နေဝန်းနီ ဓာတ်သေ ဆြာဖြစ်သွားခြင်း -၅
နေဝန်းနီ ဓာတ်သေ ဆြာဖြစ်သွားခြင်း -၅
သူတို့ကလည်း သူတို့ပါပဲ
သူတို့ကလည်း သူတိုပါပဲ ဆိုတာက စောစောက အငြင်းပွားနေတဲ့ ထောက်ခံစာကိစ္စ ကိုပြောတာပါ။ မှတ်ပုံတင်လုပ်ဖို့ အသက်ထောက်ခံစာ ကို ကျောင်းက ယူရတယ် ဆိုတာက အလုပ်လျှောက်တဲ့ အချိန်မှာ မွေးသက္ကရာဇ် အငြင်းပွားမှုကို ဖြေရှင်းလိုက်တဲ့ ဆေးမြီးတိုပါ ။ အောင်လက်မှတ် ဘွဲ့လက်မှတ်တွေက အသက်တစ်မျိုး မှတ်ပုံတင်က အသက်တစ်မျိုးဆိုတာက မဖြစ်သင့်ပါဘူး ။ တစ်ချို့များ မွေးသက္ကရာဇ်တွေ နှစ်မျိုးသုံးမျိုးနဲ့ ဘယ်ဟာ အမှန်ဆိုတာ ကာယကံရှင်ကိုယ်တိုင်မသိ တာတွေလည်း ရှိပါတယ် ။ ခုကိစ္စကတော့ မှတ်ပုံတင် လုပ်မဲ့သူရယ် ထောက်ခံချက်ပေးလိုက်တဲ့ တာဝန်ခံရယ် ရုံးရယ် သုံးပွင့်ဆိုင် မလယ်ရှုပ်တဲ့ကိစ္စမို့ပါ ။ ကျောင်းတွေရဲ့ ထုံးစံက မွေးနေ့သက္ကရာဇ်ကို ခရစ်နှစ်နဲ့မှတ်ပါတယ် ။ ( အမျိုးဘာသာ စောင့်ရှောက်လိုသူများ မြန်မာသက္ကရာဇ် အသုံးပြုဖို့ ကန်ကွက်ဆန္ဒပြသင့်ပါတယ် )
ခု ထောက်ခံစာမှာက မြန်မာသက္ကရာဇ်နဲ့ ထောက်ခံထားတာပါ ။ အဲ့ဒါ ရုံးကလက်မခံလို့ တစ်ဖက်က ကျောင်းထောက်ခံစာပေးထားပြီပဲ ဒီဟာ နဲ့ပဲ မှတ်ပုံတင်လုပ်ပေါ့ ဘာညာ ပြန်ပြောနေတာပါ ။ တစ်ကယ်တော့ ကျောင်းကလည်း နားအေးပြီးရော ပြီးသလွယ် လက်မှတ်ထိုးပေးလိုက်တာပါ ။ ထောက်ခံစာ တစ်စောင် ဘယ်လောက် ရလဲတော့မသိဘူး ။ လာသမျှ လူ ပေးလိုက်တာပဲ ။ ကျောင်းနေဖူးသူကော မနေဖူးသူပါ ကျောင်းက မှတ်တမ်းမှတ်ရာ ( ရှိကောရှိသေးရဲ့လားမသ်ိ – ရွာက လူတွေအခေါ်ကတော့
ငယ်စာရင်း တဲ့ ) ပြန်မကြည့် ပဲ အဆင်ပြေပြီးရော လုပ်ပေးလိုက်တာ ။ ရုံးကလည်း သူ့ လုပ်ထုံးလုပ်နည်း ( လုပ်နေကျ ) အရ ကျောင်းတံဆိပ်ဝိုင်းနဲ့ ကျောင်းအုပ်လက်မှတ်ပါ တဲ့ ခရစ်နှစ်ကိုပဲလိုချင်တာ ။ အဲ့တော့ အငြင်းအခုန် အငယ်စားလေးတွေဖြစ်ပေါ့ ။ နေဝန်းနီ အသိ ကျောင်းဆရာမကြီးက ပြောဖူးတယ် ။ ငါတို့က ဒီကလေးတွေ မွေးပေးတာမဟုတ်ပဲနဲ့ ဘာလို့ ငါတို့လာထောက်ခံ ခိုင်းနေရတာလဲ ဟုတ် ။ သူတို့အနေနဲ့ ပြောသင့်တဲ့စကားပေပဲ ။ ခက်တာက မြန်မာ ( အဲ့ အသလိုပြောရင် ကျန်တဲ့ တိုင်းရင်းသားတွေပါပါနေအုံးမယ် ပြောချင်တာက တစ်မျိုးထဲ ) အဲ့ ဗမာလူမျိုးတွေက ကလေးမွေးရင် အရပ်လက်သည်နဲ့ မွေးလိုက်တာကများပါတယ် ။ ဆေးရုံ ဆေးခန်း ဆိုတာက ခု လေးငါးနှစ်ပိုင်းလောက်မှ အဲ့မှာတက်မွေးပြီး မွေးဖွားလက်မှတ် မွေးစာရင်း ထုတ်ပေးလို့ ရှိကြတာ ။ တစ်ချို့များဆို ဆေးရုံသာတက်မွေးလိုက်တယ် မွေးစာရင်းတောင်းရမှန်းမသိလို့ ကျောင်းထားမဲ့ အရွယ်ရောက်မှ ပြန်တောင်းရတာတောင်ရှိသေးရဲ့ ။ လွန်ခဲ့တဲ့ နှစ်ဆယ် လောက်ကဆိုပိုဆိုး ။ နေဝန်းနီ စလင်းဘက်မှာ တာဝန်ကျတုန်းက ဖြစ်ပုံလေး ပြောရဦးမယ် ။ ကလေး ကျောင်းစ အပ်ဖို့ ကျောင်းက မွေးစာရင်းတောင်းတော့ အိမ်ပြန်ပြီး ဘာယူလာတယ် မှတ်သလဲ ။ ရွာဦးကျောင်း ဘုန်ကြီးက ထန်းဖူးလေးနဲ့ လုပ်ပေးထားတဲ့ ရက်ချုပ် ဆိုတာလေးယူလာသဗျာ ။ ခက်ဖူးလား။
မိုးရွာလာပြီ
ဟော ကော်ဖီခွက်လေးနဲ့ တွေးကောင်းကောင်း တွေးနေလိုက်တာ တစ်ဖြောဖြော ကျလာတဲ့ မိုးဖွဲကြောင့် ကောက်ခါငင်ကာ စားပွဲပေါ်က ကင်မလာရယ် ဖုန်းရယ် စာအုပ်ရယ် အမြန်သိမ်းပြီး အိမ်အောက်ထဲ ပြန်ဝင်လိုက်ရတယ် ။ ပြီးမှ နောက်ခံ ပိတ်စဖြုတ် မှန်ချပ်နဲ့ လက်ဗွေ ဆေးဘူးသိမ်း ။ စောစောကတည်းက မြေပြင်အခြေအနေ ကြည့်ထားတဲ့ အတိုင်း ရေအိမ်ဘက် မိုးဖွဲဖွဲကြားလျှောက်လာခဲ့တဲ့ ။ အချိန်ကာလ တစ်ခုကြာအောင် ရပ်နေတဲ့ ခြေထောက်တွေလည်း အညောင်းပြေတာပေါ့ ။ အဲ့ ရေအိမ်လို့ ခေါ်လိုက်တာတောင်အားနာသွားတယ် ။ ကလေးတွေ သင်္ကြန်ရေကစားတဲ့ ပလပ်စလစ်ပုံးလေးနဲ့ ရေနွေးကြမ်းခွက်သာသာ ကိုင်း(ဂိုင်း ) တပ် သံခွက်ကလေးနဲ့ ။ တံခါးက ထရံ ကျိုးတို့ကျဲတဲ လေး ။ အကာကလည်း ထို့အတူပဲ ။ ဇလားနဲ့ ရေလောင်း အိမ်သာဆိုတော့ အင်း နဲနဲတော့ အဆင့်မြင့်လာတာပါပဲ ။ အရင်က ဒီရွာတွေ ဒီလို ဘယ်ဟုတ်အုံးမလဲ ။ မနက်မိုးမလင်းခင် ရွာ့ပြင်ထွက် ချုံတိုး ခွေးတစ်စီစီနဲ့ ။ အိမ်သာဆိုလို့ သုံးလေးလုံးထက်မပိုဘူး ။ အဲ့ဒိထဲမှာမှ ဂုံနီစ နဲ့ ပတ်ချာလယ် ကာထားတဲ့ အိမ်သာတို့ ။ ထရံပေါက်တွေများလွန်းလို့ ပြက္ခဒိန်က