အလင်းခြုံတဲ့ သတင်း Zone-19

alinsettJanuary 8, 20157min1183

မင်္ဂလာပါ ။ အပတ်စဉ် တင်ဆက်ပေးနေတဲ့ အလင်းခြုံတဲ့ သတင်း Zone ရဲ့ …

သတင်းအစီအစဉ်ကနေ ယခုအပတ်တင်ပြပေးမယ့် သတင်းတွေကတော့…

 

  • အမေရိက ပြည်ထောင်စုရဲ့ ပြည်နယ်တချို့မှာ ဖြစ်ပွါးနေတဲ့ ရာသီဥတုဆိုင်ရာ သတင်းများ…

  • US နဲ့ ဆက်စပ်တဲ့ ဟော်တယ်များ ၊ ဘဏ်လုပ်ငန်းများကို အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ အင်ဒိုနီးရှားနိုင်ငံက နောက်ဆက်တွဲသတင်းများ…

  • Java ပင်လယ်ပြင်အတွင်းမှာ ပျောက်ဆုံးသွားခဲ့တဲ့ A320 Airbus ,                                               Air Asia လေယာဉ်ပျက်ကျခဲ့တဲ့နောက်ဆုံးရ သတင်းများ၊

  • ကချင်ပြည်နယ်မှာ တရုတ်နိုင်ငံသား (၁၀၀) ကျော်ပါဝင်တဲ့ တရားမဝင်သစ်ခိုးထုတ်နေအဖွဲ့ကို မြန်မာစစ်တပ်တပ်က ဖမ်းဆီးလိုက်တဲ့ သတင်း…

  • အစိုးရက လျော်ကြေးငွေ ပေးတာကို လက်မခံနိုင်ဘူးလို့ ငြင်းဆိုလိုက်တဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ပဋိပက္ခမှာ သေဆုံးခဲ့တဲ့ တောင်သူ ဒေါ်ခင်ဝင်းရဲ့ သတင်းနောက်ဆက်တွဲများ… နဲ့ ကြေးနီစီမံကိန်းကို ပြည်ပအဖွဲ့အစည်းတချို့က သွေးထိုးလှုံ့ဆော်နေတာဖြစ်ကြောင်း ပြောကြားလိုက်တဲ့သတင်းများ..

  • ကျန်းသစ္စာကျိန်ဆိုဖို့ ဝန်လေးနေကြတဲ့ ရန်ကုန်၊ စည်ပင်သာယာရွေးကောက်ပွဲမှာ အရွေးခံရတဲ့ကိုယ်စားလှယ်တွေရဲ့ သတင်း၊

  • လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကိုယ်စားလှယ်များအား ဖိတ်ကြားခဲ့ပြီး တက်ရောက်လာတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကို နိုင်ငံတော်သမ္မတနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ သီးခြားတွေ့ဆုံခဲ့ကြတဲ့ သတင်း…

  • ကုလသမဂ္ဂအထွေထွေညီလာခံက… ရိုဟင်ဂျာလူနည်းစု မွတ်စလင်တွေကို နိုင်ငံသားအဖြစ် သတ်မှတ်ပေးဖို့၊ တန်းတူအခွင့်အရေးတွေပေးဖို့ မြန်မာ အစိုးရကို တိုက်တွန်းလိုက်တဲ့ သတင်း….

  • မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူး ကိုယ်စားလှယ် Ms. Yanghee Lee ရဲ့ ရခိုင်ပြည်နယ် လေ့လာရေး ခရီးစဉ်သတင်း…

  • (၆၇)နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံအရေး ပြောကြားချက်များ…

  • လက်ကျန် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် လက်ဝါး လှုပ်ရှားမှုဆိုတဲ့ ပူးပေါင်းမှုဆိုင်ရာ သတင်းများ…

  • အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် (၄)နှစ်ပြည့် အထိမ်းအမှတ်၊ ရန်ပုံငွေပွဲဆိုင်ရာ သတင်းအချက်အလက်များ…

  • ၂၀၁၅ ဟာ နိုင်ငံရေးအရ ထူးခြားမှုရှိမယ့်နှစ် ဖြစ်ကြောင်း ပြောဆိုလိုက်တဲ့ သမ္မတဦးသိန်းစိန်ရဲ့ ထုတ်ဖော်ပြောဆိုမှုများအပါအဝင်… တစ်ပတ်အတွင်း ထူးခြားသတင်းတွေကို စုစည်းပြီး တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီလ ၊ ၃ ရက်နေ့ နောက်ပိုင်း အမေရိက ပြည်ထောင်စု အရှေ့ဘက်ခြမ်းမှာ

ဆီးနှင်းများ ၊ ရေခဲများ ကျရောက်ဖြစ်ပေါ်နေပြီး ၊ မစ္စစ်စပီပြည်နယ်မှာလည်း တိုနေဒိုး လေဆင်နှာမောင်း မုန်တိုင်းနှစ်ခုနဲ့ ပြင်းထန်တဲ့ မိုးကြိုးမုန်တိုင်းများ တိုက်ခတ်နေမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

US အနောက်အလယ်ပိုင်းနဲ့ အရှေ့ဘက်တွေမှာ ရက်သတ္တပတ်အတွင်း မုန်တိုင်းထန်ပြီး ဆီးနှင်း၊ ရေခဲ၊ မိုးတို့ ဖြစ်ပေါ်နေမှာ ဖြစ်တဲ့အတွက် ခရီးသွားလာရေး ပြဿနာများ တွေ့ကြုံရမည် ဖြစ်ကြောင်း မိုးလေဝသပညာရှင်များက သတိပေး ထားပါတယ်။

မုန်တိုင်းထန်နေမယ့် ဆောင်းဥတုကြောင့် အအေးဒဏ်ကို

မချိမဆန့် ခံစားကြရနိုင်ခြေရှိကြောင်း ၊

မုန်တိုင်းရဲ့ ဒုတိယပိုင်းဟာ ပလိန်းစ်လွင်ပြင်ဒေသက အစပြုပြီး အနောက်အလယ်ပိုင်းတောက်လျှောက် ဆီးနှင်း ၁ လက်မ ကနေ ၃ လက်မ အထိ ကျဆင်းနိုင်ကြောင်း ၊ သိရပါတယ်။

အမေရိက-ကနေဒါ နယ်စပ်တလျှောက် မြောက်ပိုင်း မင်နက်ဆိုးတားနဲ့ မြောက် ဒါကိုတာ မြောက်ပိုင်းတွေမှာလည်း ဆီးနှင်းများ ပိုမို ထူထပ်စွာ ကျဆင်းနိုင်ပြီး တချို့နေရာများမှာ ၆ လက်မမှ ၁၂ လက်မအထိ ရှိနိုင်တယ်လို့   AccuWeather.com မှာ ဖော်ပြထားပါတယ်။

ကာရိုလိုင်းနား ကမ်းရိုးတန်း လွင်ပြင်ဒေသနဲ့ ဗာဂျီးနီးယား ဒီရေ ရောက်ရှိရာ ဒေသများမှာလည်း လေမုန်တိုင်းအပါအဝင် တိုနေဒိုး လေဆင်နှာမောင်း ကျရောက်နိုင်ကြောင်း သတိပေးထားပါတယ်။

မုန်တိုင်းများ တိုက်ခတ်အပြီးမှာတော့ ကနေဒါမှာ အအေးဒဏ်ကို နှစ်ဆ ခံစားရနိုင်တယ်လို့ ဖော်ပြထားပါတယ်။

US ရောက် မြန်မာအများအပြား နေထိုင်နေကြတဲ့ အင်ဒီယာနာပြည်နယ်မှာလည်း ဆီးနှင်းနဲ့ ရေခဲများကြောင့် သွားလာရေး အခက်အခဲများ ဖြစ်ပေါ်နေပါတယ်။

