( သူ နဲ့ ကျနော် ရဲ့ အချစ်ပြဇာတ် ) အပိုင်း ၂
တကယ်တော့ မိန်းကလေးတစ်ယောက်လက်ကို ကိုင်ဘူး ဆွဲဘူးတာ ဒါ ပထမဆုံးပဲ ၊
စက္ကန့်ပိုင်းလေးပါ ၊ ကျနော် ပြန်လွှတ်ပေးလိုက်တယ် ၊
သူ့အတန်းဖော် မိန်းကလေး၂ ယောက် ၃ ယောက် ရောက်လာပြီး ဘာဖြစ်သေးလဲ ?
ဘယ်ထိသွားလဲ မေးရင်း ကားလမ်းတစ်ဘက်ရောက်သွားတယ် ၊
ကျနော်က အနောက်မှာ ကျန်ခဲ့တယ် ၊ သူ လှည့်ကြည့်တော့ ကျနော်က သွားနှင့်ဆိုတဲ့သဘောနဲ့ လက်ပြလိုက်တယ် ၊
သူ ကျောင်းထဲဝင်သွားချိန်မှာ ကျနော်က ကျောင်းရှေ့ စိမ်းကဖီးမှာထိုင်ရင်း သူငယ်ချင်းတွေကို မျှော်ရင်းပေါ့ ၊
( မြန်မာ့မီးရထားမှာ အလုပ်ဝင်တယ်ကြားပြီး အခုနောက်ပိုင်း အဆက်အသွယ်မရတော့တဲ့ မောင်မောင်အောင် ၊
ရမည်းသင်းမှာ ကျူရှင်ဆရာလုပ်နေတဲ့ လူပျိုကြီး ကိုညွန့်ဝေ ၊
မိတ္ထီလာ လေယာဉ်ပြင်ဆင်ထုတ်လုပ်ရေးဌာနချုပ် ဆောက်လုပ်ရေးမှာ ထောခဲ့တဲ့ ဂျီအီးတပ်က စိုးဦး ၊
သင်္ဘောလိုက်နေတဲ့ ရန်ကင်း ၁၂လုံးတန်းက ကိုမြင့်စိုးတို့ဟာ တွေ့တွေ့ချင်း ခင်ဖြစ် တွဲဖြစ်ခဲ့တဲ့ သူငယ်ချင်းတွေပါ ၊
လဘက်ရည်ဆိုင် ထိုင်တာ အကြိုက်တူသလို စာတိုပေစ ရေးကြတာာလည်း တူသဗျ ) ၊
ခဏနေတော့ တောင်ဥက္ကလာက စီုးဦး နဲ့ သာကေတက မောင်မောင်အောင်တို့ ရောက်လာကြတယ် ၊
ကျနော်က စောစောက အကြောင်းပြောပြတော့ ကျနော့ ဝိုင်းကောသဗျာ ၊
နာမည်လည်း မသိခဲ့ တန်းခွဲလည်း မသိခဲ့ အတော်ညံ့တဲ့ကောင်တဲ့ ၊ ဟုတ်တော့လည်း အဟုတ်သား ၊
ဒါပေမယ့် ကြိုတင်ကြံစည်တာ မဟုတ်တဲ့ ရုတ်တရက်အဖြစ်မှာ ဘာအတွေ့အကြုံမှ မရှိတာဗျာ ၊
ကဲ သွားရှာမယ် တဲ့ ၊ အမယ်လေး ပထမနှစ် ဒုတိယနှစ် ဖိုင်နယ် မေဂျာအလိုက်တန်းခွဲတွေက အများကြီး ၊
ကိုယ်တွေက ဖရက်ရှာ ဘာမှ သိပ်သိသေးတာ မဟုတ် ၊ မရဘူးဗျ ဒီဘဲတွေက လာ ထ ၊ သွားမယ်တဲ့ ၊
ဒီလိုနဲ့ ကျောင်းထဲဝင် ၊ ကျောင်းမှာက စာသင်ဆောင်က ၂ ဆောင်တည်း ၊ ဗဟိုဆောင်ရယ် မှန်ဆောင်ရယ် ၊
ဗဟိုဆောင်က အဝင်ပေါက်တည့်တည့်က အနီရောင် အဆောင်
