တမ်းချင်း

စဆရ ႀကီးDecember 14, 20141min1742

ဘာရယ်တော့မဟုတ်ဘူး၊ Deactivate လုပ်ထားတာကြာတဲ့ ဖွဘုတ်အကောင့်လေးကို ပြန်ကြည့်တော့ ကဗျာလေးတစ်ပုဒ် ၂၀၁ဝ တုန်းကရေးထားတာ သဘောကျလို့။ ကိုယ့်ဖာသာ ရေးခဲ့တယ်ဆိုတာကို ကိုယ့် Wall မှာ ကိုယ်ပြန်တွေ့ရလို့သာ။ ခုနေဖတ်ကြည့်တော့ ကောင်းသလိုလိုရှိသား။

ချစ်သူရေ..
ကြာတော့ကြာခဲ့ပါပြီအချိန်တွေလားတော့ မမေးနဲ့
စက္ကန့်တွေနဲ့ပဲတွက်ယူ
ငါဆိုတဲ့လူ
တော်တော်ကို ဒူ သေးတာပဲလို့

မင်း…
မှတ်ယူချင်လဲမှတ်ယူ
စက္ကန့်တွေကို ခုနှစ်တွေလို့
ခုထိ
တွက်ယူနေတုန်းပဲ။

ချစ်သူရေ..
ကန္တာရဆိုတာ မိုးမညိုဘူးလို့
မင်းမမှတ်ယူလေနဲ့
သူ့ဟာနဲ့သူ
ညိုချင်လဲညို ပြီး
ပြိုချင်လဲ ပြိုခဲ့တာပဲ
မိုးရေတွေ ရွှဲရွှဲမစိုတာပဲရှိမယ်
သူ့ဟာနဲ့သူတော့
ချမ်းလို့ ခိုက်ခိုက်တုန်နေခဲ့မှာပဲ။

ချစ်သူရေ..
တစ်မြေရပ်ခြားမှာမို့
သူတစ်ယောက်တော့
နီယွန်မီးရောင်တွေကြား
ပေါင်တိုလှလှလေးတွေကြား
ပျော်မြူးနေမှာပဲလို့ ထင်ချင်တော့ ထင်နေမှာပဲ
အိမ်ပေါက်ကခြေထောက် အလုပ်ကိုလျှောက်
အလုပ်ကခြေလှမ်း အိမ်ကိုပဲမြန်းနေတာမို့
တိုချင်တို၊ ပျိုချင် ပျိုကြပါစေ
လိုချင်တာတော့ မရှိနိုင်ဘူး။

ချစ်သူရေ..
ရုန်းကန်ရင်း တိုက်ခိုက်
ရှေ့ဘဝ နေ့ရက်တွေအတွက်
ဖြူ၊ နီ၊ ညို၊ မည်း
လူအထွေထွေကြားထဲ
လွမ်းသမျှကို ရင်မှာရှိုက်
တစ်လှိုက်လှိုက်တော့ ငိုခဲ့ဖူးတယ်
ဆိုင်သူ မင်း မသိအောင်ပေါ့။

ဒီလိုနဲ့ပဲ..
ငါ့နေ့ရက်တွေလဲ လှိုက်စားပြိုပျက်
အိမ်မက်တွေ လွန်းသီရင်းနဲ့
စိတ်ကူးတွေတောင်

လွင့်..

ဝေး..

ပြို..

ပျက်။ ။

(ကွမ်းခေး)

2 comments

  • kyeemite

    December 15, 2014 at 10:31 am

    .သရုပ်ဖေါ်ကဗျာပီပါပေတယ်ဗျာ..ကွက်ကွက်ကွင်းကွင်းပဲ

Leave a Reply