နေဝန်းနီ နဲ့ ဆယ့်တစ်ပေါက်
နေဝန်းနီ နဲ့ ဆယ့်တစ်ပေါက်
ဒီနေ့ မွေးသမိခင်က ဈေးသိမ်းရာ ပြန်လာတော့
” ဟေ့ ငါ့ကို အခု ဆယ့်တစ်ပေါက် သွားဝယ်ပေးစမ်း ရော့ ပိုက်ဆံ …..” တဲ့
အိမ်ပြန်ရောက်ရောက်ချင်း အမိန့်ပေးပါတယ် ။ အဲ့ ဒါမှ ချောက်ပဲ ။ ဆယ့်တစ် ပေါက်ဆိုတာ သူများ ပြောသံ ဆိုသံ ပဲ ကြားဖူးနားဝ ရှိတာ ။ တွေ့ဖူး သေးဘူး ။ မြဝတီ ရုပ်သံ ဖမ်းစက် ဆိုရင် သိတယ် ။ စဂိုင်းနက် ဆိုလည်းသိတယ် ။ လက်ဖက်ရည်ဆိုင်မှာ ကိုယ်တိုင် ဝင်ကလိ ဖူးတာပဲ ။ အဲ့ ဆယ့်တစ်ပေါက် ဆိုတာတော့ ကြားပဲ ကြားဖူးတာ ။ မတွေ့ဖူးဘူး ။ နေဝန်းနီ နဲ့ သိတဲ့ သူတွေထဲမှာ သိပ်ရေပန်းမစားဘူး ။ ကြားဖူးနေတာတော့ ကြာပြီလေ ။ တစ်လောက တောင်မှ ရပ်ကွက်ရုံးမှာ မဲနှိုက်ပြီး အလကားဝေ တယ်ဆိုလို့ ရာအိမ်မူးကို သွားမေးတော့
” မင်းတိူ့မပါဘူးလေ ထရံကာ ကြမ်းခင်း အိမ်တွေ စာရင်းကောက်ပြီး မဲနှိုက်ပြီး ပေးတာ ”
ဆိုလို့ နံကပ် သွပ်မိုးနဲ့ ဖြစ်နေတဲ့ နေဝန်းနီ အိမ်ကိုတောင် အပြစ်တင်ရမလို ဖြစ်သွားသေးရဲ့ ။ ဒီနှစ် အစ ကတည်းက အမာ တီဘီ က လိုင်းတွေ တိုးလိုက်တော့ မူရင်း တီဘီ လိုင်းက သတင်းတွေချည့်ဖြစ်နေတယ် ဆိုပြီး မွေးသမိခင်က ကိုယီးရား ကားတွေ တစ်ထပ်ကြီး ဝယ်ဝယ်လာပါတော့တယ် ။ ဒါနဲ့ မသိရင်မေးရအောင် သယ်ရင်း ဗစ်တာ စိုးမိုးရဲ့ စာအုပ်ဆိုင် ဘက်ထွက်ခဲ့ပါတယ် ။
” ဟေ့ ကြာ ငါမသ်ိလို့ မေးရဦးမယ် ။ ဆယ့်တစ်ပေါက် ဆိုတာ ဘာလဲကွ ။ ငါကတော့ မြဝတီ ဖမ်းစက်တို့ စဂိုင်းပျက် တို့ပဲ သိတယ် ”
” ဆယ့်တစ်ပေါက် မဟုတ်ဖူးကွ Set Top Box ( မှားရင်တော့ ပြင်ပေါ့ဗျာ ကျုပ်က သူပြောတဲ့ အတိုင်းရေးလိုက်တာ ။ TV ဖမ်းစက် ပါပဲကွာ ။”
သူက အဲ့လိုပြောတော့ နားလည်သလိုလိုတော့ ဖြစ်သွားပြီ
” သယ်ရင်း ဘယ်ဆိုင်မှာ ရှိလဲကွ ”
ဆိုတော့
” မြို့ထဲက ဇွန်လှိုင်း မှာရတယ် 18000 လောက်ရှိမယ် ။ အင်တာနာက 4000 လောက်ပဲ ။ ”
