ကျွန်ုပ်၏ အမှတ်တရ ကဗျာများ (ဧည့်သည်ကြီးနှင့် ကဗျာသုံးပုဒ်)
ကျွန်ုပ်၏ အမှတ်တရ ကဗျာများ
ဧည့်သည်ကြီးနှင့် ကဗျာသုံးပုဒ်
“က ကလေးငယ် ချစ်စဖွယ်။ ခ ခရေကုန်း မလေးပြုံး”။ ဒီသင်ပုန်းကြီး ဖတ်စာကဗျာကို ဖတ်မိလိုက်တော့ မောင်ကာကြီးရဲ့ အတွေးထဲမှာ ဆရာတင်မိုးကိုချက်ခြင်းပဲ ပြေးမြင်လာမိပါတယ်။ ပြောရရင်တော့ ဆရာတင်မိုးဆိုတာ မောင်ကာကြီး အသက်တော်တော်ကြီးလို့ ကဗျာတွေရေး စာတွေရေးနေတဲ့အချိန်ရောက်မှ သိခဲ့တဲ့ဆရာကြီးပါ။ သိခဲ့ရင်ပဲ သိသိခြင်း အလွန်တရာမှကို ကြည်ညိုလေးစားသွားရတဲ့သူ၊ မောင်ကာကြီးအတွက် ရှေ့ဆောင် ကဗျာဆရာကြီးဖြစ်ခဲ့သူပေါ့။
တစ်ကယ်တော့ ဆရာတင်မိုးဆိုတာကို မောင်ကကြီးတို့လို နှောင်းပိုင်းလူတွေ သိပ်မရင်းနှီးရိုးအမှန်ပါ။အစပိုင်းကဆိုခဲ့သလိုပဲ ဗျည်းကဗျာတွေ၊ “မမ ဝဝ ထထက”ဆိုတဲ့ အရေးအဖတ်ကဗျာတွေ၊ “ယုန်ကလေးက နားရွက်ထောင်”ဆိုတဲ့ ပညာပေး ကလေးကဗျာတွေကို သိခဲ့ပေမယ့် ဒါတွေဟာ ဆရာတင်မိုးရဲ့ လက်ရာမှန်း တော်တော်များများကတော့ မသိကျဘူး။ ဒါဆို ဆရာတင်မိုးဆိုတာ ကလေးကဗျာတွေရေးတဲ့ ကဗျာဆရာလား။ မဟုတ်သေးပါဘူး။ အမျိုးသားရေး စိတ်ဓါတ်ပြင်းထန်တဲ့သူဟာ ဇာတိမာန် ကဗျာများစွာကိုလဲရေးခဲ့သူ။ တရားအသိနဲ့ သံဝေဂ ကဗျာတွေကိုလဲ ရေးခဲ့သူပေါ့။
ဆရာတင်မိုးရဲ့ လက်ရာတွေထဲကမှ မောင်ကာကြီးကြိုက်ခဲ့ရတဲ့ ကဗျာတွေ အများကြီး ရှိပါတယ်။ ဖန်လ်မီးအိမ်၊ ကဗျာဆရာနဲ့ တွေ့ဆုံခြင်းစတဲ့ ကဗျာများစွာထဲကမှ မောင်ကာကြီးအတွက် အလွတ်ရလောက်အောင် အပြန်ပြန် အလှန်လှန် ဖတ်ဖြစ်ခဲ့တဲ့ ကဗျာလေးတွေ အကြောင်းကို ပြောကြတာပေါ့။
ပထမဆုံး ပြောချင်တဲ့ကဗျာလေးက သချႌုင်းဆိုတဲ့ ကဗျာတိုလေးပါ။ စာသားလေးကိုကြည့် ကြည့်ရအောင်။ “တိတ်ဆိတ်ငြိမ်သက်၊ မြေတစ်ကွက်ကို၊ အသက်ပေး၍ ဝယ်ရသည်”တဲ့။ ကဲ ဘယ်လောက်တောင် ရှင်းလိုက်သလဲ။ သူ့ခေါင်းစဉ်နဲ့ သူ့စာသားကို မြင်လိုက်ရရုံနဲ့ လောကရဲ့သဘာဝကို ဘယ်လောက်တောင် ရုပ်လုံးထင်ကျန်စေလိုက်သလဲ။ စာကြောင်းလေးကတော့ သုံးကြောင်းထဲ။ ဒါပေမယ့် သူပေးခဲ့တဲ့ မက်ဆေ့ချ်က အများကြီး။ ဒါကြောင့်မို့လဲ မောင်ကာကြီးရဲ့ အကြိုက်ဆုံး ကဗျာဖြစ်ခဲ့တာပေါ့။ စဉ်းစားကြည့်လေ။ လေတိုက်တုန်း သစ်ပင်ခြင်းထိခတ်လို့ မြည်လာတဲ့အသံကလွဲလို့ လူသံ ဆူသံတွေ ဘာဆိုဘာမှမကြားရတဲ့နေရာ။ တစ်ခါတရံမှ ငိုသံရှိုက်သံတွေကြားရတဲ့နေရာ။ တစ်ခါတလေမှာ ဆွဲဆွဲငင်ငင်အူလိုက်တဲ့ ခွေးသံကလွဲလို့ ဆိတ်ညံမှု ချုံလွှမ်းထားတဲ့နေရာ။ ဒီနေရာ ဒီအရပ်မှာ နောက်ဆုံးသော လဲလျောင်းခြင်းနဲ့ ရာသက်ပန်နေထိုင်သွားဖို့အတွက် မြေလေးတစ်ကွက်ကို အခကြေးငွေပေးပြီး ဝယ်ယူခဲ့ရပါလားဆိုတဲ့ အသိတရား၊ သတိစကားဟာ မောင်ကာကြီးတို့လို ပေါ့ပျက်ပျက်လူငယ်တွေအတွက် ဘယ်လိုမှ မတွေးနိုင်တဲ့စကား၊ ဘယ်နည်းနဲ့မှ မရေးနိုင်တဲ့ စာသားတွေပေါ့။ ဆလံသပါတယ် ဆရာဂျမ်းရယ်။
အမှန်အတိုင်းဆိုရရင် ဒီ သချႌုင်းဆိုတဲ့ကဗျာလေးနဲ့စတင်ပြီး တင်မိုးဆိုတဲ့ ကဗျာဆရာတစ်ယောက်ကို မောင်ကာကြီး စတင်ရင်းနှီးခဲ့တာပါ။ အဲ့ကစပြီးတော့ ဆရာကြီးကိုလေးစားပြီး သူ့ရဲ့ကဗျာတွေရှာဖတ်၊ သူ့ရဲ့ အကြောင်းတွေရှာဖတ်ခဲ့ရတာပေါ့။ ဒီတော့မှသိလိုက်ရတာက ဆရာတင်မိုးဆိုတာ မောင်ကာကြီးတို့ ကျောင်းသားဘဝကို စတင်ချိန် အတန်းထဲ အာပြဲကြီးနဲ့ ရွတ်ခဲ့ရတဲ့ ကဗျာပိုင်ရှင်ဖြစ်နေမှန်းပေါ့။ ဪ ခေတ်နဲ့စနစ်ကြောင့် အမိမြေကိုခွာပြီး အမေရိကန်နိုင်ငံမှာ သွားရောက်နေထိုင်ခဲ့ရတဲ့ဆရာကြီးဟာ မောင်ကာကြီးတို့ဘဝရဲ့ လက်ဦးကဗျာဆရာပါ့လား။
ဒီလိုနဲ့ ဆရာဂျမ်းရဲ့ ကဗျာတွေကို ရှာဖတ်ရင်း ရင်ထဲကိုထပ်ရောက်လာတာက ချစ်စရာကဗျာလေးတစ်ပုဒ်။ ဒီနေရာမှာ မောင်ကာကြီး အချစ်ကဗျာလို့ မသုံးပဲ ချစ်စရာကဗျာလို့ ဘာကြောင့် သုံးခဲ့လဲဆိုတာကို အောက်မှာ ဆက်ပြီးပြောပါမယ်။ ကဗျာလေးရဲ့ ခေါင်းစဉ်ကတော့ “ချစ်သူ့ အတွေး” တဲ့။
