ရွက်ပုန်းသီးများ

မစုဥာဏ္November 29, 20141min60222

disability-symbol

ဉာဏ်ရည်ဖွ ံ့ဖြိုးမှု နှေးကွေးသူတွေ၊ စိတ်ဝေဒနာရှင် တွေ နဲ ့ ပတ်သက်ပြီး ပညာပေးမှု အားနည်းတဲ့ နိုင်ငံမှာ ကြီးပြင်းလာခဲ့ သူ တစ်ဦး ပီပီ …စိတ်ဝေဒနာသည်တွေ (ဒါမှမဟုတ်) ရုပ်ပိုင်းဆိုင်ရာ ချို ့တဲ့ နေသူတွေ အနားကပ်လာတိုင်း ကျွန်မ စိတ်ထဲ မသိုးမသန် ့ဖြစ်ခဲ့ဖူးတယ်။
သူတို ့တွေ ကို သာမာန်လူသားတွေ လို ့မမြင်ပဲ၊ ကျိန်စာသင့် လူသားတွေ.. သနားစရာ လူသားတွေ လို ့သာ ကျွန်မ မြင်တတ်ခဲ့တယ်။

 
အဲဒီလို အသိပညာမျိုးနဲ ့အမေရိကန်ပြည်ထောင်စု ကို မအူမလည်နဲ ့ရောက်လာခဲ့တဲ့ ကျွန်မ…
AHRC ခေါ် အစိုးရမဟုတ်တဲ့ အဖွဲ ့စည်း တစ်ခုမှာ အလုပ်ရတော့ အစပိုင်းမှာ အတော်လေး ဒုကွ္ခရောက်ခဲ့ရတယ်။
AHRC ဟာ သက်တမ်း ၆၅ နှစ် လုပ်သက်ရှိပြီး၊ အသက် ၅ နှစ်ကနေ ၆ဝ ကျော်အထိ Down syndrome, Autism စတဲ့ အကြောင်း အမျိုးမျိုးကြောင့် ဉာဏ်ရည် ဖွံ ့ဖြိုးမှု နှေးကွေးနေတဲ့ သူတွေ ကို ပညာသင်ကြားပေး၊ အလုပ်ရှာပေးပြီး လူ ့အသိုင်းဝိုင်းထဲ ကို ပြန်လည်ဝင်ဆံ့နိုင်အောင် ဝန်ဆောင်မှုပေးနေတဲ့ အဖွဲ ့ ဖြစ်ပါတယ်။ လက်ရှိမှာ ကျောင်းသား/ကျောင်းသူပေါင်း တစ်သောင်းခွဲကျော် ကို တာဝန်ယူ သင်ကြားပေးနေပါတယ်။ တကယ်တော့ အဲဒီအဖွဲ ့စည်းဟာ ကျောင်းသားတွေ အတွက် တင် မကပဲ၊ ကျွန်မတို ့လို ဝန်ထမ်းတွေ အတွက်ပါ တန်ဖိုး မဖြတ်နိုင်တဲ့ ဘဝသင်ခန်းစာမျိုးစုံ ကို သင်ကြားပေးနေတဲ့ နေရာလေးတစ်ခုပါပဲ။
လုပ်ငန်းခွင်ထဲမဝင်ခင်၊ ကျွန်မတို ့ဝန်ထမ်းအသစ်တွေ အားလုံး သင်တန်းတက်ရပါတယ်။ ကျောင်းသားများကို ကိုယ်နဲ ့တန်းတူ ညီတူဆက်ဆံဖို ့၊ “မသန်စွမ်းသူများ” လို ့မခေါ်ဖို ့ အခေါ်အဝေါ်က အစ သတိထားဖို ့ သင်ယူရတဲ့ အခါ ကျွန်မ အတွက် အထူးအဆန်းတွေ ဖြစ်လို ့နေခဲ့တယ်။ ကျွန်မတို ့ဆီက အငြိမ့်ပျက်လုံးတွေ၊ ဗီဒီယိုဇာတ်လမ်းတွေ မှာ ခန္ဓာကိုယ်ချို ့တဲ့သူတွေ ကို ရီစရာတစ်ခု အနေနဲ ့လုပ်ပြတိုင်း ရီမောခဲ့ဖူးတဲ့ အပြုအမူတွေ ဟာ ရှက်စရာတစ်ခု ဆိုတာ ကျွန်မသင်ယူခဲ့ရတယ်။

သင်တန်းပြီးလို ့လုပ်ငန်းခွင်ဝင်တော့…အစပိုင်းမှာ ထင်ထားတာထက် ကျွန်မ ပိုပြီး ဒုက္ခရောက်ရတယ်။
AHRC မှာ ကျောင်းသားတွေရဲ ့ အသက်ရွယ်အလိုက်၊ ဉာဏ်ရည်အလိုက် ဌာနတွေ ခွဲထားပါတယ်။ ကျွန်မ တာဝန်ကျတဲ့ ဌာနကတော့ အသက် ၁၈ နှစ်အထက် ကျောင်းသားတွေ ကို ဝန်ဆောင်မှုပေးနေတဲ့ ဌာနမှာပါ။ အသက် ၁၈ နှစ်အထက်လို ့ဆိုပေမယ့် သူတို ့တွေရဲ ့အသိဉာဏ်၊ စိတ်ပိုင်းဆိုင်ရာ ဖွွံ ့ ဖြိုးမှု မှာ အသက် ၈ နှစ်ကနေ ၁၅ နှစ်အရွယ် ကလေးတွေ လောက်သာ ရှိသေးတာမို ့သူတို ့တွေ နဲ ့ ဆက်ဆံတတ်ဖို ့ကျွန်မ တော်တော်ကြိုးစားလိုက်ရတယ်။ တချို ့ ကျောင်းသားတွေ က ကျွန်မ ထက် အရပ် ၂ ဆလောက်မြင့်ပြီး၊ ခန္ဓာထွားထွား ကျိုင်းကျိုင်း တွေနဲ ့ပါ။ ကျောင်းသားတွေ တချို ့ က Diaper ခေါ် ဆီးခံများ ဝတ်ထားရတုန်း၊ တချို ့က စကားမပြောတတ်(ဒါမှမဟုတ်) ခံစားမှု ကို မဖော်ပြတတ်လို ့ ဝမ်းနည်းတဲ့ အခါ နံရံနဲ ့ ခေါင်းကို ပြေးပြေးဆောင့်တတ်တဲ့ အကျင့်ရှိလို ့ ခေါင်းမှာ ဆိုင်ကယ်စီး ဦးထုပ်လို ဦးထုပ်ကို ဆောင်းပေး ထားရတယ်။ ဘာသာစကား မတူညီမှု၊ ယဉ်ကျေးမှု မတူညီမှုစတဲ့ အခက်အခဲတွေ ကိုလဲ ကျွန်မဖြတ်သန်းရပါသေးတယ်။ သူတို့ကြည့်တဲ့ တီဗီဇာတ်ကောင်တွေ ကို သိအောင် ကျွန်မ လိုက်ကြည့်ရပါတယ်။ ဒါမှလဲ သူတို ့နဲ စကားပြောလို ့ရမှာကိုး။

