( သူ နဲ့ ကျနော် ရဲ့ အချစ်ပြဇာတ် ) ဇာတ်သိမ်း
ဒီမနက် သူ့ကိုဖွင့်ပြောမယ်ဆိုတဲ့စိတ်ကြောင့် ညက ကောင်းကောင်းအိပ်မပျော်ပါဘူး ၊
မနက် ၅ နာရီကတည်းက နိူးနေပြန်ရပါတယ် ၊ ၅ နာရီခွဲမှာတော့ အိပ်ယာကထ ရေချိုးလိုက်တယ် ၊
ကျနော်တို့အိမ်က ၂ ထပ် ၊ အပေါ်ထပ်မှာ အမေ ကျနော်ကအောက်ထပ် ၊
ရေက အိမ်ရှေ့ထောင့် မာလကာပင်အောက်မှာ တိုင်ကီနဲ့ပါ ၊ ရေစက်မရှိ ၊ ဝယ်သုံးရတာပါ ၊
စောစောစီးစီးကြီး ရေချိုးနေတဲ့ကျနော့်ကို ဝရန်တာကနေ အမေက အံ့အံ့ဩဩ ကြည့် လို့ ၊
လှည်းတန်းဘူတာအလာ အာတီးယားလမ်းထဲမှာ တိတ်ဆိတ်စွာပေါ့ ၊
ကျေးဇူးှင်ရထားက အချိန်မှန်လို့ ၆ နာရီခွဲမှာ ဟုမ်းလမ်းဘူတာ ရောက်လာပါတယ် ၊
ထုံးစံအတိုင်း ရွာမလက်မှတ် ၂ စောင်ဝယ်ပြီး သူလာမယ့် လမ်းကလေးဘက်ကို ငေးနေမိပါတယ် ၊
အနီရောင်အောက်ခံမှာ အဝါပန်းပွင့်လေးတွေနဲ့ ဝမ်းဆက်မလေးက ဘူတာကိုမြင်ရတဲ့နေရာအရောက်မှာပဲ
ဟိုကြည့်ဒီကြည့်နဲ့ ကျနော့်ကို ရှာသပေါ့လေ ၊ ( အထင်မဟုတ် အမြင် )
သိပ်မကြာခင်မှာ ရထားဝင်လာပါတယ် ၊ ကျနော့်ရင်ထဲမှာလည်း ရထား ဆယ်စီးခုတ်မောင်းနေသလိုပါပဲ ၊
( မာလာ )
( ဟင် ဘာလဲကိုမျိုးသန့် )
( ဟို ဟိုလေ မာလာ့ကို ပြောစရာရှိလို့ )
( အမယ်လေး ခုလည်းစကားပြောနေတာပဲမလား ၊ ကဲ ဘာများပြောမလို့လဲ )
( ကျနော် မာလာ့ကို ဘယ်လောက်မြတ်နိူးတယ်ဆိုတာ မာလာသိမှာပါ ၊ ချစ်တာတင်မဟုတ် တကယ်မြတ်နိူးမိတာပါ ၊ အဲ အဲဒါ )
( အင်းးးးး တစ်နေ့နေ့ ကိုမျိုးသန့် ဒီလိုပြောလာမယ်ဆိုတာ မာလာသိပါတယ် ၊ ကိုမျိုးသန့် မာလာ့ကို ချစ်တယ်ဆိုတာလည်း ယုံပါတယ် ၊ ဒါပေမယ့် )
( ဟင် ဘာ ဘာဒါပေမယ့်လဲဟင် )
( မာလာတို့က တရုတ်လူမျိုးဆိုတာ ကိုမျိုသန့် သိပါတယ်နော် )
( ဟုတ်ကဲ့ မှန်းမိပါတယ် )
( မာလာတို့ မျိုးနွယ်က အမျိုးအချင်းချင်း အိမ်ထောင်ပြုကြရပါတယ် ၊ အမားတို့တုန်းကလည်း ဒီလိုပဲ စေ့စပ်ထားတဲ့သူနဲ့ ယူရတာ ၊
မာလာ့မှာလည်း ၈ တန်းလောက်ကတည်းက လူကြီးချင်း သဘောတူထားသူ ရှိပါတယ် ၊ မာလာ့ထက် ၅ နှစ်လောက် ကြီးပါတယ် ၊ သူက
