မှတ်သားခြင်း သညာတဲ့

padonmarMay 24, 20151min135338

ဒွေးလေးပဒုမ္မာကို သူ့ညီမတော် မလတ်က ညဇီးကွက်လို့ နာမည်ပြောင်ပေးထားတယ်။
ဟုတ်လည်းဟုတ်တာပဲ။ဒေါ်ပဒုမ္မာက အလုပ်ကနေ ညနေ ၆နာရီခွဲလောက်မှာ အိမ်ပြန်ရောက်၊ရေမိုးချိုး၊ ထမင်းစားပြီးချိန် ည၈နာရီလောက်ကနေစပြီး ကမာ္ဘကြီးကို ဖန်သားပြင်ကနေ ချောင်းကြည့်လေ့ရှိပါတယ်။
ဒီကနေ့ညလည်း အီးမေးတွေ ဂျီမေးတွေကို အရင်စစ်၊စာပြန်စရာရှိတာတွေ စာစီပြီးပြန်၊တလက်စတည်း ဟိုဖက်မှာ tab တွေဖွင့်ထားပြီး အဂ္ဂမဟာ ဖွဘုတ်တော်ကြီးကနေ ဘယ်သူတွေ စုပြီး စားကြသောက်ကြသလဲ၊ငါ့အကြောင်းဘာတွေ ထည့်ပြီး tag ကြ mention လုပ်ကြသလဲဆိုတာ စစ်၊ မိတ်ဆွေတွေရဲ့ ဘာညာသာရကာတွေကို Like လုပ်ရ၊ Comment ပေးချင်တာလေးတွေပေးရ၊နောက် tab တခုကနေတော့ ဂဇက်ကို စိတ်ရှည်လက်ရှည် ဝင်ဖို့ကြိုးစားရ။အဲဒါတွေနဲ့ တင် နာရီလက်တံ ၂ပတ်လည်ပြီး ည ၁ဝနာရီ ထိုးပါလေရော။ ဖန်သားပြင်က Virtual world ကြီးက ဆွဲဆောင်အားကောင်းလိုက်တာ ဘေးက စကားလာပြောရင်တောင် မသိလောက်အောင်ပါပဲ။
တခါတလေ ထိုင်ရာကတောင် မထဖြစ်အောင် စွွဲလွန်းတော့ ညစဉ် ဘုရားရှိခိုး၊ပဋ္ဌာန်းပူဇော်မယ်ဆိုတဲ့ အဓိဋ္ဌာန်ကိုတောင် မေ့မေ့သွားတတ်တယ်။ဒါ့ကြောင့် ဖုန်းထဲမှာပါ ည ၉နာရီကစပြီး နာရီသံချောင်း Chyme မြည်အောင် application လေးထည့်ထားပြီး ကိုယ့်ဖာသာ သတိပေးရတယ်။ခုလည်း နာရီသံချောင်း မြည်ပြီမို့ ဖတ်လက်စ စာလေးကို ပြီးအောင် မြန်မြန်ဖတ်ပြီး ကွန်ပျူတာ ရှေ့က ထလိုက်ရပါတယ်။
သောက်တော်ရေ ဗန်းလေးကို မပြီး အိမ်ပေါ်ထပ် ဘုရားကျောင်းဆောင်ရှေ့ရောက်တော့ ည ၁ဝနာရီခွဲပါပြီ။
ဘုရားရှိခိုး၊သောက်တော်ရေ၊ခြေဆေးရေကပ်၊ဆီမီးကပ် ရွတ်ဆိုပြီး ထုံးစံအတိုင်း မေတ္တသုတ် ပဋ္ဌာန်းပစ္စယနိဒ္ဒေသ မပူဇော်ခင် သမန္တာ စက္ကဝါဠေသု လို့ နတ်ပင့်အစမှာ `ဒုံး´ကနဲ တစုံတခု ကျသံကြားလိုက်ရပါတယ်။တလက်စတည်း တဂျီဂျီ နဲ့ မော်တာလည်သံကို အဆက်မပြတ်ကြားလိုက်ရပါတယ်။

ဧကန္တတော့ အိမ်နားကပ်လျက်က စားသောက်ဆိုင်ကဖြစ်မှာပဲ။ ဒီဆိုင်ဟာ သူတို့ ဆိုင်ကို လာစားတဲ့သူတွေ ပြန်ချိန် ည၁ဝနာရီကျော်မှချည်း ဆောက်လုပ်ရေးတွေ ပြင်ဆင်ရေးတွေ ခိုးလုပ်တာပဲ။ စပြီး ဆိုင်ဖွင့်ဖို့ ပြင်ကတည်းက ှ အိမ်နီးပါးချင်း အားမနာ ညဖက်တွေမှ လက်သမားအလုပ် ပန်းရံအလုပ်တွေ လုပ်တာ။ ဆူလို့ သွားပြောမှ ဆက်မလုပ်ပဲ ရပ်ပေးတတ်တယ်။ ဟိုတခါလည်း ည၁ဝနာရီကျော်မှ အသံအကျယ်ကြီးထွက်တဲ့ ခြင်ဆေးမှုတ်စက်နဲ့ မီးခိုးတွေ မှုတ်လို့ သွားကန့်ကွက်ရင်း စကားများရပြီးပြီ။ခုလည်း ခိုးပြီး ပြင်ဆင်ရေးတွေ လုပ်နေပြန်ပြီ ထင်တယ်။

အဲသလိုတွေ တွေးရင်း ဒေါသက အလိပ်လိုက်တက်လာတယ်။

ငါ ပဋ္ဌာန်းပူဇော်တာ ပျက်သွားပါမယ်လေ၊ခဏတဖြုတ်ဆိုရင်တော့ သိပ်အလျင်လိုလို့ ဖြစ်မှာပါ။သည်းခံလိုက်ပါမယ်

ဆိုပြီး ထွက်လာတဲ့ ဒေါသကို မျိုသိပ်လိုက်ပါတယ်။
ပဋ္ဌာန်းပူဇော်နေချိန်မှာလည်း တဂျီဂျီမြည်နေတာက ပျောက်မသွားပါဘူး။ ရွေပေါ်စက်နဲ့ သစ်သားတွေ ချောနေသလား၊ဒါမှမဟုတ် ကျောက်စက်နဲ့ ကျောက်ပြား ကြွေပြားတွေ ချောနေသလား၊တခုခုပဲ။

ဟေတုပစ္စယောတိ

တကယ်ဆို စားသောက်ဆိုင် လူကျတဲ့ အချိန် မလုပ်ချင်ရင်လည်း နေ့လည်ခင်း ဧည့်ပါးတဲ့ အချိန် လုပ်ပေါ့။သူတို့ Customer ပဲ လူထင်တယ်။ အိမ်နီးနားချင်းတွေကျတော့ ရှိတယ်တောင်မထင်ဘူး။သူတို့ တိုင်းပြည်ဆို ဒီလို လုပ်လို့ရမလား။ဒါ ငါတို့တိုင်းပြည်ကို အထင်သေးလို့ ဥပဒေနဲ့ မညီတာကို လုပ်ကြတာ။

ဟေတူ၊ဟေတု သမ္ပယုတ္တကာနံ ဓမ္မာနံ ………….