ကျွန်မ အလုပ်က Medicaid Service Coordinator ပါ (မြန်မာလိုတော့ အထွေထွေလုပ်သားလို ့ပဲ အနီးစပ်ဆုံး ပြောရမယ်ထင်ပါတယ်)။ ကျောင်းသားတွေရယ်၊ ဝန်ထမ်းတွေရယ်၊ မိဘတွေကြားထဲ အဆင်ပြေမှုရှိအောင် လုပ်ပေးရသူပါ၊ ကျောင်းသား ၂၅ ယောက်ကို တာဝန်ယူရတယ်၊ သူတို ့ တွေရဲ ့တိုးတက်မှု၊ ဆုတ်ယုတ်မှု ကို လစဉ် မှတ်တမ်းရေး၊ ကျောင်းသားတွေ အိမ်ကို လတိုင်းသွားပြီး အစိုးရက ထောက်ပံ့ပေးတဲ့ ငွေနဲ ့မိသားစုတွေ က သူတို ့အတွက် ဘယ်လိုသုံးနေသလဲ၊ စားစရာ အလုံလောက် ရှိမရှိ၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ညှင်းဆဲမှု ရှိမရှိ ဆိုတာတွေ ကို လိုက်လံ စစ်ဆေး ရပါတယ်။ သူတို ့အတွက် လိုအပ်တဲ့ ဆေးပညာဆိုင်ရာ ပစ္စည်းတွေ ဝယ်ပေးရတာက အစ လုပ်ရပါတာ မို ့ကျောင်းသား အားလုံးရဲ ့မိသားစုဝင်တွေ သာမက သူတို ့ရဲ ့ ဆရာဝန်တွေနဲ ့ပါ ပြောဆို ဆက်ဆံရပါတယ်။
သာမာန် အလုပ်ခွင်မှာတောင် အမှားယွင်းလုပ်မိရင် ထစ်ခနဲ ဆို တရားစွဲကျင့်ရှိတဲ့ အမေရိကန်ပြည်ထောင်စု မှာ အခုလို ကူညီစောင့်ရှောက်မှု အထူးလိုအပ်သူတွေ နဲ ့အလုပ်လုပ်ရတာ သိပ်တော့ မလွယ်ကူ လှပါဘူး။ မိဘတွေနဲ ့ အစည်းဝေးလုပ်တဲ့ အချိန်က အစ၊ ဖုန်းပြောတဲ့ အချိန်က အဆုံး အမှားယွင်းမရှိအောင် အထူးသတိထားရပါတယ်။
ကျွန်မရဲ ့အလုပ်တာဝန်ထဲမှာ ကျောင်းသားတွေရဲ ့အိမ်ကို တလ တခေါက် အလည်သွားပြီး၊ သူတို ့အိမ်မှာ မိဘ(သို ့မဟုတ်) အုပ်ထိန်းသူက ဘယ်လိုထားတယ်၊ စားစရာအပြည့်ဝရှိမရှိ၊ သူတို ့လုံခြုံရေးအတွက် တာဝန်ယူစောင့်ရှောက်မှု အခြေအနေ စသဖြင့် မှတ်တမ်းရေးပြီး အစိုးရကို ပြန်တင်ပြရတာလဲ ပါပါတယ်။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ(တချို ့ကလဲ ဘာသာမဲ့) မိသားစုတွေ က ပေါက်ဖွားလာတဲ့ ဒီကျောင်းသားတွေ ရဲ ့မိသားစုဝင်တွေ ကြောင့် ကျွန်မ လူပေါင်းစုံနဲ ့ပေါင်းသင်း တတ်လာတယ်။ ဥပမာ..ဖိနပ်စီး မဝင် ရတဲ့ အာရှနိုင်ငံသားတွေရဲ ့အိမ်မှာ အလွယ်တကူ ချွတ်နိုင်တဲ့ ဖိနပ်စီးသွားဖို ့၊ မိန်းမမှန်ရင် ဘယ်အသား မှ မပေါ်အောင် လုံလုံခြုံခြုံ ဝတ်ရမယ်လို ့ ယုံကြည်ထားတဲ့ လူမျိုးစုရဲ ့ အိမ်ကို သွားရင် စကပ်အတို မဝတ်မိဖို ့၊ ကျွေးတာမစားရင် ရိုင်းတယ် ထင်တတ်တဲ့ လူမျိုးစု အိမ်ဆိုရင် ကြိုက်ကြိုက် မကြိုက်ကြိုက်စား တတ်ဖို ့.. ကိုယ်နဲ ့ယုံကြည်မှုချင်း လုံးဝကွဲလွဲနေရင်တောင် သူတပါးရဲ ့ ယုံကြည် မှု ကို လေးစားဖို ့၊ မစော်ကားမိဖို ့..တန်ဖိုး မဖြတ်နိုင်တဲ့ လူမှုဆက်ဆံရေး ပညာရပ်လေးတစ်ခု ကို ကျွန်မ တီးခေါက်ခွင့်ရခဲ့တယ်။အသုံးပြုခွင့်ရခဲ့တယ်။

********************************************************************************

တခါတလေလဲ စိတ်ညစ်လွန်းလို ့ အလုပ်ထွက်ချင်စိတ် ပေါက်မိတာ အကြိမ်ကြိမ်ပါ။ မှတ်မှတ်ရရ လူမည်းကျောင်းသူလေးတစ်ဦး ဖြစ်တဲ့ လူစီ ရဲ ့အိမ်ကို ကျွန်မ သွားလည်စဉ်က အဖြစ်ပျက်လေး ပြောပြဦးမယ်။

