ကျွနိုပ်တို့ မောင်နှမများ
တစ်နေ့သ၌ ကျွနိုပ်သည် အကြောင်းခြင်းရာ တစ်စုံတခု မသဲကွဲဘဲ စိတ်ဓာတ်ကျကာ ဝမ်းနည်းလျက် ဧည့်ခန်းအတွင်း ထိုင်နေစဉ်တွင် တက္ကသိုလ်တက်နေသော နှမတစ်ယောက်နှင့် ကိုးတန်းတက်နေသော ညီတို့မှာ ဘေးချင်းကပ် အခန်းတစ်ခုစီတွင် နေရာယူ၍ စာကျက်နေကြလေသည်။
ကျွနိုပ်မှာ စိတ်ဓာတ်ကျခြင်းနှင့် ဝမ်းနည်းရခြင်း၏ လက်သည်အကြောင်းအရာကို အသည်းအသန်စဉ်းစား လျက်ရှိစဉ်မှာပင် ၎င်းတို့မောင်နှမ နှစ်ယောက်၏ အပြိုင်အဆိုင် စာအံသံသည် တဖြည်းဖြည်း ဆူညံလာလေရာ မကြာမီ ရန်ပွဲဆင်တော့မည့် ရှေ့ပြေး အရိပ်လက္ခဏာဖြစ်ကြောင်း သတိပြုမိ၏။
ကျွနိုပ်သည် ရှေးယခင်က အငယ်များကို ရိုက်နှက်ညှဉ်းဆဲလေ့ရှိရာတွင် တုံ့နှေးဦးလေးသူ တစ်ယောက် မဟုတ် ရကား ဒင်းတို့နှစ်ယောက်သည် ကျွနိုပ်အား ကြောက်ရွံ့ကြသည်။ ယခုမူ အငယ်များအပေါ်တွင် ရိုက်နှက်ခြင်း သည် ကောင်းသောစေတနာထက် ဒေါသဖြင့် နှိပ်စက်လိုသော မိမိစိတ်အကြောင်း ကောင်းစွာမြင်မိ၍ နောင်တ ရကာ နောင်အခါ အငယ်များအပေါ် မရိုက်နှက်တော့ဟု အဓိဌာန်ုပြုထားလေရာ အရိုအသေတန်လေပြီ။
သို့သော် မည်သူ့ကိုမျှ မရိုက်နှက်ဖူးသော အစ်ကိုကြီးရှေ့တွင်ကား ဒင်းတို့သည် ဤသို့မပြုဝံ့ကြသည် အဘယ် ကြောင့်ပေနည်းဟု စဉ်းစားမိပြန်သည်။ ကျွနိုပ်ထက် နှစ်နှစ်မျှသာ ကြီးသော အစ်ကိုကြီးသည် တည်ကြည်စွာ နေလေ့ရှိ၏။ ကျွနိုပ်ကား အပြင်တွင်ခပ်တည်တည်နေသလောက် အိမ်သားများနှင့်ရင်းနှီးသော သူငယ်ချင်းများ ရှေ့တွင် ပေါချာချာ အပြုအမူများကို မကြာခဏပြုတတ်၏။ အစ်ကိုကြီးသည် အဘယ်သို့ရောက်သည်ဖြစ်စေ နှမနှင့်ညီအတွက် တစ်စုံတရာကို သတိတရ ဝယ်ခြမ်းလေ့ရှိ၏။ ကျွနိုပ်ကား လွန်စွာစေးနှဲ၏။ အငယ်များအပေါ် တွင် ညှာတာခြင်းမရှိ။ အလိုလိုက်ခြင်း ကင်း၏။ အားကိုးလောက်သော အစွမ်းအစနှင့် တွယ်တာလောက်သော အကြင်နာတရား ခေါင်း ပါးနေခြင်းကြောင့် ငါ့ကို မထီမဲ့မြင့်ပြုရော့သလားဟု ဆက်လက်စဉ်းစားရာ ပိုမို စိတ် ဓာတ် ကျကာ ဝမ်းနည်းလာလေ၏။ ကိုင်း ဒီတစ်ခါ ဒင်းတို့အလိုကို လိုက်၍နေမည်ဟု သဘောပိုက်ကာ တစ်စုံတရာ မဟန့်ဘဲ အသာထိုင်နေ၏။
စာကျက်သံကား တိုး၍ကျယ်လာ၏။ နှမဖြစ်သူက –
“ဟဲ့ ..တိုးတိုးကျက်စမ်း..ငါ အာရုံစိုက်လို့မရဘူး..။”
“အောင်မယ်..နားပိတ်ထားကွယ်..ကိုယ့်ပါးစပ်နဲ့ကိုယ်ကျက်တာ ဘာဖြစ်လဲ..။”
ဒင်းတို့မောင်နှမကား အဘယ်ဘဝက ရေစက်ဖြင့် ဤဘဝတွင် တစ်အူထုံဆင်း မောင်နှမအရင်း ဖြစ်လာဘိ သနည်းဟု မတွေးတတ်အောင်ပင်။ မျက်နှာချင်း ဆိုင်၍မျှမရချေ။
“ကိုင်း..ကိုယ့်စာကိုယ် အေးအေးကျက်ကြကွယ်..မဆူကြနဲ့..။”
ရွှေပြည်အေး တရားဝင်ဟော၏။
နှမ။ ။“ဒီနှစ် အောနပ်စ်ဝင်အောင်ကြိုးစားရမှာ ကိုလေးရဲ့..။ ဟို နချီးပဒီးကောင်က ကိုးတန်းအောင်ရုံဆို ဆယ်တန်း တန်းနေမှာပဲဟာ..။”
ညီ။ ။“အောင်မယ်.. ငါ့လား နချီးပဒီး..တီးလိုက်လို့ သချီးယိုးဒယားက သွားမယ်..။ ဘယ်အတန်းဖြစ်ဖြစ် အရေးကြီးတာပဲ..ဟုတ်ရဲ့လား ကိုလေး။”
“ကိုင်း တန်ကြပါ..။”