ချစ်သူရယ်။ မောင့်ဘဝရဲ့ အရှင်သခင်မင်းဟာ စန္ဒာလမင်းကြီးသာဖြစ်ခဲ့မယ်ဆိုရင် မောင်ဟာ ကြယ်စင်လေးအဖြစ်နဲ့ မင်းသွားရာ မြေကမာ္ဘကို လိုက်ကာလှည့်ပတ်နေချင်သူပါကွယ်။ အကယ်၍များ မင်းကသာ နှင်းဆီဖူးလေးဖြစ်ခဲ့ရင် မောင်ဟာ ဆူးခတ်တွေအဖြစ်နဲ့ မင်းရဲ့ လှပတင့်တယ်မှုကို ဝါးမျိုမဲ့ တောင်ပံကားကား လိပ်ပြာများရန်က ကင်ဝေးအောင် စောင့်ရှောက်ပေးမယ့်သူပါကွယ်။ ရေဇလာနန်းက ဗေဒါပန်းလေးသာ မင်းဖြစ်ခဲ့ရင် မောင်ဟာ ရေပြာပြာအဖြစ်နဲ့ မင်းသွားလိုရာလမ်းကို သောင်မတင် မြေမခပဲ ဆောင်ပို့ပေးမယ့် သူပါကွယ်။ သို့ပေမယ့်လဲ အချစ်ရယ်။ မင်းဟာပန်းတစ်ပွင့်အဖြစ်နဲ့ ပင်ယံနန်းမောင့်ထံက ကြွေကျသွားမယ့် အဖြစ်မျိုးကိုတော့ မဖြစ်လိုပါဘူး။ လေနှင်ရာလွင့်ပါးမယ့် ချစ်နှမမင်းလေးနောက်ကို မောင့်မှာတော့ မလိုက်နိုင်ခဲ့ရင်ဖြင့် လွမ်းမျက်ရည် မြေခလို့ တစ်ကိုယ်တည်း အထီးကျန်ရမှာကို စိုးထိတ်လို့ပါကွယ်။
ဒီကဗျာထဲက အချစ်ကိုဖွဲ့ဆို တင်စားမှုတွေဟာ အခုခေတ်မှာတော့ သိပ်ပြီး မထူးဆန်းလှပေမယ့် ထိုခေတ် ထိုအချိန်ကတော့ အလွန်မှ ဆန်းသစ်တဲ့ တင်စားချက်တွေ ဖြစ်ခဲ့မှာ မောင်ကာကြီး ယုံကြည်ပါတယ်။ လနဲ့ကြယ်၊ ပန်းနဲ့ဆူး၊ ဗေဒါနဲ့ရေဇလာ စတဲ့ ခွဲမရတဲ့ တွဲလျက်မိတ်ဖက် တွေကိုဖေါ်ပြပြီးမှ ကြွေပန်းနဲ့သစ်ပင်ဆိုတဲ့ ဝေးကွာမှု မသက်ဆိုတော့ဟန်ကို ဖေါ်ပြခဲ့ခြင်းကလဲ ဒီကဗျာရဲ့ အလှတစ်ခုပေါ့။ ဒီအရာအားလုံးထဲကမှ မောင်ကာကြီးအကြိုက်ဆုံးစကားလုံးကတော့ ကဗျာ အဆုံးပိုဒ်တွေမှာ ရေးထားတဲ့ “နော့” ဆိုတဲ့ စကားလုံးပါပဲ။ ဒီနော့ဟာ ကဗျာစာပိုဒ်ပြည့်အောင်ဖြည့်ထားတာ ဖြစ်နိုင်သလို ကဗျာထဲက မယ်လေးရဲ့မောင်ကြီး ဘယ်လောက်တောင်မှ သူ့ချစ်သူအပေါ် တန်ဖိုးထားလဲ သူမေတ္တာဟာ ဘယ်လောက်နူးညံ့လဲဆိုတာကို ဖေါ်ပြပေးနေပါတယ်။ ကာရံယူထားခြင်းမရှိတဲ့ အတွက် ထို နော့ နေရာမှာ “ကွယ်”တို့ “လေ”တို့ကို သုံးဖို့မဆိုနဲ့ သူ့ရဲ့မူလ သံမှန်ဖြစ်တဲ့ “နော်”ကို သုံးလိုက်မယ် ဆိုရင်တောင်မှာ ဒီကဗျာရဲ့ သိမ်မွေ့မှုဟာ လျော့နည်းသွားလိမ့်မယ်လို့ မောင်ကာကြီး ရဲရဲဆိုရဲလေရဲ့။ ဒီ နော့ဆိုတဲ့ စကားလုံးကြောင့် ဒီကဗျာလေးဟာ အလွန်တရာမှ ချစ်စရာကောင်းသွားပါတယ်။ ဖတ်ရသူရဲ့စိတ်ထဲမှာလဲ ကြည့်နူးမှုတွေကို ဖြစ်သွားစေပါတယ်။ နုပါပေ့ လှပါပေ့ ဆရာဂျမ်းရယ်။