အဲဒီနေ ့က .. နှင်းတွေ ထူထူထပ်ထပ်ကျနေပြီး၊ အပူချိန် ရေခဲမှတ်အောက် ရောက်နေတဲ့ ဆောင်းရာသီရဲ ့နေ ့တနေ ့ပေါ့။ လူစီ ့အိမ်ကို သွားဖို ့ကျွန်မ သူ ့မိဘတွေနဲ ့ချိန်းထားတဲ့ အတိုင်း ကျွန်မ သွားခဲ့ပါတယ်။ (ကျွန်မ မရောက်ခင် နာရီပိုင်းမှာ)… ကျောင်းကနေ ပြန်ရောက်လာတဲ့ လူစီက သူ ့အမေ ကို ပြောပြတယ်. ကျောင်းမှာ သူ ့ကို ကျောင်းသားလေး တစ်ယောက် က လိုက်ပြီး ချစ်ရေးဆိုတဲ့ အကြောင်း၊ ထမင်းစားဆောင်မှာ အဲဒီကောင်လေးက သူ ့ကို နမ်းသွားတဲ့ အကြောင်း စီကာပတ်ကုံးပြောပြတယ်။
ခလေးသူငယ်တွေ၊ ဒါမှ မဟုတ် ဉာဏ်ရည်ဖွံ ့ဖြိုးမှု ပိုင်းဆိုင်ရာ အားနည်းတဲ့သူတွေ အပေါ် လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်တာနဲ ့ပတ်သက်ရင် အရေးတယူရှိလှတဲ့ အမေရိကန်ပြည်ထောင်စု ရဲ ့မူအရ..ဒီကိစ္စပေါ ့ သေးသေးတော့ မဟုတ်။ သူကလဲ တစ်ဦးတည်းသောသမီး။ မိဘတွေ စိတ်ဆိုးပြီပေါ ့။ဒီလိုဖြစ်သွားတာ ကျွန်မ မသိရ ကောင်းလားပေါ ့၊ ဆောင်းတွင်း နှင်းတွေနဲ ့စိုပြီး အိမ်ထဲလဲ အဝင်..အိမ်ထဲမှာ လူစီ ့မိဘနဲ ့အမျိုးတွေ က မျက်နှာထားတင်းတင်းနဲ ့ စောင့်လို ့။
သူတို ့ရဲ ့ မေးခွန်းတွေ၊ ပြစ်တင်မှုတွေ နဲ ့ မျက်လုံးပေါင်းစုံ တွေကြားမှာ ခုနက နှင်းတွေကြောင့် အေးခဲနေတဲ့ ကျွန်မ ချွေးပြန်ခဲ့ရပါတယ်။ လူစီပြောပြတဲ့ သူ ့ကို နမ်းသွားတဲ့ ကျောင်းသားရဲ ့ ပုံပန်းသဣန် က ကျွန်မတို ့ ဆီမှာ လဲမရှိ။ နောက်တော့ ကျွန်မတို ့ကျောင်းရဲ ့ နေရာတိုင်းမှာ ဗီဒီယို ကင်မရာ တပ်ထားတာကို သတိရပြီး၊ ဟုတ်ပြီ ကျွန်မ ကင်မရာဌာန ကို ဆက်သွယ်ပြီး ဒီကိစ္စ ဖော်ထုတ်ပေးပါ့မယ်၊ ထမင်းစားခန်းမှာ တာဝန်ကျတဲ့ ဝန်ထမ်း ကိုလည်း မေးပါ့မယ်၊ မနက်ဖြန် ရုံးကို လာခဲ့ကြပါ လို ့လုပ်တော့ မှ လူစီ က တခစ်ခစ်ရယ်ပြီး သူ ကြည့်ထားတဲ့ ရုပ်ရှင် ဇာတ်လမ်းထဲက ဇာတ်ဝင်ခန်းတစ်ခု ကို ပြန်ပြောတာ ဖြစ်ကြောင်း၊ သူ ့အမေကို စ ချင်လို ့ ဖြစ်ကြောင်း ပြောပြတယ်။ ဇောချွေးတွေ ပြန်နေတဲ့ ကြားက “အော် အရင်က ကလေးတစ်ယောက်လို ပဲ အသိစိတ်ရှိတဲ့ လူစီ တယောက် အပျိုပေါက်အရွယ် အသိဉာဏ်လေးဝင်လာပြီ၊ ကြင်ဖော်ရှာချင်တဲ့ စိတ်တွေ ဝင်လာပြီပဲ” ဆိုတာကို သတိပြု လိုက်မိတယ်။

အကြောင်းမလှလို ့ ဉာဏ်ရည်ဖွ ံ့ဖြိုးမှု နှေးကွေး ပြီး၊ လူကြီးမျက်နှာ၊ ခလေးဦးနှောက်နဲ ့ ဖြစ်ပေမယ့်လဲ…သူတို ့တွေလဲ အသွေး၊ အသားနဲ ့ ခံစားတတ်သူ လူသားများပင် မဟုတ်ပါလား။

***************************************************************************

ရုတ်တရက်ကြည့်လိုက်ရင် ကျွန်မတို ့ဝန်ထမ်းတွေ က ကျောင်းသားတွေ ကို သင်ကြားပေးနေတယ် ထင်ရပေမယ့်၊ သူတို ့ဆီ က ကျွန်မပြန်ပြီး သင်ယူရတဲ့ အသိတရားတွေ အများကြီးပါ။

 
ဥပမာလေးတစ်ခု ရွေးပြီး ပြောပြရမယ်ဆိုရင်.. အသက် ၄၅ နှစ်အရွယ်ရှိ Ben ဆိုတဲ့ ကျွန်မရဲ ့ကျောင်းသား တစ်ယောက် ဟာ သူ ့ကို စားစရာ တွေ ဝေပေးတဲ့ အခါတိုင်း၊ သူ ့လက်ထဲ ရောက်လာတဲ့ အစားအစာတွေ ကို အမြန်ဆုံးနှုန်းနဲ ့(ဝါးတောင်မဝါးတော့ပဲ) ပါးစပ်ထဲ တွတ်ထည့်ပြီး မျိုချတတ်တဲ့ အကျင့်၊ နေ ့စာ ညစာ ဝေပေးရင်လည်း တခါတည်း ကုန်အောင် စားပစ်တတ်တဲ ့အကျင့် ကို ကျွန်မ စိတ်မသက်မသာ ဖြစ်ရတယ်။ အစာတွေကို အငမ်းမရ စားသောက်တော့ သူ ့အဝတ်စားတွေ ပေကျန်ကုန်တာ၊ တခါတလေ သီးသွားတဲ့ အထိဖြစ်တာမျိုးတွေ နဲ ့မြင်ရသူကို စိတ်မသက်မသာဖြစ်စေပါတယ်။ သူ ့အစားစာ ကို လုစားမဲ့သူ မရှိကြောင်း ၊ အချိန်ယူပြီး အေးအေးဆေးဆေးစားဖို ့ ကျွန် ပြောဆိုဖြောင်းဖျပေမယ့် မအောင်မြင်ပါဘူး။ ဒါနဲ ့ သူ ့ ငယ်စဉ် ဘဝအကြောင်း ရေးထားတဲ့ မှတ်တမ်းတွေ မွေနှောက်ရှာဖွေကြည့်လိုက်တော့ …

ကျွန်မတို ့ ကျောင်းကို ရောက်မလာခင်ထိ Ben ဟာ မိဘမဲ့၊ အိမ်ခြေရာမဲ့ ဘဝနဲ ့လမ်းတွေပေါ်မှာ ကြီးပြင်းလာရသူဖြစ်တာကို သိလိုက်ရတယ်။
တခါတလေ အမှိုက်ပုံတွေထဲက သိုးနေတဲ့ အစားအစာတွေ နဲ ့ ၊ တခါတလေလဲ အစာမဲ့ ရက်ပေါင်းများစွာ ကို ဖြတ်သန်းခဲ့ရဖူး သလို၊ နောက်တနပ် အတွက် ဝှက်ထားတဲ့ အစားတွေ ကို သူ ့လို ဘဝတူတွေ က လုယှက်ပြီး စားသွားဖူးတာ အကြိမ်ကြိမ် ကြုံခဲ့ရဖူးတာ ကို ရင်နင့်စဖွယ် ဖတ်ရပါတယ်။ ဒါကြောင့် “စားစရာရှိတုန်း အဝစား၊ နောက်တနပ် အတွက် မေ ့ထား” ဆိုတဲ့ အတွေးနဲ ့ကြီးပြင်းလာတဲ့ လူတယောက် မှာ ဒီလို အမူအကျင့်လေးတွေ ရှိနေတာကိုး။ သူ ့လို နေရာမှာ ကျွန်မသာ ဖြစ်ခဲ့ရင်လည်း ဒီလိုပဲ ပြုမူမိမှာပါပဲ။

