လူတိုင်း လူတိုင်း အချစ်နဲ ့မကင်းကြဘူးလို ့ဆိုပေမယ့် …

ကိုယ်ချစ်တဲ့ သူတစ်ယောက် အတွက် ကျွန်မတို ့ဘယ်လောက်အထိ အနစ်နာခံနိုင်ကြသလဲ။

ဘာသာမတူ၊ ယဉ်ကျေးမှုမတူတဲ့ ကိုယ့်ချစ်သူ ရဲ ့ခံယူမှုတွေ ကို သူနဲ ့ထပ်တူတန်ဖိုးထားနိုင်သလား။

ကုစရာဆေးမရှိတဲ့ ရောဂါဆိုးတစ်ခု ကို ကိုယ်က နာနာကျင်ကျင်ခံစားနေရပြီး၊ သူ ့မျက်နှာလေးကို နောက်ဆုံးမြင်တွေ ့သွားဖို ့လိုအပ်နေချိန်မှာ ကိုယ့်ထက်ပိုအရေးပေးရမယ့်အရာတွေ၊ ငဲ့ညှာမှုတွေ ကြောင့် လာမတွေ ့နိုင်တဲ့ ချစ်သူကို နားလည်ပေးနိုင်လောက်တဲ့ ချစ်ခြင်းမေတ္ထာမျိုး ကျွန်မတို ့မှာ ရှိသလား။

ဟင့်အင်း..ကျွန်မကတော့ ကိုယ့်အနားမှာ အမြဲရှိနေပြီး၊ နားလည်မှုတွေ အပြန်အလှန် ပေးနိုင်တဲ့ ချစ်သူမျိုးကိုပဲ လိုချင်တယ်။

အတ္ထ ကြီးတယ်ပဲပြောပြော၊ နှိုင်းယှဉ်ရွေးချယ်စရာတွေ နဲ ့ ရင်ဆိုင်ရတဲ့အခါ ကိုယ့်ကို ဦးစားပေးစဉ်းစားတတ်တဲ့ ချစ်သူမျိုးကို လိုချင်တယ်။

ကိုယ့်ဘက်ကပဲ အနစ်နာနာခံ၊ နားလည်မှု အပြည့်အဝပေးရမယ့် ချစ်ခြင်းမျိုးမှာ ကြာရှည် လက်တွဲဖို ့အင်အား ရှိမယ် မထင်ဘူး။

ဒါကြောင့် ကျွန်မမှာ မရှိတဲ့.. အင်အားကြီးမားတဲ့ ချစ်ခြင်းမေတ္ထာနဲ ့သူ ့ချစ်သူ အပေါ် အကောင်းဆုံး ပါရမီဖြည့် သွားသူ၊ အခက်ခဲတွေကို မားမားမတ်မတ်ရပ်တည် ရင်ဆိုင်သွားပြီး အနစ်နာခံသွားသူ တစ်ယောက်အကြောင်း လေ့လာမှတ်သားလိုက်မိတဲ့ အချိန်မှာ ကြက်သီးဖျန်းဖျန်းထမိတယ်။

မျက်ရည်ကျမိတယ်။

သူ ့ရဲ ့ပေးဆပ်မှုတွေ၊ အနစ်နာခံမှုတွေ ကို ချီးကျူးမိသလို … သူ ့အကြောင်းတွေ ကို ချရေးချင်မိလာတယ်။

ဒီလိုနဲ ့…ကျွန်မ မိုက်ကယ်အဲရစ် နေရာမှာ ခနဝင်နေမိပြီး သူ ့ခံစားမှု အကြောင်းကို ချရေးမိသွားတယ်။ သေချာတာကတော့ ကျွန်မရဲ ့စကားလုံးတွေဟာ သူ ့ရဲ ့တကယ့် ခံစားမှုတွေ ကို အပြည့်အဝဖော်ကျူ းနိုင်မှာ မဟုတ်ဘူးဆိုတာပါပဲ။

******************************************************************

Su 2 photo: internet
စုရေ..