” အာ ….. အဲ့ထိသွားရမှာလား မီးပွိုင့်နားလေးမှာ ”
တစ်ကယ်တော့ နေဝန်းနီ တို့မြို့မှာ မီးပွိုင့် ဆိုတာ အဲ့ တစ်ခုထဲ ရှိတာ ။ မီးပွိုင့်ဆိုတာနဲ့ ဘယ် မီးပွိုင့် လဲ မေးစရာ မလိုဘူး ။ ခု နေဝန်းနီ ရောက်နေတဲ့ နေရာနဲ့ လေးဖာလုံလောက်ဝေးပါတယ် ။ စက်ဘီးနဲ့ သွားရမှာ ဆိုတော့ ဝေးတယ် လို့ ပြောလို့ရသလို မြို့ထဲ တင်လို့ ပြောလို့လဲ ရတဲ့ ခရီးပါ ။ အဲ့မှာ သူက ဆက်ပြီးတော့
” မီးပွိုင့် အရှေ့ဘက်က ယူနစ်ရုံးထဲမှာ အရောင်း ပြခန်း ဖွင့်ထားတယ် အဲ့ သွားလိုက် ”
တဲ့ သူက စာအုပ်ချုက်နေရာက ဆက်ပြောတယ် ။
နေဝန်းနီလည်း သူ့ကို နှုတ်ဆက်ပြီး ထွက်လာခဲ့တယ် ။ သူပြောလိုက်တဲ့ ယူနစ်ရုံး ဆိုတာက ဟို အရင်က မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ယူနစ် ရုံးကို ပြောတာပါ။ အဲ့ တုန်းတော့ အစိုးရမြေပေါ့လေ ။ ခုတော့ ပါတီတစ်ခု ပိုင်မြေဖြစ်သွားပြီ မျက်နှာစာ မှာကော ဝင်းအတွင်းမှာပါ ဆိုင်ခန်းတွေ ဆောက်ပြီး အငှားချထားပါတယ် ။ နေဝန်းနီလည်း စက်ဘီးလေးနဲ့ ရန်ကုန် မန္တလေးလမ်းပေါ်ကပဲ လာခဲ့တယ် ။ စောစောက ပြောခဲ့ တဲ့ မီးပွိုင့် မရောက်ခင်မှာ လျှပ်စစ်ပစ္စည်း ဆိုင်တစ်ခု တွေ့တာနဲ့ ဆိုင်ထဲဝင်သွားပြီး တွေ့တဲ့ သူတစ်ယောက်ကို
” ဟိုဟာ ဗျာ ရုပ်သံဖမ်းစက် ဆယ့်တစ်ပေါက်ဆိုလား အဲ့ဒါ ရှိလားဗျ” ့
ဆိုတော့ ရှိတယ်တဲ့ ။ ဈေးမေးကြည့်လိုက်တော့ သောင်းကိုးထောင်တဲ ့
‘ ငါ့ စောစောက ပြောလိုက်တာက သောင်းရှစ်ထောင်ပါပေါ့ မွေးသမိခင်ကလည်း ပိုက်ဆံ နှစ်သောင်းနှစ်ထောင်ထဲပေးလိုက်တာ မဖြစ်သေးပါဘူး ဟို ကြာ ( ဗစ်တာစိုးမိုးကို အားလုံးက ကိုကြာ လို့ပဲခေါ်ကြပါတယ် ငယ်နာမယ်က ကြာလှ ပါ ။ အဲ့တော့ အဲ့တိုင်းခေါ်ရမှာ အားနာလို့ ကိုကြာလို့ပဲ အဖျားဆွတ်ခေါ်ကြပါတယ် ။ ကြုံတုန်းလေး ဖော်ကောင်လုပ်ဦးမှ 🙂 )
