ရုပ်ရှင်ခိုးကြည့်ခဲ့ဖူးတဲ့ ညနေ
ကလေးမြို့…. (၉)တန်းနှစ်….
တောင်တွေအများကြီးကြားမှာ..ကိုယ့်ကိုယ်ကို ဝှက်ထားတဲ့မြို့လေး…၊ လွန်ခဲ့တဲ့ ၁၄နှစ် ကာလကျော်ကတည်းက မြို့လယ်ခေါင်မှာ လေယာဉ်ကွင်းနဲ့…၊ ဘုရားတွေနဲ့…၊ ဘဏ်တွေနဲ့….၊ ဆေးရုံနဲ့…..။ ရုပ်ရှင်ရုံနဲ့….။ ညဘက်တွေဆို လမ်းမီးရောင် မလင်းတလင်းအောက်မှာ ဇော်ပိုင်ရဲ့ မြို့အဝင်ညသီချင်းတွေ ခပ်တိုးတိုးဆိုရင်း စက်ဘီးတွေ အုပ်စုလိုက် ဖြတ်သွားကြတယ်…။ မြို့အလယ်တည့်တည့် ဗိုလ်ချုပ်ကြေးရုပ်နားက ပလက်ဖောင်းမှာ…ချက်နို့စီနဲ့ ခပ်ကျကျဖျော်ထားတဲ့ လမ်းဘေးလက်ဖက်ရည်ဆိုင်စစ်စစ်တွေလဲ ရှိတယ်…။ ကျွတ်ကျွတ်အိတ်ကို တစ်ဖက်ဖွင့်ပြီး မီးချောင်းမှာချိတ်ထားရင် ပလူတွေဖမ်းလို့ရတယ်ဆိုတာ အဲ့ဒီဆိုင်လေးတွေက သင်ပေးခဲ့တာပေါ့…။ တောင်က ဖီလာ၊ မြစ်က ပြောင်းပြန်၊ လူက ကန့်လန့်ဆိုပေမယ့်…ကလေးမြို့လေးက လူတွေကို တကယ်စိတ်ရင်းနဲ့ ပေါင်းကြည့်ရင် သဘောမဆိုးကြပါဘူး…။ မြို့ပြင်မှာဆိုလဲ ဂေါက်ကွင်းရှိသေးတယ်…။ မြို့လေးက ခပ်ကျဉ်းကျဉ်းလေးပေမယ့် သူပိုင်ဆိုင်ထားတဲ့အရာတွေနဲ့ သူဟာ မြို့ချမ်းသာကြီး တစ်ဦးလို…။
ရန်ကုန်မှာလို မဟုတ်ဘဲ နယ်မြို့လေးတွေရဲ့ အားသာချက်က စက်ဘီး၊ ဆိုင်ကယ်တစီးစီးရှိနေရင် မြေကျောရှုံ့လို့ ရတာပဲ…။ ဘက်စ်ကားတိုးစီးဖို့ မလိုဘူး..၊ ခါးပိုက်နှိုက်ခံရမှာ မစိုးရိမ်ရဘူး..၊ ကားလမ်းတွေပိတ်တာ စောင့်စရာမလိုဘူး…။ မီးပွိုင့်တွေ မပေါဘူး…။
ဆောင်းတွင်းဆိုရင်တော့ စောင်ပုံအောက်က မထွက်ချင်တော့လောက်အောင် အေးတယ်….။ ၅နာရီဆို ပုံမှန်နှိုးတဲ့ မာတာမိခင်နှိုးစက်ကြောင့် နဖူးနဲ့ စားပွဲဆောင့်ရင်း ငိုက်မြည်းရင်း စာအော်သံပြုရတဲ့ မနက်ခင်းအေးအေးတွေကလဲ အမှတ်တရ…။ အဲ့ဒီတုန်းက မနက်စောစောထ စာကျက်ရင် ဉာဏ်ကောင်းတယ်ဆိုတဲ့စကား ထွင်သွားခဲ့တဲ့လူကို ပန်းသီးပြုတ်ကျတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး Law တွေ ထုတ်သွားခဲ့ဖူးတဲ့ နယူတန်ကို မုန်းသလို မုန်းတယ်… ။
မနက်ပိုင်း ကျောင်းတက်ပြီးရင်တော့ အိမ်မှာ ဂိုက်အစ်မကြီးက စောင့်နေပြီ….
“ကလင်….ကလင်…ကလင်…ကလင်….”
