သို့… / ရွာမှသည်… မြို့…
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သင်၏ လွတ်လပ်မှုသည် ငါ၏လွတ်လပ်မှုလည်း ဖြစ်ပေ၏ဟု..
မြားကို မပစ်မီ လေးညှို့က ဆို၏ ။
(တဂိုး / မြန်မာပြန် – ဆရာမြသန်းတင့်)
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
To – thura18987@gmail.com
Subject – ကြယ်တစ်ပွင့်ဖြစ်ချင်သော… သူငယ်ချင်း သူရ – သို့ သတိရခြင်းများစွာဖြင့် …From – love.yoma@gmail.com
——————
သူငယ်ချင်း မောင်သူရ…
ငါတို့က မင်းရဲ့ ငယ်သူငယ်ချင်း အောင်ထူးနဲ့ နေမျိုး ပါ။
မင်း မမှတ်မိပဲတော့ ဘယ်နေလိမ့်မလဲ… ။
မင်းက ငါတို့ ကျွန်းကနေ မင်းတို့ အမျိုးတွေ ရှိတဲ့ ရခိုင်ရိုးမအစပ်က ရွာတစ်ရွာမှာ တစ်နှစ်လောက် သွားနေတုန်းကတောင်
ငါတို့နဲ့ ငါတို့ကျွန်းကလေးကို လွမ်းလှချည်ရဲ့ ဖြစ်ခဲ့ဖူးတဲ့ကောင်… ။
.မောင်သူရဆိုတာ သိပ် အမှတ်တရတွေ ခံစားတတ်တဲ့ကောင်ပဲ။
ဒီတော့ … မင်းတို့ ငါတို့ဟာ…လွယ်လွယ်မေ့သွားရလောက်တဲ့သူတွေလည်း မဟုတ်ပေပူးပေါ့ ။
မင်းမှတ်မိသေးလား မောင်သူရ…
ငါရယ် နေမျိုးရယ်..မင်းရယ်…
ပင်လယ်ကမ်းစပ်က တံငါပိုက်စခန်းကနေရတဲ့ …
တစ်ကောင်တစ်ကောင်ကို လက်သီးဆုပ်လောက် ရှိတဲ့ ပြည်ကြီးငါးကြီးတွေကို ပြုတ်ပြီး ကတ်ကြေးနဲ့ ညှပ် ၊ ငရုပ်သီးစိမ်းတွေ ကြက်သွန်ဖြူတွေ ထောင်းပြီး ရခိုင်သုပ် ခပ်စပ်စပ်လေး သုပ်…
အံမယ်.. ငရုပ်ကောင်းလေးတောင် ထောင်းထည့်ထားသေးတော့ ပူစပ်ပူလောင် အရသာအပြင်… မွေးပျံ့တဲ့ ငရုပ်ကောင်းနံ့လေးက…သင်းနေသေး..
ပြီးတော့… ရှောက်ရည်လေးလည်း ညှစ်ပြီး နယ်ထားတဲ့အတွက် အချဉ်အရသာလေးက ပါသေး.. ။
အဲဒီနေ့ညနေက…ငါတို့ သူငယ်ချင်း သုံးယောက် ပယ်ပယ်နယ်နယ် စိတ်ကြိုက် သုပ်လာကြတဲ့ လတ်လတ်ဆတ်ဆတ် ပင်လယ်စာ ပြည်ကြီးငါးသုပ်နဲ့ ဓနိရေ ရီဝေမူးမူးလေးနဲ့… မြည်းလိုက်ရတာ… အရသာ ရှိချက်.. ။
သူငယ်ချင်း သုံးယောက် စားလိုက် သောက်လိုက် အော်ဟစ် ရယ်မောလိုက် နဲ့… ဘယ်လောက် ပျော်စရာကောင်းလိုက်သလဲ… ။
ညနေ နေဝင်ချိန်မှာ… အိမ်အပြန်ကျတော့ လယ်ကွင်းတွေကို ဖြတ်ပြီး သူငယ်ချင်း သုံးယောက် အပြန်…
လယ်ကွင်းတွေကို ဖြတ်ပြီး လျှောက်ကြရတယ်လေ…
ဟိုးအဝေးက မှိုင်းညှို့တဲ့ ရခိုင်ရိုးမတောင်တန်းကြီးရဲ့ တောင်စွန်းတစ်ဖက်နားဆီမှာ….
.နေလုံးနီနီကြီးက ဝင်လုဆဲဆဲ… လှမ်းလို့ မြင်နေရ…
ဖိနပ်တွေ ခါးကြားထိုးပြီး ပုဆိုးကို ပုခုံးသိုင်းလို့… လယ်ကွင်းတွေထဲ ဖြတ်လျှောက်ကြ… သီချင်းတကြော်ကြော် အော်ဆိုကြ..
မှတ်မိသေးတယ်.. အဲဒီတုန်းက… နေမျိုးက… ခင်မောင်ထူးဆိုတဲ့သီချင်းတစ်ပုဒ်ထဲက စာသားလေး…
”ကြင်သူရေ….ကိုယ်တစ်ယောက်တည်း ဆွေးပြီ..” ဆိုတဲ့ စာသားမှာ..
.ကြင်သူရေ….လို့ အကျယ်ကြီး အအော်…
လယ်ကွင်းထဲ မြက်စားနေတဲ့ နွားကြီးတစ်ကောင်က …. ဘွတ်အဲ……ဆိုပြီး အကျယ်ကြီး ထ ပြန်အော်လို့…
ရယ်လိုက်ရတာ…
.နေမျိုးလည်း… အူတိအူကြောင် ဖြစ်သွားပြီး… သူက ကြင်သူရေ … ခေါ်လို့ ထူးတာ မဟုတ်ပါဘူး… သူ့ဘာသာ ထအော်တာနဲ့ တိုက်ဆိုင်သွားတာပါဆိုပြီး..
