ကျွန်တော်တို့ရဲ့ အပျင်းစိတ်အမှိုက်တွေ
ခုတလော အမှိုက်အကြောင်း စဉ်းစားဖြစ်တယ်။ လူကြီးတွေက
ဘာရယ် ဘယ်လိုလုပ်မယ်ဆိုတာ သေချာမသိပေမယ့်။ ပထမဆုံး ကျတော်တို့
လမ်းလေးအကြောင်းပဲတွေးကြည့်လိုက်တယ်။
ကျွန်တော်တို့လမ်းလေးရဲ့ ဘေးမှာ မီးတားကွင်းတစ်ခုရှိတယ်။
ပြီးတော့ နောက်ထပ်တစ်လမ်း။ အဲသည်တစ်လမ်းရဲ့ဘေးက အလယ်တန်း
ကျောင်းလေးရှိတယ်။ အလယ်တန်းကျောင်းလေးရဲ့ ဘေးက ရပ်ကွက်
ကောင်စီရုံးရှိတယ်။
ပြောချင်တာ ကျွန်တော်တို့လမ်းလေးဘေးက မီးတားကွင်းက
အမှိုက်ပုံဖြစ်နေတာ။ အဲ့သည်အမှိုက်ပုံကလည်း ကျွန်တော်တို့နေကတည်းက
ရှိလာတာဆိုတော့လည်း အနီးအနားလမ်းတွေကအစ တခြားမျက်နှာချင်းဆိုင်
ရပ်ကွက်ကအဆုံး အမှိုက်ပစ်ကြတာပေါ့။
ကျွန်တော်တို့လမ်းလေးဟာ သံသုမာလမ်းကြီးနဲ့ ကျောချင်းကပ်ရပ်မှာ
တည်ရှိပါတယ်။ အဲသည်တော့ အမှိုက်ပုံဟာလည်း လမ်းမကြီးနဲ့ ကျောချင်း
ကပ်ရပ်ပေါ့။ သံသုမာလမ်းကြီးကနေ လမ်းကလေးတစ်ခုကိုချိုးဝင်တာနဲ့
အမှိုက်ပုံကိုတွေ့ရပါမယ် ပြီးရင် ညာကွေ့ရင် အလယ်တန်းကျောင်းလေးဘက်ကို
ဖြစ်ပြီး ဘယ်ကွေ့ရင် ကျွန်တော်တို့လမ်းလေးပါ။
အမှိုက်ပုံရှိတဲ့ လမ်းချိုးကလေးဟာ သံသုမာလမ်းမကြီးနဲ့ အနီးစပ်ဆုံး
ဆိုပေမယ့် လူသာဝင်လို့ရပြီး ကားဝင်လို့မရပါဘူး။ အဲသည်တော့ ကျွန်တော်တို့
လမ်းလေးကို ကားနဲ့ဝင်မယ်ဆိုရင် တခြားလမ်းတစ်ဖက်ကနေ ဝင်မှရပါတယ်။
မိုးတွင်းဆို အမှိုက်ပုံက အညစ်အကြေးတွေနဲ့ လမ်းလျှောက်ဖို့တောင်
ခက်ခက်ခဲခဲပါပဲ။ ဒီလိုနဲ့ အမှိုက်ပစ်လိုက် စည်ပင်က တစ်လတစ်ခါ နှစ်လတစ်ခါ
လောက်လာကျုံးသွားလိုက်နဲ့ သံသရာလည်နေတော့တယ်။
အရင်တုန်းကတော့ ကျွန်တော်တို့ရပ်ကွက်က လမ်းတွေဟာ
ကတ္တရာလမ်းတွေပါ။ ဒါဟာလည်း ကိုယ်ထူကိုယ်ထတွေပါပဲ။ နောက်တော့
ဦးအောင်သိန်းလင်းဟာ ကွန်ကရစ်တွေခင်းပေးပါတယ်။ ဘယ်ကနေ
ဘယ်လိုဖြစ်လည်း မသိပေမယ့်။ ကျွန်တော်တို့လမ်းရယ် တစ်ခြားလမ်းအချို့ရယ်
ကွက်ကာ ကျန်နေခဲ့ပါတယ်။ (မဲပေးတုန်းက သူ့ကို မပေးလို့လည်းဖြစ်တယ်လို့
ကြားမိပါတယ်။)
အရင်တုန်းက လမ်းတွေထဲမှာ အမြင့်ဆုံးဖြစ်တဲ့ ကျွန်တော်တို့လမ်းဟာ
အနိမ့်ဆုံးအဖြစ်ကို ရောက်သွားပါတယ်။ အားလုံးဟာ ကွန်ကရစ်တွေ ဖြစ်ကုန်