ခဏကြာသော် ညီဖြစ်သူသည် တေးထပ်တစ်ပုဒ်ကို အသံနေအသံထားနှင့် ဟစ်၍ဆိုလေရာ နှမဖြစ်သူက ကန်တော့ပါသေးရဲ့ကွယ်..ဘယ့်နှယ် ခွေးတွေက တယ်အူသကိုး ကိုလေးရဲ့ဟု ဆိုရာ ညီဖြစ်သူက ဟဲ့ နင့်ကျက်တဲ့ ရူပဗေဒက အင်္ဂလိပ်လို..။ ကန်တော့ပါသေးရဲ့ဆိုတာ ပါလား..။ ငါ့စောင်းမပြောနဲ့ ဟု ပြန် အော်၏။
နှမ။ ။ “ဟဲ့..ဒဒေါင်းဇား(သူတောင်းစား)..နင့်ဘာသာကြားတာ..ကန်တော့ပါသေးရဲ့ဆိုတာ..။”
ညီ။ ။“ အောင်မယ်..ဗြောင်မလိမ်နဲ့ ခွက်စောင်းခုတ်မ.. ကိုလေး သက်သေရှိတယ်..။”
ကျွနိုပ်ကား ပါးစပ်ပိတ်ကာ ငြိမ်နေ၏။
နှမ။ ။ “နင့်လိုကောင်မျိုး သေအောင်ကြိုးစား..ချာတူးလန်က ချာပရာစီပဲ ဖြစ်မှာ..။”
ညီ။ ။ “ငါ့များပြောရ ရှိသေး..နင်ရော ဖြစ်လွန်းလှ ဂျာဒူးဝါးလား ကတော်ပဲ ဖြစ်မှာ..။”
နှမ။ ။ “ဘာတုန်း ဂျာဒူးဝါးလား…။”
ညီ။ ။ “ချီးကျုံးကုလား ပေါ့ကွယ်..။”
ကျွနိုပ်။ ။“ချီးကျုံးကုလား မရှိတော့ပါဘူးကွယ်..ဟိုတုန်းက ဂါလီဝါးလား ခေါ်ထင်ပါရဲ့..။”
ကျွနိုပ်ကား ဝင်လျှာရှည်မိ၏။
ခဏမျှ တိတ်သွားပြီးနောက် အပြိုင်အော်ဟစ်ကြပြန်ရာ ခေါင်သော အရပ်မို့တော်ပေသည်။ နို့မို့ အရပ်က ခဲနှင့်ဝိုင်း ပေါက်တာနှင့် အိမ်ပြိုမှာပဲဟု စဉ်းစားမိ၏။
နှမ။ ။ “ဟဲ့ နင့်အသံဆိုးကြီးကို တိုးစမ်း..တကတည်း ခွေးတစ်ထောင် ကြောင်တစ်သိန်း ပြိုင်အော်နေတာလိုပဲ။”
ညီ။ ။“ အောင်မာ..နင့်အသံက သာဆိုးသေးတယ် ပုရစ် အသချေင်္ ဝိုင်းအော်နေသလိုမျိုး..။”
ထိုခဏ၌ တိရစာ္ဆန်ပေါင်းစုံအသံ၊ လောက၌မကြားဖူးသော အထူးထူးသော အသံတို့ကို တစ်ယောက်တစ်မျိုးစီ ပြု၍ ပြောင်လှောင်အော်ဟစ်ကြလေရာ ကျွနိုပ်လည်း အံ့ဩမိ၏။
ထို့နောက် မောင်နှမနှစ်ယောက်တို့သည် အခန်းနှစ်ခုမှ အသီးသီးထွက်လာ၍ မျက်နှာချင်းဆိုင်ကာ စစ်ပြုရန် ပြင်ကြလေ၏။
ညီ။ ။“ ဘီလူးမ အချဉ်ထုပ်ဝါးတဲ့ မျက်နှာနဲ့ လာမကြည့်နဲ့။”
နှမ။ ။“နင်က မျောက်ဟိုဒင်း သမန်းရှတဲ့ မျက်နှာမျိုး။”
ညီ။ ။“နှဖူးမောက် နှာယောင်ကောက် မျောက်ဘီလူးမရုပ်။”
နှမ။ ။“အသားမဲ.. သွားကျဲ နွားပွဲစားရုပ် ဟဲ့။”
ညီ။ ။“လူက တစ်ဆုပ် သွားက အပြုတ်လိုက်နဲ့ ဂုစာ္ဆမ..။”
ဖခင်ဘက်မှ အမွေအနှစ်ဖြစ်သော မညီညာသည့် သွားများကို ကျွနိုပ်တို့ မောင်နှမ အမွေခံကြရကုန်၏။ နှမဖြစ်သူမှာ ငယ်စဉ်က ကလေးချင်းကစားရင်း ချော်လဲကာ နှာခေါင်းရိုးကျိုးဖူးသဖြင့် ကျွနိုပ်တို့ကဲ့သို့ ထင်ပေါ်သော နှာခေါင်းမရှိရှာပေ။ ညီဖြစ်သူမှာလည်း အလည်အပတ် အကစား များသဖြင့် အသားမဲရှာ၏။
နှမ။ ။“နင့်ရုပ်က ပုစွန်မီးဖုတ် ပုလွေမှုတ်နေတဲ့ ရုပ်။”
ထိုရုပ်ကိုမူ ကျွနိုပ် မှန်းဆ၍ မရပေ။
အယုတ္တ အနတ္တများ ဆဲဆိုပြီး လက်နက်ကိုင်စွဲ တိုက်ခိုက်ရန် အလျင်အမြန် ရှာကြရာ ညီဖြစ်သူက စကောကို ကိုင်မိ၏။ နှမကား ယောက်မကို စွဲ၏။
နှမ။ ။“အမယ်..မယ် စကောလောက်မှ စောက်မနက်တဲ့ အကြံနဲ့ စကောကိုင်သလားဟဲ့..။”
ညီ။ ။“ ဪ..နင်က သမီးကလေးတော်လှ.. ယောက်မမြင်းစီး ထွက်မယ် အကြံနဲ့ကိုး..။”
