“ဘငါးလုံး” ပညာရေး ဖြေပေးကြစေလို (Credit to Tin Nyunt)

Travis ZawApril 18, 20151min3415

https://www.facebook.com/tin.nyunt.338?fref=ts

ပလေတိုပြောသွားဖူးတဲ့ စကားတစ်ခွန်းကို ပြန်ပြီးတော့ ကိုးကားချင်ပါတယ်။

“ကလေးသည် မသင်ယူချင်လျှင် သင်ကြား၍မရ” ဆိုတဲ့ စကားပါ။
ခု ဆရာတို့ ဆရာမတို့ သင်ကြားနေတဲ့ ကလေးတွေဟာ တကယ်သင်ယူချင်လို့ သင်နေကြတာလား၊ မိဘတွေက အတင်းလာပို့ထားလို့ သင်ကြားပေး နေကြရတာလား။ ပြန်စဉ်းစား ဖူးပါသလား။

ကျောင်းဆိုတာ လေးဘက်နံရံကာထားပြီး၊ ကျောင်းတက်လျှင် ဝင်းဝတံခါးကိုပါ ပိတ်ထားကာ ပတ်ဝန်းကျင်နဲ့ အဆက်ဖြတ်လိုက်သော နေရာကို ကျောင်း လို့ ထင်ထားစဲဆိုရင်တော့ ကျွန်တော်တို့ ခေတ်ကို မမြင်တော့ဘူးလို့ ဆိုရမယ်ထင်တယ်။

ဆိုဗီယက်ရုရှားခေတ်က သတင်းကားတိုလေးတစ်ခုကိုကြည့်ဖူးတယ်။ ပါမောက္ခကြီးတစ်ယောက်က မူလတန်း ကလေးတွေကို စာသင်တာ။ ကလေးတွေကို သစ်တောထဲခေါ်သွားတယ်။ စမ်းချောင်းလေးတွေကို ဖြတ်ကြ တယ်။ ပန်းလေးတွေ ခူးကြတယ်။ ခူးလာတဲ့ ပန်းလေးတွေကို အမည်ရွတ်စေတယ်။ စာလုံးပေါင်း ခိုင်းတယ်။ စမ်းချောင်းထဲက ကျောက်တုံးလေးတွေ ကောက်လာခိုင်းတယ်။
မင်းကောက်လာတာ ဘယ်နှတုံးလဲ။ တစ်..နှစ်..သုံး၊ ဟုတ်ပြီ …
သမီးကောက်လာတာကရော ဘယ်နှခုလဲ။ နှစ်ခု .. ဟုတ်ပြီ၊
မင်းတို့ နှစ်ယောက် ကျောက်တုံးလေးတွေ ဒီမှာ ပုံလိုက်၊ အားလုံး ဘယ်နှစ်ခုလဲ၊ တစ် .. နှစ် .. သုံး .. လေး .. ငါး၊ ဟုတ်ပြီ အဲဒါ ငါးခု။

ပါမောက္ခကြီးက ကလေးတွေကို သင်္ချာ သင်နေတာ။

ဟို တောင်ကုန်းပေါ်မှာ ရပ်နေတာ ဘာကောင်ကြီးလဲ။ သိုး တစ်ကောင်။ သိုးကို ဘယ်လို ပေါင်းသလဲ။
ကလေးတွေ အလုအယက် အော်ကြ၊ ပျော်ကြ။ ဘာကျောက်သင်ပုန်းမှ မလို၊ မြေဖြူမလို၊ စာအုပ်မလို၊ ခဲတံ မလို။ သဘာဝစာသင်ခန်း။ ပတ်ဝန်းကျင်ကျောင်း။ ကြည်နူးစရာ ကောင်းလိုက်တာ။

