တစ်နေ့ပြီး တစ်နေ့ (၁၂) Day by Day (12)
ပိုစ့်ကိုစပြီးရေးတုန်းက ပြက္ခဒိန်နေ့စွဲအတိုင်း ရေးသွားမှာမို့ ခေါင်းစဉ်ကို တစ်နေ့ပြီးတစ်နေ့ လို့ ပေးလိုက်မိတယ်။
ရေးရင်းရေးရင်းနဲ့ စဉ်းစားမိတာက…..
တစ်နေ့ပြီးတစ်နေ့ ဆိုတာထက် တစ်ရက်ပြီးတစ်ရက် ဆိုရင် ပိုမှန်လေမလားလို့။ 🙄
ရုံးစာရေးတဲ့အခါ (Date) ရေးရင် နေ့စွဲလို့ ခေါင်းစဉ်မတပ်ပဲ၊ ရက်စွဲလို့ပဲ ခေါင်းစဉ်တပ်ရတယ်လို့ မြန်မာစာဆရာမက သင်ပေးဖူးတာကို သတိရမိသွားလို့။
တနင်္လာနေ့၊ အင်္ဂ ါနေ့စတဲ့ နေ့တွေကို အစွဲပြုပြီးရေးတာကိုမှ နေ့စွဲ။
၁ရက်၊ ၂ရက်၊ စသဖြင့် ရက်ကို အစွဲပြုပြီးရေးတဲ့ (Date) ကိုတော့ ရက်စွဲ
လို့ မှတ်သားထားဖူးပါတယ်။
ရေးလာတာလည်း အပိုင်း (၁၂) တောင် ရောက်လာပြီဆိုတော့ ခေါင်းစဉ်ပြောင်းဖို့ စိတ်ကူးတော့ မရှိပါဘူး။
ဝင်လာတဲ့ အတွေးကို မျှဝေပေးရုံသက်သက်ပါ။
ခေါင်းစားစေချင်တဲ့ ဝါသနာကြောင့် မဟုတ်ဘူးလို့တော့ မပြောဘူးနော်။ :kwi:
ဒီလက မိုးတွင်းကာလဖြစ်လို့ တကယ့်လောကကြီးက အေးစက်စက်နဲ့ နှေးကွေးလေးလံနေတယ်လို့ ထင်မိတယ်။
ဆရာအော်ပီကျယ်ကတော့ နှေးကွေးလေးလံနေတဲ့စိတ်တွေကို တွန်းအားပေးတဲ့ ဒဿ နတွေချည်းပဲ ဒီလမှာ စုစည်းပေးထားသလားထင်ရတယ်။ :s:
၁ရက်နေ့ရဲ့ ကာတွန်းဒဿ နကိုတော့ ကိုယ့်ဘဝဖြစ်စဉ်နဲ့ နှိုင်းယှဉ်ပြီး ရေးပြချင်ပါတယ်။
အောင်မြင်ချင်းတူတူ ဘယ်သူမြတ်သည်လဲ ဆိုတဲ့ သီချင်းကို ကျမတို့မောင်နှမတွေရဲ့ Roll model ဖြစ်တဲ့ အမအကြီးဆုံးက ပြောလေ့ရှိပါတယ်။
အထက်တန်းကျောင်းသားဘဝမှာ သူငယ်ချင်းတွေကို မိဘတွေက လွယ်အိတ်လွယ်၊ ထမင်းဆွဲခြင်းဆွဲပြီး ကျောင်းပို့/ကြို လုပ်ကြတယ်။
တချို့မိဘတွေက သမီးနဲ့အတူတူ တနေကုန် ကျောင်းတက်တယ်။
နေ့လည်ထမင်းစားချိန်ဆိုရင် မိဘတွေ သားသမီးတွေ ပျော်ပွဲစားထွက်လာကြသလိုပဲ။
အဲဒီအချိန်မှာ ကျမတို့မောင်နှမတွေက ကိုယ်တိုင်ချက်ပြုတ်စားသောက်ရတယ်။
ကိုယ့်ထမင်းဘူးကိုယ်ထည့်၊ ကိုယ့်လွယ်အိတ်ကိုယ်လွယ်ပြီး ကျောင်းသွား/ပြန် လမ်းလျှောက်ရတယ်။
ကိုယ့်အချိန်နဲ့ကိုယ် အိပ်ယာထ၊ စာကျက် လုပ်ရတယ်။
မိဘတွေက အဝေးမှာနေတဲ့အပြင်၊ ငွေအများကြီးပေးတာ ကလေးကို ပျက်စီးဖို့ လမ်းစပေးသလိုပဲလို့ ယူဆထားတဲ့အတွက် မုန့်ဖိုးနဲ့ ချိန်ဆပြီးစားရပါတယ်။
တချို့ စိတ်ဓာတ်မပြည့်ဝတဲ့ ဆရာမများနဲ့တွေ့တဲ့အခါတွေမှာ ကျောင်းသူအချင်းချင်း ဘယ်သူမှားတယ်၊မှန်တယ်ဆိုတာကို မနှိုင်းချိန်ပဲ မျက်နှာကြီးရာဟင်းဖတ်ပါပြီး နှိမ်တာ ရိုက်တာတွေလည်း ခံခဲ့ရတာပေ့ါ။
ဒါပေမယ့်….ဒီအသက်အရွယ်ရောက်လို့ ဘဝတလျှောက်လုံးနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါမှာတော့ ကိုယ်နဲ့တန်းတူရွယ်တူတွေထဲက အောင်မြင်တဲ့သူတွေတွေ့တာတောင်……..
