နေဝန်းနီ ဓာတ်သေ ဆြာဖြစ်သွားခြင်း-၁၃
ရှိတော့ရှိတယ် ရှားတယ်
သည်ကနေ့ ကိုယ့်အလုပ်နဲ့ ကိုယ် ရှုပ်နေတာမို့ အုပ်ချုပ်ရေးမှူးနဲ့ နေ့လည်နေခင်း အားလပ်ချိန်မရ ။ စကားလည်းမပြောဖြစ် ။ ဝန်ခံရမယ်ဆို သူ့အပေါ်အမြင်သိပ်မကြည်ခဲ့ ။ ဘယ့်နဲ့ ဗျာ သွေးအမျိုးအစားခွဲတဲ့ လက်မှတ်ကိစ္စ ။ ရုံးကတောင် နယ်လှည့် မြို့နဲ့ အတော်အတန် ဝေးတဲ့နေရာ မို့ ဖြေလျော့ ထားတဲ့ကိစ္စ ။ သူက သွေးစစ် လက်မှတ်ပါမှ လုပ်ပေးပါတဲ့ ။ သူက စည်းကမ်းထုတ်ထားတဲ့ ကိစ္စ ဖြစ်နေလို့ အဲ့ကိစ္စ ဖြေလျော့ ပေးလိုက်ရင် နောက် သူထုတ်မဲ့ စည်းကမ်းတွေ လိုက်နာမှု ပေါ့လျော့မှာစိုးလို့ပါတဲ့ ။ ဟုတ်တော့လည်း ဟုတ်တယ် ။ ဗမာလူမျိုး သိတဲ့အတိုင်း ။ ရှေ့ကတစ်မျိုးပြောထား ။ နောက်က ဖြေလျော့ လုပ်သွား ။ ပြောသမျှလည်းမဟုတ်ပါဘူးကွာ ဆ်ိုပြီး အောက်ခြေ ကပြောတဲ့စကား ဆို ဂရု မစိုက်တတ်တော့ဘူး ။ အဲ့ဒိတော့ သူ့အရပ် သူ့ဇာတ် အတိုင်း က, ပေရော့ ။ တစ်ချို့တစ်လေကျတော့ သနားစရာ ။ ရွာထဲက ဆိုင်ကယ် ရှိတဲ့သူ အသနားခံ ကယ်ရီသဘောမျိုးနဲ့ ပို့ခိုင်းရရှာ ။ သွေးစစ်မဲ့ ကိစ္စ လူကြုံပါးလို့လဲမရ ။ တစ်ယောက် နှစ်ထောင်နဲ့ သုံးထောင်ကြား အပိုကုန်ကြလေရော ။ ဓာတ်သေ သာရိုက်နေရ ကိုယ်က အပြင်မှာထွက်နေတာဆိုတော့ အကုန်ကြားရ သိနေရ စိတ်မချမ်းသာ ။ စာကြည့်တိုက်ထဲက နှစ်ယောက်ကတော့ ဘာမှမသိ ။ သူတို့ရှေ့ရောက်လာသမျှ ပြည့်စုံလျှင် ပုံစံဖြည့်ပေး ။ မပြည့်စုံလျှင် ပြည့်စုံအောင်လုပ်ခိုင်း ။ သူတို့စိတ်ထဲ မသင်္ကာတဲ့သူ ထိုင်ငိုချင်အောင်ရစ် ။ မသင်္ကာရတာလည်း မပြောနဲ့ အသက်က လေးဆယ်ကျော် ငါးဆယ် ။မှတ်ပုံတင်က တစ်ခါမှ မလုပ်ဖူးသေးတဲ့ ။ ဟိုက ရစ်ပြီပေါ့ ။ ဒါတောင် စာရေးက ငါးဦးကောမတီ ပုံစံတွေ သူတာဝန်ယူပြီး လက်မှတ်ထိုးပေးပါ့မယ် တာဝန်ယူထားလို့ ။ ရုံးကိုသာ အဲ့လို လာကြည့် သုံးလနဲ့လည်း မှတ်ပုံတင်ရမှာမဟုတ် ။ အထူးစီမံချက်နဲ့မို့သာ အားလုံးရသလောက်ဆွဲယူနေတာ ။ မင်းသား မင်းသမီးများကလည်း ဓာတ်သေပုံကို တစ်ခါထဲနဲ့ ရိုက်မရ ။ ခေါင်းစောင်းသွားလိုက် မျက်စ်ိမှိတ်ပြလိုက် ။ နှစ်ခါသုံးခါရိုက်လေမှ အဆင်ပြေ ။ ဒုက္ခ အို……… ဒုက္ခ ။ ကင်ဆယ်လုပ်ရတဲ ့ပုံတွေ ပြန်ဖျက်နေရပြီမို့ ပုံအရေအတွက် နဲနဲ များလာတော့ မှားမှာက ကြောက် ။ ကင်မလာ SD နံပါတ်နဲ့ကောက်ထားတာပဲ ဟုတ်သေးတော့ ။ ဘာပဲဖြစ်ဖြစ် အခက်အခဲ အမျိုးမျိုးကြားထဲက လူ ခြောက်ဆယ်လောက်ပြီးတဲ့သကာလ ညနေ အတော် မှောင်သွားသမို့ ရပ်နားလိုက်ရပါတယ် ။ စာကြည့်တိုက်မှူး ကလေးလည်း စာကြည့်တိုက်ဖွင့်ချိနာရောက်ပြီမို့ သူ့အိမ်ကလာပို့တဲ့ အဆာပြေ မုန့်လေးစားပြီး နေဝန်းနီတို့ အလုပ်သိမ်းပြန်ချိန် ကျန်နေခဲ့လေရဲ့ ။