အဲ့ဒါနဲ့ မဖြစ်ချေဘူး ဆိုပြီး မူလ ရည်ရွယ်ရာ ယူနစ်ရုံး ရှိရာကိုပဲ မီးပွိုင့် ကနေ အရှေ့ဘက်ချိုးကွေ့ လိုက်ပါတော့တယ် ။ မူလ ရုံးဝင်း ခြံစည်းရိုးက မရှိတော့ဘူး ။ ဆိုင်ခန်းတွေ အပြည့်ဖြစ်နေပြီ ။ ဝင်ပေါက်တောင် မနဲချန်ထားရတဲ့ပုံ ။ ဝင်ပေါက် အပေါ်တည့်တည့်မှာ ဇွန်လှိုင်း ဆိုတဲ့ ဆိုင်ဘုတ် တွေ့တာနဲ့ ဝင်လာခဲ့တယ် ။ တွေ့ပါပြီ ။ အရင်တုန်းကတော့ ဒီနေရာက အစည်းအဝေး ခန်းမ ဗျ ။ စာပေဟောပြောပွဲတွေ ဒီခန်းမထဲမှာလုပ်ဖူးလို့ သွားနားထောင်ဖူးတယ် ။ မှတ်မိတာက အဲ့ နှစ်က ဆရာမ နုနုရည် (အင်းဝ ) ပါတယ် ။ အဲ ဒီဘက်စစ်အစိုးရခေတ်မှာ နောက်တော့ ရုပ်ရှင်ရုံ ဖြစ်သွားသေးတယ် ။ မင်္ဂလာ ခန်းမလည်း ဖြစ်ဖူးသေးတယ် ။ ခုတော့ လျှပ်စစ်ပစ္စည်း ရှိုးရွန်း ဖြစ်သွားပြန်ပြီ ။ နောက်ဘာဖြစ်ဦးမလဲ မသိဘူး ။ အဆောက်အဦး တစ်ခုရဲ့ ဘဝက လည်း သံဝေဂ ယူတတ်ရင် ရတယ်နော် ။ အဲ့ရှေ့မှာ နံမယ်မမှတ်မိဘူး မျက်နှာသိ ကောင်မလေး တစ်ယောက်တွေ့တာနဲ့ စောစောကလိုပဲ ဟိုဟာ ………ကစပြီး မေးတော့ ရှိတယ် သောင်းရှစ်ထောင်တဲ့ ။ အဲ့ဒါနဲ ့ တစ်ခုလို့ ပြောရမလား တစ်စုံ လို့ပြောရမလား မသ်ိဘူး ။ ဇွတ်အတင်း ပိုက်ဆံ ထုတ်ရေတော့ ကောင်မလေးက ဆိုင်ထဲကကောင်လေးတစ်ယောက်ကို စက်ထဲ လိုင်းထည့်ခိုင်းပါတယ် ။ နေဝန်းနီလည်း မမြင်ဖူးတာနဲ့ ထိုင်ကြည့်နေပြီး ဘယ်ဟာ ဘယ်လိုတပ်ရမလဲ ဘာညာ မေးတော့ ကောင်လေးက တပ်ရမဲ့ ကြိုးတွေပြပါတယ် ။ အံမယ် အဲ့လောက် အ,တယ်များအောက်မေ့နေလား ။ TV ကြိုးလောက်တော့ တွေ့တဲ့ အပေါက်ထိုးထည့်ရင် အပေါက်နဲ့ ခေါင်းမလွဲရင် ပြီးတာပဲ ဟာ ။ ဝါ နီဖြူ အရောင်မလွဲ ရင်ပီးတာပဲ ဟာ ဘဲ ကို ။ နော့ ……