အခုတော့ “ချစ်သူ့ အတွေး”ကဗျာလေးပြီးတော့ ဆရာဂျမ်းရဲ့ ကဗျာနောက်တစ်ပုဒ် အကြောင်း ဆက်ကျဦးစို့ နော့။
ဆရာတင်မိုးဟာ ကဗျာရှည်တွေကိုသာမကပဲ ကဗျာတိုလေးများကိုလဲ ထိထိမိမိရေးတတ်သူပါ။ ဆက်လက်ပြီး ပြောပြမှာကလဲ သူ့ရဲ့ သုံးကြောင်းကဗျာလေး တစ်ပုဒ်အကြောင်း။ ဒီတစ်ပုဒ်ကတော့ မောင်ကာကြီးအတွက်သာမက ဆရာတင်မိုးကို သိတဲ့လူတွေအားလုံးအတွက်ပါ မေ့လို့မရတဲ့ ကဗျာလေးဖြစ်မှာပါ။ ခေါင်းစဉ်ကတော့ “ဧည့်သည်ကြီး”တဲ့။ အကြောင်းအရာက အိမ်ပြန်ချိန်ကို စောင့်မျှော်နေတဲ့ လူတစ်ယောက်က အိမ်ပြန်ချိန်ရောက်နေပြီလေ၊ ပြန်ပို့ပေးကျပါတော့လို့ တောင်းဆိုတဲ့အကြောင်း။ ဒါပေမယ့် သူ့ရဲ့ တောင်းဆိုမှုဟာ ကလေးတစ်ယောက်ရဲ့ ပူဆာမှုဟန်ရော မာနကြီးသူတစ်ဦးရဲ့ အောက်မကြို့ချင်တဲ့ လေသံတွေကော ရောလို့လေ။လူတစ်ယောက် ဆေးပေါ့လိပ် တိုနှံ့နှံ့ကိုခဲရင်းနဲ့မှ “ ဟိတ်ကောင်တွေ မိုးချုပ်တော့မယ်။ ငါကို အိမ်ပြန်ပို့ကွာ” ဆိုတဲ့ လေသံမျိုးကလဲ ပါသေး။
ဒီကဗျာကိုရေးတုန်းက ဆရာတင်မိုးဟာ မန္တလေးမှာပဲရှိနေတုန်း တက္ကသိုလ်ကျောင်းသားအဖြစ်ပဲ ရှိနေတုန်းပါ။ သို့ပေမယ့် မောင်ကာကြီးထင်ပါတယ်။ ဒီကဗျာဟာ ဆရာဂျမ်း အတွက် ရှေ့ပြေးနိမိတ် ဖြစ်စေသလိုပါပဲ။ ၁၉၉၁ကနေ ၁၉၉၅ခုနှစ်အထိ အိမ်နဲ့ဝေးရာ အခန်းကျဉ်းထဲကို ရောက်ခဲ့ရတဲ့ ဆရာဂျမ်း၊ ၁၉၉၉ကနေစတင်ကာ အမိမြေနဲ့ ဝေးရာအရပ်မှာ နေထိုင်ခဲ့ရတဲ့ ဆရာကြီးအတွက် ဒီကဗျာလေးဟာ ဘယ်လောက်ကြေကွဲစရာ ကောင်းလိုက်မလဲဆိုတာကို မောင်ကာကြီးတို့လို ဝေးမြေအရပ်မှာ နေထိုင်နေရတဲ့ လူတွေက ကိုယ်ချင်းစာတတ်တာပေါ့။ မောင်ကာကြီးလဲ ဒီကဗျာကို ဖတ်မိတိုင် နှလုံးသား ဝဉ်ညာဉ်လေးဟာ မှိုင်းညို့ခဲ့ဖူးတာပေါ့။ ပျော်ရာမှာမနေ တော်ရာမှာနေ နေရတဲ့ လူသားတစ်ယောက်ထံက အိမ်ကိုလွမ်းတဲ့စိတ်နဲ့ ကြိတ်မနိုင် ခဲမရဖြစ်နေမှုတွေ ဒီစာလေး သုံးကြောင်းမှာ အတိုင်းသားပါပဲ။ ဂါရဝပြုပါတယ် ဆရာဂျမ်းရယ်။