.ကြည့် … ထပ်ဆိုပြမယ်..အဲဒီ နွားကြီး …ထပ်မအော်ပါဘူး…တဲ့..။
အကျယ်ကြီး ထပ် ဆိုတယ်…”ကြင်သူရေ….”
နွားကြီးကလည်း ထပ်အော်တယ်.. ”ဘွတ်အဲ”…… တဲ့… ။
နေမျိုးက စိတ်ရှုပ်သွားပြီး..မဲ့ကာရွဲ့ကာနဲ့… ကြင်သူရေ…လို့ အော်လိုက်… နွားကြီးက ဘွတ်အဲ….လို့ ပြန်အော်လိုက်နဲ့…
ဘာပြောကောင်းမလဲ… ငါတို့တွေ သူတို့ဖြစ်နေပုံကို ကြည့်ပြီး ရယ်လိုက်ရတာ… အူတွေတောင် နာတယ်နော်….
အဲဒီနေမျိုးဆိုတဲ့ အကောင်လည်း မျက်နှာမှာ နွားချေး ပေသွားသလိုမျိုး ရှုံ့မဲ့နေရောလေ ။
.အေးပေါ့လေ…သူရဲ့ ကြင်သူက မြက်စားနေတဲ့ နွားကြီးတစ်ကောင် ဖြစ်နေတာကို ရုတ်တရက် တွေ့လိုက်ရတာကိုး… ။
—————————————————————————————————————————————————————–
=========================================================================
ကြယ်ကလေးတွေ ကြားမှာ…
မသိမမြင်နိုင်တဲ့ အမှောင်ထုကို ဖြတ်သန်းပြီး …
ကိုယ့်ဘဝကို လမ်းညွှန်မယ့် ကြယ်ကလေးတစ်ပွင့်များ…
ရှိလေမလားလို့… ကိုးစားပါရစေကွယ်… ။
(တဂိုး / မြန်မာပြန် – ဆရာ မြသန်းတင့် )
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မင်း… မှတ်မိသေးလား မောင်သူရ…
ငါတို့ သုံးယောက်သားလေ…
ညသန်းခေါင်ကျော်လောက်ထိ မအိပ်နိုင်ပဲ စကားတွေ ထိုင်ပြောကြတာ… ။
အဲဒီလိုညတွေအများကြီးနော်.. ။
မင်းငါတို့ဆီက ထွက်ခွါသွားပြီးနောက်… တစ်ခါ ငါတို့ဆီ စာရေးတုန်းက ပြောသလိုပေါ့… ။
”ရန်ကုန်ဆိုတဲ့ မြို့ကြီးမှာ ရှိတဲ့ကောင်းကင်ထက်… ငါတို့ ကျွန်းကလေးဆီက ကောင်းကင်က ပိုပြာတယ်.. ။ ပိုကျယ်တယ်.. ။
ပြီးတော့… ငါတို့ ကျွန်းကလေးမှာ တိုက်တဲ့လေက ပို ရှုလို့ကောင်းတယ်…
ငါတို့ ကျွန်းကလေးမှာ သာတဲ့လမင်းက ပိုကြည်လင် ဝင်းပတယ်ဆိုတာလေ… ။”
ငါတို့တတွေ … ကျွန်းကလေးရဲ့ ပင်လယ်ကမ်းစပ် ငါးဖမ်းပိုက်စခန်းမှာ အတူရှိကြတုန်းက…
သဲသောင်ပြင် မှုန်ဖွဖွပေါ်မှာ ခြေပစ်လက်ပစ်တွေ ထိုင်ကြ…
.ကောင်းကင်မှာ ဝိုင်းစက် လင်းထိန်နေတဲ့ လမင်းသာသာကြီးကို ငေးမော့ကြည့်ကြ…
.ကြယ်ပွင့်လေးတွေ ဖွေးဖွေးလက်လက် တဖျတ်ဖျတ်ကို…
.မျှော်လင့်ချက်တွေပါတဲ့ မျက်လုံးနဲ့…မင်းက ပိုကြည့်တယ်သူရ…
ငါရယ် ..နေမျိုးရယ်က… မင်းရဲ့ ” ကြယ်ပွင့်တွေကို ကြည့်တဲ့အကြည့်”ကို အဓိပ္ပာယ် ဖော်တတ်ပါတယ်..
မင်း.. ”ကြယ်တစ်ပွင့်” ဖြစ်ချင်နေတယ် မဟုတ်လား..။
ငါတို့ကလည်း..မင်းကို ကြယ်တစ်ပွင့် ဖြစ်စေချင်တာပေါ့… ။
ကြယ်တောင်မှ…အင်မတန်လင်းလက် လှပပြီး.. အင်မတန် အသုံးဝင်တဲ့ ဓူဝံကြယ်လိုမျိုး ဖြစ်စေချင်တာ.. ။
မင်း ပြောပြဖူးတဲ့ ကြယ်ပွင့်တွေအကြောင်း နားထောင်ပြီးကတည်းက…
အဲဒီ ကြယ်ပွင့်တွေလိုမျိုး..မင်းအကြောင်းကို ငါတို့က တခြားသူတွေကို ပြန်ပြောပြချင်တယ်..။
ငါတို့ရဲ့ သူငယ်ချင်း သူရ ဆိုတာ …ကြယ်တစ်ပွင့်ကွ…ဆိုပြီးတော့လေ… ။
——————————————————————————————————————————————————————–
==========================================================================
.ကောင်းကင်ကြီးကို တမ်းတသည့် တောင်ကုန်းသည်…
အဆုံးမရှိ လိုက်လံရှာဖွေလျက်ရှိသော…
တိမ်တိုက်တစ်တိုက် ဖြစ်လို၏ ။(တဂိုး / မြန်မာပြန် – ဆရာ မြသန်ုးတင့် )
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဘာပဲဖြစ်ဖြစ်… သဲသောင်ပြင်ပေါ်မှာ..