တာကိုး။ မိုးတွင်းကာလရောက်လာရင်ဖြင့် အရင်ရေမမြုပ်တဲ့ ကျွန်တော်တို့
လမ်းဟာ ရေစတင်မြုပ်ပါတော့တယ်။
သည်လိုနဲ့ မဖြစ်ဘူး ငါတို့လမ်းကွန်ကရစ်ခင်းရအောင်ဆိုပြီး တိုင်ပင်
ကြပါတယ်။ ကိုယ်ထူကိုယ်ထပေါ့။ ကွန်ကရစ်ခင်းရင်ဖြင့် လမ်းဘေးက အမှိုက်ပုံ
ကို ပပျောက်အောင်လုပ်။ ပြီးရင် သံသုမာလမ်းထိပါ ကားဝင်နိုင်အောင်
ဖောက်ကြမယ်လို့ တိုင်ပင်ပေမယ့် မတည်ပေးမယ့် ဘတ်ဂျက်က ထွက်မလာပါ
ဘူး။
ဘယ်လိုပဲဖြစ်ဖြစ် အနီးစပ်ဆုံး ကူညီပေးနိုင်မယ့် တစ်ယေက်တည်း
ဖြစ်တဲ့ ဦးအောင်သိန်းလင်းဆီသွား အနည်းငယ်မတည်ဖို့ပြောတော့ ဘိလပ်မြေ
အိတ်ငါးရာကို မတည်ပါတယ်။
သည်လိုနဲ့ စည်ပင်ကို တစ်ရက်ကို ကားတစ်စီးလွှတ်ပေးပါ မုန့်ဖိုး
အနည်းငယ်ပေးပြီး အမှိုက်ပုံကို စရှင်းပါတယ်။ တစ်ပတ်ကျော်ကျော်လောက်မှာ
အမှိုက်ပုံဟာ မရှိတော့သလောက်ဖြစ်သွားတဲ့အချိန် ခြံပါတစ်ခါတည်းခတ်။
လမ်းကို စတင်ခင်းပါတော့တယ်။
သည်လိုနဲ့ ကျွန်တော်တို့လမ်းလေးဟာ လမ်းမကြီးအထိ ကားပေါက်
ခဲ့ပြီး အမှိုက်ပုံကြီးပါ ကင်းစင်ခဲ့ပါတယ်။ လမ်းက လူတွေလည်း ညီတာပါတာပေါ့
လမ်းခင်းဖိုးအတွက် (၁၀)ပေကို တစ်သိန်းသုံးသောင်းစီ ထည့်ဝင်ခဲ့ကြပါတယ်။
ကျွန်တော်တို့အမှိုက်တွေပစ်ဖို့အတွက်တော့ စည်ပင်ဟာ
ကျွန်တော်တို့အနီးနားက မှတ်တိုင်နှစ်ခုမှာ အမှိုက်ပုံတွေမှာ အမှိုက်အိတ်နဲ့
အမှိုက်ပစ်ဖို့ စီစဉ်ပေးပါတယ်။ သူများနိုင်ငံတွေလိုလောက်တော့
အမှိုက်စနစ်မကောင်းပေမယ့် ကိုယ့်လမ်းကိုယ့်ရပ်ကွက် သန့်ရှင်းဖို့အတွက်
တော့ မပျင်းသင့်ဘူးမဟုတ်လား။
လမ်းလည်းပြောင်း အမှိုက်ပုံကြီးလည်း ပြောင်းသွားပေမယ့် မပြောင်း
သေးတာ လူအချို့ပါ။ ကိုယ့်အိမ်က ထွက်တဲ့ အမှိုက်မှန်သမျှကို အမှိုက်အိတ်နဲ့
ထည့်ပြီး စည်ပင်အမှိုက်ပုံရှိရာကို ပစ်ဖို့အတွက် ပျင်းရိကြပါတယ်။
အဲသည်တော့ သူတို့အမှိုက်တွေကို အိမ်မှာမရှိရင်ပြီးရောင်
နောက်ဖေးလမ်းကြားကိုပစ်ကြပါတယ်။ ကျွန်တော်တို့အိမ်မှာတော့ နောက်ဖေး
အမှိုက်အိတ်တစ်အိတ် ၊ အိမ်ရှေ့ အမှိုက်အိတ်တစ်အိတ် ထားပါတယ်။
ပြည့်သွားရင်တော့ စည်ပင်အမှိုက်ပုံးရှိရာကို သွားပစ်ပါတယ်။ ဒါကလည်း