စက်ဘီးဘဲလ်ကို အဆက်မပြတ် တီးပြီး ဝင်လာရင် အဲ့ဒါ ကျောက်ရ်ရွယ်ရ်တို့ပဲ….။ ကျမ ကျုရှင်သွားဖို့ လာခေါ်တာပါ….။ ရှေ့က ဂိုက်ဆရာမကို လှမ်းကြည့်ရင်း ဂိုက်အချိန် စောပြီးတော့မှာမို့ ကျမ ပျော်သွားတယ်…။ ဒီနေ့မှ မရတဲ့စာတွေ မေးနေတာကိုး….။ စာမေးမယ်လို့ ဂိုက်အစ်မကြီး ပြောသွားကတည်းက ကျုရှင်သွားတဲ့လမ်းတင်နေတဲ့ သူငယ်ချင်းတွေကို အနိုင်ကျင့်ပြီး အိမ်အထိ စောစောလာခေါ်ဖို့ မှာထားတာ…။
“ကျူရှင် သွားမယ်လေဟာ….။ ဒီနေ့ ဆရာမ စောခေါ်ထားတယ်…..နင် မေ့နေတာလား”
မီးမီးက အိမ်ထဲတောင်မဝင်လာဘဲ စက်ဘီးပေါ်ကတင် အာဗြဲကြီးနဲ့ ကျမကို အလောတကြီး အော်ခေါ်ဟန် ပြုတယ်…
အဲ့ဒီလိုတွေက လုပ်နေကျပါ…..။
ကမန်းကတန်း စာအုပ်တွေထည့်ပြီး ကျူရှင်ဆီပြေးယောင်ပြုတယ်…။
၈တန်းမှာ…ဦးသိန်း၊ ၉ တန်းမှာ ဒေါ်ယိင်း လို့တောင် နာမည်ကြီးတဲ့ အတန်းပိုင်ဆရာမ…၊ အသင်အပြလဲကောင်းသလို စည်းကမ်းလဲ ကြီးတယ်….။ တပည့်တွေကိုလဲ တခြားသူမထိနဲ့…မကြိုက်ဘူး၊ ဆရာမသာ ထိချင်ထိမယ်…အာ့လို…
ကျမက လမ်းမှာ အိုက်ယီဆိုတဲ့ ရှမ်းတရုတ်ကောင်လေးတစ်ယောက်ကို ဝင်ခေါ်ရတယ်…။ အိုက်ယီက အသက်ကြီးပြီး လူကြီးမဖြစ်သေးတဲ့ဟာလေး…။ ကျူရှင်သွားဖို့ နှိုးဆော်မယ့်သူမရှိရင် ကျူရှင်မလာဘူး။ ဆရာမကလဲ အိုက်ယီကိုချစ်တော့ လမ်းကြုံနေတဲ့ကျမကို ဝင်ဝင်ခေါ်ခိုင်းတယ်…
အိုက်ယီတို့ အိမ်က စာအုပ်ဆိုင် ဖွင့်ထားတာ….။ ကျမ အကြိုက်ပေ့ါ…။ ဂိုက်မရှိတဲ့ရက်မျိုးဆို စောထွက်ပြီး စာအုပ်အလကား ထိုင်ဖတ်နေကျ.…။
ဒီလိုနဲ့ ကျမတို့ သူငယ်ချင်းအဖွဲ့ ၆ ယောက် အိုက်ယီအိမ်ကို စက်ဘီးကိုယ်စီနဲ့ ချီတက်လာကြတယ်….။
“အိုက်ယီရေ……..ကျူရှင်သွားမယ်…..”
ကျမတို့ သူငယ်ချင်းတွေ အိုက်ယီအိမ်ရှေ့မှာ ၁ ၂ ၃ တိုင်ပင်ခေါ်ပြီး ပြိုင်တူအော်တော့ အိပ်ချင်မူးတူး၊ ဆံပင်စုတ်ဖွား ဖရိုဖရဲပုံစံနဲ့ အိုက်ယီ ထွက်လာတယ်။ သူနဲ့ အနီးဆုံးတျင်ခတ်ရဲ့ စက်ဘီးနောက်ခုံပေါ်လဲ…တက်ထိုင်လိုက်ရော…….
“ ဟယ်….အိုက်ယီ…နင့်စက်ဘီးနင်စီး…ငါ့ဘီးနောက်ခုံ ဝင်မထိုင်နဲ့”
တျင်ခတ်က တီကို ဆားထိသလို အလန့်တကြား ထ အော်တော့ အိုက်ယီကြောင်သွားတယ်…။ ဟုတ်တော့လဲ ဟုတ်တယ်…။ ဒါ သူလိုက်စီးနေကြပဲကိုး….ခုမှ ထ အော်တော့ သူလဲ ထူးဆန်းပေမပေါ့….
ကျမတို့ကလဲ ကျမတို့ အကြံနဲ့ ကျမတို့လေ….
ဒီလိုနဲ့ အိုက်ယီလဲ ပေကပ်ကပ်ရှူသိုးသိုးနဲ့ သူ့စက်ဘီးသွားထုတ်ပြီး ကျမတို့နောက်က ပါလာတယ်…။
မိနစ် (၂၀)လောက် စက်ဘီးနင်းပြီးသွားတော့…ကလေးမြို့ရဲ့ တစ်ခုထဲသော ရုပ်ရှင်ရုံရှေ့ကို ကျမတို့အဖွဲ့ ရောက်လာတယ်….။ ဆရာမအိမ်က အဲ့ဒီရုပ်ရှင်ရုံရှေ့က ဖြတ်ရတာကိုး….
ဒီနေ့ပြမယ့်ရုပ်ရှင်ကို ကြည့်ချင်လွန်းလို့ အရင်နေ့တွေကတည်းက ကျမတို့အဖွဲ့ ဆရာမကို ဘယ်လိုအကြောင်းပြချက် ပြောရကောင်းမလဲဆိုတဲ့ ခေါင်းစဉ်နဲ့ မီတင်အကြိမ်ကြိမ်လုပ်ထားရတာ….။ ပျောက်မယ့်ပျောက် တစ်ဖွဲ့လုံးပျောက်ရင် ဆရာမမေးတဲ့အခါ ဘယ်လိုပြောမယ်ပေါ့…..။ ခက်တာက အိုက်ယီ…
သေချာအောင် ဒီနေ့ပြမယ့် ရုပ်ရှင်ကြော်ငြာဘုတ်ကြီးကို လှမ်းမော့ကြည့်လိုက်တော့….မင်းသား မင်းသမီးက ဒွေးနဲ့ ထက်ထက်မိုးဦး…။ ဒီကားပဲ၊ ကျမတို့ ကြည့်ချင်နေတာ…..