အောင်မြင်ချင်းတူတူ ဘယ်သူမြတ်သည်လဲ လို့ တွေးမိပြီး ကျေနပ်မိပါတယ်။ 🙂
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(မကြောက်ပါနဲ့။
ဘာအခက်အခဲမှမကြုံပဲ သင့်ဆီက ဘာအရည်အချင်းမှ ထွက်မလာနိုင်ဘူး။
ဒါ့ကြောင့် အရည်အချင်းပြည့်ဝချင်ရင် အခက်အခဲတွေကို မကြောက်ပါနဲ့………. တဲ့။)
ဖွဘုတ်ကတွေ့တာလေး ကူးလာတာ။
(ခရက်ဒစ်ပေးဖို့ ဘယ်သူရေးတာမှန်း မသိတော့လို့)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ထက်သန်တဲ့စိတ်ရှိမှ အပြင်းအထန်ကြိုးစားမယ်။
အပြင်းအထန်ကြိုးစားမှသာလျှင် ကြီးမားတဲ့အောင်မြင်မှုကို ရနိုင်တယ်။
နောက်တဖက်ကကြည့်ရင်….
အောင်မြင်မှုက လွယ်လွယ်နဲ့ရရင် တန်ဖိုးမထားတတ်ကြလို့ တာရှည်မခံဘူး။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၄ရက်နေ့နဲ့ ၅ရက်နေ့ ကာတွန်း၂ခုကို ပေါင်းပြီး ရေးချင်ပါတယ်။
စားသောက်ဆိုင်တွေမှာ သွားစားတဲ့အခါ ကိုယ့်ဝိုင်းကို ဂရုစိုက်အောင် စားပွဲထိုးလေးတွေကို မုန့်ဖိုးပေးကြလေ့ရှိတယ်။
စားပွဲထိုးလေးတွေကလည်း မုန့်ဖိုးပေးထားတဲ့ဝိုင်းဆို ပိုဂရုစိုက်တာပေ့ါ။
ကိုယ့်စိတ်ကတော့ အလကားစားတာလည်း မဟုတ်၊ သူတိုု့လုပ်ရမယ့်တာဝန်သူတိုု့လုပ်တာပဲဆိုပြီး အပိုမပေးချင်ဘူး။
ဒါပေမယ့် စားပွဲထိုးလေးတစ်ယောက်ကတော့ မုန့်ဖိုးမပေးထားပေမယ့် သူလုပ်ရမယ့်တာဝန်ကို တက်တက်ကြွကြွ တာဝန်ကျေအောင် လုပ်ပေးတာတွေ့တော့ စိတ်ထဲက အတော်သဘောကျကျေနပ်မိလို့ ပြန်ခါနီးတော့ မုန့်ဖိုးပေးလိုက်တယ်။
ကိုယ်လုပ်ရမယ့်တာဝန် (ကြီးကြီး/သေးသေး) ကို တာဝန်သိစိတ်၊ တာဝန်ယူစိတ်နဲ့လုပ်တာကို မြင်ရတာ မင်္ဂလာရှိလိုက်တာလို့ ကျေနပ်နေမိသလို ဒီလိုစိတ်ဓာတ်ရှိတဲ့သူဟာ တစ်နေ့နေ့မှာ အောင်မြင်လာမှာလို့လည်း တွေးမိတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လုပ်စရာရှိတာကို နေ့ရွှေ့ညရွှေ့လုပ်တတ်တဲ့အကျင့်ရှိသူတွေဟာ အောင်မြင်မှုရနိုင်ခြေနည်းပါတယ်။
အောင်မြင်ချင်တယ်ဆိုရင်
ယနေ့ လုပ်ရန်အလုပ်ကို ယခု လုပ်ပါ
လို့ အကြံပေးချင်ပါတယ်။ :chit:
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စိုင်းထီဆိုင်သီချင်းထဲက…
ထိုက်တန်တဲ့ရင်းနှီးမှုတော့… ရှိရမယ်။
မယုတ်မလွန်တဲ့ အားထုတ်မှုတော့….. စိုက်ရမယ် ဆိုတာကို ကြားယောင်မိတယ်။
လောကကြီးမှာ ဘယ်အရာမှအလကား မရဘူး။
များများလိုချင် များများအားထုတ်။
နည်းနည်းအားထုတ်ရင် နည်းနည်းပဲ ရနိုင်မယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၈ရက်နေ့နဲ့ ၉ရက်နေ့ကို တဆက်တည်း တွေးမိတယ်။
ဓနမဂ္ဂင်းအောင်မြင်ခဲ့တဲ့ ၁၉၉ဝ ပြည့်လွန်နှစ်တွေတုန်းက အောင်မြင်ရေး ကြီးပွားတိုးတက်ရေးဆောင်းပါးတွေမှာ…..
