သံတောင်ကြီး နောင်ဘူဘော ဆုတောင်းတောင်ဆီသို့ အလည်တစ်ခေါက်
ဒီတစ်ခေါက် သံတောင်ကြီး သံတောင်လေးခရီးစဉ်ကတော့ မသေချာမှုတွေနဲ့ ပြည့်နေခဲ့ပါတယ်။ မသွားဖူးတဲ့နေရာတစ်ခုဖြစ်ပြီး အသိတွေထဲမှာလဲ သေချာပြောပြနိုင်တဲ့သူမရှိတဲ့အတွက် ရှေ့ပြေးကြိုပွိုင့်ထွက်ရတာနဲ့တောင်တူနေပါတယ်။ အဓိကသွားချင်တဲ့ ဖိုးကျားဆင်စခန်းမှာ ဆင်တွေမရှိလို့ သွားလို့မရတော့ဘူးဆိုတဲ့သတင်းကို သွားခါနီးမှာကပ်ပြီးမှ သိလိုက်ရတဲ့အတွက်လဲ ခရီးစဉ်အတွက် အားတက်မှုတွေကို လျော့သွားစေခဲ့ပါတယ်။ ရောက်ဖူးသူတစ်ချို့ကလဲ ဘာမှမရှိပါဘူးဆိုတဲ့ စိတ်ပျက်စရာ စကားသံတွေကိုပဲ ပြောကြတဲ့အတွက် သွားသာသွားလိုက်ရတယ် ဘယ်လိုများဖြစ်မှာပါလိမ့်လို့ စိတ်စောနေခဲ့ပါတယ်။
တောင်ငူဘက်ကို ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၄၆ ကနေ ခွဲထွက်ရမှာဖြစ်တဲ့အတွက် ခရီးအနေနဲ့ အရမ်းကြီးမဝေးတဲ့အတွက် ညသန်းခေါင်ကျော်ပြီးမှပဲ ရန်ကုန်ကနေထွက်ခဲ့ကြတယ်။ နောက်တော့မှ ပြန်သိရတာက ၁၁၅ မိုင်ကနေ ဖြူးဘက်ကိုထွက်ပြီး လမ်းဟောင်းအတိုင်းတောင်ငူကိုသွားတာ ပိုနီးပါတယ်တဲ့။ ကားကို ဖြည်းဖြည်းမောင်းပြီး ၁၁၅ မိုင်မှာ အကြာကြီး နားခဲ့ပြီးမှ မိုးလင်းတောင်ငူအဝင်ဖြစ်အောင် အချိန်ကိုက်ပြီး သွားခဲ့ပါတယ်။
တောင်ငူမြို့က ပဲခူးတိုင်းထဲမှာပဲရှိပါတယ်။ တောင်ငူမြို့ပြင်ကနေ သံတောင်ဘက်သွားတဲ့လမ်းအတိုင်း ဆက်မောင်းခဲ့ကြပါတယ်။ ၁၃ မိုင်စခန်းကို ကျော်လိုက်တာနဲ့ သံတောင်ကြီးတောင်တက်လမ်းတွေ စပါတယ်။ လတ်ဆတ်တဲ့လေအေးနဲ့ သစ်ရွက်စိမ်းရနံ့တွေကို သဘာဝအတိုင်းခံစားနိုင်အောင် အဲယားကွန်းပိတ်ပြီး တံခါးဖွင့်ကာ မောင်းခဲ့ကြပါတယ်။ သံတောင်ကြီးမြို့ကို ဘယ်လိုပုံစံနဲ့ ဘွားကနဲတွေ့လိုက်ရမလဲဆိုတဲ့ သိချင်စိတ်ကြောင့် စိတ်လှုပ်ရှားနေခဲ့ပါတယ်။ တစ်တောင်ပြီးတစ်တောက်တက်လိုက် ဆင်းလိုက်နဲ့ ညောင်ပင်သာရွာဆိုတဲ့နေရာကို ရောက်လာပါတယ်။ ကားတစ်ချို့နားနေကြတယ်။ ရောက်ခါနီးပြီလားလို့ မေးလိုက်တော့ သိပ်မလိုတော့ဘူးဆိုလို့ ဆက်တက်ခဲ့ကြပါတယ်။