ရာသီဥတု မကောင်းတဲ့အချိန် ကျောင်းခန်းထဲမှာ ကလေးတွေ ထည့်ထားတယ်။ ကျောင်းခန်းက ဆူညံနေ တယ်။
ရွှံ့တွေနယ်တဲ့ကလေး၊
ဒရမ်တီးနေတဲ့ကလေး၊
ပန်းချီဆေးတွေကို လိုက်သုတ်နေတဲ့ ကလေး၊
စာရွက်တွေကို ကတ်ကြေးနဲ့ ညှပ်ပြီး အရုပ်တွေ လုပ်နေတဲ့ကလေး။
ပါမောက္ခကြီးက စန္ဒရားတီးနေတာကို သီချင်းလိုက်ဆိုနေတဲ့ကလေး။
အဲဒါကျောင်းဗျာ။ စာသင်နေတာဗျာ။ မူလတန်းကလေးကို ပါမောက္ခကိုယ်တိုင် သင်နေတာဗျာ။

အစဉ်အလာ ပညာရေးစနစ်ထဲမှာ နစ်မြောနေတဲ့ ဆရာတွေ ဆရာမတွေကို ကျွန်တော် မေးခွန်းလေး ငါးခုလောက် မေးကြည့်ချင်ပါတယ်။

– ဘယ်သူ့ကို သင်ကြမှာလဲ (WHO)
– ဘာကို သင်ကြမှာလဲ (WHAT)
– ဘယ်မှာ သင်ကြမှာလဲ (WHERE)
– ဘယ်အချိန်မှာ သင်ကြမှာလဲ (WHEN)
– ဘာကြောင့် သင်ကြမှာလဲ (WHY)

ဖြေကြည့်စမ်းပါ ဆရာတို့ ဆရာမတို့ခင်ဗျား။
မိဘတွေလည်း ဖြေကြည့်ကြစေချင်ပါတယ်။
သတင်းလောကမှာ သာမဟုတ်ပါဘူးဗျာ။

ပညာရေး လောကမှာလည်း “ဘ ငါးလုံး” သို့မဟုတ် “5W” ဆိုတာ ရှိပါတယ်။

ကျွန်တော် အားတဲ့အချိန် ဖြေပေးပါ့မယ်။ ဆရာ ဆရာမတို့ အမြင်တွေနဲ့ တူ၊ မတူဆိုတာကို တိုက်ကြည့်ချင်ပါ တယ်။

တစ်ခုတော့ သတိပေးချင်ပါတယ်။
စာသင်တာ လေးဘက်နံရံကာ ထောင်ထဲမှာ ပိတ်လှောင်ထားဖို့ဆိုတဲ့ အမြင်နဲ့ သင်ချင်တဲ့ ဆရာတွေဆိုရင်လည်း မဖြေချင်နေနိုင်ပါတယ်။
အဲဒီလို ထင်နေတဲ့ မိဘတွေလည်း မဖြေချင်ရင် ရပါတယ်။

Tin Nyunt
၁၈.၄.၂၀၁၅

5 comments

  • ခင်ဇော်

    April 18, 2015 at 7:51 am

    ဦးတင်ညွန့် က ပညာ ရေးအသိုင်းအဝိုင်းကလို့ သိထားပါတယ်။
    ဆရာ ရေးတာလေးတွေ လည်း သဘောကျရဲ့။

    ဒီ ရွာထဲ ပညာရေး စိတ်ဝင်စားသူတွေ အများကြီးမို့ လာဖြေပါလိမ့်မယ်။

    🙂

  • kai

    April 18, 2015 at 4:11 pm

    ခေတ်ပညာ၁ဝတန်းမအောင်တဲ့သူတွေက.. ကျောင်းကိုအုပ်ချုပ်သင်ကြားနေတဲ့.. ဘကပညာရေးအသက်ဆက်သွင်းနေသမျှ… မြန်မာ့ပညာရေးတိုးတက်လာဖို့မမြင်…။
    အဲ.. မြင်တာက.. ပိုပိုလို့.. ဆုတ်ယုတ်သွားဖို့ပါပဲ..။

