အပူပင်မဲ့စွာ စာသင်ခွင့်ရကြပါစေ
TVကနေ ဖျော်ဖြေမှု အစီစဉ်တခုကို ကြည့်နေတုန်း အောက်ကနားဘက်က ဟိုက်လိုက်ထိုးထားတဲ့ စာတမ်းလေးတစ်ခု အမှတ်မထင်ဖြတ်ပြေးသွားခဲ့တယ် … ။ အမှတ်တမဲ့ မြင်ခဲ့ရတဲ့ စာသားလေးတစ်ခုက ကျွန်မ စိတ်အာရုံကို ဖမ်းစားလိုက်တာ ၊ ထိုင်ကြည့်နေတဲ့ ဖျော်ဖြေမှု အစီစဉ်ကိုတောင် မေ့သွားမိတဲ့ အထိပေါ့ ။
%%%%%%%%%%%%%%%%%%%%%%%
” အခမဲ့ ပညာရေး “
၂၀၁၁-၂၀၁၂ပညာသင်နှစ်ကနေ စတင်ခဲ့တဲ့ မူလတန်း အခမဲ့ပညာရေးစနစ်က ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှာတော့ အလယ်တန်းထိ တိုးမြင့်လုပ်ဆောင်လာနိုင်တာ သိရတော့ ၊ ချို့တဲ့ပြီး ပညာလိုချင်ကြတဲ့ ကလေးတွေအတွက် ဝမ်းသာမိပါတယ် ။ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှာ ဘာအကြောင်းပြချက်နှင့်မှ အလှူငွေ / ငွေကြေး တစုံတရာ ကောက်ခံခြင်းမပြုအောင်လည်း တင်းတင်းကြပ်ကြပ်တားမြစ်ထားတာကြောင့် သာဓုခေါ်စရာကောင်းတဲ့ ပညာရေးအထောက်ကူပြု စီမံချက်တစ်ခုပါပဲ ။
အစိုးရကျောင်းတွေကနေ အခမဲ့ ပညာရေး စနစ်ကို ၂၀၁၁-၂၀၁၂ပညာသင်နှစ်ကနေစတင်ခဲ့တယ် ဆိုပေမယ့် ဒီထက်ရှေ့ကျ တည်ထောင်ထားတဲ့ ဘုန်းတော်ကြီးသင် (သီလရှင်သင်) ပညာရေး ” ဘက ” ကျောင်းတွေပေါ်ခဲ့တာလည်း ကြာခဲ့ပါပြီ ။ အလှူရှင်တွေ ပရဟိတအဖွဲ့တွေအပြင် စေတနာ့ဝန်ထမ်းဆရာ/ဆရာမတွေ လုပ်အားနဲ့ ဝိုင်းဝန်းရပ်တည်ခဲ့တဲ့ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း ( သီလရှင်သင် ပညာရေးကျောင်း)တွေမှာလည်း ပညာသင်သူဦးရေ တိုးမြဲ တိုးစဲပါပဲ ။ ကိုယ့်နိုင်ငံတွင်းက ကလေးတွေ အသိပညာ အတတ်ပညာသင်နိုင်အောင် ထောက်ပံ့ပေးနေတဲ့နေရာတွေရှိနေတာ ဝမ်းသာစရာပါ … ။
ပညာရေးဝန်ကြီးဌာနကပါ … ဒီစနစ်ကို ထုတ်ဖော် ၊ ဖော်ဆောင်လာတဲ့အခါ ကျွန်မတို့ နိုင်ငံထဲက ကလေးတွေအဖိုးခမဲ့စွာ စာသင်နိုင်တဲ့နေရာတွေ တိုးလာတော့မှာပါလားဆိုတဲ့ အသိကြောင့် ကြည်နူးရပြန်ပါတယ် ။
%%%%%%%%%%%%%%%%%%%%%%%
” အခမဲ့ မသင်မနေရ မူလတန်း ပညာသင် စနစ် “ ဆိုတဲ့ စာတမ်းလေးကို ကျွန်မ မြင်ခဲ့ရတာပါ ။ စနစ်သစ်တစ်ခု အနေနဲ့ ” မသင်မနေရ ” ပညာရေး စနစ်ကို အကောင်ထည်ဖော်တာ ၊ အသက်ရွယ်ပြည့်ပြီး စာသင်ကြားဖို့ကြံ့ကြာနေတဲ့ ကလေးတွေအတွက် အထောက်ပံ့ဖြစ်ပေမယ့် ….. ကလေးလုပ်သားတချို ့အတွက်တော့ အခုထက်ထိ စာသင်ဖို့ ခက်ခဲနေကြတုန်းပါပဲ ။