လမ်းကလေးတွေက တောလမ်းလေးတွေနဲ့တူပါတယ်။ လမ်းကောင်းပြီး လမ်းကျဉ်းပါတယ်။ တစ်လမ်းမောင်းလမ်းတွေများလို့ အန္တာရယ်တော့မရှိပါဘူး။ လမ်းဘေးမှာ တောပန်းတွေ ရောင်စုံပွင့်နေကြပါတယ်။ လှလွန်းလို့ အိပ်ငိုက်ချင်စိတ်တောင်ပြေသွားခဲ့ပါတယ်။ တောင်ငူကနေ တစ်နာရီကျော်လောက်ကြာအောင် မောင်းပြီးချိန်မှာ သံတောင်ကြီးမြို့ကို ရောက်ပါတယ်။ (မိုင်အတိအကျ မမှတ်ခဲ့ဘူး) မြို့ထဲရောက်တာနဲ့ ဗိုက်ဆာနေကြတာနဲ့ လက်ဖက်ရည်ဆိုင်အရင်ရှာပြီး ပါလာတဲ့မုန့်တွေနဲ့ ကော်ဖီမှာသောက်ပြီး ခဏနားကြတယ်။ ပြီးတော့မှ နော်ဘူဘော ဆုတောင်းတောင်ဆီကို သွားကြပါတယ်။ တောင်ခြေအထိ ကားလမ်းရှိနေပါတယ်။ ခရစ်ယာန်လူမျိုးများ၏ ဆုတောင်းတောင်ဖြစ်တဲ့အတွက် ကျွန်မတို့အတွက် အထူးအဆန်းတစ်ခုလိုဖြစ်နေပါတယ်။ ခရီးသွားကားတွေရောက်နေတာတွေ့ရတယ်။ တောင်ခြေမှာ ထမင်းစားဆောင်၊ ညအိပ်တည်းခိုဆောင်တွေရှိပါတယ်။ ထမင်းစားမယ်ဆိုရင် ကြိုစာရင်းပေးထားရပါတယ်။ တောင်ပေါ်ကနေ ဆင်းလာရင် အဆင်သင့်စားနိုင်အောင် စီစဉ်ထားပေးကြတယ်။ လူတစ်ယောက်ကို တစ်ထောင့်ငါးရာကျပ်ကျတယ်လို့ သိခဲ့ရပါတယ်။
တောင်ဆိုပေမယ့် အမြင့်ကြီးမဟုတ်ပါဘူး။ တောင်က နှစ်ခုဖြစ်ပါတယ်။ အဖိုတောင်နဲ့ အမတောင်လို့ ခေါ်ကြပြီး ကျွန်မတို့တက်ရမှာက အဖိုတောင် ဘွယ်ဟီခိုတောင် (နော်ဘူဘောတောင်) ဖြစ်ပါတယ်။ လှေခါးထစ်ပေါင်း ၃၀ဝ ကျော်တက်လိုက်ရင် ရောက်ပါတယ်။ သာယာတဲ့ရှုခင်းနဲ့ အေးမြတဲ့ရာသီဥတုကြောင့် မောတယ်လို့ မခံစားရပါဘူး။ ဆုတောင်းခန်းလေးတွေအများကြီးရှိပြီး တောင်ပေါ်မှာတော့ နော်ဘူဘောအမှတ်တရလေးတွေ တွေ့ရပါတယ်။
နော်ဘူဘောမင်းသမီး ဇာတ်လမ်းက ကိကုတောင်၊ ဘွယ်ဟီခို၊ ဘွယ်သီခိုနဲ့ ဒေါဖားခိုတောင်တွေကို အခြေခံထားပါတယ်။ ရွှေညောင်ပင်ကနေ ၁ဝ မိုင်လောက် ဆက်သွားရတဲ့ ကိကုတောင်မှာ နန်းတည်ခဲ့တဲ့ တောင်များသခင် ကိကုဘုရင် သမိအိရဲ့သားတော် လက်ရုံးရည် နှလုံးရည်ပြည်စုံတဲ့ မင်းသား စောသောဒိုခွားနဲ့ ပင်လယ်သမုဒ္ဒရာသခင်ဘုရင် သာကအူတို့ရဲ့ သမီးတော် လှပပြီး ယဉ်ကျေးလိမ်မာတဲ့ နော်ဘူဘောမင်းသမီးလေးတို့ အချစ်ဇာတ်လမ်းဖြစ်ပါတယ်။