မင်းသမီးပုံတွေ ကပ်ထားတဲ့ အိမ်သာတို့ ရှိသေး ။ ပြောသာပြောရတယ် ။ အထဲရောက်ရောက်ချင်း နေဝန်းနီ အရပ်နဲ့ အမိုးမလွတ်လို့ ကမန်းကတန်း ထိုင်ချလိုက်ရတယ် ။ အဲ့ဂျောက်ကျ တာက ကန်လန့် မရှိဘူးဗျာ ။ တံခါးမှာ သံငုတ်လေး ရိုက်လို့ ပလပ်စတစ်ကြိုးလေးက တန်းလန်း ။ သဘောကတော့ ကိစ္စ မပြီးမချင်း မင်း ဒီကြိုးလေး ကိုင်ထားပေါ့လေ ။ အင်း ကိစ္စပြီးလို့ သန့်ရှင်းရေးလုပ်ရင် ဘယ်သူ့တာဝန်လွှဲရပါ့ ။ ပြက္ခဒိန် မင်းသမီးပုံတွေ ကပ်ထားရင်လည်းတော်သေး။ “ကိုယ် လက်မအားလို့ ဒီကြိုးလေး ကိုင်ပေးထားပါကွာ ” လို့ပြောရအောင်ကလည်း မင်းသမီးပုံ တစ်ပုံမှကပ်မထား ။ စဉ်းစားရတော်တော် ကြပ်တာပဲ နော် ။ အဲ့ အတွေးတွေနဲ့ပဲ ဧည့်သည်က တော်တော်နဲ့ မပြန်လို့ အိမ်ရှင်က အီလည်လည်ဖြစ်နေသလို ခံစားမှု နဲ့ စွန့်စားခန်းတစ်ခု ရဲရဲ ဝံ့ဝံ့ လုပ်လိုက်ရတာပါပဲ ။ ဆွဲထားတဲ့ ကြိုးစလေးကို အသာလွှတ် ကိုယ့်ဖာသာကိုယ် သန့်ရှင်းရေးလုပ် ပြီးပြအထ ခေါင်းမိုးနဲ့ ခေါင်း တိုက်မိပါလေရော ။” ငါ့ဘယ်သူမှလည်း မမြှောက်ပါပဲနဲ့ ခေါင်မိုးနဲ့ ခေါင်း တိုက်မိရတယ်လို့ ” ကိုယ့်ဖာသာကိုယ်တွေးမိပြီး ခပ်ရှက်ရှက်နဲ့ ပြန်ထွက်လာခဲ့ရတယ် ။
အလုပ်လုပ်မဲ့နေရာ ရောက်တော့ ဓာတ်သေ ရိုက်မဲ့သူတွေကစောင့်နေပြီလေ ။ နေဝန်းနီက အသာလက်ကာပြပြီး စောစောက ကြည့်ထားခဲ့တဲ့ လက်နှိပ်တုံကင်လေးရှိရာ ထွက်လာတယ် ။ မဆိုးဘူးပဲ အနီးက အုန်းပင်မှာ သစ်သားတန်းလေးရိုက်လို့ ဆပ်ပြာခဲ လေးရယ် ဆပ်ပြာမှုန့်ထုပ်လေးရယ် တင်ထားတယ် ။ ရွာထုံးစံ အတိုင်း ဖျင်းအိုး လို့ခေါ်တဲ့ ထူထူပိန်း ပိန်း အိုကြီးတွေချထားတယ် ။ နေဝန်းနီလည်း ပြီးစလွယ် ဆပ်ပြာမှုန့်လေး နဲနဲ လက်ဖဝါးပေါ်အသာသွန်းပြီး အသင့်တွေ့ရတဲ့ ပလပ်စတစ်ခွက်နဲ့ပဲ လက်နှစ်ဘက်လုံးသေချာဆေးပြီး သကာလ ။ ရွာသားထဲက တစ်ယောက် ထွက်လာပြီး ရေလဲ ပုဆိုး တစ်ထည် လက်ထဲလာထည့်ပေးလို့ အဲ့ဒါနဲ့ပဲ လက်သုတ်လိုက်ရတယ် ။ နို့မို့ဆိုဘယ်ရမလဲ ။ လုပ်နေကျ အတိုင်း လက်လေး နှစ်ဖက် နောက်ပစ်ပြီး ပုဆိုးနဲ့ နောက်ပြန် သုတ်လိုက်ဖို့ရယ် ။ စိတ်ကူးက ရှိပြီးသား။ ဟင်း ကိုရွာသား ထွက်လာတာမြန်သွားလို့ ။