လမ်းတွေပေါ်မှာ ရေခဲလွှာ ဖုံးအုပ်နေတာကြောင့် ယာဉ်များစွာ လမ်းချော်ခဲ့ကြောင်း                       ဖို့တ်ဝိန်းမြို့နေ မြန်မာတွေဆီက သိရရှိရပါတယ်။

အမေရိက ဆောင်းဥတု အအေးဒဏ်ကို အတွေ့အကြုံနည်းတဲ့ မြန်မာများအနေနဲ့                     လိုအပ်တဲ့ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ပြီးမှသာ ယာဉ်မောင်းနှင်သင့်ကြောင်း သတင်းပေးတင်ပြလိုက်ရပါတယ်။

a

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အင်ဒိုနီးရှားနိုင်ငံ၊ ဆူရာဘာယာမြို့မှာ ရှိတဲ့ US နဲ့ ဆက်စပ်တဲ့ ဟော်တယ်များ ၊       ဘဏ်လုပ်ငန်းများကို အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့နောက်မှာ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ US သံရုံးရဲ့ အင်တာနက်စာမျက်နှာပေါ်မှာ သတိပေးချက်တွေ ထုတ်ပြန်ထားကြောင်း သိရှိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာရောက်ရှိနေတဲ့ အမေရိက နိုင်ငံသားတွေအနေနဲ့ သွားလာတဲ့အခါတွေမှာ အထူးသတိထားပြီး သွားလာကြဖို့နဲ့ ပတ်ဝန်းကျင်ကိုလည်း သတိရှိနေဖို့ သတိပေးချက်ထုတ်ပြန်လိုက်တာပါ ။

အမေရိကနေ ပြည်သူများအနေနဲ့လည်း အင်ဒိုနီးရှားနိုင်ငံကို ခရီးသွားတဲ့အခါ ၊                               ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံမှာ နေထိုင်တဲ့ အမေရိက နိုင်ငံသားတွေအနေနဲ့   နိုင်ငံခြားရေးဌာနရဲ့ Smart Traveler မှတ်တမ်းတင်အစီအစဉ်မှာ စာရင်းပေးထားစေလိုကြောင်း ၊ ခရီးသွားသတိပေးချက်များ ၊ သတိထားစရာများအတွက် နိုင်ငံခြားရေးဌာနရဲ့ အင်တာနက်စာမျက်နှာကို စောင့်ကြည့်နေဖို့လိုကြောင်း                                         အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက တိုက်တွန်းထားကြောင်း သတင်းရရှိပါတယ်။

b

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ရ ။

ဒီဇင်ဘာလ ၂၈ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံကနေ စင်္ကာပူနိုင်ငံကို ပျံသန်းသွားစဉ်

Java ပင်လယ်ပြင်အတွင်းမှာ ပျောက်ဆုံးသွားခဲ့တဲ့ A320 Airbus , Air Asia လေယာဉ်ကို

Borneo ကမ်းရိုးတန်းမှာ ၁ဝ ရက်ကြာ ရှာဖွေမှုတွေပြုလုပ်ခဲ့ကြရာ …

လေယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့ လေယာဉ်ဝန်ထမ်းနဲ့ ခရီးသည် စုစုပေါင်း ၁၆၂ ဦထဲက ရုပ်အလောင်း ၃၉ လောင်းကို ရှာဖွေတွေ့ရှိပြီးနောက်မှာ

အခုထပ်မံပြီး သေဆုံးနေသူ ရုပ်အလောင်း ၂ လောင်းကို ဆယ်ယူရရှိပြီလို့ သတင်းရရှိပါတယ်။

 

A320 Airbus ခရီးသည် လေယာဉ်ဟာ အရေးပေါ်အချက်ပေးခြင်း မရှိဘဲ ရေဒါစက်ကွင်းကနေ ဒီဇင်ဘာလ ၂၈ ရက်နေ့က ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။                                                 အဓိကလေယာဉ် ကိုယ်ထည်ရှိနေရာလို့ ယူဆရတဲ့ နေရာဟာ ရေစီးအလွန်ကြမ်းနေတဲ့အတွက် ရှာဖွေရေးလုပ်ငန်းစဉ်တွေ အခက်ခဲဖြစ်နေရကြောင်း သတင်းရရှိပါတယ်။

 

c

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ရ ။

ကချင်ပြည်နယ် ၊ ဝိုင်းမော်မြို့နယ်တွင်းမှာ တရားမဝင်သစ်ခိုးထုတ်နေအဖွဲ့ကို မြန်မာစစ်တပ်တပ်က ဖမ်းဆီး မိခဲ့ပါတယ်။

ဖမ်းဆီးမိတဲ့အဖွဲ့မှာ တရုတ်နိုင်ငံသား (၁၀၀) ကျော်နဲ့ မြန်မာနိုင်ငံသား (၂၀) ပါဝင်ပြီး ဖမ်းဆီးရမိသူတွေထံကနေ KIA အဖွဲ့ စီးပွားရေးတာဝန်ခံ ၊ ဗိုလ်မှုးချုပ်အဆင့်ရှိ ဇော်ဘုတ်ထန်း လက်မှတ်ထိုးထားတဲ့ သစ်ထုတ်ယူခွင့်ပြုစာကိုလည်း သိမ်းဆည်းရမိကြောင်း သတင်းရရှိပါတယ်။

အဆိုပါ သစ်ခိုးထုတ်တဲ့ အဖွဲ့ကို လေကြောင်းကင်းထောက်မှုသတင်းအရ ဖမ်းဆီးနိုင်ခြင်းဖြစ်ပြီး တပ်မတော် စစ်ကြောင်းတွေက နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကချင်ပြည်နယ်တွင်းမှာ သစ်ခိုးထုတ်မှုတွေ အများစုရှိနေပြီး ဒေသတွင်းက အာဏာပိုင်တွေအပြင်၊ ဒေသခံ လက်နက်ကိုင် အဖွဲ့အစည်းတွေပါ ပါဝင်ပတ်သက်မှုရှိနေတယ်လို့ ကချင် ဒေသခံ အကြီးအကဲ တစ်ဦးဖြစ်တဲ့ ဦးအောင်ခမ်းက ပြောဆို ဝေဖန်လိုက်ပါတယ်။

သစ်တွေကို အခုလို ခိုးထုတ်နေကြတာဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နေတာကြောင့် သစ်ခိုးထုတ်မှုတွေကို ပြင်းပြင်းထန်ထန် အရေးယူကိုင်တွယ်ဖို့ ကချင် လူမှုအဖွဲ့အစည်းတွေကလည်း မြန်မာအာဏာပိုင်တွေနဲ့ ဒေသခံ အာဏာရှိ အဖွဲ့တွေကိုပါ အဆက်မပြတ် တောင်းဆိုနေကြပါတယ်။

d

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၆ ။

နိုင်ငံရေးအကျဉ်းသားတွေရဲ့ ထောင်တွင်းနေထိုင်မှု အခြေအနေတွေကို ဖြေရှင်းပေးနိုင်ရေးအတွက် မူလ ကရှိနေတဲ့ ”လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီ”ကို ”နိုင်ငံရေးအကျဉ်းသားများရေးရာ ကော်မတီ”အဖြစ် ပြောင်းလဲ ဖွဲ့စည်းလိုက်ကြောင်း ဇန်နဝါရီလ၊               ၆ ရက်နေ့ထုတ် အစိုးရသတင်းစာတွေမှာ သတင်းထုတ်ပြန် ကြေညာလိုက်ပါတယ်။