သူတို့မိဘတွေကြောင့် တစ်ဦးနဲ့တစ်ဦး တွေ့ခဲ့ရပေမယ့် မြင်မြင်ချင်း အရမ်းချစ်မိသွားကြပြီး လက်ထပ်ခဲ့ကြပါတယ်။ ပင်လယ်သမုဒ္ဒရာထဲကမင်းသမီးလေး နော်ဘူဘောဟာ ယောင်နောက်ဆံထုံးပါခဲ့ပြီး တောင်ပေါ်ဒေသကို လိုက်လာခဲ့ရပါတယ်။ သူမ မိခင်က မင်းသမီးလေးကို ဆံပင်မှာပန်ထားရင် လူအများကြားမှာထင်ရှားပြီး ခြေမှာနင်းထားရင် ကိုယ်ပျောက်နိုင်တဲ့အစွမ်းရှိတဲ့ ငွေဘီးလေးတစ်ခုနဲ့ ဘယ်လောက်ချက်ချက် မလျော့တဲ့ ဆန်ဗူးလေးတစ်ခုကို လက်ဆောင်အဖြစ် ပေးလိုက်ပါတယ်။ ထိုအဆောင်များတန်ခိုးဖြင့် တိုင်းပြည်မှာ ဆန်စပါးကြွယ်ဝပြီး မင်းသားလေးမှာ ငွေဘီးတန်ခိုးကြောင့် ရန်သူတွေကို အလွယ်တကူအောင်မြင်နိုင်ခဲ့ပါတယ်။ ထို့ကြောင့် မင်းသမီးလေးကို လူချစ်လူခင်ပြောများပြီး ဂုဏ်သတင်းကျော်ဇော်နေသလို တစ်ဖက်မှာလည်း မနာလိုသူတွေကြောင့် ရန်သူတွေပေါများနေပါတယ်။
ဒီလိုနဲ့ တစ်နေ့မှာ မင်းသားလေးက စစ်တိုက်သွားခဲ့ရပါတယ်။ ငွေဘီးပါခဲ့ပေမယ့် သတိလက်လွတ်အောင်ပွဲခံစောခဲ့တာကြောင့် တိုက်ပွဲမှာ ကျဆုံးခဲ့ရပါတယ်။ ထိုအချိန်မှစပြီး နော်ဘူဘောမင်းသမီးလေး ကြမ္မာငင်ပါတော့တယ်။ မင်းသားကျဆုံးမှုကို မနာလိုသူတွေက စုပေါင်းပြီးတောင်းဆိုမှုကြောင့် ကိဘုရင်မှာ ချွေးမတော်ကို နယ်နှင်ဒါဏ်ပေးလိုက်ရပါတယ်။ မင်းသမီးလေးကို ဒေါဖါးခိုတောင်သို့ ခေါ်ဆောင်သွားခြင်းခံရပြီး ရင်ကွဲနာကျကာ သေဆုံးသွားခဲ့ပါတယ်။
တရားသူကြီးတောင်လို့ခေါ်တဲ့ ဘွယ်ဟီခိုတောင် (ယခုအခေါ် နော်ဘူဘော ဆုတောင်းတောင်) မှာ နော်ဘူဘောကို တရားစီရင်ခဲ့ပါတယ်။ တောင်ပေါ်မှာ နော်ဘူဘောအမှတ်တရများဖြစ်သော မင်းသမီးကို ချည်နှောင်ထားသောနေရာ၊ ရေချိုးခန်း၊ အိပ်ခန်း၊ တရားသူကြီးတရားစီရင်တဲ့ စားပွဲ ကုလားထိုင်စတဲ့ ကျောက်တုံးတွေကို တွေ့နိုင်ပါတယ်။
နော်ဘူဘောဟာ စိတ်ထားကောင်းပြီး ပြည့်ဝတဲ့မင်းသမီးလေးမို့ လူတွေကို ဆုတောင်းပြည့်စေတယ်လို့ ယုံကြည်ကြပါတယ်။ ဒေသခံတွေက ဝတ်ဖြူစင်ကြယ်နဲ့ နက်မှောင်တဲ့ဆံပင်အရှည် ဖားလျားချထားတဲ့ အမျိုးသမီးငယ်ကို တောင်ပေါ်မှာ ဝိုးတဝါးတွေ့ရလေ့ရှိတယ်။ ထိုသို့တွေ့ရတဲ့ နှစ်တွေဆိုလျှင် ဆန်စပါးပေါများပြီး သာယာသည်ဟု အယူရှိကြတာ ယနေ့ထက်တိုင်ပါပဲ။ ထို့ကြောင့် လူမျိုး ဘာသာမရွေး သစ္စာတိုင်တည်ဆုတောင်းကြတဲ့ အလေ့အထ ရှိကြပါတယ်။
နော်ဘူဘောတောင်ကနေ ဆင်းလာပြီးနောက် သံတောင်လေး ပသိချောင်းဆီ ဆက်သွားခဲ့ကြပါတယ်။
နောက်ထပ် ပို့စ်တစ်ခုနဲ့ ဆက်တင်ပါမယ် ..