    ဆိုတော့…
    ယူအက်စ်ကကလေးကျောင်းတွေများ.. ကျောင်းပို့ချင်ချင်.. မပို့ချင်ချင်..ကလေးကို ကျောင်းကိုအစိုးရကအတင်းပို့ခိုင်း.. ကြောင်း..။
    ကလေးကျောင်းတိုင်း.. ဖွင့်ချိန်ကနေ.. ပိတ်ချိန်အထိ.. မိဘမဝင်ရ.. အပေါက်ကလှည့်ပြန်..။ အလုံပိတ်ဝင်း.. နံရံကာနဲ့ဖြစ်ကြောင်း….။ :k:

  • မြစပဲရိုး

    April 18, 2015 at 9:59 pm

    အဲဒီ “ဘ ငါးလုံး” (5W) ကို သိပါပြီ တဲ့
    “How” ဘယ်လို နည်း နဲ့ အဲဒါတွေကို အကောင် အထည်ဖော်မလဲ လို့
    သူတို့ က ပြန်မေး ကြမလားဘဲ ကိုတီဇော် ရေ။
    “ဘ” ခြောက်လုံး မှ ပိုပြည့်စုံ မလားလို့။ :))

  • ခင်ဇော်

    April 19, 2015 at 9:04 am

    Credit to Tin Nyunt
    ———-
    ရှက်ကြောပြတ်သူတွေကို ပြောရတာ မောပါ့ဗျာ

    မနေ့က Facebook ပေါ်မှာ ၉ တန်းကျောင်းသူလေးတစ်ယောက် စာမေးပွဲကျလို့ တိုက်ပေါ်က ခုန်ချပြီး ကိုယ့်ကိုယ်ကိုသတ်သေသွားတယ်ဆိုတဲ့ သတင်းနဲ့ ပုံကိုတွေ့လိုက်ရတော့ နှစ်တိုင်း လူစားနေတဲ့ ပညာရေးစနစ် ဒီနှစ်လည်း ပွဲဦးထွက် သွားပြန်ပြီဟလို့ စိတ်မကောင်းဖြစ်မိပါတယ်။

    ကျွန်တော် မနက်တိုင်း လမ်းလျှောက်ပါတယ်။ မနေ့က ကျောင်းသားလေးတွေ အောင်စာရင်းထွက်တဲ့နေ့ဆိုပြီး ကျောင်းတွေကို သွားကြည့်ကြတယ်။ ကျွန်တော်တို့ ခေတ်တွေတုန်းကလို အောင်စာရင်းကို မိုးမလင်းမီစောင့် ကြည့်ပြီး ပျော်ရွှင်စွာ ပြန်လာကြတာမျိုးတွေ မတွေ့ရတော့ဘူး။ ခေတ်ကပြောင်းနေပြီ။ အောင်မှာကို အတိအကျ သိနေလို့လားပေါ့။

    ဒီခေတ်မှာ စာမေးပွဲကျစရာအကြောင်း သိပ်မရှိတဲ့အထဲက စာမေးပွဲကျရတယ်ဆိုတဲ့ အဖြစ်ဟာ တွေးကြည့်ရင် နောက်ဆက်တွဲတွေ အများကြီးပဲ။ ကျွန်တော် သိပ်မပြောချင်ပါဘူး။ ခေတ်စနစ်ကိုက ဒီလိုပညာရေးမျိုးနဲ့ ကျွန်တော်တို့ ကလေးတွေကို အပေါစားပညာရေးဖြစ်အောင် လုပ်ထားတာဆိုတော့၊ အပေါစားပညာခေတ်မှာ ပညာကို တန်ဖိုးထားပြီး ကိုယ့်ကိုယ်ကိုသတ်သေသွားရတဲ့ သမီးလေးအတွက် တကယ့်ကို ဝမ်းနည်းကြေကွဲ မိတယ်။