နှမ။ ။“ဟဲ့..ယောက်မ နဲ့ ဗြောင်းခနဲ ချလိုက်ရရင် စောင်းသမျှ သွားတွေ အကုန်တည့်သွားမယ်..။”
ညီ။ ။“စကောနဲ့ ဗြောတပ်လိုက်ရင် ခေါသမျှသွားတွေ တောထွက်ပြီး ဘုရားပတ်ဖူးသွားမဟဲ့..။”
ထိုစကားများပြောနေခိုက်တွင် ၎င်းတို့မျက်နှာများသည် စပ်ဖြီးဖြီးဖြင့် တစ်ဖက်သားမခံချင်အောင်ပြော၍ ပြောပြီး ခဏတွင် ချက်ချင်း တင်းမာသော အမူအရာကို ပြောင်းပြကြရာ အပေါစား ဗမာရုပ်ရှင်ကားများထဲက လူရွှင် တော်များ သရုပ်ဆောင်နေသကဲ့ မြင်ကြရမည် ဖြစ်၏။ ကျွနိုပ်ကား ရီရမလို ငိုရမလို ဖြစ်နေရာ ဗမာကားများကို လည်း စိတ်ထဲက ကျိန်ဆဲမိပြန်၏။
မကြာမီတွင် ၎င်းတို့သည် ပြင်းထန်စွာသတ်ပုတ်ကြလေရာ ကျွနိုပ်လည်း ကျားဟိန်းသကဲ့သို့သော အသံမျိုးကို ပြု၍ ဟန့်၏။ သို့သော် ထိုအသံမှာ ကိုရီးယားကားများမှ မင်းသားများဒေါထ၍ ရုတ်တရက်အော်သော အသံနှင့် သွား ဆင်လေရာ တစ်စက္ကန့်သာသာမျှ မောင်နှမနှစ်ယောက်တို့သည် ရပ်တန့်သွားလေသည်။ ထိုခဏ၏ မြင်ကွင်းမှာ တစ်ယောက်က တစ်ယောက်ဆံပင်ကို ဆွဲထား၏။ တစ်ယောက်က တစ်ယောက် အင်္ကျ ီစကို ဆွဲထားပြီး လက်နက်များမှာလည်း ထိုးခုတ်ရိုက်နှက်မည့် အသွင်ဖြင့် ကိုင်မြှောက်ထားကြကာ ကျွနိုပ်ကို အံ့ အားသင့်သော အမူအရာများဖြင့် ကြည့်ရှုနေပုံတည်း။ ကျွနိုပ်လည်း ထိုမြင်ကွင်းကို ကြည့်ကာ ရယ်ချင်သော စိတ်ကို အောင့်အီးထားရသဖြင့် ပြောင်ဖြီးဖြီးမျက်နှာ အထင်းသားပေါ်လာလေရာ ကျွနိုပ်ကို ဂရုမပြုတော့ဘဲ စစ်ပွဲကို ဆက်လက်ဆင်နွှဲကြသဖြင့် ကြည့်မိသော ကိုရီးယားကားများကို ကျိန်ဆဲမိပြန်၏။
၎င်းတို့ စစ်ပွဲမှာ ကက်ရှရယ်လတီ နှင့် ကိုလက်ထရယ် ဒမ်းမေ့ဂျ် အတော်များလာ၏။ နှမမှာ စကာခုတ်ခံရသ ဖြင့် မျက်နှာ ညိုနေ၏။ ညီမှာ ယောက်မနှင့် အရိုက်ခံရသဖြင့် မျက်နှာ ဖူးလာ၏။ အိမ်သုံးပစ္စည်း တိုလီမုတ်စများ မှာလည်း ကွဲရှ ကျိုးပဲ့ကုန်လေ၏။ နောက်ဆုံးတွင် မည်သူကြောင့်ဟူ၍ အတပ်မဆိုနိုင်သော ပယောဂဖြင့် ရှေး ဟောင်း မှန်ဗီဒို ကြီးကွဲမှ လက်နက်များကို စွန့်ပစ်ကာ သူ့ကြောင့် ငါ့ကြောင့်ဟူ၍ ပါးစပ်စစ်ကို ဆက်လက်နွှဲကြ လေ၏။ ကျွနိုပ်လည်း အကွဲအရှ အကျိုးအပဲ့များကို သိမ်းဆည်းရန် စက္ကူအိတ် တစ်လုံး၊ တံမြက်စည်း၊ ဂေါ်ပြား တို့ကို ယူငင်လေ၏။ မှန်ဗီရိုမှာ ဘိုးဘွားတို့ မင်္ဂလာဦးပစ္စည်း ဖြစ်သည်။ ကျွနိုပ် ပုံတူဆွဲထားသော ဆယ့်ခြောက် နှစ်သမီးအရွယ် ဖွားအေ၏ မျက်နှာမှာ ရှုံ့တွလျက်ရှိ၏။ ထိုအရာများကို ဝိပဿနာတင်ကာ ဆင်ခြင်လျက်ရှိ သည်တွင် အိမ်တံခါးမသည်း ဒိုင်းခနဲပွင့်လာကာ မောပန်းခြင်း၊ အံ့ဩခြင်း၊ ဒေါသထွက်ခြင်းတို့ဖြင့် ရောပြွမ်း သော မိခင်ကို မြင်ရလေ၏။ စစ်ပြုသူ သင်းတို့နှစ်ယောက်ကား သေခါနီးသော ကိုရီးယား မင်းသား မင်းသမီး တို့၏ ဒရာမာ အချိုးဖြင့် ငိုညည်းပြကြလေရာ မိခင့်ဒေါသ သည် ကျွနိုပ် အပေါ်သို့ တည့်တည့်ကြီး စူးလေတော့ ၏။
မိခင်။ ။ “အသုံးမကျတဲ့ ဟဲ့ လူဗာလကောင်..အငယ်တွေကြားထဲ ငုတ်တုတ်ကြီးနဲ့ ဝင်မထိန်းဘူးလား..