နေဝန်းနီလည်း ခပ်တည်တည် ပဲ ပြန်ထွက်လာပီး ဗစ်တာစိုးမိုး ကိုဆိုင်ရှေ့ကပဲ နှုတ်ဆက်ပြီး အိမ်ပြန်လာပါတယ် ။ အိမ်ရောက်တော့ နဲနဲ မှောင်နေပြီ ။ မီးက မပျက်ပေမဲ့ ့မီးအားကနည်းတော့ အလင်းရောင်က ကောင်းကောင်းမရဘူး ။ စက်က သေးသေးလေး နေဝန်းနီကိုင်တဲ့ ဖုန်းရဲ့ နှစ်ဆလောက်ပဲရှိတာ ။ အဲ့တာလေးထုတ် ။ အင်တာနာ လေးအိမ်ပြင်ထုတ် ခေါင်းလေးကိုလှည့်ပြီး စက်မှာတပ်။ ဝါ နီ ဖြူ နှစ်ဘက် တပ်ထားတဲ့ ကြိုးလေးကို စက်မှာ တစ်ဖက် TV နောက်က အပေါက်လေးတွေမှာ တစ်ဖက်တပ် ။ မီးဖွင့် TV ဖွင့် လာပါပြီ ။ MRTV အဲ့ ဒါ မဟုတ်သေးဘူး ။ ရီမု နဲ့ ဟိုနှိပ်ဒီနှိပ် မရဘူး ။ TV က ဟို ဗစ်တာ အစုပ်ပလုပ် လုပ်သွားတာ သုံးခု ဖြစ်နေတာ ။ TV နဲ့ VDO ချိန်းလိုက်ရင် ကြားထဲမှာ လိုင်းတစ်ခု အလွတ်ဖြစ်နေသေးတာ သွားသတိရ ။ ဘယ်မလဲ TV ရီမု နှိပ်ကြည့် ။ လိုင်းအလွတ် ။ ပေါ်ပြီ နိုး ဆစ်ကနယ် တဲ့ ။ ဟိုဆိုင်က ကောင်လေး ပြောလိုက်တဲ ့ ဇယ်ဒိုး အပေါ်က အင်ဖိုကို နှိပ် ။ အပ် အဲရိုးကို ဆက်နှိပ် ။ ရပြီ တစ်လိုင်းပြိီ း တစ်လိုင်း ။ ဒါပေမဲ့ ကံဆိုးချင်တော့ ဘာသံမှထွက်မလာ။ အဲ့ ဒါနဲ့ စောစောက အင်တာနာ လေးနေရာပြင် ။ အစက အိမ်အပြင်မ တန်းလန်းချထားတာ ။ ခုအသံမထွက်တော့ အနားမှာရှိတဲ့ မီးကပ် လုပ်ထားတဲ့ ဝါးလုံးကို ဖြုတ် ။ ထိပ်က သွပ်ပြားကို နှုတ် ။ အင်တာနာနဲ့ တွဲချည် ။ အိမ်ဝင်းနံရံ အုတ်စည်းရိုမှာထောင် ။ ကြိုးနဲ့ အသေချည် ။ အိမ်ထဲ ပြန်ဝင် ကြည့် ။ စက်ရီမု ကိုလျှောက်နှိပ်မရဘူး ။ ဒါနဲ့ ဆေးပေါ့လိပ်လေးဖွာရင်း ပြန်မေးကြည့် ဦးမယ်ဆိုပြီး ဇာတ်လမ်းလာနေတဲ့ MRTV-4 ဖွင့်ပေးခဲ့ပြီး ဗစ်တာ စိုးမိုးဆီ ပြန်ထွက်လာခဲ့ တယ် ။ အဲ့တောမှ TV နောက်က အပေါက်မှာ in ဆိုတာနဲ့ out ဆိုတာ ရှိသတဲ့ လေ ။ အပေါက်လွဲပြီး ကြိုးတပ်လို့ ဖြစ်တာပါတဲ့ ။ အဲ့ဒါနဲ့ အိမ်ပြန်ပြီး ပြန်ပြင်မယ်လုပ်တော့ သူငယ်ချင်း အကောင်းစားကြီးက ညနေက ကျန်တဲ့ လက်ဖက်ရည်ပါဆယ်ကို သူနဲ့ နှစ်ယောက်မျှပြီး ညှိတိုက်လိုက်ပါသေးတယ် ။အိမ်ပြန်ရောက်တော့ TV နောက်လုံးကြီးကို ရှေ့တွန်ဖယ်ပြီး ဝါနီဖြူ အပေါက်တွေပြန်တည့် အသံထွက်လာပါလေရောဗျား ။ အဲ့တော့မှ နေဝန်းနီ ခမြာ ဟင်းချပြီး ညစာစား ပြီးသကာလ ဖုန်းကလိလေတော့ သတည်း ………………..