လူတွေဟာ သူတို ့ဖြတ်သန်းခဲ့တဲ့ ဘဝ ၊ကြုံတွေ ့ခဲ့ရတဲ့ အတွေ ့အကြုံတွေ ကြောင့် မတူညီတဲ့ အပြုအမူတွေ၊ အတွေးခေါ်တွေ ကို ပိုင်ဆိုင်လာတတ်ကြတယ်၊ ဒါကြောင့် အပြုအမူတစ်ခုတည်း နဲ ့လူတစ်ယောက် ကို တန်ဖိုးမဖြတ်မိစေဖို ့၊ သူဘယ်လို ဖြတ်သန်းလာသလဲ ဆိုတာ အရင် လေ့လာပြီး၊ ကိုယ်ချင်းစာတတ်ဖို ့Ben က ကျွန်မ ကိုသင်ပေးလိုက်တယ်။

**************************************************************************************
အပေါ်ယံအားဖြင့် သာမာန်လူတွေ နဲ ့မတူတဲ့ ရုပ်ပိုင်းဆိုင်ရာ မပြည့်စုံမှုတွေ၊ ဉာဏ်ရည်သန်စွမ်းမှု နှေးကွေး မှုတွေ စတဲ့ အားနည်းချက်တွေ နဲ ့ဖုံးလွှမ်း နေပေမယ့်၊ သူတို ့ရဲ ့လှပတဲ့ စိတ်ထားတွေ၊ ဖုုံးကွယ်နေတဲ့ အရည်အချင်းတွေ ကို လုပ်သက် ၅ နှစ်တာ ကာလ အတွင်း …ကျွန်မ မြင်တတ် လာခဲ့တယ်။
ဥပမာ..သူတို ့ထဲက တစ်ယောက်ယောက်က ဝက်ရူးပြန်သလို တက်သွားတဲ့ အခါ၊ ကျိုင်းထောက်နဲ ့ သွားလာရခက်တဲ့ သူက အစ..ရအောင် ထလာပြီး ကျနေတဲ့ သွားရည်ကို (ရောဂါကူးမှာ မကြောက်ပဲ) ညင်ညင်သာသာ သုတ်ပေးနေတာတို ့၊ သူတို ့ချစ်တဲ့ ဝန်ထမ်းတစ်ယောက်က အလုပ်ထွက်သွားတဲ့ အခါ (ဒါမှမဟုတ်) သူတို ့ထဲ က တယောက်ယောက် သေဆုံးသွားတဲ့ အခါ မစားနိုင် မသောက်နိုင်တဲ့ အထိဖြစ်ပြီး ဆေးကုသမှု ခံရတာတွေ။ သူတို ့ရဲ ့စိတ်ခံစားမှုတွေ ကို ဟန်ဆောင်မှု မပါပဲ အရှိအတိုင်း ဖော်ပြတတ်မှု က …ဟန်ဆောင် ပကာသနတွေ ဖုံးလွှမ်းနေတတ်တဲ့ ဉာဏ်ရည်ပြည့် လူသားတွေ ထက် ပိုပြီး လှပလို ့နေလေရဲ ့။
ဒီလိုနဲ ့သူတို ့ရဲ ့ပြင်ပန်းပုံရိပ်တွေ ကို ကျော်လွှားပြီး၊ ဖုံးကွယ်နေတဲ့ အရည်အချင်းတွေ ကို မြင်တတ်အောင် ကျွန်မ ကြည့်တတ် လာခဲ့တယ်။

ကျွန်မရဲ ့လုပ်ဆောင်မှုတွေ ထဲက Adil Sanai ဆိုတဲ့ ပါကစ္စတန် ကနေ ပြောင်းလာတဲ့ ကျောင်းသားလေး အကြောင်း ပြောပြပါရစေ။ (သူ ့အကြောင်းပြောပြဖို ့ Adil ဆီက ခွင့်ပြုချက် ကို ကျွန်မ ရထားပြီးသားပါ) Adil ဟာ မွေးကတည်းက ခြေချောင်းတွေ ပိန်လှီပြီး အသက် ၁၃ နှစ်အထိ လမ်း မလျှောက်နိုင်ခဲ့ဘူး။ ဉာဏ်ရည်ဖွံ ့ဖြိုးမှုနှေးတဲ့ အပြင် စကားပါ မပြောနိုင်တဲ့ ကျောင်းသား တစ်ဦးပါ။ ပညာသင်ခွင့်လဲ မရခဲ့ပါဘူး။ အမေရိကန်ပြည်ထောင်စု ကို ရောက်လာတော့မှ အစိုးရရဲ ့ အကုန်ကျခံပေးမှုကြောင့် ခွဲစိပ်မှုတွေ အကြိမ်ကြိမ်ပြုလုပ် အပြီး မှာ သူ ့ခြေထောက်က အရိုးကို စတီးချောင်းတွေနဲ ့အစားထိုးပြီး၊ ချိုင်းထောက် အကူနဲ ့သူ လမ်းစ လျှောက်လို ့ရခဲ့ပါတယ်။ ကျွန်မတို ့နဲ ့ စကားပြောတဲ့ အခါ ခြေဟန်လက်ဟန် နဲ ့ပြောဖို ့ကြိုးစားပေမယ့် သူ ့လက်တွေ က ယိမ်းထိုး နေတတ်လို ့ သူ ့ ကို နားလည်အောင် ကျွန်မတို ့မနည်းကြိုးစားရပါတယ်။
Adil ကို သိလာတာနဲ ့အမျှ ကွန်ပျူတာတွေ အပေါ်သူစိတ်ဝင်တစား ရှိတာကို ကျွန်မ သတိထား မိလာတယ်။ ဒါနဲ ့ သူ ့ကိုဘယ်လို ကူညီရင် ကောင်းမလဲဆိုပြီး အင်တာနက်မှာ လိုက်ရှာတော့..စကားမပြောတတ်သူတွေ ကို ကူညီပေးတဲ့ စက်( speech device) လေးတစ်ခု စဖြန် ့ဖို ့လုပ်နေတဲ့ ကုမ္မဏီ အကြောင်း ဖတ်မိတယ်။ ရုံးက အစည်းအဝေးမှာ Adil အတွက် လျှောက်ပေး ချင်ကြောင်း၊ ဈေးကြီးမှန်းသိပေမယ့် သူတို ့ ကုမ္မဏီကို ကြော်ငြာပေးရာ ရောက်မယ်ဆိုရင် ကျွန်မတို ့ကို လျော့ဈေးနဲ ့ရနိုင်ကြောင်းတွေ ပြောတော့ ဒါရိုက်တာက ကျွန်မကို လုပ်ခွင့်ပေးတယ်။ များပြားလှတဲ့ စာရွက်တွေ၊ ကျန်းမာရေး စစ်ချက်တွေ၊ အစည်းအဝေးတွေ အကြိမ်ကြိမ် လုပ်အပြီး မှာ Adil အတွက် စကားပြောစက်လေး တစ်ခု လျှောက်ပေးနို်င်ခဲ့တယ်။ သူပြောချင်တာကို နှိပ်လိုက်ရင်၊ စက်က အသံထွက်လာပြီး ပြောတဲ့ အတွက် ကြားရတဲ့ သူက အလွယ်တကူ နားလည်နိုင်တာမို ့..စကားပြောစက်လေး စရတဲ့ နေ ့က မျက်ရည်ဝဲနေတဲ့ Adil ရဲ ့မျက်လုံးတွေ ကြောင့် ကျွန်မ လူဖြစ်ရကျိုးနပ် သလို ခံစားခဲ့ရတယ်။
ဇွဲကောင်းတဲ့ Adil ကလဲ ကွန်ပျူတာနဲ ့အဲဒီ စက်ကို ကျွမ်းကျွမ်းကျင်ကျင် သုံးနိုင်တဲ့ အထိ ကြိုးစားခဲ့တယ်။ ရလဒ် ကတော့ အဆိုပါ ကုမ္မဏီ က သူ ့ကို အရောင်း ကိုယ်စားလှယ်အဖြစ် ခန် ့အပ်ပြီး၊ အမေရိကန် တခွင်ပတ်ပြီး စက်ကို ရောင်းစေ ပါတော့တယ်။ မောင်နှမက များ၊ စီးပွားရေး သိပ်လဲ မပြေလည်ရှာတဲ့ Adil ရဲ ့ အဖေ ခမျာ၊ အခုတော့ သားကို အကြောင်းပြုပြီး ကုမ္မဏီ က စီစဉ်ပေးတဲ့ ခရီးနဲ ့ဟိုတယ်တွေ၊ မြို ့တွေ ပတ်ပြီး ခရီး သွားလာခွင့်ရနေပါပြီ။ သူ ့သားရဲ ့အားသာချက်တွေ ကို မြင်အောင် ကြည့်တတ်ခဲ့တဲ့ အတွက် ကျေးဇူးတင်ကြောင်း ပြောနေတဲ့ ဖခင် တယောက်ရဲ ့ပျော်ရွှင်ကြည်နှူးမှုတွေ က ကျွန်မကို ကူးစက်ခဲ့တယ်။