မှန်ဆောင်က မှန်ပြတင်းပေါက်အများကြီနဲ့ ကျောင်းထောင့်ကအဆောင် ၊
တွေ့ပါဘူးဗျာ ၊ ဒါနဲ့ပဲ ထမင်းစားချိန်ရောက်လာ ဘာအတန်းမှလည်း မတက်ဖြစ် ၊
ထမင်းစားပြီးတော့ အတန်းတက်ရသေးတယ် ၊ အဲ့အချိန်က ဌာနမှုး သင်တဲ့အချိန်ဆိုတော့ ပျက်လို့မကောင်းဘူးလေ ၊
နောက်တစ်ချိန် ဆက်တက်ပြီး လဘက်ရည်ဆိုင်ပြန်ထွက်ဖို့ ပြင်ကြတာပေါ့ ၊
မှန်ဆောင်အေပေါ်ထပ်က ဆင်းလာပြီး ထွက်ပေါက်ဘက်အကွေ့ ၊ ဒိုင်းကနဲ သူနဲ့တန်းတိုးတာဗျာ ၊
မြေတိုင်းဆာဗေးဆင်းနေတဲ့အဖွဲ့ထဲမှာ ကျနော့် စီဗဲလ်မလေးလေ ၊
စိုးဦးတို့ကိုပြတော့ ငမျိုး မင်းနဲ့တောင် သိပ်မတန်ဘူးကွာ တဲ့ ၊ သောက်ဘဲတွေ ငါ့ကိုများ ပြောရက်တယ် ၊
ခဏနေတော့ သူ ကျနော့်ကို မြင်သွားတယ် ၊
သူ့ဆီက ပထမဆုံး ကြားဘူးတဲ့ စကားက ( မနက်ကအတွက် အကို့ကို ကျေးဇူးတင်ပါတယ် ) တဲ့ ၊ သူ့နာမည်က မာလာဝင်း တဲ့ ၊
သူက စာသင်ချိန်ကြီးမို့ စကား ၂ ခွန်း ၃ ခွန်းပဲ ပြောဖြစ်ပါတယ်၊
အဲ့အထဲမှာ အရေးအပါဆုုံးအဖြစ် မေးမိတာက ဘယ်အချိန်ပြန်မှာလဲ ? ဆိုတာပါပဲ ၊
အဲဒီနေ့ ညနေ ၄ နာရီမြို့ပါတ်ရထားဟာ အတော်မြန်လွန်းသလိုပဲဗျာ ၊
ဘာမှ မကြာဘူးလို့ ထင်မိချိန်မှာပဲ ဟုမ်းလမ်းဘူတာကို ရောက်လာပါတယ် ၊
သွားမယ်နော်လို့ နှုတ်ဆက်သွားတဲ့ သူ့ဟန်ပန်လေးဟာ ချစ်စရာလေးဗျာ ၊
ကျနော်လည်း ရှေ့ ရှမ်းလမ်းဘူတာမှာဆင်း ဟိုဘက်ကလာတဲ့ရထားနဲ့ လှည်းတန်းဘက်ပြန်စီး ၊
မျက်နှာက ပြုံးဖြီးဖြီးဖြစ်နေမှာ သေချာသပေါ့လေ ၊
နောက်နေ့မှာတော့ ကျနော် ဂျူတီတိုးပြီပေါ့ ၊
မနက် ၆ နာရီ အိမ်ကထွက် ၊ မားသားကြီးက မေးသဗျ ဒီအချိန်ကြီး ဘယ်တုန်း တဲ့ သူငယ်ချင်းတွေဆီ ဆိုတော့ မယုံသင်္ကာနဲ့ဗျ ၊
ငါမွေးထားတာပါ လာမလှိမ့်နဲ့ ဆိုတဲ့ အကြည့်မျိုးနဲ့ ၊
အိမ်ကနေ လှည်းတန်းဘူတာကို သွက်သွက်လျှောက် ၊
မြို့ထဲသွားတဲ့ ၆ နာရီ ၁ဝ မိနစ် ရထားကိုစီး ၊ ၆ နာရီခွဲ ဟုုမ်းလမ်းဘူတာရောက် ၊
ရွာမဘူတာအထိ လက်မှတ် ၂ စောင်ဝယ်ရင်း သူ့ကိုစောင့်တာပေါ့ ၊