ကျမတို့အဖွဲ့ တစ်ယောက်နဲ့တစ်ယောက် မျက်စပစ်ပြီး ရုပ်ရှင်ရုံဘေးက လမ်းသွယ်လေးတစ်ခုဆီ စက်ဘီးတွေ ချိုးကွေ့ဝင်လိုက်တယ်…။ အိုက်ယီကတော့ ကျူရှင်မသွားဘဲ ဘယ်ကွေ့တာလဲဆိုတဲ့ ဒီဇိုင်းနဲ့ အူတိအူကြောင် နောက်ကပါလာတယ်….။
ဆရာမကျူရှင်ကိုသွားမယ့် တခြားသူတွေ ကျမတို့အဖွဲ့ကို လှမ်းမမြင်နိုင်လောက်တဲ့နေရာထိရောက်တော့ ကျမတို့စက်ဘီးရပ်လိုက်ရင်း….
“အိုက်ယီ…..ငါတို့အဖွဲ့ ဒီနေ့ ရုပ်ရှင်ကြည့်မလို့…..” မီးမီးက ဒဲ့တိုးပဲ အိုက်ယီကို ပြောတယ်…
“အေး…ကြည့်လေ….ဘာလဲ…ငါလဲ လိုက်ကြည့်ရမှာလား…” အိုက်ယီက အားတက်သရောမေးတယ်….
ဒီအဖွဲ့တွေ ဒီလိုညှိရင် သူဂုံးဆင်းလို့ရတော့မယ်လို့ တွေးထားတာကိုး….
ဒါပေမယ့်…မီးမီး ပြန်ပြောတဲ့စကားကြောင့် အိုက်ယီစိတ်ပျက်သွားတယ်…
“ဟင့်အင်း…မဟုတ်ဘူး…၊ နင်က ကျူရှင် သွားတက်”
“ဟင်…နင်တို့ကျ ရုပ်ရှင်ကြည့်တယ်၊ ငါ့ကျတော့ ကျူရှင်တက် ဟုတ်လား”
“အင်း…ဟုတ်တယ်လေ….၊ နင်တော့ သွားတက်မှ ဖြစ်မှာဟ…၊ ငါတို့အကုန်ပျောက်သွားရင် ဆရာမ ပိုမသင်္ကာဖြစ်သွားမယ်လေဟာ….နော်…”
တျင်ခတ်က သနားစဖွယ် ညှောင်နာနာအသံနဲ့ ညှိတယ်…
“ပြီးတော့လေ….”
အိုက်ယီအခြေအနေကို ကြည့်ပြီး ကျမက ဆက်ပြောတယ်…
“ဆရာမက မေးရင်လေ…ငါက နေမကောင်းလို့၊ တျင်ခတ်က အိမ်အလုပ်ကူနေရလို့…၊ မီးမီးနဲ့ အိမ့်မျက်ခြယ်က မီးမီးတို့မိသားစုနဲ့ ကလေးဝဘက် ခဏတက်သွားတယ်လို့ ပြောပေးဟာ နော်…”
“ဟင်…ဒါဆို ယနောင်းနဲ့ ကျောက်ရ်ရယ်ရ်ကရော….” အိုက်ယီက လေးယောက်စာအတွက်ပဲ ဆင်ခြေရသေးလို့ ထပ်မေးတယ်….။
“ သူတို့ ၂ ယောက်ကို မေးရင် နင်မသိဘူးလို့ပြော၊ သူတို့ ၂ ယောက် နောက်မှ ရှင်းလိမ့်မယ်၊ ငါတို့ဇာတ်တိုက်ထားပြီးသား”
“အင်း…..အင်း…” အိုက်ယီရဲ့ အိပ်ချင်မပြေသေး ထုံထိုင်းထိုင်းပုံစံနဲ့ ပြန်ဖြေတာကို ကြည့်ပြီး အကင်းပါး အရိုက်သန်တဲ့ ဆရာမမျက်နှာ ပြေးမြင်လိုက်တဲ့ ကျမတို့အဖွဲ့ စိတ်ပူသွားကြတယ်…။
“ဆရာမ မေးရင် ဒီလိုမျက်နှာပေးနဲ့ ဖြေနော်….”
ကျမတို့အဖွဲ့တွေ အိုက်ယီကို မိနစ်နှစ်ဆယ်စာ သရုပ်ဆောင်ပြပြီး…သူ့ကိုလဲ ပြန်လုပ်ပြခိုင်း၊ ပြန်ပြင်နဲ့ စိတ်တိုင်းကျမှ ကျူရှင်ကို လွှတ်လိုက်တယ်….။
ဒင်းကို သင်နေရတာနဲ့ ရုပ်ရှင်ချိန်တောင် တော်တော်နီးနေပြီ…..