၂၀၁၄ ဒီဇင်ဘာလဆန်းက ချောင်းသာကို ကျွန်မရောက်ခဲ့တယ် …. ဒေသခံ ဈေးရောင်းတဲ့ လူတွေအများကြီးထဲ သောင်ပြင်ပေါ်ဈေးရောင်းနေတာ အများစုက ကလေးအရွယ်တွေပါပဲ ။ မူကြိုအရွယ်ကစလို့ မူလတန်း အလယ်တန်းအရွယ်တွေထိပဲ ဒေသထွက်ကုန်တွေ ရောင်းကြသလို ကဏန်းတွေ ၊ ဂုံးတွေကို ဇီဝိတဒါန လွှတ်ဖို့လည်း လိုက်ရောင်းကြတယ် ။
ကဏန်းထည့်ထားတဲ့ ရေပုံးကို မနိုင်တနိုင်လက်တဖက်နဲ့ ဆွဲလို့ ၊ ပေစောင်းစောင်းလမ်းလျှောက်လာတဲ့ ကလေးတစ်ယောက်ကို စပ်စပ်စုစု မေးကြည့်ခဲ့ဖူးတယ် ။ အသက်ကတော့ သုံးနှစ်ကျော်ရုံပါ ။ အဖေမရှိရှာတော့ဘူး အမေရယ် ၊ အကိုရယ်နဲ့ နေပါတယ် ။ အမေကတော့ ဧည့်သည်တွေအတွက် ဟင်းလိုက်ချက်ပေးတဲ့ အလုပ်ကို လုပ်ပြီး ၊ အကိုကတော့ ဆိုင်ကယ် ကယ်ရီ ဆွဲပါသတဲ့ ။ ကျောင်းမနေဘူးလားမေးတော့ မနေဘူးတဲ့ ။ သူများတွေလို စာမသင်ချင်ဘူးလား ကျောင်းမသွားချင်ဘူးလားမေးပြန်တော့ ၊ ကျောင်းသွားလျှင် ပိုက်ဆံမှ မရတာ အစ်မရဲ့တဲ့လေ ။ စာတတ်တယ်ဆိုလျှင် အခုရှာနိုင်တာထက် ပိုရှာနိုင်မယ် ၊ ပိုကောင်းတဲ့ အလုပ်တွေ လုပ်နိုင်မှာလို့ စည်းရုံးကြည့်တော့ ၊ နီရဲ ဖွာလန်ကြဲနေတဲ့ ဆံပင်တွေကို တဗျင်းဗျင်းကုတ်ရင်း …. မသင်ချင်ဘူးလို့ ပြတ်ပြတ်သားသား ငြင်းဆန်လေရဲ့လေ ။ သားကျောင်းတက်ဖို့ အကျီ င်္လည်း မဝယ်နိုင်ဘူး ၊ အမေ့ကိုလည်း ကူလုပ်ပေးရဦးမယ်တဲ့လေ ။
စာမသင်တော့ ပိုက်ဆံရော တွက်တတ်ရဲ့လား မေးမိပြန်သေးတယ် ။ စာမဖတ်ခဲ့ရပေမယ့် ပိုက်ဆံတော့ကောင်းကောင်းတွက်နိုင်ကြောင်းနဲ့ ပိုက်ဆံတွေရဲ့ အရောင်နဲ့ပုံသဏ္ဍန်ကိုကြည့်ပြီး ဘယ်လောက်တန်ဖိုးရှိသလဲ ခွဲခြားနိုင်ကြောင်လည်း သိခဲ့ရတယ် … ။
ကဏန်းလွှတ်ဖို့ လိုက်ရောင်းနေတဲ့ ကလေးက ကျွန်မ တူလေးနဲ့ယှဉ်လျှင်တောင် သုံးနှစ်လောက် ငယ်ပါသေးတယ် ။ ကဏန်းပုံးမပြောနဲ့ သူမျက်နှာသစ်ဖို့ ရေခွက်တောင် နိုင်အောင် မ မချင်တဲ့ တူတော်မောင်နဲ့ယှဉ်ပြီး ၊ စိတ်မကောင်းဖြစ်မိခဲ့သေးတယ် ။
