သွားမိတာ ငါ့အမှားပါ…ကျိ ုက်ထီးရိုးရာ…
—————————–
ကျိုက်ထီးရိုးစေတီတော်အား သွားရောက်ဖူးမျှော်ရန် အလို့ငှာ…ရန်ကုန်မှသည် ရိုးရိုးလေး ယာဉ်လိုင်းဖြင့် လိုက်ပါလာခဲ့ရာ ည ကိုးနာရီမှာထွက်ခွါပါသော ကားပေါ် လူသွားလမ်းအလည်ခြားပါသော ကိုယ့်ဘေးညာဘက်အခြမ်း ခုံတွင်ထိုင်လျှက်လိုက်ပါ သံဃာနှစ်ပါး၏ မုန့်မျိုးစုံ တဂျွတ်ဂျွတ်စားကာ စကားမျိုးစုံအား တစ်ညလုံးလိုလို ဖောင်ဖွဲ့လာခြင်းကို ကိုယ်လိုလူက သတိအကပ်ကပ် ဖြစ်ပျက်အမှတ်မှတ်နှင့် အံ့ဩကြီးစွာ ကြုံတွေ့ခဲ့ရပြီးနောက်……
—————————–
ကင်ပွန်းစခန်းကို ရောက်တော့ ည သန်းခေါင်ကျော်ရုံလေး (၁၂ း ၃ဝ ) ။
မနက်မိုးလင်းမှပဲ တောင်ပေါ်ကို ကားနဲ့ တက်တော့မယ်ဆိုပြီး ရိုးရိုးလေး ယာဉ်လိုင်းက စီစဉ်ထားတဲ့ တည်းခိုခန်းလေးမှာ တရေးတမောအိပ်လိုက်တာပေါ့။ တရေးအိပ်ပြီး မနက် ၆ နာရီမှာ ထ ၊ ရေမိုးချိုးပြီး အစာပြေစားဖို့ လက်ဖက်ရည်ဆိုင်ကို ထွက်ခဲ့တယ်။
သာမန် လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရဲ့ အင်မတန်ညံ့ဖျင်းပြီး အရသာ မရှိလှစွာသော ထမင်းကြော်ကို တစ်ပွဲ ၁၀၀ဝ ကျပ် ပေးပြီး စားလိုက်ရတော့ ရန်ကုန်က အရသာ သင့်တင့်လှစွာသော တစ်ပွဲ ငါးရာကျပ်တန် ထမင်းကြော်ကို သတိရခြင်းကြီးစွာ ဖြစ်မိလေတော့သည် တမုံ့… ပေါ့ဗျာ..
မတ်လ ၂ ရက်နေ့ ၊ မနက်မှာ တောင်တက်ကားကို စီးမယ့်သူတွေ တပုံကြီးနဲ့ တောင်ခြေမှာစည်ကားနေလေရဲ့ ။
တောင်ပေါ်က ပြန်ဆင်းလာတဲ့ ဘုရားဖူးတွေလည်း အုတ်အုတ်ကြွက်ကြွက် တွေ့ရပြန်တယ်။ တောင်ပေါ်ကို အရင်တစ်ခေါက်ကဖြင့် ခြေလျင်တက်ခဲ့တာဆိုတော့ ဒီတစ်ခါဟာဖြင့် ကားနဲ့ တက်ခြင်း ပထမဆုံးအကြိမ် ။ဆိုတော့ နည်းနည်း စိတ်လှုပ်ရှားမိတယ် ။ ကားနဲ့ တက်ရတဲ့အခါ အသက်အန္တရာယ် စိတ်ချလက်ချ ရှိပါရဲ့လားပေါ့ ။
တောင်တက်ကား စထွက်ပြီး မကြာခင်မှာပဲ အလှူခံမဏ္ဍပ်တစ်ခုရှေ့မှာ ကားကို ထိုးရပ်လိုက်တယ်။
စက်ပါ သတ်လိုက်လေတော့ ဒီမှာ ခပ်ကြာကြာ ရပ်ဦးမယ်လို့ ယူဆနိုင်တယ်။
ကား ရပ်ပြီဆိုတာနဲ့ ကားနံဘေးကို သံလှေကားကြီးတစ်ခု ရွှေ့ယူလာသူကယူ… သံလှေကားပေါ် ငွေရောင်ဖလားကြီးနဲ့ တက်လာသူက တက်… ။ ထင်တဲ့အတိုင်းပဲ အလှူခံ…. ။
မလှူမချင်း ကားကို စက်ပြန်မနှိုးဘူးထင်ရလောက်အောင်ပါပဲ။ လှူဖို့ တကြော်ကြော်အော်.. ဖလားကြီး လူတွေရှေ့ထိုးပေး…
အင်း..ကိုယ်တွေ ပိုက်ဆံအိတ်ထဲက …လာမနှိုက်ရုံတမယ်သာကျန်ရဲ့လို့တောင် တွေးမိတယ်။
ကျနော်က စဉ်းစားလာပြီးသား.. ။ ဘုရားကိုလည်း ရွှေမချဘူး ။
တခြားကိုလည်း မလှူဘူး ။
တောင်ပေါ်ရောက်ရင် ရေနဲ့ မီးအတွက် လှူမယ် ။
တောင်ပေါ်က ပြန်ဆင်းရင် ချေလျင်ဆင်းပြီး လမ်းမှာ တွေ့တဲ့ မရှိဆင်းရဲသား ကလေးသူငယ်တွေနဲ့ အဖိုးအဖွားတွေကို ပေးကမ်းမယ်.. ။ ဒါပဲ ။
မလှူရင် ကျားပဲ ထွက်ကိုက်တော့မလိုလို ငရဲပဲ ဗြုန်းခနဲ ကျသွားမလိုလို ပြောပြီး အလှူခံတာတွေကိုတော့ ဆောရီးပဲ။ အဲဒီလို တွေးပြီး ကားပေါ်ကနေ ဘေးဘီကို ကြည့်မိတော့ သတိပေးချက်တစ်ခု စာရေးကပ်ထားတာ ဖတ်မိတယ်။ ဖတ်ပြီး ဇဝေဇဝါဆိုတာကြီး ဖြစ်သွားတယ်။
ဆိုင်းဘုတ်မှာ ရေးထားတဲ့ သတိပေးချက်စာသားက ”ကျိုက်ထီးရိုး စေတီတော်ရဲ့ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့အမည်ကို အသုံးပြု၍ အလှူခံခြင်း မပြုရ”တဲ့ ။ ဒါဆို အခုလို အလှူခံတာက ဂေါပကအဖွဲ့က အမည်မခံဘူးဆိုတော့ ဘယ်သူက အမည်ခံမှာလဲ ။
ဘုရားဖူးဖို့ အနယ်နယ်အရပ်ရပ်ကလာတဲ့ ဘုရားဖူးတွေကို ချောင်ပိတ်ပြီး
အတင်းအဓမ္မအလှူခံတဲ့ ၊ စေတီတော်ကိုအမှီပြုပြီး လာအလှူခံနေတဲ့သူတွေကို ဂေါပကက အမည်မခံနိုင်ပဲ ဘာလို့ လက်သင့်ခံထားသတုန်း ။ နားမလည်ဘူး ။ နားမလည်နိုင်တာရော အံ့ဩတာရော ။ စိတ်ရှုပ်သွားတယ်။ မနက်စောစောမို့ စိတ်ကြည်လင်မှုလေး နောက်ကျိသွားတယ်ပေါ့ ။
ရင်ပြင်တော်ပေါ်ရောက်တော့လည်း လမ်းတလျှောက်မှာ အလှူခံတွေ ရိုက်သတ်မယ်ဆိုရင်တောင် မကုန်ဘူး ။ အလှူခံကြတာကလည်း မြင်မကောင်းလောက်အောင် သရုပ်ပျက်လွန်းတယ်။
ရင်ပြင်တော်ပေါ်ရောက်ခါနီးက အလှူခံမဏ္ဍပ်တစ်ခုဆိုရင် ယောကျာ်းရင့်မကြီး လေးငါးယောက်လောက်က တန်းစီပြီး လမ်းအလယ်မှာ ဖြတ်သွားသမျှလူတွေကို ဆွဲခေါ်နေတာ ။
လက်တစ်ဖက်က လူတွေကို ဆွဲခေါ်…နောက်လက်တစ်ဖက်က အလှူခံငွေဖလားကို ထိုးပြပြီး ပါးစပ်ကလည်း လှူသွားပါဦး လှူသွားပါဦးနဲ့ မရပ်မနားပြောနေတာ… ။
အလှူခံမဏ္ဍပ်က ပုဂိ္ဂုလ်တွေကပဲ ဘီလူး သရဲတွေများ စီးနေကြသလား ၊
ဒါမှမဟုတ် ကိုယ်ကပဲ ကျိုက်ထီးရိုးဘုရားနဲ့ ဓါးပြရပ်ကွက်
မှားပြီး ဖြတ်လျှောက်မိသလား ။ သေချာတာတော့ အလှူခံနေတဲ့ လူတွေကို ကြည့်ရတာ လောဘဇောတိုက်နေတဲ့ မျက်နှာကြီးတွေ ။