ဆောင်းရာသီ တောရိပ် တောင်ရိပ်နဲ့ နီးတဲ့ နေရာပေမို့ အအေးဓာတ်က တန်းဝင်လာတာ ။ အုပ်ချုပ်ရေးမှူး အိမ်ပြန်ရောက်တာနဲ့ မျက်နှာ ကတန်းကမန်းသစ် ။ ကင်မလာထဲက ဘက္ထရီ အားသွင်းမယ် လုပ်တော့ သူအိမ်က ဆိုလာဘက္ထရီက သက်တမ်းလွန်နေပြီမို့ မရပါတဲ့ ။ အုပ်ချုပ်ရေးမှူးက သူ့ညီအိမ်ကို ခေါ်သွားပါတယ် ။ သိပ်တော့မဝေးပါဘူူး။ အဲ့အိမ်ရောက်တော့ ဘောလုံးပွဲ ရှိတာနဲ့ အင်ဂျင်နှိုးထားပါတယ် ။ တစ်ဒုန်းဒုန်း ဆူညံနေတာပေါ့ ။ အဲ့ လျှပ်စစ် ဘုတ်ခုံမှာတော့ ဖုန်းအားသွင်းထားတာတွေအပြည့် ။ ဒီရွာမှာကော ဖုန်းကို ဖွင့်မကြည့်ဖြစ်ဘူး ။ လိုင်းရသလားဆိုတော့ ……….. ။
အုပ်ချုပ်ရေးမှူး အိမ်မှာက မီးပဲထွန်လို့ရတယ် ။ တီဗွီ ကြည့်လို့မရဘူး။ ဖုန်းအားသွင်းလို့လည်းမရဘူး ။ ဆိုတော့ နေဝန်းနီက ထမင်းစားပြီးတာနဲ ့ လမ်းရှာပါတယ် ။ ဒီနေ့ဘောလုံးပွဲ ကောင်းတယ် ။ ဘောပွဲ သွားကြည့်မယ်ပေါ့ ။ အဲ့နေ့က မန်ချက်နဲ့ အာကြီး ပွဲစတာက ရှစ်ခွဲလားမသိဘူး ။ ပွဲပြီးတော့ တော်တော်နောက်ကျနေပြီလေ အိပ်ဖို့ ။ မနက်ကျတော့ အိပ်နေကျ အိပ်ယာမဟုတ်တော့စောစောနိုးသား ။ ရေအိမ်က ဆင်းပြီး ကိုယ်လက်လှုပ်ရှား ချွေးလေးနဲနဲစို့လာတော့ ရေချိုးချပလိုက်တယ် ။ ရေအိမ်ဆိုလို့ ပြောရအုံးမယ် ။ အုတ်နံကပ်နဲ့ ရေလောင်း အိမ်သာပေမဲ့ သုံးတဲ့ ခွက်လေးက သေးသေးလေး။ နှမြောတာလည်းလွန်ရော ။
ရှေ့က ပို့စ်တွေမယ်မေ့နေလို့
🙂
4 comments
Alinn Z
April 3, 2015 at 11:58 am
13 တောင် ရောက်လာပါပေါ့…
ဆက်ဆွဲထား…ဆရာရေ့…
ခင်ဇော်
April 4, 2015 at 7:44 pm
ရေရှားလို့လား??
:a:
naywoon ni
April 5, 2015 at 1:44 am
ဟုတ်တယ် ။ အဲ့ရွာတွေက ချောင်းဘေးနေပြီး ရေရှားကြတယ် ။ ချောင်းကို အထက်က ပိတ်ပြီး ၁၉၉၉ ခုနှစ်က ဆင်သေဆည် ဆောက်လိုက်လို့ ။ ရေငုတ်တွေလည်း ရေလိုက်နည်းသွားတယ် ။
uncle gyi
April 5, 2015 at 11:07 pm
လျှပ်စစ်ဖြင့်လောကနိဗန်တည်ဆောက်အံ့
မြို့ရွာအနှံမီးလင်းစေရမည်
လျှပ်စစ်တွေမြန်မာမှာသုံးမကုန်လို့ရောင်းရပါတယ်
ကျွန်တော်ပြောတာဟုတ်ဖူးနော်