နေဝန်းနီ ဓာတ်သေ ဆြာဖြစ်သွားခြင်း-၁၄
နေဝန်းနီ ဓာတ်သေ ဆြာဖြစ်သွားခြင်း-၁၄
နားနားနေနေ
ရွာက ရွာကြီးပေမယ်လို့ မြို့နဲ့ သိပ်အလှမ်းဝေးတဲ့ နေရာ မဟုတ်တာရယ် ။ နိုင်ငံခြားထွက်တဲ့သူပေါတာရယ် ။ လွန်ခဲ့နှစ်ထိ သီးနှံဈေးကွက်ကောင်းခဲ့ တာ ရယ်ကြောင့် မှတ်ပုံတင် အသစ်လုပ်မဲ့ သူက သိပ်မရှိပါဘူး ။ ဆယ့်ရှစ်နှစ်ပြည့်လို့ လဲမဲ့သူတွေပဲရှိတယ် ။ အရင်က ရွာမှာဆင်းလုပ်မပေးလို့ တစ်ချို့လည်း မသိလို့မလာကြဘူး ။ တစ်ချို့လည်း ခရီးလွန်နေကြ ဆိုတော့ မနေ့က လူ ခြောက်ဆယ်လောက်နဲ့ နားလိုက်ရတယ် ။ ဒီနေ့တော့ နားနားနေနေ နဲ့ ဖြေးဖြေးပဲ လုပ်သွားရုံ ။ နောက်နေ့ ချိန်းထားတာက ကြီးအင်း ဆိုတဲ ့ အုပ်စု ။ အရင်က တောင်ရိုး ရှစ်အုပ်စု လို့ ခေါ်တဲ့ရွာတွေ ။ လှည်းနဲ့ ထွန်စက် တွေကလွဲရင် ခြေလျင် ကြိတ်ခဲ့ရတဲ့ရွာတွေ ။ တောင်အတက်တွေမှာ ထွန်စက်မောင်းသူ ကျွမ်းကျင် ကျွမ်းကျင်သလို စိတ်ချလက်ချသွားလို့ ရပါတယ် ။ နောက်တွဲ ထွေလာ လို့ခေါ်တဲ့ ဇလားပုံနောက်တွဲ ချိတ်မမောင်းကြဘူး ။ တောင်တက် တောင်ဆင်းလမ်းမှာ ချော်ပြီး မှောက်တတ်လို့ ။ ခုတော့ နေပြည်တော် ဝန်းကျင်မှာ လမ်းတွေ ပင့်ကူအိမ်တွေလို ဖောက်ထားတာကြောင့် ဆိုင်ကယ်လမ်းမပေါက်တဲ့ ရွာ မရှိတော့ဘူး ။ ဒါကြောင့် ရွာသားတွေရဲ့ မရှိမဖြစ် လိုအပ်ချက် နံပါတ် တစ်က ဆိုင်ကယ်ဖြစ်လာတယ် ။ ဒါပေမဲ့ လူတိုင်းစီးနိုင်သလား ဆိုတော့လည်း မစီးနိုင်ကြသေးပါဘူး ။ အိမ်ခြေ တစ်ရာရှိတဲ့ ရွာ မှာ ဆိုင်ကယ် အနဲဆုံး သုံးဆယ်လောက်တော့ ရှိတတ်ပါတယ် ။ အိမ်တိုင်းစေ့တော့ မရှိသေးပါဘူး ။ ဒါကြောင့်လည်း မြို့နဲ့ လိုင်းကားတွေ ကယ်ရီ ဆွဲတဲ့သူတွေရှိနေကြသေးတာပေါ့ ။