ထိန်ထိန်သာနေတဲ့ လမင်းရဲ့အောက်မှာ….
လှိုင်းပုတ်သံ စည်းချက်မှန်မှန်ကို နားနဲ့ ဆက်ဆက်ကြားနေရင်း….
ပင်လယ်ပြင်ဘက်က…လွင့်တက်လာတဲ့ လေသန့်လေအေးကို မျက်နှာလေးတွေမော့ပြီး ကျေကျေနပ်နပ် ခံယူရင်း …
ငါတို့ရဲ့ ငယ်ဘဝ အိပ်မက်တွေကို …
မျှော်လင့်ချက်တောက်ပစွာနဲ့ ပြောဆို ငြင်ခုန်ကြရတာ… ဘယ်လောက် ရင်ခုန်စရာ ကောင်းလိုက်လေသလဲ…
ငါတို့တတွေဟာ… ပင်လယ်ကမ်းစပ် သဲသောင်ပေါ်ထိုင်ရင်း.. ၊
ပက်လက်တွေလှန် … လှဲချ … ကောင်းကင်ကြီးကို ကြည့်ရင်း.. စကားတွေပြောလို့…
အားရတဲ့အခါ..
ကဲ… လာ…
မြေပဲစိုက်ခင်းတွေထဲ သွားကြမယ်ဆိုပြီး… သုတ်ခြေတင်ကြပြန်ရော…
ပင်လယ် ကမ်းစပ်နဲ့ သိပ်မဝေးတဲ့…ကျူတောကြီးရဲ့ တစ်ဖက်မှာ… မြေပဲပင် စိုက်ခင်းတွေ တမျှော်တခေါ်ကြီး ရှိနေတာကလည်း..
ငါတို့အတွက် … ကျင်လည်ကျက်စား…ပျော်ပါးစရာတစ်ခုပဲပေါ့ …
.မြေပဲ စိုက်ခင်းရဲ့ ကန်သင်းရိုးမှာ ထိုင်ကြ …
ခပ်ရင့်ရင့် မြေပဲပင်တချို့ကို ဆွဲနှုတ်ပြီး အပင်ရဲ့ အောက်ခြေ အမြစ်တွေကြားမှာ အတွဲလိုက် အပြွတ်လိုက် ရှိနေတဲ့ မြေပဲစေ့တွေကို
သဲတွေ လက်နဲ့ ပွတ်ခါပြီး…
ဒီအတိုင်းပဲ..အစိမ်း ခွါစားကြရင်း…. စကားကောင်းနေကြပြန်ရော…
.မြေပဲဆန်ကို အစိမ်းကြီး စားရတာ.. စိမ်းရွှေရွှေအနံ့တော့ ရပေမယ့်..ဆိမ့်နေတဲ့ အရသာလေးနဲ့ အတူ…
.မြေပဲပင်လတ်လတ်ဆက်ဆက်မို့…လတ်ဆတ်တဲ့ ပဲနံ့လေးနဲ့… စားလို့ကောင်းတာပဲ… ။
.မြေပဲဆံ နုနုလေးတွေကလည်း…ချိုနေတာပဲ.. ။
ငါတို့စိုက်ထားတာ မဟုတ်ပေမယ့်…မြေပဲစိုက်ခင်းပိုင်ရှင်တွေက ..ငါတို့ အခုလို နှုတ်စားကြတာလောက်ကိုတော့ စာမဖွဲ့ပါဘူး ..။
.နောက်နေ့ကျရင်သာ … ငါတို့မှာ ချောင်းဆိုးလိုဆိုး…သွေးတိုးလိုတိုးပေါ့… ။
အဲဒီအချိန်တွေကို …မင်း သတိရသေးလား မောင်သူရ…ရယ်…
ငါနဲ့ နေမျိုးကတော့…မင်း ရန်ကုန်ကို ထွက်သွားပြီး နေ့တွေမှာ…မင်းကို သိပ်သတိရတာ…
ငါတို့ မင်းတို့ရဲ့ ခြေရာတွေ..ဟောဒီကျွန်းပေါ်က နေရာတိုင်းလိုလိုမှာ ရှိတယ်လေ…
အမှတ်ရစရာတွေချည်းပဲ… ။
————————————————————————————————————————————————————–
========================================================================
စိတ်ကြမ်း ဘီလူးတို့…ခြေပင်မကျူးသောအရပ်၌ ..
ငါ…မတ်မတ်တည်ခဲ့ချေပြီ။
အို…အချင်းဆွေမွန်တို့…
သင်တို့က ကြိုမည်ဆိုလျှင်…
အမှောင် နံနက်သို့ပင် အလင်းငှက်တို့ဖြင့် ငါလာခဲ့ပါမည်။
ထို့နောက် … လောကလေဆန်မှာ …
ကိုယ့်ကိုကိုယ်အန်ထုတ်…
ငါတို့အားလုံး မိုးမချုပ်မီ အိမ်ကို ပြန်ကြမည်။
——–
(တာရာမင်းဝေ – တိမ်ဖြူတို့နှင့်အတူ – မိုးခေါင်လို့တီးတဲ့ ဗုံသံ ကဗျာစုမှ… )
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ပင်လယ်ကမ်းစပ်မှာလည်း… ငါတို့ ခြေရာတွေ…
ပင်လယ်ကမ်းစပ်ဘေးက…ပင်လယ်ထင်းရှုးပင်ကြီးတွေ အောက်မှာလည်း..ငါတို့ ခြေရာတွေ…
ပင်လယ်ထဲ.ငါးဖမ်းထွက်ကြတော့လည်း…စက်လှေပေါ်မှာ..ငါတို့ ခြေရာ ရှိခဲ့တာပဲ…
ပင်လယ်ထဲက စီးဝင်တဲ့ ချောင်းထဲမှာ..ခရုရှာ … ဂုံးရှာ… ပုစွန် ငါး ရှာဖူးကြလေတော့လည်း..