20 comments
ခင်ဇော်
April 2, 2015 at 2:34 pm
ရာဇဝင်က လွမ်းစရာကောင်းသလို
ရှုခင်းကလည်း လွမ်းစရာလေးးး
တောင်တန်း စိမ်းစိမ်းပြာပြာတွေလှတာ။
:chit:
တောင်ပေါ်သား
April 2, 2015 at 2:35 pm
သွားချင်လာပြီဗျာ
Alinn Z
April 2, 2015 at 2:51 pm
ပုံရိပ်အမှတ် ၁၈ ကို အကြိုက်ဆုံးပဲ…
သွားချင်လိုက်တာ…
Crystalline
April 2, 2015 at 2:54 pm
မကြာခဏရောက်ဖူးပေမယ့်…. ဘာမှထူးထူးခြားခြားလည်ပတ်စရာ နေရာတွေမရရှိပေမယ့်… အိမ်ကသွားမယ်ဆိုတိုင်း မငြင်းတမ်းလိုက်မိတဲ့နေရာတွေပေါ့… :))
weiwei
April 2, 2015 at 3:00 pm
ပုံ ၁ ကနေ ၉ အထိက သံတောင်ကြီးလမ်းခရီးက ပုံတွေပါ။
အရမ်းသာယာပါတယ်။
Ma Ei
April 2, 2015 at 3:38 pm
ငိုချင်ရဲ့ လက်တို့
သွားချင်လိုက်တာ…
Mike
April 2, 2015 at 3:46 pm
.တောင်တက်လမ်းကွေ့ကွေ့ကောက်ကောက်တော်တော်လှသဗျာ…
.သဘာဝသင်းရနံ့လေးတောင်ရလိုက်သလိုပါပဲ
Ma Ma
April 2, 2015 at 5:34 pm
ရှု့ခင်းလေးတွေကလည်း လှ၊
ဓာတ်ပုံကလည်း ကောင်း၊
ရာဇဝင်လေးသိရတော့ အဲဒီကို ပိုပြီး သွားချင်စိ်တ်ပေါက်လာတယ်။
အားကျတယ် ဝေ ရေ……. 🙂
weiwei
April 3, 2015 at 8:12 pm
အချိန်မပေးရပါဘူး ..
ပိတ်ရက်တစ်ရက်ရှိရင်တောင် သွားလို့ရပါတယ် ..
တစ်ခေါက်လောက် သွားလည်ကြည့်ပါ ..
naywoon ni
April 2, 2015 at 7:06 pm
ဒီလို အေးအေးဆေးဆေးပုံလေးတွေ ရိုက်ဖို့ ဆိုတာက သာမန် ခရီးသွား ရသူတွေတွက်မလွယ်ပါဘူး ။ ကိုယ်ပိုင် ကားနဲ့ သွားနိုင်မှ ဆိုတော့ အားကျရုံက လွဲပြီး ကိုယ်ကိုင်မစွမ်းဆောင်နိုင်သေးပါဘူး 🙂
မွသဲ ( 17082011 )
April 2, 2015 at 8:24 pm
တန်ပါတယ် မဝေရယ် ဇာတ်လမ်းကောင်းလေးတွေလဲရ ပုံကောင်းလေးတွေလဲလှ မိုက်မှမိုက်စ်
padonmar
April 2, 2015 at 9:33 pm
ဒုတိယ ပြင်ဦးလွင် တောင်စခန်းမြို့လို့ ကြားဖူးတယ်။တချိန်က မအေးချမ်းလို့ လူတွေ မရောက်နိုင်ခဲ့တဲ့ သဘာဝအလှတွေပေါ့နော်။
အားကျမိပါတယ်ဝေရေ။
kai
April 3, 2015 at 3:19 am
စာမဖတ်သေးပဲ.. ပုံတွေစကြည့်ကထဲက.. ဒီတခါတော့ တိုက်တွေဘာတွေနဲ့… နေရာပါလားတွေးနေတာ…
နောက်တော့.. ခရစ်ယန်လက်ဝါးကပ်တိုင်ပုံလေးတွေ့တော့မှ.. ဪ.. လို့ထင်..
စာကိုဖတ်..