အပြင်မှာ ကျနေတဲ့ နှင်းဖွဲလေးတွေကို ကြည့်ရင်း နှင်းတွေဖုံးလွှမ်းနေတဲ့ ဘူတန်နိုင်ငံ က တောင်တန်းတွေ ကို ကိုယ် ပြန်ပြီး သတိရမိတယ်။

အဲဒီတုန်းက ကိုယ်က ဘူတန်ဘုရင်မိသားစုဝင်တွေ ကို စာသင်ပေးနေတဲ့အချိန်၊ စု ကတော့ တော်ဝင်နိုင်ငံခြားရေးရာဌာနမှာ သုသေသနပြုလုပ်ငန်းတွေ လုပ်နေတဲ့အချိန်ပေါ ့။

ဟိမဝန္တာတောင်ပြာတန်းကြီးတွေရဲ့ အရိပ်အောက်မှာ ကိုယ်တို ့ နှစ်ယောက် အပူအပင် ကင်းကင်းနဲ ့ အများအကျိုးပြု လုပ်ငန်းတွေကို လုပ်ဆောင်ခွင့်ရခဲ့ ကြတယ်လေ။

ခုချိန်မှာ မင်းကတော့ မြန်မာပြည်ရဲ ့ပူပြင်းတဲ့ နေရောင်အောက် မှာ (သုတ်ပေးမယ့်သူ မရှိတဲ့ ) ချွေးစက်တွေနဲ ့ဖြစ်နေမလားဆိုတာ ကိုယ်စိတ်ပူမိတယ်။

 

******************************************************************

မင်းကို ချစ်ရေးဆိုခဲ့တုန်းက၊ တခြားမိန်းကလေးတွေလို “ချစ်ပါတယ်” ဆိုတဲ့ အဖြေစကား မျိုး ကို အနှောင်အဖွဲ ့ကင်းကင်းနဲ ့ ကိုယ်ရခဲ့တာ မဟုတ်ပါဘူး။ “မြန်မာပြည်သူတွေရဲ ့ အရေးကို ဆောင်ရွက်ဖို ့ လိုအပ်လာတဲ့ အချိန်မှာ ပြည်တွင်းကို ပြန်ပြီး မြန်မာ့အရေး ဆောင်ရွက်ဖို ့ ခွင့်ပြုရမယ်” ဆိုတဲ့ သဘောတူညီမှု အရင်ရပြီးမှ သာ ကိုယ့်အချစ် ကို မင်းက လက်ခံခဲ့တာလေ။

အဲဒီအချိန်ကတည်းက မင်းရဲ ့နှလုံးသားမှာ တိုင်းပြည်နဲ ့ မြန်မာပြည်သူပြည်သားတွေ သာ ပထမ နေရာမှာ ရှိနေခဲ့တယ် ဆိုတာကို ကိုယ် ကောင်းကောင်း နားလည် သဘောပေါက်ခဲ့ပါတယ်။

မင်းရဲ ့မွန်မြတ်တဲ့ လုုပ်ငန်းစဉ်တွေ အတွက် နားလည်မှုရှိစွာနဲ ့ပါရမီဖြည့်ပေးဖို ့လဲ ကိုယ် ဆုံးဖြတ်ခဲ့ပါတယ်။

စုရေ…ကိုယ်တို ့ရဲ ့အိမ်ထောင်သက်တမ်း ၁၆ နှစ်သာ ကာလမှာ မင်းဟာ ဇနီးကောင်း၊ မိခင်ကောင်း ပီသစွာနဲ ့ အိမ်ထောင်တာဝန်ကို နိုင်နိုင်နင်းနင်း တာဝန်ယူနိုင်ခဲ့တယ်။