အုပ်ချုပ်ရေးမှူးကတော့ သူ့ဝတ္တရားမပျက် မနက်အစောစာကို ထမင်း ကော်ဖီ မလစ်ဟင်းအောင် ဧည့်ခံနေပေမဲ့ ရွာကပိုက်ဆံ ကောက်မထားမှန်းသိတော့ အားတောင့်အားနာ ။ သူကတော့ပြောပါတယ် ။ ဒါတောင် ဝါဈေး ဒီနှစ်မကောင်းလို့တဲ့ ။ ဟုတ်တယ် ဒီရွာရဲ့ အဓိက စိုက်ပျိုးသီးနှံက ပဲတီစိမ်းနဲ့ ဝါ ။ ချောင်းနံဘေးလောက်ပဲ စပါးစိုက်လို့ အဆင်ပြေတာ ။ ဒါတောင်မှ ဆည်က ရေထိမ်းထားတဲ့ကာလဆို စပါးလည်း အစိုက်နောက်ကျတာပဲ ။ နံဘေးမှာ ဖြတ်စီး နေတဲ့ ဆင်သေ ချောင်းကြီး ရှိနေပါရဲ့နဲ့ အထက်က ပိတ်ပြီး ဆည်ဆောက်လိုက်တာကြောင့် အရင်လို ချောင်းရေ လိုသလောက်တင်လို့မရတော့လို့ ဆိုပါတယ် ။
“တွက်ကြည့်ဗျာ ဝါ ဈေးက မနှစ်က ၁၄၅၀/ ဗျာ ခုတစ်နှစ် ၈၅၀/ ဆိုတော့ တောင်သူတွေ အရင်းကျေရုံလောက်ရတာ ။ ပဲတီစိမ်း တုန်းကလည်း နောက်ကျတဲ့ သူတွေလောက်ပဲ မိုးလေးမိလိုက်လို့ ထွက်တာ ။ သင်္ကြန်ပြီး စိုက်နေကြအတိုင်း စိုက်တဲ့သူတွေက မိုးမကျလို့ အကုန်ရှုံး ။ စိုက်ထားတဲ့ပဲစေ့တွေ မိုးမရွာတော့ သဲပူပူထဲ ကျက်ကုန်လို့ ကောက်စားလို့တောင်ရတယ် ။ ဒါနဲ ့ ဖရဲ စိုက်တော့ အခု မြေတွေပျက်ကုန်ပြီ ။ ဖရဲစိုက်ပြီးသားမြေတွေက နောက်က ဘာသီးနှံ စိုက်စိုက် ပိုးသတ်ဆေး လျော့ထည့်လို့မရ ။ အားဆေးကလည်း ပံ့ပိုးရသေး ။ သမရိုးကျ စိုက်လို့မရတော့ဘူး ”
အုပ်ချုပ်ရေးမှူးနဲ့ စကားပြောကြည့်မှ တစ်ကယ့် ပရဟိတ သမားကြီးမှန်းသိလိုက်ရတယ် ။ ပြီးတော့ နေဝန်းနီ လို ဂွစာကြီး ။ သည်တော့ သူတော်ချင်းချင်း သတင်းလွေ့လွေ့ပေါ့ဗျာ ။ နေဝန်းနီနဲ့ အပြင်မှာ တွေ့တွေ့ချင်း စိတ်တူကိုယ်တူ အတွေးအခေါ်ချင်းနီးစပ်သူက ရှားမှရှားဆိုတော့ ကျုပ်တို့နှစ်ယောက်ကြား လေမတိုးတော့ဘူးဗျို့ ။( အဲ့အကြောင်း ကြုံရင် သီသန့်ပြောပါဦးမည် )
နောက်တစ်အုပ်စု စဉ်ထားပေမဲ့ မနက်မှ လာခေါ်မှာဆိုတော့ မနေ့က ကျန်တဲ့ သူလေး စောင့်လုပ်ပေး ။ အားနေတဲ့ အချိန်ဆို ဘယ်နား ဖုန်းလိုင်းမိလဲမေး ။ အဲ့နားရောက်အောင်သွား ဖုန်းခေါ်ကြည့် ။ ဝေးဝေးသွားစရာ မလိုပါဘူး ။ စာကြည်တိုက်ခြေရင်းက မကျီးပင်အောက်မှာ လိုင်းမိတယ်ဆိုလို့ လက်ထောက်ဦးစီး နဲ့ နှစ်ယောက်သား ဖုန်းလေးတွေကိုယ်စီ ထုတ်ပြီး မကျိီးပင်ကြီးအောက် ခေါက်တုန့်ခေါက်ပြန် ။ တစ်ယောက်နဲ့ တစ်ယောက် ကျောချင်းကပ်ကနေလျှောက်လိုက် ဝင်းအဆုံးရောက်တော့ မျက်နှာချင်းဆိုင်ပြန်လာလိုက် ။ လိုင်းမိပြီလားလို့ တစ်ယောက်က တစ်ယောက်ကိုမေးရသေး ။ ဟေ့ဟေးးးး ပျော်စရာတော့ကောင်းသား ။ သူများရွာသွားပြီး ဖုန်းလိုင်းလိုက်ရှာ ရတာ ။ ညကျတော့ ကင်မလာထဲက ဘက္ထရီ ကိုထုတ် ။ ဒပ္ပတာနဲ့ အားသွင်း ။ ကင်မလာ အိတ်ထဲ တစ်ခါထဲ ထည့်သိမ်းလိုက်တော့တယ် ။ ဟုတ်တယ်လေ ။ ဓာတ်သေက လူနှစ်ရာကျော် ရိုက်ပြီးနေပြီ ။ ကွကို လျှောက်ကလိရင်း ပျက်ကုန်မှာကြောက်လို့ ။ လူကိုတော့ခင်ပါရဲ့ ကွကို မယုံရဲတာကခက်၏ ဆိုသလိုပဲ ။” အော် …… ကြီးအင်း ရယ် ငါမနက်ဖန် ဆက်ဆက်လာခဲ့ပါ့မယ် ”
လို့ပြောရင်းနဲ့ ။
နေဝန်းနီ
2015 Apr 6
4 comments
Alinn Z
April 7, 2015 at 10:21 am
အတွေးအခေါ် အယူအဆတူပြီး စိတ်ထဲ လုပ်ချင် ဖြစ်ချင်တဲ့ လိုင်းတူသူနှစ်ယောက်များ ဆုံမိရင်လေ
တခုခု ပြောဆို ဆွေးနွေးနေရချိန်ကောာာ
ဘာမှ နပြောပဲ နှစ်ယောက်အတူ ငြိမ်သက်တိတ်ဆိတ်နေချိန်တွေပါ
အဓိပ္ပာယ်ကို ရှိလို့
ဒီရွာထဲမှာ ကျနော်နဲ့ စာပေရေးရာ ဝါဒတူတဲ့ ရေးချင်တဲ့ပုံစံတွေ စိတ်တူကိုယ်တူရှိတဲ့
.ကောင်မလေးတစ်ယောက် ရှိတယ်။
သူနဲ့ နှစ်ယောက် ပူးပေါင်းပြီး စာပေပုံစံတစ်ခု ဖန်တီးဦးမယ်
:k:
Mike
April 7, 2015 at 11:19 am
.ကျေးရွာတွေရဲ့ ခုလက်ရှိအနေအထားကို ပုံပေါ်အောင်သရုပ်ဖေါ်နိုင်ပါရဲ့ဗျာ
ခင်ဇော်
April 7, 2015 at 12:28 pm
ရွာမပြောပါနဲ့။
ရန်ကုန်မှာ ဖဘကို လမ်းပေါ်မှာ ခြင်ကိုက်ခံပြီး ဖုန်း ၂ လုံး ဘယ်ညာကိုင်ပြီး ပြောခဲ့ရတာပါ။
မိတဲ့နေရာ ရပ်ဆိုရင် မြောင်းစပ်လောက်ရောက်သွားရော။
:a:
naywoon ni
April 7, 2015 at 7:09 pm
ခုနေဝန်းနီ တို့မြို့မှာတော့ ဖုန်းလိုင်းတွေ များလာလို့လား မသိ အဲ့လောက်ဒုက္ခ ခံစရာမလို ။ အိပ်ယာထဲကလည်းမိတယ် ။ အိမ်သာထဲကလည်းမိတယ် ။ လိုင်းမိလွန်းလို့ တောင်စိတ်ညစ်နေရသေးတယ် 🙂