စက်ဘီးအပ်တဲ့နေရာမှာ ဘီးတွေ သွားအပ်ကြတော့ ကျောင်းက သူငယ်ချင်းတွေရဲ့ စက်ဘီးတွေကလဲ အပ်ထားတာ အစီအရီ…..။
“ငါတို့အဖွဲ့…ရုပ်ရှင်ရုံရောက်နေတယ်…၊ ပြန်ရင်စောင့်ဦး…..ဝက်သားတုတ်ထိုး သွားစားရအောင်…”
ယနောင်းက စာ ၉စောင်လောက်ရေးပြီး သူငယ်ချင်းတွေရဲ့ စက်ဘီးခြင်းတွေထဲ လိုက်ထည့်တယ်…။
“ကဲ…သွားရအောင်…”
ကျမတို့အဖွဲ့ ရုပ်ရှင်ရုံထဲဝင်ပြီးနောက်တော့ ရုံထဲမှာဆုံတဲ့ သူငယ်ချင်းတွေကို နှုတ်ဆက်လိုက်၊ ဇာတ်လမ်းထဲ မျောပါသွားလိုက်၊ မျက်ရည်တွေကျလိုက်၊ နှပ်ရည်တွေသုတ်လိုက်၊ ပါသမျှအစားအသောက်ထုတ်စားလိုက်နဲ့…ဆရာမကိုလဲ မေ့၊ အိုက်ယီကိုလဲ မေ့…။
ရုပ်ရှင်လဲပြီးရော…ကျမတို့အဖွဲ့ ရုံထဲက မပြန်ချင့် ပြန်ချင်နဲ့ ထ ပြန်တယ်….။ ရုံထဲက သူငယ်ချင်းတွေနဲ့ပါ ပြောရင်းဆိုရင်း ဇာတ်လမ်းကို စားမြုံ့ပြန်ရင်း…ကျမတို့ ၁၂ ယောက်လောက် ရုံထဲကနေ စက်ဘီးအပ်တဲ့နေရာဆီ ထွက်လာကြတယ်…။
“ဒွေးသရုပ်ဆောင်တာ အရမ်းမိုက်တယ်ဟာ….ထက်ထက်မိုးဦးကလဲ ချစ်စရာလေး….။ ဒါပေမယ့် ဇာတ်သိမ်းကို ငါတော့ သိပ်မကြိုက်လှဘူး….ဘာကိစ္စ မင်းသားက သေသွားရတာတုန်း၊ ပေးညားလိုက်လဲ ရတာကို”
ယနောင်းက မကျေမနပ်နဲ့ ပြောတယ်….။
“နင် ဒါရိုက်တာလုပ်မှ ပေးညား၊ ခုတော့ ဝက်သားတုတ်ထိုး သွားစားမယ်…၊ မျက်လုံးကျန်ရင် ငါစားမှာနော်….” တျင်ခတ်က အဖွဲ့တောင့်လာတော့ သူကြိုက်တဲ့ ဝက်မျက်လုံးကိုမစားရမှာစိုးလို့ ကြိုဦးတယ်….
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX
“ဟာာာာာာာ ဆရာမ!!!!!”
အိမ့်မျက်ခြယ်က မျက်လုံးပြူးမျက်ဆန်ပြူးဟန်နဲ့ အလန့်တကြား ထ အော်တော့ အဖွဲ့ထဲမှ ဗလကြီးတဲ့ ကျောက်ရ်ရွယ်ရ်က လာနောက်မနေနဲ့၊ ငါ ခေါက်လိုက်ရ ဆိုပြီး လက်ရွယ်တယ်….။
ဒါပေမယ့်….ကျမတို့အဖွဲ့ ကံဆိုးစွာပဲ….
ဟုတ်ပါတယ်…..
မျက်ခြယ်အော်တဲ့ ဆရာမမှ ဆရာမအစစ်…..။
လက်တစ်ဖက်က ကြိမ်လုံးတစ်ချောင်းကို ကိုင်လို့…၊ လက်တစ်ဖက်က ခါးကို ထောက်လို့…ကျမတို့အဖွဲ့ကို စက်ဘီးအပ်တဲ့ နားမှာ မျက်မှောင်ကြီးကုတ်ပြီး စောင့်ကြိုနေတယ်….။
“ဘုရား…ကယ်တော်မူပါ…”
ကျမစိတ်ထဲမှာ အိုက်ယီကို မေတ္တာပို့လိုက်ရင်း…သူငယ်ချင်းတွေရဲ့အခြေအနေကို လှမ်းကြည့်လိုက်တော့… အဖွဲ့ထဲမှာ မျက်နှာအကြီးဆုံး ကျောက်ရ်ရွယ်ရ်ရဲ့ မျက်နှာတောင် ဇီးရွက်တစ်ခြမ်းစာပဲ ကျန်တော့တယ်….။ ကျန်တဲ့သူတွေဆို မပြောနဲ့တော့…..
ခုမှ ရုံထဲကထွက်လာတဲ့ လူအုပ်ကြီးကလဲ ကြိမ်လုံးကိုင်ထားတဲ့ ဆရာမကိုတလှည့်၊ မျက်နှာငယ်လေးတွေဖြစ်နေတဲ့ ကျမတို့အဖွဲ့ကိုတလှည့် ကြည့်လိုက်ရုံနဲ့ အခြေအနေမှန်ကို လျှင်လျှင်မြန်မြန်ပဲ သဘောပေါက်သွားကြသလို ပြုံးစိစိတွေလုပ်ရင်း… ကွက်ကြည့်ကွက်ကြည့်လုပ်နေတယ်….။ ထွက်လာသူတွေထဲ တခြားအတန်းက လူတွေလဲပါတယ်…..။
ဟင်!!! ဟို ၃ ယောက်က (၉တန်း-B)က လျှပ်စီးစိန်မမအဖွဲ့ ၊ အဲ့ဒါမှ တကယ့် မဟာ့မဟာဆော်ဒါအကြီးစားတွေ…..
“ဒုတ်ခေါ!!!! ထိန်းလာသမျှ မဟာအရှက်တော်တော့ ဗြန်းဗြန်းကွဲပဟ…” ကျမ တစ်ဖက်က ဆရာမကြိမ်လုံးကိုကြောက်ရ၊ တဖက်က ကျောင်းမှာအစအနောက်ခံရတော့မယ့် နောင်ရေးကိုတွေးပူရနဲ့ ဗျာများလို့မှမဆုံးသေးဘူး…..
“လာကြစမ်း…နင်တို့အဖွဲ့….”