အလုပ်တာဝန်က တဘက်နဲ ့ အိမ်ကို အမြဲတမ်း သပ်သပ်ရပ်ရပ်၊ ရှင်းရှင်းလင်းလင်းနဲ ့ ထားတတ်တဲ့ အကျင့်၊ ကလေးတွေအတွက် မွေးနေ ့ တွေ၊ ပျော်ပွဲရွင်ပွဲတွေကို မပျက်မကွက် လုပ်ပေးခဲ့ အကျင့် တွေကြောင့် ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေ ကြားမှာ မင်းဟာ စံပြအိမ်ရှင်မ ဖြစ်လို ့ နေခဲ့တယ်။

သားနှစ်ယောက် အသက် ၁၂နှစ်နဲ ့ ၁၄ နှစ်အရွယ်ကို ရောက်လာတဲ့အခါ၊ မင်းမေမေ ( ဒေါ်ခင်ကြည်) နေထိုင်မကောင်း ဖြစ်တဲ့ အကြောင်း ဖုန်းရပြီး၊ မြန်မာပြည်ကို မင်းပြန်သွားခဲ့ရတယ်။ အဲဒီခရီးဟာ ကိုယ်တို ့မိသားစုရဲ ့ကွဲကွာခြင်းအစလို ့ ကိုယ်တို ့ အားလုံး ကြိုတင် မသိထားခဲ့ကြဘူးနော်။

******************************************************************

Su 1 photo: internet

စုရေ မင်းဟာ…အိမ်ထောင်ရှင်မကောင်းတစ်ဦးအဖြစ်၊ မိခင်ကောင်းတစ်ဦး ဖြစ်ရုံတင်မက ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းရဲ ့ သမီးကောင်းတစ်ယောက် လဲ ဖြစ်လို ့ နေပြန်ပါရောလား။

မေတ္တာတရားပြည့်ဝတဲ့ မိခင်တစ်ဦးဘဝကနေ၊ နူးညံ့သိမ်မွေ ့တဲ့ မြန်မာအမျိုးသမီးတစ်ဦး အဖြစ်ကနေ တိုင်းပြည်က လိုအပ်လာပြီဟေ့ ဆိုတဲ့အခါမှာ ကြမ်းတမ်းတဲ့ နိုင်ငံရေးလှုပ်ရှားမှုလမ်းကြောင်းပေါ်ကို ကူးပြောင်းပြီး လူထုကို ဦးဆောင်မှုတွေ ပေးနိုင်ခဲ့ပြန်တယ်။

မိခင်တစ်ဦးအနေနဲ ့ ရော၊ အိမ်ထောင်ရှင်မ တစ်ဦးအနေနဲ ့ပါ သားတွေကို စွန် ့၊ ခင်ပွန်းကို ထားသွားပြီး နိုင်ငံရေးလုပ်နေတဲ့ မင်းရဲ ့ပြတ်သားတဲ့ လုုပ်ရပ်ကို မင်းသူငယ်ချင်းအချို ့ က နားမလည်စွာနဲ ့ ပြောဆိုဝေဖန်ကြတိုင်း သားငယ်ကင်မ်က “မေမေဟာ သူလုပ်ရမယ့် အလုုပ်တွေကို လုပ်နေတာပါ” လို ့ ပြန်ပြောလေ့ရှိတယ်။

“ကျွန်မသားတွေ ကျွန်မကို လိုအပ်နေကြမှာကို ကျွန်မ အကြောက်ဆုံးပဲ” လို ့ မင်းပြောခဲ့ဖူးတယ်။

ကျန်းမာရေးဂရုစိုက်ပြီး၊ နိုင်ငံရေးလှုပ်ငန်းတစ်ခုတည်း အပေါ်အာရုံထားဖို ့၊ ကလေးတွေ အတွက် မပူပန်ဖို ့ ဖုန်းထဲကနေ ကိုယ့်ပြောစကားတွေ ဟာ ကလေးတွေ အပေါ်တာဝန်ကျေချင်လွန်းတဲ့ မင်းအတွက် စိတ်ဖြေစရာ ဖြစ်ခဲ့လိမ့်မယ်လို ့ ကိုယ်ထင်ပါတယ်။