မိုးမလင်းခင် ကဏန်းပုံးကြီး မနိုင်တနိုင်ဆွဲလို့ … သောင်ပြင်ပေါ် ဈေးရောင်းနေတဲ့အချိန်ကတည်းက သူတို့ ဦးတည်ရာက ငွေရဖို့အတွက်ပါ ။ တနေ့စာရောင်းရငွေကို အမေ့ကို ပြန်အပ်ပြီး နောက်ရက်အတွက် အရင်းထပ်လုပ်ရပြန်သတဲ့လေ ။ နေပြင်းလို့ ကဏန်းတွေ သေကုန်လျှင် ရှုံးကြောင်းနဲ့ အရင်းပြုတ်လို့ ဈေးမရောင်းခဲ့ရတဲ့ နေ့တွေလည်းရှိကြောင်း သိရပြန်ပါတယ် ။ အဲ့ဒီနေ့က သူ့ကို အိမ်ပြန်စောစေချင်တာကြောင့် ကဏန်းတပုံးလုံးကို ဈေးဖြတ်ဝယ်ခဲ့တယ် ။ ကဏန်းအရေတွက် ဘယ်လောက်မှန်းမသိပေမယ့် သုံးထောင့်ငါးရာရလျှင် အိမ်ပြန်လို့ ရပြီပြောလို့ ၊ ကဏန်းတပုံးလုံး သုံးထောင့်ငါးရာနဲ့ အကောင်မရေတွက်ပဲ ရောင်းဖို့ ဈေးဖြတ်လိုက်တယ် ။ ကဏန်းတွေကို ရေထဲချတော့ အကောင် ငါးဆယ်ကျော်တယ် ….. နောက်ဆုံး ကဏန်းရေထဲ ရောက်သွားတာနဲ့ …. ဟာ သားရှုံးတယ်တဲ့လေ ။ တစ်ကောင်ကို တစ်ရာနဲ့ ရောင်းလျှင် ငါးထောင်ကျော်ရမှာကိုတဲ့ ။ စာသာ မသင်ခဲ့ရတာ သချင်္ာအရေတွက်ကို ကောင်းကောင်းမှန်အောင် တွက်နိုင်တယ် ။ အရောင်းဝယ် မလုပ်ခင်က သဘောတူခဲ့တဲ့ အတိုင်းပဲ သုံးထောင့်ငါးရာ အတိပဲ ထုတ်ပေးခဲ့တယ် ။ ကျွန်မ ကပ်စီးမနည်းပါဘူး ဒါပေမယ့် အပြန်လှန် သဘောတူခဲ့တဲ့ အရောင်းဝယ်တစ်ခုကိုစောင့်ထိန်းရတယ်ဆိုတဲ့အသိ ၊ သူ့ကိုပေးချင်ခဲ့လို ့ပါပဲ ။
လက်တဖက်က ပိုက်ဆံကို ကျစ်ကျစ်ပါအောင် ဆုတ်ပြီး ကျန်တဖက်က ကဏန်းပုံး အလွတ်ကိုကိုင်လို့ ခုန်ပေါက်ပြန်သွားတဲ့ကောင်လေးကို ကြည့်ရင်း …. အခမဲ့ ပညာရေး လုပ်ပေးနေပါလျှက် ပညာ မသင်နိုင်တဲ့ ကလေးတွေလည်း ရှိနေတုန်းပဲရယ်လို့ ….
%%%%%%%%%%%%%%%%%%%%%%%
အစိုးရကျောင်းတစ်ခု တက်ဖို့ဆိုလျှင် တူညီဝတ်စုံ ယူနီဖောင်းကို ဝတ်ရတယ် ၊ ကျောင်းက ထုတ်ပေးတဲ့ လက်မောင်းတံဆိပ်(ကျောင်းတံဆိပ်) ၊ ရင်ဘတ်တံဆိပ် (အတန်းတံဆိပ်) စတာတွေကို အကျီ င်္မှာ တပ်ရတယ် ။ တချို့ကျောင်းတွေဆို ကျောင်းစိမ်းအရောင်ကိုတောင် အနုရင့် ၊ အစက်ပြောက်မပါရ စသဖြင့် ၊ တသမတ်တည်းသတ်မှတ်ထားပြီး ကျောင်းဝတ်စုံပုံစံ နှင့် တူညီ ဖိနပ်အရောင်ကိုစီးရတာလည်း ရှိတယ် ။ စာသင်ကြားဖို့အတွက်တင် အခမဲ့ မဟုတ်ပဲ ၊ စာသင်သားရဲ့ ကျောင်းတက်ဝတ်စုံကိုပါ ထောက်ပံ့ပေးနိုင်လျှင် အဝတ်စားမဝယ်နိုင်လို့ကျောင်းတက်မတက်ရဲတဲ့ ကလေးတွေကို စာသင်ခန်းမှာများတွေ့နိုင်မလားရယ်လို့ ကြံကြံဖန်ဖန်တွေးမိပါတယ် ။