မိုးက ဖွဲဖွဲလေးကျနေတုန်း ။ သည်းလို့လည်းမလာ ။ ဒါနဲ့ နေရာပြန်ယူဖို့ ရာက စောစောကနေရာက လူတွေပြည့်နေပြီ ။ မိုးမရွာခင်တုန်းကတော့ အပြင်မှာကော လူတွေ ဖြန့်ခွဲထိုင်ထားရာက အခု အိမ်အောက်ထဲမှာ လာစုကုန်ပြီလေ ။ ဒါနဲ့ သူတို့ ကြက်ဆူသီး ဖြန့်ထားတဲ့ နေရာ နဲနဲကျုံ့ခိုင်းလိုက်ပြီး စောစောက ဝါးကပ် ပြန်ယူပြီး ပိတ်ကားထောင် လိုက်ရတာပေါ့ ။ ကြက်ဆူဆိုလို့ နေဝန်းနီ တို့ မြို့ပေါ်မှာစိုက်ဖူးတဲ့ ကြက်ဆူ မဟုတ်ဖူးနော် ။ ဆီစားကြက်ဆူဆိုတာ တစိမျိုး ရှိသေးတယ် ။ ဟိုကြက်ဆူက ခြံစည်းရိုးကြက်ဆူ ။ ရွာတွေမှာ ဝင်းထရံ မခတ်ပဲ အဲ့ကြက်ဆူက်ို ပတ်ပတ်လည် ခပ်စိပ်စိပ်လေး စိတ်ထားကြတာ တွေ့ဖူးတယ် ။ တောကြက်ဆူအရိုင်း ။ ဒါက ဆီကြိတ်ပြီး ဝမ်းနှုတ်ဆေးတွေဘာတွေဖော်တာ ။ နောက်ပြီး ဆပ်ပြာထဲမှာလဲ ထည့်သုံးတယ်ကြားဖူးတယ် ။ အပင်က သင်္ဘောပင်လို တစ်ဖြောင့်ထဲသွားတာ ။ ကိုင်းတက်တက်တွေမဖြာဘူး။ အသီးပတ်ပတ်လည်မှာ ဆူးလေးတွေပါတယ် ။ ဟိုးအရင် ပဝေသဏီတည်းက ဈေးကွက်ရှိပြီးသား ။ အဲ့ကြက်ဆူ။
ကြက်ဆူခင်း
ကြက်ဆူသီး
နေဝန်းနီ
1:09AM
2015MAR 19
10 comments
Alinsett@Maung Thura
March 19, 2015 at 2:02 am
ကြက်ဆူပင်ကို သေသေချာချာ မသိ မမြင်ဖူးသေးဘူး
ဟိုတလောနှစ်တွေဆီက နိုင်ငံထဲ အစိုးရဆန္ဒနဲ့ စိုက်ကြ ပျိုးကြ
တရုန်းရုန်းဖြစ်ကြချိန်
ကိုယ်က ရခိုင်ပြည်နယ်ထဲက ပင်လယ်မှာ
ဘာမသိ ညာမသိ
ဘာမှ မသိခဲ့တာာာာ
ဓါတ်သေဆရာဖြစ်ချင်ချိန်များဆို
ကိုယ့်ဒေသ ကျွန်းကလေးပေါ် ပြန်ပြီး ရိုက်ယူပြချင်တဲ့ မြင်ကွင်းတွေရှိပါ့
သတိရပါ့
ဆယ်နှစ်လောက်အတွင်း တခေါက်တောင် မပြန်ဖြစ်လောက်အောင် ဝေးလွန်းလို့သာ
မြစပဲရိုး
March 19, 2015 at 3:47 am
အဘနီ ရှင်းပြတော့မှဘဲ ကြက်ဆူပင် ကွဲပြား တာ ကို သိတော့ တယ်။
ကျွန်မ က ရန်ကုန် မှာ စိုက်တဲ့ အပင် တွေ ကိုလဲ အဲလို အသုံးဝင်တဲ့ အပင်လို့ ထင်နေတာ။
အခုတော့ အဲဒီ အပင်တွေလဲ သေကုန် ပြီလား မသိ။
ဓာတ်ပုံဇာတ်ကြောင်း ကို နောက်ကြောင်းပြန်ဖတ်လိုက်ဦးမယ်။