ဟိုတစ်ခေါက်လာတုန်းကလည်း အဲ့လိုကြုံရဖူးတယ်။ ညာတာပါတေးနဲ့ အတင်းဝင်ထိုင်ခိုင်းပြီး ထမသွားခင်မှာ အလှူငွေ တစ်ယောက်ကို (အဲ့ဒီတုန်းက) တစ်ထောင် ထည့်ကြဆိုပြီး ဖလားတွေ အတင်းလာထိုးပေးတာ ။ ကိုယ်စေတနာရှိသလောက်တောင်မဟုတ်ဘူးနော်။ မလှူပဲ ထထွက်သွားရင်ပဲ…ဒီနေရာက နတ်ကြီးတယ်တို့ ။ မပူဇော်ရင် အန္တရာယ် ကြုံရနိုင်တယ်တို့ … တောထဲက ကျားတွေပဲ အုတ်လိုက်ကြီး ထွက်ကိုက်တော့မလိုမျိုး ပြောပြီး အလှူခံကြတာ ။
သူတို့ပြောတဲ့ တောထဲက ကျားထွက်လာမှာတို့ ၊ အင်မတန် ကြီးတဲ့နတ်တို့ကို မကြောက်ပါဘူး ။ မလှူဘူးလို့ ရှောင်ထွက်လိုက်ရင်ပဲ ဂုတ်ချိုး သတ်တော့မလိုဖြစ်နေတဲ့ အလှူခံပုဂ္ဂိုလ်ကြီးတွေကသာ ဘီလူးသရဲဆန်နေလို့ ကြောက်တာ ။
လှူချင်ချင်ဖြစ်နေတဲ့သူဆိုရင်တောင် သဒ္ဒါပျက်ချင်စရာ ဖြစ်သွားမယ့်အချိုးတွေ ။ နည်းနည်းပါးပါးတော့ သိက္ခာလေးဘာလေး ထိန်းသင့်တယ်ထင်တာပဲ။
ကိုယ့်ဗမာပြည်သူားအချင်းချင်းက အထင်သေးရမှာ အားနာလို့ အထင်မသေးတော့ပါဘူးလေလို့ ဖြည့်တွေးနိုင်တယ်ပဲထားပါတော့ ။
ကျိုက်ထီးရိုးဘုရားပေါ် လာတဲ့သူတွေထဲမှာ နိုင်ငံရပ်ခြားက တိုင်းတပါးသား မျက်နှာဖြူ/မျက်နှာမည်း/မျက်နှာဖွေးတွေလည်း အများကြီး ။
သူတို့အမြင်မှာ အလှူခံတယ် အလှူပေးတယ်လို့မှ မြင်ပေးလို့ရပါ့မလား ။
အတင်းလိုက်ဆွဲပြီး ပိုက်ဆံတောင်းတယ် ။ ခြိမ်းချောက်ပြီး ပိုက်ဆံတောင်းတယ်။
မတတ်သာလို့ စိတ်ရှုပ်စွာနဲ့ ပေးကမ်းလိုက်ရတယ်။ ဒီလိုပဲ မြင်မှာပေါ့ ။
အဲဒီလိုမြင်သွားရင် ဘယ်လောက် မျက်နှာပူစရာကောင်းလိုက်သလဲ။
အလှူခံတွေအနေနနဲ့ ရသမျှ အလှူငွေတွေကို အကုန် စေတီတော်အတွက် ဘက်စုံအသုံးပြုရမယ်ပဲထား ။
စေတနာရှိသလောက် သဒ္ဒါသလောက် လှူကြမှာကို အေးအေးချမ်းချမ်းလက်ခံရုံပဲ မဟုတ်လား ။ တချို့က စေတနာရှိပေမယ့် လှူချင်ပေမယ့် ပိုက်ဆံ အပိုအလျှံမပါလို့ မလှူတော့ပါဘူးလေ…ဆိုတဲ့ မရှိဆင်းရဲသား ဘုရားဖူးတွေ… ရှိစုမဲ့စုလေးနဲ့ ခြစ်ခြုတ်ပြီး ဆံတော်ရှင် ကျိုက်ထီးရိုးကြီး ဖူးရခဲ ရောက်ရခဲလွန်းလို့ ကားအတန်တန်နဲ့ လာဖူးရတာပါဆိုတဲ့ ဘုရားဖူးတွေ… အတင်းဆွဲအခေါ်ခံရပြီး မလှူရင် လည်ပင်းညှစ်သတ်တော့မလို ဆက်ဆံခံရတဲ့အခါ… ဘယ်လောက် စိတ်ညစ်လိုက်ရမလဲ။
ဒီလောက် သရဲဘီလူးစီးပြီး အလှူခံနေပုံအရတော့ … ကျနော်ထင်တယ် … ။
အဲဒီအလှူခံပုဂ္ဂိုလ်တွေဟာ စေတီတော်အကျိုးထက်
ကိုယ်ကျိုးအတွက် ဖိလုပ်နေကြတာနေမှာ ။ တစ်နေ့တာ အလှူငွေ ဘယ်လောက် ကောက်ခံနိုင်ရင် အလှူခံပေးတဲ့ လှူအောင်နှိုးဆော်ပေးတဲ့သူတို့အတွက် ဘယ်လောက် ရာခိုင်နှုန်းရမယ်ဆိုပြီး… တွက်ချေကိုက်အောင် လောဘဇောတိုက်နေကြတာနေမှာ… ။
လူတိုင်း လောဘဇောတိုက်ခွင့်ရှိပါတယ်။
ဒါပေမယ့် ဘာသာရေးကိုအကြောင်းပြပြီး ဘုရားဖူးလာသူတွေကို စိတ်အနှောက်အယှက် ပြုမိလောက်အောင်တော့ လောဘဇော မတိုက်သင့်ဘူးလို့ ကျနော်ယူဆတယ်။
ဘာသာရေးမြေပေါ်မှာ လောဘတစ္ဆေတွေ တရုန်းရုန်းကုန်းထနေတာကို တိုင်းတပါးသားတွေကိုလည်း မြင်အောင်မပြသင့်ဘူးလို့ ယူဆတယ်။ သိက္ခာရှိကြဖို့ … အရှက်ရှိကြဖို့နဲ့ တည်ကြည်ကြဖို့ လိုနေပြီလို့ထင်တယ်။
ကျနော်ကတော့ (ရှင်းရှင်းပဲပြောပါ့မယ်) ကျိုက်ထီးရိုးတောင်ပေါ် တက်လာတာဟာ စေတီတော်ပေါ်က ရွှေရောင်ကျောက်တုံးကြီးကို ထိုင်ကန်တော့ချင်လွန်းလို့ တက်ခဲ့တာမဟုတ်ဘူး ။
တောင်ထိပ်အစွန်းက ကျောက်တုံးကြီးကို ရွှေရောင်သုတ်ထားရုံလောက်နဲ့ ခဲရာခဲဆစ်ငွေကုန်ကြေးကြများစွာနဲ့ တက်ကန်တော့မှာမဟုတ်ဘူး ။ကန်တော့ချင်လွန်းရင် အိမ်မှာ ဂေါတမဘုရားပုံတော် ရှိတယ်။ ကိုယ့်ကို စိုက်ကြည့်နေသလိုကို ထင်ရတဲ့ ပုံတော်ပဲ။ ကိုယ်နေ့စဉ်မြင်နေရတဲ့ ကိုယ့်အိမ်ကဘုရားမို့ ကိုယ်နဲ့လည်း ပိုရင်းနှီးနေသလိုကိုဖြစ်လို့ ။
အိမ်က ရုပ်ပုံတော်က တောင်ထိပ်က ကျောက်တုံးဝါဝါကြီးထက် ကန်တော့ချင်စရာ ပိုကောင်းတယ်ဆိုပါတော့။ ဘုရားချင်း အတူတူဆိုရင်တော့ ငွေကုန်ကြေးကျခံ ၊ အချိန်ကုန် လူပင်ပန်းခံပြီး သွားမကန်တော့ဘူး ။
ကန်တော့ချင်လွန်းလို့ တက်လာတာ မဟုတ်ရင်ဘာလို့တုန်း ။
ရှင်းတယ်။
ခရီးသွားရတာကို ကြိုက်လို့။
ခရီးထဲမှာမှ တောင်ပေါ်တွေ တက်ရတာကြိုက်လို့။
.တောင်ပေါ်တွေထဲမှာမှ လူသူစည်ကားပြီး ရှုမျှော်ခင်းတွေလည်း ကောင်းမွန်တဲ့တောင်ပေါ်မို့လို့… နေရာဒေသရဲ့ ဆွဲဆောင်မှုကြောင့်သာ ကျိုက်ထီးရိုးတောင်ပေါ် ရောက်လာတာ ။
နောက်ပြီး ကျောက်တုံးကြီးက တောင်ကမ်းပါးစွန်းမှာ ပြုတ်မကျပဲ တည်ရှိနေမှုကို ထိုင်ကြည့်မိတဲ့အခါမှာလည်း တန်ခိုးကြီးလိုက်တာဆိုတဲ့ စိတ်နဲ့ မကြည့်ဖြစ်ဘူး ။
ဘုရားရှင် ကိုယ်တော်မြတ်ကြီးကိုယ်တိုင်ဆိုရင်လည်း