သွားပြောလည်း ပိုင်ရှင် ထဆင်ထူးမက အင်္ဂလိပ်လို မတတ်ချင်ယောင်ဆောင်တယ်။အောက်က မြန်မာဝန်ထမ်းက နောက်မလုပ်ပါဘူး၊ပြောပေးပါမယ် တောင်းပန်ပြီး တကယ်တော့ ဘာမှ မလုပ်ပေးဘူး။

တံ သမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော …..

အဲဒါကြောင့် ဟိုနေ့က သူတို့ နှစ်ပတ်လည်အခမ်းအနား ဆိုပြီး ဖိတ်တာကို မသွားပဲနေလိုက်တာ ခပ်ကောင်းကောင်းပဲ။ဒီလို လူမှန်းမသိတဲ့ဟာတွေနဲ့ မိတ်ဆွေ မဖြစ်ချင်ပါဘူး။

အာရမ္မဏပစ္စယောတိ….

.ဒေါသထွက်လာပြီ၊မရပ်သေးဘူး။ဒါပြီးရင် သွားကိုပြောမယ်။…..

အဓိပတိပစ္စယောတိ….

.အိမ်နီးနားချင်း ရန်ဖြစ်တာ မကောင်းပါဘူး။သည်းခံလိုက်ပါ။…

…………………………………………………….
ဝိပါကပစ္စယောတိ….

ခုထိလည်း ဂျီတုံးပဲ။စည်ပင်ကို တိုင်မှ ထင်တယ်။စည်ပင်ဆိုတာကလဲ ကာတွန်းတွေထဲပါတဲ့ အတိုင်း………………။

……………………………
ဈာနပစ္စယောတိ………..

ခုထိမရပ်ဘူး။ တော်တော် တရားလွန်ပြီ။ငါနော်…

……………………………..
အတ္ထိပစ္စယောတိ…………….

ကဲ၊မြန်မြန်ပြီးမှပဲ။သည်းခံလေ၊ရောင့်တက်လေ။ပြောကိုပြောမှဖြစ်မယ်။ရပ်ကွက်လည်း တိုင်မှ၊

……………………..
အဝိဂတပစ္စယောတိ….. ပစ္စယနိဒ္ဒေသော နိဋ္ဌိတော။

သူတို့လည်း ဘာတွေ အရေးကြီးနေလဲမသိဘူး။နောက်ထပ် နာရီဝက်လောက်တော့ စောင့်ကြည့်လိုက်ပါအုံးမယ်လေ။

ဝင်တယ်၊ထွက်တယ်။ ဝင်တယ်၊ထွက်တယ် ။ ဝင်တယ်၊ထွက်တယ် …..ဒုံး..
ဖောင်းတယ်၊ပိန်တယ်။
ဖောင်းတယ်၊ပိန်တယ်။
ဖောင်းတယ်၊ပိန်တယ်။
ဖောင်းတယ်၊ပိန်တယ်။
ဖောင်းတယ်၊ပိန်တယ်။
ဂျီ……………………….။
ကဲ၊အာရုံပြောင်းမှတ်ကြည့်အုံးမယ်။
…အရှေ့အရပ်မှာများသတ္တာချမ်းသာကိုယ်စိတ်မြဲပါစေ။

အင်း… တောင်အရပ်မှာ များသတ္တာထဲ သူတို့ကို မထည့်ချင်တော့ဘူး။။။
ဒီနေ့တော့ ဘာ ဘာဝနာမှလည်း လုပ်လို့ရမှာမဟုတ်တော့ပါဘူး။တော်ပြီ၊အောက်ဆင်းတော့မယ်။သွားပြောပလိုက်တော့မယ်။

အဲ။။ကွန်ပျူတာမှာ ဘုရားကန်တော့တုံး ဘာနိုတီ ဝင်လဲ ခဏ ဝင်စစ်လိုက်အုံးမှ။
အမယ်….တနင်္ဂနွေ ဆရာကန်တော့ပွဲ ကိစ္စဆွေးနွေးဖို့ ဝါးတီး ဆိုပါလား။၊သူများတွေ မအိပ်ခင် အဲဒီနေ့ကျ ငါ့ကို ဘယ်သူ ဝင်ခေါ်ပေးမလဲ မေးလိုက်အုံးမှ ။အသံလည်း နည်းနည်း တိုးသွားသလိုပဲ။ပြီးပြီထင်ပါရဲ့။ဒါဆို ပြောမနေရတော့ဘူးပေါ့။ကောင်းပါလေ့။
အမယ်….ဖွဘုတ် ရွာလည်ကောင်းတာ ၁၁နာရီတောင် ခွဲပါပေ့ါလား။
အိမ်ပေါ်တက်၊သွားတိုက်ပြီး အိပ်ဖို့ပြင်မှပဲ။

ဂျီဂျစ်ဂျစ်ဂျီ………………………

ဟာ၊ဒီကောင်တွေ လွန်လွန်းလှချည်လား။
ငါက အာရုံပြောင်းသွားလို့ သူတို့ဆက်လုပ်နေတာ မသိလိုက်မိတာ။ခုဆို ၁နာရီကျော်ပြီ။ လူကြီးတွေ အိပ်ချိန်တောင် မရှောင်ဘူး။မပြောရင် မသိတတ်တဲ့ဟာတွေ သွားကိုပြောမှပဲ။

ဒေါ်ပဒုမ္မာ စိတ်ဆိုးဆိုးနဲ့ လှေခါးကိုဆင်းလာပါတယ်။ အိမ်အောက်ထပ်ရောက်တော့ အသံက နည်းနည်းတိုးသွားသလိုပဲ။ အောက်ထပ်က ကောင်းကောင်းမကြားရလို့ ခုနကလည်း ြုပီးသွားပြီ ထင်မိတာပေါ့။
လက်နှိပ်ဓာတ်မီးကိုဆွဲ၊ အိမ်တံခါး ဖွင့်ထွက်၊ စားသောက်ဆိုင်နဲ့ ကပ်နေတဲ့ ခြံစည်းရိုးဖက်ခြမ်းကိုသွား၊ခုံတန်းလျားခုပြီး လက်နှိပ်ဓာတ်မီးနဲ့ ထိုး၊ ဘာတွေပြင်ဆင်နေသလဲ ကြည့်ဖို့ပြင်။
ဒုံးဆို အသံကျယ်ကြီး ထပ်ထွက်လာ။
အသံလာရာက ဟိုဖက်ခြံက မဟုတ်ပဲ၊ခပ်လှမ်းလှမ်းက ပါလား။
တဆက်တည်း စောစောကကြားတဲ့ တဂျီဂျီအသံလည်း ထွက်လာတာ အဲဒီ အရပ်ဆီကပဲ။