ဘာလုပ်နေသတုန်း…XXXXXX…XXXXXX…..XXXXXX..။”
ကျွနိုပ်ကား ပိုမို၍ စိတ်ဓာတ်ကျခြင်းနှင့် ဝမ်းနည်းခြင်းတို့ကို ခံစားရလေရာ ဘာမဆိုင်ညာမဆိုင် နောင်များဖြင့် ဗမာကားနဲ့ ကိုရီးယားကား မကြည့်တော့ပါဟု အဓိဌာန်ပြုမိလေသတည်း။
49 comments
Alinsett @ Maung Thura
May 6, 2015 at 3:49 pm
နချီးပဒီးကောင် ဆိုတာကို အင်းဂလိပ်လို…ဆို…ဘယ်လို သုံးလဲ ငင်
မောင်ဘလိူင်
May 6, 2015 at 4:25 pm
မပြောတတ်ပေါင်ဗျာ..။
ခင်ဇော်
May 6, 2015 at 3:59 pm
ဟမ်မငေးးး
ကောင်းလိုက်တဲ့ ဥမပါ အဲလေ ဥပမာ လင်္ကာမြောက် စကားတွေပါလားကွယ်ရို့!!!
မောင်ဘလိူင်
May 6, 2015 at 4:26 pm
အစ်မရေ..မသိရင် လုပ်ကြံရေးတယ်ထင်မယ်..အပြင်မှာ ဒီထက်ဆိုးသဗျ..။
Crystalline
May 6, 2015 at 4:50 pm
အိမ်မှာ အစိကိုကြီးကိုတော့ အကုန်ချစ်ကြောက်ကြတယ်…. အကိုလတ်နဲ့အစ်ကိုငယ်ကတော့… စကားများသံမကြားရဘဲ… ခွပ်ခွပ်နဲ့ထိုးကြိတ်ကြတာ… ငယ်ငယ်ကတခါတလေမြင်ဖူး… သူတို့က အသံတစ်စက်မထွက်ဘူးရယ်,…အမှန်တကယ်ကိုသတ်ပုတ်တာ.. :mrgreenn: ကိုယ်ကတော့ အစ်ကိုငယ်ကိုကြည့်မရသူမို့…သူခံရရင်ဝမ်းသာတာ.. :loll: အသက်၁ဝနှစ်ကျော်ကွာပြီး တစ်ချက်မှမျက်နှာကြောမတည့်တဲ့အစ်ကိုငယ်… ဆုံးသွားတာ..ဆယ်နှစ်ပြည့်တော့မယ်..
ခင်ဇော်
May 6, 2015 at 5:09 pm
ဒါရှို ၂ ယောက် ကျန်သေးးတယ်ပေါ့နော်
:k:
မောင်ဘလိူင်
May 6, 2015 at 5:20 pm
လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကပဲ အစ်ကိုကြီး ဆုံးရှာပါတယ်။ အသုဘမှာ ဒီမောင်နှမ ရန်ဖြစ်ပုံက
အပူရုပ်နဲ့ လူလုပ်နေတဲ့သူတွေကို ငိုမလို ရီမလိုတောင် ဖြစ်သွားပါသေး။ ညီက ဖဲဝိုင်းမှာ အကောက်ဝင်ကောက်ပြီး ရတဲ့ပိုက်ဆံနဲ့ ဝင်ရိုက်။ နိုင်လို့ အိမ်ပေါ်ကို စပ်ဖြီးဖြီးနဲ့တက်လာ။
ထုံးစံအတိုင်း ရန်ဖြစ်ကြတော့ အစ်ကိုကြီးအလောင်း မေးငေါ့ပြလိုက်တယ်။
Alincho
May 6, 2015 at 4:55 pm
အပြိုင်ကြဲနေတဲ့ရန်ပွဲထဲကို ရောက်သွားသလိုပါပဲ။
မှန်ကွဲစစင်မှာစိုးလို့တောင် ရှောင်လိုက်ရသေး ဟီဟိ။
မောင်ဘလိူင်
May 6, 2015 at 5:20 pm
ဖတ်ရှုအားပေးလို့ ကျေးဇူးပါနော..