အရင်ဘဝက ခေါင်းလောင်းများလှူထားသလားထင်ရတဲ့ ဆရာမရဲ့ အောင်မြင်ထည်ဝါလှသော အသံအဆုံးမှာ…ကျမတို့တွေ ဆရာမရှေ့ လက်ကလေးတွေပိုက်လို့ရောက်သွားတယ်…..။
“ကျူရှင်မတက်ဘဲ ရုပ်ရှင်လာကြည့်ကြတယ်….ဟုတ်လား၊ နင်တို့တွေမှာ အပြစ်ရှိသလား မရှိဘူးလား….ပြောစမ်း!!!”
“ ရှိ…ရှိ…ရှိ ပါတယ်….” ယနောင်းက အ ထစ်ထစ်နဲ့….ဆရာမရဲ့ မေးခွန်းကို ရီပလိုင်းလုပ်တယ်….။
“ အေးးးးးးးးး…ရှိတယ်ဆိုရင်…..”
ပြောပြောဆိုဆို ဆရာမက ကြိမ်လုံးကိုင်ထားတဲ့လက်ကို မြှောက်လိုက်တယ်…..
သိနေတယ်လေ…….ဘာပြီးရင် ဘာလာတော့မယ်ဆိုတာ …..
ကျမတို့အဖွဲ့လဲ တိုင်ပင်လိုက်စရာကို မလိုတာ……
“ဝုန်းးးးးးးးး!!!!!”
အဲ့ဒီအသံကြီး အဆုံးမှာပဲ ဖုန်လုံးကြီးတစ်လုံးထွက်လာတယ်……
ကျမတို့အဖွဲ့လဲ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတယ်…..
အပ်ထားတဲ့စက်ဘီးတွေကိုတောင် မရွေးနိုင်ဘဲ…..ကျမတို့…ဆရာမရဲ့ ကြိမ်လုံးလမ်းကြောင်းကနေ ထွက်ပြေးကြတာပါ……
ကျမတို့အဖွဲ့ရဲ့ အနောက်မှာတော့ ကျမတို့ရဲ့ အခြေအနေကိုစောင့်ကြည့်နေသူတွေရဲ့ ဝါးလုံးကွဲရီသံတွေ တဝါးဝါး တဟားဟားနဲ့ ကျန်ခဲ့တယ်…..။
(ဆရာမလဲ ကျမတို့အဖွဲ့ထွက်ပြေးတော့ ကြိမ်လုံးကိုင်ထားရင်း ရီတယ်ပြောတယ်…၊ နောက်မှ ပြန်ကြားရတာ….)
အိုက်လို……
ကြည့်ချင်ဦးလေ…ရုပ်ရှင်!!!!
ကောင်းကင်ပြာ
31 comments
Before
January 15, 2015 at 4:50 pm
အလွန်နေလို့ကောင်းသော မြို့လေးလို့ဆိုရမယ်။
ကလော အလွန် တစ်ဘူတာမယ်တွေ့ခဲ့ကြရတယ် ဆိုတဲ့သီချင်းလေးလို ကလောအလွန်မြို့ကို အလည်သွားရင် ရောက်ဖူးခဲ့တယ်လေ၊
ပြန်လွမ်းမိပါရဲ့ဗျာ။
Kaung Kin Pyar
January 15, 2015 at 5:03 pm
ဟုတ်တယ်လေးခရေ….။
မြို့လေးက ကျဉ်းပေမယ့်…အတော်နေလို့ကောင်းတာ…။ မြို့ကျဉ်းတော့ ဘယ်နေရာဖြစ်ဖြစ် လက်လှမ်းမှီတယ်တောင် ပြောလို့ရတယ်….။ တာဟန်းဘက်တော့ သိပ်မရောက်ဖြစ်၊ မြို့ထဲဘက်တော့ မကြာခဏဆိုသလို ရောက်တယ်…..။
တခုပဲ….။ ဈေးဝယ်မယ် အနားကပ်လိုက်တိုင်း ဈေးသည်တွေ ငုံတတ်တဲ့ ခိုင်ဏီးလို့ ခေါ်တဲ့ ငုံဆေးကတော့ ခေါင်းမူးစရာ…။ ပြီးတော့ ငယ်ငယ်ရွယ်ရွယ် ၈တန်း ၉တန်းမိန်းခလေးတွေလဲ ကွမ်းစားကြတယ်…
မြို့လေးကတော့ နေချင့်စဖွယ် အတိ…
အလင်းဆက်
January 15, 2015 at 7:58 pm
အခုထိ အသက်မကြီးသေးတဲ့ (ကလေးမြို့)
အခုထိ အသက်ကြီးပုံ လုံးဝ မရတဲ့ (ကလေးငယ်လေးလို နုပျိုနေလို့) ကောင်းကင်ပြာ ရေးတဲ့စာ
😆
ဖတ်သွားတယ် ဗျ။
စာကိုမဝေဖန်တတ်သူမို့
လူကို ပုံဖော်လိုက်တယ်ဗျ။
အလင်းဆက်
January 15, 2015 at 8:00 pm
တကယ်လို့သာပေါ့ဗျာ
ကျနော်သာ ဖတ်ရွေးလို အဖွဲ့တစ်ခုခု လုပ်ဖြစ်မယ်ဆိုရင်ပေါ့
ဒီပိုစ့်ကို အမှတ်တစ်ခုခု ပေးမိမှာပဲ
ဒါမယ့်ပေါ့ဗျာ
ကျနော် ဘယ်အဖွဲ့ထဲမှ မပါတော့ဘူးဆိုတော့. . . .
