ကြည်နူးစရာ အလှူရက်လေးမှာ ၇

kotun winlattJanuary 15, 20151min2069

IMG_20150101_120520

One Candle စေတနာရှင် လူငယ်များအဖွဲ့ စာရေးကိရိယာ အလှူခရီးစဉ် (၇)

ဆားမှော်ကျေးရွာလေးမှ ကျနော်တို့အဖွဲ့ ထွက်ခွာလာတော့ နံနက် ၁၁ နာရီ ထိုးတော့မည်။ နောက်မှ လိုက်ပါလာသည့် ကျနော်တို့ အဖွဲ့ဝင်တစ်ဦးမှာလည်း ဆားမှော်ကျေးရွာတွင် ကျနော်တို့အား မီလာသည့်မို့ အဖွဲ့ဝင်အင်အား ရ ဦးဖြစ်သွားတော့သည်။ ကောင်းကင်တွင်ကား တိမ်တိုက်များက ဟိုနားတစ်စု ဒီနားတစ်စုနှင့် …. ဒီရက်ပိုင်းများအတွင်း မိုးပြတ်သွားသည်မို့ လမ်းမှာ ကျနော်တို့ မျှော်လင့်ထားသည့်အတိုင်း ဆိုးဝါးသည့်နေရာ သိပ်မတွေ့ရ…။ အရင်နှစ်များကဆိုလျှင် ဆားမှော်ကျေးရွာ မရောက်မီ ဟောင်းတုန်းကျေးရွာမှ ထွက်လျှင်ပင် ရွံ့များ ဗွက်များကို စတင်ရုန်းကြရပြီ ။ ယခုနှစ်မှာတော့ လမ်းခရီးက သိပ်မဆိုးဝါးတာကတစ်ကြောင်း လူအင်အားနည်းသည်မို့ တစ်စီးနှင့်တစ်စီး သိပ်စောင့်စရာမလိုသလို ဆိုင်ကယ်စီးကျွမ်းကျင်ကြသူများမို့ ခရီးတွင်သည်ဟု ဆိုရပေမည်။ ခရီးဆက်လာကြရင်း ပထမကျနော် စဉ်းစားထားသည့် နှစ်တိုင်းသွားနေကျ ဆားမှော်ကျေးရွာမှ နားကျိုင်းကျေးရွာ၊ ထိုမှတစ်ဆင့် မူလခေါင်တုန်းစည်ကျေးရွာကိုဆက်သွား ပြန်လာပြီး ရွာစဉ်အလိုက်မဟုတ်ပဲ အပြန်လမ်း၏ နားမကျိုင်းကျေးရွာမှ ချောင်းကူးသွားရသည့် နားဖာကျေးရွာသို့ ဝင်သည့် အစီအစဉ်ကို ဖျက်ကာ နားဖာကျေးရွာကို အရင်ဝင်ပြီး နားမကျိုင်း၊ မူလခေါင်တုန့်စည်ရွာသို့ ခရီးဆက်မည့် အစီအစဉ်ကို ဆိုင်ကယ်မောင်းနေကြရင်း တိုင်ပင်တော့ အားလုံးက သဘောတူသည်။ အဘယ်ကြောင့် နားဖာကျေးရွာသို့ အရင်သွားလိုသနည်းဟုဆိုသော် ကျနော်တို့ ဒီဘက်ရွာတွေကို စာရေးကိရိယာ အလှူခရီးရောက်ရှိခဲ့သည့် နှစ်နှစ်လုံး ညနေပိုင်း ကျောင်းဆင်းပြီးချိန်မှသာ ရောက်ရှိကြတာမို့ ကျောင်းသူ/သားလေးများကို စုံစုံညီညီ မတွေ့ရခြင်းက တစ်ချက်၊ နောက်တစ်ချက်မှာ အပြန်လမ်းတွင် တောက်လျှောက် ပြန်နိုင်ရန် တွေးမိသည်က တစ်ချက်ကြောင့် နားဖာကျေးရွာလေးဆီသို့ ဦးတည်လိုက်ကြခြင်းပင်…။ နားဖားကျေးရွာလေးကား ချောင်းကမ်းဘေးလေးတွင် တည်ရှိသည့် ကျေးရွာလေးဖြစ်ပြီး အိမ်ခြေ ၇ဝ နီးပါးခန့်ရှိလိမ့်မည်ထင်ပါသည်။ ကျနော်တို့အဖွဲ့ ရွာလေးအနီးက ချောင်းလေးကို ရောက်တော့ တစ်ဖက်ကမ်းမှ ရွာခံတစ်ဦးမှ ချောင်းကို