အဲဒီလိုမျိုး လူတွေကို တန်ခိုးထိုင်ပြနေမှာ မဟုတ်ဘူး ။
ဘုရားရှင်ကိုယ်တိုင်ဆိုရင်လည်း ”ငါဘုရားရဲ့ တန်ခိုးတွေကို ထိုင်ကြည့်နေလို့ ဘာမှ အကျိုးမရှိဘူး ချစ်သားတို့…” လို ့ ပြောမှာပဲ။
ကိုယ်နဲ့ မဆိုင်တဲ့ တန်ခိုးတွေကို မင်သက်ရှုမောလည်း
ထိုင်ကြည့်မနေချင်ဘူး ။
.တောင်တန်းကြီးတွေရဲ့အပေါ် ကမ်းပါးစွန်းမှာ ပြုတ်မကျပဲ ရှိနေတာကို အံ့ဩစရာ သဘာဝတရားတစ်ခုအဖြစ် / သဘာဝတရားရဲ့ လှပဆန်းကြယ်မှုတစ်ခုအဖြစ်သာ ကြည့်ကောင်းကောင်းနဲ့ ထိုင်ကြည့်တာ ။
အဲ့ဒီ ဆန်းကြယ်တဲ့ သဘာဝတရား အနေအထားကြီးကို ဘယ်သူဖန်တီးထားသလဲတွေ ဘယ်သူ့တန်ခိုးတော်ကြောင့်တွေ… ဘာတွေညာတွေ…
ကျနော် စိတ်မဝင်စားဘူး ။ကြည့်ကောင်းလို့ ကြည့်တယ် ။ ဒါပဲ ။
ရင်ပြင်တော်ပေါ်ကနေ အောက်ဘက်ကို လှမ်းကြည့်ရတာ အရသာ ရှိတယ်။ ဟိုဘက်က တောင်တန်းကြီးတွေကို လှမ်းမြင်ရတာ သာယာတယ်။ လေကောင်းလေသန့်လည်းရတယ်။
သစ်တော စိမ်းစိမ်းတွေကိုမြင်ရလို့ ကိုယ်ဟာ လူသားဖြစ်ခြင်းကို ဂုဏ်ယူတယ်။
တကယ်လို့ အဲဒီ ရင်ပြင်တော်ပေါ်မှာ အဲဒီအချိန် တုန်းခနဲ လဲ သေသွားရင်တောင် သေပျော်တယ်။ ဘာလို့ သေပျော်လဲ သိလား ။
ကျိုက်ထီးရိုးဘုရားကြီး ဖူးမျှော်ခွင့်ရလိုက်လို့ သေပျော်တာလို့တော့ မထင်လိုက်နဲ့ဗျို့။ အဲ့ဒီလောက် လှပတဲ့ သာယာတဲ့ တောင်ထိပ်တစ်နေရာမှာ ရှုမျှော်ခင်းလှလှပပကြီးကို နောက်ဆုံး ကြည့်ခွင့်ရသွားလို့ကို သေပျော်မှာ ။
.သေရမယ်ဆိုရင်တောင် တိမ်တွေကြားမှာ…ကဲ… ဘယ်လောက် စိတ်ကူးယဉ်ဆန်လိုက်သလဲ … ။
——————————————————————-
တောင်ပေါ်ကပြန်ဆင်းတော့ ကားနဲ့ မဆင်းတော့ပဲ ၂၀၁၁ တုန်းကလိုပဲ လမ်းလျှောက် ဆင်းခဲ့တယ်။
သုံးနှစ်လောက်အတွင်း ပြောင်းလဲသွားလိုက်တာ။
လမ်းက ထူးပြီး ကောင်းမလာပေမယ့် ”လမ်းပြင်ထားပါတယ် အလှူငွေလေး ထည့်ခဲ့ပါ” ဆိုတဲ့ တောင်းသူတွေ ပိုများလာတယ်။
အခုတစ်ခေါက် ထူးခြားတာ နှစ်ခုရှိတယ်။
တစ်ခုက လမ်းတလျှောက်မှာ အရင်က ထိုင်တောင်းကြတဲ့နေရာတွေမှာ လူတွေကိုယ်တိုင် ထိုင်မတောင်းတော့ပဲ အလှူခံ ဆိုပြီး ပုံးလေးတွေ ချထားတာ။ ပုံးပေါ်မှာ စာရေးထားတာက လမ်းပြင်လုပ်သား အလှူခံ တဲ့ ။
ကောင်းပါတယ်။ တကယ် ပြင်ထားမှန်းသိသာလောက်အောင် သန့်ရှင်းကောင်းမွန်နေတဲ့ လမ်းနေရာတွေမှာရှိတဲ့ အလှူခံပုံးတွေထဲတော့ ပါလာတဲ့ အကြွေစလေးတွေ ထည့်ခဲ့သင့်ပါတယ်။ (နောက်ပြီး ရသေ့လိုလို ဘာလိုလို အဝတ်အစားတွေ ဝတ်ဆင်ပြီး ဘရသေ့ဆိုတဲ့အလှူခံတွေရှိသေးတယ်။ အဲဒါတွေအကြောင်းတော့ မပြောတော့ဘူး )
ထူးခြားတာ နောက်တစ်ခုကတော့ … ပြီးခဲ့တဲ့ သုံးနှစ်က… လာတုန်းကမှ …လမ်းတလျှောက်မှာ သောက်ရေအိုးစင်လေးတွေ ရှိတယ်။ အဲဒီသောက်ရေအိုးစင်လေးတွေမှာ ရေအေးအေးလေးသောက် ဝါးကွပ်ပျစ်လေးပေါ် ခြေပစ်လက်ပစ်ထိုင် အမောဖြေရတာ ။
အခုတော့ သောက်ရေအိုးစင်လေးတွေ မရှိတော့ဘူး ။ ဝါးကွပ်ပျစ်လေးတွေ လုပ်ပေးထားတဲ့ လူနေအိမ်(ဈေးဆိုင်)လေးတွေတိုင်းလိုလိုမှာ အရင်လို ရေအိုးစင်တွေ ချပေးမထားတော့ဘူး ။
ရေအိုစင်တွေအစား ရေသန့်ဘူးတွေရောင်းနေကြပြီ။ တစ်ဗူးကို ငွေကျပ် ၂၅ဝ တန်တဲ့ ရေသန့်ဗူးဟာ ၅၀ဝ ဖြစ်လို့ ။ ဝယ်သောက်မှ ရတော့မယ့် အနေအထားကို ဖြစ်လို့ …. အဟက် ။
ရေသန့်ဗူးတွေနဲ့အတူ စီစီရီရီပြထားတာက ဘီယာဗူးတွေ… ။ (ရေသန့်ဗူးခွံလွတ်ထဲ ထည့်ထားတဲ့) ထန်းရည်ဆိုတာတွေ၊ ပြည်တွင်းထုတ် ဝီစကီပုလင်းတွေ ၊ နောက်ပြီး … ကျိုက်ထီးရိုးသေနတ်တို့ ဝါးပစ္စည်းပစ္စယတို့နဲ့အတူ ဘီယာတွေ ဝီစကီတွေနဲ့ မြည်းဖို့ ဆတ်သား၊ဂျီသားဆိုတဲ့ အသားကြော်တွေ ၊
(ဂျီသားဆိုလို အသားကြော်တုတ်ထိုးလေးတွေ ငါးရာဖိုး ဝယ်စားကြည့်တယ်။ ကောင်းရင် များများဝယ်သွားချင်တာ ။
ဒါပေမယ် ့မြည်းကြည့်လိုက်တာနဲ့ပဲ…အမဲသားတွေများ ရန်ကုန်မှာ ဝယ်လည်း ရတာပဲလို့ ဆုံးဖြတ်လိုက်ရတယ်။ )
လမ်းတလျှောက်မှာ အလကားသောက်လို့ရတဲ့ စေတနာရေချမ်းစင်လေးတွေအစား
.ဈေးမတန်တဆ တင်ထားတဲ့ရေသန့်ဗူးတွေပဲ တွေ့ခဲ့ရတော့… အော်…ရေရှားပါးမှုပြဿနာတော့… ဒီပေါ်ထိ သက်ရောက်နေပြီလို့ တွေးမိတာပေါ့နော ။
ဒါပေမယ့် ဒီမှာ…. ကျနော် ထပ်ပြောပြမယ်… ။
အဲဒီ ဈေးဆိုင်လေးတွေထဲမှာ ထမင်းနဲ့ အစားအသောက်ရောင်းတဲ့ ဆိုင်တွေရှိတယ်။ ရေးထားတာက ”ဆိုင်က အစားအသောက် စားသုံးတဲ့ ဘုရားဖူးများ အနားယူရင်းနဲ့ ရေ အခမဲ့ချိုးနိုင်ကြောင်း” ရေးထားတယ်။
ကိုင်း။။။။။ .. ဒါဖြင့် … ရေ မရှားပါဘူး ။ ရေတောင် အခမဲ့ ချိုးလို့ရမှတော့ သောက်ရေ ဘယ်ရှားမလဲနော့ ။
ချိုးဖို့ဆိုပြီး လုပ်ပေးထားတဲ့ ရေကန်ကြီးတွေဆီ လှမ်းကြည့်တော့လည်း ရေက ကြည်လို့ သန့်လိုပါ့ပဲ။ သောက်သုံးရန်မသင့်တဲ့ ရေအဆင့်နိမ့်လည်း မဟုတ်လောက်ပါဘူး ။