အင်းပေါ့ဗျာ
အဲပေါ့ဗျာ
အာ့လေး လာပြောတာ။
Kaung Kin Pyar
January 16, 2015 at 9:38 am
Post လေးကို လာအားပေးသွားတာ ကျေးဇူးပါ ဆက်ဆက်ရေ….
ဖတ်ရွေးနဲ့ ပတ်သတ်လို့ပေါ့လေ….
တော်တော်အဆင်မပြေလို့သာ ဖျက်လိုက်ရတယ် ထင်ပါရဲ့…။ (ဖျက်လိုက်တာ ဟုတ်ချင်မှလဲ ဟုတ်ပါလိမ့်မယ်)
အကယ်၍များ ဖတ်ရွေးမရှိတော့ရင်….
ရွာအတွက်စဉ်းစားမယ်ဆိုရင်တော့ တော်တော်နစ်နာတယ်လို့ ကောင်းကင်ပြာတွေးမိတယ်….။
ဘာလို့လဲဆိုတော့…ဖတ်ရွေးဆုဟာ ဒီရွာအတွက် ပန်းတိုင်တစ်ခုလို ဖြစ်နေတာပါ…..။
မာရသွန်ပြိုင်ပွဲဝင်ကြသလိုပေါ့….။ အပျော်တန်းအနေနဲ့ ဝင်ပြေးသူတွေလဲ ရှိချင်…ရှိမယ်…၊ ဒါပေမယ့်…စာကြမ်းပိုးပိုစ့်တွေ၊ ဆန်ခါတင်ပိုစ့်တွေဆီက ရတဲ့ မှတ်ချက်တွေ၊ Commentတွေက ကိုယ်ပန်းတိုင်နဲ့ ဘယ်နားနီးနီးလောက်ထိ ရောက်သွားခဲ့တယ်ဆိုတာကို တိုင်းတာပေးတဲ့ ပေတံတွေလိုပဲ….။ အဲ့ဒီပိုစ့်တွေက စာကောင်းတွေ အများကြီး စစ်ထုတ်ပေးထားတာ….။
မအားတဲ့ လ မျိုး ရွာမဝင်ဖြစ်ရင်တောင် နောက်ပိုင်း အဲ့ဒီပိုစ့်တွေကို အဓိကထားပြီး ဖတ်ဖြစ်တာ…။
တကယ်လို့ ကောင်းကင်ပြာက ဒီရွာသူမဟုတ်ဘဲ ဒီအတိုင်းဝင်ဖတ်အားပေးနေတဲ့ အပြင်လူတစ်ယောက်ဖြစ်နေရင်တောင်မှ ဖတ်ရွေးအဖွဲ့ မရှိတော့ရင် အတော်စိတ်မကောင်းဖြစ်မိမှာပဲ….။
aye.kk
January 15, 2015 at 8:13 pm
ကောင်းကင်ပြာ
အမှတ်တရလေး
တွေဖြစ်သွားတဲ့
ညနေကမေ့မရပေါ့နော်။
Kaung Kin Pyar
January 16, 2015 at 9:42 am
ဟုတ်တယ် အန်တီအေးရေ….
ငယ်ဘဝအမှတ်တရလေးပေါ့…..။ လူတွေဝိုင်းကြည့်နေတဲ့ကြားမှာ…ကလေးတွေလဲဖြစ်တော့ ဂါဝန်တွေ စကဒ်တွေနဲ့ ပေတိပေစုတ်ပုံစံတွေနဲ့….။ ဆရာမရဲ့ ကြိမ်လုံးကို ကြောက်လို့ ဖဝါးနဲ့တင်ပါး တစ်သားတည်းကျအောင် ဝရုန်းသုန်းကား ထွက်ပြေးခဲ့ရတာ..။ ပြန်တွေးကြည့်ရင် ရီလဲ ရီချင်တယ်။
နေလို့ကောင်းတဲ့မြို့လေးမှာ ခင်ဖို့ကောင်းတဲ့ သူငယ်ချင်းတွေနဲ့….တခါတလေ အရမ်း လွမ်းတယ်…
Wow
January 16, 2015 at 9:20 am
ကင်းကောင်လေးက အရေးကောင်း state ကျောင်းသူဘွတောင်ပြန်လွမ်းသွားတယ် :kwi:
Kaung Kin Pyar
January 16, 2015 at 9:44 am
မဝေါင်းလဲ အစ်မရဲ့ State ကျောင်းသူ ဘဝကို ရေးပါဦး….။ မဝေါင်းတို့ဆို သူငယ်ချင်းတွေအများကြီးနဲ့ တော်တော်ပျော်စရာကောင်းခဲ့မှာပဲ….။ ဗရုတ်ရော တော်တော်ကျခဲ့လား….။ ပိုစ့်တစ်ပုဒ်လောက် တင်ပါနော်…
Wow
January 16, 2015 at 10:00 am
ကျောင်းနောက်ဖေး ခွေးတိုးပေါက်က တိုးထွက်ပီး ဟိုဘက်ကမ်းသွားလည်…
State တုံးက နောင်လာနောင်သားတွေ အတုယူချင်သယာ ကောင်းတာဒွေတော့ တစ်ခုမ မလုပ်ခဲ့ပါဝူးအေ
ဦးကြောင်ကြီး
January 16, 2015 at 10:17 am
ဗီလူးကား ကြည့်ဖူးရား… ကျောင်းဆရာ မကောင်းဗူး.. ဗဲဒီးဂွတ်..
Kaung Kin Pyar
January 21, 2015 at 5:18 pm
ဗေလုဝကားလေ…အကြည်တော်ရေးတာ….