မောင်ကာကြီးတို့ မြန်မာနိုင်ငံက အနုပညာရှင်တွေထဲမှာ နယ်သာလန်နိုင်ငံမှ ချီးမြင့်တဲ့ Prince Claus Award ကိုရခဲ့ဖူးတာဆိုလို့ ဆရာတင်မိုးရယ် စွယ်စုံ့ရအနုပညာရှင် ဦးသူရခေါ် ဇာဂနာရယ်ပဲရှိပါတယ်။ ဒီလောက်နဲ့တင် ဆရာတင်မိုးဆိုတာ ဘယ်လိုလူလဲ ခန့်မှန်းလို့ ရကောင်းပါရဲ့။ အနုအလှကဗျာတွေသာမက ရဲရဲတောက် မျိုးချစ်ကဗျာတွေကိုပါရေးခဲ့သူ ဆရာတင်မိုးဟာ မောင်ကာကြီးရဲ့ Favorite ကဗျာဆရာတစ်ယောက်ပါပဲ။
ကဲလေ ဒီမှာပဲ ဆရာတင်မိုးရဲ့ ကဗျာတွေအကြောင်းကို တော်ဦးစို့။ နောက် နောင်လဲ အခါသင့် အခွင့်သာသလို မောင်ကာကြီးရဲ့ အမှတ်တရ ကဗျာတွေ အကြောင်းကို ရေးသားပါဦးမယ်။ ဒီစာစုနဲ့ ပတ်သက်လို့ကတော့ မောင်ကာကြီး ခံစားရသမျှကို ခံစားမိတဲ့အတိုင်း ရေးသားဖေါ်ပြထားခြင်းဖြစ်တဲ့အတွက် အမှားအယွင်းများရှိခဲ့ပါက အပြစ်မမြင်ပဲ “အော်… ဒီသူငယ် သူဉာဏ်မှီသလောက် ရေးထားတာပါလား” လို့ အချစ်ဝင်ပါကျပါဦးလို့။ ။ လွန်တာရှိရင် ဝန္ဒာမိပါ။
အနုပညာသည် အနုပညာအတွက်သာ ဖြစ်သည်
Courage
ဧည့်သည်ကြီး
ဆေးလိပ်လည်းတို
နေလည်းညိုပြီ
ငါ့ကို ပြန်ပို့ကြပါလေ…။
တင်မိုး
ချစ်သူ့ အတွေး
လမင်းက အရှင်
ကြယ်စင်က ကိုယ်ဆိုပါတော့။
မြေကမာ္ဘ ပတ်ချာဝိုက်လို့၊
လိုက်ပါ့မယ်နော့…။
နှင်းဆီက ကလျာ
ဆူးညှာက ကိုယ်ဆိုပါတော့…။
ရွှေလိပ်ပြာ တောင်ပံကားကို
တားပါ့မယ်နော့…။
ဗေဒါက သခင်၊
ရေပြင်က ကိုုယ်ဆိုပါတော့…။
သောင်မတင် လိုရာကြွရအောင်
ဆောင်ပါ့မယ်နော့…။
သို့ပေမင့်…
ကြွေပွင့်က ချစ်နှမ၊
အပင်က ကိုယ်သာလျင်၊
ဖြစ်ချင်ဘူးကိုယ်တွေး…။
ကြွေပွင့်ငယ်ချာချာဝဲ၊
လေထဲမှာ ပျံပျံကာ၊
သင်လွင့်ရာ ကိုယ်မှာမကြွနိုင်ဘု၊
အထီးကျန် မျက်ရည်စငယ်နဲ့၊
လွမ်းရမယ်လေး …။ ။
တင်မိုး
11 comments
အလင်းဆက်
January 29, 2015 at 12:02 pm
မနေ့ကတောင်… ဆရာ အောင်ချိန်ဘွားနဲ့… စကားထိုင်ပြောဖြစ်သေးးး
အဲဒီ ဆရာကြီး တင်မိုး အကြောင်းတောင် ပါလိုက်သေး…
ဆရာတင်မိုးရဲ့ ကဗျာတွေကို…
စာရွက် ကြည့်ပြီး… ရွတ်ဖတ်ခဲ့ဖူးတယ်..