ဖြတ်ကူးရမည့် ရေတိမ်သည့် နေရာလေးအား လမ်းညွှန်ပေး၏၊။ နားဖာကျေးရွာသို့ ချောင်းလေးကူးပြီး တက်ရသည့် ကမ်းပါးမှာ နည်းနည်းမက်စောက်နေသည့်မို့ ကျနော်မို့ အဖွဲ့သားများကို ဆိုင်ကယ် သေသေချာချာ မောင်းကြရန် အော်ဟစ် သတိပေးနေရသည်။ ကျနော့်သတိပေးသံ မဆုံးသေးခင် ချောင်းကမ်းကိုတက်သည့် အဖွဲ့သား ဆိုင်ကယ်တစ်စီး ပြန်လျှောကျကာ လှဲတော့သည်။ ကျနော်တို့တွေ ဆိုင်ကယ်များကို စက်ရပ်ကာ သွားရောက် ကူညီကြရ၏။ ပြီးရင် တစ်စီးချင်း တစ်စီးချင်းကို ဝိုင်းဝန်းကူတွန်းကာ ကမ်းပါးပေါ်ရောက်အောင် ကြိုးစားကြရသည်။ ကျနော်တို့အား ချောင်းကိုဖြတ်ကူးသည့် ရွာခံလူကြီးကို စာသင်ကျောင်းသို့ စာရေးကိရိယာ လာရောက်လှူဒါန်းကြခြင်း ဖြစ်ကြောင်း ပြောပြတော့ ဝမ်းသာအားရဖြင့် ကျောင်းလေးဆီသို့ ကျနော်တို့အဖွဲ့အား ခေါ်ဆောင်သွားတော့သည်။ နားဖာကျေးရွာ မူလတန်းကျောင်းလေးမှာ ပြောင်းလဲမှု ကြီးကြီးမားမား မရှိချေ။ စာသင်ဆောင်လေး အောက်သို့ ကျနော်တို့ ဆိုင်ကယ်များ မောင်းဝင်ရပ်တန့်ပြီး စာရေးကိရိယာများကို စာသင်ဆောင်ပေါ်သို့ သယ်ယူရန် ပြင်ဆင်နေကြစဉ် ကျောင်းဆရာလေးက ကျနော်တို့အား လာရောက်နှုတ်ဆက်၏။ ကျောင်းဆရာလေးမှ ကျနော့်အား “ဟာ… ဆရာကြီးပါလား….”ဟု အသံပြုနှုတ်ဆက်သည့်အတွက် ကြည့်မိသည့်အခါ ကျနော် ကျူရှင်ဆရာအဖြစ် အသက်မွေးသည့် ဒုတိယမြောက်နှစ်တွင် ကျနော် စာသင်ကြားပေးခဲ့ရသည့် နားမကျိုင်းကျေးရွာမှ ကျောင်းသားလေးပင်…. သူမှ ဝမ်းသာအားရနှုတ်ဆက်တော့ ကျနော်မှလည်း” ဟာ..ဟေ့… မင်းဒီကျောင်းမှာ တာဝန်ကျနေတာလား … မနှစ်တုန်းက မတွေ့ပါဘူး…”ဟု ပြန်နှုတ်ဆက်ရတော့သည်။ စိတ်ထဲမှလည်း ကြည်နူးမိ၏။ မိမိသင်ကြားပေးလိုက်သည့် ကျောင်းသားသည့် ကျောင်းဆရာတစ်ဦးအဖြစ် ဤသို့သော စာသင်ကျောင်းလေးမှာ တာဝန်ကျကာ ကလေးငယ်များ၏ ပညာရေးအတွက် တတ်သည့် ပညာဖြင့် ပြန်လည် သင်ကြားပေးနေသည် မဟုတ်ပါလား….။ ကျနော်နှင့် ကျနော့်တပည့်လေး ကျောင်းဆရာမှာ စကားတပြောပြောနှင့် စာသင်ဆောင်လေးပေါ်သို့ တက်လာကြသည်။ သူ၏ ပြောစကားအရ ဤနားဖာ မူလတန်းကျောင်းလေးတွင် တာဝန်ခံကျောင်းအုပ်အဖြစ် တာဝန်ယူနေရကြောင်းသိရသလို စာသင်ဆောင်လေးကိုလည်း အခန်းတိုးချဲ့ထားကြောင်း သူပြောမှ သတိထားမိတော့သည်။ ကျနော်မှ ကျောင်းသား/သူ အရေအတွက်ကို မေးမြန်းသည့်အခါ စုစုပေါင်း သူငယ်တန်းမှ စတုတ္ထတန်းအထိ ၄၅ ဦးရှိကြောင်း