ဆိုတော့ ရေအိုးစင် ထားပေးရင် ရေသန့်ဗူးတွေကို ဈေးတင်ရောင်းလို့ အမြတ်ကြီးစားလို့ မရတော့မှာကြောက်ပြီး စေတနာရေချမ်းစင်တွေကို မျိုးတုန်းပစ်လိုက်ကြတာကိုး….လို့…. ရင်ထဲ လေးပင်စွာ တွေးထင်လိုက်ရကြောင်းပါ။
(အောင်မာ(၁) … စေတနာ ရေချမ်းစင် မတွေ့ဘူးမတွေ့ဘူးနဲ့…ပြောသာပြောရ… နှစ်ခုတွေ့တယ်ဗျ။ ဒါမယ့် တစ်ခုက..ရေအိုးရှေ့မှာ စာတန်းတစ်ခု ရေးထားတယ်။ ရေတစ်ခါသောက် ၅ဝ ကျပ် တဲ့။ နောက်တစ်နေရာမှာကျတော့ ဘာစာမှ ရေးမထားဘူး ။ ရေအိုးဘေးမှာအလှူခံ သံပုံးတစ်ခု ပူးထားတယ်။ သဘောကတော့ အလှူငွေ ထည့်ပြီးမှ သောက်ရမယ်ပေါ့ ။ အိမ်ထဲက ထိုင်ကြည့်နေတဲ့ ဆိုင်ရှင် ရုပ်ကလည်း အလှူငွေမထည့်ပဲများ သောက်မိရင် နီးရာက တစ်ခုခုနဲ့ ကောက်ပေါက်ပြီး မသေမချင်းလိုက်သတ်မယ့် ရုပ်မျိုး.. ။ ဆိုတော့… သောက်ရမှာတောင် လိပ်ပြာမလုံ )
(အောင်မာ(၂) … စေတနာ ရေချမ်းစင်သာ ရှာလို့ မတွေ့တာ ။ အရက်တွေ ဘီယာတွေ ရောင်းတဲ့ တောင်တက်လမ်း ဆိုင်တွေထဲက တစ်ဆိုင်ထဲ ဝါးကွပ်ပျစ်ပေါ်မှာ … အရက်မူးပြီး ကွဲပြဲရီဝေနေတဲ့ ဗမာအမျိုးသမီးကောင်းလေးတစ်ယောက်နဲ့ သူ့ဘဲဘဲ ကောင်လေးတစ်ယောက်ကိုလည်း ချစ်ရည်တရွှမ်းရွှမ်း မြင်တွေ့ခဲ့ရတယ်ဗျို့… ။ )
အိုဘယ့်….. နတ်ကြီးလှစွာသော သာသနာ့မြေ…..
:buu:
:buu:
:buu:
:buu:
:buu:
:buu:
—————————————————————————————————–
ချစ်ခင်လေးစားလျက်
Maung Thura @ Alinsett
06 . 03 .2015 / 11 : 20 PM
44 comments
တောင်ပေါ်သား
March 7, 2015 at 12:10 pm
မရောက်တာ ကြာပေါ့
ဒီလောက်ဖြစ်ကုန်ပြီလား
ဧပြီပိတ်ရက် ကချင်မြေပြန်တာပဲ ကောင်းပါတယ်လေ
Alinsett@Maung Thura
March 7, 2015 at 1:00 pm
ကချင်မြေတော့ စိတ်ဝင်စားနေတယ်
လိုက်ခဲ့ရမားးးး
:k:
တောင်ပေါ်သား
March 7, 2015 at 1:52 pm
It’s OK if you can 🙂
naywoon ni
March 7, 2015 at 12:13 pm
တော်ဘီ နီပြောတာနဲ့ ကျိုက်ထီးရိုး မသွားတော့ဘူး ။ တောင်တက်ချင်ရင် မလှမ်းမကမ်းမှာရှိတဲ့ ကုလားမတောင်ပဲ တက်တော့မယ် ။ ”
“လူတွေ စီးပွားရေး ကျပ်တည်းလေလေ အလှူခံတွေ ပိုများလာလေ ” တဲ့ မွေးသမိခင် ပြောတဲ့ စကား ဘယ်လောက် မှန်သလဲတော့မသိ ။
Alinsett@Maung Thura
March 7, 2015 at 12:58 pm
ဘုရား ဗန်းပြပြီး များတဲ့ အလှူခံတော့ မမြင်ချင်ပေါင်ဗျာ
:buu:
ခင်ဇော်
March 7, 2015 at 12:26 pm
ဟယ်။
ဦးဖိုးကျား ရေးကတည်းက အလှူခံတွေ မို့လား
အဲဒီ ထက်များလာတယ်ဆို တိုးတက်တယ်လို့ ခေါ်နိုင်တာပေါ့နော်။
:a:
Alinsett@Maung Thura
March 7, 2015 at 12:56 pm
ငမ့်
တိုးတက်လိုက်တာမှ
မနည်း ရှောင်ပြီး တိုး တက်ရတယ်
:buu:
တိမ်မည်း
March 7, 2015 at 1:38 pm
ကိုအလင်းဆက်တို့ ခရီသွားတာ မှတ်သားစရာများပါ့။ ကျွန်တော်လည်း ကျိုက်ထီးရိုး သွားမလားလို့ ဒီလထဲမှာ။ ကျွန်တော် နောက်ဆုံးသွားခဲ့တာက ၂၀၀၃။ ကြာခဲ့ပါပီ။
Alinsett@Maung Thura
March 7, 2015 at 1:42 pm
ဒါတောင် ထမင်းဆိုင်တွေ ရိုက်စားလုပ်ပုံ ထည့်မရေးသေးဘူး။ အာဟိ
သွားရင်တော့ သတိလေးသာ ထားသွားပေတော့
စိတ်ကိုလည်း ဟာသစိတ် ထားနိုင်မှ စိတ်မညစ်မှာာာ
:buu:
Ma Ei
March 7, 2015 at 1:42 pm
အလှူ ခံတွေနဲ့ မတူ.. ဓမြတွေနဲ့ တူတာအမှန်ပါဘဲ
ကျီးပါးစပ်တို့ မုဆိုးတောင်တို့မှာလဲ ဒီတိုင်းဘဲ
ဘုရားဖူးခရီးမှာ စိတ်အနှောက်ယှက်ဖြစ်ရတယ်..
Alinsett@Maung Thura
March 7, 2015 at 1:46 pm
ကျီးပါးစပ်ဆိုရင်
ဂူပေါက်လေးထဲ ဝင်ကြည့်မိတာနဲ့ ချောင်ပိတ်ပြီး ဓါးပြတိုက်တာနော်
မုဆိုးတောင်မှာလည်း ဘာထူးလဲ
အံမယ် အဲ့နေ့က မုဆိုးတောင်မှာ မူးနေတဲ့ အလှူခံတယောက်တောင် တွေ့ခဲ့သေး
ဘုရားဖူးင်္တွေကို အာလေးလျှာလေးနဲ့ အလှူထိုင်ခံနေတာ
:buu:
ဦးကြောင်ကြီး
March 7, 2015 at 2:28 pm
ငါရောက်တုံးကတော့ အဲလောက် မဆိုးပါဘူး။ ကျီးကန်းပါးစပ်တို့ ဘာဂူညာဂူတို့တော့ မရောက်ခဲ့ဘူး။ ကားရပ်ပီး နှစ်နေရာ အလှူ ခံတယ်။။ လှူ သူရှိသလောက် ရှိတယ်.. အများစုက မလှူ ဘူး.. ငါလည်း မလှူ ခဲ့ပူး.. ဒါပေမဲ့ ဆိတ်ထဲ ဘီလိုမှ မီနေဘောင်…။ နိဟာက ကျောင်းသား အပျစ်ပုံဂျီးချဲ့တဲ့ ရွာဆိတ်စွမ်းအားရှင်လို ဖြစ်နေမှာဆိုးယို့.. စေတဏှာနဲ့ပေါဒါမှက်..။
Alinsett@Maung Thura
March 7, 2015 at 2:50 pm
ဦးကြောင်…
လှူပါဦး..လှူပါဦးလို့… လက်လာဆွဲ အခေါ်မခံရခဲ့ဘူး မဟုတ်လား…
မလှူရင် ဒီတော ဒီတောင်ရဲ့ အစောင့်အရှောက်တွေက စောင့်ရှောက်မှာမဟုတ်ဘူး…တို့…
နတ်က ကြီးပါဘိသနဲ့…တို့… အပြောမခံခဲ့ရဘူးမဟုတ်လား.. ။
ဒီပိုစ့်က ပုံသေးချံ ု့ထားတာပဲ ရှိသေးတယ်..