ငါတို့ ခြေရာက..အဲဒီချောင်းနံဘေးကမ်းစပ်မှာ ရှိနေပြန်ရော…
အို ..ကွယ်… ကျွန်းအလယ်မှာ ရှိတဲ့ ချောင်းရိုးအတိုင်း ဓနိခုတ် သွားဖူးသေးတော့လည်း.. ဓနိတောထဲမှာတောင် ငါတို့ ခြေရာ မလွတ်ပါဘူး.. ။
မင်း… မှတ်မိဦးမှာပေါ့.. မောင်သူရ…
မင်းက … ဒီကျွန်းကနေ – ရခိုင်ရိုးမတောင်တန်းအစပ်က မင်း အမျိုးတွေရှိတဲ့ တောင်ခြေ ရွာကလေးကို သွားနေတုန်းက…
ငါနဲ့ နေမျိုးကို ပါ…လာနေဖို့ ခေါ်တာလေ…
ငါတို့တောင် မင်းခေါ်လို့…အဲဒီ ရခိုင်ရိုးမတောင်တန်း အစပ်က ရွာကလေးဆီမှာ..မင်းနဲ့အတူ တစ်လလောက် လာနေခဲ့သေးတာ…
နေ့လည်နေ့ခင်း အားလပ်ပြီးဆိုတာနဲ့ သူငယ်ချင်းသုံးယောက်သား …
ရခိုင်ရိုးမ တောင်တန်းခပ်နိမ့်နိမ့်တွေပေါ် ကုပ်ဖဲ့တက်ရင်း… လေးခွကိုယ်စီနဲ့…တွေ့ရာ ငှက်တွေ ပစ်ကြတာ…
.တောင်ပေါ်က သစ်ပင်တွေ ပေါ်မှာ အုပ်လိုက်ကြီး ပျံသန်းလာတတ်တဲ့ ကြက်တူရွေးငှက်တွေလေ…
ငါတို့ အဲဒီ ကြက်တူရွေးဆိုတဲ့ အကောင်တွေကို တစ်ကောင်မှ မဖမ်းနိုင်ခဲ့ဘူးနော်… ။
သူတို့က စကားတအားများတယ်… နားညည်းလောက်အောင် အော်ဟစ်နေကြတာ…
ဒါပေမယ့် အစိမ်း ၊ အဝါ ၊ အနီ ၊ ပြာလဲ့လဲ့ အရောင်စုံနဲ့…အုပ်လိုက်ကြီး မြင်ရတာဆိုတော့…တအားကို လှတယ်ကွ…နော် …
သူငယ်ချင်း မောင်သူရ….
မင်းက…အဲဒီတုန်းက ငှက်တွေကိုပစ်ချဖို့ စိတ်မပါခဲ့ဘူး ။
”ငှက်တွေဟာ ကိုယ့်လက်ထဲ ရောက်လာတာထက် သစ်ပင်ပေါ်…ကောင်းကင်ပေါ်မှာ ရှိနေတာက…ပိုပြီး လှတယ် ” လို့…မင်းပြောခဲ့တယ်လေ.. ။
ပြီးတော့..မင်းက တောင်တန်းကြီးတွေကို ချစ်တတ်တယ်.. ။
ဒါပေမယ် ့မင်းက…တောင်တန်းကြီးတွေကို အဝေးကနေ ငေးကြည့်နေရတာကို ပိုကြိုက်တယ်… ။
ငါသိတာပေါ့.. တောင်ပေါ်ကို တကယ်တက်ကြည့်တဲ့အခါ…အဝေးက လှမ်းကြည့်သလိုမျိုး တောင်တန်းက စိမ်းမနေဘူးလေ…
.မြေသားက နီနီ…
လက်တွေ ခြေတွေ အသားနီလန်လောက်အောင် ကုပ်ဖဲ့တက်ရတာကို မင်း ကြိုက်မှာ မဟုတ်ဘူး .. ။
ပြန်ဆင်းရင်လည်း လမ်းရယ်လို့ မည်မည်ရရမရှိတဲ့အတွက် … တချို့နေရာတွေမှာ သစ်ပင် နွယ် ကိုင်း တွေက်ု ဆွဲကိုင်ပြီးဆင်းရ…
တချို့နေရာမှာတော့..ဖင်တရွတ်ဆွဲပြီး..လျှောကျသွားရ….နဲ့.. တောင်ပေါ်တက်ရ ဆင်းရတာ..လွယ်မှ မလွယ်တာ.. ။
အခုရော..မင်း..တောင်တန်းကြီးတွေကို ချစ်နေတုန်းပဲလား..
