အိပ်မက်၏ အလွန်……
ဘာမှ မဟုတ်ပါဘူး…… ညက မက်တဲ့ အိပ်မက်လေး
မှတ်မှတ်ရ ရ ဖြစ်နေလို့…
———————————————————–
`ဆု ဦး အောင်´
`ဆု ဦး အောင်´
ကျမနာမည် ခေါ်နေသံကြားလိုက်လို့ ကျမ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်တယ်……။
ကျမရောက်နေတဲ့ နေရာက တောအုပ်တစ်ခုထဲမှာ…… ။ ပန်းတွေကလဲ ပွင့်လို့… ငှက်သံလေးတွေကိုလဲ ကြားနေရတယ်။
`ဆု ဦး အောင်´
`ဆု ဦး အောင်´
ထပ်ခေါ်ပြန်ပြီ။ ကျမ သေချာအောင် ဘေးပတ်ဝန်းကျင်ကို တစ်ခုချင်း စေ့စေ့စပ်စပ် လိုက်ကြည့်တယ်။
ဟင်!!!
တွေ့ပါပြီ… ။ သစ်ပင်ကြီးကြီးတစ်ပင်ရဲ့အနောက်မှာ မျက်နှာ ပေါ်ရုံ ခေါင်းစွပ်အမည်းကြီးခြုံထားတဲ့ အဖွားကြီးတစ်ယောက်…… (Snow White ထဲက မင်းသမီးကို ပန်းသီးကျွေးတဲ့ စုန်းမကြီးလို ပုံစံမျိုးနဲ့……)။ သူမက အပင်ကြီးတစ်ပင်နဲ့ကွယ်နေတော့ ကျမ သူမကို တော်ရုံမမြင်နိုင်ခဲ့ဘူး……။
သူမပုံစံကိုကြည့်ပြီးတော့ ကျမ လန့်သွားတယ်…
အခြေအနေကြည့်ရတာ ကိုယ့်ဘက်ကောင်းလာနိုင်ဖို့ မရှိတဲ့ပုံစံလေ…။ အာလာဒင်ထဲက မီးခွက်စောင့်ဘီလူးကမှ ရုပ်ကြီးဆိုးပေမယ့် သူ့မြင်ရတာ ဟိုဟာဒီဟာ တောင်းလို့ရနိုင်သေးတယ်… ။
စိတ်ထဲမှာ ငါတော့ ပတ်တနာတက်ပြီဟ လို့ တွေးလိုက်မိသေးးး ထွက်ပြေးချင်စိတ်တော့ မပေါ်လာဘူး…
သူမက တောင်ဝှေးကြီးကို တဒေါက်ဒေါက်နဲ့ အသံမြည်အောင်ခေါက်ရင်း ကျမနား လျှောက်လာတယ်…။
ပါးရည်နားရည်တွေ တွန့်ပြီး အရစ်ရစ်ထနေတဲ့ သူမ မျက်လုံးအစုံနဲ့ ကျမကိုကြည့်ရင်း လေသံဩဩကြီးနဲ့ တစ်ခွန်း ပြောတယ်… ။
နင် ငါ့ကို တစ်ခုကူညီရမယ်…… တဲ့
မျက်နှာပေးနဲ့ လေသံကတော့ ခပ်မာမာပဲ။ ကျမတောင် အကူအညီတောင်းတာ သူမလား ကျမလားဆိုတာတောင် ဇဝေဇဝါ ဖြစ်သွားလောက်တယ်……
အစကတော့ ကြောက်စိတ်တစ်ဝက်ပေမယ့် သူမပုံစံကို ခပ်ချဉ်ချဉ်ရှိတာနဲ့ ဘာအကူအညီလာတောင်းတောင်း ဘူးခံငြင်းပစ်လိုက်ဦးမယ် လို့ ဂျစ်ချင်စိတ် ပေါက်လာသေးတယ်။ နောက်မှ သူမမျက်လုံးထဲက တချို့အရိပ်တွေကြောင့် ကျမ သူမကို သနားစိတ်ဝင်သွားတယ်…။