တချိန်တည်းမှာ မြန်မာပြည် က Adil လို ကျောင်းသားလေးတွေ ကို ကျွန်မ သွားသတိရမိတယ်။

၂၀၁၃ ဒီဇင်ဘာမှာ မြန်မာပြည်ကို ခနပြန်တဲ့ အခါ အင်းစိန်မှာ ရှိတဲ့ Eden Centre for Disabled Children (EDCD) ကို ကျွန်မ သွားလေ့လာခဲ့တယ်။  အစိုးရထောက်ပံ့မှု တွေ မရှိသလောက်နည်းပါးပြီး၊ အလှူရှင်တွေ ရဲ  ့လှူဒါန်းမှုနဲ ့အခက်အခဲတွေ အများကြီး ကြားက ရုန်းကန်ရပ်တည်နေရတာကို မြင်ခဲ့ရသလို၊  တချို ့ မိဘတွေ က ရှက်လို ့ကျောင်းသားတွေကို လူတောထဲ မထုတ်ဝံ့ပဲ၊ အိမ်မှာ ပယောက စတဲ့ ကုသနည်းတွေနဲ ့ တိုးတိုးတိတ်ိတ်ကုနေတာတွေ၊ ခနာကိုယ် အစိတ်ပိုင်း တစ်ခုခု မပြည့်စုံမှုကြောင့် လူသား စင်စစ်တစ်ဦး ရဲ ့အခွင့်အရေး ကို ဆုံးရှုူံးနေရသူတွေ ကို ကျွန်မ မြင်တွေ ့ခဲ့ရတယ်။

ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ မှာ အကူညီလိုနေတဲ့ သူတွေ အတွက် ဝန်ဆောင်မှုတွေဟာ လွန်ခဲ့တဲ့ ဆယ်နှစ် လောက်က (ကျွန်မ အမေရိကကို ထွက်မလာခင် က) အခြေအနေနဲ ့ ဘာမှ သိသိသာသာ မပြောင်းလဲလှဘူး။

အငြိမ် ့တွေ၊ ရုပ်ရှင်ဇာတ်ကားတွေရဲ ့ ပျက်လုံးတွေထဲမှာ သူတို ့တွေဟာ ရယ်မောစရာ လူသားများအ ဖြစ် အျနှိမ်ခံနေကြရတုန်း….

လုပ်ငန်းခွင် ဝင်ဖို ့မပြောနဲ ့၊ အိမ်မှာ ..ပတ်ဝန်းကျင် အသိုင်းဝိုင်းမှာတောင် သူတို ့ရဲ ့ခံစားမှုတွေ ကို ချောင်ထိုးခံထားရတုန်း….

EDCD က ကျောင်းသားလေးတွေ ဆွဲထားတဲ့ ပန်းချီကား တချို  ့ဟာ လက်ရာမြောက် တာကို ကျွန်မ သတိထားမိတယ်။ အဆို၊ အတီး စတဲ့ အနုပညာပိုင်းမှာ အလားအလာကောင်း ရှိတဲ့ ကျောင်းသားတွေကို ကျွန်မ သတိထားမိတယ်။

ရှိနေတဲ့ ပင်ကိုယ်အရည်အချင်းတွေ ဖော်ထုတ်ခွင့် မရတဲ့ ရွက်ပုန်းသီးတွေ အများကြီးနဲ ့ ကျွန်မချစ်တဲ့ တိုင်းပြည် ကို စိတ်မသက်မသာ မြင်နေရတုန်း ပါပဲ။

တကယ်လို ့သာ အမေရိကန်ပြည်ထောင်စုမှာ ပေးနေတဲ့ ဝန်ဆောင်မှုတွေ၊ အခွင့်အရေးတွေ လိုမျိုး သူတို ့တွေ ရခဲ့ရင် …. Adil လို နယ်ပယ်တခုခု မှာ ဝင်ဆန် ့ပြီး လောကကြီး ကို အလှဆင်နိုင်မယ့် သူတွေ အများကြီး ထွက်ပေါ်လာမယ် ဆိုတာ အကြွင်းမဲ့ ယုံကြည်မိတယ်။

ကွန်မတို ့ မမြင်တတ်လို ့ ၊ မြင်အောင်ကြည့်နိုင်ဖို ့မကြိုးစားကြလို ့(ဒါမှမဟုတ်) တိုင်းပြည်အုပ်ချုပ်သူတွေက တခြား အရေးကြီးတဲ့ အကြောင်းအရာတွေ အတွက် အလုပ်ရှုပ်နေကြဆဲမို ့….စတဲ့ အကြောင်းကြောင်းတွေ ကြောင့် …

ဒီလိုနဲ ့တချို ့ရွက်ပုန်းသီးတွေ ဆို လူမသိ သူမသိ တဖြုတ်ဖြုတ် ကြွေလွှင့် နေကြရဆဲ…..