၂၀၁၃ ခုနှစ်၊ မေလ က သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း …                                     ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်တဲ့ လက်ကျန်နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီကို ဖျက်သိမ်းပြီး ”နိုင်ငံရေးအကျဉ်းသားများရေးရာ ကော်မတီ”ကို ပြောင်းလဲ ဖွဲ့စည်းလိုက်တာဖြစ်ကြောင်း သိရရှိရပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေရဲ့ အရေးကိစ္စတွေကို အောက်ခြေအဆင့်အထိ ကျယ်ပြန့်စွာ ဆောင်ရွက်ပေးနိုင်ဖို့အတွက် အဆိုပါ ကော်မတီကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်တဲ့ အမိန့်ကြော်ငြာစာမှာ ပါရှိပါတယ်။

ယခု အသစ်ဖွဲ့စည်းလိုက်တဲ့ကော်မတီကို အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးသန်းဌေးက အတွင်းရေးမှုး အဖြစ်ဆောင်ရွက်မှာဖြစ်ပြီး အစိုးရဝန်ကြီးဌာနဆိုင်ရာနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းများ အပါအဝင် နိုင်ငံရေးပါတီ ၁၆ ခုရှိ ကိုယ်စားလှယ်တွေလည်း ပါဝင်ဖွဲ့စည်းထားကြောင်း သိရပါတယ်။

မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်အသီးသီးမှာ လက်ရှိအချိန်အထိ ပြစ်ဒဏ်ကျခံနေကြရတဲ့ နိုင်ငံရေးအကျဉ်းသား (၇၀) ကျော်ရှိနေပြီး တရားရင်ဆိုင်နေရတဲ့နိုင်ငံရေးသမားတွေကတော့ (၁၇၀) လောက်ရှိကြောင်း သတင်းရရှိပါတယ်။

 

e

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၆ ။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ ၊ စုံစမ်း စစ်ဆေးရေးအဖွဲ့က လျော်ကြေးငွေပေးမယ် ဆိုပြီး လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ပဋိပက္ခမှာ သေဆုံးခဲ့တဲ့ မိုးကြိုးပြင်အလယ်ရွာက  တောင်သူ ဒေါ်ခင်ဝင်းရဲ့ သမီးဖြစ်သူ မဝင်းခိုင်ကို ခေါ်ယူညှိနှိုင်းခဲ့ကြောင်း သတင်းရရှိပါတယ်။

အစိုးရက လျော်ကြေးငွေ ပေးတာကို လက်မခံနိုင်ဘူးလို့ ပြောခဲ့ပေမယ့် အစိုးရကတော့ ယူယူ မယူယူ ပေးမှာပဲလို့ ဒေါ်ခင်ဝင်းရဲ့သမီးဖြစ်သူကို ပြောလိုက်ကြောင်း သိရှိရပါတယ်။

ဆားလင်းကြီးမြို့နယ် ၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ စစ်ကိုင်းတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးနဲ့                                                                 မုံရွာခရိုင် ဥပဒေအရာရှိ အပါအဝင် ဌာနဆိုင်ရာတာဝန်ရှိ သူတွေက ဒေါ်ခင်ဝင်းရဲ့သမီးဖြစ်သူ မဝင်းခိုင်ကို ခေါ်ယူတွေ့ဆုံခဲ့တာဖြစ်ပါတယ်။

လက်ပံတောင်းတောင်ပဋိပက္ခမှာ ဒေါ်ခင်ဝင်းသေဆုံးမှုနဲ့ ဒေသခံတောင်သူ ၁ဝ ဦး ဒဏ်ရာရခဲ့တဲ့အမှုကို …                                                                                               စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး ၊                                                          တိုင်းနဲ့ ခရိုင် ရဲမှူးတွေအနေနဲ့ တရားဥပဒေ အရအရေးယူပေးဖို့

ဒေါ်ခင်ဝင်းရဲ့မိသားစုဝင်တွေနဲ့ မြန်မာနိုင်ငံရှေ့နေများကွန်ရက်အဖွဲ့က ဆားလင်းကြီးမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားပေမယ့် အဆိုပါအမှုကို လက်မခံသေးဘူးလို့ သတင်းရရှိပါတယ်။

f

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၆ ။

ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲမှာ အရွေးခံရတဲ့ကိုယ်စားလှယ်တွေကို နိုင်ငံ့ဝန်ထမ်းအဖြစ် ကျမ်းသစ္စာကျိန်ဆိုဖို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့က အသိပေးလာတာကို အရွေးခံ ကိုယ်စားလှယ်တချို့က လက်မခံနိုင်တဲ့အကြောင်း သိရပါတယ်။

ပြည်သူတွေက ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်တွေဟာ ဝန်ထမ်းတွေ မဟုတ်တဲ့တဲ့အတွက် ဝန်ထမ်းအဖြစ်နဲ့ ကျမ်းကျိန်စရာ မလိုအပ်ဘူးလို့ ဥပဒေပညာရှင်တချို့ကလည်း ပြောဆိုပါတယ်။

အရွေးခံထားရတဲ့ ကိုယ်စားလှယ်တွေကို ကျမ်းသစ္စာကျိန်ဆိုဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဇန်နဝါရီလ ၆ ရက်မှာ အသိပေးအကြောင်းကြားလိုက်တဲ့နောက် ကျန်းသစ္စာကျိန်ဆိုဖို့ ဝန်လေးနေကြတာ ဖြစ်ပါတယ်။

ကျမ်းကျိန်ဖို့အတွက် ပေးပို့လိုက်တဲ့ပုံစံထဲမှာ ကိုယ်စားလှယ်တွေဟာ နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေတွေအတိုင်း လိုက်နာရမယ်လို့ ပါရှိနေတဲ့အတွက် ဒီအချက်ပါရှိနေတာကို အဓိက လက်မခံနိုင်တာ ဖြစ်ကြောင်း သိရှိရပါတယ်။

”စည်ပင်သာယာရေး ကော်မတီဝင်တွေကို အခုလို နိုင်ငံ့ဝန်ထမ်းအဖြစ် အလုပ်လုပ်ခိုင်းဖို့ ရည်ရွယ်တယ်ဆိုရင် အစကတည်းက ရွေးကောက်ပွဲဝင်ခိုင်း စရာတောင် မလိုအပ်ဘူး”လို့              ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူမှုအဖွဲ့အစည်းက ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဂျင်မီက ဝေဖန်လိုက်ပါတယ်။

နှစ်ပေါင်း ၆ဝ ကျော် မကျင်းပခဲ့ဘဲ အခုမှသာ တစ်ကျော့ပြန် ကျင်းပတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်အဆင့်ဆင့် ရွေးကောက်ပွဲတွေကို ဒီဇင်ဘာလ ၂ရ ရက်က ကျင်းပခဲ့တာဖြစ်ပြီး ”ရန်ကုန်မြို့တော်ဝန်”ကိုတော့ နို်င်ငံတော်သမ္မတက တိုက်ရိုက်ခန့်အပ်မှာဖြစ်ကြောင်း သတင်းရရှိပါတယ်။

g

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၅ ။

၂၀၁၅ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၂ ရက်(ပြည်ထောင်စုနေ့) မှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးနိုင်ဖို့အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသား လက်နက် ကိုင်ခေါင်းဆောင်တွေကို တိုက်တွန်းလိုက်တယ်လို့ သိရှိရပါတယ်။

နှစ်ပေါင်း ၅ဝ ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ကျင်းပတဲ့                        လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကိုယ်စားလှယ်များအား ဖိတ်ကြားခဲ့ပြီး တက်ရောက်လာတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကို နိုင်ငံတော်သမ္မတနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့က သီးခြားစီ တွေ့ဆုံဆွေးနွေးပြီး တိုက်တွန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံမှုမှာ …

ကရင်အမျိုးသား အစည်းအရုံး၊

ဝ ပြည်သွေးစည်း ညီညွတ်ရေးပါတီ၊

ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ၊

ပအိုဝ်းလွတ်မြောက်ရေး အဖွဲ့ချုပ်၊

ရခိုုင်ပြည် လွတ်မြောက်ရေးပါတီ၊

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး.. စတဲ့ တိုင်းရင်းသားလက်နက်ကို်င်အဖွဲ့ ၁၂ ဖွဲ့က ခေါင်းဆောင်တွေ ပါဝင်တက်ရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်း အပစ်အခတ် ရပ်စဲရေးတွေ လုပ်နိုင်မှသာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်နိုင်လိမ့်မယ်လို့ သမ္မတဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ နေပြည်တော်ရှိ

မြန်မာ ကွန်ဗင်းရှင်းစင်တာမှာ မနက် ၉ နာရီကနေ ၁ဝ နာရီခွဲလောက်ထိ တွေ့ဆုံဆွေးနွေးခဲ့ပြီး     တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း

ဘုရင့်နောင်ရိပ်သာမှာ ၁၁နာရီကနေ နေ့လည် ၁ နာရီခွဲလောက်အထိ သီးခြား တွေ့ဆုံခဲ့တယ်လို့ သိရှိရပါတယ်။

အဆိုပါတွေ့ဆုံပွဲကို …

ကချင် လွတ်လပ်ရေးအဖွဲ့ KIO၊

ပလောင် လွတ်မြောက်ရေးတပ်ဦး PSLF ၊

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့  …                                                                 ချင်းအမျိုးသားတပ်ဦး CNF တို့ကတော့ ဖိတ်ကြားထားပေမဲ့ မတက်ရောက်ခဲ့ဘူးလို့ သတင်းရရှိပါတယ်။

 

h

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဇန်နဝါရီ ၅ ။

စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းစဉ်တွေကို ပြည်ပ အဖွဲ့အစည်းတချို့ ပြည်တွင်းကကွန်ရက်အဖွဲ့တချို့က ပြဿနာတွေဖြစ်အောင် လှုံ့ဆော်ခဲ့ပြီး                  ဟန့်တားနှောင့်ယှက်ခြင်းသာ ဖြစ်ကြောင်း၊

ကြေးနီစီမံကိန်းမှာ ပြဿနာ တစ်ခုမဟုတ် တစ်ခု ဖန်တီးနေကြခြင်းဖြစ်ကြောင်း…

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအရေး စုံစမ်းစစ်ဆေးရေး ကော်မတီရဲ့ အစီရင်ခံစာမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အဆိုပါ အစီရင်ခံစာထဲမှာ ကြေးနီစီမံကိန်း စာချုပ် သဘောတူညီချက်အရ                                   ဒီစီမံကိန်းကနေ ရရှိမယ့် အကျိုးအမြတ်ကို နိုင်ငံတော်က ၅၀%  ၊                                                     စစ်တပ်ပိုင် ဦးပိုင် လီမိတက်က ၁၉ % နဲ့… မြန်မာ-ဝမ်ပေါင် ကုမ္ပဏီ က ၃ဝ % ရရှိမယ်လို့ ဖော်ပြထားပါတယ်၊  မြန်မာ – ဝမ်ပေါင် ကုမ္ပဏီက ဒေသခံတွေ ကို မြေယာလျော်ကြေးတွေပေးထားပြီး  နိုင်ငံတကာစံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ အစီရင်ခံစာတစ်စောင်ကိုလည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်တော ဝန်ကြီးဌာန၊               သစ်တောဦးစီးဌာန တို့ရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပြီးဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းထားပါတယ်။

ဒီ စီမံကိန်းကြောင့် ဒေသခံတွေလည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိမှာဖြစ်ပြီး             သာသနိက အဆောက် အအုံတွေကိုလည်း မူလပုံစံမပျက်ဘဲ                                                  နဂိုကထက် ပိုကြီးမားပြီး ခိုင်ခံ့အောင် ပြောင်းရွှေ့ တည်ဆောက်ပေးခဲ့တဲ့ အကြောင်းတွေလည်း ပါရှိပါတယ်။

ဒါ့အပြင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု စီမံကိန်းဖြစ်ပြီး နိုင်ငံ့အကျိုးစီးပွား၊ ဒေသခံတွေရဲ့ အကျိုးစီးပွားနဲ့ အနာဂတ်မျိုးဆက်တွေရဲ့ အကျိုးစီးပွားအတွက် ပြုလုပ်နေခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအပေါ် အဖျက်သဘောနဲ့ သွေးခွဲလှုံ့ဆော်မှုတွေကြောင့် မလိုလားအပ်တဲ့ ပဋိပက္ခတွေ မဖြစ်စေရေးအတွက်                                                             တိုင်းရင်းသားပြည်သူတွေကလည်း အသိ၊ သတိရှိကြဖို့ …                                                   စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ အကောင်အထည်ဖော်မယ့် ကော်မတီက မေတ္တာရပ်ခံလိုက်ထားကြောင်း သိရှိရပါတယ်။

ဒီလိုပြသနာတွေဖြစ်အောင် နောက်ကနေ လှုံ့ဆော် ပံ့ပိုးနေတဲ့ ပြည်ပအဖွဲ့အစည်းတွေကို                ဘယ်လို အရေးယူဆောင်ရွက်မလဲဆိုတာ အစိုးရအနေနဲ့ စဉ်းစားနေဆဲဖြစ်ပြီး ပြည်တွင်းမှာရှိတဲ့အဖွဲ့တွေကိုတော့ ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ သမ္မတ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကလည်း ထုတ်ဖော် ပြောဆိုထားပါတယ်။

i

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၅ ။

ကုလသမဂ္ဂအထွေထွေညီလာခံက… ရိုဟင်ဂျာလူနည်းစု မွတ်စလင်တွေကို နိုင်ငံသားအဖြစ် သတ်မှတ်ပေးဖို့၊ တန်းတူအခွင့်အရေးတွေပေးဖို့ မြန်မာ အစိုးရကို တိုက်တွန်းတဲ့ ဆုံးဖြတ်ချက် ချမှတ်လိုက်တာကို ရခိုင်အမျိုးသားပါတီ ANP က ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

၆၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ လူ့အခွင့်အရေးကော်မတီက တင်သွင်းတဲ့ မြန်မာနိုင်ငံတွင်းရှိ ရိုဟင်ဂျာလူနည်းစု မွတ်စလင်များ အခွင့်အရေးအတွက် ဆုံးဖြတ်ချက်မူကြမ်းကို ညီလာခံအဖွဲ့ဝင် (၁၉၃) နိုင်ငံက သဘောတူအတည်ပြုခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။

 

ကုလသမဂ္ဂအနေနဲ့ ရခိုင်ပြည်နယ်အတွင်းရှိ အခြေအနေတွေကို အသေးစိတ်လေ့လာပြီးမှ ပြဿနာတွေကို ဖြေရှင်းဖို့ ဘယ်လိုဆောင်ရွက်သင့်တယ်ဆိုတဲ့ အကြံဉာဏ်မျိုးကိုသာ ပေးသင့်ပါကြောင်း…

မွတ်စလင်ဘင်္ဂါလီ ပဋိပက္ခကို နိုင်ငံတကာက ဖိအားပေးတဲ့နည်းနဲ့ ဖြေရှင်းတာမျိုးမဟုတ်ပဲ ပြည်ထောင် စုမြန်မာနိုင်ငံမှာ ဘယ်လိုဥပဒေတွေပြဌာန်း ထားလဲဆိုတာကို                                     အရင် လေ့လာသင့်ပါကြောင်း…