kai
May 6, 2015 at 5:24 pm
တော်တော်တန်ဖိုးရှိတဲ့…စာပဲ..။
စကားလုံးတွေတော်တော်ရလိုက်တယ်…
ရှိပ်စပီးယားလားမသိ…အဲလို ဆဲစာတွေပလူပျံနေတဲ့.. ပြဇတ်လေးလိုလိုရေးဖူးတယ်မှတ်တယ်….။
မောင်ဘလိူင်
May 6, 2015 at 5:41 pm
တိန်..!!သူဂျီး မနောက်ပါနဲ့..။ ရေးစရာစဉ်းစားရင်း သူတို့ရန်ဖြစ်တာ သွားသတိရလို့။
padonmar
May 6, 2015 at 7:28 pm
.အစက ပြုံးစေ့စေ့။
.’ပုစွန်မီးဖုတ် ပုလွေမှုတ်နေတဲ့ ရုပ်။”
.အဲဒါလေးလည်းရောက်ရော တယောက်တည်း တခိခိဖြစ်ရ။
.မောင်ဘလှိုင်က ဟာသလည်း ကောင်းပြန်ရော။
Mr. MarGa
May 6, 2015 at 7:29 pm
ကျနော်မြင်တဲ့ရေးဟန်က သိပ္ပံမောင်ဝနဲ့တူသလားလို့ဗျ
အမြင်သက်သက်ပါ အဟီး
ဖတ်ရင်း ပြုံးစိစိဖြစ်နေတာဗျိုး
မျက်လုံးထဲ ပေါ်လာအောင် ရေးတတ်ပါပေ့ 🙂
မောင်ဘလိူင်
May 6, 2015 at 8:23 pm
သူတို့ရန်ဖြစ်သမျှ လိုက်ရေးရရင် တစ်ထောင့်တစ်ည ထက်ရှည်သွားနိုင်တယ် အန်တီဒုံရေ..။ ရေးဟန်ကတော့ ရှေးဆရာကြီးများ စတိုင် ရောသမထားတာပဲ 🙂 🙂
မြစပဲရိုး
May 6, 2015 at 8:45 pm
အရီး လဲ ကျား ၃ မ ၁ ဘဲ ခရစ်လေး ရေ့။
ကျား တွေထဲ အတော် ရုန်း လာရတာ သိပ်တော့ မလွယ်။
မောင်ဘလှိုင် ရေ
ရန်မဖြစ်တဲ့ မောင်နှစ်မ အတော်ရှားမှာပါ။
ချစ်တာက ချစ်တာ သတ်သတ်၊ သတ် တာ က သတ်တာ သတ်သတ်။
သူကြီး ပြောမှ အသေအချာ ဖတ်ဖြစ် တယ်။
တကယ်တော့ ဒါ ဟာ ပညာ နဲ့ ရေးထားတာကို။
ဘာဘဲဖြစ်ဖြစ် ဖတ်လို့ ကောင်း တာ တော့ အမှန်ပါဘဲ။
အရီး တို့ ငယ်တုန်း ကတော့ အိမ်မှာ အလှစိုက်ထားတဲ့ ဂမုန်းပင်ကျိုး အောင် ကဲ ဘူး တဲ့။
ဘီရို မှန် ကွဲ တာ ကတော့ အကြိမ်ကြိမ်။ lol:-)))
မောင်ဘလိူင်
May 7, 2015 at 1:32 pm
နှမတစ်ယောက်ပါတာ မချစ်ကြလို့ဆိုပြီး အဆူခံရတယ်။ နှမကလည်း အင်မတန် ချစ်စရာကိုး
ခင်ဗျ..။ အရီးလည်း အဲသလိုပဲလား မသိ..ဟီ။
uncle gyi
May 6, 2015 at 9:54 pm
ရန်မဖြစ်ဖူးတဲ့မောင်နှမအတော်ရှားမယ်မှတ်နော်
မောင်ဘလိူင်
May 7, 2015 at 1:33 pm
ရှားတာပေါ့ အန်ကယ်ကြီးရယ်..။ သို့သော် ကျျွန်တော်တို့ မောင်နှမများဖြင့် ကြုံဖူးပေါင်၊ ဂုဏ်ထူးဆောင်
ဆိုရလိမ့်မယ်။
Ma Ma
May 6, 2015 at 10:33 pm
မောင်ဘလှိုင်ကို အပြင်မှာမမြင်ဖူးခင်က ဒီစာကိုဖတ်မိရင်…..
စာဂျပိုးမျက်မှန်ခေါ်မလား
ကောလိပ်ဂျင်နေဝင်းမျက်မှန်ခေါ်မလား
ကျွဲကော်ကိုင်းမျက်မှန်အနက်နဲ့ အသက်ခပ်ကြီးကြီး မှုန်တေတေရုပ်မျိုးကို မြင်ယောင်မိမှာပဲ။ :k:
ဒါ့ထက်….. အခုစာက ရေတွင်းပျက်လား၊ အဲ… ရင်တွင်းဖြစ်လား… :p:
မောင်ဘလိူင်
May 7, 2015 at 1:35 pm
ဖြစ်ရပ်မှန်တွင် အခြေခံသည်ပေါ့ အန်တီမမရယ်..။
surmi
May 6, 2015 at 10:37 pm
ဘာရယ်မဟုတ်
မြန်မာ့ရေးရာတွေနဲ့ အစားထိုးမြင်ကြည့်မိတယ်ဗျာ ။
ကိုဘလှိုင် လက်ရာဖြစ်လို့ အထူးအထွေပြောစရာကိုမလို။
ပြောမိရင် ကျနော် မြင်းထိန်းငတာဖြစ်တော့မှာ :hee:
မောင်ဘလိူင်
May 7, 2015 at 1:38 pm
ဦးဦးဆာမိ ..ကျွန်တော်က ရိုးရိုးရေးတာပါ ခင်ဗျာ..။နိုင်ငံရေးတွေ မပါပါဘူး..ဟီဟိ
မြင်းထိန်းငတာလည်း မဖြစ်ရပါဘူး။ ဖတ်ရှုပြီး အားပေးကြတဲ့အတွက် အားတက်
ဝမ်းသာရပါတယ်ဗျာ။