ချဲ့ရေးရင် …အိုဇုန်းလွှာအပေါက်ကြီးလောက် ကျယ်သွားမှာစိုးလို့…
:buu:
Ma Ma
March 7, 2015 at 4:19 pm
ကြုံဖူးတယ် မောင်သူရရေ။
လမ်းခုလတ်မှာ ကားခဏနားပြီး အလှူခံတဲ့နေရာမှာ အကြာကြီး အလှူခံတာ။
အလှူခံဖလားကြီးကို မျက်နှာနားကပ်ပြီး တဂေါက်ဂေါက် ခေါက်ပေမယ့် ကားပေါ်ကလူတွေက ညှိထားသလို တစ်ယောက်မှ တပြားတချပ်မှ မထည့်ကြဘူး။
နောက်ဆုံးမှာ …..
“အံဩပါ့၊ ဒီလိုကားမျိုးတခါမှ မတွေ့ဖူးဘူးလို”့ ဆောင့်ကြီးအောင့်ကြီးပြောပြီး လက်လျှော့ပြီး ပြန်ဆင်းသွားတယ်။
aye.kk
March 7, 2015 at 4:27 pm
ပုထုသဘောလူ့မနောက
မဟုတ်လည်းပြော၊ဟုတ်လည်းပြော၏၊
ကြားရင်ကြားတယ်မှတ်တာ၊အကေါင်းဆုံးပါ…။
Kaung Kin Pyar
March 7, 2015 at 4:37 pm
ဟိုတစ်လောကတော့ ကျိုက်ထီးရိုးအရမ်းသွားချင်နေတာ။ တောလမ်းဘက်က တက်မယ်ပေါ့။ ဒါပေမယ့် မသွားဖြစ်ခဲ့။ ဖားအံသွားလိုက် ကျိုက်ထီးရိုးသွားလိုက်နဲ့ နိကို မနာလိုဖူးးးး
နီပြောသလိုဆို အလှူခံတွေက တော်တော်ကို ဆိုးနေပြီပဲ။ ဒီလောက်ထိဖြစ်နေမယ်လို့တောင် မထင်။ ပုပ္ပါးက ငှက်ပျောသီးတောင်းတဲ့ မျောက်တွေကို သွားသတိရတယ် (ဆိုင်လားငင်?)
ကြာရင် ကျိုက်ထီးရိုး အမ်းမေ့ဂျ်တော့ ထိခိုက်တော့မယ်။
🙁
မွသဲ ( 17082011 )
March 7, 2015 at 5:03 pm
ဟမလေး ကျိုက်ထီးရိုးကိုဒါတွေကြောင့်သွားဖို့ကိုစိတ်မကူးဒေါ့ဒါ။ လူဆတွများကြောက်စရာလန့်စရာ ဂေါပက ကအစလောဘဇောတိုက်နေတော့ ဘယ့်နှယ့်လုပ်မဒုန်း
aye.kk
March 7, 2015 at 5:39 pm
မဟုတ်တာလုပ်ရင်၊လုပ်တဲ့သူကခံရမှာပါ မွသဲရေ
ဒို့ရွာထဲမှာဂေါပကကြီးရဲ ့မိသားစုဝင်ရှိနေတော့ ရှေ့ပြောနောက်ကြည့်နော်၊
အန်တီကစေတနာအရ ပြောပြတာပါ ဖော်ကေါင်ဘညွှန့်တော့ မဟုတ်အားလဲမကျပါ၊ဒို့ဂေဇက်က လူစုံတယ်လေ။။
Alinsett@Maung Thura
March 7, 2015 at 6:50 pm
ကျနော်ကတော့ လူစုံတုန်း… ခံစားရတာလေးကို ပြောကြည့်တာပါခီညာ…
:k:
ဦးကျောက်ခဲ
March 9, 2015 at 9:10 am
ဂေါပကလည်း ဘာမှမတတ်နိုင်ပါဘူးတဲ့…
ဘိုးစဉ်ဘောင်ဆက် အလှူခံစားလာကြတဲ့အပြင်…
အဲသည့်မှာ ငြိမ်းအဖွဲ့တွေပဲ လုပ်စား ကြီးစိုးနေတာမို့…
သူတို့ချင်းအဝေမတည့်လို့ ထမသတ်အောင် ညှိပဲပေးနေရပါသတဲ့…
:k:
Alinsett@Maung Thura
March 7, 2015 at 5:28 pm
* အန်တီမမ
အဲ့လို ကားပေါ်မှာ ညှိထားသလို ညီရင် ကောင်းမယ်
ကား ခဏရပ်မယ်
လှူဖို့တန်းဖို့ နှိုးဆော်တာကို ကြားရင် လှူချင်သူက လှူမယ်
ဇွတ်အတင်း ဓါးပြတိုက်သလို မဖြစ်စေရအောင် သရုပ်မပျက်အောင်ဆို တော်ပြီပေါ့နော
.မျှော်လင့်တာပါ
အခုတော့ အဲ့လိုမဟုတ်
ကိုယ့်အိတ်ထဲ လာမနှိုက်တာပဲ ကျေးဇူးတင်နေရတဲ့အခြေအနေ
:buu:
———
* အန်တီအေး
.တရားသဘောနဲ့ နှလုံး သွင့်းနိုင်သူဆိုရင်တော့ ဒီလို ဇွတ်အလှူခံတွေရဲ့လုပ်ရပ်ဟာလည်း
ဘာမှ ပြောစရာ မရှိဘူးပေါ့
အခုတော့ ကျနော်ကလည်း မြင်ရင် မြင်တယ်မှတ်
မှတ်မိတာကိုပြန်ပြောာ
ကြား ကြားတယ်မှတ်
မှတ်မိတာကို ပြန်ပြောပြ
အဲ့လို. . .
:k:
—————
* ကင်းကြောင်ပြာ အဲလေ ကောင်းကင်ပြာ
:k:
ကျိုက်ထီးရိုးခရီးစဉ်ကော ဘားအံခရီးစဉ်တွေပါ ကျုပ်က စပွန်ဆာ ရတာဗျ
ကျနော် သွားချင်နေမယ့် နေရာတွေကို သိပြီး ငွေကုန်ကြေးကျခံ
စီစဉ်ပေးတဲ့ ပြေလည်တဲ့ ကျနော့်မိတ်ဆွေတချို့ ကျေးဇူးပေါ့
အခုလာမယ့် သင်္ကြန်တွင်းတောင် ကရင်ပြည်နယ် သံလွင်မြစ်ကမ်းနံဘေးက
ဟိုတခါ နေဖူးတဲ့ ရွာလေးဆီ သွားဦးမလားတဲ့
သွား ချင်ချင် ဖြစ်နေပြီ။
ဟိုကလည်း စီစဉ်ချင်ချင် ဖြစ်နေပြီ။
ကရင်ပြည်နယ်သွားရတာပဲ အေးပါတယ်
ကျိုက်ထီးရိုးရဲ့ ပုံရိပ်က အဲ့လို ဇွတ်အလှူခံတွေကြောင့်
ထိခိုက်တော့မှာ အသေအချာပဲဗျ
:buu:
————-
* မွတ်သဲ . . .အဲလေ မွသဲ ခေါ် တဲသီ
:k:
တီသဲသာ သွားလို့ အာ့မျိုးတွေနဲ့ တွေ့လို့ကတော့
FB ပေါ် ပုံတွေ တဖျတ်ဖျတ်ရောက်လာမှာ
😆
ကျနော်လည်း နောက်ထပ် မသွားချင်တော့သလိုလိုကြီးဖြစ်လာတယ်
ဘယ့်နှဲ့လုပ်ကြမတုန်းးး
:buu:
aye.kk
March 7, 2015 at 5:46 pm
အလင်းဆက်ရေ
ရှိပါ့၊ရှိပါ့ မဟုတ်တာမြင်တွေ့နေရင် ပြောပြရမှာပါ ။
အပြုသဘောပဲ အရေးကြီးပါတယ်။ ငါးခုံးမတကေါင် တလှေလုံးပုတ်ဆိုသလို ဖြစ်မှာစိုးတာပါ။
ပုထုဇဉ်ဆိုတာ လောဘမကင်းတော့လည်း မကင်းတဲ့အလျှောက် သူ့အပြစ်နဲ့သူခံရမှာပါ။
တစ်ကြောတစ်ကြောမီးထဲပြန်ပြန်ပါသွားတာ၊ကပ်ဘေးကျရောက်တာ ခဏခဏဖြစ်ပါတယ်။။
မြစပဲရိုး
March 7, 2015 at 8:31 pm
အဲလို အလှူခံ တွေကြောင့် တစ်ခါက သူကြီး ထိုးပြခဲ့တဲ့ စာရင်းကြီး မှာ တို့ မြန်မာများ တစ် နေတာပေါ့ ကွယ်။
သာဓုလိုက်ပါလေ။
ခရီးသွား ဆောင်းပါးလေး က အင်မတန်ဖတ်လို့ ကောင်းပါတယ်။
များများသွားပြီး များများရေးနိုင်ပါစေ။
ဟိုး တစ်ခါ ဘေးက ကောင်မလေး နဲ့ ဇာတ်လမ်း လဲ တန်းလန်းကြီး ကွဲ့။
အဆတ်သုံးပါဦး ဆက်ဆက် ရဲ့။ :))
Alinsett@Maung Thura
March 8, 2015 at 12:25 pm
ဟုတ်သား…အဲ့ဇာတ်ကို အဆက်သုံး အဆုံးသတ်ဖို့ ကျန်သေးတယ်…
၂၀၁၅ မကုန်ခင်…. (သို့မဟုတ်) ဒီတစ်ခေါက် ပွိုင့်တစ်သိန်း မပြည့်ခင်တော ့အဆုံးသတ်ခဲ့ပါမယ်လေ…
😆
ခရီးသွား ဝေဖန်ရေး ဆောင်းပါးလေး..ဖတ်လို့ ကောင်းတယ်ဆိုလို့.. ဝမ်းသာကျေနပ်မိ….