ကျောင်းဝတ်စုံနဲ့ ပတ်သတ်လို့ကတော့ ဘက(ဘုန်းတော်ကြီးသင်ပညာရေးကျောင်း) တွေမှာ အစိုးရကျောင်းတွေလောက် တူညီဝတ်စုံစည်းမျဉ်း မကြပ်ထားတာကြောင့် အဖြူစိမ်းဖြစ်လျှင်ပြီးရောလို့ ဝတ်လာတဲ့ကလေးတွေလည်း ရှိသလို ၊ တချို့ ဘက ကျောင်းတွေဆို အရပ်ဝတ်နဲ့ပဲ စာလာသင်ကြတယ် ။ လွယ်အိတ်မလို ကြွတ်ကြွတ်အိတ်နဲ့ စာအုပ်သယ်လာကြတယ် ။ ဖိနပ်မပါပဲလည်း စာလာသင်တဲ့ ကလေးတွေရှိတယ် ။ ဘယ်ဘက ကျောင်းကမှ ရိုက်မလွှတ်ခဲ့ဘူး ။ လာသမျှကို သင်ပေးခဲ့တာချည်းပါ ။
အခုအကောင်ထည်ဖော်နေတဲ့ ” မသင်မနေရ မူလတန်း ပညာသင်စနစ် ” ကို ကြိုဆိုပါတယ် ဒါပေမယ့် ဒီကလေး အေးအေးချမ်းချမ်း အနှောင်ဖွဲ့လွတ်ကင်းစွာ စာသင်နိုင်ဖို ့ …. လက်ရှိ အလုပ်လုပ်နေတဲ့ ကလေးတစ်ယောက်ရဲ့ ကျောင်းချိန်ပြင်ပမှာ ငွေရှာနိုင်ဖို့ရယ် ၊သူ့ဝင်ငွေနဲ့ မမှီ တမှီ ထောက်ပံ့ပေးနေတဲ့ မိသားစုရယ်အတွက်ပါ ၊ တဖက်ဖက်က အလုပ်ကိုင်ပါ ဖန်တီးပေးမယ်ဆိုလျှင် … စာသင်သားဦးရေ နဲ့ ကျောင်းမြဲတဲ့ ကလေးဦးရေများ တိုးလာမလားရယ်လို့ စိတ်ကူးယဉ်မိပြန်တယ် ။
အားးးးး
အတွေးတွေ နယ်ချဲ ့တာလွန်သွားပြီ ….. ။
” အခမဲ့ မသင်မနေရ မူလတန်း ပညာသင် စနစ် “ အောင်မြင်ပါစေလို့ပဲ ဆုတောင်းပါတယ် ။ ကလေးတိုင်း စာသင်ဖို့ အခွင့်ရေး ရကြပါစေ ။
19 comments
manawphyulay
December 27, 2014 at 4:31 pm
အခမဲ့ ပညာရေးတွေ လုပ်ပေးနေပေမယ့် လူတိုင်းမတက်နိုင်တာ နေရာတိုင်းမှာ မရှိသေးတာရယ်
နောက်တစ်ချက်က မိဘတွေရဲ့ ကလေးတွေအပေါ် ပညာရေးအားမပေးတာရယ်
စီးပွားရေးချို့တဲ့မှုတွေကြောင့်ရယ်
ကလေးတစ်ယောက်ရဲ့ တစ်နေ့ လုပ်အားခ ၃၀၀ဝ – ၅၀၀ဝ ဖြစ်နေလေတော့ သားသမီးတွေကို ဝမ်းစာအတွက် ကျောင်းတက်ဖို့ မတိုက်တွန်းကြတာ သိပ်တော့ အဆန်းတကြယ်မဟုတ်ပြန်ပါဘူး။
ပတ်ဝန်းကျင်ရဲ့ ပညာရေးအားပေးမှုကလည်း အထူးအရေးပါလှပါတယ်။ နောင်တစ်ချိန်မှာ ကလေးတွေရဲ့ အနာဂတ်ဟာ အရင်ဆုံးတော့ မိဘတွေရဲ့ လက်ထဲမှာ ရှိနေပါတယ်။ အခမဲ့ ပညာရေးတွေ လုပ်လာပေမယ့် သူတို့လေးတွေ ကျောင်းစာမှာ ပျော်နေဖို့လည်း အထူးလိုအပ်လှပြန်ပါတယ်။ တကယ်တော့ သိပ် မလွယ်ကူတဲ့အရာတစ်ခုပါ။ ကလေးတွေရဲ့ ဘဝရှေ့ရေးဟာ အတော် ရင်လေးစရာ ကောင်းလှပါတယ်…… အားလုံးဝိုင်းဝန်းအားပေးဖို့နဲ့ အခမဲ့ပညာရေးတွေ နေရာတိုင်းမှာ ပြန့်ပွားနေုဖို့သာ ဆုတောင်းနေမိပါတော့တယ်…..