ရုံတင်တာ ဝက်ဝက်ကွဲသွားပါကလား…။ ကာတွန်းစာအုပ်ဖတ်ရတာမှ ဟုတ်သေး…
Kaung Kin Pyar
January 16, 2015 at 10:25 am
အဟီး…ကောင်းကင်ပြာလဲ အတူတူပဲ….။
ဂိုက်နဲ့ စာသင်ရင် ခုံအဝိုင်းကြီးကြီးမှာ တင်ပလ္လင်ခွေထိုင်ပြီး သင်တာ….။ ဂိုက်အစ်မက စာမေးထားတဲ့ဟာ နက်ဖြန် ပြန်ရေးခိုင်းမယ် ပြောသွားရင်…ပုံစံတူစာအုပ်တစ်အုပ်မှာ အရင်ကူးထားတယ်…။ ပြီးမှ ဖြေတဲ့စာအုပ်ပြုတ်ကျသလိုနဲ့ စာအုပ်ချင်းလဲတာက တစ်မျိုး၊
တပလ္လင်ခွေထိုင်တဲ့ပေါင်ပေါ် စာအုပ်တင်၊ လက်တစ်ဖက်က နဖူးမှာထောက်ပြီး အောက်ကစာအုပ်ကို ငုံ့ကြည့်ကူးတာကလဲ တနည်း….
အင်း…ပြီးတော့ ကျောင်းမှာခွေးလှေးယားသီးသုတ်တဲ့ကိစ္စတွေ ရှိတာကိုလဲ
မပြောတော့ပါဘူးလေ….
:k:
Ma Ma
January 16, 2015 at 10:33 am
ကလေးဘဝဆိုတာ အပူအပင်ကင်းပြီး ပျော်စရာအကောင်းဆုံးဆိုတာကို သရုပ်ပေါ်အောင် ပေ့ါပေ့ါပါးပါးနဲ့ ဆွဲခေါ်သွားလို့ ကြိုက်တယ်။
🙂
Kaung Kin Pyar
January 16, 2015 at 10:37 am
အားပေးတာ ကျေးဇူးပါပဲ….
နောက်လဲ စာတွေရေးဖြစ်အောင် ကြိုးစားပါ့မယ်….
Mike
January 16, 2015 at 11:28 am
.နာတောင်မနာလိုဘူးဗျာ…စာအရေးအသားကောင်းလွန်းတာကို :))
.ဖတ်ရွေး ကတော့ လူငယ်တွေ ဝါသနာကြီးသူတွေဆက်လုပ်ဖို့ လမ်းဖွင့် ( နေရာဖယ်) ပေးလိုက်တာပါဗျာ
.ဘယ်သူတွေထလုပ်လုပ် ပံ့ပိုးကူညီသွားမှာပါ…အမှတ်တရရှိလို့ကျေးဇူးပါကောင်းကင်ပြာရေ
.တစ်နှစ်တစ်ခါတော့ တွေ့ဆုံနိုင်ကြအောင်စီစဉ်မယ်စိတ်ကူးထားပါတယ် :))
Kaung Kin Pyar
January 16, 2015 at 12:08 pm
ဦးမိုက်ရေးတဲ့နည်းတွေကိုတောင် အတုယူခဲ့ရတာပါ….။
ပြီးတော့ မန်းလေးဂဇက်သာ မရှိရင် ကောင်းကင်ပြာဖြင့် စာတွေပဲဖတ်ဖြစ်မှာ…. စာတွေ ရေးဖြစ်လာမှာတောင် မဟုတ်ဘူး…။ စာရေးချင်စိတ်လဲ ပေါ်လာဖြစ်မှာမဟုတ်ပါဘူး…..။
ရွာရယ်..၊ သူကြီးရယ်…၊ ရွာလူကြီးတွေရယ်…စာရေးဖော်တွေရယ်က ကောင်းကင်ပြာအပေါ်ကျေးဇူးရှိပါတယ် ဦးကြီးမိုက်ရေ….။
pooch
January 16, 2015 at 3:05 pm
အဲ့ကားမှတ်မိတယ် မြန်မာကားတွေထဲ ရုံမှာ နောက်ဆုံး ကြည့်ဖြစ်တာ
ယောက္ခမဆိုတာ တခါတုန်းက သမက်ပါပဲ ဆိုတဲ့ ဟာသကား
အဲ့နောက်ပိုင်း မကြည့်ဖြစ်တော့ဘူး
ခုနောက်ပိုင်းတော့ စိုင်းစိုင်းကား တကားလားပဲကြည့်ဖြစ်တယ်
ကျောင်းသူဘဝကတော့ ဘယ်အချိန်တွေးတွေး လွမ်းလို့ မဝ ပျော်လို့မဝဘူး
ကျောင်းတုန်းကများ အားတာနဲ့ အိပ်တာပဲ ပြီးရင် စားတယ် စာကျက်ဆို စာမြင်တာနဲ့ ငိုက်တာပဲ :mrgreenn:
Kaung Kin Pyar
January 21, 2015 at 5:20 pm
ကောင်းကင်ပြာတောင် နောက်ပိုင်းရုပ်ရှင်မကြည့်ဖြစ်တာ အတော်ကြာပြီ မပုချ်ရေ…..