ရခိုင်ပြည်သူတွေရဲ့ဆန္ဒနဲ့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ ထုတ်ပြန်ထားတဲ့ ဥပဒေတွေရဲ့အခန်းကဏ္ဍကိုလည်း ကြည်သင့်ပါကြောင်း…

အဲဒီလိုမဟုတ်ပဲ ဖိအားပေးနေတာတွေဟာ ပဋိပက္ခတွေ ပိုဖြစ်လာအောင် ဖန်တီးရာရောက်သွားနိုင်ပြီး ရခိုင်ပြည်နယ်ရဲ့ တည်ငြိမ်အေးချမ်းရေးကိုလည်း အနှောက်အယှက်ဖြစ်စေနိုင်ကြောင်း ရခိုင်အမျိုးသားပါတီ ANP က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

”ရိုဟင်ဂျာ”ဆိုတဲ့ စကားလုံးဟာ မြန်မာအစိုးရနဲ့ မြန်မာပြည်သူတစ်ရပ်လုံးက ကန့်ကွက်ထားတဲ့အမည်ဖြစ်ပြီး ”ရိုဟင်ဂျာ”တွေကို မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးဖို့ ဆုံးဖြတ်နေတာဟာ မြန်မာပြည်ရဲ့ အချုပ်အခြာအာဏာကို စွက်ဖက်ထိပါးတဲ့သဘော သက်ရောက်နေတာကြောင့် ဒီလိုဝင်ရောက် စွက်ဖက်မှုတွေကို နည်းလမ်းမျိုးစုံနဲ့ ကန့်ကွက်ဆန့်ကျင်သွားမှာ ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီရဲ့ ကြေညာချက်အရ သိရှိရပါတယ်။

j

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၅ ။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူး ကိုယ်စားလှယ်ဖြစ်တဲ့ Ms. Yanghee Lee ဟာ ဇန်နဝါရီ ရ ရက်နေ့မှာ ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေ ရဲ့အခြေအနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက လူမျိုးစုတွေ ရဲ့ လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်ကောင်းမွန်မှု ရှိမရှိ သွားရောက်ကြည့်ရှုမယ်လို့ သိရပါတယ်။

ဒီခရီးစဉ်ဟာ မြန်မာနို်င်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ကြည့်ရှုလေ့လာဖို့ ဒုတိယအကြိမ် ရောက်ရှိတာ ဖြစ်ပါတယ်။

Ms. Yanghee Lee ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်မှာ ပြည်နယ်ဝန်ကြီးချုပ်နဲ့ တွေ့ ဆုံပြီး၊                   ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ဆောင်ရွက်မှုတွေ နဲ့ပတ်သက်ပြီး   ဆွေးနွေးမှာဖြစ်ပါတယ်။

ဒါ့ပြင် နိုင်ငံရေးအကျဉ်းသားကိစ္စ၊ ၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်တရားမျှတရေး ကိစ္စ၊ မျိုးစောင့်ဥပဒေမူကြမ်း ကိစ္စတွေနဲ့ ပတ်သက်ပြီး အာဏာပိုင်များ ၊ အရပ်ဖက် လူမှုအဖွဲ့ အစည်းများနဲ့ တွေ့ဆုံပြီး မေးမြန်း စုံစမ်းမှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။

ဇန်နဝါရီ ရ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ၁ဝ ရက်ကြာ ခရီးစဉ်အတွင်း တွေ့ရှိသမျှ အချက်အလက်တွေကို လာမယ့် ဧပြီလအတွင်းမှာ ကျင်းပမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ အစီရင်ခံစာအဖြစ် တင်သွင်းမှာဖြစ်ကြောင်း သတင်းရရှိပါတယ်။

k

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၄ ။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က

မြန်မာပြည်သူတွေအနေနဲ့ လွတ်လပ်ရေးနေ့ အဓိဋ္ဌာန်ကို နားလည်အောင်လုပ်ကြပြီး               လွတ်လပ်ရေး ရေရှည် တည်တံ့ရေးအတွက် တန်ဖိုးထား ထိန်းသိမ်းကြဖို့ လိုအပ်ကြောင်း (၆၇)နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့အခမ်းအနားမှာ ပြောဆိုတိုက်တွန်းလိုက်ပါတယ်။

NLD အမျ်ိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်မြို့ ၊ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

အဆိုပါ အခမ်းအနားမှာ လွတ်လပ်ရေးကြေညာစာတမ်းနဲ့ အဓိဌာန်တွေကို ရွတ်ဆိုခဲ့ကြတဲ့အပြင် တရားဥပဒေစိုးမိုးရေး ၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြိုးပမ်းတည်ဆောက်သွားမယ့် နိုင်ငံရေးအေုခအနေတွေနဲ့ ပတ်သက်ပြီး NLD ရဲ့ သဘောထားတွေကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

(၆၇)နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ၊                       NLD နာယက ဦးတင်ဦး၊ ဗဟိုကော်မတီဝင်များနဲ့ ပါတီဝင်များ ၊ နိုင်ငံတကာ သံတမန်များ ၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူအဖွဲ့အစည်း ခေါင်းဆောင်များ… စသည်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

l

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဇန်နဝါရီ ၄ ။

မြန်နိုင်ငံရှိ လက်ကျန် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် လက်ဝါး လှုပ်ရှားမှုဆိုတဲ့ ပူးပေါင်းမှုတစ်ခုကို ဇန်နဝါရီလ ၄ ရက်၊ မြန်မာနိုင်ငံရဲ့ (၆၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့မှာ စတင်လိုက်ကြပါတယ်။

လက်ဝါးလှုပ်ရှားမှုဟာ အကျဉ်းထောင်တွေထဲက နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းခံနေရသူတွေရဲ့ နာမည်တွေကို လက်ဝါးပြင်မှာ ရေးထိုးပြီး သူတို့ လွတ်မြောက်ရေး တောင်းဆိုတဲ့ လှုပ်ရှားမှုဖြစ်ကြောင်း သိရပါတယ်။

ဒီလှုပ်ရှားမှုဟာ ဒီမိုကရေစီလမ်းစဉ်ကို လျှောက်လှမ်းနေတယ်ဆိုတဲ့                                           ဦးသိန်းစိန် သမ္မတ အစိုးရလက်ထက်မှာ နိုင်ငံရေး အကျဉ်းသားရယ်လို့ မရှိဘူးလို့ အစိုးရဘက်က ပြောဆိုထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ယနေ့ အထိ ရှိနေဆဲဖြစ်ဖြစ်ကြောင်း မီးမောင်းထိုးပြပြီး ကျန်ရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် လှုပ်ရှားတဲ့အနေနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများ ၊နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနဲ့နိုင်ငံရေးနယ်ပယ်က ထင်ရှားသူတွေဟာ အခုလို လက်ဝါး လှုပ်ရှားမှုကို ပူးပေါင်း ပါဝင်လိုက်ကြတာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

m

 

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၄ ။

သမ္မတဦးသိန်းစိန်လက်ထပ်၊ အစိုးရသက်တမ်း နောက်ဆုံးနှစ်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့နဲ့ ၂ဝ၁၅ ရွေးကောက်ပွဲကို လွတ်လပ် တရားမျှတစွာ ကျင်းပနိုင်ဖို့အရေးတွေဟာ အစိုးရအတွက် အဓိက စိန်ခေါ်မှုတွေဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဇန်နဝါရီလ ၄ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ (၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံ အခမ်းအနားမှာ အခုလိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

”စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့အတွက် မိမိနိုင်ငံ မိမိ လူ့အဖွဲ့အစည်းနဲ့ ဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေတွေကို မူတည်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြင်သင့်ပြင်ထိုက်တာတွေကိုလည်း ဥပဒေနဲ့အညီ ပြင်ဆင်သွားမှာ ဖြစ်ကြောင်း”လည်း ပြောဆိုခဲ့ပါတယ်။