သိပြီ။သိပြီ။ မြေနီကုန်း ကုန်းကျော်ဆောက်တဲ့ ဆိုက်က အသံတွေပဲ။
အမယ်….သူတို့ဆိုက်က တော်သား။ အများသူငါ အသွားများတဲ့ နေ့လည်ချိန် မှာ ယန္တရားကြီးတွေ မသုံးပဲ၊ညဖက်ကျမှ အလုပ်လုပ်တယ်။စာတွေထဲ ဖတ်ရတာ နိုင်ငံခြားမှာလည်း ညဖက်မှ လမ်းပေါ် အလုပ်တွေ လုပ်ကြရတာတဲ့။အဲသလို ဖြစ်သင့်တာကြာပေါ့။အရင်ဆို နေ့လည်ကြီး လမ်းခင်းတာမျိုးတွေလုပ်ရင် လမ်းပိတ်လို့ စိတ်ညစ်ရပေါင်းများပြီ။

ကျေကျေနပ်နပ်ပြုံးပြီး ခုံတန်းလျားပေါ်က ဆင်း၊အိမ်ထဲပြန်ဝင်ဖို့ အလှည့်
စောစောက ဒေါသူပုန်ထနေတဲ့ ဒေါ်ပဒုမ္မာ ဘယ်ရောက်သွားပါလိမ့် လို့ တွေးလိုက်မိ။
အော်…တကယ်တော့ ဒီအချိန် ဒီလိုဆူညံတာ ဒီလို စည်းကမ်းမရှိလုပ်တတ်တဲ့ အိမ်နီးချင်းပဲလို့ အသေမှတ်သားလိုက်တဲ့ သညာက စိတ်ကြိုက်အရောင်ခြယ်လိုက်တာ ၁နာရီကျော်လုံးလုံး ဒေါသအနီရောင်တွေနဲ့ အရူးကြီး လုံးလုံး ဖြစ်ခဲ့ပါပေါ့လား။

စိတ်နောက်ကိုယ်ပါပြီး ဖုန်းဆက်မိရင်ဖြစ်ဖြစ်၊ကိုယ်တိုင်သွားပြောမိရင်ဖြစ်ဖြစ် အရှက်နဲ့လှလှတော့ ကွဲရတော့မှာပဲ။
တော်ပါသေးရဲ့။

သညာတဲ့။ နာမည်လေး နှစ်လုံးထဲနဲ့ ကောင်းကောင်းကို ခြယ်လှယ်နိုင်ပါလားနော်။

38 comments

  • ဦးကြောင်ကြီး

    May 24, 2015 at 11:58 pm

    ကျောင်းသားဆိုးတွေ ဖြစ်မဲ ခိုနီအာတီဒုံဂျီး.. ကူမြူ နစ်လည်း ဖျစ်နိုင်ဒါဗဲ….

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    May 25, 2015 at 12:21 am

    ကိုကိုကြောင် ညည ညှောင်သံပေးရင်လည်း ခုလို မေတ္တာပွားနော် အာတီဒုံ..

    နေ့လည်ခင်း လူမြင်ကွင်းမှာ မသောင်းဂျန်းလို့
    သာဒု သာဒု ဆိုပီး…

    အားးးး ဟိ

    😛

    • padonmar

      May 25, 2015 at 8:40 pm

      ညောင်သံပေးရင်တော့ အမြီးဖြတ်ဖို့ ကပ်ကြေးနဲ့လိုက်မှာ။

  • မြစပဲရိုး

    May 25, 2015 at 3:50 am

    အစ်မဒုံ စာဖတ်ပြီး ရီလိုက်ရတာ။
    ဘာဘဲဖြစ်ဖြစ် လောကီထဲ ကျင်လည်နေဆဲ ဘဲဟာကို။
    . ဒေါသတော့ရှိဦးမှာပေါ့။ ဒါပေမဲ့ အစ်မလို ရှေ့စိတ်ကို နောက်စိတ်က ထိန်းနိုင်တာဘဲ တော်လှပြီခေါ်ပါမယ်။
    ကျွန်မလဲ အစ်မလို သတိရှိနိုင်ဖို့ ကြိုးစားပါ့မယ် အစ်မဇီးကွက်။

    ပုံ
    ညီမ စာကလေး :-)))

    • padonmar

      May 25, 2015 at 8:36 pm

      မလတ်ရဲ့
      နောက်စိတ်က ရှေ့စိတ်ကို ထိန်းတာ မဟုတ်၊ပြေးပြီး ရန်ဖြစ်ချင်တဲ့စိတ်နဲ့ ရန်ဖြစ်ရမှာ ကြောက်တတ်တဲ့စိတ် လွန်ဆွဲနေတာ။အကောင်းမထင်လိုက်ပါနဲ့။

  • Mike

    May 25, 2015 at 10:12 am

    .အာတီဇီးကွက်
    .အိပ်ရေးပျက်
    .လူမှုရေးအတွက်
    .စိတ်ဇောတက်
    .ဘာသာရေးလည်းမပျက်ကွက်
    .စီးပွားရေးလည်းတိုးကာတက်
    .အိပ်တော့ ရွှေဇီကွက် :))

    • padonmar

      May 25, 2015 at 8:38 pm

      ဦးမိုက် လက်တန်း ကဗျာကလည်း မိုက်ပါ့ဗျာ။

  • Ma Ma

    May 25, 2015 at 10:35 am

    ဇီးကွက်နဲ့ပြောင်းပြန်ဆို ဘာငှက်လို့ ပြောရမလဲ။
    အဲဒီအချိန်မှာ အိပ်ကောင်းနေလို့ ဆင်အော်လို့တောင် နိုးမှာ မဟုတ်ဘူး။ :k:

    ကိုယ့်စိတ်ကို ကိုယ်သိပြီး ဒီလောက်ထိန်းနိုင်တာပဲ တော်လှပြီ။
    ကိုယ်တိုင်ဆို ဘုရားရှိခိုးတဲ့အထိတောင် ရောက်မှာ မဟုတ်ဘူး။ :e:

