးနီးစပ်စပ် ထဲမြင်ဖူးတယ်..ဘာသာစကားတတ်တယ်.. သင်ယူလွယ်တယ်.. အတွေ့အကြုံမရှိဘူး.. အသက် ၂၅ နှစ်မှာ သူများတွေလို တစ်နေရာရသင့်နေပြီဆိုပြီး အသက်ငယ်တဲ့ စီနီယာဆီက သင်ယူရမှာ အောက်ကျတယ် ထင်နေတယ်
ကေဇီ
November 19, 2014 at 2:41 pm
ပျင်းရက်နဲ့ တော်တာဆိုလို့
တစ်ယောက်ပဲ မြင်ဖူးတယ်။
မှန်ကြည့်တိုင်း မြင်ရတာ။
အဟွတ်။
:k: