“ ပျော်ရွှင်ဆင်နွဲ ရွာအလှူပွဲ”
“ ပျော်ရွှင်ဆင်နွဲ ရွာအလှူပွဲ”
ချိုက်ဆိုတဲ့ရွာက ရွာကြီးလို့ပြောလို့ရပါတယ်။
အိမ်ခြေ ၃၀ဝ ကျော်လောက်ရှိပါတယ်။
ရွာရဲ့အဓိကအလုပ်က ကြက်သွန်နီစိုက်တယ်။
ကပ်ကြေး လုပ်တယ်။
သူ့ အနေအထားနဲ့သူ သူ့အလုပ်အကိုင်နဲ့ သူ သာယာဝပြောတယ်လို့ပြောနိုင်ပါတယ်။
ဒီရွာလေးမှာလွန်ခဲ့သော (၂)နှစ်လောက်က ရေဘေးဒဏ်ကိုခံလိုက်ရပါတယ်။
ရွာလေးကိုပါတ်ပြီး စီးသွားတဲ့ ယင်းချောင်းဆိုတာ ရွာအောက်မှာရှိပါတယ်။
ရွာကအမြင့် ချောင်းက အနိမ့်ပါ။
ယင်းချောင်းက ပုံတောင်ပုံညာက နေအခြေခံလာပြီး ဧရာဝတီထဲကို စီးဝင်
တယ်လို့ဆိုပါတယ်။
အဲဒီယင်းချောင်းထဲကိုတောင်ကျရေတွေလှိမ့်ဆင်းလာပြီး ရွာထဲကိုရေတွေဝင်ပါတယ်။
ကျနော်တို့ တည်းတဲ့ ဆယ်ပေအမြင့်လောက်ရှိတဲ့ နှစ်ထပ်အိမ်ကြမ်းပြင်ကိုရေရောက်တယ်ဆိုတော့
တစ်ရွာလုံး နီးပါးရေအောက်ကို ရောက်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။
နှစ်ပေါင်း(၆၀)ကျော်လောက်အတွင်းမှာပထမဆုံးအကြိမ်လို့ ဆိုိုနိုင်ပါသတဲ့။
ရေတွေတအိအိတက်လာတာမြင်တော့
နည်းနည်းလေးပိုမြင့်တဲ့ ရွာလယ်ပိုင်းမှာသွားပြီးခိုနေကြရပါတယ်။
တစ်ချို့ကလဲ ရွာမြောက်ဘက်က ရွှေဂူဘုန်းကြီးကျောင်းပေါ်တက်ပြီးရေ
ရှောင်ကြရပါသတဲ့။
အဲ့ပါတ်ဝန်းကျင်မှာ ရွှေဂူကျောင်းက အမြင့်ဆုံးပါဘဲ။
အဲဒီကျောင်းက “ဆရာတော်ကြီး ဦးသာသန “က ရဟန္တာဖြစ်တော်မူတယ်လို့အနီးအနားက
လူတွေကယုံကြည်ကြပါတယ်.။
ချိုက်ရွာအနီးက ဝါဇီစက်ရုံကဝန်ထမ်းတွေရော ရွာနီးချုပ်စပ်ကရွာသူရွာသားတွေ
ပါ ဆရာတော်ကြီးကို ကိုးကွယ်ကြပါတယ်။
ဆရာတော်ပျံလွန်တော်တဲ့နှစ်မှာဘဲ ရွာကိုရေလွှမ်းတာနဲ့ကြုံတော့
ဆရာတော်ကြီးသာရှိခဲ့ရင်ဒီလိုအဖြစ်ဆိုးနဲ့မကြုံဘူးလို့စိတ်ထဲမှာထင်ကြပါသတဲ့။
ဘာဘဲပြောပြော အဲဒီရေကြီးလိုက်တာက ချိုက်ရွာမှာ
အပျက်အစီးတွေဆုံးရှုံးမူ့တွေနဲ့ရင်ဆိုင်လိုက်ရတာအမှန်ပါဘဲ။
********************************************************
ကျနော်တို့ အုပ်စုက မနက် အိပ်ယာထ တဲ့အခါ
စားပွဲပေါ်မှာ အကြော်တွေ မုန့်ပဲဆုပ်တွေကအဆင်သင့်ကြိုလို့နေပါတယ်။
အိမ်မှာတင်ကြော်တဲ့ ကြက်သွန်ကြော် ကုလားပဲကြော်ကို
မုန့်ပဲဆုပ်စီးစီးလေး(ကုလားပဲ နဲ့ပေါင်းထားတာပါ)နဲ့စားရတာ
အရသာရှိလှပါတယ်။
ပြီးတော့မှရေနွေးကြမ်းပူပူလေးနဲ့ ပေါ့။
ချိုက်ရွာမှာထူးခြားတာက လက်ဖက်ရည်ဆိုင်မရှိ ဘီယာဆိုင်မရှိ။
ဒါကြောင့်ကျနော်တို့အတွက်တော့ ကော်ဖီမစ်ထုပ်တွေမန်းလေးကနေသယ်လာခဲ့ပါတယ်။
မုန့်စားပြီးတဲ့အခါ ကားပေါ်ကပစ္စည်းတွေကို ချ။
လှူဘွယ်ပစ္စည်းတွေကို ပဒေသာပင်ဆင်ဘို့လုပ်ကြပါတယ်။
အစက ကထိန်ညှပ် ၂ခု ထဲမှာပစ္စည်းစုံအောင်ထည့်ဘို့စိတ်ကူးထားကြပါတယ်။
ကျောင်းပါတ်ဝန်းကျင်က သံဃာတော်(၃၅)ပါးအတွက်
ဆပ်ပြာအဆီဗူး၊ဆပ်ပြာမူန့်ထုပ်၊ရွှေဝါဆပ်ပြာ၊ ကိုယ်တိုက်ဆပ်ပြာမွှေး၊စတီးလင်ပန်း
သွားတိုက်ဆေး၊သွားပွတ်တံ၊တဘက်၊ဗလာစာအုပ်၊ဘောပင်
အစရှိတာတွေကိုစုံအောင်ထည့်ပေးထားပါတယ်။
ဆရာတော်ကြီးများအတွက်တော့ထီးနဲ့ သင်္ကန်းဒွိစုံ
ကျောင်းအတွက်ကတော့ နာရီ ၊မတ်ရပ်လေအေးပေးစက်
တွေ ထည့်ပြီးလှူဒါန်းထားပါတယ်။
နောက်နဝကမ္မ အသုံးပြုဘို့အတွက်ကတော့ ငွေပဒေသာပင်တစ်ခု။
အဲလိုစီစဉ်နေချိန်မှာရွာကလူကြီးတစ်ဦးက
“ကျောင်းက ကလေးတွေကလဲ အလှူလှည့်ရင်လိုက်မှာနော်
သူတို့ကိုလည်းလှူဘွယ်ပစ္စည်းကိုင်ဘို့ပေးရမှာ”လို့ပြောပါတယ်။
နောက်တစ်ယောက်က ထပ်ပြီး
“ကျောင်းသားက မရှိဘူးဆိုရင် ၃၀ဝ ပျော့ပျော့လောက်ရှိမယ်”လို့
ထပ်ပြောလိုက်တဲအခါ ဒီကလေးနှစ်ရာကျော် ကိုင်စရာကိုစဉ်းစားရပါတော့တယ်။
၃၅ခုစီပါတဲ့စာရင်းကိုတွက်ကြည့်တော့ (၈)မျိုးပါ တာကိုတွေ့ရပါတယ်။
ဒါဆိုရင်ကို ကလေး၂၀ဝကျော်အတွက် ကိုင်စရာလှူဘွယ်ပစ္စည်းရသွားပါပြီ။
ဒါပေမယ့်အဲဒီကျောင်းကဆရာတစ်ယောက်ကမလောက်သေးဘူးလို့ပြောတာနဲ့
ဘာထဲ့ရင်ကကောင်းမလဲစဉ်းစားကြရပြန်ပါတယ်။
နောက်တော့ ဝါးတုတ်တံကလေးမှာ ပန်းစက္ကူကိုအတွန့်တွန့်လေးတွေ
ဖြစ်အောင်ချည်ပြီး ငွေတစ်ထောင်တန်ကိုချည်လိုက်တော့ အားလုံးအဆင်ပြေ
လို့သွားပါတယ်။
ကျနော်တို့အဖွဲ့က ဖိုးဆိုချင်များအတွက် ဆောင်းဘောက်တွေဆင်သူကဆင်။
မနက်ဆယ်နာရီလောက်ရောက်တော့ စစ်ကိုင်းကလာတဲ့ အလှူ့အမအဖွဲ့က
ချောက်ကိုရောက်နေပြီလို့ ဖုန်းဝင်လာပါတယ်။
အလှူရှင်က ကျနော်တို့နဲ့အတူလာကြတာပါ။
အစကတော့ ချောက်ကိုသွားကြိုဘို့စီစဉ်ပေမယ့် သူတို့ငှားလာတဲ့ကား
နဲ့ညှိနိူင်းပြီး ချိုက်အထိလိုက်ခဲ့ဘို့ စီစဉ်ခိုင်းတာအဆင်ပြေသွားတော့
သူတို့ကိုသွားကြိုစရာမလိုတော့ဘဲ အလုပ်တစ်ခုပြီးသွားပါတယ်။
ကျနော်တို့အဖွဲနဲ့အတူ ရွာထဲကဆွေမျိုးသားချင်းတွေရော
လူငယ်အချို့ပါလာပြီးကူညီလုပ်ကိုင်ပေးကြပါတယ်။
ကလေးတွေကိုင်မယ့်လှူဘွယ်ပစ္စည်းတွေကို ကုတင်ပေါ်မှာဖြန့်ခင်းထားလိုက်ကြပါတယ်။
ကျနော်တို့နဲ့လိုက်လာတဲ့ မိန်းကလေးများလဲ ပဒေသာပင်ဆင်တာဝိုင်းကူလို့ပေးကြပါတယ်။
ပဒေသာပင်တွေဆင်ပြီးသွားတော့ ရေချုိုးထမင်းစားဘို့ပြင်ကြပါတော့တယ်။
ထမင်းတွေစားတော့စကားအဆန်းကြားရပြန်တယ်။
“အားမနာနဲ့နော် ဟင်းဖတ်တွေဆယ်စား”
လို့ဧည့်ခံတဲ့ကလေးမလေးက ပြောလိုက်တဲ့အချိန်မှာ
“အော် ငါ့သမီးနှယ် ဧည့်သည်ကဘယ် ဆယ်ပြီးစားပါ့မလဲ
အိမ်ရှင်က အလိုက်တသိ ထည့်ပေးရတယ်”လို့ပါးစပ်ကပြောရင်း
ဟင်းပုဂံထဲက ဝက်သားတုံးတွေကို ကျနော်တို့ ပန်းကန်ထဲကို
ဆယ်ပြီးထည့်ပေးတော့ မှ ဟင်းဖတ်ဆယ်စားဆိုတာကို သဘောပေါက်ပါတော့တယ်။
ကျနော်တို့ထမင်းစားပြီးချိန်လောက်မှာဘဲ စစ်ကိုင်းကလာတဲ့အဖွဲ့လည်းရောက်လာပါတယ်။
နက်ဖြန်ဘုန်းတော်ကြီးကျောင်းမှာ ကျွေးမွေးဘို့အတွက် ချက်မယ့်ပြုတ်မယ့်
အဖွဲ့ကိုကူပြီး ကြက်သွန်ခွာငရုတ်သီးထောင်း မယ့်အဖွဲ့ကလဲရောက်လာပြီး
ဝိုင်းဖွဲ့ပြီးအလုပ်တွေလုပ်ကြပါတော့တယ်။
ထမင်းစားပြီးတဲ့အခါ ကထိန်လှည့်မယ့်ကားပေါ်ကို ကျနော်တို့ရဲ့ဂီတအဖွဲ့အတွက်
နဲ့ဒိုးပတ်ဝိုင်းအတွက် ဆောင်းဘောက်တွေ အောက်စက်တွေ တင်ပါတော့တယ်။
အဲဒီစက်တွေ အသံထွက်ကောင်းမကောင်းကို ဟဲလိုတွေ တက်ကဆီတွေလုပ်ပြီးတဲ့အခါ
ကျနော်ဆိုနေကျ“ပြည်တော်ဝင်” နဲ့ကွင်းဖွင့်လိုက်ပါတယ်။
ကျနော်တို့အဖွဲ့သားတွေအားလုံးက သီချင်းအမြဲဆိုနေကျလူတွေချည်းပါဘဲ။
အဲတော့တစ်ယောက်တစ်လဲ ဟဲနေတုန်း
ရွာကဝါသနာရှင်တွေစုစည်းထားတဲ့ ဒိုးပတ်ဝိုင်းလေးက ရောက်လို့လာပါတယ်။
သူတို့ကိုဖျာခင်းပြီးနေရာပေး သူတို့ကလဲ အသံစမ်းရင်းသီချင်းတိုက်
အဲဒီအချိန်ကနေစပြီး တိတ်ဆိတ်နေတဲ့ရွာကလေးမှာအလှူလေးတစ်ခုကြောင့်
လှုပ်ယှားအသက်ဝင်လာပါတော့တယ်။
အဲဒီအချိန်ကထိန်လှည့် ဘို့လိုက်ကြမယ့် သူတွေကလဲ အလှတွေပြင်လို့ပြီးကြပါပြီ။
သုံးနာရီကျော်ကျော်လောက်ကစပြီး ကထိန်လှည့်ရာမှာလိုက်မယ့် ရွာခံကလေးတွေက
လည်းဝတ်ကောင်းစားလှတွေနဲ့ ခြံရှေ့မှာ တန်းစီလိုနေပါပြီ။
ကျနော်ကလည်း ကလေးတွေတန်းစီနေတဲ့ရွာလမ်းမှာ ကလေးတွေကိုဓါတ်ဖမ်းဘို့
ဟန်တွေပြင်နေပါပြီ။
ကျနော်ကတော့ကျနော်အာရုံနဲ့ကျနော်ဟိုဘက်ပြေးလိုက်ဒီဘက်ပြေးလိုက်
ပါးကွက်ကြားကိုယ်စီနဲ့ကလေးတွေရဲ့ရိုးသားတဲ့ပုံရိပ်ကိုအမိဖမ်းဘို့ကြုးိစားနေမိပါတယ်။
ရွာကလူတွေကတော့အတော်လေးကိုမျက်စေ့နောက်မယ်ထင်ပါတယ.်။
တန်းစီနေတဲ့ကလေးတွေကိုသူတို့ရဲ့ဆရာမတွေက လှူဘွယ်ပစ္စည်းတွေကို
တစ်ယောက်ချင်းစီလက်ထဲထည့်ပေးနေရင်းကဘုန်းကြီးကျောင်းရောက်တဲ့အခါ
ပစ္စည်းတွေကို စံနစ်တကျထားဘို့မှာနေပါတယ်။
ကလေးတွေဆိုတော့လက်ထဲကိုင်ထားတဲ့ လှူဘွယ်ပစ္စည်းတွေကိုကြည့်လိုက်
အချင်းချင်းစကားတွေပြောလိုက်
တွန်းထိုးပြီးစလိုက်နောက်လိုက်
ကထိန်မလှည့်သေးတော့ရွစိရွစိနဲ့ထိုင်လိုက်ထလိုက်
မသွားသေးဘူးလားဆိုတဲ့အမူအယာနဲ့ ရှေ့ထွက်ပြီးကြည့်လိုက်
သူတို့ကိုဓါတ်ပုံရိုက်တော့ရှက်လို့ မျက်နှာဝှက်သူဝှက်
သူ့ရိုက်ပါငါ့ရို်က်ပါအလုအယက်ထွက်သူထွက်
ကိုယ့်အိမ်က ကလေးပါတော့ လာစောင့်တဲ့ မိဘတွေရယ်
ကထိန်လှည့်မှာကို လာကြည့်တဲ့သူတွေရယ် ပေါင်းဆုံနေတော့
လူတွေကလဲလှူပ်လှုပ်ရွရွ
ဒုးိပတ်ဝိုင်းကလဲမြူးမြူးကြွကြွ
တရုန်းရုန်းနဲ့ပျော်စရာကောင်းလှပါတယ်။
ခဏနေတော့ ဦးရွှေရိုးကမယ့်မင်းသားကဆိုင်ကယ်နောက်က
ခွထိုင်ပြီးပါလာပါတယ်။
သူလဲလာရော ဒိုးပါတ်ဝိုင်းကလဲ အသားကုန်တီးပါတော့တယ်။
ဦးရွှေရိုးလဲဆိုင်ကယ်ပေါ်ကဆင်းပြီး ကမန်းကတန်းကိုကရပါတော့တယ်။
ညနေလေးနာရီပါတ်ဝန်းကျင်လဲရောက်ရော အလှူလှည့်တဲ့အတန်းကြီးကထွက်ပါတော့တယ်။
ရှေ့ဆုံးက ညှပ်မကြီး။
သူ့နောက်က ငွေပဒေသာပင်။
သူ့နောက်ကမှ ကလေးတွေ ကတန်းစီလိုက်
နောက်ဆုံးမှာတော့ ဒိုးပတ်ဝိုင်းနဲ့ စက်တွေဆင်ထားတဲ့မော်တော်ကားကလိုက်ပါတယ်။
ရွာလည်လမ်းအတိုင်းဖုံတလုံးလုံးနဲ့ လျောက်ကြတာပါ။
ရွာလမ်းအတိုင်းတစ်လမ်းဝင်တစ်လမ်းထွက်သွား။
အိမ်တိုင်းအိမ်တိုင်းကလည်းထွက်ကြည့်။
အဖွားတွေကလေးမြေးလေးတွေချီပိုးပြီးထွက်။
ဦးရွှေရိုးနဲ့ ဒိုးပတ်ဝိုင်းကလည်း မြိုင်မြိုင်ဆိုင်ဆိုင်။
အဲဒီနံဘေးကလိုက်လာတဲ့ အလှူ့ရှင်နဲ့သူငယ်ချင်းတွေကလဲ
သီချင်းတွေဝင်ဟဲ။
ဦးရွှေရိုးကို ဆုတော်ငွေချသူတွေကလဲမနည်း။
ရွာရိုးတစ်လျောက် သွားလိုက်ကြတာ
ညနေငါးနာရီကျော်ကျော်လောက်မှ ဆရာတော်ကျောင်းကိုရောက်ပါတော့တယ်။
ဒါတောင်အရှိန်မသေသေးဘဲကျောင်းထဲမှာဆက်ပြီးဆိုကြတီးကြ။
အားရပြီဆိုတော့မှ ဆရာတော်တွေကိုပစ္စည်းတွေအပ်ပြီးပြန်လာကြပါတယ်။
အိမ်ပြန်ရောက်တဲ့အခါ ရေချိုးထမင်းစား ပြီးတဲ့အခါ မနားဘဲ
ကာရာအိုကေဆိုဘို့စီစဉ်ကြပါတယ်။
ကျနော်တို့မန်းလေးကပါလာတဲ့အဖွဲ့သားတွေဘဲ တစ်ယောက်တစ်လဲဆိုလို့
ကောင်းနေတုန်း မိုးတွေကျလာတော့ ပွဲသိမ်းလိုက်ရပါတယ်။
အဲဒီအချိန်မှာကို ညဆယ်နာရီကျော်နေပါပြီ။
ကျနော်တို့လဲမနက် ရေစက်ချရှိတော့ အိပ်ဘို့ပြင်ကြရပါတယ်။
အိပ်ယာပေါ်ကျောခင်းပြီးဆိုမှ ညောင်းရ ညာရမှန်းအသိ
အိပ်ပျော်လို့သွားပါတယ်။
အိပ်လို့ မှ တမှေးလောက်ရှိသေးတယ် ဘွန္တော ဆိုတဲ့သီချင်းသံကြောင့်နိုးသွားပါတယ်။
နာရီကြည့်လိုက်တော့ မနက်ငါးနာရီ။
မိုးလေးကတဖျောက်ဖျောက် နဲ့ဆိုတော့ မှောင်မှောင်မဲဆိုတော့
စောင်ကလေးဆွဲတဲ့ပြီးတစ်ရေးပြန်နှပ်လိုက်ပါတော့တယ်။
ဆက်လက်ဖော်ပြပါမည်
ကိုပေါက်လမ်းသလားနေသည်
20-11-2014
13 comments
uncle gyi
November 20, 2014 at 10:50 pm
ပေးလိုက်တဲ့ခေါင်းစဉ်နဲ့အလှူနဲ့လိုက်ပါပေရဲ့
ပျော်စရာကြိီနေမှာနော်ကိုပေါက်
ဦးဦးပါလေရာ
November 21, 2014 at 12:41 am
တကယ့် ရိုးရာအလှူ ပွဲ ပဲ .. ကိုပေါက်ရေ..
ကိုယ်တိုင်မကြုံရတောင် စာဖတ်ရတာနဲ့ကို တော်တော်ပျော်စရာကောင်းနေပြီ
ကေဇီ
November 21, 2014 at 11:34 am
အလှူထမင်း ဟင်း စားချင်လာပြီ။
ဟိ
:mrgreenn:
ဦးကြောင်ကြီး
November 21, 2014 at 1:18 pm
ရွာအလှူ ပွဲ
သာကူဆွဲ
မြှာထူသဲ
ဘာဘူဘဲ..
တောင်ပေါ်သား
November 21, 2014 at 2:30 pm
ကြည်နူးစရာ မြင်ကွင်းတွေပါပဲ ကိုပေါက်ရေ ၊
aye.kk
November 21, 2014 at 3:39 pm
ဒါနထက်သန်တဲ့အလှူပွဲ ကြည့်မြင်ရတာနဲ ့တင်
နွှဲပျော်ချင်ပါ့ လေးပေါက်ကတော့ ကံကောင်းတယ် ပါဝင်ခွင့်ရသူမို ့။
aye.kk
November 21, 2014 at 3:42 pm
ရွာအလှူပွဲ နွှဲပျော်ချင်စရာ ။
ကြည့်ရတာနဲ့တင် စိတ်ပျော်ရွှင်။
padonmar
November 21, 2014 at 8:16 pm
ပျော်စရာကြီးနော်။
အလင်းဆက်@မောင်သူရ
November 22, 2014 at 11:49 am
ပျော်စရာကြီးဗျာ
La Yeik
November 22, 2014 at 11:51 am
အူးလေး အဲဒါ ဘယ်ရွာလဲဟင် … ပျော်ဆာဂျီးနော်…
kyeemite
November 22, 2014 at 1:50 pm
.ကိုပေါက်က့ကောင်းပါတယ်..ရွာအလှူဆိုတာကြုံရခဲဘိခြင်း..ကိုပေါက်ရေးပြတာနဲ့တင် .ကြည်နူးစရာခံစားရတယ်.. :))
မြစပဲရိုး
November 22, 2014 at 9:26 pm
ပုံ(၁) လှလိုက်တဲ့ ရှူခင်း
ပုံ(၃) အဲဒါ ဘုန်းကြီးကျောင်း လား၊ အိမ်လား ဘာဘဲ ဖြစ်ဖြစ် အတော်ကောင်းတဲ့ ရိုးရာ အိမ် ပုံပါ။ ထိန်းသိမ်း ထားဖို့ ကောင်းတယ် ထင်ပါ့။
ပုံ(၁၁) မှာ ရွာသူလေးတွေ အချောသား။
အစား အစာ ပုံတွေ က နောက်မှာ ပါလာမယ်ထင်ပါ့။
အလှူ က ပျော်စရာကြီး ပါ ကပေါက်ကြီး။
သူ့အရပ်မှာတော့ သူ့ဟာသူ ရှင်သန်နေကြတာပါဘဲလေ။
ကိုပေါက်(မန္တလေး)
November 22, 2014 at 10:41 pm
ဝင်ရခက်တော့စုမန်းပေးလိုက်ပါတယ်
တကယ်ကိုပျော်စရာကောင်းခဲ့တဲ့အလှူပွဲလေးပါ
ကိုလတ်ကြီးရေ
အိမ်လေးကကျနော်တို့တည်းတဲ့အိမ်
အစားအစာပုံတွေနောက်တစ်ပါလာမယ်
ရွာထဲကလူတွေအကုန်စုခေါ်သွားချင်မိတယ်