ခင်မင်စွာဖြင့်

မစုဉာဏ်

 

(မှတ်ချက်။ ။ ၂၀၁၃ ခု၊ ဩဂုတ်လ မှာ ရေးခဲ့တဲ့ ကိုယ်တွေ ့ဆောင်းပါး ကို အနည်းငယ် ဖြည့်စွက်ပြီး ပြန်လည်ဝေမျှလိုက်တာပါ။ Adil Sanai နဲ ့စကားပြောစက်အကြောင်း ရိုက်ထားတဲ့ ဗီဒီယို ကို လဲ သူ ့ခွင့်ပြုချက်နဲ ့ဒီမှာ မျှဝေလိုက်ပါတယ်။ )

 

 

http://www.youtube.com/watch?v=4CPe-3xqNps

 

22 comments

  • မြစပဲရိုး

    November 29, 2014 at 7:35 am

    အတွေ့အကြုံလေးဝေမျှ ပေးလို့ ကျေးဇူးပါ မစုဉာဏ်။
    အလုပ်အပေါ်မှာ ထားတဲ့ စေတနာ ကိုလဲ မြင်နိုင်ပါတယ်။
    ဘယ်လို လူကိုဖြစ်ဖြစ် လူ ကို လူ လို မြင်တဲ့စိတ်၊ အချင်းချင်း စာနာ မှုထားတတ်တဲ့ စိတ်၊ အားနည်းသူကို ဖေးမ လက်တွဲ ခေါ်တတ်တဲ့ စိတ် ဆိုတာ ဒီလိုဘဲ မွေးယူ ကြရတာပါ။
    ဒီအစိုးရ က တော့ ဒါတွေကို စဉ်းစားမှာ မဟုတ်တော့ ကိုယ့်ဟာကို နီးစပ်ရာ အသိစိတ် ကောင်း တွေ ပြန့်သထက်ပြန့် အောင် တစ်ကိုယ်ချင်း တာဝန်ယူနိုင်ကြရင်တော့ တစ်နေ့ လိုချင်တဲ့ လမ်းပေါ်ရောက်သွားနိုင်မယ် လို့ တော့ ထင်ပါရဲ့။

    • မစုဉာဏ်

      November 30, 2014 at 6:57 am

      post ကို ဖတ်တာရော၊ comment ပေးတာရော ကျေးဇူးအထူးပါ မမြစပဲရိုး။
      အမေရိကန်ပြည်ထောင်စု အပါဝင် တခြားဖွံ ့ဖြိုးတဲ့ နိုင်ငံတွေရဲ ့အများသုံး ဘတ်(စ်) ကားတွေမှာ ကိုယ်လက်အဂါင်္မပြည့်စုံသူတွေ အတွက် အတက်အဆင်းလွယ်အောင် ကားခြေနင်းကို အနိမ့်အမြင့်ရွေ ့လို ့ရအောင် စီစဉ်ပေးတာမျိုး၊ ယုတ်စွအဆုံး အိမ်သာထဲမှာတောင် wheelchair တွေ ဝင်သာအောင် ကျယ်ဝန်းတဲ့ အိမ်သာခန်းထားပေးတာမျိုး စသဖြင့် အစိုးရက စီစဉ်ပေးတယ်။
      မြန်မာပြည်က ကျောင်းတွေရောက်တော့ ဒီကတိုးတက်မှုတွေ၊ အခွင့်အရေးပေးမှုတွေ ကို မပြောထွက်ခဲ့ဘူး။ သူတို ့တွေ ပိုပြီး အားငယ်မှာစိုးလို ့၊ မသန်စွမ်းတဲ့ ကြားထဲက ဘဝကို အလျော့မပေးပဲ အောင်မြင်အောင် လုပ်သွားတဲ့ နာမည်ကျော် အနုပညာရှင်တွေ၊ အားကစားသမားတွေ စသဖြင့် သူတို ့အတုယူအားကျစေမယ့် အကြောင်းရာတွေကို ပဲ ပြောပြဖြစ်ခဲ့တယ်။ တဘက်ကလဲ ပြည်သူလူထုအတွင်း အသိမြင်ကျယ်အောင်၊ အစိုးရဘက်က ပြောင်းလဲလာအောင် အသိပညာပေးမှုတွေ ဝိုင်းဝန်းလုပ်သွားရင် တနေ ့တော့ ဖြစ်လာမယ်လို ့ထင်ပါတယ်။

  • kyeemite

    November 29, 2014 at 9:14 am

    ကိုယ်နဲ ့ယုံကြည်မှုချင်း လုံးဝကွဲလွဲနေရင်တောင် သူတပါးရဲ ့ ယုံကြည် မှု ကို လေးစားဖို ့၊ မစော်ကားမိဖို ့..တန်ဖိုး မဖြတ်နိုင်တဲ့ လူမှုဆက်ဆံရေး ပညာရပ်လေးတစ်ခု ကို ကျွန်မ တီးခေါက်ခွင့်ရခဲ့တယ်။အသုံးပြုခွင့်ရခဲ့တယ်။

    လူတွေဟာ သူတို ့ဖြတ်သန်းခဲ့တဲ့ ဘဝ ၊ကြုံတွေ ့ခဲ့ရတဲ့ အတွေ ့အကြုံတွေ ကြောင့် မတူညီတဲ့ အပြုအမူတွေ၊ အတွေးခေါ်တွေ ကို ပိုင်ဆိုင်လာတတ်ကြတယ်၊ ဒါကြောင့် အပြုအမူတစ်ခုတည်း နဲ ့လူတစ်ယောက် ကို တန်ဖိုးမဖြတ်မိစေဖို ့၊ သူဘယ်လို ဖြတ်သန်းလာသလဲ ဆိုတာ အရင် လေ့လာပြီး၊ ကိုယ်ချင်းစာတတ်ဖို ့Ben က ကျွန်မ ကိုသင်ပေးလိုက်တယ်။

    ခုလို မှတ်သားလေ့ကျင့်သင့်တဲ့ အတွေ့အကြုံကိုမျှဝေပေးတာကျေးဇူးအရမ်းတင်ပါတယ်
    ကျုပ်တို့လည်း လူကိုလူလိုမြင်တတ်အောင်အများကြီးလေ့ကျင့်သင်ယူရပါအုံးမယ်…
    :p:

    • မစုဉာဏ်

      November 30, 2014 at 6:58 am

      ကျွန်မလဲ ကြိုးစားသင်ယူနေဆဲပါ။

  • aye.kk

    November 29, 2014 at 9:54 am

    မစုဉာဏ်ရဲ ့postဖတ်ပြီးတော့
    ကျမတို ့ဆီမှာကလူသားအချင်းချင်းအလေးမထားတတ်မှုနဲ ့
    သူတို ့ဆီကလူသားအချင်းချင်းအလေးထားဆက်ဆံတတ်မှုအပေါ်နှိုင်းယှဉ်ကြည့်မိပါတယ်။
    ကွာဟချက်ဖြစ်နေတာကို စိတ်မှာခံစားမိရက်သားဖြစ်သွားပါတယ် ။

  • surmi

    November 29, 2014 at 10:50 am

    ဒီတခါ ပြန်ရောက်လာရင် ကြည့်မြင်တိုင် ၊ ပန်းပင်ကြီးလမ်းက မျက်မမြင်ကျောင်းကို သွားရောက်လေ့လာစေချင်ပါတယ် ။
    ဟိုကကျောင်းတွေ လေ့ကျင့်သင်ယူရေးတွေနဲ့ဘယ်လိုကွာခြားတယ်ဆိုတာ မြင်စေချင်လို့ပါ ။
    ဒါမှ ကျနော်တို့ဆီမှာဘာတွေ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာ ပ်ုသိလာနိုင်ပါလိမ့်မယ်

    • မစုဉာဏ်

      November 30, 2014 at 6:42 am

      မေရီချက်မဲန်းကျောင်းကို ပြောတာလား။ ကျွန်မ ရန်ကုန်မှာ ကျောင်းတက်တုန်းကတော့ ခနခန ရောက်ဖြစ်ပါတယ်။ ဒီတခေါက်ပြန်ရင် ထပ်သွားပါဦးမယ်။