အခုထိုင်ဝမ်မှာ အလလုပ်လုပ်နေတယ် ၊ မာလာ ဂျီတီအိုင်ပြီးလို့ အာအိုင်တီ ဝင်ခွင့်ဖြေဖို့ မီရင်ဖြေမယ် ၊ မမီရင်
အမျိုးတွေအလုပ်မှာဝင်လုပ် ၊ ပြီးရင် သူနဲ့ယူူရမှာ ၊ အမားတို့က အရမ်းရှေးရိုးဆန်တယ် ၊ မာလာ ဘာတတ်နိူင်မှာလဲ ၊ မာလာလည်း
ကိုယ်ရင်ခုန်ရသူနဲ့ နေချင်တာပေါ့ ၊ ဒါပေမယ့် ဒီကြားထဲ ဘယ်လိုနေနေ ပြီးရင်တော့ အဲဒီလူကို ယူရမှာ ၊ သူ့ကိုလည်း
တစ်ခါပဲ တွေ့ဘူးပါတယ် ၊ ကိုမျိုးသန့် မာလာ့ကို စကားပြန်ပြောပါဦး )
( ကျနော် ဘာပြောနိူင်ဦးမှာလည်း မာလာရယ် ၊ ကဲ မာလာက အခု ကျနော့်ကို အဖြေပေးပြီပဲထား ၊ ၂ နှစ် ၃ နှစ် ချစ်သူတွေလိုနေ ၊ ပြီးရင်
လမ်းခွဲကြမယ် ၊ ကဲ မာလာပဲ စဉ်းစားပါဦး ၊ တစ်နေ့ လမ်းခွဲရမယ်ဆိုတာ သေချာနေတဲ့သူကို ဘေးမှာထားပြီး ကျနော်ပျော်နိူင်မလား
မာလာကော ပျော်မတဲ့လား )
( ကိုမျိုးသန့်ရယ် မာလာတို့ အချစ်ဆုံး သူငယ်ချင်းလို နေလို့ရတာပဲလေ ၊ ဟင် ကိုမျိုးသန့် ရွာမဘူတာရောက်တော့မယ် ၊ လာ ဆင်းစို့လေ )
( မာလာ ဆင်းနှင့်ပါ ၊ ကျနော် သွားစရာရှိသေးလို့ )
( ဟင် ဘယ် ဘယ်ကိုသွားမှာလဲဟင် ၊ လျှောက်သွားမနေနဲ့နော် ၊ အတန်းတက်ရဦးမယ်မလား )
( အမေ ခိုင်းထားလို့ပါ ၊ မာလာ ဆင်းနှင့်နော် )
ရထားက ဘူတာထဲ တရွေ့ရွေ့ ဝင်လာပါတယ် ၊ ဝိုင်းစက်နေတဲ့ မျက်လုံးလေးတွေကို ကျနော် နှုတ်ဆက်လိုက်ပါတယ် ၊
ခဏလေးအကြာမှာပဲ ရထားက ဆက်ထွက်ခဲ့တာမို့ ရီဝေဝေ မျက်လုံးထဲမှာတော့ ဝမ်းဆက်မလေးက တဖြည်းဖြည်း ဝေး ဝေးလို့
ကျန်ခဲ့ပါပြီ ၊
စဉ်းစားကြည့်ကြပါဦး ၊ ခင်ဗျားတို့ဆိုရင်ကော တစ်နေ့သူတစ်ပါးရင်ခွင်ထဲဝင်ရမယ့်သူကို ချစ်သင့်သလား ၊
ချစ်နေနိူင်မလား ၊ ပျော်ကော ပျော်နေနိူင်မလား ၊
တွဲရတာ အမြတ်ပေါ့ကွာ ဆိုတဲ့ အောက်တန်းကျတဲ့စိတ်လည်း ကျနော့်မှာ မရှိဘူး ၊
အချစ်ဆိုတာ ကျနော်အတွက် စစချင်း ဆောက်နဲ့ထွင်း ဆိုသလို အတော့်ကို အခံရခက်တယ်ဗျာ ၊