လာရောက် ဖတ်ရှုအားပေးတာကိုလည် းကျေးဇူးတင်မိ။
ဝင့်ပြုံးမြင့်
March 7, 2015 at 9:16 pm
.ပို့စ်က ဖတ်လို့ကောင်းလိုက်တာ။ ခရီးသွားဝေဖန်ရေးပေါ့။ ဘယ်လမ်းသွားသွား ဘာအလှူ ငွေမှ မထည့်နဲ့ သိလား။ အခုဆိုဈေးထဲမှာ အလှူ ခံတာ ကောင်းကောင်းမခံတော့ဘူး။ အော်ဟစ်ဆဲဆိုပြီး ပြောတာ။ ဟဲ့ ပိုက်ဆံလေး ၁၀ဝ လောက်ထည့်သွားစမ်းပါဆိုတာ ဘာညာ ဆိုပြီး ဆဲရော။ ဟိုနေ့ကဆို် အစ်မ ပိုက်ဆံအိတ်ဖွင့်တုန်း အိတ်ထဲကို အတင်းဝင်နှိုက်တာ။ ဈေးထဲမှာ ဖက်သတ်တော့မလိုတောင် ဖြစ်လိုက်သေးတယ်။ သူတို့ကို မကြောက်နဲ့။ ချသာချ။
—
.အဲဒီ အလှူ ခံနဲ့ ပတ်သက်ရင် သာမည ခေတ်တုန်းက အဆိုးဆုံးပေါ့။ ဆရာတော်ကို ဗဟိုပြု ပြီး လုပ်စားကြတာ။ တစ်နယ်လုံး မွဲလို့။ လူလည် တစု ကောင်းစားလို့။ မြန်မာတစ်ပြည်လုံးကို ညာနိုင်ခဲ့တာနော်။ ခုထိတောင် ဘာသံမှ မထွက်သေးဘူး။ အမိုက်မပဲ ပြောလိုက်ဦးမယ်။ ဆရာတော်ကြီး ဘုန်းတန်ခိုးကြီးလိုက်တာဆိုပြီး ခန္ဓာဝန်ချ ပြီးတော့ ဘာသံမှလည်း မကြားရတော့ဘူးနော်။
kai
March 8, 2015 at 3:39 am
အဲဒီချထားတဲ့…ခန္ဓာဝန်ကြီး.. ဘယ်သူ”မ”ပြေးသွားမှန်းတောင်မသိတာပဲ..။
ဖိုရ်ဝင်သားစားဖို့.. ပေါင်ဖြတ်ပြီးထုံကူး.. မီးဖုတ်စားခံလိုက်ရတယ်ထင်တာပဲ..။
အဲလိုကျ.. ကိုးကွယ်သူတွေဆီက.. ဘာသံမှတောင်မထွက်တော့..
အိုဘယ့်..သက်သတ်လွတ်ဓာတ်သွင်း.. အလှူခံတို့ရဲ့…ဝါဒ…။
=
. ထုံးစံအတိုင်းပြောရရင်…
ကမ္ဘာမှာ.. အင်မတန်ဆန်းကျယ်တဲ့.. သဘာဝတရားတွေအများကြီးပါ..။
အင်္ဂါဂြိုလ်တို့.. ပလူတိုတို့ဆို.. ပိုဆန်းသေး..။
ဆန်းဆန်းမြင်တိုင်း.. စေတီတည် စိတ်ဓာတ်တွေကို… ရပ်ပစ်သင့်..။ :k:
=
ဒါတွေမဖြစ်အောင်.. တားစီးချင်ရင်အလွယ်လေး..
ကိုယ်တိုင်လည်း.. မလှူ.. အခြားသူတွေလည်း “ငါ့လက်ကလွတ် ဗြွတ်”အလှူ..မလှူခိုင်းပါနဲ့..။
ဂျက်စပဲရိုး
March 8, 2015 at 10:40 am
ဆရာတော်ကြီးကသာ ခန္ဒာဝန်ချသွားတာဗျ။
သာမညတောင် ဆရာတော်ကြီး အိပ်မက် အရ ဒီမတ်ဆေ့ချ် ကို ရှဲ ပါ တွေ ဒီပို့စ်လေးကို ရှဲ ပါ တွေ က ခုထိ ဖုန်းထဲ ရောက်ရောက်လာတုန်းပဲ။
“ဟဲ့ သာမညဆရာတော်ကြီး ပျံလွန်တော် မူသွားတာ နှစ် တော်တော်ကြီး ကြာခဲ့ပြီလေ” ဆိုတော့မှ
“ဟုတ်လား သိဘူးလေ” တွေနဲ့ လာတိုးနေလို့ 😛
Alinsett@Maung Thura
March 8, 2015 at 12:31 pm
အစ်မပြုံးရေ…
သမိုင်းဘူတာ နားက ဂုံးတံတားအောက်မှာ … ကျနော်တစ်ခါ ကြုံဖူးတာကတော့ … ပိုက်ဆံလေး ငါဆယ်တစ်ရာလောက် ပေးခဲ့စမ်းပါ..ဆ.ိုပြီး..တောင်းနေတဲ့ လူကြီးတစ်ယောက်…
သန်သန်မာမာနော်…
ကျနော်က မပေးပဲ မကြားယောင်ဆောင် ဆက်လျှောက်လာတော့… အနောက်ကနေ ပြောဆို ကျန်ခဲ့တယ်..
ပိုက်ဆံလေး ငါးဆယ်တစ်ရာကို ကပ်သပ်နေတဲ့ကောင်တွေ..ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့…
.အဲ့လို စိတ်ဓါတ်နဲ့မို့ အဲ့လိုတောင်းစားနေရတာ…အဲ့လို တစ်ပြားမှ မရတာလို့..တွေးလိုက်မိတာပေါ့..
:buu:
သာမညကိုသွားချင်တယ်…
ဆရာတော်ကြီးတို့..ဘာတို့ ညာတို့ကို ဖူးဖို့ မျှော်ဖို့ မဟုတ်…
ကရင်ပြည်နယ်ရဲ့ သဘာဝအလှအပ တောတောင်ရေမြေတွေကို ချစ်လွန်းလို့…
ဒီသင်္ကြန်တွင် းကရင်ပြည်နယ်ကို စရိတ်ငြိမ်း ခေါ်မယ့် သူငယ်ချင်းတစ်ယောက်နဲ့သာ…
လိုက်သွားဖြစ်ခဲ့ရင်… သာမညဘက် ရောက်မယ်ထင်ရဲ့… .
😆
Wow
March 8, 2015 at 8:44 am
တစ်ခါတစ်ခါ ကွကိုယ်လုပ်စားရတာတောင် သူတို့က မလှူ ရင်ဘာဖြစ်၊ ညာဖြစ်ဆို နိဗာန်ဆော်တွေအော်ကြတော့ ကွကိုယ်တော်တော် အကုသိုလ်များကြီးနေပီလားပေါ့…
ဒါနဲ့ အဲ့ဒီ့အလှူ ခံသချင်း ပရဟိတ အကျိုးတော်ဆောင်ကြီးရေ ဆိုတဲ့သချင်းက ဒီနှစ်City FM မှာ ဆုရသွားသဒဲ့… ဖြစ်ပုံများ :hee:
Alinsett@Maung Thura
March 8, 2015 at 12:35 pm
သီချင်းထဲက အကျိုးတော်ဆောင်ကြီးကတော့ ရှားမှ ရှားပါကွယ်..
