ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၉ (ပူပါတော့သည်)
ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၉
ပူပါတော့သည်
တစ်နေ့က ဘာရယ်တော့ မဟုတ်ပဲ စွယ်စုံရအနုပညာရှင် ဦးဝင်းဦးရဲ့ ရုပ်ရှင်တွေကို မွှေနှောက်ကြည့်နေတုန်း “တစ်ကျော့ နှစ်ကျော့ တေးကိုသီ” ဆိုတဲ့ ဇာတ်ကားကို သွားတွေ့တော့ ခေတ်စမ်းစာပေလောကရဲ့ အထင်ကရ ကဗျာဆရာဖြစ်တဲ့ ဆရာကြီး မင်းသုဝဏ်ကို သတိရမိသွားတယ်။ သတိမရလဲ နေနိုင်ရိုးလားဗျာ။ သူ့ကဗျာစာသားတွေကို မြင်လိုက်ရမှတော့ ဆရာ့ကို သတိရမိပြီပေါ့။
ပြောရမယ်ဆိုရင် ဆရာမင်းသုဝဏ်ဆိုတာ မောင်ကာကြီး အပါအဝင် လူအားလုံးလိုလို ကြားဖူးခဲ့တဲ့ အိပ်ရာဝင် သားချော့တွေ ကဗျာတွေရဲ့ ပိုင်ရှင်ပေါ့။ “ဆွမ်းအုပ်နီနီ အမေရွက်လို့၊ နက်ဖြန်မနက် ကျောင်းထွက်မယ်”လို့ အမေက ဆိုပြလိုက်ရင် မျက်လုံးဝိုင်းလေးနဲ့ ပြုံးပြုံး ရွှင်ရွှင်မျက်နှာလေးနဲ့ ရင်ဝယ်ပိုက် ကလေးသူငယ်တွေဆိုတာ ဒုနဲ့ဒေးပါ။ ဆရာမင်းသုဝဏ်ဆိုတာကလဲ ကလေးကဗျာ တော်တော်များများကို ရေးသားခဲ့တဲ့သူလေ။ ဒါပေမဲ့ ချစ်စရာ ကလေးကဗျာတွေသာမက မျိုးချစ်စိတ် ရှင်သန်တက်ကြွစေမယ့် ဇာတိမာန် ကဗျာတွေလဲရေးခဲ့ကြောင်းကို “သပြေညို”တို့ “သူ့မှာတမ်း”တို့က သက်သေပေါ့။
မောင်ကာကြီးဆိုတဲ့ သူကလဲ ခက်သားလား။ အခုမှသာ ကဗျာတွေ၊ စာတွေကို ရေးနေတယ်ဆိုပေမယ့် ကဗျာတွေ စာတွေကို မှတ်မှတ်သားသားက သိပ်ရှိတာမဟုတ်ဘူး။ ဆရာမင်းသုဝဏ်ကိုဆိုလဲ သူ့ရဲ့ “သူ့မှာတမ်း”ကို ကျောင်းတုန်းက အလွတ်ကျက်ခဲ့ရပေမယ့် မင်းသုဝဏ်ဆိုတာ ဘာမှန်းညာမှန်းတောင် သိဖို့မကြိုးစားဖူးဘူး။ နောက်ပိုင်းမှ ဆရာ့ရဲ့ ကဗျာတစ်ပုဒ်ကို ကြားမိပြီ ဟိုရှာဒီရှာ လုပ်တော့မှ “ဪ။ မင်းသုဝဏ်ဆိုတာ ဒီကဗျာဆရာကြီးပါ့လား”လို့ လေးစားခဲ့ရတဲ့သူလေ။ စဉ်းစားကြည့်ရင် တော်တော့ကို ရှက်ဖို့ ကောင်းပါတယ်။ ဒါကြောင့်လဲ ဒီ“ကျွန်ုပ်၏ အမှတ်တရ ကဗျာများ” စာစုနဲ့ ဆရာကြီး၊ ဆရာမကြီးတွေရဲ့ ဂုဏ်ရည်ကို ပူဇော်ဖို့ ကြိုးစားခဲ့တာပေါ့။