ရထားဟာ ဒညင်းကုန်းကိုကျော်လို့ ဂေါက်ကွင်း ၊ ကျိုက္ကလဲ့ဘူတာတွေဘက်ဆီ ချိုးကွေ့လာနေပါပြီ ၊
( ညီလေး လက်မှတ် ) တဲ့ ၊ လက်မှတ်စစ်ပါလား ၊ အင်းးး ကိုယ့်မှာက ရွာမမအထိပဲ ဝယ်လာတာလေ ၊
မြို့တစ်ပတ်စာရဲ့ ၃ ဆ ဒဏ်ငွေဆောင်လိုက်ဦးပေါ့ကွယ် ၊
ဪ အချစ် အချစ် အချစ်ဆိုတာ တစ်ခါတစ်လေ အချစ် မတော်ရင် ဒဏ်ကြေးပါ ပါလာတတ်တာကိုး ၊
မင်္ဂလာဒုံ မြောက်ဥက္ကလာတို့ကိုကျော်လို့ ရန်ကုန်ဘူတာကြီးအထိ လိုုက်ခဲ့မိပါတယ် ၊ အဲဒီနောက် ကုန်းတံတားကိုကျော်
ဆူးလေပန်းခြံကားဂိတ်ဆီကိုပေါ့ ၊
နောက်နေ့က စပြီး ကျနော် ရထား မစီးတော့ပါဘူး ၊
လိုင်းပေါက်မှတ်တိုင် ( အခု မရှိတောာ့ ) ကနေ ပြား ၃ဝ နဲ့ နံပါတ် ၈ အင်းစိန်ကားကိုစီး ၊
အင်းစိန်ကနေ ကျောင်းကို တစ်မတ်နဲ့ မင်္ဂလာဒုံကားကိုစီး ၊ အပြန်လည်း ထိုနည်း၎င်းပေါ့ ၊
အဲဒီနှစ်က ကျနော် စာမေးပွဲကျပါတယ် ၊ မကျခံနိူင်ရိုးမလား ၊ စိတ်က စာမှာမှ မရှိတာ ၊
နောက်နှစ်မှာတော့ မြေနီကုန်းကနေ လှိုင်တက္ကသိုလ်ဝင်ပြီးး အင်းစိန်သွားတဲ့ နံပါတ် ၈ ကို စီးမိရာက လှိုင်တက္ကသိုလ်က
မိုးညှင်းသူကလေးနဲ့ဆုံ ၊
ကျောင်းခေါ်ချိန် ၇၃ ့ ၅ ပဲရှိတဲ့ကျနော် စာမေးပွဲဖြေခွင့်မရ ၊ ဒီတော့ ၂ ခါကျလို့ သတ်မှတ်လိုက်သမို့
အင်းစိန်ဂျီတီအိုင်ကျောင်းတော်ကြီးနဲ့အတူ သူကလေးကိုပါ တစ်ခါတည်း ခွဲခွာလို့
ဆင်မလိုက်သင်္ဘောကျင်း ဒေါက်ဆားဗစ် ဆင်းသူဘဝ ရောက်ခဲ့ရပါတော့တယ် ၊
အချစ်ဆိုတာ ကျနော့်အတွက် အကျိုးပေးလှတယ်ရယ်လို့ကို မရှိပါဘူးဗျာ ၊
22 comments
ခင်ဇော်
February 25, 2015 at 1:24 pm
ဟယ်။ ဘယ်လိုပြောရပါ့။
အမှန်ဆို ၂ နှစ် အချိန်ရတာကိုဗျာ။
ကြားထဲမှာ တစ်မျိုးတစ်မည် ပြောင်းလဲသွားနိုင်တာပဲဟာကို။
:a:
တောင်ပေါ်သား
February 25, 2015 at 1:35 pm
အိုဗျာ တထိတ်ထိတ်နဲ့ နေသွားရမလားဗျ ၊
ကံကြမ္မာကိုက စိတ်ကူးယဉ် ဆန်လှပါတယ်ဗျာ ၊
အခုထိ မြို့ပတ်ရထားမြင်တိုင်း အဝေးကို ရထားစီးသွားရတိုင်း လွမ်းသလိုလို . . .