ပင်လယ်ပြင်ကြီးကိုရော…သတိရနေတုန်းပဲလား…
ငါတို့ကတော့ ပင်လယ်ပြင်ကြီးနဲ့ အတူ… ပြီးတော့ ဟောဒီ ရခိုင်ရိုးမတောင်တန်းကြီးနဲ့အတူ…
မင်းကို သတိရ တမ်းတနေမိတယ်ကွာ…
—————————————————————————————————————————————–
”ငါ့မီးအိမ်ကို ငါ ထွန်းပါရစေ…
အမှောင်ကို ဖယ်ရှားနိုင်စွမ်း ရှိ မရှိကို
အငြင်းအခုန်မလုပ်ကြပါနှင့်” ဟု
ကြယ်ပွင့်က ပြောသည်။(တဂိုး/ မြန်မာပြန် – ဆရာမြသန်းတင့် )
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ငါတို့…မင်းသတင်းတွေ ကြားပါတယ်.. ။
အခုနောက်ပိုင်း … မင်း မအားလောက်အောင် အလုပ်များနေလို့.. ငါတို့ဆီလည်း စာမှန်မှန်မပို့အားတော့ဘူးပေါ့ ။
.အေးလေ… မင်းဆီက စာတွေက…ငါတို့ဆီကို ရောက်ဖို့ စာတိုက်က ပို့ရတာဆိုတော့ …
ဒီလို ဝေးလံခေါင်ဖျားဒေသတစ်ခုဆီ …ရောက်လာဖို့လည်း မလွယ်ပါဘူး ။
စာတိုက်က လူကြုံလောက်မှ စိတ်မချရတာ.. ။
ပြီးတော့ ခေတ်အဆက်ဆက် ဖွံ့ဖြိုးမလာတဲ့ စာပို့လုပ်ငန်းက စိတ်ပျက်စရာ…
သူငယ်ချင်း..မင်းအနေနဲ့က စာတိုက်ကနေ စာပို့ရခြင်းကို ပို စိတ်ပျက်မိလိမ့်မယ်… ။
ဘာလို့လဲဆိုတော့…
မင်း…အခုလုပ်နေတဲ့ အလုပ်တွေမှာ email ဆိုပြီး စာမြန်မြန်ပို့လို့ရတဲ့ အင်တာနက်ဆိုတာကြီးက မင်းနဲ့ မကွာ ရှိနေပြီကိုး ။
စက္ကန့်ပိုင်းအတွင်း တစ်ယောက်ရဲ့စာက ရောက်စေချင်တဲ့ သူရဲ့ email ဆိုတဲ့ ကိုယ်ပိုင် စာတိုက်ပုံးထဲ… ချက်ချင်းရောက်သွားနိုင်တာ…
ဘယ်လောက် ကောင်းလိုက်သလဲနော်.. ။
ငါတို့ရဲ့ စာပို့လုပ်ငန်းလဲ…အဲသလောက် မြန်မြန်မဟုတ်တောင်မှ
အသုံးဝင်/ စိတ်ကျေနပ်လောက်တဲ့ အတိုင်းအတာလေးနဲ့…တိကျ မြန်ဆန်လာရင် ကောင်းမယ်.. ။
ထားပါတော့လေ…
ငါတို့လည်း..မင်းနဲ့ပေါင်းပြီး… တိုင်းပြည်ရဲ့ ခြေလှမ်းတွေကို အားမရနိုင် ဖြစ်နေတတ်လို့… ။
မင်းအခု… အမေရိက ဆိုတဲ့ နိုင်ငံကြီးမှာ ရှိတဲ့ သတင်းမီဒီယာသမားကြီးတစ်ယောက်နဲ့ ချိတ်ဆက်မိပြီး…
သတင်းမီဒီယာအလုပ်တွေ လုပ်နေပြီဆို…
သတင်းကြေညာတဲ့ မီဒီယာတစ်ခုမှာ ကြေညာဖို့ သတင်းတွေကို
မင်းက အင်တာနက်ပေါ်ကနေ ရှာဖွေ စုစောင်းပြီး … ဖတ်ပြကြေညာလို့ကောင်းအောင် ပြန်ရေးပေးနေတယ်ဆို..
ပြီးတော့ အမေရိကားကိုရောက်နေတဲ့ မြန်မာလူမျိုးတွေ ဖတ်တဲ့ အမေရိကား အခြေစိုက် မြန်မာသတင်းစာတစ်စောင်မှာ လစဉ်သတင်း ဒိုင်ယာရီရေးပေးနေတယ်ဆို…
အမေရိကန်ဒေါ်လာတွေတောင် ကိုင် သုံးနေရပြီဆို…
ငါတို့ရွာမှာဖြင့် အမေရိကန်ဒေါ်လာဆိုတာ ဘယ်လို ပုံစံလေးလဲကို မသိကြပါဘူးကွာ.. ။
ငါတို့ ပိုက်ဆံ စက္ကူအသားတွေလိုပဲလား…
ကြားပါသေးတယ်..
မင်း… နိုင်ငံပေါင်းစုံက မြန်မာ အွန်လိုင်းစာဖတ်သူတွေရှေ့မှာ …မင်းရေးချင်တဲ့ စာတွေ ကဗျာတွေ…ချရေးပြနေတယ်ဆို…
ကောင်းလိုက်တာကွာ..
မင်းရေးတဲ့ စာတွေကို နိုင်ငံစုံမှာ ရှိတဲ့ မြန်မာစာဖတ်သူတွေ ဖတ်လို့ ရနေတာ..
မင်း ဟိုတစ်ခါရေးတဲ့ စာထဲမှာ…မင်းပြောသလိုပေါ့….
((… ဘယ်တုန်းကမှ ကိုယ်နဲ့ သက်ဆိုင်လာလိမ့်မယ်လို ့ ထင်မထားတဲ့
ကွန်ပြူတာတွေ…အင်တာနက်တွေ.. Email တွေ Facebook … ဆိုတာတွေ…
အွန်လိုင်းပေါ်ကတဆင့် ဖြစ်ပေါ်လာတဲ့ လူမှုအသိုင်းအဝိုင်းတွေနဲ့… နေ့စဉ် ထိတွေ့ရင်းနှီးနေရပြီ….