အံမယ်..အဲ့တုန်းက…ကတ်ဆက်ခွေလေးတွေ ခေတ်ဗျ…
ကျနော်…အဲဒီတုန်းက..ဆရာတင်မိုးရဲ့ ကဗျာတချို့ကို ရွတ်ပြီး..အသံသွင်းထားဖူးသေးရဲ့…
ကဗျာ ရွတ်တာကို ငယ်ငယ်ကတည်းက ဝါသနာပါတာ…
:k:
Mike
January 29, 2015 at 1:19 pm
သစ္စာစကား
ငါတို့နိုင်ငံ
မိုးသောက်ယံဖြစ်ပါစေ
ညအမှောင်ပျောက်၍
လရောင်တောက်ပါစေ
အမျက် အအီ အဆိပ်ပြေ၍
ချစ်နှစ်သက်ဖွယ် ဖြစ်ပါစေ
လမ်းဖုန်ဖုန်ဖွင့်၍
ပန်းအစုံစုံ ပွင့်ပါစေ
အကြောက်တရားကြောင့်
ချောက်ချောက်ချားချား
မှောက်မှောက်မှားမှားမှ ကင်းပ၍
အလင်းရပါစေ
အမှောင့်အဖျက်
အနှောင့်အယှက်ဟူ၍မရှိ
ပကတိငြိမ်းချမ်း၍
စိမ်းလန်းသော နိုင်ငံတော်ကြီးဖြစ်ပါစေ
ဤစေတနာ မေတ္တာပွားသည့်
သစ္စာစကားကြောင့်
ကျောက်သားပမာ မြဲခိုင်သည့်
တို့နိုင်ငံတော်ကြီးပေါ်ပေါက်စေသတည်း
တင်မိုး
၂၂-၄-၂၀၀၀
Mike
January 29, 2015 at 1:21 pm
“ထန်းပင်ရိပ်”
ထန်းရွက်သံ ပတ္တလားနဲ့
ထန်းရည်ခါး သောက်ရအောင်
ဝါးခေါက်ကြ မောင် ။
ထန်းသမား အသားချောင်
မြှောင်ပြီကွယ့် ခါးတောင်း ။
ရှဉ့် ငှက် ကျင်လည်စွာသို့
တပင်ခွာ တပင်တက်
လျှပ်လက်သို့ လည်းကောင်း ။
ငှက်ခါးတောင် စိမ်းမြမြနဲ့
ပင်ကျရည် ခေါင်းပေါင်းဖြူ ။
ပဲကြီးလှော် တကတော့နဲ့
မော့စို့ အတူ ။
ယူခဲ့ပော့ တမြူ နှစ်မြူ
မွှေးကြူလို့သင်း ။
ထန်းရိပ်ညို တနေခိုလို့
ဘဝကို မေ့ပျော်ကြူး
မူးစို့ သူငယ်ချင်း ။
ထန်းလျက်ချို ဖိုနံဘေးက
ခွေးကလေး ညိုပြာရောင်
ဝဲယားလို့ ပောာင် ။
တို့တတွေ ထန်းရည်မူးကို
ချီးကျူးတဲ့ တေးသံယောင်
အမောင်ငဲ့ ကြားပါစ ။
မျက်မှေး ရီတီတီနဲ့
နေနီနီ အစွယ်ကျိုး
မိုးချုပ်ပြီလော့ ။
ထန်းတောပြန် သေသောက်ကြူး
အမူးက မပြေ့တပြေ
နတ်ဝင်သည်တွေ ။
ယစ်ရွှေရည် သူရာနှိုးလို့
ပုဆိုးစ ခါးပုံရှည်
ခုနှစ်ထွေ အက ။
တေးချင်း အသံကျယ်ကြောင့်
တဲပျက်ငယ် အဝင်ဝက
ဆီးကြိုကာ တွဲပါရ
မယ်မင်းကြီးမ ။
တင်မိုး
၂ရ . ရ .၁၉၆၀
Mike