ခင် ခ
December 27, 2014 at 5:33 pm
မူလတန်းကို အခမဲ့ပညာသင်ခွင့်ရခဲ့ရင်တောင် အဲဒီကလေး အလယ်တန်း အထက်တန်းတွေကို ဖြတ်ကျော်ကျောင်းထားစရိတ် မတတ်နိုင်သောဆင်းရဲမှု လူတန်းစားအလွှာတစ်ခုအတွက်တော့ စားသောက်နေထိုင်ရေးဟာ ပညာရေးထက် ပဓာနကျနေအုံးမှာဘဲလေ။
ဆင်းရဲမွဲတေမှု နည်းနိုင်သမျှနည်းလေမှသာတော်ကာကြမယ်လေ
ဝင့်ပြုံးမြင့်
December 28, 2014 at 9:00 pm
.ဦးလေး အီတုန်း ကို ရွာထဲမှာ ပြန်တွေ့ရလို့ ဝမ်းသာပါတယ်။ အချိန်မရလို့ ပို့စ်အတွက် ကွန်မင့် မစဉ်းစား အားတာ ခွင့်လွှတ်ပါချင့်။
မြစပဲရိုး
December 28, 2014 at 10:47 pm
တုံတုံ ရဲ့ အတွေး ဟာ အပြင် လောက ထဲမယ် သွေးထွက် အောင်မှန်ပါတယ်။
အမှတ်မမှားရင် ၁၉၉ဝ အလွန် မြို့ တွေပေါ်မှာ အလုပ် တွေ ကောင်း လာပေမဲ့ တောရွာတွေ မှာ ပိုပြီး ဆင်းရဲ တွင်း နက်လာတာ ပါ။
အခု ကိုယ် လက်လှမ်းမှီ တဲ့ ပါတ်ဝန်းကျင် မှာတော့ လယ်တွေ ကိုင်းတွေ မှာ အလုပ်တွေ ရှိလာပြီး ဝင်ငွေလဲ ကောင်းလာတယ် ပြောတယ်။
ဒီတော့ ကလေး တစ်ယောက် ကို ကျောင်းထား မဲ့ အစား လောလော ဆယ် ဝမ်းဝ မဲ့ အလုပ် ကို ဘဲ လုပ်ကြမှာ မလွဲပါဘူး။
ယူကေ မှာ အသက် ၁၄ နှစ် အထိ (အလယ်တန်း ပြီး) ကလေး တွေ အလုပ် လုပ်ခွင့် မရှိပါ။
၁၄ နှစ် က နေ ၁၈ ထိ အချိန်ပိုင်း နာရီ တစ်ချို့ နဲ့ ကန့်သတ် အလုပ် တွေမှာ သာ အလုပ်လုပ် ခွင့် ရှိပါတယ်။
မဟုတ်ဘဲ အလုပ်ခန့် ရင် ပြစ်မှုကျူးလွန် ပါတယ်။ ထောင်ချ ဒါဏ်ရိုက် ခံရမှာမို့ တော်ရုံ ဘယ်သူမှ မချိုးဖောက် ပါဘူး။
ကလေး ကို ကျောင်းမပို့ ရင် မိဘ က ပြစ်မှု ကျူးလွန်တာပါ။
ကလေး ကို မိဘ နဲ့ ခွဲထား တဲ့ အထိ ပြစ်ဒါဏ် ရှိပါတယ်။
ကျောင်းနေတဲ့ ကလေး တိုင်း အတွက် ချမ်းသာ ဆင်းရဲ မရွေး အစိုးရ က ပုံမှန် ထောက်ပံ့ ပါတယ်။
အဲဒါနဲ့ အဝတ်အစား ကျောင်း အသုံး အဆောင် ကောင်းကောင်း ဝယ်လို့ ရပါတယ်။
အသက် ၁၈ တက္ကသိုလ် မရောက်ခင် အထိ ကျောင်းစရိတ် အလကားပါ။
တက္ကသိုလ် တက် ရင်တော့ အစိုးရ က ကျောင်းသားတိုင်း ကို ကျောင်းစရိတ် ချေး ပါတယ်။
အလုပ် ရ ချိန် ပြန်ဆပ်ရပါတယ်။
ဒါတောင် လစာ နဲနဲ မြင့်ချိန်ရောက်မှ ပြန်ဆပ်ဖို့ တောင်းတာပါ။
ဒီတော့ ကလေးတွေ ရဲ့ ပညာရေး အတွက် ဘတ်ဂျက် ဆိုတာ မိဘ က ခေါင်းခံ စရာ မလို ဘဲ အစိုးရ က တာဝန်ယူ နေတာပါ။
မြန်မာပြည် မှာလား။
မနေ့ ကအန်ကယ်ဦးတင်ဝင်းလှိုင် အကယ်ဒမီပွဲ မှာ ရင်ဖွင့် သွားသလို ပိုက်ဆံ တွေ သိမ်းစရာ မရှိ တဲ့ သူ တွေ ရှိနေ သမျှ
နိုင်ငံ ရဲ့ ဘဏ္ဍာတွေ ဟာ ပျောက်နေဦးမှာဘဲ။
ကျောင်းအလကား နေခွင့် ဆိုတာ ဟန်ပြဖော်ရှိုး နာမည်ကောင်း ရရုံ လုပ်ပြ နေတဲ့ အနှစ်မပါတဲ့ ဇာတ်ဘဲ ဖြစ်မှာပါ။