။နေဝန်းနီ နဲ့ ဆယ့်တစ်ပေါက် နဘမ်းလုံးလိုက်တာ ညနေပိုင်း တစ်ခုလုံး ကုန်သွားပါရော့လား ။ နေဝန်းနီသိလိုက်တာကတော့ ဆယ့်တစ်ပေါက်ဆိုတာ အပေါက်ဆယ့်တစ်ပေါက်ကို ပြောတာမဟုတ်ဘူးဆိုတာလေးပါပဲ ။
နေဝန်းနီ
1:39AM
27 Fri Feb 2015
10 comments
မြစပဲရိုး
February 27, 2015 at 3:03 am
ကံကောင်းလိုက်တာ အဘနီ ရယ်။
ကျွန်မတို့ခေတ်တုန်းက ကြည့်ချင်ကြည့် မကြည့်ချင်နေ။ တစ်ဦးတည်း မူပိုင်ဘဲ။
တကယ်ပြန်တွေးတော့လဲ ကောင်းသား။
တီဗီရှေ့အချိန်မကုန်တော့ဘူးပေါ့။
ဘာဘဲဖြစ်ဖြစ် ၁၁ပေါက်ကျေးဇူးနဲ့ မာတာမိခင်ကြီး ကျေနပ်သွားတာမို့ ဟန်ကျပါတယ်လေ။))
Mr. MarGa
February 27, 2015 at 8:53 am
ဪ… ဆယ့်တစ်ပေါက် ဆယ့်တစ်ပေါက်
ကိုယ်တွေလည်း ဆယ့်တစ်ပေါက် တစ်လုံးနဲ့ ချာချာလည်ဖူးရဲ့
ခုတော့ ရှုပ်လွန်းလို့ ဖြုတ်ထားလိုက်တယ် အေးရော :mrgreenn:
ခင်ဇော်
February 27, 2015 at 9:01 am
ခုခေတ် စက်တွေက ဘာဒွေးမြန်းကို မသိဘူးးး
သများတို့ကတော့ အပေါ်စက် အောက်စက်ပဲ သိတယ်။
:k:
ဦးကျောက်ခဲ
February 27, 2015 at 9:05 am
ကျောက်စ်လည်း ၂၁-ပေါက်ပဲ ကြားဖူးတာ…
ဘယ့်နှယ် ၁၁-ပေါက်ပါလိမ့် ၊ အသစ်လားမသိဆိုပြီး ဖတ်လိုက်တာ…
Set Top Box ဖြစ်နေပါရော့လား … ဟီ ဟိ
ကျောက်စ်ကတော့… ကိုရီးယားကားဆို ယောင်လို့တောင်မကြည့်…
:k:
Mike
February 27, 2015 at 9:47 am
.ကိုနေရေးတာဖတ်နေရင်းမောတောင်လာတယ်…ကိုနေ ဟင်းချမှ ကျုပ်လည်းဟင်းချရတယ်…
.၁၁ ပေါက် ဆိုတာကျုပ်တော့မကြားဖူးပါဘူးဗျာ…ရန်ကုန်မှာတော့ စကိုင်းနက် နဲ့ ဖိုက်နက်ဝပ်ပဲတွေ့ဖူးတယ်
တောင်ပေါ်သား
February 27, 2015 at 10:17 am
တွမ်တီဝမ်းရဲ့ ဗားရှင်းအသစ်များလား လို့ 🙂
အဲဒါ ဘာစက်တုန်းဗျ ၊ မြဝတီလား ?