သိရသဖြင့် လှူဒါန်းမည့် စာရေးကိရိယာများကို တွက်ချက်နေရာချကာ ကျောင်းသုံး မြေဖြူ၊ ဘောလ်ပင်(နီ)၊ သင်ပုန်းဖျက်များကို ပေးအပ်သည့် ပုံလေးကို မှတ်တမ်းတင်ရိုက်ကူးပြီး ကျောင်းသားလေးများကို စာရေးကိရိယာလေးများ ဆက်လက် ဝေငကြတော့သည်။ ကျနော့်မှာ ကျောင်းဆရာလေးနှင့် စကားပြောရင်း အလှူမှတ်တမ်းလေးရေးမှတ်နေသဖြင့် ဓာတ်ပုံမှတ်တမ်းတင်ခြင်းကို ကျနော့်အဖွဲ့သားတစ်ဦးမှ တာဝန်ယူကာ မှတ်တမ်းတင်ပေးနေသည်။စာရေးကိရိယာများ လာရောက်လှူဒါန်းကြကြောင်း ကြားသိသွားကြသည့်
ကျေးရွာအတွင်းမှ ရွာခံများ စာသင်ကျောင်းလေးဆီသို့ တစ်ဦးပြီး တစ်ဦး ရောက်လာကြသည်။ မနှစ်က ကြုံခဲ့ရသည့် မူလတန်းအဆင့် အောင်မြင်ပြီး အလယ်တန်းအဆင့်အား နမီးကျေးရွာတွင် ကျောင်းထားရာ မိဘများနှင့် ခွဲမနေနိုင် ကျောင်းလည်း နေချင်သေးသဖြင့် စတုတ္ထတန်းတွင် ပြန်လည်ပညာသင်ကြားနေသည့် ကျောင်းသားလေးမှာ ကျနော်တို့အဖွဲ့ စာရေးကိရိယာ လှူဒါန်းရာ သူ့အတွက် မပါမည်ကို စိုးရိမ်ပြီး စာသင်ဆောင်လေး အောက်တွင် တရှုံ့ရှုံ့ငိုကြွေးနေသည်ကို အမှတ်ရ၍ မေးကြည့်သည့်အခါ ကျောင်းထွက်လိုက်ပြီဟု သိရသဖြင့် စိတ်မကောင်း ဖြစ်ရသေး၏။ ကျနော် ဘာပြောနိုင် ဘာလုပ်ပေးနိုင်မှာလဲ… ဒီလို ကလေးမျိုးတွေ ဘယ်နှစ်ယောက်လောက်များ ရှိခဲ့ပြီ… ရှိနေပြီလဲ ဟု တွေးမိချေသည်။ စိတ်မကောင်းစရာကို ကြာကြာမတွေးလိုသည့်အတွက် ကျနော့်တပည့် ကျောင်းဆရာလေးအား ကျနော်ယူဆောင်လာသည့် ကလေးများအတွက် စာစောင်လေးများနှင့် လူကြီးများအတွက် ဂျာနယ်များကို ပေးရာ ဝမ်းသာအားရဖြင့် စာကြည့်တိုက်လေး တည်ထောင်ရန် အစီအစဉ်ရှိကြောင်း ပြောပြနေသေး၏။ ကျနော်မှလည်း မော်လူးသို့ရောက်လျှင် ကျနော့်ထံသို့ ဝင်ပြီး ဂျာနယ်စာစောင်များ လာယူရန်ပြောမိသည်။ အလှူမှတ်တမ်း စာရင်းလေး ရေးမှတ်ပြီးသောအခါ ဓာတ်ပုံမှတ်တမ်းတင်သူမှ သူ့ရိုက်ထားသည့် ဓာတ်ပုံလေးများ ကောင်းမကောင်းကြည့်ရန် ကင်မရာလေးအား ကျနော့်ကိုပေး၍ ကြည့်မိရာ တစ်ပုံမှ မရိုက်ထားသေးကြောင်း တွေ့ရသဖြင့် ကလေးများအား စာရေးကိရိယာ ပေးအပ်နေသည့် ပုံလေးများကို ပြန်ရိုက်ရပြန်သည်။ လှူဒါန်းမှုအားလုံး ပြီးဆုံးသောအခါ ကျနော်တို့အဖွဲ့ ကျန်နေသေးသည့် ကျေးရွာများသို့ ခရီးဆက်ရန် အားလုံးကိုနှုတ်ဆက်ပြီး ပစ္စည်းများကို ဆိုင်ကယ်များပေါ်သို့ ပြန်လည်တင်ဆောင်ပြီး ခရီးဆက်တော့ နေ့လည် ၁၂နာရီ ခွဲချေပြီ….။