အောင်မြင်နိုင်စရာ လုံးဝ(လုံးဝ) မရှိပါ။
ဘာကြောင့်လဲ ဆိုတော့
စေတနာ မပါလို့။
အသိံဉာဏ် မပါလို့။
ကြောက်နေကြလို့။
ဒါ့အပြင် သင်ပေး တဲ့ ဆရာ တွေ ရဲ့ စိတ်ဓာတ် ကိုလဲ ပဲ့ပြင်ဖို့ လိုနေပြီ။
သူတို့ ကလဲ သူတို့ ဝမ်းဝ ဖို့ အရေး ဘဲ ကြည့်မှာကိုး။
ခေါင် ကို ကမှ မလုံ တော့ အောက်လူ တွေ ကို ဘဲ မဲ သင့်သလား။
ပြောရရင်တော့ မဆုံးနိုင်။
တော်သေးပြီ။
ဒီလိုလေး လာလာပြီး စာချ ပါ ဦး သမီးရေ။
ပြောစရာ ရှိတာ တွေကို ဒီအချိန်မှာ ဖိ မပြောရင် ဒီအတိုင်းနဲ့ တိုင်းပြည် ရေစုံမျော နေတော့မှာပါ။
လွတ်လမ်းမရှိပေါ့။ 🙄
ခင်ဇော်
December 29, 2014 at 9:19 am
ကိုဂျီး ခ ပြောသလိုပဲ၊
ခေါင်းစဉ် အတိုင်းဖြစ်ဖို့ ဆို နိုင်ငံ ချမ်းသာမှပဲဖြစ်မယ်။
ရေတို လုပ်လို့မရ၊ ပရဟိတ သမားတွေပေါ်ပဲ ပုံလို့မရတဲ့ ကိစ္စတွေမို့။
ဒီ အစိုးရလက်ထက်မှာတော့ ဘယ်လောက် အော်အော်
ဟောရင်းနဲ့ပျံလွန်တော်မူမဲ့ ကိစ္စထဲ ပညာရေးလည်း ပါတယ်။
:h:
kyeemite
December 29, 2014 at 11:46 am
.ဘာပြောရမယ်မှန်းတောင်မသိဘူး…
.ရန်ကုန်မှာတော့ ကလေးလုပ်သားအပေါဆုံးပဲထင်ရဲ့
.သူတို့တနေကုန်အလုပ်လုပ်နေရတာ..ဘယ်အချိန်ကျောင်းတက်လို့ရပါ့မလဲ
.အဓိကကတော့ မိဘတွေပဲ…မိဘတွေကိုယ်တိုင်က ကလေးတွေကိုအလုပ်ခိုင်းနေလို့ ကျောင်းမနေရတာ
.ကျောင်းလည်းထား…ကျောင်းအားချိန်မှာလည်းခိုင်းဆိုရင်ရပါတယ်
.ကျုပ်တို့မှာမိသားစုများလွန်းလို့ ငတ်လုလုနေခဲ့ရတာ…မိဘတွေက တစ်ယောက်မှကျောင်းမထုတ်ဘူး..
.ကျောင်းချိန်ပြင်ပတော့ လုပ်နိုင်တဲ့အလုပ်ကူလုပ်ပေါ့…မှတ်မှတ်ရရ..ငါတန်းလောက်ကတည်းက
.ကျောင်းလည်းတက်..ဈေးလည်းရောင်းနေခဲ့ရတာပဲ..နွေပိတ်ရက်တွေဆို ပိုက်ဆံရမဲ့ ရရာအလုပ်မျိုးစုံ
.လျှောက်လုပ်ရင်း အိမ်ကိုထောက်ကူခဲ့တာပါပဲ…ဒါကြောင့်အုပ်ထိန်းသူကအရေးကြီးပါတယ်။
uncle gyi
December 29, 2014 at 11:04 pm
အစိုးရကတတ်နိုင်သလောက်လုပ်ပေးသော်လည်း
အဓိကအကျဆုံးကမိဘပါပဲ
ကိုယ့်ကလေးကိုအိမ်ရဲ့ဝင်ငွေဖြည့်ဖို့မွေးထားတဲ့စက်ရုပ်လိုသဘောထားနေတဲ့မိဘတွေ
များနေသမျှ အခမဲ့ပညာရေးဘယ်လိုပုံဖော်ဖော်
ပညာမသင်နိုင်တဲ့ကလေးတွေများနေမှာပါ
မအိတုန်ရေ
အလင်းဆက်@မောင်သူရ
December 30, 2014 at 8:34 am
ကျနော်ပြောဖူးပါတယ်
ကျနော့်သဘောအရဆိုရင်…အခမဲ့ ပညာရေးဆိုပြီး… ဆိုင်းဘုတ်ချိတ် နာမည်ကောင်းတပ်ထားရုံ….ပြီးစလွယ်ပညာရေးကို မလိုချင်ဘူး ။
အခသင့်… တိုင်းသူပြည်သားတွေရဲ့ ဝင်ငွေ ထွက်ငွေနဲ့ မျှတ သင့်လျော်ပြီး
အရည်အသွေး ရှိတဲ့ပညာရေးကိုပဲ..လိုချင်မိတယ်။
ကျနော်တို့ရဲ့ ….အနာဂတ်သားကောင်း…ကလေးငယ်တွေအတွက်…
စိတ်ချချင်လို့ပါ ။
အခုမြင်နေရသမျှ… အခမဲ့တော်တော်များများက….