မြန်မာပြည်တွင်းက အခြေအနေတွေ ဖရိုဖရဲ ဖြစ်နေချိန်မှာ၊ အထူးသဖြင့် ဆက်သွယ်ရေးတွေ၊ သတင်းထုတ်ပြန်မှုတွေ ညံ့ဖျင်းလွန်းတဲ့ ကာလဖြစ်တဲ့ အချိန်မှာ ကိုယ်တို ့သားအဖတွေဟာ မင်းရဲ ့ လှုံခြုံရေးအတွက် အချိန်နဲ ့ အမျှ စိုးရိမ်ပူပန်နေခဲ့ကြရပါတယ်။

ဖုန်းသံကြားတိုင်း မင်းဆီက ဒါမှမဟုတ် မင်းအကြောင်းပြောနိုင်တဲ့ လူတစ်ယောက်ယောက်ဆီက ဖုန်းလားလို ့ အမြဲမျှော်မိခဲ့ကြတယ်။

“မေမေဘယ်တော့ ပြန်လာမလဲ” ဆိုတဲ့ ကလေးတွေ အမေးကို ခနခနဖြေရတိုင်း ကိုယ့်ရင်မှာ မချိပါဘူး။ မပြောကောင်း မဆိုကောင်း ဗိုလ်ချုပ်အောင်ဆန်းလို မင်းကို လုပ်ကြံကြမှာကိုလည်း စိုးရိမ်မိပါတယ်။

စိုးရိမ်ပူပန်ရလွန်းတဲ့ အတွက်.. မင်းကို နေအိမ်အကျယ်ချုပ်ချလိုက်ပြီ လို ့ သတင်းတွေ ထွက်ပေါ်လာတဲ့ အချိန်မှာ အနည်းဆုံး အိမ်ထဲမှာ အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ဘူးပေါ့ ဆိုပြီး ကလေးတွေကို တင်းတင်းကြပ်ကြပ်ဖက်လို ့ ကိုယ်ဖြေတွေးတွေးခဲ့ပါတယ်။

မကြာခနဆိုသလို မြန်မာအစိုးရပိုင် သတင်းစာတွေထဲမှာ နိုင်ငံခြားသားတစ်ယောက်ကို လက်ထပ်ထားတဲ့ အတွက် မင်းမှာ အပြစ်ရှိကြောင်း ဝေဖန်တိုက်ခိုက်တာ တွေ ပေါ်ထွက်လာတိုင်း ကိုယ့့်ကြောင် ့မင်းရဲ ့လှုပ်ရှားမှုတွေကို ထိခိုက်တော့မလား ဆိုပြီး စိုးရိမ်ခဲ့ရသလို၊ ကိုယ့်ကြောင့် ပြောဆိုတိုက်ခိုက်ခံနေတာကို လည်း စိတ်မကောင်းကြီးစွာဖြစ်လို ့နေခဲ့ရပါတယ်။

ကိုယ်မွေးဖွားရာ တိုင်းပြည်ကို ရွေးချယ်နိုင်တဲ့ တန်ခိုးစွမ်းအင်သာ ကိုယ့်မှာရှိခဲ့ရင် မြန်မာပြည်မှာ မွေးဖွားခွင့်ကို ကိုယ်ရွေးချယ်မိမှာပါ။ ခုတော့ ကိုယ်မစွမ်းသာတဲ့ ကိစ္စတစ်ခုအတွက် မင်းပြောဆိုဝေဖန်ခံနေရတာကို မချိတင်ကဲ လက်ပိုက်ကြည့်နေရတယ်။

******************************************************************
စုရေ..
မင်းချစ်တဲ့ တိုင်းပြည်ကို ကိုယ်ချစ်တယ်။ မင်းကိုးကွယ်တဲ့ ဘာသာကို ကိုယ်ပြောင်းလဲ ကိုးကွယ်ခဲ့တယ်။

