ကြည်နူးစရာ အလှူရက်ကလေးမှာ ၃
မိုးဖွဲလေးများ ကျနေသော်လည်း ကျနော်တို့အဖွဲ့မှာ သက်ရင်းသာရွာလေးဆီသို့ ခရီးဆက်ခဲ့ကြရပေသည်။ မော်လူးမှ သက်ရင်းသာကျေးရွာသို့ သွားသည့်လမ်းကား ကျေးရွာချင်းဆက်လမ်းမ(သို့) လေးတန်ရိုးရွာများသို့သွားသည့် လမ်းမဟု ခေါ်ဆိုကြသည်။ မော်လူးမှ အနောက်ဘက်သို့ ထွက်လိုက်သည်နှင့် တောင်နှင့်မြောက်တွင် လယ်ကွင်းများရှိပြီး လယ်ကွင်းများကို ခြားထားသည့် လမ်းမကြီးဖြစ်သည်။ ကျေးလက်လမ်းဆိုတော့ အရင်က မြေသားလမ်း နောက်တော့ ကျောက်ခင်းလမ်း အခုတော့ ကျောက်အပေါ်မှာ သဲမြေခင်းထားသည့်လမ်း ဖြစ်နေသည်။ လေးတန်ရိုးဟူသည့်အမည်ကို ဖတ်ရသူများ ဆန်းနေလိမ့်မည်ထင်ပါသည်။ အဘယ်ကြောင့် လေးတန်းရိုးရွာဟု ခေါ်သနည်း။ လေးတန်ဟု အမည်ရသည့် ချောင်းကမ်းနံဘေးတွင် ရွာများ အစီအရီရှိနေကြသည်။ ထိုရွာများကို အလွယ်တကူ ချောင်းအမည်ကို အစွဲပြုပြီး လေးတန်ရိုးရွာဟု ခေါ်ကြသည်။ ကျနော်တို့ အဖွဲ့သွားကြမည့် သက်ရင်းသာရွာသည်ကား လေးတန်းရိုးရွာများ၏ ဝင်ပေါက်ဟု ခေါ်ရမည်ထင်ပါသည်။ ရွာလေးမှာ ရွာတန်းရှည် အမျိုးအစားတွင်ပါဝင်ပြီး အိမ်ခြေ ၅ဝ ကျော်ခန့် ရှိပါလိမ့်မည်။ ဤရွာလေးမှာ ရှေးယခင်က ဘုန်းတော်ကြီးကျောင်း မရှိပါ။ အိမ်ခြေနည်းသည့်အတွက် သက်ရင်းသာရွာ၏ မြောက်ဘက်တွင်ရှိသည့် ပဲခူးကျေးရွာမှ ဘုန်းတော်ကြီးကျောင်းကိုသာ သွားရောက်ကြရသည်။ သာရေးနာရေး အလှူအတန်းစသည့် ကိစ္စများအတွက် ပဲခူးကျေးရွာမှ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ကြရသလို၊ ၎င်းကျောင်းမှ ဘုန်းတော်ကြီးကို ပင့်ဖိတ်ဆောင်ရွက်ကြရသည်။ ရွာသူ/သားတို့၏ အားထုတ်ကြိုးပမ်းမှုကြောင့် ယခုတော့ ဘုန်းတော်ကြီးကျောင်းလေးသာမက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းလေးကိုပါ ထူထောင်နိုင်ခဲ့ကြပေပြီ….။ ကျနော်တို့ အဖွဲ့ သက်ရင်းသာရွာ အဝင်က ဘုန်းတော်ကြီးကျောင်းဆီရောက်တော့ နံနက် ၁ဝ နာရီ ထိုးလုပြီ။ ဘုန်းတော်ကြီးကျောင်းကိုတက်ပြီး ဆရာတော်ကို ဖူးမြော်တော့ ဆရာတော် နေမကောင်းဖြစ်နေကြောင်း၊ လှူဒါန်းမှုအတွက် ကျေးဇူးတင်ကြောင်းများ မိန့်ကြား၏။ ကျနော်တို့ အဖွဲ့မှာ စာသင်ဆောင်ဖြစ်သည့် ဇရပ်ပေါ်သို့ တက်ကြပြီး လှူမည့် စာရေးကိရိယာများကို ပြင်ဆင်ကြတော့သည်။ ကျောင်းလေးမှာ ကျောင်းသား/သူဦးရေ ၅၆ ဦးရှိပြီး ဆရာမ သုံးဦးမှ တာဝန်ယူ သင်ကြားပေးနေကြခြင်းပင်…။ ဆရာမလေးများမှာ ဘွဲ့ရပြီးစလေးများ ဖြစ်ဟန်တူ၏။ ငယ်ငယ်ရွယ်ရွယ်လေးများဖြစ်၏။ ဆရာမ သုံးဦးအနက်မ တစ်ဦးက “ဟယ်…. ဆရာကြီးပါလား…”ဟု ကျနော့်ကိုနှုတ်ဆက်သည်။ ကျနော် ဆရာမလေးကို မမှတ်မိ။ သေချာကြည့်မိမှ ကျနော် ကျူရှင်သင်သည့် ကာလက ဆယ်တန်းအောင်သွားသည့် ကလေးမလေးဖြစ်နေသည်ကို တွေ့ရသည်။ ဒီကလေးမလေးနှင့် ပတ်သက်သည့် အကြောင်း အရာလေးကို ကျနော် ယခုအထိ မှတ်မိနေတုန်းပင် ညပိုင်းစာကျက်ချိန်မှာ မြန်မာစာ မေးခွန်းတိုလေးတစ်ခုကို ကျနော့်ကို မေး၏။ မေးခွန်းက သိင်္ဃသူသမီး၏ အဖေမှာ မည်သူဖြစ်သနည်း။ ဟူသည့်မေးခွန်း…. ကျနော်အဖြေက သိင်္ဃသူသမီး၏ အဖေမှာ သိင်္ဃသူဖြစ်သည်…ဆိုတော့ ဒီကလေးမက မဟုတ်ဘူးလေ ဆရာ… သိင်္ဃသူသမီးရဲ့ အဖေပါဆိုသည့် စောဒကတက်သံ ကျနော့်အဖြေကို မယုံကြည်ဟန်နှင့်မို့ ရှင်းပြခဲ့ရသေးတာမို့ မှတ်မိနေခြင်းပင်….။ စာသင်ခြင်းနှင့်ပတ်သက်ပြီး ကျနော် သတိမရခြင်၍ မေ့ပစ်ထားတာ သုံးနှစ်ရှိခဲ့ချေပြီ။ ဘဝတွင် သင်ခန်းစာများစွာ ရရှိခဲ့သလို အချိန်တွေရော ငွေကြေးတွေပါ ရင်းနှီးခဲ့ပေမယ့် ပြန်လည်ရရှိလိုက်သည်က နာကျင်စရာများ၊ မိတ်ဆွေသူငယ်ချင်းကောင်း မပီသမှုများသာ…… ထိုစဉ်က အကြောင်းအရာများကို ယခုပြန်တွေးလျှင် ယခု နာကျင်ခံစားရသည်သာ…. ထားတော့….။ ဆရာမလေးကို မေးမိသည်။ “ညာဉ်းက ကျောင်းပြီးသွားပြီလား”ဆိုတော့…” ဟုတ်ကဲ့ ဆရာကြီး physics နဲ့ ပြီးသွားပါပြီ…. ကျောင်းပြီးသွားတော့ အလုပ်လျှောက်တာလည်း အဆင်မပြေလို့ ဒီနှစ် ဒီကျောင်းမှာ အရပ်ငှား ဆရာမလာဝင်လုပ်နေတာပါ”ဟု ဖြေ၏။ ဘယ်လိုဖြစ်ဖြစ် ဝမ်းသာရပါ၏။ မိမိ သင်ကြားပြသပေးဖူးသည့် တပည့်တစ်ယောက် ဆရာမ အဖြစ် ကလေးတွေကို စာပြန်သင်ပေးနေတာ မြင်ရတော့ ခံစားရသည့် ဝမ်းသာကြည်နူးမှုလေးကလည်း တစ်မျိုးပင်……။ ကျနော်တို့ အဖွဲ့မှာ လှူဒါန်းမည့် စာရေးကိရိယာများကို ပြင်ဆင်ပြီး ဆရာမလေးများသို့ ပေးအပ် ကလေးများကို စာရေးကိရိယာများ ဝေငှပြီး မှတ်တမ်းတင်ဓာတ်ပုံများရိုက်…. အလှူမှတ်တမ်းစာရင်းကို ပြုစု ဆရာမလေးများကို မှတ်တမ်းစာရင်း ပေးအပ်ကာ ဆရာမနှင့် ကလေးများကို နှုတ်ဆက်ပြီး ဇရပ်အောက်သို့ ဆင်းလာကြပြီး ပြန်ကြတော့မည့် ကျနော်တို့ အဖွဲ့သားများကို နေမကောင်းသည့် ဆရာတော်မှ ဘုန်းတော်ကြီးကျောင်းပေါ်သို့ လာရောက်ကြရန် ခေါ်နေပြန်သဖြင့် နောက်တစ်ကြိမ် ကျောင်းပေါ်သို့ ပြန်သွားကြရပြန်သည်။ ကျောင်းပေါ်တွင် ဆရာတော်မှာ ကျနော်တို့ အဖွဲ့အတွက် စားစရာများပြင်ဆင်ထားလေသည်။ ကျနော်တို့ အဖွဲ့သားများ မုန့်စားရင်း ရှေ့ဆက်သွားမည့် စာရေးကိရိယာ အလှူခရီးစဉ်အကြောင်း ညှိနှိုင်းနေကြတော့ ဆရာတော်မှ ကျနော်တို့ အဖွဲ့အကြောင်း မေးမြန်းလာတာမို့ ကျနော်မှ အဖွဲ့အကြောင်းကို လျှောက်ထားတော့ ဆရာတော်မှ ဝမ်းသားအားရ သာဓုခေါ်သလို ပရဟိတအလုပ်ကို ဆက်လက် လုပ်ဆောင်သွားနိုင်ပါစေကြောင်း ဆုတွေတောင်း ပေးနေတာမို့ စိတ်ထဲက ပေးတဲ့ဆုနဲ့ ပြည့်ပါရစေ ဘုရားဟု
ဆုတောင်းနေမိသည်။ ကျနော်တို့ အဖွဲ့ အလှူခရီးစဉ်ကို ညှိနှိုင်းပြီးသလို ဆရာတော် ချကျွေးသည့် မုန်းများကို စားပြီးသည် အထိ မိုးဖွဲလေးများက တဖွဲ့ဖွဲ့ ကျနေတုန်းပင်……ဆရာတော်ကို နှုတ်ဆက် ကန်တော့ပြီး မိုးဖွဲလေးများနှင့် အတူ ….. ငြိမ်းချမ်းစွာ… အေးချမ်းစွာ …. ကြည်နူးစွာ …. ပီတိဖြစ်စွာ….. အဖိုးတန်နေ့ရက်တစ်ရက် ဖြတ်သန်းနိုင်ခဲ့ပြန်ပြီဟု တွေးရင်း……..
ပျော်ရွှင်ချမ်းမြေ့ကြပါစေ
K.T.W.L
4 comments
kotun winlatt
January 4, 2015 at 4:13 pm
အင်းးးးးးးး ဖုန်းးးးနဲ့ စမ်းးးးလွှတ်လိုက်တာ ပုံဒွေထပ်သွား ပါလေရော ရွာသူ/သားများး ကျနော်တောသားးးးးး ဖုန်းနှင့်သုံး၍ အဆင်ပြေပါက မျက်စိနောက်ပါလိမ့်မည် ဒချိ ဒချိ ဒချိ
မြစပဲရိုး
January 4, 2015 at 6:16 pm
မျက်စိ နောက်ချင် လွန်းလို့ နောက် ချင် သလောက် နောက်ပါ ဆရာလေးရယ်။
ကျွန်မ သာ ပါဝါရှိရင် ဟို ပြည်သူ ကို ခြောက်ပွဲ ကြီး ရဲ့ ဘတ်ဂျက်လွန် တွေ ကို ဒီလို ကလေး တွေ ဆီမှာ သုံး ပေးချင်ရဲ့။
ဒီနေရာမှာတော့ သူတို့ ကံ နဲ့ သူတို့ လို့ပြောသူ ကို ပါးပိတ်ရိုက်ချင်တယ်။
kyeemite
January 5, 2015 at 11:19 am
.လိုအပ်ချက်ကွက်လပ်ကလေးတွေကို နိုင်သလောက်ဖြည့်ပေးနေတဲ့ ကိုထွန်းဝင်းလတ်တို့ပရဟိတအဖွဲ့လေးကို
.လေးစားချီးကျူးပါကြောင်း…နဲ့ ပီတိတွေကိုလည်းမျှဝေခံစားသွားပါကြောင်းဗျာ :))
padonmar
January 5, 2015 at 9:30 pm
ပရဟိတ ခရီးကို မှန်မှန်လှမ်းနေတဲ့အတွက် လေးစားပါတယ်။သာဓုလည်း ခေါ်ပါတယ်.