ကဲ အခုတော့ ခုနက ပြောခဲ့တဲ့ ဆရာမင်းသုဝဏ်ကို မောင်ကာကြီး သတိထားမိသွားတဲ့ ကဗျာလေးနဲ့ပဲ စရအောင်။ မှတ်တမ်းတွေအရတော့ ဒီကဗျာကို ဆရာမင်းသုဝဏ် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာ ကမ်းရိုးတန်းတစ်နေရာမှာ ရေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါတွေကို ပြောပြရတာကလဲ နောက်ခံ အကြောင်းအရင်းကို သိထားတော့ ပိုပြီးတော့ ခံစားလို့ကောင်းတာပေါ့။
တောင်ထိပ်ဖျားဆီမှ တစ်ငွေ့ငွေ့နဲ့ ထိုးထွက်လာတဲ့ အခိုးအငွေ့တွေက တစ်ရိပ်ရိပ်တက်လာတဲ့ အလိပ်အလိပ် တိမ်သားတွေနဲ့ ပေါင်းစီးလို့ သွားပါရောလား။ အလိုကြည့်လိုက်စမ်းပါဦး။ တိမ်ခိုး မြူခိုးတွေက တောင်ထွဋ်ဖျားကို အုပ်မိုးလို့ သွားလေပြီ။ ထူထဲလှတဲ့ တိမ်ဆိုင်တိမ်ခဲကြီးတွေက မိုးပြာရောင် ကောင်းကင်ကြီးကို ကာစီးလို့၊ ကြည်လင်တဲ့ ကန်ရေပြင်မှာလဲ ငွေရောင် တိမ်သားတွေကို မှန်ပြင်မှာ သဏ္ဍန်ထင်သလို မြင်နေရပါ့လား။ လှလိုက်တဲ့ လောကဓါတ်ကြီးပါလားကွာ…။
တစ်ကယ်တော့ ဒီကဗျာဟာ စကားပြေပြန်ရေးပြီးခံစားတာထက် နဂိုရှိရင်စွဲ စာသားအတိုင်း ခံစားတာက ပိုပြီးထိရောက်မယ် ထင်ပါတယ်။ ဒါကြောင့်မို့လို့ မောင်ကာကြီး ရေးခဲ့တဲ့ စကားပြေစာသားတွေဟာ အလွန်တရာမှကို ညံ့ဖျင်းနေရင်လဲ ခွင့်လွှတ်ပေးပါ။ မောင်ကာကြီးဆိုတာ အလွန်တရာမှ လျှာရှည်ရတာ ဝါသနာ ထုံသူမို့ရေးကြည့်မိတာပါ။
နောက်တစ်ပုဒ်အနေနဲ့ ပြောချင်တဲ့ကဗျာက ဆရာမင်းသုဝဏ်ရဲ့ လက်ရာ အချစ်ကဗျာတွေထဲကမှ အရှင်းဆုံးလို့လဲ ပြောလို့ရ၊ အရှုပ်ဆုံးလို့လဲ ပြောနိုင်မယ့် ကဗျာလေးတစ်ပုဒ်။ ခေါင်းစဉ်က “နှင်းဆီပွင့်”တဲ့။
တစ်နေ့ကလေ ကျွန်တော်နဲ့ မယ်လေးနဲ့ လယ်တောကနေပြန်လာတဲ့အချိန် ရွာရိုးတစ်လျောက်က ခရေပင်တွေကို မြင်တော့ မယ်လေးကပြောတယ်။ “အမောင်ရယ်… ခရေပန်းလေးတွေ သိပ်ပန်ချင်တာပဲ”တဲ့။ ကျွန်တော်လဲ မဆိုင်းမတွပဲ ခရေပင်ပေါ်ကိုတတ်ကာ ပန်းလေးတွေခူးခဲ့လေရဲ့။ မယ်လေးအတွက် ကြွေကျ မြေခနေတဲ့ ခရေပွင့်လေးတွေကို မပန်ဆင်စေချင်ဘူးလေ။ ဒါကြောင့်ပဲ ပင်ရံနန်းက အမြင့်ပန်းတွေကို ခူးပေးခဲ့တာပေါ့။ ပြီးတော့ အသင့်ပါလာတဲ့ နှီးဖြာလေးနဲ့ ခရေလေးတွေကို ညီညာ ကုံးပြီး မယ်လေးကို ပေးလိုက်တယ်။ သူက ပန်းကုံးလေးကို ဆံထုံးမှာ ရစ်ခွေရင်း “ခရေဆိုတာ မယ်လေး အကြိုက်ဆုံးပန်းလေ”တဲ့။ ကျွန်တော် အပျော်ကြီးပျော်တာပေါ့။ ကိုယ်ချစ်ရတဲ့သူကို သူမြတ်နိုးတဲ့ပန်းလေး ကြင်နာစွာခူးပေးပြီး သူက ယုယစွာပန်ဆင်နေတာ မြင်ရတာ ဘယ်လောက်တောင် ကြည်နူးဖို့ကောင်းလိုက်သလဲဗျာ။ ဒါပေမယ့် ဒီနေ့မနက် လယ်တောကို အသွားမှာတော့ မယ်လေးရဲ့ကေသာမှာ နှင်းဆီနီရဲရဲ ပန်ဆင်ထားတာ ကျွန်တော်တွေ့လိုက်ရတယ်။ တင့်တယ်လိုက်တာ။ ခရေပွင့်ပန်ဆင်တဲ့ ယဉ်တကိုယ်မယ်လေးအဖြစ်ကနေ နှင်းဆီပန်းနဲ့ လှဂုဏ်ဝင့်ရက်သူ မယ်လေးကို ကြည့်ရင်း ကျွန်တော် ပင့်သက်ကိုသာ ရှိုက်လိုက်ပါတော့တယ်။
ဒီ နှင်းဆီပွင့်ကဗျာကို မောင်ကာကြီးကတော့ ရိုးရိုးလေးတွေးရင် ရိုးရိုးလေးခံစားနိုင်ပြီး၊ ဆန်းဆန်းလေးတွေးတော့ ဆန်းဆန်းလေးခံစားနိုင်တဲ့ ကဗျာလို့မြင်ပါတယ်။ တွေးများသာ တွေးတတ်မယ်ဆို ဒီ စာလေးခုနှစ်ကြောင်းကို အခြေခံပြီး ဝတ္ထုပေါင်း များစွာကိုတောင် ဖန်တီးလို့ရနိုင်သေးရဲ့လေ။ ဆရာကြီးရဲ့ ပဉ္စလက်လို့ထင်ပါ့။
ဆက်လက်ပြီး ခံစားပြချင်တဲ့ကဗျာလေးကတော့ မောင်ကာကြီးတို့လို မိဘပိုက်ဆံ လက်ဖြန့်တောင်းပြီး ဂျလေဘီလုပ်နေတဲ့ ကျောင်းပျော်ကြီးတွေအတွက် သတိချပ်မိစရာကဗျာလေးပါ။ မောင်ကာကြီး ဒီကဗျာကို စဖတ်မိတုန်းကဆို ရင်ထဲတောင် စို့သွားတယ်။ ကဗျာထဲက စာသားတွေကို စဉ်းစားမိတိုင်း ဝမ်းနည်းသလို၊ အားနာသလို၊ သနားသလိုနဲ့ ညညဆို တခေါခေါပဲ။ အဲ့ အိပ်လို့တောင် မရဘူး။ အကြောင်းအရာလေးက ရိုးပေမယ့် တိုက်ဆိုင်သူများအတွက်ကတော့ တစ်သက်မမေ့စရာပါ။ ကဗျာ ခေါင်းစဉ်ကတော့ “ပူတော့၏”တဲ့။
ဪ။ ဘာလိုလိုနဲ့ စာမေးပွဲတွေပြီးလို့ ကျောင်းကြီးတောင် ပိတ်တော့မှာပါ့လား။ ကျောင်းကြီးပိတ်ပြီဆိုတာနဲ့ ကျောင်းကပေးထားတဲ့ အဆောင်ဆိုတာကလဲ လူခြေတိတ်ဆိတ်သွားရစမြဲလေ။ သူသူငါငါ ကိုယ့်အရပ် ကိုယ့်ဒေသကို ပြန်ကုန်ကျပြီ ဆိုတော့ အရင်က ဆူသံပူသံ ဆိတ်ဆိတ်ညံခဲ့တဲ့ ဤဌာနံကြီးကလဲ တိုးတိတ်လို့။ အိမ်ပြန်ဖို့ အချိန်ရောက်ပြီလေ။ အရင်ကဆို စာမေးပွဲ မပြီးခင်ကတည်းက အပြန်လမ်းစရိတ်ကို အိမ်က ကြိုပို့ပေးနေကျပါ။ အခုတော့ အခုချိန်ထိ လမ်းစရိတ်ငွေက ရောက်မလာသေးပါလား။ အင်းလေ။ အကြောင်းကြောင်းကြောင့် ကြန့်ကြာနေတာဖြစ်မှာပါ။ စောင့်မျှော်ရုံကလွဲပြီး