အရင်က..ကိုယ်နဲ့ မအပ်မရာတွေလို့…ယူဆမိတဲ့အရာတွေ…ပေါ့ကွာ……
@ Maung Thura ))
အခုတော့… မင်းနဲ့ မအပ်မစပ်ပါဘူးလို့ ထင်ထားတဲ့ အရာတော်တော်များများနဲ့လည်း.. မင်း ပတ်သက်နေနိုင်ပြီ။
မင်းရေးချင်တာတွေလည်း ရေးနိုင်ပြီ။
မင်းလုပ်ချင်တဲ့ ပတ်ဝန်းကျင်ကောင်းရာကောင်းကျိုး အလုပ်တွေလည်း တစ်ဖက်တစ်လမ်းကနေ နိုင်သလောက် လုပ်နေရပြီ… ။
မင်းနဲ့အတူ..အွန်လိုင်းပေါ်ကနေ ဖြစ်တည်ပြီး လက်တွေ့ဘဝထိ အသုံးဝင်တန်ဖိုးရှိနေတဲ့ လူမှုအသိုင်းအဝိုင်းကြီးတွေလည်း..မင်းမှာ ရှိနေပြီ။
မင်းအတွက် တကယ် ဂုဏ်ယူစရာကောင်းတဲ့ သူငယ်ချင်း မိတ်ဆွေကောင်းကြီးတွေနဲ့လည်း..မင်း…စကားတွေ အပြန်အလှန်ပြောနိုင်ပြီ…
အကူအညီတွေလည်း မင်း ရနေတာ အများကြီး…
ဒီတော့… …
————————————————————————————————————————————————————–
========================================================================
သစ်ပင်များကား…
နားစွင့်လျက် ရှိသော ကောင်းကင်ကို
စကားပြောရန်အတွက်…
မြေကြီး၏ အဆုံးမရှိသော ကြိုပမ်း အားထုတ်မှုပင်… ။
(တဂိုး / မြန်မာပြန် – ဆရာ မြသန်းတင့် )
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဒီတော့…..
မင်းမျှော်လင့်သလို… တောက်ပလင်းလက်တဲ့ ကြယ်တစ်ပွင့် ဖြစ်လာဖို့ဆိုတာလည်း…
မဝေးတော့ဘူးလို့ ထင်ရင်…တကယ်မဝေးတော့ပါဘူး သူငယ်ချင်းရယ်…
မင်း မျှော်လင့် မထားတာတွေတောင် ဖြစ်လာသေးတာ… မင်းမျှော်လင့်ထားတာတွေက ဘာလို့ မဖြစ်ရမလဲနော်.. ။
မင်း…ခြေလှမ်းတွေကို မရပ်ဘဲ…ဆက်သာ သွားလိုက်စမ်းပါ…. သူငယ်ချင်းရာ…
မင်း ခြေလှမ်းတွေ တစ်ဆင့်ပြီးတစ်ဆင့် လှမ်းတက်သွားနိုင်ခြင်းဟာ… တောရွာလေးမှာ ကျန်ခဲ့တဲ့ ငါတို့အတွက်လည်း..
လမ်းလျှောက်နိုင်ခြင်းပါပဲ… ။
မင်းရဲ့ အောင်မြင်မှုဟာ ငါတို့ရဲ့ အောင်မြင်မှုပါပဲ။
မင်း…ဒီ့ထက် အောင်မြင်လာရင်… ငါတို့ ကျွန်းလေးကို တိုးတက်အောင် လုပ်ပေးချင်တယ်လို့…ပြောဖူးတယ်မဟုတ်လား..
ငါတို့ ကျွန်းကလေးမှာ..စာကြည့်တိုက်မရှိဘူး..
.ဆေးရုံမရှိဘူး..
.ဆရာဝန် မရှိဘူး..
.ဆေးမရှိဘူး..
.လယ်ကွင်းတွေရယ်..
.သားငါးတွေရယ်…
.ရေငံတွေရယ်ကလွဲရင်…
ဘာမှ မရှိဘူး..
ငါတို့ကျွန်းကလေးမှာ မရှိတဲ့ လူနေမှုဘဝမှာ မရှိမဖြစ် လိုအပ်တာတွေ တော်တော်များများ ရှိလာဖို့…
မင်းတို့လို မြို့ကြီးပြကြီးမှာ… ကျယ်ကျယ်ပြန့်ပြန့် သွားလာလှုပ်ရှားနေတဲ့သူတွေရဲ့ အကူအညီလည်း လိုတယ်လေ…
မင်း…အောင်မြင်လေ…
ငါတို့ ကျွန်းလေးကို ပြန် ငဲ့ကြည့်နိုင်လေ ဖြစ်မယ်လို့…..ငါတို့ မျှော်လင့်တယ်… ကွာ…
အမြဲတမ်း….
အမြဲ…အမြဲတမ်း….ပါပဲ….
မင်းကို…..
ငါတို့…..
ငါတို့…. ရိုးမတောင်တန်းကြီး…ပင်လယ်ကြီးနဲ့အတူ….. ငါတို့…
သတိရနေမယ်နော်…
————————————————
ချစ်ခင်ခြင်းဖြင့်….