    • padonmar

      May 25, 2015 at 8:48 pm

      ဇီးကွက်နဲ့ ပြောင်းပြန်က ကျီးကန်းလေ။အဲလို မဲမဲကြီးတော့ မကောင်းပါဘူး။စောစောထတဲ့ စာကလေးကလည်း မြက ဦးသွားပြီ။ဇရက်ပဲ လုပ်တော့။
      တကယ်တော့ နေ့ဖြစ်စေ ၊ညဖြစ်စေ အလုပ်လုပ်တဲ့သူ မင်္ဂလာရှိတာပါပဲ။
      …………
      တကယ်တော့ စိတ်ထိန်းနိုင်တာ မဟုတ်ဘူးချစ်မရဲ့။
      မနောဗွက်ပေါက်နေတာ။
      ပါးစပ်က ဘုရားစာဆို စိတ်က ဒေါသနဲ့ နပန်းလုံး။
      လူကရိပ်သာ၊စိတ်ကအိမ်မှာ
      တရားမတိုး၊အသားတိုးကာ၊
      ထမုန်ကင်း၊ဟုန်ကင်း ယောဂီညာ ဆိုတာလို ဖြစ်နေတာ။
      ကိုယ့်လို လူမျိုးတွေပဲ ဘုရားချွတ်မရခဲ့တာ ဖြစ်မှာ။

  • aye.kk

    May 25, 2015 at 11:48 am

    ဖောင်းပိန်မှတ်နေပေမယ့်လို့
    သမာဓိမရှိရင် ဖောင်းတဲ့ပိန်တဲ့ဆီကို
    စိတ်ကမကပ်ရောက်နိုင်ပါ၊မှတ်တိုင်းလည်းမရနိုင်ပါ။
    သမာဓိရှိမှသာ ဖောင်းတာလည်းသိ,ပိန်တာလည်းသိရပါတယ်။
    အဲဒီသိနေတာက သမာဓိပါ၊ သမာဓိက ရှုသိနေတဲ့ကိုယ့်စိတ်ကအရှုခံ
    အာရုံပေါ်ကပ်ရောက်နေတဲ့အတွက် အာရုံက အခြားကို ပျံ့လွင့်ခြင်းမရှိတော့ပါ။
    ပျံ့လွင့်ရတာကလည်း မဂ္ဂင်မပါလို့ပါ။
    ဒါကြောင့်မို့လည်း မဂ္ဂင်ရှစ်ပါး မပါဘဲ ဝိပဿနာ တရားကို အားထုတ်လို့မရပါဘူး။

    • padonmar

      May 25, 2015 at 8:51 pm

      ဟုတ်ပါ့အေးကေရေ၊
      ပြောတော့ ဘုရားရှိခိုးတယ်၊ပရိတ်ရွတ်တယ်။
      စိတ်က ပျံ့လွင့်နေမှတော့ အကုသိုလ်တွေပဲ ဖြစ်နေတာပေါ့။
      ဒါကို ငါပုံမှန်လုပ်တယ် ငါ နေ့စဉ်လုပ်တယ်နဲ့ ငါတရားအားထုတ်တယ် စွဲနေမိတာ။
      တကယ်တော့…….မတရားအားထုတ်နေမိတာပါ။ဝန်ခံပါ၏။

  • အောင် မိုးသူ

    May 25, 2015 at 11:57 am

    စိတ်ဆိုတာအခက်သား။ ခုဖြစ်သလို အမှတ်သညာစိတ်လေးဟာ လူတော်တော်များများမှာ ဖြစ်ကြတယ်။ ကျွန်တော်လည်း ဖြစ်ဖူးတယ်။ အချို့အချို့ဟာ အဲ့လိုဖြစ်နေမှန်းကို ကိုယ့်ကိုယ်ကို မသိကြဘူး။

    • padonmar

      May 25, 2015 at 9:10 pm

      ဘကြီးအောင်ရေ၊
      .ရှည်သွယ်သွယ် လုံးချောချောမျှင်မျှင် လေးဆို ဆံပင်လို့ မှတ်ထားမိတော့ ဖယောင်းတိုင်မီးရောင်အောက် ထမင်းစားရင်း ပြောင်းဖူးမွှေး ထမင်းထဲပါတာ ဆံပင်မွေးပါပါတယ်ဆိုပြီး လင်မယားရန်ထဖြစ်ရတယ်တဲ့။ အဲသလိုမျိုး ထင်တလုံးကြောင့် လွဲကြပေါင်းလည်း များခဲ့ပါပေါ့။

  • Kaung Kin Pyar

    May 25, 2015 at 1:39 pm

    စိတ်ထဲဖြစ်နေသမျှ ဖမ်းမိတဲ့ အာတီဒုံ့ကို ချီးကျူးပါတယ်။ ကိုယ်တိုင်ဆို ဟိုဘက်အိမ် ဂဲတစ်လုံးပစ်ပြီးလောက်ရော့ :k:
    ပြီးတော့ ဘုရား ခြေဆေးရေကပ်တယ်လို့လဲ တွေ့လိုက်မိသေးတယ်……

    • padonmar

      May 25, 2015 at 9:11 pm

      ကင်းကောင်လေးရေ
      ဖမ်းမမိလို့ လွတ်နေတာ အေးကေကေက ထောက်ပြသွားပြီ။

  • ​ဒေါ် လေး

    May 25, 2015 at 2:58 pm

    အစ်မရေးထားတာ ဖတ်ပြီး ပြုံးမိတယ်
    ကိုယ်တွေလည်း ဘုရားရှစ်ခိုးရင်း အာရုံတွေ အပြင်ခဏခဏထွက်လို့
    ပြန်ပြန်ဆွဲနေရတာ
    ဒါနဲ့အစ်မဒုံရေ ခြေဆေးရေ ကပ်တာက ဘယ်လိုလဲ ဆိုတာ
    ရှင်းပြပါအုန်းနော် please