ဖြစ်နိုင်ရင်…သီဃျင်းထဲကနေ ဆွဲထုတ်ပြီးတောင် ဂုဏ်ပြုသင့်…
အဲ့အကျိုးတော်ဆောင်ကြီးလို…လုပ်ကြဟေ့ဆိုပြီး..စံ ပြသင့်…
:k:
kai
March 8, 2015 at 3:56 pm
June 20, 2008
သာမညဆရာတော် ရုပ်ကလပ် ဘာကြောင့်ခိုး
ဧပြီလ ၂ ရက် မှောင်မိုက်သောညတွင် မည်သည့်အကြောင်းကြောင့်မှန်း မသိရ၊ မြန်မာနိုင်ငံ၏ ဘုန်းအကြီးဆုံး အကျော် ဒေးယျ ဆရာတော်တပါးဖြစ်သူ ဆရာတော် ဦးဝိနယ ခေါ် သာမညဆရာတော်၏ ရုပ်အလောင်း ထူးဆန်းစွာ အခိုးယူခံခဲ့ ရသည်။
တာဝန်ကျအစောင့်၏ ပြောပြချက်အရ အမည်မသိ လက်နက်ကိုင် လူတစုသည် အဆောက်အဦးထဲသို့ ကားမောင်းဝင် လာခဲ့ပြီး၊ သူ့ကို အဓမ္မကြိုးနှင့် တုပ်သည်။ ထို့နောက် ကျည်ကာမှန်တပ်ထားသော ခေါင်းတလား၏သော့ကို ထုတ်ပေးရန် ပြောခဲ့ကြသည်။ ထို့နောက် ၂၀၀၃ ခုနှစ်က ပျံလွန်တော်မူခဲ့သော သာမညဆရာတော်၏ ရုပ်အလောင်းထားရာ ကျောင်းနေရာသို့ ခေါ်ဆောင်သွားခဲ့သည်။
သော့ကို ဆရာတော်ကြီးတပါးကသာ ကိုင်သည်ဖြစ်ရာ၊ ဆရာတော်၏ ဆေးစိမ်အလောင်းထားသော စကျင်ကျောက်ပြား ကာရံထားသည့် အတွင်းအခန်းထဲသို့ဝင်သော မှန်တခါးကို ဖွင့်၍မရမှန်း ဝင်ရောက်စီနင်း သူများ သိလာကြသည်။ ရုပ်ကလာပ်ထည့်ထားသော ကျောင်းတော် မှန်တံခါးကို ရိုက်ခွဲလိုက်ပြီးလျှင် ဆရာတော်၏ ရွှေပုတီးနှင့်အတူ ရုပ် အလောင်းကိုလည်း အဓမ္မလုယက် သယ်ဆောင်ထွက်သွားကြသည်။ ရုပ်အလောင်းကို တိုယိုတာကားပေါ်တင်ပြီးနောက် အဝေးသို့ မောင်းထွက်သွားကြသည်။
လေးရက်ကြာအပြီး၌ ဆရာတော်၏ ရုပ်အလောင်းကို မီးသဂြိုင်္ဟ်ပြီးပြီး ဖြစ်ကြောင်း၊ ပြာကို ဘုန်းကြီးကျောင်း ပုရဝုဏ်အနီးရှိ ကော့ကဒါ ကျေးရွာမှာ ထားလိုက်ကြောင်း အမည်မသိလူတဦးက သာမညဘုန်းကြီးကျောင်းရှိ ဆရာတော်ဘုန်းကြီးများထံ တယ်လီဖုန်း ဆက်၍ အကြောင်းကြားလာခဲ့သည်။ ဆရာတော်ကို ရည်စူး၍တည်ထားသောာ စေတီငယ်တဆူ အနီး၌ ဆရာတော်၏ တပည့်များက ပြာပုံလေးတပုံကို အရိုးမီးသွေးများ၊ မှန်ခေါင်းတလား၏ လက်ကိုင်တို့နှင့် အတူ တွေ့ခဲ့ကြရသည်။
ရက်အချို့ခန့် အရိုးမီးသွေးများကို ပြသထားသေးသည်။ သို့ရာတွင် နောက်တခါ လုယူခံရမည်ကို စိုးရိမ်သည်ကတကြောင်း၊ ဆရာတော်၏ အရိုးမီးသွေး ဟုတ်-မဟုတ် မသေချာသည်က တကြောင်းတို့ကြောင့် ရဟန်းသံဃာများက အရိုးမီးသွေးများကို သော့ခတ်သိမ်းဆည်းထားရန် ဆုံးဖြတ်လိုက်ကြတော့သည်။ ဖားအံမြို့အာဏာပိုင်များက ဤသို့ ထူးထူးဆန်းဆန်း ဆရာတော်၏ ရုပ်ကလပ် ပျောက်ဆုံးသွားမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးပေးပါမည်ဟု ကတိပေးခဲ့သော်လည်း ရက် အနည်းအတွင်းမှာပင် ဤကိစ္စအကြောင်း ပြောဆိုသံမကြားရပဲ တိတ်ဆိတ်သွားကြတော့သည်။
စည်းနဲ့ ကမ်းနဲ့ လစ်ဘရယ် ယောကျာ်း
March 9, 2015 at 2:20 am
ကျော်တို့ ဂဇက်မန်ဘာဂရုဖွဲ့ပြီးသွားဂျမယ်လေ
လူများလေကောင်းလေဗဲ
ဒတ်သေ ဒတ်ရှင် ရိုက်မယ့်လူ
အူးတာဗျင်မယ့်လူ
စာစီမယ့်လူ
ချက်ခြင်း ပိုစ့်တင်မယ့်လူ
ရှဲမယ့်လူ
ဖွမယ့်လူ
ဘာသာပြန်ပြီး ရိမယ့်လူ
ကမာ္ဘတန်းသွားအောင် လုပ်မယ့်လူ
အစုံပါပဇီ
🙂
ဒချိ
Alinsett@Maung Thura
March 9, 2015 at 12:27 pm
လုပ်လိုက်လေ
.ကြာသလားလို့
မှတ်တမ်း ရုပ်ရှင်ပါ ရိုက်ကြစို့
:k:
manawphyulay
March 9, 2015 at 12:55 pm
ခုနောက် နှစ်ပိုင်းတွေ မရောက်ဖြစ်တာ အတော်ကြာပေါ့ သွားတဲ့သူတွေကတော့ ဈေးအလွန်ကြီးတဲ့ ဘယ်နေရာမှာဖြစ်ဖြစ် စရိတ်စက အလွန်များတယ်လို့ ပြောကြတယ်။ ခုလိုဆိုတော့ အတော် ဖူးချင်တာတောင် စဉ်းစားကာ နေရဦးမယ် ဖြစ်လို့နေပြီနော်။
Alinsett@Maung Thura
March 10, 2015 at 8:28 am
မရောက်ဖူးသေးသူတွေသာ အရောက်သွားချင်ပေလိမ့်မယ်ဗျ
တစ်ခါရောက်ပြီး အကြောင်းအတော် သိသွားသူတွေကတော့ဖြင့်
.နောက်တခေါက် ထပ်သွားဖို့ အင်တင်တင်ဖြစ်ချင်စရာအပေါက်တွေ
တောင်ပေါ်က ထမင်းဆိုင်မှာ ထမင်းတစ်နပ် တစ်ယောက်ထဲစားတာ လေးထောင်နီးပါးကျသဗျ
ဟင်းတစ်ပွဲ ၁၅၀ဝ ကျပ် ဆိုတာ ကြက်သားတော့ဟုတ်ပါရဲ့
လက်သည်းခွံေ လာက် ကြက်သားတုံးလေး ၂ တုံးပဲပါသဗျ
ထမင်းကတော့ ကြိုက်သလောက်စား တစ်ယောက်ကို ငါးရာတဲ့
ထမင်း တစ်ပန်းကန်တောင်မကုန်သေး ဟင်းက ကုန်
ထပ်မှာရ
ရေသန့်တစ်ဗူး ငါးရာ
ဖုန်း အားသွင်း ငါးရာ
ချိုးရေ ပုံးသေး တစ်ပုံးငါးရာ
😥
အစစအရာရာ ဈေးကြီးပါကြောင်းးးး
အောင် မိုးသူ
March 10, 2015 at 9:47 am
ဟေဟေး တစ်ခါတစ်ခါ ကျိုက်ထီးရိုးကို တစ်နှစ်သုံးခေါက်ရောက်တယ် ခြေလျင်တက် ခြေလျင်ပဲဆင်းတယ်။ ငါးဆယ်တန်တစ်အုပ် တစ်ရာတန်တစ်အုပ်လဲသွားတယ်။ တွေ့သမျှ အကုန် အဲ့ဒါပဲလှူတယ်။ ကျိုက်ထီးရိုးကိုေတော့ အံတိုနေပြီ။ ဘယ်နေရာဘာဆိုတာ သိပြီးသားဆိုတော့ ပြုံးပြပြီး ငါးဆယ်တန်မဟုတ်ရင် တစ်ရာတန်လှူပြလိုက်တယ်။ ပြီးပြီလေ နောကြေနေပြီဆိုတော့။ နှစ်တိုင်းလည်းသွားတယ်။ 🙂
Alinsett@Maung Thura
March 11, 2015 at 11:53 am
.အောင်အောင်(ထောင်ဂျီး) လိုမျိုး ပေါ့ပေါ့ပါးပါး ခရီးသွားချင်လိုက်တာ
ကျနော့်မှာက သွားရတဲ့ မိုင်တွေများလေ. . .