တို ့မိသားစုထက် ပိုပြီး မင်းတန်ဖိုးထားတဲ့ မြန်မာ ပြည်သူလူထု အတွက် လွတ်မြောက်ရေးလုပ်ငန်းစဉ်တွေ မှာလဲ ကိုယ်ဝင်ပါချင်တယ်။
ဒါကြောင့် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုတွေကို နိုင်ငံတကာက ထောက်ခံအားပေးမှုတွေ ရလာအောင် နိုင်ငံရေး၊ဘာသာရေး ပိုင်းမှာ လူသိများတဲ့ ပုဂိုလ်တွေ နဲ့ ကိုယ် တိတ်တဆိတ် သွားရောက်တွေ ့ဆုံပြီး စည်းရုံး လှုံ ့ဆော်မှုတွေ လုပ်ခဲ့တယ်။

ကိုယ့်ရဲ ့လှုပ်ရှားမှုတွေ ကို မြန်မာအစိုးရ က သိသွားရင် မင်းကို ပိုပြီးထိခိုက်မှာ စိုးတဲ့အတွက် လျှို ့ ဝှက်စွာနဲ ့ ကိုယ်လှုပ်ရှားခဲ့ပါတယ်။ သတင်းသမားတွေ၊ အင်တာဗျူး လာတောင်းတာတွေကို လဲ ကိုယ်အတတ်နိုင်ဆုံးရှောင်ရှားခဲ့တယ်။

နေအိမ်အကျယ်ချုပ်ဘဝနဲ ့ ထိန်းသိမ်းထားတဲ့ ကာလအတွင်း၊ အထီးကျန်နေမယ့် မင်းအတွက် ကောင်းနိုးရာရာ စာအုပ်တွေ ပို ့ပေးခဲ့တယ်။ နယ်ဆလ်မင်ဒဲလားအကြောင်း၊ ဂနီ္ဒအကြောင်း အစရှိတဲ့ စာအုပ်တွေ ဟာ မင်းရဲ ့လှုပ်ရှားမှုတွေကို အထောက်အကူပြုနိုင်လိမ့်မယ်လို ့ ကိုယ်ထင်ပါတယ်။

တို ့အိမ်က နံရံမှာ မင်းပုံ ခပ်ကြီးကြီးတစ်ပုံကို ချိတ်ထားပြီး၊ ဧည့်ခန်းထဲမှာ မင်းအတွက် နိုင်ငံတကာက ချီးမြှင့်ထားတဲ့ ဆုတံဆိပ်မျိုးစုံ တွေရယ်၊ မင်းရထားတဲ့ နို်ဘယ်ဆု အပါအဝင် တခြားဆုတံဆိပ်တွေ မျိုးစုံကို ကိုယ် ဂုဏ်ယူစွာနဲ ့ ခင်းကျင်းပြင်ဆင်ထားတယ်။

******************************************************************
စုရေ နေအိမ်အကျယ်ချုပ်ဘဝနဲ ့ အထိန်းသိမ်းခံဘဝဟာ မင်းအတွက် ရော၊ ကိုယ့်အတွက် ပါ အင်မတန်ရှည်လျားတဲ့ ကာလတွေပါ။

တခါတလေ မင်းအကြောင်း ဘာသတင်းမှ မကြားရတော့ပဲ လပေါင်းများစွာကြာသွားတဲ့ အခါတွေမှာ လူမသိ သူမသိဘဝနဲ ့ မင်းသေများသွားပြီလားလို ့ တွေးပူနေချိန်မှာ “ဒေါ်စုအိမ်က စနရားသံကြားရတယ်” လို ့ သတင်းကြားလိုက်ရလို ့ ကိုယ့်မှာ ပြောမပြတတ်လောက်အောင် စိတ်သက်သာရာရ သွားတဲ့ အကြိမ်တွေလဲ မနည်းခဲ့ပါဘူး။