  • padonmar

    May 25, 2015 at 9:32 pm

    ကင်းကောင်ပြာနဲ့ ဒေါ်လေးတွက်
    လူတွေက ရေချမ်းကပ်တာ ကလေးကစားသလို ခွက်သေးသေးလေးတွေနဲ့ ကပ်တတ်ကြတယ်။ဘုရား၊တရား၊သံဃာ တွက် ခွက်သေးသေးလေးနဲ့ ရေ ၃ခွက်/အနန္တောအနန္တငါးပါးတွက် ရေ၅ခွက်ဆိုပြီး ကပ်တတ်ကြတယ်။အဲဒါမသင့်ပါဘူး။တကယ်တော့ ဘုရားလည်း လူပဲလေ။
    ရဟန်းတပါးပေါ့။
    ကိုယ်အလွန်လေးစားရတဲ့ ရဟန်းတပါးကို ဧည့်ဝတ်ပြုသလို သောက်ရေဆိုလည်း လူသောက်သလို ဖန်ခွက်ကြီးကြီးနဲ့ ကပ်ရပါမယ်။
    မနက်ဆို မျက်နှာ သစ်တော်ရေ ဖလားနဲ့ထည့်၊မွှေးရနံ့ရအောင် စပယ်၊ခရေ စသည်ကို Scented water လုပ်ပြီးလည်း ကပ်နိုင်ပါတယ်။
    လက်ဆေးရေ၊ ခြေဆေးရေ ကိုလည်း သုံးဖို့ အချိန်လိုက်ပြီး ကပ်နိုင်ပါတယ်။
    ညဖက်ဆို ကိုယ့်ဖာသာလည်း အိပ်ရာမဝင်ခင် ခြေဆေးပြီးမှ အိပ်တတ်တော့ မြတ်စွာဘုရားကိုလည်း ခြေဆေးတော်ရေ ကပ်တာပေါ့။
    ရေဖန်ခွက်အများနဲ့လည်း တပြိုင်တည်း မျက်နှာ သစ်တော်ရေ၊ သောက်တော်ရေ၊လက်ဆေးတော်ရေ၊ချိုးတော်ရေ၊ခြေဆေးတော်ရေ ဆိုပြီး ကပ်လို့လည်း သင့်ပါတယ်။
    တနေ့ ဘယ်နှစ်ကြိမ်ဖြစ်ဖြစ် မကြာခဏ သတိရတိုင်း လှူနိုင်ပါတယ်။ ငွေမကုန်တဲ့ ဒါနပေါ့။
    ဆွမ်းတော်လည်း ပန်းကန်သေးသေးလေးတွေနဲ့ ပေါက်ပေါက်၊သကြား ဆိုတာမျိုးတွေ ကို ထမင်းနည်းနည်းလေးပေါ်ပုံပြီး ကပ်တတ်ကြတယ်။မသင့်ပါဘူး။
    ရဟန်းတပါး ဆွမ်းကပ်သလို (ကိုယ်စားသလို) ကပ်ရပါမယ်။
    စွန့်ပြီးရင် ဝေယျာဝစ္စပြုသူများ စားလို့ရပါတယ်။
    တယောက်ယောက်ကို ပြန်စွန့်ပေးရင် ဒါနပေါ် ဒါနဆင့်သပေါ့.
    အရေးကြီးတာလေး ပြောချင်ပါတယ်။
    သက်ရှိထင်ရှားမရှိတော့တဲ့ ဘုရားကျောင်းဆောင်မှာတော့ ဆွမ်းကပ်၊ရေချမ်းကပ်ပြီး တကယ့်အပြင်မှာ ရေဆာနေသူတွေ၊ထမင်းဆာနေသူတွေကို လျစ်လျူရှုထားမယ်ဆို မြတ်စွာဘုရား အဆုံးအမနဲ့ နေသူ မဟုတ်ပါဘူး။

    • မြစပဲရိုး

      May 25, 2015 at 10:37 pm

      အစ်မဇီးကွက်
      သများ အတွန့်တက်တာ ဝုတ်ဘူး။
      စဉ်းစားကြည့်တာပါ။
      အိမ်က ဘုရားဆင်းတုတော် တွေက သေးသေး တွေ ဆိုတော့ ဆွမ်း ရေချမ်း ကိုလဲ သေးသေး ကပ်မှ သင့်လျော်မယ်ထင်ပါတယ်။
      (မဟုတ်ရင် အစာကြေဆေးပါ တွဲတွဲကပ်နေရမလား) – တို့ အစ်မ ချိတ်ချိုး နဲ့ နော်။ သများ က လဲ ဂေါက်မို့ပါ။
      အမှန်တော့ အားလုံးဟာ စိတ် က သဒ္ဒါမှုက အဓိက လို့ဘဲ ထင်ပါတယ် အစ်မရယ်။
      အလှူလိုပေါ့။ ညောင်စေ့ကြီး နဲ့ ညောင်ပင်လေး ဆိုတာ။
      သများ လဲ တေးတေးလေး တွေ သုံးလို့၊ အိမ်က ဘုရားဆို မီးလွတ်ဘဲ အမြဲ ဘုန်းရတာ၊
      ဒါကြောင့် ဂလို ဆင်ခြေ ဆင်လက် ဆင်နားရွက် တွေ ပေးနေတော့တာ။
      သဘောပေါက်။ lol:-))))

  • padonmar

    May 26, 2015 at 12:55 am

    ဘုရားဆင်းတု သေးသေးလေးက ဒါပဲ တတ်နိုင်တာကိုး မလတ်ရယ်။အိမ်အနေအထားနဲ့ နေရာပေးနိုင်မှု၊ ငွေကုန်ခံနိုင်မှုပေါ်တည်ပြီး ကိုးကွယ်ရာ ဆင်းတု အကြီးအသေးကွာတာပေါ့။
    ယုံကြည်မှု သဒ္ဓါကိုတော့ ဆင်းတော်တု အရွယ်နဲ့ တိုင်းတာလို့မရဘူး။
    ဒါပေမယ့် ဆွမ်းတော်ပန်းကန်ကတော့ ကိုယ်တိုင်လည်း ထမင်းပန်းကန်အကြီးမှ စားလို့ ဝသလို မြတ်စွာဘုရားလည်း အဲသလောက်မှ ဝမယ်လို့ တွေးဆနိုင်တာပေါ့။
    ပန်းကန်အကြီးအသေးထက် တချို့က ကိုယ်တောင် မစားတဲ့ ပေါက်ပေါက်ပွင့်လေးတွေပဲ နေ့စဉ်ကပ်တာတော့ မသင့်လို့ မြင်ပါတယ်။(ဇာတ်တော်လာ လာဇာဒေဝီဆိုတဲ့ ပေါက်ပေါက်ကပ်ပြီးသေတော့ နတ်သမီးဖြစ်တဲ့ လယ်သူမလေးက သူလည်း ပေါက်ပေါက်ပွင့်ကိုပဲ အဆာပြေစားရရှာတာလေ)
    အခြေအနေအရ သေးသေးလေးတွေပဲ သုံးနိုင်ရင်လည်း ကိုယ့်ရဲ့ စားဦးစားဖျားလေးတွေကို မွန်မွန်မြတ်မြတ်သဘောထားပြီး ကပ်လှူစေလိုပါတယ်။
    အိမ်မှာတော့ ကိုယ်စားမယ့် ထမင်းဟင်းအိုးထဲကပဲ တယောက်စာ ခပ်ပြီး ကပ်ပါတယ်။အချိုပွဲတွက် မုန့်တွေဆိုလည်း ကိုယ်စားမယ့်မုန့်ထဲက ဦးဦးဖျားဖျားကပ်ပါတယ်။
    ဘယ်လိုပဲ ကပ်ကပ် ဘုရားကစိတ်ဆိုးတယ် မရှိပါဘူး။
    ဒါပေမယ့် ကိုယ့်ရဲ့ သဒ္ဓါတရားပေါ်လိုက်ပြီး အကျိုးပေးမှုကျ ကွာသွားပါလိမ့်မယ်။