ဟော့ရှော့ပြီးနောက်ပိုင်းကားတွေ အတော်ချာလာလို့…
ကျောင်းစာမြင်ရင်ငိုက်တာတော့ တူတူပဲ…
🙂
မြစပဲရိုး
January 17, 2015 at 6:32 pm
ကျောင်းပြင်တော့ ခိုးမထွက်ဖူးဘူး။
ကျောင်းထဲတင် ထမိန်ရှည်ရှည် ဝတ်တဲ့ အမှု၊ ရှပ်ခိုး ဝတ်တဲ့ အမှု နဲ့ အဗျင်းခံ ရနေကြပေါ့။
စာရေးကောင်းတာကတော့ ရုပ်ရှင်ကြည့်နေရသလိုဘဲ။ :))
Kaung Kin Pyar
January 21, 2015 at 5:21 pm
ထမိန်ရှည်ရှည်ဝတ်တာ ဗျင်းခံရတယ် ဟုတ်လား အရီး….။
ကောင်းကင်ပြာတို့ ကျောင်းတက်တုန်းကတော့ ပုဆိုးချက်ပြုတ်ဝတ်ကြတာ ခေတ်စားတယ်…သိလား….။ ကျွတ်ကျတော့မလို ဒီဇိုင်းတွေလေ…
La Yeik
January 19, 2015 at 10:40 am
ကောင်းကင်ပြာရေ…လာလည်ချင်တယ်…
Kaung Kin Pyar
January 21, 2015 at 5:22 pm
အဟဲ…ကောင်းကင်ပြာက အခု ရန်ကုန်မှာ လရိပ်ရ
လိုက်လည်မယ်ဆိုရင်တော့ တောင်ကြီးသွားရအောင်လေ…။ အမေတို့အဖေတို့က ခု အိုက်ဒိမှာ…
နေတာ စားတာ တာဝန်ယူတယ်…။
ပင်းတယဘက် သွားချင်နေတာ….။ လိုက်မလား…
naywoon ni
March 28, 2015 at 5:53 pm
မသိလို့ မေးကျိတာနော် ဟိုလေ ဂိုက်နဲ့ ကျူရှင်နဲ့ မတူဘူးလား ။ ဘယ်လိုကွာလဲဟင် !
Kaung Kin Pyar
April 3, 2015 at 11:57 am
အဲ့… ဒီကွန်မန့်လေးကို ခုမှတွေ့တယ် ဆရာနေ ရေ…
ဂိုက်က အိမ်မှာ လာသင်တာ…။ အပြင်က ဘွဲ့ကောင်းကောင်း အမှတ်ကောင်းကောင်းရထားတဲ့သူကို ခေါ်ပြီး ဝမ်းဘိုင်ဝမ်း သင်တယ်…
ကျူရှင်က ကျောင်းက ဆရာ၊ ဆရာမဆီမှာ တက်ရတာ…။ တချို့ (မတက်မနေရ)။ စပေ့ါတို့ ဘာတို့ပေါက်တယ်….၊ ဆရာစစ်ဆို လက်သိပ်ထိုး အဖြေ ပြင်ပေးတာလဲရှိ…။ (အဲ့…ဘာတွေ ပြောမိပါလိမ့်)
uncle gyi
March 29, 2015 at 10:17 pm
အခုကလေးတွေတော့ကျောင်းပြေးတယ်ဆိုတာမဆန်း
မပြေးဖူးတဲ့သူမှအဆန်းဖြစ်နေတာ
အန်ကယ်တို့ခေတ်က
ကျောင်းပြေးရင်ဆရာကြီးပဲ
ကျောင်းပြေးတဲ့သူကအတော်နည်းတာကိုး
Kaung Kin Pyar
April 3, 2015 at 11:59 am
ကျောင်းတော့ မပြေးဖူးဘူး…(ပြေးလို့မြလို့…)။ အမေကိုယ်တိုင်က ကျောင်းမယ်…ဆရာမလုပ်နေတာ….။
ကျူရှင်တော့….ဒွေးနဲ့ ထက်ထက်ဆွဲဆောင်လို့ တစ်ခါလား ပြေးမိ….ဝက်ဝက်ကွဲအောင် နာမည်ကြီးသွားတာ…မှတ်ကရော့ပဲ….
😥
တောတွင်းပျော်
September 10, 2015 at 7:21 pm
အော် မှတ်မိပြီ မှတ်မိပြီ
ဒီတုန်းက အောင်မင်္ဂလာကနေ ၉ မိုင်စခန်းအထိ ဖုန်ကြောင်းကြီးထသွားတာ ကောင်းကင်ပြာတို ့အုပ်စုရဲ ့
မာရသွန် ခြေချက်ကိုး။
Kaung Kin Pyar
March 29, 2016 at 5:22 pm
ငမ့်.. ရွှေဘုံသာ ဘုရားမှာ.. ကောင်မလေးနဲ့ အကြည်ဆိုက်နေတာမြန်း…
သိသလိုလိုနဲ့ ရွှီးပြန်ပါပြီ… 😛
ခင်ဇော်
February 28, 2016 at 8:08 pm
ရွာလည်ရင်းး ဒီပို့စ် မမန့်ရသေးးလို့ မန့်ဘီ..
ဒါ မနှစ် က မမဂျီးး ပြန်နေတုန်းးတင်တာမို့ မဖတ်လိုက်ရတာထင်ရဲ့..
ဘရုတ်တေ….
:k:
Kaung Kin Pyar
March 29, 2016 at 5:21 pm
ကိုထွန်းဝင်းလတ်ကို Link ပို့ရင်း မမဂျီးမန့်ထားတာ ခုမှ မြင်တယ်… :k:
အဲ့ဒီတုန်းက ကလေးဘဝလေး ပြန်လိုချင်သား…
နယ်မှာ နေခဲ့ဖူးတဲ့ အရသာကို နယ်မှာ နေဖူးတဲ့သူတွေပဲ သိတာ.. 🙂