ပျော်ရွှင်ချမ်းမြေ့ကြပါစေ . . .
K.T.W.L

IMG_20150101_120434

9 comments

  • kai

    January 16, 2015 at 6:11 am

    ဘာသာရေးမပါတဲ့အလှူအတွက်..သာဓု ၃ကြိမ်ဗျို့..။
    ၃ကြိမ်…။

    တကယ်တာဝန်ယူလုပ်ပေးရမယ့်အစိုးရကိုလည်း.. မလုပ်တဲ့အတွက်.. သာသာလေးထုချင်တာ.. ၃ကြိမ်…။

    • Before

      January 16, 2015 at 9:34 am

      အစိုးရကို သာသာလေးထုချင်တာ ၃ ကြိမ်………. နည်းတောင်နည်းနေသေးနော်။

  • အလင်းဆက်

    January 16, 2015 at 10:51 am

    တကယ်လိုအပ်တဲ့နေရာတွေကို..လှူရင်..
    ရွှေသင်္ကန်း ကပ်တာထက် ဝမ်းသာတယ်

  • Kaung Kin Pyar

    January 16, 2015 at 11:22 am

    တင်းပုတ်နဲ့…
    :k:

  • Kaung Kin Pyar

    January 16, 2015 at 11:24 am

    ငင်…ဆက်ဆက်…
    နီ ဂျားဖြတ်တယ်….ကျန်းးးးး
    🙂
    အဲ့…
    ပိုစ့်ကို ပြောချင်တာလေး ပျောက်သွားတယ်…
    တကယ် လိုအပ်တဲ့နေရာကို တကူးတကသွားရောက်လှူဒါန်းတဲ့ စေတနာကို သာဓု သာဓု သာဓုပါရှင်…

  • Mike

    January 16, 2015 at 11:42 am

    .ကိုထွန်းဝင်းလတ်တို့ ရဲ့ ပညာရေးအလှူ အတွက် ဝမ်းသာဂုဏ်ယူပါတယ်ဗျာ…

  • CharTooLan

    January 17, 2015 at 1:35 pm

    – မိုက်စ်ဒယ်
    – သာဓု သာဓု သာဓု ပါခညာ…………….
    – ဘယ်တိုင်း ဘယ်ပီနယ်ထဲမှာလဲ ဟမ် 🙂

  • kotun winlatt

    January 17, 2015 at 2:47 pm

    အဟေးးးဟေးးးးး အနီကတ်တွေ ထိကုန်ပီဟ
    ငိငိ နီပီရင် ဘာဖစ်လာမလဲ ငင် တဂျီးးးးးး
    ချာတူးရေ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် မော်လူးဒေသထဲက ကျေးရွာပါ ခမျ။

  • Ma Ma

    January 17, 2015 at 3:13 pm

    တစိုက်မတ်မတ် လုပ်နိုင်တာ ချီးကျူ းတယ်။

    ကန္တာရမှာ ရွာတဲ့ မိုးစက်မိုးပေါက်ကလေးလို တန်ဖိုးများ အကျိုးရှိလှပါတယ်။

    ကိုယ်သင်ပေးလိုက်တဲ့ ကျောင်းသားကို ကျောင်းဆရာအဖြစ်နဲ့ပြန်မြင်ရတဲ့ ပီတိကိုလည်း ခံစားမိပါတယ်။ 🙂

Leave a Reply