ဘာမှ မတတ်နိုင်။ ဖေဖေမေမေတို့က သူတို့သားလေးအတွက် ကျောင်းစရိတ်ကို လိုလေသေးမရှိ ထောက်ပံ့ခဲ့တာပဲ။ လစဉ်အသုံးစရိတ်ပြတ်သွားလို့ အိမ်က လှမ်းတောင်းရတယ်ဆိုတာတောင်မှ မရှိခဲ့ဘူးတာ။ လောက်ငတယ်ဆိုရုံမက ပိုလျှံအောင်တောင် ပေးပို့ခဲ့တာပါ။ ဒါပေမယ့်အခုတော့ အိမ်အပြန်လမ်းစရိတ်က မရောက်လာသေးပါ့လား။ ဖေဖေမေမေတို့ ဘာအခက်အခဲတွေများ ရှိနေလို့ပါလိမ့်။ ငွေကြေးဟူသမျှ မညှိုးငယ်ရအောင် ထောက်ပံ့ပေးနေကျ ဖေဖေမေမေတို့ အခုတော့ ဘာအခက်အခဲတွေရှိနေလို့လဲ။ စိတ်ထဲမှာကြောင့်ကြမှုတွေ ဖြစ်လာတယ်။ ဖေဖေနဲ့မေမေ အရင်လို ကြွယ်ပါသေးရဲ့လား။ အဆင်ပြေပါသေးရဲ့လား။
ဆရာ မင်းသုဝဏ်ရဲ့ကဗျာတွေနဲ့ ပတ်သက်ပြီး ကိုယ့်အတွေနဲ့ကိုယ် ရေးပြရခြင်းက တစ်ကယ်တော့ သိပ်ပြီး မဆီလျော်ဘူးလို့ မောင်ကာကြီးထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဆရာကြီးရဲ့ ကဗျာ အတော်များများမှာ နောက်ခံအကြောင်းအရင်းလေးတွေ ရှိနေလို့ပါ။ သို့ပေမယ့် မောင်ကာကြီးတို့လို ဝမ်းစာလဲမပြည့် ဗဟုသုတဆိုတာလဲ ရှာဖွေနေစဲလူအတွက် နောက်ကြောင်းရာဇဝင်ကို လေ့လာဖို့ဆိုတာ အလွန် အခက်အခဲရှိနေတာမို့ ဒီအတိုင်း ခံစားမိသလိုသာ ရေးပြလိုက်ရပါတယ်။
မောင်ကာကြီး ရေးပြတဲ့ အကြောင်းအရာဟာ ကဗျာရှင်ပေးချင်တဲ့ မက်ဆေ့နဲ့စာရင် ဆင်နဲ့ဆိတ်သာသာပဲ ရှိပါလိမ့်မယ်။ သို့ပေမယ့်လဲ ဆရာ ဆရာမကြီးများရဲ့ ဂုဏ်ရည်ကို ပူဇော်လိုသော စေတနာတစ်ခုတည်းနဲ့ ဒီစာတွေကို ရေးနေရခြင်းပါ။
သို့ဂလိုကြောင့် အမှားအယွင်းများပါရှိခဲ့ပါကလဲ အပြစ်မမြင်ပဲ အချစ်ဝင်ပေးကျပါဦးလို့။ လွန်တာရှိရင် ဝန္ဒာမိပါ။ ။
အနုပညာသည် အနုပညာအတွက်သာ ဖြစ်သည်
Courage
—ဂျနီဗာကန်းရိုး၌—
တောင်ခိုးနှင့်တိမ်၊ ရောယှက်လိမ်လျက်
တိမ်နှင့်တောင်ခိုး၊ တောင်ကိုမိုး၍
မိုးကိုမမြင်၊ ကန်ရေပြင်တွင်
ငွေသွင် တိမ်ရိပ် ကူးသတည်း။
—နှင်းဆီပွင့်—
လယ်တောကအပြန်
ပန်ချင်တယ် ခရေဖူးဆိုလို ့
မောင်ခူးကာပေး။
မနက်တုန်းဆီက
ကြော့ဆုံးကို မောင်မြင်တော့
သူ ့ဆံပင် နှင်းဆီပွင့်တွေနဲ ့
ဂုဏ်တင့်တယ်လေး။
—ပူတော့၏—
ထွက်စေ ထွက်စေ၊ မိန့်တော်တွေလည်း
ရဝေနန်းမော့၊ ဆောင်ပျံကြော့မှ