    • padonmar

      May 26, 2015 at 9:51 pm

      sorry ပါနော်။ကိုယ်တွေတုံးက အခြေအနေပေးရက်နဲ့ ဗဟုဿု ုတ နည်းခဲ့တော့ ဘုရားကို ဆွမ်းကပ်ရေချမ်းကပ်တာ အဖြစ်ပဲ လုပ်ခဲ့ဖူးတယ်။ဒါ့ကြောင့် ဆရာလုပ်သလို အစွန်းရောက်သလိုပြောမိပါတယ်။ တကယ်တော့ စိတ်က အဓိကပါ။အခြေအနေပေးပြီး သဒ္ဓါလည်း ရှိပါရက် ကျမလို ဗဟုဿ ုတ နည်းခဲ့သူများအတွက် လမ်းညွှန်ပေးတာပါ။
      အခြေအနေ၊အချိန်အခါနဲ့ သဒ္ဓါတရားပေါ်တည်ပြီး ကိုးကွယ်ဆည်းကပ်မှုပုံစံတော့ ကွာသွားပါလိမ့်မယ်။
      ကိုယ်အကောင်းဆုံးထင်တာကိုသာ ရွေးလုပ်ကြဖို့ပါပဲ။အကောင်းမထင်ပဲတော့ အဖြစ်မလုပ်ကြပါနဲ့။

      • မြစပဲရိုး

        May 29, 2015 at 3:32 am

        အစ်မဇီးကွက် ရယ်
        ဒီလူ ဒီလူ ချင်း စောဒီး နေရသေးလား။
        ဒီ စာကလေးမ တော့ ဆိုပြီး ခေါင်း သာလှမ်းခေါက်လိုက်ပါ။
        . ပြုံးပြုံးကြီး ခံပါတယ်။

        ညီအစ်မချင်းတောင် မှ တူတဲ့ နေရာတူပြီး ၊ မတူ တဲ့ နေရာ မတူတာ အခု တွေ့ပြီပေါ့။
        ကျွန်မ ကတော့ ဗုဒ္ဓ တရားတော် အစစ်လို့ ထင်တာ တွေ ကို တကယ် ယုံကြည်ပြီး လက်တွေ့လဲ လိုက်နာနိုင်သမျှ လိုက်နာပါတယ်။
        ဗုဒ္ဓဘာသာထဲ က တစ်ချို့ ကျင့်ထုံး အယူ ဓလေ့ တွေ ကိုတော့ စိတ်ထဲ သိပ်ပြီး မထက်သန်ပါဘူး။
        မရှိတာ ကို အရှိလို လုပ်ပြီး ပူဇော်တာ ကျွန်မ မိဘ တွေလဲ ရှေ့ဆုံးကပါပါတယ်။
        ပြီးတော့ ကျွန်မ ကိုလဲ ကျင့်ကြံစေချင်ကြတယ်။
        ဒီတော့ ကျွန်မ ကြိုးစားပြီး လုပ်ပေးပါတယ်။
        ဒါတင်မက ကျွန်မ ဟိုဘက်ခြမ်း က အမေ ဆိုရင် လပြည့်နေ့တိုင်း သူ့အိမ်မှာ ဘုရားကိုးဆူကပ် တဲ့ အကျင့် ရှိတယ်။
        ကျွန်မ ကိုလဲ မသိမသာ သိမ်းသွင်းတယ်။ ချွေးမ ဆိုပေမဲ့ ကျွန်မ က သူ့သားထက် ဘာသာရေးကိုင်းရှိုင်း တယ်လို့ ယူဆလို့။
        ဒီတော့ သူပြောသလို ကျွန်မ တစ်လတစ်ခါ လုပ်ပေးပါတယ်။

        တစ်လတစ်ခါ သစ်သီး (ဒါမှမဟုတ်) မုန့်ဆွမ်းပေါ့။ ကိုးပွဲ ရေချမ်း ကိုးခွက် နဲ့ ရွတ်ဖတ်တာ တွေလဲ သူတို့ ပို့ပေးတာ ကို ရွတ်ပေါ့။
        လတိုင်း လဲ လုပ်ကြောင်း သိအောင် ဓာတ်ပုံရိုက်ပို့ ပေးပါတယ်။။
        အဲဒီအချိန် ကျွန်မ မှာ ယုံတာ၊ မယုံတာ၊ ကိုယ့် အတွက် ကောင်းတာ၊ မကောင်းတာ မသိ။
        သူ စိတ်ကျေနပ်ဖို့ဘဲ လိုရင်းပါ။

        . ကျွန်မတို့ ကို ကောင်းစေချင်လို့ သူ့ စိတ် က ယုံကြည်ရာ ကို မျှတာမို့ သူ့မေတ္တာ ကို ကျွန်မတို့ ရပါတယ်။
        အဲဒါ ကို ငြင်းမနေဘဲ လုပ်ပြလိုက်ပြီး ကျွန်မတို့ က သူ့ကို မေတ္တာပြန်ပေးပါတယ်။
        အဓိက ကျွန်မ လိုချင်တာက အဲဒီ အမေ စိတ်ချမ်းသာစေဖို့ပါဘဲ။
        ဒီတော့ ကျွန်မဘေးကလူ ကလဲ ယုံတာ၊မယုံတာ အမှုမထား၊ သူ့မိန်းမ က သူ့အမေ ပြောသလို လုပ်နေတာကို ပီတိဖြစ်။
        အဲဒီလို သူပီတိ ဖြစ်ဖို့ ဟို အမေ ကို ကျွန်မ စိတ်ချမ်းသာမှု ရစေချင်တာပေါ့။
        မဟုတ်လား။

        ကလေးကျရင်တော့ ဒီအလေ့ ရ မယ်/ယူမယ် မထင်တော့။ ကျွန်မ ကလဲ တွန်းမှာမဟုတ်။
        ဒါပေမဲ့ လူတစ်ယောက် ရဲ့ ကိုယ်ကျင့်သိက္ခာ ၊ လူတစ်ယောက် ကို တစ်ယောက် က ပေးရမဲ့ မေတ္တာ နဲ့ ကိုယ်ချင်းစာနာစိတ် ကို ကောင်းကောင်း သိရပါမယ်။
        ဘာကိုမှ မမြဲခြင်း အကြောင်းတွေ ကို သိရပါမယ်။
        နောက်ပိုင်းတော့ What the Buddha Taught စာအုပ် ကို ပေးဖတ်ဖို့ ရှိပါတယ်။

        ဒါကြောင့်ပြောတာ “ကျွန်မ က ဂေါက် ပါ မောင်”။
        lol:-))))

        PS – အစ်မရေ တကယ်တော့ ပဒုမ္မာ ကြာပန်းက ညမှာ ပွင့်တာမဟုတ်လား ခင်ဗျ။
        ဇီးကွက် မဟုတ်လဲ ရသားကို။ :-)))

  • ခင်ဇော်

    May 26, 2015 at 7:01 am

    ရှေ့ စိတ် ကို နောက် စိတ်က သတိနဲ့ သိကပ် မိတာ ကိုက
    အတော် ကို သတိကြီးးတယ်ခေါ်မယ် အာတီဒုံ…
    ကျနော့် လို စိတ်နောက် ကိုယ်ပါ အတွက် က မလွယ်လို့ပါ..