ဝင့်ပြုံးမြင့်
May 7, 2015 at 1:38 am
.ဝေါဟာရ သိပ်ကြွယ်ဝတာပဲ။ တနေ့မှာ ကိုဘလှိုင် ထိပ်သီးဖြစ်လာနိုင်တယ်။
Wow
May 7, 2015 at 10:00 am
မောင်နှမဒွေရန်ဖြစ်ရင် ဝေးဝေးကျိရှောင်နေ မွပြုံးပြောဒယ် ကိုဘလှိုင်ထိပ်သီးဖြစ်လာနိုင်တယ်ဒဲ့… ကြားထဲက အဆော်ခံရလို့ ထိပ်သီးဖြစ်နေမှာ မကျိရက်ပါဝူး ဟီးးးး
မောင်ဘလိူင်
May 7, 2015 at 1:41 pm
အန်တီပြုံးရေ ကျွန်တော်တော့ ထိပ်သီး ဖြစ်လာဖို့ မရှိပါဘူး။ ဝီရိယ အားနည်း
တာကိုး။
Ma Ma
May 8, 2015 at 7:40 am
သန်းကြွယ်သူဌေးကို ပြီးဆုံးသည်ထိ စိတ်ရှည်လက်ရှည် ရေးသွားတာကြည့်ပြီး မောင်ရင် ဝီရိယနည်းတယ်လို့ ကျွန်ုပ်တော့ မထင်မိပါဘူး။ :kwi:
မောင်ဘလိူင်
May 9, 2015 at 12:15 pm
အဲဗျ..ကျွန်တော် စာလုံးပေါင်းမှားနေတာပဲ ကျွန်ုပ်…။
ကျေးဇူးပါ အန်တီမမရေ။
hmee
May 7, 2015 at 10:14 am
ကိုဘလှိုင်ရေ အရေးအသား ရွှေဥဒေါင်းလား ထင်ရ။ မောက်နှမ နှစ်ယောက် ရန်ဖြစ်နပုံ ကွက်ကွက်ကွင်းကွင်းကို မြင်ယောင်။ 🙂
မောင်ဘလိူင်
May 7, 2015 at 1:47 pm
ဒါတောင် ချုံ့ရေးထားတာ အန်တီမှီရေ…သူတို့ ရန်ဖြစ်ရင် ပေါက်ပန်းဈေး
တွေ အရမ်းပြောကြတာပဲ..။
အောင် မိုးသူ
May 7, 2015 at 11:37 am
ဖတ်ရင်း ဖတ်ရင်း ရယ်မိသွားတယ်။ စာလေးနည်းနည်းလောက် လေးတာမှအပ အလွန်ကောင်းဗျ။
မောင်ဘလိူင်
May 7, 2015 at 1:48 pm
ရီရတယ်ဆိုလို့ ကျေးဇူးပါ အောင်မိုးသူရေ..။ စတိုင်လ်ကတော့ ရှေးဆရာကြီးများ စတိုင်လ်ယူ
ရေးလို့ပါ..။
ဂျက်စပဲရိုး
May 7, 2015 at 12:47 pm
ဖတ်မိတော့ ဘယ့်နှယ် ရွှေဥဒေါင်းကြီး ဟာသ ရေးနေသလား လို့ ထင်ရ…
သုံးသွားတဲ့ စကားလုံးတွေက ပြောင်မြောက်ပါပေ့ ခင်ဗျာ။
မောင်ဘလိူင်
May 7, 2015 at 1:51 pm
ဆရာကြီး ရွှေဥဒေါင်းက ဟာသ ဝတ္ထုတိုရေးဖူးတာပေါ့ ခင်ဗျ။ ရေးဟန်အတည်ကြီးနဲ့
ဟာသဆိုတော့ ထူးခြားသဗျ။
Shwe Ei
May 7, 2015 at 1:39 pm
-အိမ်မှာတော့ ညီအမလေးယောက်…အထက်အောက် ချလိုက်..အပေါ်ဆုံးနဲ့ အောက်ဆုံးချလိုက်..
-တစ်ယောက်ကျော်ပီး ချလိုက်နဲ့…အချိန်ပြည့် သောင်းကျန်းနေတာ..
-တစ်ဦးတည်းသော အကိုအကြီးဆုံးခမျာ..နေ့တစ်ပိုင်း ပြည့်အောင်တောင် အိမ်မှာမနေဝူး..သူငယ်ချင်းတွေ အိမ်လှည့်နေတာဘဲ..
-အမြင်မတော်လို့ ပြောမယ်ကြံရင်တောင်…သူ့ဘက်လှည့် ရန်စွာလို့ ဝင်မပါရဲရှာဘူး 😛
မောင်ဘလိူင်
May 7, 2015 at 1:52 pm
အစ်ကိုကြီးများကတော့ အငယ်များအပေါ် အများအားဖြင့် သဘောကြီးတတ်ကြပါတယ်
အန်တီအိ ရေ။
Mike
May 8, 2015 at 11:52 am
.ကျုပ်တို့ ညီအကိုတွေလည်း ငယ်ငယ်ကဆော်ကြတာပါပဲ
.အဲ့လိုတွေတော့မပြောတတ်ဘူးဗျ
.အိမ်နားကလင်မယား စကားများတာတော့ကြားဖူးတယ်..နဲနဲတော့ရိုင်းသဗျ
.ကျား…“မင်းရုပ်က ေ-ာက်-ုတ် စုန်းကုတ်ထားတဲ့ရုပ်နဲ့”
.မ… “ရှင်ကရောဘာထူးလည်း..အနူ-ီး ပန်းပုထုထားတဲ့ရုပ်နဲ့” တဲ့
.မုန့်ကျွဲ သဲဗန်း သေးပန်းထားတဲ့မျက်နှာ
.ပလာတာပျက် ကြက်ယက်ထားသလို….အို..စုံးလို့ပါပဲဗျာ
မောင်ဘလိူင်
May 9, 2015 at 12:16 pm
ဦးမိုက်တို့ အိမ်ဘေးက လင်မယားက ကြမ်းသဗျို့။
စကားလုံး အသစ်တွေ ဟီဟိ
လုံမလေးမွန်မွန်