နေ့တိုင်းပစ်စရာမဟုတ်ပါဘူး။
တစ်ရက်တော့ နောက်ဖေးမြောင်းလေးဖောက်ဖို့ ပေါက်တူးလေးနဲ့
နောက်ဖေးလမ်းကြားကို ကျွန်တော်ထွက်ခဲ့ပါတယ်။ အံ့ဩစရာတစ်ခုက
ကျွန်တော်တို့က ပျဉ်ထောင်အိမ်ပါ။ ကျွန်တော်တို့ကပ်ရ့်ဘေးအိမ်က ပစ်ထားတဲ့
အမှိုက်ဟာ သူတို့ အုတ်နံရံပေါ်မှာ ပုံလို့ပါ။ သူတို့ အပေါ်ထပ်ကနေ့ ကွမ်းတံတွေး
ကျွန်တော်တို့ဘက်ကို လှမ်းလှမ်းထွေးပါတယ်။
အတွေးလေးတစ်ချက်ရမိပါရဲ့ ။ ဘယ်လိုတွေပြောင်းလဲလာလာ။
တိုးတက်လာလာ တစ်ဦးတစ်ယောက်ချင်းစီရဲ့ အရိုးစွဲနေတဲ့ အပျင်းစိတ်မှ
မပြောင်းလဲရင် ဘယ်လိုလုပ်ကြမလဲလို့။
လေးစားစွာဖြင့်
အောင်မိုးသူ
7 comments
lu lu
May 22, 2015 at 11:06 am
ကိုယ့်စိတ်ထဲ့ကအမှိုက်တွေကိုအရင်းရှင်းသင့်တာပေါ့
🙂
အောင် မိုးသူ
May 22, 2015 at 11:19 am
စိတ်ထဲက အမှိုက်ကတော့ နေ့တိုင်းရှင်းနေရတယ်။
Ma Ma
May 22, 2015 at 4:02 pm
တာဝန်သိချင်၊ တာဝန်ယူစိတ်ရှိဖို့ (ကိုယ်ကအစ) လေ့ကျင့်ပျိုးထောင်ရပါမယ်။
ဒီမိုကရေစီစနစ်မှာ ကိုယ့်အခွင့်အရေးကို ရပိုင်ခွင့်ရှိသလို၊
သူများအခွင့်အရေးကိုလည်း မထိခိုက်စေရဘူးဆိုတာကို သဘောကျတယ်။ 🙂
ခင်ဇော်
May 22, 2015 at 4:15 pm
အမှန်တော့ လူတွေဟာလေ တခြားအရာတွေမှာ ငါ စွဲတွေထားပြီး
သန့်ရှင်းရမဲ့ နေရာတွေမှာ ငါစွဲမထားဘူးးး
ငါ့ အိမ်လေး သန့်အောင်
ငါ့ လမ်းလေး သန့်အောင်
ငါ့ ရပ်ကွက်လေး သန့်အောင်
ငါ့ မြို့လေး သန့်အောင်
ငါ့ နိုင်ငံလေး သန့်အောင် ဆိုတဲ့ ငါ စွဲ လေးတွေ ရှိသင့်ပါပြီ။
အောင် မိုးသူ
May 22, 2015 at 4:30 pm
စိတ်ကလေးတွေထားတတ်ဖို့ပေါ့။ သန့်ရှင်းအောင်တော့ အမှိုက်ကားတွေ ကိုယ်အိမ်ရှေ့မရောက်လာရင်လည်း နည်းနည်းအပင်ပန်းခံ အိတ်လေးနဲ့ သွားပစ်တော့ ဘာဖြစ်သွားမှာမို့တုန်း။
မြစပဲရိုး
May 23, 2015 at 1:05 am
ဒီတစ်ခေါက် အိမ်ပြန်တော့ လမ်းထိပ်မှာ အမှိုက်ပုန်း အစိမ်းရောင် အကြီးကြီး ချပေးထားတယ်။
အဲဒီမှာ အမှိုက်ပစ်ကြ တာမို့ အရင်ထက်စာရင် နဲနဲ တိုးတက်လာပြီ မှတ်တယ်။
နောက်ကျရင် ပစ်ရတာ နဲ့ မတန် အခွန်ကောက်မယ်လားမသိ။ lol:-))
Mike
May 23, 2015 at 11:07 am
.လူတွေကိုပြု ပြင်ရတာအခက်ဆုံးပါပဲ