သူက ကမ်းနားလမ်းဘက် ထွက်သွားတဲ့ ရထားလမ်းလေးဘက်က လာတာ ၊
( နောက်မှ သူပြောပြတာက သူ့အိမ်က သီတာရုပ်ရှင်ရုံဘေးက လမ်းထဲမှာတဲ့ ) ၊
ကျနော့်ကို မြင်တော့ သူ အတော်အံ့ဩသွားပုံပဲ ၊ ဒီကကောင်ကလည်း ဇွတ်တာတိုးနေတာ နိူးအိပ်စပီးရီးယင့်ကောင် ဟီး ဟီး ၊
သူရထားလက်မှတ်ဝယ်မလို့ ကုန်းတံတားပေါ်ါ်တက်မယ်ဟန်အပြင်မှာ ကျေနော်က
ဒီမှာ ဝယ်ပြီးပြီဆိုတော့ ဝိုင်းသွားတဲ့ သူ့မျျက်လုံးလေးက မမေ့စရာ ၊
ဒီလိုနဲ့ မနက်အတူလာ ညနေအတူပြန် ၊
ဒါပေမယ့် ဆယ့်လေးငါးရက် ကြာတဲ့အထိ သူ့ကို ချစ်တယ် လို့ ဘယ်လိုမှ ပြောမထွက်သေးဘူး မပြောရဲတာဗျာ ၊
ပြောလို့ ငြင်းလိုက်မှာစိုးတယ်ဆိုတော့ ဘော်ဒါတွေက အားပေးပါတယ် သောက်ရူး တဲ့ ၊
မင်းနဲ့ သွားအတူ လာအတူ ကြည့်လိုက်ရင် တကယ့်စုံတွဲဖြစ်နေပြီ မင်းက ဘာတွေဝေးနေတာလဲ တဲ့ ၊
အင်း သူတို့ပြောတာလည်း အဟုတ်သားပဲ ၊
ကိုယ့်ကိုယ်ကို အားတင်းရင်း မနက်ဖြန် မနက် ကျောင်းအလာ ရထားပေါ်မှာ ဖွင့်ပြောမယ်လို့ ဆုံးဖြတ်လိုက်ပါတယ် ၊
( ဒီနေ့ ရုံး meeting အတွက်ပြင်ရဦးမှာမို့ မနက်ဖြန် ဇာတ်သိမ်း အပြီးသတ် တင်ပေးပါ့မယ်ဗျာ ၊ စောင့်ဖတ်ပေးတာ ကျေးဇူးကမ႓ာနော့ )
14 comments
ခင်ဇော်
February 24, 2015 at 1:33 pm
နောက် ဒါမိုးရေးဟန်လေး ရေးးး
သွက်ပြီး ဖတ်လို့ အားဂျီးကောင်းတယ်။
🙂
ဆက်ဆက် စောင့်နေမယ်နော်။
(အလင်းဆက်ကို ပေါဒါဟုတ်ဘူး)
:k:
တောင်ပေါ်သား
February 24, 2015 at 1:38 pm
ရင်ဘတ်ကြီးနဲ့ရင်းပြီး ရေးနေရတာပါကွယ် ၊
ဦးကျောက်ခဲ
February 24, 2015 at 1:52 pm
သီတာရုံဘေးကပ်ရက်လမ်းက ဘင်တန်လမ်း…
ရှေ့ဘက်လမ်းက ဦးလူနီလမ်း ဆိုတော့ … ကရင်မလေးလား…
ဝိုက်တောသူကလေးကို သွားကြောင်တဲ့ ဇာတ်ကိုးဗျ… အဟိ
:k:
တောင်ပေါ်သား
February 24, 2015 at 2:00 pm
အနောက်ပိုင်းဆေးရုံ အနောက်ဘက်မှာဗျ ၊
ကရင်မ ဟုတ်ဘူး ၊
အဲဒီ အဲဒီ လူမျိုးကြောင့် ဒီဇာတ်က ဆုံးရတာ ၊ 🙁