မင်းရဲ့ သူငယ်ချင်း … ငါ နဲ့ နေမျိုး
————————————————
( ဒီစာကို တောင်ကုတ်မြို့ပေါ်တက်ပြီး မြို့ထဲက အင်တာနက်ဆိုင်ကနေ e mail နဲ့ ပို့လိုက်တယ်။
ငါတို့တော့ ကွန်ပြူတာ အင်တာနက် e mail ကို မသုံးတတ်သေးပါဘူးကွာ… ။
ဒီစာကို ငါနဲ့ နေမျိုး နှစ်ယောက်သား …
ကျွန်းပေါ်က မင်းကိုယ်တိုင် ဓနိထိုးပြီး… ငါတို့သုံးယောက် ဆောက်ထားတဲ့…ဝါးတဲလေးပေါ်မှာ …
စာရွက်ပေါ် ရေးချထားတာကို…
တောင်ကုတ်မြို့ပေါ် ရောက်တုန်း…
အင်တာနက်ဆိုင်က ကောင်လေးတစ်ယောက်ကို ပေးပြီး စာရိုက်ခိုင်းရတာ… ။
စာပို့ရင် e mail အကောင့်ဆိုတာ လိုတယ်တဲ့ ။
ငါတို့မှာ အဲ့ဒါလည်း မရှိလို့… အင်တာနက်ဆိုင်က အကောင့်နဲ့ပဲ ဆိုင်ဝန်ထမ်းလေးက ပို့ပေးလိုက်တာပါ။
မင်းဆီကို ဒီစာ မြန်မြန်ရောက်စေချင်လို့…
အော်…ပြောဖို့ မေ့တော့မလို… ဒီစာထဲမှာ ထည့်ပေးထားတဲ့ ကဗျာစာပိုဒ်လေးတွေက မင်းအရမ်းကြိုက်တဲ့ စာအုပ် တစ်အုပ်ထဲကလေ…
မင်းမှတ်မိမှာပေါ့… ။ မင်း ကျွန်းပေါ်တစ်ခေါက် ပြန်လာတုန်းက ရွာဦး ဘုန်းကြီးကျောင်း… စာအုပ်စင်ပေါ်မှာ… မင်း…လှူထားခဲ့တဲ့ စာအုပ်တစ်အုပ်ထဲကလေ..
တဂိုးရဲ့ ကဗျာစာပိုဒ်တွေဆိုလား… ။ နောက်ပြီး မင်းအရမ်းကြိုက်တဲ့ တာရာမင်းဝေရဲ့ ကဗျာတစ်ပုဒ်လည်း ထည့်ရေးထားတယ်။ အဲဒီ စာအုပ်လေးတွေ လက်ဆောင် ပို့ပေးခဲ့တာရယ်.. မင်းဖတ်ခိုင်းလို့…ငါတို့လည်း စာအုပ်တွေ လက်လှမ်းမှီသလောက် ရှာဖတ်နေမိတာတွေရယ်အတွက်..မင်းကို သိပ်ကျေးဇူးတင်တာပဲ…သူငယ်ချင်း ။
ဒါပေမယ့် … ငါတို့… ကျွန်းပေါ်မှာ စာအုပ် တအား ရှားတယ်ကွာ… )
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
To – love.yoma@gmail.com
Subject – ….. …. …. … .. .
From – thura18987@gmail.com
———————————-
# လမ်းပျောက်သွားတဲ့အတွက်…
# ရောက်တဲ့နေရာမှာပဲ…
# ငါ… ရပ်နေခဲ့ … …(တဂိုး / မြန်မာပြန်သူ – ဆရာ မြသန်းတင့် )
Maung Thura
06/02/2015/13:30 pm
11 comments
မွသဲ ( 17082011 )
February 6, 2015 at 7:11 pm
လွပ်လပ်မှု့တွေပြန့်ကျဲနေတဲ့စာတပုဒ်ကို တိုက်ခန်းကျဉ်းလေးထဲကနေ မြင်ယောင်တမ်းတရင်းမှန်ဆဖတ်သွားပါတယ်ဟယ်။ အဲ့လိုခံစားချက်မျိုးတခါလောက်တော့ကြုံဖူးချင်သား 😥
အလင်းဆက်
February 6, 2015 at 7:23 pm
ခံစားးပေးသွားတဲ့ တီတီသဲရေ
ဇူးဇူးပါဗျားးး
မနေ့ နေ့လည်က
မထင်မှတ်ပဲ
ရိုးမတောစပ်က အဆက်အသွယ်ပြတ်နေတဲ့ သူငယ်ချင်းတွေဆီက စာ ရတယ်
အဲ့ဒီစာလေးကို ဖတ်ပြီး ရိုးမနဲ့ ကျွန်းကလေးကို လွမ်းးး
တမ်းတမျှော်ရော်မိတာပေါ့
ဒီနေ့မနက်တော့ ပုံစံလေးတစ်ခု ယူပြီး ဝတ္ထုတစ်ပုဒ် အဖြစ် အသက်သွင်းကြည့်တာပါ။
😆
မြစပဲရိုး
February 8, 2015 at 3:19 am
တော်ပေသေး။
ရွာကို မြို့ ပြောင်းချင်လို့ ဆန်ဒါ ပြတဲ့ ပို့စ် များလားလို့။
တော်တော်ရှည်ရှည် ရေးနိုင်သား ဆက်ဆက် ရယ်။
ဖတ်လို့ ကောင်းပါတယ်။
နွားကြီး ကလဲ သီချင်းကြိုက်တတ်သားကိုး။
အမေရိကန်နိုင်ငံ လို့ပိုင်ပိုင်စီးစီး ခေါ်ရတာဘဲ ကြိုက်တဲ့ မိန်းမကြီး တစ်ယောက်က
အမေရိကန် တွေ မှာ အမေရိကန်စကား မရှိရှာတာ ကို သနား နေကြောင်းလဲ
မင်း သူငယ်ချင်း တွေ ကို ပြောပေးနော်။
နေမင်းကြီး နဲ့ လွဲ ပြီ ဟု ငိုကြွေးနေပါက ကြယ်တာရာ တို့ နှင့် လဲ လွဲပေဦးမည်။
If you shed tears when you miss the sun, you also miss the stars.
Rabindranath Tagore
:))
kai
February 8, 2015 at 5:58 am
အင်္ဂလိပ်နိုင်ငံမှာနေတဲ့အရီးလတ်ရယ်..။
ယိုးဒယားတို့.. ကုလားတို့လို.. မြန်မာကကိုယ့်ဘာသာစကားနဲ့..ကိုယ်ဖာကိုယ်ခေါ်တဲ့ လူမျိုး/နိုင်ငံစကား..စာလုံးရှိနေရင်.. လူမျိုး(နိုင်ငံသား)နာမယ်ကြီး.. နိုင်ငံမှာတပ်ခေါ်လို့ပြသနာမရှိပေမယ့်….