အရည်အသွေးမမှီတဲ့… အခမဲ့= ပြီးစလွယ်တွေ..မို့…
ရင်လေးနေမိတယ်….
Shwe Ei
December 30, 2014 at 9:47 am
-ဆင်းရဲတွင်းနက်နေတဲ့ ပြည်သူလူထုကို အခမဲ့ပညာရေးနဲ့ ချွေးသိပ်လို့ရော..ဘာများထူးလာမှာပါလိမ့်
-ပညာရေး အရေးကြီးတာ သိသိနဲ့ သင်ရိုးညွှန်းတမ်းတွေ စွတ်စက်ပြောင်းပီး…အခုထိအစမ်းသပ်ခံဘဝက -တက်မလာသေးတဲ့ ပညာရေးအောက်မှာ…ခလေးတွေရဲ့ စဉ်းစားတွေးခေါ် နိုင်စွမ်းက …လက်ရှိအခြေအနေထက် ထူးခြားပီး တက်လာမယ်မထင်
-ကိုယ်တိုင်တောင် ကျောင်းဆက်တက်ဖို့ထက် အလုပ်ထွက်လုပ်ဖို့ -အားသန်ခဲ့တာဆိုတော့…ငယ်ငယ်ရွယ်ရွယ်နဲ့ငွေရှာတတ်သွားတဲ့ ခလေးကို ကျောင်းပို့ဖို့ ပိုခက်တော့မှာပေါ့
-ကဲ..ကဲ..သဂျီးမင်းရေ..အနှစ်၁၀၀ဝကျိန်စာဆိုလား..ဘာဆိုလား
Yae Myae Tha Ninn
December 30, 2014 at 3:19 pm
ဦးမိုက်ပြောတာ လက်ခံတယ်… မိဘပေါ်မှာ မူတည်တယ်… ကျွန်တော်ဆို ရန်ကုန်မှာ ကျောင်းတက်ရဖို့ မိဘတွေ နယ်က အလုပ်တွေ ဖျက်လိုက်တယ်… အခု ကျောင်းပြီး အလုပ်လုပ်တော့ နယ်က ဝင်ငွေရဲ့ ဆယ်ဖို့ တဖို့ မရဘူး… ဒါပေမဲ့ မိဘတွေက ပျော်တယ်.. တန်တယ် ထင်တယ်… ပိုက်ဆံက အရေးပါပေမယ့် နေရာတိုင်းမပါဘူး… 🙂
အောင် မိုးသူ
December 30, 2014 at 4:15 pm
အခမဲ့ပေမယ့် ကျောင်းမှာလိုတဲ့ ရေအိုးတို့ တံမြက်စည်းတို့ ဘာဘာညာညာကြေးတွေ ကောက်ခံဆဲပါပဲ။ နယ်မပြောနဲ့ မှော်ဘီဘက် မြောင်းတကာလိုနေရာမျိုးမှာ ဘုန်တော်ကြီးစာသင်ကျောင်းမှာတောင် ကလေးစာတော်ရဲ့သားနဲ့ မိဘက လယ်ထဲဆင်းခိုင်းတာတွေရှိခဲ့တယ်။ တစ်ခါက ကျတော်နဲ့ ပရဟိတအဖွဲ့ အစည်းအဝေးတစ်ခုမှာ ကျတော်တက်ပြောခဲ့တယ်။ ခင်ဗျားတို့ကလေးကိုသာ ဘာမှမခိုင်းနဲ့ ကျတော်တို့က ဘွဲ့ရတဲ့အထိတာဝန်ယူတယ်ဆိုပြီး စာတော်တဲ့ကလေးချည်းသီးသန့်သာ စကောလားရှစ်ပေးခဲ့ဖူးတယ်။ ခုတော့ စိတ်ချရတဲ့သူတွေနဲ့လွှဲထားခဲ့ပါပြီ သိပ်ဦးမဆောင်နီုင်တော့ဘူး။ လက်လှမ်းမီရာ ကလေးတွေကိုသာ တတ်နီုင်သလောက် လှူဖြစ်ပါတယ်။
kai
December 30, 2014 at 5:40 pm
အရင်ကတော့..
ကလေးတွေအလုပ်လုပ်ခွင့်မရှိတဲ့.. ဥပဒေနဲ့ ထိမ်းရင်… ရမှာပဲလို့ထင်မိတယ်…။
အခုတော့ အဲလိုမထင်တော့ပါဘူး..