    သမီးရယ် ဒီပညာရေး သမီး သတ်သေရလောက်အောင် ထိုက်တန်လို့လား။ သမီးအသက်ထက်ပဲ ဒီပညာရေးက တန်ဖိုးရှိနေရော့သလား။ တန်ဖိုးမရှိတဲ့ အလွတ်ကျက် အမှတ်ပေးပညာရေးစနစ်ကို ရွံရှာမုန်းတီးလို့ပဲ သမီးလေး သတ်သေလိုက်တာလား။ ဒါမှမဟုတ် ပညာရေးစနစ်အကြောင်းကို ကောင်းကောင်း နားမလည်တဲ့ အိမ်က မိဘတွေကြောင့် သူများအောင်လို့ မအောင်တာ ရှက်စရာလို့ ဖိအားတွေပေးလို့လား။ မတန်လိုက်တာ သမီးရယ်။ ကျွန်ပညာရေးခေတ်မှာ သမီးအသက် အဆုံးခံရလောက်အောင် မထိုက်တန်လိုက်တာ။

    ကျွန်တော် လူတော်တစ်ယောက်မဟုတ်ဘူးဗျ။ ၆ တန်းမှာ တစ်ကြိမ်၊ ရ တန်းမှာ တစ်ကြိမ် စာမေးပွဲ ကျဖူး တယ်။ စာမေးပွဲကျတော့ ကျောင်းထွက်ပြီး ဈေးရောင်းတော့မယ်လို့ အမေ့ကို ပြောဖူးတယ်။ အမေက ငိုလိုက် တာလေ။ သားရယ် အမေတို့ စာမတတ်လို့ ပင်ပန်းဆင်းရဲပြီး လုပ်စားနေကြရတာ။ ငါ့သားကို အဲဒီလို မဖြစ် စေချင်လို့ပါတဲ့။ ကျွန်တော် တစ်ချက်တည်းနဲ့ ကျောင်းပြန်တက်ဖို့ ဆုံးဖြတ်လိုက်တယ်။

    နောက်ပြီး ကျွန်တော်က လူဆိုး။ ထစ်ခနဲဆိုရင် ကျောင်းအုပ်ကြီး ရုံးခန်းရောက်နေပြီ။ ကျွန်တော်ရုံးခန်းရောက် တိုင်း မျက်ရည်ကျပြီး လိုက်ဖြေရှင်းပေးတတ်တဲ့ ဆရာမ ဒေါ်ပြုံးဝင်းဆိုသူသာ မရှိရင် ကျွန်တော် ဒီလိုဘဝမျိုးမှာ စာတွေ ရေးနိုင်မယ်မထင်ပါဘူး။

    ၉ တန်း သမီးလေးဟာ စာမေးပွဲကျလို့ ကိုယ်ကိုယ်ကို အသက်အဆုံးခံသွားရတယ်ဆိုတာ ဖြစ်ရိုးမှန်ရင် မြန်မာ့ပညာရေးစနစ်ကြီးရဲ့ အနေအထားကို ပညာရေးဝန်ကြီးနဲ့ လွှတ်တော်မှာ တလွဲဆံပင်ကောင်း ဇွတ်အော် နေတဲ့ အမတ်တွေကို ပြန်လည်ဆင်ခြင်ဖို့ တောင်းဆိုသင့်ပြီလို့ ထင်ပါတယ်။ သူများနိုင်ငံဝန်ကြီးတွေလို တစ်ခုခု ဖြစ်လာရင် တာဝန်ယူစိတ်နဲ့ နုတ်ထွက်တယ်ဆိုတာမျိုးမရှိတဲ့ ရှက်ကြောပြတ်ဝန်ကြီးတွေကို ပြောရတာ မောပါ့ဗျာ။

    ၁၉.၄.၂၀၁၅

  • Alinn Z

    April 20, 2015 at 5:05 pm

    ခလေးတွေ တော်တော်များများက သင်ချင်စိတ်ထက်
    သင်ပေးချင်စိတ်က ပိုများတယ်
    ငယ်ငယ်ခလေးတွေ အတော်များများ ဆရာ ဆရာမ လုပ်တမ်း ကစားကြတာကြည့်

Leave a Reply