ဇာတ်သိမ်းမှာ သိမှာပါ ၊
Kaung Kin Pyar
February 25, 2015 at 10:01 am
.ကရင်တွေက လူမှန်၊ စိတ်မှန်နော်….အူးမျိုး…။ သဘောကောင်း မနောကောင်း စိတ်ရင်းဖြူတယ်….။
.လူကို ထိချင်ထိ…၊ လူမျိုးတော့ မထိနဲ့…ဟွင်းးး
:k:
တောင်ပေါ်သား
February 25, 2015 at 1:19 pm
ကရင် မဟုတ်ပါဘူးဆို
Mr. MarGa
February 24, 2015 at 5:05 pm
ငမ့်
လုပ်ပြန်ပြီ တို့လို့တန်းလန်း
မျှော်ရပေဦးမယ်..
Mike
February 25, 2015 at 10:02 am
.အချစ်အတွက် ဘာမဆိုလုပ်မဲ့အရွယ်ဆိုတော့…အင်း…အဆုံးသတ်ကို ဆက်လက်မျှော်မယ်ဗျာ :))
naywoon ni
February 25, 2015 at 10:10 am
ဟိုတုန်းက မူးရင် ဆိုတဲ့သီချင်းလေ အမှတ်ရတယ် ” မာလာရယ်ပွင့်ပါလားလို့ကွယ် တစ်ပွင့်ထဲ တစ်ငုံထဲ ×××××××××× ”
အဲ့တုန်းက ကျော်ရစ်နေတဲ့ ကောင်မလေးကလည်းမာလာတဲ့ သူရှေ့သွားဆိုရင် အားပေးတယ် “မသာ ” တဲ့ ။ နောက်ကျတော့ လူကြီးတွေက ပြောလို့လားမသိဘူး ။ ဆဲ တော့ မဆဲတော့ဘူး
နှုတ်ခမ်းကြီးထော်ပြီး “ပွင့်ဘူး ” တဲ့ ။ အဟက် နာမယ်ချင်းဆင်လို့ ဝင်နောက်သွားတာ
အလင်းဆက်
February 25, 2015 at 2:44 pm
မြို့ပတ်ရထားပေါ်မှာ ဖွင့်ပြောတာလား..
မြန်မာနိုင်ငံအနေနဲ့…ဒါတော်တော် ကဗျာဆန်တာ…
:k:
တောင်ပေါ်သား
February 25, 2015 at 3:33 pm
ကဗျာဆန်သတဲ့လားကွယ်
ဇာတ်သိမ်းကို ကြည့်ပါဦး
kai
February 25, 2015 at 4:10 pm
မြို့ပါတ်ရထားက.. အခုလိမ္မော်ရောင်လား..။
လိမ္မော်က.. ရွှေဖရုံသီးအရောင်..
ဟောလိုးဝင်း… သူရဲည..အရောင်…
ဖုတ်.. ဇုမ်ဘီတွေအကြောင်းတော့ မရေးနဲ့နော..။ :k:
တောင်ပေါ်သား
February 25, 2015 at 4:19 pm
သဂျီးရေ
မြို့ပါတ်ရထားက ရောင်စုံဖြစ်နေပြီ
လိမ္မော် အစိမ်း RBE အဲယားကွန်းတွေက တစ်မျိုး 🙂
အလင်းဆက်
February 25, 2015 at 5:51 pm
ပြီးတော့… သွားတိုက်ဆေးတို့..ကော်ဖီမစ်တို့ ကြော်ငြာတွေ ပလူပျံအောင် ကပ်ထားသေးတယ်လေ…