  • တောတွင်းပျော်

    November 29, 2014 at 11:53 pm

    ီဒီနေ ့မှ ဂေဇက်ထဲ ဝင်လာပြီး ပထမဆုံးဖတ်မိတဲ ့ ပိုစ်ပါ။
    အဖိုးတန်တဲ့ အတွေ ့အကြုံတွေ ဝေမျှပေးလို ့
    ကျေးဇူးအများကြနးတင်ပါတယ်။

    တောတွင်းပျော်

  • ဝင့်ပြုံးမြင့်

    November 30, 2014 at 1:58 am

    ကျမလည်း မအားလို့ ဒီနေ့မှ ဂဇက် ဖတ်နိုင်တယ်။ ဂဇက်ထဲ ဝင်ဝင်ချင်း အဖိုးတန်ပို့စ်တစ်ပုဒ်ကို ဖတ်လိုက်ရတယ်။ ကျမ အနေချင်ဆုံးတိုင်းပြည်က US ပဲ။ လူသားကို တန်ဖိုးအထားဆုံးတိုင်းပြည်။ လူသား နံပါတ် ၁။ ဘုရား နံပါတ် ၂ ။

    • တောတွင်းပျော်

      November 30, 2014 at 10:28 am

      ဟုတ်တယ်ဟေ ့!
      နံပါတ် ၁ ကလူသား
      နံပါတ် ၂ ကဘုရား
      ဒါဆိုရင် ကမ႓ာကြီ အတော်အတန်ကြီးကို ငြိမ်းအေးသွားလိမ် ့မယ်။

      • အမ်မလေး… တွေ့ရတာ ဝမ်းသာလိုက်တာ.. အစ်ကိုတော်… ။
        မေးလ် ပို့ထားသေးတယ်။
        မေးလ်ဖွင့်ရခက်လို့ မစစ်ဖြစ်မှာ စိုးလို့… ဒီမှာလည်း… ပြောပါ့မယ်။
        ———-

        ကိုတောပျော်ရဲ့ ကဗျာတစ်ပုဒ်ဖြစ်တဲ့ ညီမငယ်လေးသို့…ဆ်ိုတဲ့ကဗျာက…
        ကျနော်တို့ (ကဗျာချစ်သူတစ်စု)တည်ထောင်ခဲ့တဲ့ ကဗျာပြခန်းမှာ..ဆုရထားပါတယ်။
        အဲဒါ…ဆုလက်ဆောင်လေးပေးချင်လို့.. .

        ဂဇက် ဖတ်ရွေးဆုပေးပွဲနဲ့ တွေ့ဆုံပွဲမှာ… ပေါင်း ပေးပါမယ်။

        ပွဲက..လာမယ့် 2015 ဇန်နဝါရီလ ဒုတိယအပတ် တနင်္ဂနွေ (11 .1 .2015 )
        (ပွဲပြုလုပ်နေကျ) ရန်ကုန်မြို့က ၊ ကန်တော်ကြီးအတွင်း… ရှန်တီ စားတော်ဆက်မှာ..တွေ့ဆုံပြီး..
        အမှတ်တရ လက်ဆောင်တွေ ပေးမှာဖြစ်ပါတယ်။
        ( ဆုပေးပွဲနဲ့ တွေ့ဆုံပွဲအစီအစဉ် အသေးစိတ်ကို အနားနီးရင်.. ဂဇက်ဆိုက်ထဲမှာ..ကြေညာဦးမှာပါ။ )

        အဲဒါ… ကိုတောပျော်အနေနဲ့ လာရောက် တွေ့ဆုံပြီး ဆုလက်ဆောင်လေး လက်ခံပေးဖို့…ဖိတ်ခေါ်အပ်ပါတယ်။

        လာရောက်ဖို့ အဆင်ပြေနိုင်မလား သိချင်ပါတယ်။

        ချစ်ခင်လေးစားလျက်…

        အလင်းဆက်
        (ကဗျာချစ်သူအဖွဲ့ ကိုယ်စား)

        • တောတွင်းပျော်

          November 30, 2014 at 1:09 pm

          ကို အလင်းဆက်
          ကျနော် အခုမှတောထဲကထွက်လာတာ။
          ခဏတဖြုတ်ပါ။
          အခြေအနေအရ ကိုယ်တိုင်မလာရောက်နိုင်တဲ ့အတွက်
          စိတ်မကောင်းပါဘူး။
          ကိုအလင်းဆက်ပဲ ကျနော ့ကိုယ်စား လက်ခံပေးလိုက်ပါ။
          ခင်မင်စွာနဲ ့
          တောတွင်းပျော်

        • ဟုတ်ကဲ့ ။

          အခြေအနေအရ.. လာယူဖို့.. အဆင်မပြေဘူးဆိုတော့လည်း…
          ကျနော်တို့ ကဗျာအဖွဲ့ကပဲ…သိမ်းထားပေးပါ့မယ်။

          ရန်ကုန်ရောက်ရင်… (သို့မဟုတ်)မန်းလေး ရောက်ရင်…
          အကြောင်းကြားပါဦးဗျ နော့ ။

          ကျနော့်ဖုန်းနံပါတ်ကိုလည်း အချိန်မရွေး ဆက်နိုင်ပါတယ်။

          အလင်းဆက်@ သူရ 09 317 86861 ပါ။
          alinsett.art@gmail.com ဒီမေးလ်ကလည်း အမြဲ သုံးတဲ့မေးလ်ပါ။

          ချစ်ခင်လေးစားလျက်…

    • Foreign Resident

      December 1, 2014 at 5:35 am

      ဝင့်ပြုံးမြင့် says:
      ” ကျမ အနေချင်ဆုံးတိုင်းပြည်က US ပဲ။ လူသားကို တန်ဖိုးအထားဆုံးတိုင်းပြည် ”

      မ ဝင့်ပြုံးမြင့် ရေ ၊ အမှတ်မှားနေမှာစိုးလို့ တစ်ခုတော့ ဝင်ပြောပါရစေ ။

      US ဟာ လူသားကို တန်ဖိုး ထားတယ် ဆိုတာကိုတော့ မငြင်းလိုလှပါဘူး ။
      ဒါပေမယ့် ၊ US ဟာ လူသားကို တန်ဖိုး အထားဆုံး တိုင်းပြည် တော့ ၊
      လုံးဝ ( လုံးဝ ) မ ဟုတ်ရပါဘူးကွယ် ။

      နိုင်ငံတကာက အသိအမှတ်ပြု လေးစားရတဲ့ အဖွဲ့တွေရဲ့ Data တွေအရတော့ ၊
      လူသားကို တန်ဖိုး အထားဆုံး တိုင်းပြည်တွေရဲ့ စာရင်းမှာ ၊
      US ဟာ Top 10 ထဲကိုတောင် မဝင်တာကို တွေ့ရပါမယ် ။

      International Human Rights Rank Indicator မှာ နံပါတ် ၁၈ ။
      —http://www.ihrri.com/contry.php—

      Global Democracy Ranking မှာ နံပါတ် ၁၅ ဘဲ ရှိပါတယ် ။
      —http://democracyranking.org/?page_id=738—

      နောက်ပြီးတော့ ၊ ကျနော် ကိုယ်တွေ့ ရောက်ခဲ့တဲ့ အတွေ့အကြုံ အရလည်း ၊
      US ဟာ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး မှာ ၊ အား အကောင်းဆုံး နိုင်ငံကြီး ၊
      မဟုတ်တာ လုံးဝ ( လုံးဝ ) သေချာပါတယ် ။

      ( ဖြေတွေးပေးရရင်တော့ ၊ US ဟာ တိုင်းပြည်အနေနှင့်လဲ သိပ်မချမ်းသာ ၊
      ရန်သူတွေကလည်း ပါတ်လည်ဝိုင်း နေလို့ ၊ ဒီလို ဖြစ်နေတာလဲ ဖြစ်နိုင်ပါတယ် )

  • kai

    November 30, 2014 at 3:53 am

    စာအရေးအသား တော်တော်ညက်တာပဲ..
    သတင်းစာထဲ ထည့်သုံးလို့ရတယ်ဗျ..