ဒါပေမယ့် နောက်ပိုင်းမှာ မင်းအသက်ရှင်နေကြောင်း မျှော်လင့်လို ့ရတဲ့ စနရားသံတောင် မကြားရတော့ဘူး ဆိုတဲ့ အချိန်မှာ ကိုယ် သွေးပျက်ခဲ့ရပါတယ်။ စနရားပျက်သွားတာပဲလား၊ ဒါမှမဟုတ် ငွေကြေးကြပ်တည်းလို ့ရောင်းလိုက်ရတာများလား ဆိုပြီး တွေးပူရသေးတယ်။

ကိုယ့်ဇနီးသည် တစ်ယောက်တည်း အားငယ်နေချိန်၊ အခက်အခဲတွေနဲ ့ ရင်ဆိုင်နေရချိန်မှာ ခင်ပွန်းသည်တစ်ယောက် အနေနဲ ့ ရှေ ့ကနေ မားမားမတ်မတ်ရပ်ပြီး၊ ဒါမှမဟုတ် အနားမှာ အားပေးခွင့်တောင် မပေးနိုင်တဲ့ ဘဝကို လဲ ငါမုန်းတီးမိပါတယ်။ ဒါပေမယ့် အများကောင်းကျိုးအတွက် သတိရှိရှိနဲ ့တိုက်ပွဲဝင်နေတဲ့ မင်းလို မိန်းမအာဇာနည်ရဲ ့ ခင်ပွန်းသည်ဖြစ်ရတာကိုတော့ ကိုယ် အမြဲတမ်း ဂုဏ်ယူမိပါတယ်။
******************************************************************

Michael 1 photo: internet

၁၉၉၅ ခု ရဲ ့ နေ ့တစ်နေ ့မှာ ဖုန်းထဲက နေ မင်းအသံကို စကြားလိုက်ရပြီး၊ နေအိမ်အကျယ်ချုပ်ဘဝကနေ လွတ်မြောက်လာပြီလို ့ သိလိုက်ရတော့ ကလေးနှစ်ယောက်ကို လက်ဆွဲပြီး ကိုယ်တို ့တွေ ပျော်ပျော်ပါးပါးနဲ ့မြန်မာပြည် ကို အပြေးသွားခဲ့ကြတယ်။

သားငယ်ကင်မ် က လူပျိုကြီးဖားဖား ဖြစ်နေတာကို မြင်တော့ အပြင်မှာတွေ ့ ရင်တောင် ရုတ်တရက်မှတ်မိမှာ မဟုတ်ဘူးလို ့မင်းပြောခဲ့သေးတယ်နော်။

စုရေ ..တယောက်တည်း အကျယ်ချုပ်ဘဝနဲ ့နေခဲ့ရပေမယ့် မင်းဟာ အရင်ကထက်တောင် ပိုပြီး တည်ငြိမ်လာတာကို သတိထားမိပါတယ်။ ပန်းတွေပန်ထားတဲ့ နူးညံ့တဲ့ အပြုံးအောက်က ခိုင်မာတဲ့ယုံကြည်ချက်တွေနဲ ့သံမဏိစိတ်ဓာတ်တွေကို ကိုယ်မြင်တွေ ့ ခဲ့ရတယ်။

အသက်အရွယ်မရွေးပါဝင်တဲ့ မင်းရဲ ့ အသင်းသူ၊ အသင်းသားတွေကို ဦးဆောင်မှုပေးနေတာ မြင်ရတော့ ငါတို ့မိသားစုတွေ ကွဲကွာနေကြရတာ အလကား မဖြစ်ဘူးဆိုတဲ့ စိတ်နဲ ့ ကိုယ်ကျေနပ်ခဲ့မိပါတယ်။