အင်္ဂလန်.. အင်္ဂလိပ်လို.. နာမယ်ရှိပြီးသားကြီး… နိုင်ငံတပ်တပ်ခေါ်ရင်.. မြန်မာတွေစာပေ/စကားယဉ်ကျေးမှု နိမ့်လွန်းရာကျပါတယ်…။
အဲဒီကနေ.. ရွေ့လျှောပြီး..မသိသူတွေများ.. အမေရိကန်သွားမယ်.. အမေရိကန်မှာနေတယ်..တွေတောင်ဖြစ်လို့…။
ဆိုတော့….
အမေရိကန်အင်္ဂလိပ်တဲ့..။
အမေရိကားမှာနေတဲ့.. အမေရိကန်တွေပြောတဲ့စကား…။
အင်္ဂလိပ်နိုင်ငံက… အင်္ဂလန်တွေပြောတာနဲ့..သိပ်မတူပါဘူး..။
နိပွန်းဂျင်းနိုင်ငံက လူတွေဆို.. အမေရိကန်အင်္ဂလိပ်ကို.. အင်္ဂလန်အင်္ဂလိပ်ထက်.. ပိုလေ့လာသုံးစွဲကြသဗျ…။ :k:
American English – Wikipedia, the free encyclopedia
en.wikipedia.org/wiki/American_English
Wikipedia
American English is a set of dialects of the English language used mostly in the United States. Approximately two-thirds of the world’s native speakers of English …
အလင်းဆက်
February 8, 2015 at 6:45 am
အဲ့တုန်းက အဲ့လိုပဲ နွားကြီးနဲ့ ကျနော်တို့သူငယ်ချင်း သုံးယောက်
လုံးလည်ချာလည် ဖြစ်ခဲ့တာ အရီးရေ။
အဲ့ဒါလေးတွေက တကယ့် ငယ်ဘဝတစ်စိတ်တစ်ပိုင်းတွေပါ
ကျနော့် သူငယ်ချင်းတွေဆီက မထင်မှတ်ပဲ ရောက်လာတဲ့စာလေးကို ဖတ်ပြီး
ဆက် ရေးမိတာလေးတွေပေါ့
တော်တော်တောင် ရှည်သွားတယ်။
ပြန်စာ သဘော ရေးရမယ့်အခန်းမှာ ရေးချင်တာတွေ ရှိသေးပေမယ့်
စာအရမ်းများသွားမှာစိုးတာနဲ့
လတ်တလော ခံစားနေရတာနဲ့ တိုက်ဆိုင်တဲ့ တဂိုးစာတစ်ပိုဒ်ပဲ
ချပြလိုက်တော့တယ်
လမ်းပျောက်သွားတဲ့အတွက် ရောက်တဲ့နေရာမှာပဲ
ကျနော် ရပ်နေခဲ့ရ. . .
ခင်ဇော်
February 9, 2015 at 10:07 am
လွမ်းစရာအေရယ်။
သူငယ်ချင်းတွေကလည်း ချစ်စရာ။
စာလေးတစ်စောင်ကနေ ဒီလို ပို့(စ) ရေးနိုင်တဲ့ နာ့မောင်လေးကလည်း တော်ထာအေ။
:chit:
အလင်းဆက်
February 9, 2015 at 1:49 pm
ဟုတ်တယ်မမဂျီး.. ကျနော့်သူငယ်ချင်းတွေဟာ…သိပ်ချစ်စရာကောင်းတယ်.. ။
အခုတလော သူတို့ကို သိပ်သတိရတာပဲ…
ကျွန်းလေးကိုလည်း လွမ်းလိုက်တာမှ…
အဲဒီ သတိရခြင်းတွေ…အလွမ်းတွေနဲ့.. ဒီစာတစ်ပုဒ်ကို တည်ဆောက်လိုက်နိုင်တာပေါ့…
😆
Mike
February 9, 2015 at 2:41 pm
.ကိုယ်လည်း သူငယ်ချင်းခေါ်လို့ ဂွဖက်က ကမ်းသာယာကိုသွားဖြစ်ခဲ့တယ်
.လေကောင်းလေသန့်ရှု၊ ပင်လယ်စာလတ်လတ်ဆတ်ဆတ်စားနဲ့ ပျော်စရာနေရာပဲကွ
.တစ်ခါတော့ ထပ်သွားအုံးမယ် 😆
အလင်းဆက်
February 9, 2015 at 2:53 pm
ရခိုင်ပြည်နယ်က ပင်လယ်ဟာလည်း..ချောင်းသာတို့ ငွေဆောင်တို့ထက် သာတယ်…
တကယ့်ကို သဘာဝ အရသာတွေ…
လွမ်းမောသာယာဖွယ်တွေနော်… ဦးကြီး…
Ma Ei
February 9, 2015 at 3:09 pm
.မောင်သူရ ရဲ့စာကိုဖတ်ပြီး
.သတိတရတမ်းတနေမယ့် သူငယ်ချင်းတွေ ရှိချင်လာတယ်…
.ကမ်းခြေကိုလဲ သွားချင်လာတယ်…
အလင်းဆက်
February 10, 2015 at 9:29 am
ကျနော်တော့ ကျနော့်ကို သတိရနေမယ့် သူငယ်ချင်းတွေကို
ဘယ်အချိန်မှာ ပြန်ဆုံနိုင်မယ်မသိတဲ့ အခြေအနေကို စိတ်တိုမိတယ်
ပြန်ဆုံဖို့က ဒီအချိန်မှာ တော်တော်မလွယ်တာလေ
ကမ်းခြေကတော့ ရခိုင်ဘက်က ကမ်းခြေတွေဟာ
သိပ်လှတာပဲ
မမေ့နိုင်စရာပါ အန်တီအိရေ