ဘကပညာရေး အရင်ပျောက်အောင်လုပ်ပြီးမှပဲ.. ဖြစ်လာမယ်ထင်မိတယ်..။
ကိုရင်.. ဘုန်းကြီးကျောင်းသားဆိုတာ.. ဘုန်းကြီးခိုင်းတာ.. အကုန်လုပ်ရတာကိုး..။
အနိစ္စ…။ :i:
မြစပဲရိုး
December 30, 2014 at 6:47 pm
တစ်ချိန်က အခိုင်းခံ ဘုန်းကြီးကျောင်းသား ဘွ ကို များ ပြန်လည် အောက်မေ့ နာကျည်း နေလေသလား …. 🙄
lol:-)))
CharTooLan
December 31, 2014 at 4:09 pm
မန့်ကျဘာ…. မန့်ကျဘာ………
ကောင်းတာလေးတွေနှုတ်ပီး ဘနိုင်းထုတ်ပါမယ် 😀
padonmar
January 1, 2015 at 12:28 am
တေးကလုံရေ
စာတတ်ဖို့ထက် ထမင်းဝဖို့ ဦးစားပေးနေရတော့ စာမသင်ချင်ကြတာ မဆန်းတော့ပါဘူး။
နောက်နှစ်ကို ကျောင်းဝတ်စုံတွေ အခမဲ့ပေးမယ်လို့ ကြားမိတယ်။
ဒါလည်း ဖြေရှင်းနိုင်မယ် မထင်။
Swal Taw Ywet
January 1, 2015 at 5:42 pm
တီဒုံ မန့်တာတွေ့မှ ဘာမန့်ရမလည်းပေါ်တော့တယ်။
ပညာသင်ကြားရေးဖြစ်စဉ်- သင်ပေးသူနဲ့ သင်ယူသူကြားမှာ အဲဒီ ကျောင်းဝတ်စုံ Uniform ဆိုတာကြီး အမှန်တကယ် (တကယ်တန်းအကျိုးရှိအသုံးဝင်) လိုအပ်လို့လားခင်ဗျာ။
TU, ECO, Computer ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်နေရတာတောင် Uniform ဝတ်ခိုင်းထားသေးတာကိုပါ ထည့်စဉ်းစားသင့်နေပါသကော။
With respect,
Swal Taw Ywet.
Ma Ma
January 2, 2015 at 7:28 am
ကိုယ်ငယ်ငယ်ကတက်ခဲ့တဲ့ကျောင်းမှာဆိုရင် ကိုယ့်ရွယ်တူကလေးတွေ ဝတ်ဖို့မရှိလို့ လူကြီးအဝတ်တွေဖိုးရိုးဖားယားနဲ့ ကျောင်းတက်ကြတာ သတိရမိသေးတယ်။
ကျောင်းသားတွေကို အဝတ်အစားအပြိုင်အဆိုင်မဖြစ်အောင်၊တသွေးထဲ တပုံစံထဲမို့ စည်းလုံးညီညွတ်မှုရှိအောင် ကျောင်းဝတ်စုံတူညီဝတ်ခိုင်းတာလို့ ထင်ပါတယ်။
ပညာသင်ဖို့အတွက် ကျောင်းလာဖို့ အချိန်တောင် မတတ်နိုင်တဲ့ အခြေအနေမှာ တူညီဝတ်စုံ ဝတ်ခိုင်းဖို့ထက် စာသင်ကျောင်းကိုရောက်အောင်လာနိုင်ဖို့က ပိုအရေးကြီးပါတယ်။
အဓိက နဲ့ သာမည ဘယ်ဟာကို ဦးစားပေးရမလဲဆိုတာ မှန်မှန်ကန်ကန် ဆုံးဖြတ်ကြဖို့လိုပါတယ်။ 🙂
လုံမလေးမွန်မွန်
January 3, 2015 at 4:28 pm
ငင့်.. ဆယ်တန်းမအောင်တဲ့ သူငယ်ချင်းက ကိုယ့်ထက်ချမ်းသာတယ် အစ်မရယ်…
ကျောင်းတက်ပြီး ဘွဲ့ရတော့ရော.. ဘာလုပ်ရမှာလဲ ဆိုတဲ့ မိဘတွေရှိတယ်… အခမဲ့ပညာဆိုတာကလည်း မူလတန်းလောက်တင်ဆိုတော့… ၄ တန်းအောင်ရင် ဘာဆက်လုပ်ကြမလဲ… ထမင်းတောင် အနိုင်နိုင်စားနေရတဲ့ဘဝမှာ.. ဘယ်သူမှ ကျောင်းမထားချင်တော့ဘူး.. ကျောင်းဆိုတာကလည်း လက်သင့်ရာစက်တော်ခေါ်ကြတာများတယ်လေ…
ဆရာမခင်ခင်ထူးရဲ့ ဆူးပန်းခွေသွယ်ဘယက်နဲ့ ပေရွက်လိပ်နားတောင်းဆင် ဝတ္ထုကို ဖတ်ပြီး အဲဒီလို ဆရာမမျိုးတွေ အခုလောကမှာ တကယ်ရှိစေချင်လာတယ်..
etone
January 6, 2015 at 12:36 pm
” မသင် မနေရ ” ဆိုတဲ့ စာလုံး ကြီးကပ်ပါလာတာကို ကြည့်မရတာ …… :'(
အချိန် အခက်ခဲကြောင့် … comment တခုစီကို ပြန်မရေးဖြစ်တာ ခွင့်လွှတ်ပါချင့် … ။