အသော့လျင်မြန် – လာလှည့်သော်။
မျှော်လေ မျှော်လေ၊ စောင့်ပါချေလည်း
ဘော်ငွေဖြူမိတ်၊ လမ်းစရိတ်သည်
တဆိတ်မရောက် – ကြာချည့်မော။
မွေးမေ မွေးဖေ၊ ရှေးပဝေမူ
ကြေးငွေဟူက၊ သားမောင်လှဖို့
လိုတချက်ခြင်း၊ ပို့ပေလျှင်းလျက်
ချှတ်ယွင်းယခု၊ မပို့မှုကြောင့်
မျက်ရှုစိတ်ဝေ၊ စိုးရိမ်လေသည်
မေ ဖေ ကြွယ်သေး – ပါ၏လော။ ။
မင်းသုဝဏ်
10 comments
kai
April 3, 2015 at 3:27 am
ဆိုတော့.. ဆွစ်ဇလန်ကို ကုန်းတွင်းနိုင်ငံလို့သိထားတာ.. ဘယ်ကမ်းရိုးတန်းလည်းပေါ့…။
ကမ္ဘာ့မြေပုံပြန်ကြည့်တော့မှ..ဂျနီဗာဘေးမှာ ဧရာမအိုင်ကြီးတွေ့ရတယ်..။
အဲဒါလေးဖတ်ပြီး.. မြူခိုးတွေနဲ့နှင်းဖုံးတောင်ရိပ်.. ရေကန်ပြင်မှာ ပုံရိပ်ထင်နေတာလေး.. ပုံပေါ်လာတယ်..။
ဓာတ်ပုံသမားတွေအကြိုက်နေရာဒေသအနေအထားကို.. ဆရာကြီးက.. စာ၂ကြောင်းနဲ့ရေးသွားတာ.. လှပ..။ :k:
Courage
April 5, 2015 at 1:37 am
ကျွန်တော်လဲ ဂျနီဗာ အလှကို “လရောင်နမ်းတဲ့ အလွမ်းသစ်ပင်”ဇာတ်ကားမှာ တွေ့ဖူးတယ်။
အရုပ်နဲ့ စာသားလဲ တွဲမိသွားရော တော်တော်ကို ခံစားလို့ကောင်းတာဗျ
Alinn Z
April 3, 2015 at 11:52 am
ဆရာ ဝဏ် ဟာ…ကဗျာလောကရဲ့ တောင်နံရံကြီးတစ်ခု ဆိုရင်…
အဲဒီထီးထီးမားမား..တောင်နံရံကြီးကို ရင်သပ်ရှုမော ငေးမော့ကြည့်ခဲ့ဖူးတဲ့ ချာတိတ်ကလေးဟာ..
ကျနော်….
Courage
April 5, 2015 at 1:44 am
ဟုတ်ပါ့ဗျာ။ ဆရာတို့ ပညာဉာဏ်က သမုဒ္ဒရာရေဆို ကျွန်တော်တို့မှာတော့ ရေတစ်ခွက်စာတောင် မနည်းပြည့်အောင် ဖြည့်နေရတယ်လေ
ခင်ဇော်
April 4, 2015 at 7:39 pm
သများ ကိုတော့ နှင်းဆီပန်ထားတောင် ခရေပန်းလေးတွေ လာပေးဖို့ မတုံ့ဆိုင်းကျပါနဲ့။
အကုန်ပန်ပါတယ်။
:kwi:
Courage
April 5, 2015 at 1:44 am
လောလောဆယ်တော့ ပိတောက်ပန်းတွေရှိတယ်လေ
Mike
April 6, 2015 at 3:00 pm
.စကားလုံးကျစ်လစ် လို့ ကဗျာကလှနေတာ
Courage
April 7, 2015 at 6:52 pm
ဟုတ်ပါ့ ဦးမိုက်
တောတွင်းပျော်
April 6, 2015 at 11:52 pm
နှင်းဆီပွင် ့ ကဗျာကို ပြန်ဖတ်လိုက်ရလို ့ ကျေးဇူးပါ။
Courage
April 7, 2015 at 6:52 pm
ဟုတ်ကဲ့။ လာအားပေးသွားလို့ ကျေးဇူး