May 8, 2015 at 12:02 pm
ဟီးဟီး.. အဲ့ရန်ပွဲကို အပြင်မှာ တကယ်တွေ့ရရင် စိတ်မထိန်းနိုင်ဘဲ အော်ရယ်မိမှာ.. အခုတောင် စာဖတ်ရင် တဟီးဟီးနဲ့…. ဝေါဟာရတွေ အတော်တိုးသွားတယ်.. :k: :k:
မောင်ဘလိူင်
May 9, 2015 at 12:18 pm
တကယ်ပါ..လုံမလေးရေ…တို့ ညီအစ်ကို မောင်နှမ တွေ၊ ဝမ်းကွဲတွေရောအပါဆို
ဆယ့်တစ်ယောက်ရှိတယ်။ ဘေးနားက လာကြည့် အူတက်နေရမယ်။
naywoon ni
May 8, 2015 at 7:36 pm
မောင်နှမ နှစ်ယောက်ထက်ပိုရင် မြန်မာမိသားစုတွေရဲ့ စရိုက်က ထိုနည်းနှင်နှင်ပါပဲလေ 🙂
မောင်ဘလိူင်
May 9, 2015 at 12:21 pm
ဟုတ်ပါ့ ဦးနီ ရေ။ ငယ်တုန်းက ရန်ဖြစ်တာ ပြဿ နာမရှိပေမယ့် ကြီးတဲ့ တစ်ယောက်နဲ့တစ်ယောက်
အကျိုးပျက်အောင် ဆော်နှက်တာတော့ မကောင်းတော့ဘူးပေါ့ခင်ဗျာ။
မွသဲ ( 17082011 )
May 9, 2015 at 9:50 am
ဂယ်ရီးရန်ဖြစ်ကြတာပေါ့ ရေးလဲရေးတတ်ပါ့ ကိုဘလှိုင်ရယ် စုံတကာစိသွားတာပဲ။ ပုဇွန်မီးဖုတ်ပလွေမှုတ်ကတော့ အရီရဆုံးပဲ
မောင်ဘလိူင်
May 9, 2015 at 12:23 pm
ပုစွန် ပုလွေမှုတ်တာ ကျွန်တော့် စကားလုံးမဟုတ်ဘူး အန်တီသဲ။ ဆရာကြီး ကုသလို့ ထင်တာပဲ။
ကျွန်တော့်စာအုပ်တွေ ယူဖတ်ကြရင်း အချင်းချင်း တွယ်ဖို့ ထုတ်သုံးဟန်တူပါတယ်။
နောက်တစ်ခုက အဲတုန်းက ဂါလီဝါးလားဆိုတာ ချီးကျုံးကုလား မဟုတ်ဘူး။
မြင်းလှည်းမောင်းတဲ့ ကုလားပါ။ ကျွန်တော် မှားပြေတာပါ။
မြစပဲရိုး
May 10, 2015 at 2:33 pm
. ကြုံတုန်းလေး ရင်ဖွင့်စရာ နေရာလေးမှာ အံထုတ်လိုက်ဦးမယ်။
အရီး မှာလဲ ရှိတဲ့ အစ်ကိုကြီး ဆုံးသွားတာ။
သူက လူပု စိတ်တို မဟုတ်ဘူး။ လူရှည် စိတ်တို။
ထစ်ကနဲ ဆို နဲနဲထန် တယ်။ ဇွတ်လုပ်တတ်တယ်။
အငယ်တွေ က ချစ်သလိုလို ကြောက်သလိုလို ပေါ့။
ဒါပေမဲ့ တကဲ့ စိတ်ရင်း က အင်မတန်ကောင်းတယ်လို့ ပြောနိုင်တယ်။
အရေးဆို ညှာတတ် သနားတတ်တယ်။
သူဆုံးပြီးချိန် အငယ်ဆုံး တစ်ယောက် က အိမ်ထောင်ပြုတယ်။
. နောက် သူ့မိန်းမ ကိုယ်ဝန်ရတော့ အရီး တို့ ရွှေမြန်မာများ ထုံးစံအတိုင်း ဗေဒင်ပြေးမေးကြရော။
သူတို့ အပြောအရ နာမယ်ကြီး ဆိုဘဲ။ ဘာ အကြောင်း မှ မသိတဲ့ တစ်စိမ်း ဗေဒင်ဆရာပေါ့။
(. ပြောရရင် အရင်ထဲက မောင်နှမတွေထဲ မိန်းခလေး တစ်ယောက် ဖြစ်တဲ့ အရီး က ဒါတွေ ကို လုံးဝ မယုံဘူး။
သူတို့ ကျား တွေ က ယုံကြတယ်။)
အဲဒီမှာတင် ဟိုက ပြောလိုက်တာ။
ခင်ပွန်း ရဲ့ အရင်းဆုံး ဆွေမျိုး ထဲ က ဆုံးတာ မကြာသေးဘူး မဟုတ်လားတဲ့။
အဲဒီ အမျိုးသား ပြန် ဝင်စားနေတာ ဆိုဘဲ။
သိတယ်မဟုတ်လား။ အရီး ပြောမဲ့ စကား။
“မယုံပါ” ဆိုတာ။
အဲဒီ ဗေဒင်က ဟောတဲ့ အတိုင်း ကျားကလေး မွေးလာခဲ့တယ်။
စိတ်ထဲလဲ သူ့ဟာသူ ဖြစ်လာတဲ့ လူကလေး ဆိုတာကလွဲ လို့ ထူးထူးခြားခြား မရှိပါဘူး။
သူ့ အဖေ ကိုယ့်မောင် ရဲ့ ပြောစကား အရ ဇွတ်လုပ်ချင်တဲ့ အမူအကျင့် တစ်ချို့ အတော်တူ ဆိုဘဲ။
သူကတော့ ပြန်ဝင်စားတယ် ဆိုတာကို ဝမ်းသာနေတာ။
ကိုယ်က အဝေးမှာမို့ ပို့တဲ့ ပုံလေးတွေ ဘဲ ကြည့်ပြီး သာမာန်လိုဘဲ ချစ်ခဲ့တာ။
နောက်ပြီး ဒီအကြောင်းနဲ့ ပါတ်သက်ပြီး အစ်ကို့ရဲ့ မိန်းမ (ယောင်းမအကြီး) ဆီကို နားမပေါက်စေဖို့ တားခဲ့တယ်။