ကျမက ပြောပါဆိုတဲ့ပုံစံနဲ့ လှမ်းကြည့်လိုက်တော့ သူမက ဆက်ပြောတယ်…
ငါက ဒီတောထဲမှာနေတဲ့ စုန်းမတစ်ယောက် ပဲ။ ငါ့ကလေး ငါ့ဆီကပျောက်သွားတယ်…။ ငါက ဒီတောထဲကလွဲပြီး ဘယ်မှထွက်ခွင့်မရှိဘူး……။ အဲ့ဒါ နင် ငါ့ကို ငါ့ကလေး ပြန်ရှာပေးရမယ်…
ဪ… ကလေး ပျောက်သွားတာကိုးးးး
အင်းလေ… ဒါဆိုရင်တော့လဲ ကျမ ကူညီသင့်တာပေါ့…
အဲ့ဒီစုန်းမကြီးကပဲ မှော်ဖန်လုံးပေါ်မှာ သူမ သမီးရဲ့ပုံကို ပြတယ်…
ကောင်မလေးက ချစ်စရာလေးပါ… ။ အသက် ၂ဝကျော်ရုံအရွယ်လေးနဲ့ ဂါဝန်အဖြူလေး ဝတ်ထားတယ်။ ဆံပင်တွေက အပေါ်ပိုင်းမှာ ဖြောင့်စင်းပြီး အောက်ဘက်ဆံပင်ကောက်လေးတွေက ကျောအောက်လောက်ထိ ရှည်တယ်… ။ အင်းလေ… သူလဲ ချစ်ရှာမှာပေါ့…
(ဒီစုန်းမ ဘယ်လိုလူမျိုးကယူလို့ ဘယ်အရွယ်မှာ အိမ်ထောင်ကျပြီး ဘယ်ချိန် ကိုယ်ဝန်ရှိတယ်ဆိုတာကိုတော့ အိပ်မက်ထဲမှာမို့ မမေးခဲ့ရဘူး…)
ကျမလဲ ကူညီပါ့မယ်လို့ ကတိပေးပြီး အဲ့ဒီတောထဲက ထွက်လာခဲ့တယ်…။ ဒါတောင် ကျမ မထွက်လာခင် အဲ့ဒီစုန်းမကြီးက နင်ရှာမပေးရင် နင့်ကို ငါ ဘာလုပ်ပလိုက်မယ် ညာလုပ်ပလိုက်မယ်နဲ့ ကျိန်ဆဲ အော်ဟစ်နေသေးတာ
ထားပါတော့လေ… သူလဲ သူမအပူနဲ့ သူမပဲ။
ကျမလဲ စိတ်ပါလက်ပါနဲ့ အားရင်အားသလို သူ့ကလေးကို ရှာပါတယ်…။ ဟိုဟိုဒီဒီတွေသွားပြီးလဲ ကောင်မလေးကို လိုက်ရှာတယ်… တွေ့သမျှ ဟိုလူဒီလူတွေကိုလဲ မေးတာပဲ။ ပုံတူဆွဲခိုင်းပြီး သတင်းစာထဲ ထည့်ရကောင်းမလားတောင် ကြံနေသေးတယ်…
ဒါပေမယ့် အချိန်တွေသာ ကုန်လာတယ်… ရှာလို့ မတွေ့ခဲ့ဘူး…
တစ်ရက်…
ကျမ တစ်ပြန့်တစ်ပြောကျယ်ပြန့်တဲ့ မြက်ခင်းစိမ်းစိမ်းလွင်ပြင်တစ်ခုကို ဖြတ်သွားတဲ့အချိန်မှာပဲ……
အဲ့ဒီ စုန်းမကြီးရဲ့အသံကို နောက်ထပ်တစ်ခေါက် ထပ်ကြားရပြန်တယ်…
နင် ပြောတော့ ငါ့သမီးကို ရှာပေးမယ် ဆို… ။ ဘာလို့ ခုချိန်ထိ ငါ့သမီးကို မတွေ့ရသေးတာလဲ… ။ နင် ရှာပေးမယ် ပြောပြီး ငါ့ကို လိမ်တယ်။ ငါ နင့်ကို မယုံတော့ဘူး။ ခုချိန်က စပြီး နင် ဘယ်သွားသွား နင်နဲ့အတူ ငါ ပါလာတော့မယ် တဲ့… ။