January 29, 2015 at 1:25 pm
မင်းတရားခံဖြစ်မယ်၊
ငါမမှန်ရင်
ငါတရားခံဖြစ်မယ်၊
တရားဆိုတာ
ညှာလဲမညှာ၊ ညာလဲမညာ
သာစေ နာစေမရှိ
ပကတိ သူ့သဘော သူဆောင်ခြင်းပဲ။
ဒီနေ့ မင်းရဲ့လုပ်ရပ်ဟာ
နောင်နေ့ မင်းရဲ့အတ္ထုပ္ပတ်။
ဒီနေ့ မင်းရဲ့လုပ်ရပ်ဟာ
နောင်နေ့ မင်းရဲ့အနာဂတ်။
မပတ်သက်ချင်လို့ မရ။
မစပ်ဆက်ချင်လို့ မရ။
မင်းဘဝကို မင်းကသာပြဌာန်းတယ်။
မင်း ဘာလဲ
မင်း ဘယ်သူလဲ
မင်းဟာ မင်းပဲ။
(တင်မိုး)
ရှာမိသမျှလေးတွေတငိပေးတာပါဗျာ :))
Courage
January 29, 2015 at 2:46 pm
လူငယ်တွေအတွက် အရိုးရှင်းဆုံး အထိရောက်ဆုံး ဆုံးမစကားတွေနဲ့
“သမိုင်းမှာ မင်းတရားခံဖြစ်မယ်” ပေါ့
kai
January 30, 2015 at 3:57 am
ဆရာဦးတင်မိုးသမီးတယောက်က… ဒတ်ချ်တယောက်နဲ့ယူပြီး.. နယ်သာလန်နိုင်ငံမှာနေပါတယ်..။
မြေးလေးတွေက.. အဖြူနဲ့ဗမာစပ်သမို့.. ချောချောလေးတွေ………..။
ဆိုတော့…
နောက်တယောက်က.. တမြို့ထဲတူတူနေတာပေါ့..။.
စာရေးဆရာမပါပဲ..။ မိုးချိုသင်းတဲ့…။
အင်း..
ဆရာဦးတင်မိုးဆုံးတာတောင်… ဘာလိုလိုနဲ့..ဇန်နဝါရီ ၂၂ က.. .၈နှစ် နှစ်လည်လာပြန်ပေါ့…။
မြစပဲရိုး
January 31, 2015 at 2:07 pm
ဒီ ကဗျာ လေး နှစ်ပုဒ် လုံး ကို ကျွမ်းဝင်ခဲ့ပါတယ်။
ဆရာကြီး ရဲ့ ကဗျာ တွေ ကိုတော့ အင်မတန် နှစ်သက်ပါတယ်။
ဒါပေမဲ့ အထဲ က အနှစ် တွေ ကို တော့ ထဲထဲဝင်ဝင် မကြည့်ခဲ့ဘူး။
အခုမှ ဖတ်လိုက်ရင်း အနှစ် တွေ မြင်လိုက်ပါတယ်။
ဒီလို ဖော်ထုတ်ပေးတာ အင်မတန် တန်ဖိုးရှိလှပါတယ်။
ကဗျာဝေး တဲ့ အရီး လိုသူ တွေ အတွက် ဆက်ပြီး ဖော်ထုတ်ပေးပါဦး မောင်ကာကြီး ရေ။
အရီး ကတော့ ကဗျာ ထက် သီချင်းကို ကြိုက် သူမို့ သီချင်းအကြောင်း ပြောပါရစေဦး။
အရီး က စိုင်းထီးဆိုင် သီချင်း အားလုံးနီးပါး ရတယ်။
အများစု ကတော့ စိုင်းခမ်းလိတ် ရေးတာပါ။
ဒါပေမဲ့ ရှားရှားပါးပါး “မစ္ဆရိယ” ဆိုတဲ့ သီချင်း ကတော့ စိုင်းခမ်းလိတ် မဟုတ်ဘဲ ဆရာကြီး တင်မိုး ရှားရှားပါးပါး ရေး သွားပေးခဲ့တာ။