အရည်မရ အဖတ်မရ သက်သေမရှိတာ တွေ ကို မသိစေတာ ပိုကောင်းပါတယ်။
ဒါပေမဲ့ မောင်ဘလှိုင် ရေ။
လူ့စိတ် ရဲ့ ထူးဆန်းချက် တစ်ခု ကို လက်တွေ့မြင်ခဲ့လိုက်တာ။
ဒီတစ်ခေါက် အိမ်ပြန်တော့ အဲဒီ ကလေး နဲ့ အပြင်မှာ ပထမဆုံး တွေ့ခဲ့တယ်။
“သား ဒါကြီးကြီး လေ” လို့ ပြောချိန် ကိုယ့်ကို လှမ်းပြီး စိုက်ကြည့်လိုက် တဲ့ သူ့အကြည့် မှာ တစ်ခုခု ကို ခံစားလိုက်ရတယ်။
သူ့က ငြိမ်ပြီး ကိုယ့်ကို စိုက်ကြည့်နေတာ အကြာကြီးဘဲ။
သူ့ကို ချီပြီး ဖက်ထားတော့ ကိုယ့်မျက်နှာကို သူ့လက် နဲ့ လာတို့ တယ်။
သူ့ကို တင်းတင်းဖက်ထားရင်း စိတ်ထဲ မဟုတ်ဘူး ငြင်းနေရင်း မျက်ရည်ဝဲ ပြီး စိတ်ထဲမယ် တစ်အားဝမ်းနည်း နေတာ သိနေတယ်။
“အယုံအကြည် မရှိ လို့ ကို ဒါဟာ မဖြစ်နိုင်တဲ့ အကြောင်း” လို့ သိနေလဲ တစ်ဖက် စိတ် က ဟုတ်နေခဲ့ရင် လို့ တုံ့ဆိုင်းဆိုင်း စဉ်းစားနေပြန်တယ်။
. လောလောဆယ်မှာတော့ အဲဒီ ကလေး က ကိုယ့်ရဲ့အချစ်ဆုံး ဖြစ်သွားခဲ့တာ ကိုလဲ ဘာကြောင့်လို့ မစမ်းစစ်ချင်တော့ပါဘူး။
ဒါပါဘဲ မောင်ဘလှိုင်ရယ်။
. မောင်နှမ ဆိုတာ ဘယ်လို ရန်ဖြစ်ဖြစ် တကယ်တော့ သံယောဇဉ် က နောက်က နေ တုတ်ပြီးသား လို့ ထင်တာပါဘဲ။
ဒီလို ပြောချင်တာ ပြောလိုက်ဖို့ အခွင့်ရတဲ့ ပို့စ်လေး အတွက် ကျေးဇူးပါ။
မောင်ဘလိူင်
May 11, 2015 at 12:34 pm
အရီးအဖြစ်ကတော့ စိတ်ပညာရှင်တွေဆိုရင် အလွယ်တကူရှင်းပြနိုင်ပါလိမ့်မယ်။
ကျွန်တော်သိသလောက်ကလေး ရမ်းတုတ်ရရင် အဲဒီကလေး မမွေးခင်ကတည်းက
အိမ်သားတွေ သဲသဲလှုပ်ပြီး ဗေဒင်မေးကြ၊ ထင်ရာတွေပြောကြတာမှာ ဦးတည်ချက်
ကတစ်ခုတည်းပါ။ အစ်ကိုကြီး ဝင်စားတယ်ပေါ့။ အရီးမယုံပေမဲ့လို့ အဲဒီလို အချက်
တွေက အရီးရဲ့မသိစိတ်မှာ Suggestion Planted ဖြစ်သွားပါပြီ။ အဲဒီတော့ ကလေး
နဲ့ နှဖူးတွေ့ဒူးတွေ့ အပြင်မှာတွေ့တဲ့အခါကြတော့ စိုက်ပျိုးထားတဲ့ အဖန်ဖန်စေ့ဆော်မှုက
သိစိတ်ထဲရောက်လာပါတော့တယ်။ မမြင်ဖူးတဲ့ သူစိမ်းတစ်ယောက်ကို ကလေးက ရိုးရိုး
ကြည့်တာပါ။ ညီအစ်ကို အရင်းကမွေးတာဆိုတော့ အစ်ကိုကြီးရဲ့ ငယ်ရုပ်ကလေးကလည်း
မသဲမကွဲထင်ဟပ်နေဦးမှာပဲ။ ငါသိလို့ စိုက်ကြည့်သတော်..ဟုတ်မှာပဲ..ဘာညာဆိုပြီး သိစိတ်
ကို အရူးလုပ်တော့တာပါပဲခင်ဗျာ။ ဒါတွေက အမှန်တော့ အရေးမကြီးပါဘူး အရီးရယ်။
ဘယ်လိုဖြစ်ဖြစ် ကိုယ့်တူကိုး နော။
kai
May 11, 2015 at 1:19 pm
အင်း..တွေးဆချက်တော်ချက်…။
ကျုပ်ကတော့..
လူသားတွေဟာ.. သူတို့ မီမိုရီကို.. စိုက်ကြည့်ရင်း(အမြင်..စက္ကုဒွာရ)ကရွေ့ပြောင်းပေးနိုင်တယ်ထင်တာမို့… သူတို့တွေကပဲ..ကလေးဆီရွေ့ပြောင်းပေးလိုက်ကြတယ်…ထင်နေ…။
ဒါက..မတူတဲ့အတွေး..။ :k:
manawphyulay
June 16, 2015 at 2:45 pm
လှတောသားရေးတဲ့ အရေးအသားဆိုတော့ တယ်လှ အရသာရှိပါလားဟရို့…
Ma Ma
June 16, 2015 at 6:59 pm
မောင်ဘလှိုင်လက်ရာကတော့ သူမတူအောင် ကောင်းလွန်းလှလို့ နောက်ထပ်ပိုစ့်လေးများကို မျှော်နေပါတယ်လို့စ် 🙂
aye.kk
June 17, 2015 at 11:29 am
ဖတ်လို့ကေါင်းလိုက်တာ။
အဖေအမေမောင်နှမတွေနဲ ့နေတဲ့ဘဝကိုပြန်သတိရလိုက်တာ။
မောင်နှမတွေဆိုတာကလည်းနီးတကျက်ကျက်ဝေးတသက်သက်ပါပဲ။