အသံသာ ကြားနေရတယ်။ လူကိုတော့ မတွေ့ရဘူး… ။ ပတ်ဝန်းကျင်မှာလဲ သူပုန်းစရာ ကွယ်စရာ နေရာရယ်လို့ မရှိဘူး။ မြက်ခင်းစိမ်းတွေချည်း……
ဟင်!!! ရှင်က အခုဘယ်မှာလဲ… လို့ ကျမ မေးလိုက်တော့…
နင်မြက်ပင်တွေကို ကိုင်ဆော့လာခဲ့တဲ့ နင့်လက်ကို ကြည့်လိုက်လေ တဲ့
ကျမ အလန့်တကြား ငုံ့ကြည့်လိုက်တော့…
လားးလားးးး
အဲ့ဒီ စုန်းမကြီးပေါ့ ကျွတ်တစ်ကောင်ပုံစံနဲ့ ကျမရဲ့ ညာဘက် လက်ဖမိုးပေါ်မှာ… သွေးတောင် စုပ်နေလိုက်သေးတယ်…
ကျမ အရမ်းလန့်သွားတယ်…။ ဒေါသလဲ ထွက်သွားတယ်…။ ဒင်းက ခပ်အေးအေးတောင် ကျမကိုယ်မှာ ကပ်နေတာ မဟုတ်ဘူး…။ သွေးတောင် ဟန်ကျပန်ကျ စုပ်နေလိုက်သေးတာ…
ကျမ သူ့ကို အားကုန်ခါထုတ်တယ်…
ကျမ ခန္ဓာကိုယ်ပေါ်ကို ကျွတ်တစ်ကောင်ရောက်နေတယ်ဆိုတဲ့အသိက ကျမကို ဘာမှ မမြင်စေတော့ဘူး…။ သူ့အစွမ်းနဲ့သူ ကျမကို ပြုစားရုံမကလို့ ကြိုက်တာသာလုပ်တော့……
`မွေ့ ရေ ´
`မွေ့ ရေ´
ကျမ အသံကုန် အာခေါင်ခြစ် အော်တယ်
( မွေ့က ကျမတို့အိမ်မှာ ကျွတ်ကို ဒိုင်ခံ ဆားပုံပြီး နှိမ်နင်းသူကြီးပါ။ ကျမတော့ မြင်တောင် ဆားမပုံဖြစ်။ သူရို့ကိုယ်အေးစက်စက်တွေ ဆားပုံလိုက်ရင် တွန့်လိမ်လိမ်နဲ့ ဝေဒနာခံစားရမှာ သနားလို့။ မြင်ရင် မွေ့ကိုသာ သတင်းပေးလိုက်တာ ရှိတာ :k: ) ထားတော့
ဟိုစုန်းမကြီးလဲ ကျမအသံကြောင့် သွေးစုပ်ရက်တန်းလန်းနဲ့ ကျမကို မလုပ်ပါနဲ့ဆိုတဲ့ပုံစံနဲ့ သနားစဖွယ် မော့ကြည့်တယ်။ သူ့ ကျွတ်ခေါင်းလေးလဲ တခါခါနဲ့… ။ မလုပ်ပါနဲ့ ပေါ့……
မသိတော့ဘူး။ ကျမလဲ ဘာမှကို မမြင်တော့တာ
အသံကုန် အာခေါင်ခြစ်ပြီး မွေ့ကိုပဲ အော်ခေါ်နေတယ်…
ကျမ အဲ့လိုအော်ခေါ်တဲ့အသံထွက်ရင်းနဲ့ပဲ လန့်နိုးလာတာ…
(ကျမ ဒီလို အလန့်တကြားနဲ့နိုးလာတာ ဒါပါနဲ့ဆို ၂ခါမြောက်ပဲ…) ထားပါတော့လေ…
နိုးလာတော့ ကျမမှာ တော်တော်လေးကို မောဟိုက်လို့…
မောနေရင်းကြားကပဲ ကိုယ့်အဖြစ်ကိုယ်ပြန်တွေးမိပြီး အသံထွက်အောင်တောင် အော်ရီမိလိုက်သေးတယ်
ဪ… ငါ့နှယ်…