အလင်းဆက်
February 27, 2015 at 11:01 am
အရောင်းပြခန်းတွေက သာမန်အရောင်းဆိုင်တွေထက် ဈေးပိုများတာမျိုး
ရန်ကုန်မှာလည်း ကြုံနေရတယ်ဗျ
Huaweibဖုန်းတစ်လုံးဝယ်မယ်ဆိုရင်
HUAWEI SHOW ROOM မှာ သွားမေးကြည့်
ဈေးက မြောက်တယ်
အပြင်က ဈေးမှန်တယ်ဆိုတဲ့ဆိုင်မှာ မေးကြည့်
တစ်သိန်းကျော်ထဲကဆို တစ်သောင်းလောက် ဈေးလျော့နေတယ်
အဲ့ဒါ ဘာလို့လဲမသိ
ကျနော်ထင်တာတော့ မူရင်း အရောင်းပြခန်းတွေက ပစ္စည်းကို အာမခံပေးနိုင်တယ်
အာမခံပေးရတဲ့အတွက် ဈေးပိုတင်လိုက်တယ်လို့ထင်တယ်
မဖြစ်သင့်တာနောာာ
:kwi:
ဆယ့်တစ်ဘောက်နဲ့ ဘာမှ မဆိုင်တာကို ဝင်ပြောမိတာပါ။
အင်းးး
အဖေနဲ့အမေတို့ ကြည့်ဖို့ TV ပြားပြားလေးတစ်လုံးနဲ့
.အောက်စက် ကောင်းကောင်းလေးတစ်လုံးးး
ဝယ်ပေးချင်လိုက်တာဗျာာာ
Wow
February 27, 2015 at 11:39 am
တီဗီမာကျော်ငြာနေတဲ့ မြဝတီဆက်တယ်ဘောက်စ် ဆိုဒါထင်ဒယ် 🙂
naywoon ni
February 27, 2015 at 12:47 pm
မြဝတီ ဆက်တယ်ဘောက်ကလည်း သီးသန့်ရှိပြီးသား အဲ့မြဝတီ ဖမ်းစက်ကလည်း မြဝတီကလွှင့် တဲ့ လိုင်းတွေတော့အကုန်ရပါရဲ့ MRTV ဘက်က လွှင့်တာတွေကျတော့ အကုန်မရပြန်ဘူး ။ ဈေးကလည်း ပိုကြီးတယ်လေ ။
အလင်းဆက်ရေ ကိုယ်တို့ဆီမှာ ဆိုင်ကြီးကြီးမား နေရာ ကျယ်ကျယ်လွင့်လွင့် ခင်းထားလို့ ရှိုးရွန်းလို့ သုံးလိုက်တာ ။ အရင်က ပါတီယူနစ်ရဲ့ အစည်းအဝေး ခန်းမ ကို ငှားထားပါတယ် ဆိုမှ
အဲ့ဒိလိုဆိုင်မျိုးမှာ ဝယ်မှ ( ကိုယ်တို့နယ်မှာပြောတာနော် ) လိုချင်တဲ့ ပစ္စည်း ရွေးစရာရှိတယ် ။ ကိုယ်လိုချင်တဲ့ အအျိုးအစား အတိုင်း အတာ ချေးများလို့ရတယ် ။ ကျန်တဲ့ ဆိုင်တွေမှာက ပစ္စည်းမစုံးဘူး ။ သူ့ရှိတဲ့ ပစ္စည်းကိုပဲ ဇွတ်အတင်းထိုးရောင်းတာက များတယ် ။ ဟာဝေး ဖုန်းဈေးကွာတာကတော့ ခု တ်ို့ဆီကပေါက်ဈေးက ဂျာနယ်ထဲ ပါတဲ့ ဈေးထက်တောင်ချိုသေး။ အဲ့ဒါက အထက်လမ်း အောက်လမ်း ကွာလို့တဲ့ ။ အခွန်ဆောင် တာနဲ့ အခွန်မဆောင်ပဲ သွင်းခဲ့တာပေါ့ ။ ဆိုင်တွေပေါ်ရောက်တော့ ဈေးညှိလိုက်တာလေ ။ မောင်ရင်ပြောတဲ့ ဈေးပိုတယ်ဆိုတာ သူ့ဆိုင်မှာ ရှိတဲ့ ပစ္စည်း အားလုံး ဒါမှ မဟုတ် ရာနှုန်းတော်တော်များက အခွန်ဆောင်လိုက်ရလို့ ဈေးမြင့်နေတာပါ ။
Shwe Ei
March 3, 2015 at 2:46 pm
-ဘုသုတ ရအောင်ဖတ်သွားပါတယ်..
-တီဗီကို အောက်စက်နဲ့တွဲပီး ကျိရတာဘဲကျိုက်တယ်
(အင်တင်နာလဲမရှိဝူးလေ) 🙂