Mr. MarGa
February 25, 2015 at 1:33 pm
မာလာ လား
မာလာ ဆို အသံကို မကြားချင်တာ
နွေဆို ဘယ်နား မာလာဖြစ်မလဲ တွေးပူနေရတာ
မာလာ ရေခဲ မဖြစ်မချင်း သတင်းတွေ နားစွင့်ရတာ အမော
:mrgreenn:
တောင်ပေါ်သား
February 25, 2015 at 1:37 pm
သဂျား ဒါရယ်စရာလား
အာ့ကြောင့် မင်း ဂေါ်မစွံဖြစ်နေတာ 🙂
Mr. MarGa
February 25, 2015 at 1:53 pm
မာလာ ဆိုလို့
သိတဲ့ မာလာ ကို ဝင်ပြောမိတာပါ ဗျာ
ဦးကျောက်ခဲ
February 25, 2015 at 1:38 pm
ဟွင့် …. ဆြာမြိုးကလည်း ရည်းစားတောင် မဖြစ်သေးဘူး
မြေးဦးလေးနာမည်ကို ကြိုရွေးမိတာကိုး… ဖူးစာဆိုတာ ဦးရာလူပါဗျ…
စစ်မယောက်ခင်မြှားကုန်သွားတဲ့ဇာတ်လမ်း…
စကားမစပ် အဲ့နားက သဘာဝစာပေကို အလွန်သတိရတယ်…
:k:
တောင်ပေါ်သား
February 25, 2015 at 1:56 pm
ကိုကျောက်ရယ်
သူတစ်ပါးဆီ ပါမယ့်ဟာကြီး မ-ဦးချင်ပါဘူးဗျာ ၊
စစ်မရောက်ခင် မြားကုန်တာဟုတ်ဘူးဗျ
အချိန်တန် ရှုံးမယ့်စစ်ပွဲ ဘာကြောင့် နွဲနေဦးမလဲ
အခုနေ တွေးရင်တော့ အိုကွာ နောက် ၃ နှစ်လောက်မှ ဖြစ်မယ့်ကိစ္စ
နောင်လာ နောင်ရှင်းပေါ့ကွာ လို့ တွေးကောင်းတွေးနိူင်ပေမယ့်
အဲဒီအချိန်တုန်းကတော့ အဲသလိုပဲ တွေးမိတယ် ၊
လွတ်တဲ့ငါး ကြီးတယ်လို့လည်း မစဉ်းစားပါဘူး ၊
အိတ်စ်ပီးရီးယင့် မဲ့သူတစ်ယောက်အတွက် ပထမဆုံးအတွေ့အကြုံက ခါးလိုက်တာ ၊
ဒါနဲ့ သဘာဝစာပေဆိုတာ ဘာတုန်း
ဦးကျောက်ခဲ
February 25, 2015 at 2:25 pm
အချစ်ရဲ့အစ ဘဝက လူရည်မလယ်… ဆိုတာ ဒါမျိုးပေါ့…
ဒီလို ကိုမြိုးရဲ့ အနောက်ပိုင်းဆေးရုံကြီးအနောက် ၊ အဲသည့်ရပ်ကွက်ကို ထီးတန်း ဈေးကလေးလို့ ခေါ်တယ်ဗျ ။ အဲသည့်အရပ်မှာ အရင်က သဘာဝစာပေလို့ ခေါ်တဲ့ စာအုပ်အငှါးဆိုင်ကြီးရှိတယ် ။ ကာတွန်း မဂ္ဂဇင်း ဝထ္ထုကနေ ဂန္ဓဝင်စာပေတွေအထိ တင်တာမို့ စာသမားတွေ အကြိုက်ဗျ ။ လက်ဝဲစာပေ ၊ လက်ရင်းကျမ်းတွေကိုလည်း ဒိုင်လျှိုငှါးတာမို့ ပန်းရောင်မရင့်တရင့် (အနီမဟုတ်) မောင်ကျောက်စ်တို့ အကြိုက်ပေါ့ ။ ၈၈၈၈ ပြီးတော့ စစ်တပ်ကမွှေလိုက်တာ အဲသည့်စာအုပ်အငှါးဆိုင်ကြီးလည်း ပြုတ်သွားတယ် ။ အဲဒါကို လွမ်းမိတာပါ ကိုမြိုးရယ်…