  • ​ဒေါ် လေး

    May 26, 2015 at 9:27 am

    ကျေူးဇူးပါ အစ်မရေ
    ကျွန်မလည်း အရင်က ခွက်သေးသေးလေးတွေနဲ့ ဘဲဆွမ်းကပ်ပါတယ်
    နာက်ပိုင်း စာတွေဖတ်ရတော့ ကိုယ်ချက်တဲ့ထမင်းဟင်းကိုဘဲ
    ခူးခပ်ပြီး ဘုန်ကြီးတစ်ပါး ဆွမ်းကပ်သလို ကပ်ပါတယ်
    နိုင်ငံခြားမှာနေသူတွေ အတွက်ကတော့သိပ်မလွယ်ပါဘူး
    မနက်အလုပ်ယူသွားမယ့် ထမင်းဘူးကို ညအလုပ်ကအပြန်
    ချက်ပြုတ်ပြီး တခါထဲ ထည့်ထားတာ မနက်ဆိုရေခဲသေတ္တာထဲကထုတ်ပြီး
    အလုပ်တန်းသွားရော ဆိုတော့ မလွယ်ဘူး
    ဆိုတော့ကား မြန်မာပြည်ကြီးမှာ နေရတာ ကုသိုလ်ရမယ့်
    ကိစ္စတော်တော်များများ လုပ်ဖြစ်တယ် လို့ဘဲတွေးပါတယ်
    အလုပ်အကို်င် အခွင့်အရေး မပေးနိုင်တဲ့ အုပ်ချုပ်သူတွေကိုလည်း
    အပြစ်မတင်တော့ပါဘူးလေ

    • padonmar

      May 26, 2015 at 9:55 pm

      ဒေါ်လေးရေ၊
      နိုင်ငံခြားမှာနေပြီး ဘုရားကျောင်းဆောင်ရှေ့ ရှိမခိုးနိုင်တဲ့သူတွေအတွက် မိမိ ထမင်းစားခါနီးရင် အဲဒီ ထမင်းဘူးလေးကို မြတ်စွာဘုရားကို ဆွမ်းကပ်ပါတယ်လို့ စိတ်ကရည်မှန်းကပ်ပါ။ဒီ စားဖွယ်နဲ့ ပတ်သက်သူတွေကို မေတ္တာပို့ပါ။တတ်နိုင်သေးရင်တော့ ဒီအစာတွေကို အသက်ရှည်ဖို့ ခန္ဓာ့ဝန် သာသနာ့ဝန်ထမ်းဖို့ စားရတယ်လို့ ဆင်ခြင်ပြီးမှ စားပါ။
      ဒါဆို အစာစားတိုင်းကုသိုလ်စိတ်မွေးမိပြီပေါ့။

      • kai

        May 27, 2015 at 2:17 pm

        ဂျပန်တွေမှာ.. အစားအစာတခုခုစားခါနီးတိုင်း.. itadakimasu (いただきます, literally, “I humbly receive”).ဆိုတာရွတ်လေ့ရှိသလို.. စားပြီးရင်လည်း…gochisōsama-deshita (ごちそうさまでした?, lit. “you were a feast (preparer)”). ဆိုတာရွတ်ပြောရလေ့ရှိတယ်.။
        သူတို့ဓလေ့ပေါ့…။
        ကောင်းတဲ့ဓလေ့… ရိုးရာလို့..ထင်မိတယ်.။
        မြန်မာတွေမှာ.. အဲဒီလိုအစားအသောက်တခုခုကိုကျွေးမွေးသူကို..တုံ့ပြန်တာမျိုး..ဓလေ့ရှိစေချင်တယ်..။

        ဂေါတမဗုဒ္ဓကိုရည်ရွယ်ဆွမ်းကပ်နေကြတာထက်စာရင်..
        ဘုရားက..သူ့ကိုဆွမ်းကပ်သူကို….ဘယ်လိုတုံ့ပြန်သလည်း…ဆိုတာကို..အတုယူကြစေချင်တယ်..။

  • kotun winlatt

    May 26, 2015 at 11:46 am

    အဟီး အံတီဒုံ ကျနော်တို့မိသားစုနေတဲ့ အိမ်ဘေးပတ်လည်မှာ ကျွန်းတံခါးချပ်တွေလုပ်တဲ့ အိမ်တွေရှိနေတယ် တစ်နေ့လုံး စက်ရွေဘော်သံတွေ လွှဝိုင်းသံတွေ ဆူညံလို့ပေါ့။ ဆူညံသံကို ထပ်ဖြည့်ပေးတာက အိမ်ရှေ့အိမ်က သုံးဘီးဆရာ သူက သုံးဘီးမောင်းသလို သူများသုံးဘီးတွေကိုလည်း ပြင်ပေးတယ်ဆိုတော့ လီဗာဟဲသံက ညံလို့ပေါ့ ။ ဒါက နေ့ပိုင်း ညပိုင်းရောက်ပြန်တော့ တံခါးချပ်လုပ်တဲ့ အိမ်တွေဆီကနေ တံခါးချပ်သယ်တဲ့ သုံးဘီးသံ ကျွန်းပျဉ်လာချတဲ့ အသံတွေနဲ့ ဆူညံလို့ပေါ့။ ဒါတရားမဝင်လုပ်ငန်းနော့ ဘယ်သူကမှ အရေးမယူဘူးလားလို့ မေးမယ် ။ ဆိုင်ရာတွေက အရေးမယူဘူးလားလို့မေးစရာရှိမယ် ဘယ်ယူလိမ့်မလဲနော့ ။ လွှတ်တော်အမတ်ဆိုတဲ့လူကိုယ်တိုင်က ဒီလုပ်ငန်းကို လုပ်စားနေတာလေ။ ဆိုတော့ကာ အံတီဒုံဖြစ်သလို စိတ်တွေက ကျနော့်မှာ နေ့စဉ်နဲ့ အမျှဖြစ်နေတော့တာရယ်။ ဒီအကြောင်းတွေကို ပြောလည်းပြောချင်တယ်ပြောလည်း မပြောရဲပါဘူးလေ။

  • padonmar

    May 26, 2015 at 10:05 pm

    ကိုထွန်းဝင်းလတ်ရေ
    အမှန်တော့ လူနေရပ်ကွက်ထဲ ဆူညံတဲ့ လုပ်ငန်းလုပ်နေတာ မသင့်ဘူးပေါ့။ကျမ အလုပ်မှာလည်း ဘေးကပ်ရက်မှာ ပေပါခွံတွေ ထုရိုက်သံက အမြဲကြားနေရတာ။
    ဖုန်းအရေးတကြီးပြောနေတာမျိုးဆို ရပ်ကြအုံးလို့ သွားပြောတာကလွဲရင် သည်းခံလိုက်ရတာပါပဲ။
    စိတ်က အဲဒီ အာရုံထဲ မထားရင် ဆူတာလည်း မေ့သွားတာပါပဲ။
    မနိုင်၍ သည်းခံရခြင်းသည်လည်းကောင်း…..