    ဆိုတော့…

    တိုင်းပြည်အုပ်ချုပ်သူတွေက တခြား အရေးကြီးတဲ့ အကြောင်းအရာတွေ အတွက် အလုပ်ရှုပ်နေကြဆဲမို ့….စတဲ့ အကြောင်းကြောင်းတွေ ကြောင့် …

    ဒီအမြင်..မြင်ပြလိုက်တာအံဩမိတယ်..
    သာမန်ကိုကျော်ထွက်.. ဖောက်မြင်သွားတယ်လို့… ယူဆမိ..။

  • မစုဉာဏ်

    November 30, 2014 at 7:01 am

    အချိန်ရှားပါး၊ အလုပ်များနေကြရတဲ့ ခေတ်ကြီးမှာ post ကို ဖတ်တဲ့ အတွက် ရော၊ comment ပေးတဲ့ အတွက်ပါ ကျေးဇူးတင်ပါတယ် ရှင် ့။

  • uncle gyi

    November 30, 2014 at 11:08 pm

    လူကိုတန်ဖိုးထားပုံချင်းကွာတာပါ
    ဒီမှာအဲလိုမြင်ရဖို့ကတော့
    ၁ဝစုတစုမကလိုအုန်းမယ်ထင်ပါတယ်

  • ခင်ဇော်

    December 1, 2014 at 11:07 am

    အမရေ။
    ပို့(စ) တက်တက်ချင်း ဖတ်ပြီးပေမဲ့ ခုမှ မန့်ရတော့မယ်။

    အဖိုးတန် အတွေ့အကြုံတွေကို မျှဝေတာမို့ တန်ဖိုးမဖြတ်နိုင်တဲ့ ပို့(စ) ပါ။

    ကျနော် သတိထားမိတာ တစ်ခုရှိသေးတယ်။
    ကျနော်တို့ နိုင်ငံမှာလေ
    အသားမည်းတာလည်း ဟားစရာ…
    ဝတာလည်း လှောင်စရာ…
    ဒုက္ခိတဆိုတာလည်း ရယ်စရာ …
    ရုပ်ရှင်တွေမှာ က အစ အဲဒီလို ရိုက်ပြနေတော့လည်းးးးးးး
    :a:

    ကျနော်တို့ ရုံးက ဖိလစ်ပင်းအမျိုးသမီးရဲ့ အမ က အဲလို ကျောင်းမျိုးထောင်ထားတာ။
    ကလေးတွေကို နားလည်မှုနဲ့ ပိုဂရုစိုက်တာကလွဲရင် ပုံမှန်ကလေးတစ်ယောက်ကို ဆက်ဆံသလိုပဲ ဆက်ဆံ ခိုင်းတယ်။

  • Shwe Ei

    December 1, 2014 at 4:05 pm

    ဒီနေရာမှာ လူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်အမြင်လို့ ပြောရင်တောင် မီဒီယာကနေ အခြေခံသလိုဖစ်နေဘီ။
    တသက်လုံးက ကိုယ်လက်အင်္ဂါ မသန်စွမ်းရင် စိတ်မနှံ့ရင် ကျပ်မပြည့်ရင်..ကိုယ့်ကိုရန်ပြုတော့မယ် ကြောက်စရာလူတွေလို သဘောထားတတ်အောင် လူကြီးမိဘတွေ သွန်သင်ထားလေတော့..အိုက်လိုလူဒွေမြင်ရင် ဝေးဝေးရှောင်ဖို့ စတွေးတာဘဲ။
    အနီးစပ်ဆုံးမြင်ရတာကလဲ လမ်းတကာလျှောက်သွားနေပီး..လူတကာလှောင်ပြောင်သမျှ .. အားမတန်ဘဲ ခံနေကြရတော့…စိတ်ဆိုးဒေါသထွက်ပီး..ဆဲတာ လိုက်ရိုက်တာ တွေဘဲ မြင်ရတာကိုး။
    နယ်ကနေ ရန်ကုန်ရောက်လာတော့မှ အိုက်လိုလူတွေကို ကူညီစောင့်ရှောက်နေကြတဲ့ အသင်းအဖွဲ့တွေ အခိုင်အမာရှိမှန်း စ သိရတာ။
    အရင်နှစ်တွေတုန်းက သူငယ်ချင်းတွေနဲ့ စပ်မိလို့ ကြည်းမြင့်တိုင် မျက်မမြင်ကြောင်းကို ၂ခါလောက် သွားလှူ ဖူးတယ်။ မျက်စိမမြင်ပေမဲ့ လူကောင်းတွေလို နေတတ်ထိုင်တတ်အောင် သင်ပေးထားလိုက်တာ…ကြည့်ပီး ဝမ်းသာလွန်းလို့ ငိုတောင်ငိုချင်တယ်။
    ဘာသာအရရော လူမျိုးအရရော ယဉ်ကျေးမှုအရရော ဘယ်လောက်ဘဲ ကွဲပြားခြားနားပေမဲ့..ပရဟိတစိတ်သာ တကယ်ထားနိုင်ရင်..လူတွေအားလုံး အတူတူဘဲဆိုတာ သင်ယူစရာမလိုဘဲ .. ခံစားတတ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ် အမရေ. ..

  • တညင်သား

    December 1, 2014 at 8:50 pm

    ကျွန်တော်တို့ သန်လျင်က သံချောင်းကိုတောင် သတိရမိတယ်.. ပိုစ့်လေးက ကောင်းတယ် ဆုရအုံးမလားမသိဘူး……..

  • Ma Ma

    December 3, 2014 at 4:30 pm

    ဒီလိုအဖိုးတန်တဲ့ပိုစ့်ကို ဖတ်ရတာ အကျိုးများလှပါတယ်။

    အလယ်တန်းကျောင်းတုန်းက မြန်မာစာဆရာမက စာရေးသူရဲ့ စေတနာကို သူ့စာထဲမှာ တွေ့နိုင်တယ် လို့ ပြောတာကို သွားသတိရမိတယ်။

    စာဖတ်ပြီး ကိုယ့်ဆီမှာလည်း အဲလိုတွေ လုပ်နိုင်ရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်။

    ကိုယ်မသိမမြင်မကြားဘူးတာတွေကို သိရမြင်ရကြားရလို့ မစုဉာဏ်ကို ကျေးဇူးအများကြီး တင်ပါတယ်။

Leave a Reply