အဆိုပါ ဗိုလ်ရှုခံအခမ်းအနားကို ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနဲ့ ဦးဉာဏ်ထွန်း၊ လွှတ်တော်ဥက္ကဌတွေ ဖြစ်တဲ့ သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်၊                          တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊                                                   ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တပ်မတော်အရာရှိများ…  ပြည်ထောင်စုဝန်ကြီးများ…၊ နိုင်ငံတကာ သံတမန်များ… ၊ လွှတ်တော်ကိုယ်စားလှယ်များနဲ့ နိုင်ငံရေးပါတီခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားကို တက်ရောက်ဖို့အတွက် ဖိတ်ကြားထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့            (၁၆) ဖွဲ့ထဲမှာ ကချင် လွတ်မြောက်ရေးအဖွဲ့၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ၊ ချင်းအမျိုးသားတပ်ဦးနဲ့ ပလောင်ပြည်လွတ်မြောက်ရေး တပ်ဦးတို့က တက်ရောက်ခြင်းမရှိဘူးလို့ သတင်းရရှိပါတယ်။

n

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၄ ။

ပုပ်ရဟန်းမင်းကြီး Francis က Cardinal ရိုမန်ကက်သလစ် အသင်းတော်အတွက် ဘုန်းတော်ကြီးတွေ ရွေးချယ်ရာမှာ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့က Archbishop ဘုန်းတော်ကြီး ချားလ်ဦးဘို- အပါအဝင် Archbishop နဲ့ Bishop အပါး ၂ဝ ကို ရွေးချယ်ကြောင်း ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံကနေ Cardinal ဘုန်းတော်ကြီး တပါး ရွေးချယ်ခံရမှုဟာ ဒါ ပထမဆုံး ဖြစ်ကြောင်း သိရပါတယ်။

အစဉ်အလာအရ ကာဒီနယ် ဘုန်းတော် ကြီးတွေဟာ ဥရောပ တိုက်သားတွေ အများစုဖြစ်ခဲ့ကြပေမဲ့ ပုပ်ရဟန်းမင်းကြီး အခုတစ်ကြိမ်ထုတ်ပြန်လိုက်တဲ့ စာရင်းမှာတော့                                         ကာဒီနယ် ဘုန်းကြီးသစ် ၂ဝ ထဲက ၁၅ ဦးဟာ မြန်မာ၊ အီသီယိုးပီးယား၊ တွန်ဂါ စတဲ့ အာရှ၊ အာဖရိက၊ လက်တင်အမေရိကနဲ့ ပစိဖိတ်ဒေသက ဘုန်းကြီးတွေ အသီးသီး ပါဝင်နေကြောင်း သိရပါတယ်။

”ကမာ္ဘ့တိုက်ကြီးအားလုံးထဲက နိုင်ငံပေါင်း ၁၄ နိုင်ငံကနေ Cardinal ဘုန်းတော်ကြီးတွေကို ရွေးချယ်ခဲ့ရတာဟာ Vatican နဲ့ ကမာ္ဘ့နေရာစုံမှာရှိတဲ့ Roman Catholic အသင်းတော်တွေကြားမှာ ခွဲခြားလို့မရတဲ့ ဆက်နွယ်မှုတွေ ရှိနေတယ်ဆိုတာ ပြသတာဖြစ်တယ် ” လို့ ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့ပါတယ်။

အခု အသစ်ရွေးချယ်ထားတဲ့ Cardinal အပါး ၂ဝ အတွက် တရားဝင်ခန့်အပ်ပွဲကိုတော့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

o

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၃ ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် (၄)နှစ်ပြည့် အထိမ်းအမှတ်၊ ရန်ပုံငွေပွဲကို ရန်ကုန်မြို့မှာ ဇန်နဝါရီ ၁ဝ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး မန္တလေးမြို့မှာ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

ရန်ကုန်၊ ပြည်သူ့ရင်ပြင်မှာ ဈေး ရောင်းပွဲတော်များ၊ ဂီတဖျော်ဖြေပွဲများအပြင်                     ပွဲတော်ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လာရောက်ဖွင့်လှစ်မှာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြုလုပ်ထားတဲ့ အမှတ်တရပစ္စည်းတစ်ခုကိုလည်း ပညာရေးကွန်ရက် ရန်ပုံငွေအတွက် လေလံတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

မန္တလေးမှာ လုပ်မယ့်ပွဲမှာတော့ ဈေးရောင်းပွဲတော်မပါဝင်ဘဲ IC တေးဂီတအဖွဲ့ရဲ့                             ဂီတ ဖျော်ဖြေပွဲသာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ပွဲတော်တွေက ရရှိတဲ့ ရန်ပုံငွေ ၂၅ရာ ခိုင်နှုန်းကို ပညာသင်ဆုပေးမှာဖြစ်ပြီး ကျန်ငွေများကို အထက်မြန်မာပြည်ရှိ ပညာဒါနကျောင်းများအတွက် ရန်ပုံငွေ အသုံးပြုသွားမယ်လို့ သိရပါတယ်။

NLD အဖွဲ့ချုပ်ရဲ့ ပညာရေးကွန်ရက် (၄)နှစ်ပြည့် ရန်ပုံငွေပွဲတော်ကို                                       ပညာဒါနကျောင်းများ ရေရှည်အောင်မြင်ပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပေးရန်…

ပညာဒါန ကျောင်းဆရာ၊ ဆရာမများ စွမ်းရည်မြှင့်သင်တန်းများဆောင်ရွက်ရန်…

ပညာရေးမြှင့်တင်မှုလုပ်ငန်းများကို နိုင်ငံတကာပညာရေးအဖွဲ့ အစည်းများနဲ့ ဆက်သွယ် ဆောင်ရွက်ရန်…

နယ်စပ်ဒေသနဲ့ ပဋိပက္ခ ဖြစ်ပွားနေတဲ့ ဒေသတွေအထိ ပညာရေး အကူအညီပေးနိုင်ရန်နဲ့ ပညာသင်ကြားဖို့ အခက်အခဲရှိနေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ပညာသင်ထောက်ပံ့ပေးရန်တို့ကို ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ကြောင်း ပညာရေးကွန်ရက်ထံမှ သိရှိရပါတယ်။

p

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၂ ။

မြန်မာနိုင်ငံမှာ ရှိနေတဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုပြီး တန်းတူအခွင့်အရေးတွေပေးဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံက ဆုံးဖြတ်ချက်တစ်ရပ်ချပြီး မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

မူဆလင် လူနည်းစုတွေအပေါ် မြန်မာအစိုးရရဲ့ ပြုမူဆက်ဆံပုံကို အထူးစိုးရိမ်မိကြောင်း၊ ရခိုင်ပြည်နယ်က လူအုပ်စုအသိုင်းအဝိုင်း ၂ ခုကြားမှာ ၂၀၁၂ ခုနှစ်တုန်းက ပဋိပက္ခတွေ ဖြစ်ပွားပြီးနောက်ပိုင်း ရိုဟင်ဂျာဦးရေ (၁) သိန်းခွဲလောက်ဟာ စုတ်ပြတ်နေတဲ့ ဒုက္ခသည် စခန်းတွေမှာ ကျပ်သိပ်စွာ နေထိုင်နေကြရတာကြောင်း ၊                                         အဲဒီမူဆလင်တွေကို နိုင်ငံသားအဖြစ် အပြည့်အဝ အသိအမှတ်ပြုဖို့နဲ့