  • kai

    May 27, 2015 at 10:29 am

    ဆွမ်းကပ်တာ.. ရေကပ်တာ… ရုပ်ထုတခုကို… ဘာကပ်ကပ်.. ဆိုတာတွေကတော့.. အိမ်မှာလည်း.. လေဒီခိုင်က..ကပ်နေပေမယ့်… ဖြုန်းတီးရာရောက်တယ်လို့.. ယူဆတာမို့..
    မပြောလိုပါ…။ မပြောလိုပါ…။

    အဓိက က.. ဘုရားနဲ့ဘုရားရုပ်ထုမဟုတ်မူပဲ…မိမိကိုယ်တိုင်…/ အိမ်ထောင်စုဝင်တွေ../အိမ်ကိုလည်လည်လာသူတွေ. စိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်စေနိုင်မှုကို.. အဓိကထား.. တွေးရ..လုပ်ရမယ်လို့.. ပြောလိုမိ…။

    ဆိုတော့…
    သညာကနေ.. စိတ်တွေဖြစ်ပုံသဘောကို… ရှင်းသွားတာကောင်းပ…
    ကျုပ်ဆိုရင်တော့.. အိမ်ရှေ့ထွက်ကြည့်ပြီး… နားစိုက်နားထောင်…
    အသံလာရာကိုဆုံးဖြတ်.. လက်တွေ့ကျကျ.. ကံ..ကံရဲ့အကျိုး.. အဖြစ်/အခြေအနေပေါ်မူတည်.. ရင်ဆိုင်ရှင်းလိုက်တယ်..။

    ဘုရားတွေ.. တရားတွေဘေးချိပ်…။
    အဲ့ဒါလာပြောတာ…။ :k:

    • padonmar

      May 30, 2015 at 10:05 pm

      ဖြုန်းတီးရာ မရောက်အောင် ဆွမ်းတော်စွန့်ကို အိမ်သားတွေ ပြန်စားတယ်လေ။တချို့ဆို လူတယောက်စာ ကပ်ပြီး ဆင်းရဲတဲ့သူကို နေ့စဉ်ပေးတယ်။
      ရေးသာရေးတာ ကျမဆို ဆွမ်းတော်ကို နေ့စဉ် ကိုယ်တိုင် မကပ်နိုင်ပါ။ ဆွမ်းကပ်ချိန်မှာ အိမ်ပြင်ရောက်နေတာမို့ အိမ်အကူကလေးမလေးတွေနဲ့ပဲ လွှဲထားပါတယ်။ ဦးဦးဖျားဖျား စားစရာတွေ ဆွမ်းကပ်တော့ သူတို့လေးတွေလည်း ကိုယ့်အကျန်စားရတာ မဟုတ်ပဲ ကိုယ်နဲ့တန်းတူ စားကြရပါတယ်။
      ဟိုးအပေါ်မှာ ရေးထားပါတယ်။
      ဘုရားဆင်းတုတော်တော့ ဆွမ်းတော်ညွန့်နေအောင်ကပ်ပြီး ဆင်းရဲနွမ်းပါးသူကို ရေလေးတောင် မတိုက်ချင်ရင် ဗုဒ္ဓနည်းကျ မဖြစ်ပါဘူးလို့။

  • မ မာရေးတာ ဖတ်ပြီးတော့

    ရွှေခြည်ငွေခြည်တန်းပါလို့ ထဲက မေနွဲ့ ဘုရားရှိခိုးတဲ့အခန်းကို ပြန်သတိရပြီး ပြုံးမိပါတယ်

    • padonmar

      May 30, 2015 at 10:12 pm

      ကပေါက်ကြီးရေ
      မေနွဲ့လိုမျိုး ကျမလိုမျိုး ဘုရားရှိခိုးကြလို့ ဒီသံသရာက မလွတ်ကြတာဖြစ်မှာပါ။

  • pooch

    May 28, 2015 at 3:15 pm

    ကိုယ်တွေသာဆို သေချာတယ် ခဲနဲ့ ပေါက်မိမှာ အဲ့လောက်အကြာကြီးတွေးမိနေမှာ မဟုတ်ဖူး
    စိတ်က လက်တဆစ်ရယ် :mrgreenn:

    ကိုယ့်စိတ်က ဖြစ်နေတာကို သိစ်ိတ်က လိုက်ထိန်းနိုင်တယ်ဆိုတာ နည်းတဲ့အားမဟုတ်ဖူး
    ဒေါ်ဒေါ်က သတိအားကောင်းနေပြီ

    • padonmar

      May 30, 2015 at 10:15 pm

      မယ်ပုလေး၊
      စာရေးပြလို့ အချိန်ကြာနေတာပါ။
      တကယ်တော့ အပြင်မှာ ဒီလောက်မကြာ၊အာရုံပြောင်းရင် မေ့သွားလိုက်သေး။
      လူအထင်ကြီးအောင် ကောင်းတာပဲ ရေးပြတာလည်း ဖြစ်နိုင်တယ်နော။

  • weiwei

    May 29, 2015 at 11:03 am

    ကျွန်မအိမ်က ဘုရားကိုတော့ တစ်ခါထဲတောင်းပန်ထားပါတယ် .. အောက်ထပ်ကအိမ်မှာပဲ ဆွမ်းဘုန်းပေးပါလို့ .. 🙂

    • padonmar

      May 30, 2015 at 10:16 pm

      ဝေရေ
      တီဒုံလည်း ထိုနည်းလည်းကောင်း။

  • Foreign Resident

    May 30, 2015 at 8:31 pm

    Very Good Post !!!

  • Alinsett @ Maung Thura

    May 31, 2015 at 4:31 pm

    .မြေနီကုန်း ကုန်းကျော်တံတားအပါအဝင်…အခုနောက်ပိုင်း ဆောက်လိုက်တဲ ့တံတားတွေ…ဘာလို့ ဆေးမသုတ်လဲ မသိ….
    ဒီအတိုင်း အဖြုူထည် အကြမ်းထည်ပုံစံကြီးတွေနဲ့ ထား ထားလေတော့ …မပြီးသေးပဲ.. တက်မောင်းနေရသလိုလို…..
    ဘာလိုလို…
    ————
    တီဒုံက အတွေးကောင်းသလို အရေးလည်း ကောင်းတယ်..

Leave a Reply