အဲဒီ ၁၉၉၅ ခုနှစ် ဟာ မင်းနဲ ့ကိုယ်နဲ ့ နောက်ဆုံးတွေ ့ခဲ့ကြရတာပဲနော်။

၁၉၉၈ ရောက်တော့ ကိုယ့်မှာ ကင်ဆာဖြစ်နေပြီ၊ နောက်ဆုံးအဆင့်လို ့ သိလိုက်ရတော့ ကိုယ်အရမ်းကို ချောက်ခြားသွားတယ်။ လူ ့ လောကကြီးထဲ နေရဖို ့ အချိန်သိပ်မကျန်တော့လို ့၊ မသေခင်မှာ မင်းကို လူချင်းတွေ ့ပြီး နှုတ်ဆက်သွားချင်တယ်။ ဒါကြောင့် မြန်မာသံရုံး ကို သွားပြီး ဗီဇာလျှောက်ထားပေမယ့် ခွင့်မပြုခြဲ့ကဘူး။

မြန်မာအစိုးရရဲ ့ ဗီဇာငြင်းပယ်မှုကို အားမလျော့ပဲ ကိုယ် ထပ်ကြိုးစားပေမယ့် နောက်ဆုံး အကြိမ်ပေါင်း ၃ဝလောက်ရှိလာတော့ ကိုယ်အားလျော့လာမိပြီ၊ ခန္ခာကိုယ်က လဲ သိသိသာသာ ကို အားနည်းလာတယ်၊ ကိုယ့်အဖြစ်ကို စာနာပြီး ပုပ်ရဟန်းမင်းကြီးနဲ ့ အမေရိကန်သမတ ကလင်တန်တို ့အပါအဝင် တခြား မိတ်ဆွေတွေက မြန်မာအစိုးရဆီကို မေတာရပ်ခံစာ ရေးခဲ့ကြပေမယ့် ဗီဇာမရခဲ့ပါဘူး။

ဆိုးဝါးရက်စက်လှတဲ့ ကံကြမ္မာကို ပဲ ကိုယ်တို ့ အပြစ်တင်ခဲ့ကြရတယ်။ မင်းဆီကို စစ်အရာရှိတစ်ယောက်က လာတွေ ့ပြီး ကိုယ်နဲ ့ လာတွေ ့ ဖို ့ အင်္ဂလန်ကို အချိန်မရွေးပြန်နိုင်ကြောင်း၊ လိုအပ်တဲ့ ဗီဇာကို ချက်ခြင်းထုတ်ပေးမယ့် အကြောင်းလာပြောတယ်ဆိုတာ ကိုယ်ပြန်ကြားရတယ်။
အမှန်အတိုင်း ပြောရင် မသေခင်၊ ဝေဒနာတွေ ခံစားနေရချိန် မှာ မင်းကို အနားမှာ သိပ်ရှိနေစေချင်ပါတယ်။

ဒါပေမယ့် မြန်မာပြည်က နေထွက်လာပြီးရင် ပြည်ဝင်ခွင့်အပိတ်ခံရမှာ မို ့ မင်းကိုယုံကြည်အားထားနေတဲ့ ပြည်သူလူထု ကို မင်းဘယ်လို အင်အားနဲ ့မှ ထားရက်ခဲ့နိုင်မှာ မဟုတ်ဘူးဆိုတာ ကိုယ်သိနေပြီးသား ပါ။
တိုင်းပြည်နဲ ့ မိသားစုအရေး ပြတ်ပြတ်သားသား ရွေးချယ်ရမယ့် အခြေအနေတစ်ခု ကို စစ်အစိုးရက အတင်းဖန်တီးနေခဲ့ပေမယ့်၊ ကိုယ်တို ့ နှစ်ယောက်က အဲဒီလို အဖြစ်မခံခဲ့ကြဘူးနော်။

ကိုယ်တို ့ ချစ်သူတွေ မဖြစ်ခင်ကတည်းက တိုင်းပြည်နဲ့ ပြည်သူတွေသာလျှှင် ပဓာန ဆိုတာ နှစ်ယောက်စလုံးနားလည်သဘောတူခဲ့ပြီးသားမို ့၊ မင်းပြန်လာဖို ့ ဆိုတဲ့ အကြောင်းကို ကိုယ်တို ့ဆွေးနွေးစရာတစ်ခု အနေနဲ ့တောင် မယူဆခဲ့ကြဘူး။
******************************************************************
စုရေ.. ကုစရာဆေးမရှိတဲ့ ကင်ဆာရောဂါကြောင့် နာကျင်ကိုက်ခဲတဲ့ ဝေဒနာတွေကို အံကြိတ်ခံစားရင်း..