မြန်မာအစိုးရ ပြောနေသလို ဘင်္ဂါလီတွေအဖြစ် မဟုတ်ဘဲ ရိုဟင်ဂျာအဖြစ် သူတို့ကိုယ်သူတို့ ဖော်ပြတာကို ခွင့်ပြုစေလိုကြောင်း ကုလသမဂ္ဂ တိုက်တွန်းထားပါတယ်။

q

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၂ ။

ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီး မြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်းမှာ ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ အမိန့်ကို နောက်ထပ် သက်တမ်း ၂ လ တိုးမြှင့်ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိပါတယ်။

ပုဒ်မ – ၁၄၄ ကို ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဖေဖော်ဝါရီ လကုန်အထိ ၂ လ သက်တမ်း တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။

ပုဒ်မ ၁၄၄ သတ်မှတ်ထားတဲ့ဧရိယာတွေကတော့ မိုးကြိုးပြင်ကျေးရွာအုပ်စု၊ ဖောင်းကတာကျေးရွာအုပ်စု၊ လက်ပံတောင်း တောင်ကြီး၊ ဝက်မှေးရွာ၊ ဆည်တည်းရွာနဲ့ တုံရွာတွေ ဖြစ်ပြီး အဲဒီနေရာတွေမှာ ဝင်ထွက်သွားလာတာတွေ မလုပ်ဖို့နဲ့ တားမြစ်ချက်ကို ချိုးဖောက်လျှင် တရားဥပဒေအရ အရေးယူသွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်မှာ ပါဝင်ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာက ကန့်ကွက်ဆန္ဒပြတဲ့ တောင်သူတွေက ခြံစည်းရိုးတွေကို ချိုးဖျက်ပြီး မြေယာပြန်ရရေးအတွက် သပိတ်စခန်း ဖွင့်လိုက်ကြတဲ့အတွက် လုံခြုံရေးအင်အားတွေလည်း တိုးချဲ့ချထားကြောင်း သိရပါတယ်။

r

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဇန်နဝါရီ ၂ ။

ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာနိုင်ငံရဲ့ (၆၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့မှာ မြန်မာပြည်သူတွေပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း အမေရိက သမ္မတ အိုဘားမားနဲ့ အမေရိက ပြည်သူတွေကိုယ်စား US နိုင်ငံခြားရေးဝန်ကြီး John Kerry က ဆုမွန်တောင်းလိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံသာ ဒီမိုကရေစီလမ်းကြောင်းကို ငြိမ်းချမ်းစွာနဲ့ ခေတ်မီ တိုးတက်တဲ့ နိုင်ငံဖြစ်လာရေးကို ဆက်ပြီးပြုပြင်ပြောင်းလဲမှုတွေ လုပ်နေဦးမယ်ဆိုရင် အမေရိက ပြည်ထောင်စုက ပံ့ပိုးကူညီမှုတွေ ပေးနေဦးမယ်လို့ ဒီလိုနေ့ထူးနေ့မြတ်မှာ ကတိပြုပါကြောင်း ဝန်ကြီး ကယ်ရီက ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံသားတွေ တောင့်တနေတဲ့ ဆန္ဒတွေ ပြည့်ဝလာတဲ့ အနာဂတ်မှာ မြန်မာနဲ့ US အတူလက်တွဲပြီး အောင်ပွဲခံကြမယ်လို့လည်း ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီခရီးအတွက် US က ဘယ်အတိုင်းအတာအထိ လက်တွဲဆောင်ရွက်နိုင်တယ် ဆိုတာကို လက်ရှိအပြောင်းအလဲတွေက သက်သေပြနေသလို မြန်မာအနေနဲ့ ကမာ္ဘကို ဆက်ပြီး တံခါးဖွင့်ထားသရွေ့ ဒီလက်တွဲဆောင်ရွက်မှုတွေကို ပိုမိုတိုးမြှင့်ပေးသွားနိုင်ဖို့ မျှော်လင့်ထားကြောင်းလည်း ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သတင်းရရှိပါတယ်။

s

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၁ ။

”၂၀၁၄ ခုုနှစ်၊နိုင်ငံတော် အခြေအနေနဲ့ ပတ်သက်ပြီး ပြည်သူကို အစီရင်ခံတင်ပြချက်” လို့ အမည်ပေးထားတဲ့ သမ္မတ မိန့်ခွန်းအတွင်းမှာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီးကို ဒီနှစ်ထဲမှာ ကျင်းပတော့မှာ ဖြစ်ကြောင်းနဲ့ ဒီရွေးကောက်ပွဲကို နိုင်ငံရေး အင်အားစုုတွေအားလုံး ပါဝင်ဖို့အရေးကြီးကြောင်း သမ္မတ ဦးသိန်းစိန်က ထည့်သွင်း ပြောဆိုလိုက်ပါတယ်။

နိုင်ငံရေးအင်အားစုတွေ အနေနဲ့ ရွေးကောက်ပွဲ နည်းလမ်းနဲ့သာ နိုင်ငံရေး အဖြေကို ရှာဖွေပြီး မှန်ကန်တဲ့ နိုင်ငံရေးရွေးချယ်မှုတွေပြုလုပ်ဖို့ ကြိုးပမ်းနေကြတာကြောင့်လည်း ၂၀၁၅ ဟာ နိုင်ငံရေးအရ ထူးခြားမှုရှိမယ့်နှစ် ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒီဇင်ဘာလ ၃ဝ ရက်က အတိုက်အခံ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က                 သူမအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ ဝင်မယ် မဝင်ဘူး ဆိုတာကို ယတိပြတ် မပြောနိုင်သေးကြောင်း ထုတ်ဖော်ပြောဆိုအပြီးမှာပဲ သမ္မတက နိုုင်ငံရေးအင်အားစုတွေ အားလုံးပါဝင်ဖို့  ရွေးကောက်ပွဲနဲ့ နိုင်ငံရေးကို ချဉ်းကပ်ဖို့ မိန့်ခွန်းထဲမှာ ထည့်သွင်းတိုက်တွန်းလိုက်တာဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ မိန့်ခွန်းထဲမှာ ၂၀၁၄ ခုုနှစ်အတွင်း မြန်မာနိုု်င်ငံရဲ့ စီပွားရေး တိုုးတက်မှုများ၊ ပညာရေး ကဏ္ဍ၊ ကျန်းမာရေး ကဏ္ဍများမှာ တိုုးတက်မှုများ ရှိခဲ့ကြောင်း                               ကိန်းဂဏန်း အချက်အလက်များနဲ့ ညွှန်းဆိုုပြီး ပြောခဲ့ပေမယ့် လတ်တလော ပဋိပက္ခတွေဖြစ်ပွားနေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက လူအသေအပျောက် ဖြစ်ခဲ့တဲ့ ကိစ္စကိုတော့  ထည့်သွင်း ပြောဆိုုခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။

t

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၁ ။

၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲကို လာမယ့် အောက်တိုဘာလကုန် (သို့မဟုတ်) နိုဝင်ဘာလဆန်းမှာ ကျင်းပမယ်လို့ ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်က သတင်းထုတ်ပြန်ကြေညာလိုက်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်အနေနဲ့ မဲစာရင်းတွေ ပြုစုနေပြီဖြစ်တာကြောင့် မဲစာရင်းမှာ မိမိတို့ပါဝင်ခြင်း ရှိမရှိကို စောင့်ကြည့်ပြီး မပါဝင်ပါက သက်ဆိုင်ရာ လူဝင်မှုကြီး ကြပ်ရေးဦးစီးဌာနမှာ တောင်းဆိုဖြည့်စွက်နိုင်ကြောင်း ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က အစိုးရသတင်းစာတွေမှာ ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားပါတယ်။

၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် စာရင်းတွေကို ပြုစုနေရာမှာ ပြီးခဲ့တဲ့နှစ်က ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းကို အခြေခံမှာ မဟုတ်ကြောင်းလည်း ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကျင်းပမယ့် ရက်အတိအကျကိုတော့ ရွေးကောက်ပွဲကျင်းပမယ့် ရက်မတိုင်မီ ရက်ပေါင်း ၉ဝ အလိုမှာ အတိအကျ ထုတ်ပြန်ကြေညာပေးသွားမယ်လို့ သတင်းရရှိပါတယ်။

u

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဒီဇင်ဘာ ၃၁ ။

ဒီဇင်ဘာလ ၃၁ ရက်နေ့ဟာ ရခိုင်ပြည်နယ် အချုပ်အခြာကျဆုံးခဲ့တဲ့ နှစ်ပေါင်း၂၃ဝ ပြည့်တဲ့နေ့ ဖြစ်တာကြောင့် ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားများ ၊ ဟောပြောပွဲများကို    စစ်တွေ၊ မြောက်ဦး၊ ဘူးသီးတောင် စတဲ့မြို့တွေမှာ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ကျင်းပခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစုတွေရဲ့ သမိုင်းကြောင်းဆိုင်ရာတွေ တဖြည်းဖြည်း မှေးမှိန် လာတဲ့အတွက် ရခိုင်သမိုင်းနဲ့ပတ်သက်ပြီး လူငယ်တွေကို သိစေချင်တာကြောင့် အခုလို အခမ်းအနားတွေ ကျင်းပရတာဖြစ်ကြောင်း ဦးစီးကျင်းပသူတွေက ပြောပါတယ်။

ရခိုင်လူမျိုးတွေဟာ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက ကိုယ်ပိုင်ထီးနန်းနဲ့ အုပ်ချုပ်နေထိုင်လာခဲ့ကြတာဖြစ်ပြီး သက္ကရာဇ် (၁၁၄၆) ခုနှစ်မှာ ဗမာဘုရင် ဘိုးတော်မောင်ဝိုင်းရဲ့ တိုက်ခိုက် သိမ်းပိုက်မှုကြောင့် ရခိုင်လူမျိုးတွေရဲ့ ထီးနန်း ကျဆုံးခဲ့ဖြင်း ဖြစ်ပါတယ်။

ရခိုင်ပြည်၊ အချုပ်အခြာအာဏာကျဆုံးတဲ့ နှစ်၂၃ဝ ပြည့် အခမ်းအနားတွေကို             ရခိုင်ပြည်နယ်အနှံ့ရှိ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ဦးဆောင်ပြီး ဟောပြောပွဲများ ပြုလုပ်ခြင်း ၊ ကဗျာရွတ် ဖတ်ခြင်းများပြုလုပ်ခြင်း၊ သံဃာတော်များကို ဆွမ်းကပ်လှူဒါန်းခြင်းများနဲ့ ဆီမီးထွန်းညှိတဲ့ အစီအစဉ်တွေကိုလည်း ပြုလုပ်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

v

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

အမေရိကပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဖရီးမောင့်မြို့၊ မေတ္တာနန္ဒဝိဟာရ ဓမ္မရိပ်သာ တည်ရှိရာ… 4619 Central Avenue, Fremont, CA 94536 မှာ ပဋိစ္စသမုပါ္ပဒ် တရားတော်များကို ဓမ္မသင်တန်းအဖြစ်နဲ့ မစိုးရိမ်ဆရာတော်က ဟောပြောပို့ချပေးမှာ ဖြစ်ပါတယ်။

ဓမ္မသင်တန်းကို အပတ်စဉ် တနင်္ဂနွေနေ့ ညနေ ၄ း ၃ဝ တိုင်း ကျင်းပမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

အသေးစိတ် သိရှိလိုသူတွေအနေနဲ့ ဖုန်း – (510) 795 0405 ကို ဆက်သွယ်စုံစမ်းပြီး စာရင်းပေးသွင်းနိုင်ကြောင်း သိရပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အမေရိက ပြည်ထောင်စု ၊ အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းမြို့ရှိ ဓမ္မရကိ္ခတကျောင်းတိုက်မှာ               ဆရာတော် အရှင်ဝိဇယရဲ့ ပိဋကတ် ကျမ်းစာများနဲ့ အဘိဓမ္မာ သင်တန်းကို အပတ်စဉ် စနေနေ့ ၊ ညနေ ၄းဝဝ တိုင်း ဟောပြော သင်ကြားပေးမှာ ဖြစ်တဲ့အတွက် ကြွရောက် နာယူ သင်ကြားနိုင်ပါကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။

ဓမ္မရကိ္ခတကျောင်းတိုက် တည်ရှိရာ လိပ်စာကတော့ 8133 Hartzell Rd, Fort Wayne IN 46816 ဖြစ်ပါတယ်။

အသေးစိတ် သိရှိလိုသူများအနေနဲ့ ထေရဝါဒ ဗုဒ္ဓ သာသနာအဖွဲ့ – ဖုန်း – (260) 414 0916 ကို ဆက်သွယ် စုံစမ်းနိင်ကြောင်း တင်ပြလိုက်ရပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

azm

 

 

 

 

 

 

 

 

 

 

 

 

 

 

ကျွန်တော့်အနေနဲ့… ဒီသတင်းတွေကို …

Facebook နဲ့…ပြည်တွင်းပြည်ပ သတင်း Website တွေဆီက…

(တိုက်ရိုက် ကူးယူခြင်းမဟုတ်ဘဲ )

ကျွန်တော်ဖတ်မိသမျှကို ကျွန်တော့်ဟန်နဲ့ ပြန်ပြောပြခြင်း ဖြစ်ကြောင်း ဝန်ခံအပ်ပါတယ်။

စာဖတ်သူတွေ အနေနဲ့ သတင်းတွေကို လင့်ခ်တွေတစ်ခုပြီးတစ်ခု …လျှောက် ရှာ ဖတ်နေစရာမလိုပဲ…

ဒီတစ်နေရာထဲမှာ အချိန်မကုန်ပဲ ဖတ်နိုင်အောင် ကောင်းနိုးရာရာ စုစည်းတင်ပြခြင်း ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့….

မြန်မာပြည်ဆိုင်ရာ ထူးခြားသတင်းတွေထဲက မှတ်တမ်းကျန်သင့်တဲ့ သတင်းလေးတွေကို ခြုံငုံပြီး..

ကျွန်တော်တို့ရဲ့ ဂဇက်စာမျက်နှာမှာ … မှတ်တမ်း ချန်ခဲ့ခြင်းလည်း ဖြစ်ပါတယ်.

ကျွန်တော် ပြန်ပြောပြတဲ့ ဒီသတင်းတွေကို …

အောင်ဇေမီဒီယာ သတင်းဌာန  www.azmtv.com မှာလည်း

ရုပ်သံ သတင်းကြေညာချက်များအဖြစ် ကြည့်ရှု နားထောင်နိုင်ပါကြောင်းးးး

3 comments

  • aye.kk

    January 9, 2015 at 2:18 pm

    အလင်းဆက်
    တစ်စုတစ်ဝေးတည်း၊တစ်နေရာတည်းမှာ၊စုံလင်အောင်ဖတ်လိုက်ရလို ့
    ကျေးဇူးအထူးတင်ပါတယ်။

    • အလင်းဆက်

      January 9, 2015 at 2:27 pm

      ဟုတ်။ အန်တီအေး
      လာ ဖတ်ပေးတဲ့အတွက်လည်း ဇူးဇူးပါနော့

      😆

  • awra-cho

    January 19, 2015 at 1:12 pm

    စုစုစည်းစည်း ဖတ်ရတာပေါ့ဗျာ ကျေးဇူးတင်ပါတယ်၊

Leave a Reply