အဘနီ က စာရေးလဲ အတော်ကောင်းတာဘဲ။
ကျွန်မ က ကဗျာ တွေဘဲ အများစု ဖတ်ဖူးတာကိုး။
ဒီလို ဖွဲ့နွဲ့ ရေးထားတာ တကဲ့ ပရို အဆင့်ပါဘဲ။
:))
ခင်ဇော်
March 19, 2015 at 10:03 am
အဲဒီလို နယ်တွေ ရောက်ဖူးရင်လေ ……
နိုင်ငံတော် စီမံကိန်း ဆိုတာတွေ မရောက်နိုင်တဲ့ နေရာတွေ ကျနော်တို့ နယ်မှာ အများကြီးရှိမှန်းသိသိလာတယ်။
ယင်လုံအိမ်သာဆိုရင်လေ ဆရာဝန်တွေ သူနာပြုတွေ မိသားစုတွေက အစ ဝိုင်းဆောက်လုပ်ပေးရတာတို့၊
ကျောင်းဆောင် ခနော်နီ ခနော်နဲ့ ကို ဆရာဆရာမ ရွာသူရွာသားတွေ ကမကထ လုပ်ရတာတို့ ကိုယ်တိုင်မြင်ဖူးခဲ့တာ။
အေးလေ။
ပြောသာပြောတာ။
အဲဒီ စီမံကိန်းဆိုတာလည်း တကယ်လုပ်ဖြစ်တာမှ မဟုတ်ပဲ။
ဇီးသီးဗန်းမှောက်တဲ့ ကိစ္စတွေ ဆိုတော့လည်းးးးးးး
:a:
naywoon ni
March 19, 2015 at 1:23 pm
ခုထိကို ယင်မလုံတဲ့ အိမ်သာတွေနဲ့ ရွာတွေရှိသေးဗျ မယုံရင် လာကျိ ပျမယ် ။
black chaw
March 19, 2015 at 11:00 am
ဖတ်သွားပါတယ် ကိုနေကြီးရေ…။
🙂
Mr. MarGa
March 19, 2015 at 11:13 am
ကြက်ဆူကိုမြင်ရင်
နေရာတကာ ရောက်နေတဲ့ ကြက်ဆူပင်တွေ သတိရ
အကိုင်းခပ်များများ အရွက်ဖားဖားကြီးတွေဗျားးးးးးးးးး
:k:
naywoon ni
March 19, 2015 at 1:21 pm
အနှစ်မရှိတဲ့ ကြက်ဆူချင်းအတူတူ ဈေးကွက်ဝင်တဲ့ ကြက်ဆူနဲ့ လူမုန်းတဲ့ ကြက်ဆူ ကွာသေးတာဗျ ။
Mike
March 19, 2015 at 1:22 pm
.အိမ်သာ အကြောင်းရေးထားတာလေးတွေ့တော့ ကျုပ်ရောက်ဖူးတဲ့ရွာတွေသတိရသွားတယ်
.အရေးအသားကိုလည်းသဘောကျသဗျာ :k:
Shwe Ei
March 19, 2015 at 2:38 pm
-အသက်ကိတ်စ ငြင်းကြတာ … ဘလိုအဆုံးသတ်သွားလဲ သိချင်တယ်..
-အစိုးရရုံးတော်တော် များများ..ပဆံပေးလိုက်ရင်..ဘာစာရွက်လာလာ ..
-လက်မှတ်ထိုး တုန်းထုတဲ့ အကျင့်မဖျောက်ကျသေးလို့…ရှေ့ရှောက်လဲ..
-မိဘပြည်သူတွေဘဲ အငြင်းပွားနေကြရအုံးမှာဘဲ 😛
naywoon ni
March 19, 2015 at 7:56 pm
ခုကိစ္စ ကတော့ ရွာသားတွေနဲ့ ကျောင်းနဲ့ ပေါင်းပြီး အင်ထုတာပါ ။ ခရစ်နှစ်နဲ့ပြောင်းပြီး ကျောင်းက ပြန်ရေးပေးလိုက်လို့ အဆင်ပြေသွားပါတယ် ။