အဲလို..။ :k:
ကထူးဆန်း
April 3, 2015 at 8:58 am
ရှိဆို ..တပ် ရဲ့ သင်တန်းကျောင်းတွေလည်း ရှိတယ် လေ သူကြီးရဲ့
ကထူးဆန်း
April 3, 2015 at 8:57 am
မဝေ နိုင်ငံခြားသားတွေ အတွက် တိုး မလုပ်တောင်မှ မြန်မာနိုင်ငံသားတွေ အတွက် တိုးလုပ်သင့်နေပါပြီ ။
တောင်ငူ ခဏခဏ ရောက်ပေမဲ့ သံတောင်လေး အထိဘဲ ရောက်တယ် ။သံတောင်ကြီး အတက်ကြမ်းတယ်ဆိုပြီး မရောက်တာ ကနေ ခုထိ ။ကျေးကျေးပါ မဝေ ။ မဝေ ကျေးဇူးနဲ့သွားရမဲ့ နေရာတွေ တိုးတိုးလာတာ မှတ်ထားတာ တော် တော် များနေပြီ …
အဆင်းမှာ တောင်ငူနားက အခြား ဘုရားတွေကော မဝင်ခဲ့ဘူးလား။
weiwei
April 3, 2015 at 8:18 pm
မြတ်စောညီနောင်ဘုရားကို ဝင်ဖူးခဲ့ပါတယ်။ မြို့ထဲကိုတော့ မဝင်ခဲ့ဘူး။ ရန်ကုန်ကို စောစောပြန်ရောက်ချင်ခဲ့လို့ ..
တိုးလုပ်ရင်တော့ အတွေ့အကြုံ အတော်စုဆောင်းထားပြီး ဖြစ်နေပါပြီ …
ကျွန်မရဲ့ ခရီးတော်တော်များများက ကိုယ်တိုင်လမ်းရှာပြီး ကိုယ်တိုင်မေးပြီး စီစဉ်ခဲ့ရတာတွေများလို့ပါ ..
တစ်နေရာကို ၂ ခေါက် ၃ ခေါက် သွားပြီးမှ သိခဲ့ရတဲ့ အတွေ့အကြုံတွေမို့လို့ တိုးလုပ်ငန်းလုပ်ချင်စိတ်ပေါက်နေပြီ ..
ရွာထဲက ဝါသနာပါတဲ့သူတွေစုပြီး လုပ်ငန်းလုပ်လို့ရရင် ကောင်းမယ်နော် …
pooch
April 4, 2015 at 12:11 pm
ကျနော့်ကို ဆက်သွယ်ပါမဝေ ကျနော်တို့ ၂ ယောက်ပေါင်းရင်ရလောက်တယ်
နောက်တာမဟုတ် အတည် မဝေ ရန်ကုန်ရုုံးထိုင်
မန်းလေး ကျနော် ဒန်တန်တန်
ရုံးတော့မထိုင်ဘူး ကိုယ်တိုင်လိုက်ပို့နေမှာ :mrgreenn:
အမပြူံ းရေ ကျနော်လည်း မူးတာမှ ချာချာကိုလည်နေတာပဲ မူးတာသာ အရေးလုပ်နေရင် ဘယ်မှ တောင် ရောက်မှ မဟုတ်ဖူး
မူးစရာရှိမူး အန်စရာရှိအန်ပြီး သွားတာပဲ ကားစီး ကားမူး လေယာဉ်စီး လေယာဉ်မူး သဘောင်္စီးသဘောင်္မူး
ဆေးသောက်လေ
ဆေးသောက်ပြီး မကြာကြာသွားတော့ သိပ်မမူးတော့ဘူး :mrgreenn:
ဝင့်ပြုံးမြင့်
April 4, 2015 at 1:29 am
.ပုံပြင်လေးက ဖတ်လို့ကောင်းတယ် မဝေရေ။ အမကတော့ ခရီးသွားရမှာ တော်တော်ကြောက်တယ်။ ကားမစီးနိုင်၊ ရထားမစီးနိုင်ဘူးလေ။ ရုပ်ပျက်ဆင်းပျက် မူးတတ်လို့။ နားစည်ထဲက အရည်က ပြသနာရှိတယ်။ အဲဒါကြောင့် ဟန်ချက် မထိန်းနိုင်ဖြစ်ပြီး မူးတာတဲ့။ ဆရာဝန်ပြောတာပဲ။ အဲဒီတော့ တော်ရုံနဲ့ ခရီးမသွားဘူး။
အောင် မိုးသူ
April 10, 2015 at 11:27 am
သင်္ဘောပုံစံ တည်ဆောက်ထားတဲ့ Church ကျောင်းကိုကောမရောက်ခဲ့ဘူးလား။ ကြားဖူးတာ အဲသည်နေရာက ဆုတောင်းပြည့်တယ်လို့လည်းကြားဖူးတယ်။ ကရင်နှစ်သစ်ကူးတောင်လည်းရှိတယ်မဟုတ်လား။
Myat Pearl Phyu
January 14, 2016 at 4:38 pm
ပုံမြင်ရဝူးးး