https://www.youtube.com/watch?v=WvBWKzl5oas
အခုတော့ ဆိုသူရော၊ ရေးသူပါ မရှိတော့ဘူးပေါ့။
သီချင်းသံတွေ၊ ကဗျာသံ တွေ ကတော့ လွှင့်ပြန့် နေဆဲ။
Courage
January 31, 2015 at 3:07 pm
ကျေးဇူး ကမာ္ဘဆိုင်ရော ဒေါ်လေးမြ…
ဆရာတင်မိုးရဲ့ ကဗျာ သီချင်းဖြစ်သွားဖူးမှန်း ဒေါ်လေးပြောမှ သိတော့မယ်
အခုပဲ ဒေါင်းလိုက်ပါတော့မယ် (y)
မြစပဲရိုး
January 31, 2015 at 9:38 pm
မောင်ကာကြီး လေး
နားထောင်ပြီး ပြီလား။
အဲဒီ သီချင်း ဟာ ဘာ အတွက် ဘယ်သူ တွေ ကို ရည်ရွယ် ရေးခဲ့ တဲ့ မှန်းကြည့်နိုင်ခဲ့ ရဲ့လား။
#တောက်ပ ပြီး သာ နေတဲ့ လမင်း ကို မနာလို ဖြစ်ပြီး တိမ်ညို တွေ နဲ့ အတင်းဖုံး နေတဲ့ အတ္တ
#ထမင်းလုံး တစ္ဆေခြောက်နေသူများ
#အမုန်းဖက် တော့ အရှုံးထွက်
#အဲဒီ အရှုံးထွက် အမုန်းဆက်ဖြစ်
#သံသရာလည် နေရောပေါ့။
#သာနေတဲ့ လ ကို ပက်လက်လှန် ပြီး တံထွေး ထွေး နေကြသူများ အကြောင်း။
ဘာဘဲဖြစ်ဖြစ် အင်မတန် ပညာပါတဲ့ သီကုံး မှုပါဘဲ။
ဒီလို လူတော်ကြီး တွေ နေရာ လူငယ်များ က ဆက်ပြီး နေရာ ယူနိုင်စွမ်း ရှိ/မရှိ။
မသိတော့။
Courage
February 2, 2015 at 1:11 am
“ထမင်းလုံး တစ္ဆေခြောက်
ဖေါက်ပြန်လေတဲ့ ညတစ်ည…
မသတီစရာ အရိုင်းစိတ်မွေး
အလင်းမရ အပှောင်ကျ
ဖုံးကွယ် လေတဲ့ ငါ့ဘဝ”
အတ္တကြောင့်ဖြစ်တဲ့ မနာလိုမှု
မာနကြောင့်ဖြစ်တဲ့ မနာလိုမှုတွေကြောင့်
ကျွန်တော်တို့စိတ်ထဲမှာ အရှက်ရဲ့ သင်္ကေတ “မစ္ဆရိယ”တွေ ဘယ်လောက်များနေပြီလဲ…
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘယ်ဘက်ကတွေးတွေး တွေးလို့ မလွတ်နိုင်တဲ့ အရေးအသားတွေပါ့လား ဆရာဂျမ်းရယ်….
တန်ဖိုးရှိတဲ့ သီချင်းလေးအတွက် ကျေးဇူးပါ အန်တီမြ
Mr. MarGa
February 2, 2015 at 2:01 pm
တိုတိုနဲ့ ထိထိ ပြောခဲ့တဲ့ သူ့စာသားလေးကိုလည်း သတိရနေမိသေး
ဘာတဲ့
“အာဇာနည်မျိုး သေရိုးမရှိ” တဲ့ဗျာ..