စုန်းမထက်တောင်မှ ကျွတ်ကို ကြောက်ရတာများလို့…
ကောင်းကင်ပြာ
၂၄. ၅. ၂၀၁၅
(Cinderella ကားကြည့်ပြီး ကျွတ်စိတ္တဇနဲ့ အိပ်သွားတဲ့အကျိုးဆက်လေ…) 🙂
17 comments
ခင်ဇော်
May 24, 2015 at 4:41 pm
စုန်းး က တောင် အကူအညီ တောင်းးရပြီ ဆို
ပညာတက်သွားးပြီမှတ်။
ကဝေပြာလေးးးး
ပုံ/ ၁၃ ကြိုးးးး
စာချတတ်တဲ့ စုန်းးဂိုဏ်းးဂျုပ်လည်းး လာလိမ့်အူးးးမယ်
:k:
Kaung Kin Pyar
May 24, 2015 at 8:24 pm
အကူအညီတောင်းတာထက် ခိုင်းစားတာပိုဖြစ်နိုင်တယ် မမချွိ……
ဒါနဲ့ ၁၃ကြိုးဆိုတော့ ကောင်းကင်ပြာထက် ကြိုးပိုများတယ်။
ခြင်ထောင်ကြိုးလေးလုပ်ချင်လို့ တစ်ကြိုးလောက် ငှားပါနော်……
:k:
မြစပဲရိုး
May 24, 2015 at 4:59 pm
. နောက် အဲ့စုန်းမ ကို တွေ့ရင်လေ
(၁) ဖေ့စ်ဘုတ်ခ် သုံးနည်း သင်ပေးရန် (လူပျောက်ကြော်ငြာ ထည့်နိုင်သည်)
(၂) စန္ဒာပြနည်း သင်ပေးရန် (အိမ်သာနက် ရရေး တောင်းဆိုနိုင်သည် (သို့) ကွန်မကောင်းက အရေးဆိုနိုင်သည်)
အာ့ဆို ကင်းကောင်လေး ကို အရှုပ်လုပ် တော့မှာမဟုတ်ဘူး။
သွသူ ဖဘ ထဲ က အသင်းအဖွဲ့ တွေ ကြား လိုက် (like) ရင်း အလုပ်များသွားလိမ့်မယ်။
ပုံ
၁၀၁ ကြိုး စာချ စုံးမ ဂိုဏ်းချုပ်ဂျီး lol:-))))))))))))))))))))))
Kaung Kin Pyar
May 24, 2015 at 8:32 pm
အရီးရဲ့ အကြံကောင်းတယ်… ဒါကြောင့်လဲ ဂိုဏ်းချုပ်ကြီးဖြစ်နေတာပဲ…
🙂
ကောင်းကင်ပြာတော့ သူ မျက်နှာလေးငယ်ငယ်နဲ့ ခေါင်းတခါခါ လည်တခါခါလုပ်နေတဲ့ပုံကို ပြန်ပြန်တွေးကြည့်ပြီး ရီချင်နေရော…
အမှန်တော့ ခုတလော ပလပ်ကျွတ်…
မအိပ်ဖြစ်တိုင်း အလုပ်မရှိအလုပ်ရှာ ကော်ဖီတစ်ခွက်နဲ့ မုန့်ပုလင်းချပြီး အခွေကြည့်လိုက် စာအုပ်ဖတ်လိုက် လုပ်နေတာ…သောကြာ စနေညမျိုးဆို သာဆိုးးး
အိပ်ဖြစ်တဲ့အချိန်တွေလဲ ခေါင်းထဲရှိသမျှ Mixing ဆွဲကုန်ရော့…
ဦးကြောင်ကြီး
May 24, 2015 at 11:48 pm
စုအူးအောင်
သူရူးပေါင်
မူတူးကြောင်
ဂူဗူးယောင်..
ကင်းကောင်သား ဆားခြင်လှိုက်ထှာကွယ်စ်..