.တွေးမိတဲ့အတွေးတွေ များလေနဲ့. . .
aye.kk
March 10, 2015 at 1:15 pm
အလင်းဆက်ရေ
အန်တီသူငယ်ချင်းနန်းအေမီရဲ့ဦးလေးကမွန်စလင်အစစ်ပါ။
အန်တီသူငယ်ချင်းနန်းအေမီက လားရှိူးသတင်းရဲတပ်ဖွဲ့မှာ
ယခုအထိ တာဝန်ထမ်းဆောင်နေပါတယ်။ သူ့ရဲ ့ဦးလေးအရင်းဖြစ်သူက
မိတ်ဆွေသူငယ်ချင်းသုံးယောက်နဲ့အတူ၊ကျိုက်ထီးရိုးကိုတရက်တည်းနေ့ချင်းအပြီး
တက်ရင်ထောင်ကဲဖြစ်မယ်၊မယုံရင်ကိုယ့်ရဲ ့အဓိဌာန်နဲ့ကိုယ်စီအတူတူတက်ကြည့်ရအောင်ဆိုပြီး
ဟုတ်မဟုတ် လောင်းကြေးနဲ့တက်ကြည့်ကြတယ်။မွတ်စလင်ဆိုတော့ဘုရားကိုဦးမချပါဘူး။
၂ခေါက်မြောက်မှာ သူ့သူငယ်ချင်းကဝမ်းလျောပြီး၂ခေါက်ပဲတက်နိုင်တယ်။
နောက်တစ်ယောက်က ၃ခေါက်မြောက်မှာတင် ရွှေရင်စို့အရောက် အမောဖောက်ပြီးမတက်နိုင်တော့ဘူးတဲ့။
သူကတော့ဘုရားပေါ်ရောက်အောင်တက်နိုင်ခဲ့ပြီး ။ သူစိတ်ထဲမှာ တောင့်တတာ ထီပေါက်ဖို့ပါ။ပြန်အဆင်းမှာထီတစာင်ထိုးပြီး
ပြန်လာခဲ့တယ်တဲ့၊အဒီထီကပေါက်ပါတယ်။ သူကိုယ်၌က ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ပြီး မွတ်စလင်ကနေ
ဗုဒ္ဓဘာသာကူးပြောင်းကိုးကွယ်ယုံကြည်ခဲ့တယ် ။ အဲဒီကစလို့ သူ့ ့မိသားစုနဲ့ တစိမ်းပြင်ပြင် ဖြစ်ခဲ့ရပြီး နောက်ဆုံးသူတစ်ယောက်တည်းသာ အိန္ဒိယပြည် အပြီးပြန်ပြီး ခေါင်းချသွားတဲ့အထိပါဘဲ။ အန်တီကိုယ်တွေ့ပါ။အန်တီသူငယ်ချင်းဖြစ်သူ ဦးလေးအိမ်ကိုလိုက်လည်စဉ်က မွတ်စလင်အိမ်မှာ ဘုရားစင်သေးသေးတစ်ခု သီးသန့်တင်ထားတာတွေ့လို ့မေးကြည့်မိရင်းကနေ သူငယ်ချင်းရဲ ့ဦးလေးဖြစ်သူကိုယ်တိုင်ပြောပြခဲ့တာပါ။
မွတ်စလင်ကုလားစစ်ကနေဗုဒ္ဒဘာသာကိုကူးပြောင်းသွားနိုင်တဲ့အထိ အင်မတန်တံခိုးကြီးလှတဲ့ ဆံတော်ရှင်ကျိုက်ထီးရိုးဘုရားပါ။
အန်တီအဖေလည်း မယုံလို့စမ်းကြည့်ခဲ့ပါတယ်။ ဟုတ်မှန်တယ်ဆိုတဲ့အကြောင်း ပြောပြခဲ့ပါတယ်။ ။
Alinsett@Maung Thura
March 11, 2015 at 12:00 pm
အဲ အန်တီအေး ပြောပြတာလေး ဖတ်ပြီးတော့မှဘုရားပေါ် နာရီ ၃ဝ လောက် ရှိခဲ့တာမှာ
ဘုရား တစ်ကြိမ်ပဲ ရှိခိုးမိ(ဒါတောင် အတင်းတိုက်တွန်းလို့ ခေါင်းအခေါက်ခံရမှာစိုးလို့ ထိုင် ကန်တော့မိတာ။ ကိုယ့်ဘာသာဆို မေ့နေတာ)
တစ်ကြိမ် ရှိခိုးတာမှာလည်း
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ (ဗုဒ္ဓ ဘုရားအား ရှိခိုးပါ၏)
ဓမံ္မ သရဏံ ဂစ္ဆာမိ (တရားတော်မြတ်အား ရှိခိုးပါ၏)
သံဃံ သရဏံ ဂစ္ဆာမိ (သံဃာတော်မြတ်တို့အား ရှိခိုးပါ၏)
ဗုဒ္ဓေါ မေ သရဏံ ဧညံ နတ္ထိ( ဘုရားမှ တပါးကိုးကွယ်ရာမရှိ)
ဓမ္မော မေ သရဏံ ဧညံ နတ္ထိ ( တရားမှတပါး ကိုးကွယ်ရာမရှိ)
သံဃောမေ သရဏံ ဧညံနတ္ထ်( သံဃာမှ တပါး ကိုးကွယ်ရာမရှိ)
ဒါပဲ တခြား ဘာမှ မဆိုမိ
ဘုန်းတော် အနန္တ ဉာဏ်တော် အနန္တ တန်ခိုးတော် အနန္တ
စသည်ဖြင့်တွေလည်း မရွတ်ဖတ်မိ
ဘာဆုမှလည်း မတောင်းခဲ့မိ
အဲဒါ အဲ့ဒါ
kai
March 11, 2015 at 2:08 pm
အင်မတန်သေချာတဲ့တောင်တက်ချမ်းသာနည်းကတော့.. ဧဝရက်တောင်တက်ဖို့ပဲ..။
အလံသာစိုက်ပေးမယ်ပြောလိုက်..fundraise လုပ်ရင်.. ဒေါ်လှသိန်း..ကံကောင်းရင်..သန်းဂဏန်းဗျ…။
တောင်ပေါ်ရောက်ရင်.. လွန်ခဲ့တဲ့နှစ်၂၆၀ဝက မော်မော်ကြည့်ပြီး.. စိတ်ကူးယဉ်.. ကထာတွေရေးကြတဲ့တောင်ကြီးပေါ်…ဖိနပ်ချွတ်.. ခြေဖဝါးလေးတင်ပြီး..
“အို… မြင့်မိုရ်တောင်.. သင့်ကို.. ငါအောင်နိုင်ပြီတည်း”လို့.. ၃ခါအော်လိုက်..။
မင်းသိင်္ခဝတ္တုတွေထဲ.. ပါပါနေတဲ့.. ဂန္ဓာရီခရီးသည်.. ချန်ဒရီလာဒေသသားတွေ.. သိုက်တခုပြလိမ့်မယ်..။
တူးလိုက်…တူးလိုက်..။ :k:
Alinsett@Maung Thura
March 11, 2015 at 3:43 pm
အနော် တက်ဖူးတဲ့ တောင်တချို့ ( ပေငါးထောင်ဝန်းကျင်တွေရယ်ပါ)
.တောက်ပေါ် အမြင့်ဆုံးအထိ မရောက် အရောက်သွားချင်တာ
စတက်မိပြီဆိုရင် ဘယ်လောက် လမ်းကြမ်းကြမ်း(ချေချလို့ ချတဲ့နေရာ မြေ ပဲ့ကျတာတောင်) ရင်တုန်ပန်းတုန်ကြားက အရောက်တက်ချင်တာ
ပြန်လှည့်ဆင်းရိုးထုံးစံ မရှိစေရဆိုပြီး
.ထိပ်ဆုံးရောက်တဲ့အခါမှာတော့
လက်နှစ်ဖက် ဆန့်ပြီး လေကိုတဝကြီးရှုသွင်းးး
ဒီတောင်ကြီး ငါ့ဖဝါးအောက် ဆိုတဲ့စကားကို ဂုဏ်ယူဝံ့ကြွားစွာ ပြောတာပေါ့
နောက်ပြီး. . . ကြယ်သုံးပွင့်နဲ့ အတူ ဒေါ်လှပါ ရမယ်ဆိုတဲ့ အဲ့တောင်ကြီးးး
တက်ချင်လိုက်တာာာာာလို့ ဖြစ်ဖူးသဗျ
:k:
aye.kk
March 11, 2015 at 2:06 pm
နေ့ခြင်းအပြီးတက်တယ်ဆိုတာ- ခြေလျှင်နဲ့တက်ရတာဖြစ်ပြီး အသွားအပြန် တောင်ပေါ်နဲ့တောင်အောက်အထိ ၃ခေါက်တက်ရတာပါ
အန်တီ စာကျန်သွားလို ့ပြန်လာပြောပြတာ။
padonmar
March 16, 2015 at 1:38 am
လွန်ခဲ့တဲ့ ၁၅နှစ်ကျော်က ရောက်ခဲ့တာ။အလင်းဆက် ရေးတဲ့ အတိုင်းပဲ၊အဲဒီကတည်းက စိတ်ပျက်ခဲ့တာ။
Alinsett@Maung Thura
March 16, 2015 at 10:47 am
တိန်
လွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းက ဒီအတိုင်းးးးး
ဆိုတော့
ဒါဟာ
ကျိုက်ထီးရိုးရဲ့ အစိတ်အပိုင်း ပုံရိပ်တစ်ခု ဖြစ်နေပြီပေါ့