🙁
တောင်ပေါ်သား
February 25, 2015 at 2:31 pm
( အချစ်ရဲ့အစ ဘဝက လူရည်မလယ် ) တဲ့ ၊
ပြောပေါ့ဗျာ ၊ ပြောအားရှိသူတွေ ပြောနိူင်ပါစေ ၊
အင်းးး အခုထိလည်း လည်တယ်တယ်ပါပဲဗျာ ၊ 🙂
အဲဒီစာအုပ်ဆိုင်တော့ မသိဘူးဗျ ၊
ဟင်း ဟင်း ဒင်းကလေးအိမ်နားများ ဖြစ်နေမလားပဲ ၊
အလင်းဆက်
February 25, 2015 at 2:51 pm
ရထားကြီး အချိန်မှန်တယ်ဆိုကတည်းက…လွဲနေပြီ…
တကယ်တော့ မှန်ရိုးထုံးစံမှ မရှိတာ..
😆
တကယ်တော့…
ရထားကြီးက ထုံးစံမဟုတ်ပဲ…
အချိန်မှန်သွားတာပါ…
အဲဒီနောက်…
အရာရာဟာလည်း… ကမောက်ကမဖြစ်လို့….
….
….
တောင်ပေါ်သား
February 25, 2015 at 3:23 pm
ဒီမယ် ရဲလင်းအောင် ဟုတ်ပါဘူး လင်းရဲအောင်
အဲ ဟုတ်သေးဘူးထင်တယ် ၊ ထားတော့ 🙂
ဒီမယ် အဲဒီအချိန်က မနက်ခင်းရထားတွေက အချိန်မှန်တယ်ကွ ၊
စ ထွက်ခါစကိုး ၊ နေ့ခင်းကျမှ စင်းလုံးပျောက်တာ
ကမောက်ကမတွေကြား ပျောက်ကျတာတွေ
ချောက်ကျတာတွေ များသလို နောက်ကျတာတွေလည်း ရှိခဲ့သပေါ့ကွယ်
Shwe Ei
February 25, 2015 at 3:02 pm
-ထင်တော့ထင်တယ်..အူးမျိုးရေးရင်..အလွမ်းဇာတ်ဘဲဖြစ်တော့မှာလို့ 😛
တောင်ပေါ်သား
February 25, 2015 at 3:16 pm
ကျုပ်ကိုက အလွမ်းဇာတာနဲ့အတူ မွေးလာတယ်ထင်ပါ့ဗျာ
Mike
February 26, 2015 at 10:06 am
.လွမ်းဖွယ်ပေါ့ ..ကိုမျိုး ရယ်
pooch
February 26, 2015 at 10:57 am
ကိုယ်ချင်းစာပါတယ် ဗျာ
တခါက သူငယ်ချင်းတယောက်က ခြားနားလွန်းသူတယောက်ကို သူငယ်ချင်းလိုပဲဆက်ဆံနိုင်အောင် ကြိုးစားတော့မယ်လို့ ပြောဖူးတယ် :mrgreenn:
သူက ဟင်းမချက်တတ်တော့
အစားကြူးသူတွေဆီ သွားပြီး ချွေးမတယောက်ရဲ့ ဝဋ်မခံနိုင်တာကိုပြောတာ
သူတို့အမျိုးက မိဘစကားပြီးတယ်ဗျ
ကိုယ်တွေနဲ့များ ကွာပါ့
တောင်ပေါ်သား
February 26, 2015 at 11:09 am
ဘဝတွေက ဒီလိုပါပဲ
ရောက်ရာ ဖြစ်ရာမှာ နေသားကျအောင်ပဲ ကြိုးစားရမှာပေါ့