Mike
May 25, 2015 at 11:07 am
.အော..အိပ်မက်..အိပ်မက်
.အိပ်မက်ထဲမှာ မင်းသားလေးနဲ့တွေ့တဲ့အခန်းထိမရောက်လိုက်ဘူးကိုး
.ရီစရာတစ်ခုတွေးမိတယ်..စုန်းက အမပဲရှိတယ်…အထီးမရှိဘူးနော်…သူဘယ်လိုကလေးရပါလိမ့် :))
Kaung Kin Pyar
May 25, 2015 at 11:28 am
🙂
ဟယ်ရီပေါ်တာတက်တဲ့ ဟော့ဝဒ်ကျောင်းက တစ်ယောက်ယောက်နဲ့များ ညားတာလား မသိဖူး….။ အိပ်မက်အခင်းကတော့ အဲ့ဒိခေတ်စတိုလ်အတိုင်းပဲ…အဟီးးးး
မင်းသားနဲ့မတွေ့လိုက်တာတော့ စိတ်ထဲမကောင်းဘူး….။ မင်းသားရွေးရခက်နေတာနဲ့ ကျွတ်က ဇာတ်လိုက်ဖြစ်သွားတာ…။ နောက်တစ်ခေါက်မှပဲ မအိပ်ခင် မင်းသားလုပ်ဖို့ ဟိုရခိုင်မင်းသားလေးကို ပျိုးယူကြည့်ဦးမယ်….
:k:
aye.kk
May 25, 2015 at 11:33 am
စိတ်အတွေး
အိပ်မက်ထဲတောင်
အလွတ်မပေး
Kaung Kin Pyar
May 25, 2015 at 11:59 am
ဟုတ်တယ် အန်တီအေးးး
မိုးတွင်းရောက်ရင် ကျွတ်အိပ်မက်တော့ အမြဲမက်တယ်…။ စိတ်ထဲအမြဲရှိနေလို့ ထင်ပါရဲ့…
🙁
အောင် မိုးသူ
May 25, 2015 at 11:50 am
ကျွန်တော်က ကျွတ်ဆိုရင် လက်နဲ့လုံး ပြီးရင် မီးကင်ပစ်တာ ဟိဟိ။
Kaung Kin Pyar
May 25, 2015 at 11:58 am
ဖောက်ခနဲ မြည်ရောလား….
ငါသိတယ် နော်…
:k:
Wow
May 25, 2015 at 12:04 pm
စိတ်ကူးကောင်း ရေးတတ်လိုက်တာ ကင်းကောင်လေးရယ်..
တော်တဲ့သူတွေဆို ချစ်ထှာ :kwi:
Kaung Kin Pyar
May 25, 2015 at 1:12 pm
မဝါးးးတို့လို ရေးတတ်ချင်တာပါ…
အိုက်ဒိလိုင်းဘက် လိုက်မမှီသေးး
:chit:
:chit:
Ma Ei
May 26, 2015 at 2:51 pm
ကျွတ် တစ်အားကြောက်…
အရင်က ခြံထဲမှာ ကျွတ်ရှိတယ်…ကြောင်နဲ့ပါလာတတ်တာ..
တွေ့ပီဆို ကြောက်ပေမယ့် ဆားနဲ့ပုံရတာဘဲ…
ခုတော့ မရှိသလောက် ဖြစ်ပါပီ…
Kaung Kin Pyar
May 26, 2015 at 3:39 pm
ထုံးဖြူးထားရင်တော့ ကျွတ်ပါးသွားမယ် ထင်တယ်…။
အိမ်မှာလဲ ကြောင်ရှိနေတော့ သူက သူ့ခြေကြားလက်ကြားမှာ ပါပါလာတာ….။ သူ့ကို ကျွတ်သယ်ယူပို့ဆောင်ရေး လုပ်လွန်းလို့ ထရန်စပိုတာမ လို့ နာမည်ပေးထားတယ်….။
🙂
တောင်ပေါ်သား
May 27, 2015 at 12:21 pm
အိပ်မက် မမက်ဖြစ်တာ ကြာပေါ့ကွယ် 🙂
Kaung Kin Pyar
May 27, 2015 at 1:16 pm
အိပ်မက်တိုင်း လုံးစေ့ပတ်စေ့ မှတ်မိတာ ရှားတယ်။ တချို့ တော်တော် တခါတလေမှသာ….။ မှတ်မိရင်လဲ အစအဆုံးပဲ….။
မကောင်းတာ မက်ရင် ပြောင်းပြန်တွေးတယ်၊ ကောင်းတာမက်ရင် အတည့်တွေးတယ်…။ အိပ်မက်ထဲမယ် စိုင်းစည်တွမ်ခမ်းလေးကို ထည့်မက်ရင်…
:
:
:
:
:
:
ပြန်အိပ်တယ်…