.ဗြိတိသျှှသံရုံးကနေ တဆင့် မင်းဆက်လာမယ့် ဖုန်းကို မျှော်ရင်း၊

ပြန်ဆုံကြမယ်လို့ ကြိုးစားပြီး အားခဲနေခဲ့ပေမယ့်၊ ကိုယ် လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်လောက်အောင် အားအင်တွေ ချိနဲ ့လာနေပြီ။

တကယ်လို ့ ကိုယ်သေသွားခဲ့ရင် ကိုယ့်ကို လာမတွေ ့ နိုင်တဲ့အတွက် မင်းစိတ်မကောင်းမဖြစ်ပါနဲ ့၊ ကိုယ်တို ့မိသားစု အနစ်နာခံကြရတာတွေ အချည်းနှီးမဖြစ်ပါစေနဲ ့။
မင်းကို ပိုပြီးလိုအပ်နေကြတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေရဲ ့ မျက်နှာကို ကြည့်ပါနော်။

ဖြစ်နိုင်ရင် မြန်မာပြည် ဒီမိုကရေစီရလာပြီး နောင်လာနောက်သားတွေ ကောင်းစားတာကို ကိုယ်မြင်တွေ ့သွားချင်ပါတယ်။

ဒါပေမယ့် ကိုယ့် အမြင်တွေ က ဝေဝါးလာနေပြီ..အသက်ရှုရတာလဲ ပိုပြီးခက်လာတယ်…

ဟိုး ခပ်ဝေးဝေး မှာ အပြေးလှမ်းလာနေတဲ့ မင်းရဲ ့ ပုံရိပ်ကလည်း ဝေးလို ့ဝေးလို ့ ကျန်နေခဲ့ပြီ…..

***********************************************************************
(မိုက်ကယ်၏ အမြွာညီအစ်ကို အန်ထော်နီရဲ ့ ပြောကြားချက်အရ ဒေါ်စု က ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ်မသေခင် နှုတ်ဆက်စကားပြောတဲ့ ဗီဒီယို အခွေ ကို ဗြိတိသျှသံရုံးကနေ တဆင့် မိုက်ကယ့်ဆီကို ပို ့ပေးခဲ့ပေမယ့် အဲဒီခွေဟာ မိုက်ကယ်ဆုံးပြီး ၂ရက်အကြာမှ ရောက်လာခဲ့တဲ့ အတွက် မိုက်ကယ်ကြည့်ခွင့်မရလိုက်ဘူးလို ့သိရပါတယ်)

ဒီဆောင်းပါးကို 2011ခု၊ ဒီဇင်ဘာလ မှာ ရေးခဲ့ပြီး၊ ကျွန်မရဲ ့facebook ပေါ်မှာနဲ ့littlevoiceformburma blog မှာဖော်ပြခဲ့ဖူးပါတယ်။ အခု ၂၀၁၅ ရွေးကောက်ပွဲနီးလာတာနဲ ့အမျှ အတိုက်အခိုက်မျိုးစုံ၊ အခက်အခဲမျိုးစုံတွေ ကို ရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ ့ပြည်သူတွေ အတွက် ပေးဆပ်ခဲ့ရတဲ့ ပုံရိပ်တစ်ချို ့ကို အောက်မေ့ သတိရတဲ့ အနေနဲ ့မူရင်းဆောင်းပါးကို ဖြည့်စွက်ရေးသားပြီး ပြန်လည်ဝေငှလိုက်ပါတယ်။
ခင်မင်စွာဖြင့်

မစုဉာဏ်

About မစုဥာဏ်

မစု ဥာဏ် has written 10 post in this Website..