naywoon ni
February 27, 2015 at 2:42 am
ကျော့် ပထမဆုံး လိုက်ခဲ့ တဲ့ ကောင်မလေးကလည်း တလုပ်မျိုးထဲကပဲဗျ မိုနာလီဇာ နဲ့ ခပ်ဆင်ဆင်ရယ် ။ သူပြုံးရင် မိုနာလီဇာ ပန်းချီကားထဲက အပြုံးနဲ့ တူသလိုလိုပဲ ။ သူရို့ အမျိုးက မွေးကတည်းက စေ့စပ်ထားပြီးသားတဲ့ ။ ကျော်လည်း ဆွေးဖူးတာကော့ဗျာ ။ ဒါပေမဲ့ စာမေးပွဲ တစ်နှစ်ပဲ ကျလိုက်တယ် ။ လူလည်း ကဗျာသမား လုံးလုံးဖြစ်သွားတော့တာပဲ ။ စောစောပိုင်းတုန်းက သူနဲ့ ပတ်သက်တဲ့ အချစ်ကဗျာတွေ အက်ဒစ်လုပ် ဗားရှင်း ပြောင်းပြီး ဒီရွာထဲမှာ တင်ခဲ့ ဖူးတယ် ။ အဲ့တော့ကာ ကိုယ်နဲ့ မဆုံဆည်း ရတာလွမ်းမနေနဲ့ ဗျာ ။ ဘဝတိုတိုမှာ ကိုယ်နဲ့ သင့်တော်မယ့် လက်တွဲဖော်သာမြန်မြန်ရှာ ။ မြန်မာပြည် သက်တမ်းမှာ အသက်သုံးဆယ်လောက်မှာပဲ အလွမ်းဇာတ်က ခင်းလို့ကောင်းတာ ။ အဲ့က ကျော်လာရင် တက်သုတ်ရိုက်နိုင်မှ တန်ကာကျတာ ဗျ ။
တောင်ပေါ်သား
February 27, 2015 at 9:54 am
အဘနီ နဲ့ ကျုပ်က အစ တူသားနော့် ၊
ဟုတ်ကဲ့ အခု ငါးဆယ်ကျော်မို့ တက်သုတ်ရိုက်နေပါကြောင်း 🙂
မြစပဲရိုး
February 27, 2015 at 3:25 am
ကိုမျိုး ကို မာလာ က မချစ်ခဲ့လောက်ပါဘူး။
သူက ရိုးသားခဲ့သားဘဲ။
တကယ်တော့ ကိုမျိုးကလဲ သူ့ ကို တကယ်မချစ်ပါဘူးလေ။
ချစ်တယ်လို့ အထင်နဲ့ ကိုယ့်ဟာကို ညာခဲ့ပါ။
နောက်မှနောက် ဖြစ်ချင်တာဖြစ်။ ရတုန်း တွဲ လိုက် မယ် ဆိုတဲ့ စိတ် မရှိတာ ကို လေးစားပါတယ် ကိုမျိုး။
တောင်ပေါ်သား
February 27, 2015 at 9:51 am
အဲသလိုများ ဖြစ်လေမလားပဲ အရီးရေ
ငယ်လည်း ငယ်သေးတာကိုး ၊
ရတုန်းတွဲလိုက်မယ်ဆိုတဲ့စိတ်ကတော့ အခုထိ မရှိပါဘူး
ကိုယ့်ကိုယ်ကို သူတော်ကောင်းကြီးလို့ မထင်ပေမယ့် အဲသလိုကြီးလည်း မရိုင်းတတ်ပါ ၊
ဦးကြောင်ကြီး
February 27, 2015 at 10:02 am
ဦးမျိုးသာမီးဂို ခြစ်တယ်ဗျာ..
တောင်ပေါ်သား
February 27, 2015 at 10:13 am
ငင် ဘလိုင်းဂျီးပါလား ကိုကိုကြောင်ရယ်
သာမီးတွေက ကြောင်ချစ်ဘူး တဲ့ ၊ 🙂