စိတ်ကူးကောင်းတွေရှိနေပါလျှက် လက်တွေ့အကောင်အထည်မဖော်ရင် ဘာမှဖြစ်မလာနိုင်ဘူး။
ကိုယ့်မှာရှိတဲ့ သေးငယ်တဲ့စိတ်ကူးလေးတစ်ခုကို လက်တွေ့အကောင်အထည်ဖော်ရင်း လုပင်ငန်းခွင်မှာ အမြင်ကျယ်လာပြီး ကြီးပွားတိုးတက်သွားတာတွေ ဖတ်ရတယ်။
ဦးလှဝင်း( လေသူရဲကောင်းတစ်ဦး) ရေးတဲ့ ကျောက်မျက်ဆောင်းပါးတွေဆိုရင် သိပ်စိတ်ဝင်စားစရာကောင်းခဲ့တယ်။ 🙂
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လူတိုင်းကိုယ်စီ တစ်နေ့ကို ၂၄ နာရီ ညီတူညီမျှ ရကြတဲ့သူတွေချည်းပဲမို့
ကိုယ်ရတဲ့အချိန်ကို မျှတစွာ၊ အကျိုးရှိစွာ စီမံခန့်ခွဲ အသုံးချဖို့ လိုအပ်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နေ့စဉ်ဝင်ရတဲ့ လုပ်ငန်းခွင်မှာ ကြာလာတဲ့အခါ ပုံစံခွက်ထဲရောက်နေသလို လူဟာရုပ်သေးရုပ်လို ဖြစ်လာတတ်ပါတယ်။
အဲဒါကြောင့် အနားယူမှုလိုအပ်ပါတယ်။
အနားယူတယ်ဆိုရာမှာလည်း လူတစ်ယောက်နဲ့တစ်ယောက် ဝါသနာဗီဇချင်း မတူကြတာကြောင့် ….
ကိုယ့်စရိုက်ဝါသနာနဲ့ ကိုက်ညီတဲ့ အနားယူမှုရယူခြင်းဖြင့် လုပ်ငန်းခွင်မှာ လန်းဆန်းတက်ကြွလာနိုင်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရှေ့ပိုင်းက ဒဿနာထဲမှာပြောထားတာက…
ကိုယ့်ကိုသူများက ဘယ်လိုမြင်တာ အရေးမကြီးဘူး၊ ကိုယ့်ကိုကိုယ် ဘယ်လိုမြင်တာက အရေးကြီးတယ် တဲ့။
ကိုယ့်ခံယူချက်ကို ပြောရရင်တော့ ပတ်ဝန်းကျင်ကို ဂရုစိုက်လွန်းတာ(ဂရုမစိုက်ရဘူးလို့ မဆိုလိုပါ) ကိုယ့်လားရာကိုဝေ့ဝဲစေတယ်လို့ ထင်တယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အလုပ်တစ်ခုကို စမိလျှင် ပြီးအောင်လုပ်ပါ လို့ ဆိုတာနဲ့ အလားတူ
မစခင် ဘယ်လိုဆုံးမလဲ တွေးပါ
ပင်ပန်းလို့ မရပ်နဲ့၊ ပြီးမှ ရပ် စသဖြင့်…………… အလုပ်လုပ်ရာမှာ ဇွဲရှိဖို့တွန်းအားပေးစကားတွေလည်း ထပ်နေပြီထင်ပါရဲ့။ :k:
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဝန်နဲ့အား မျှတဖို့လိုကြောင်းးးးးးး
တန်ဆေး လွန်ဘေး ဆိုသလို အလုပ်ကို လောဘတကြီးမလုပ်စေလိုကြောင်းးး
သတိပေးချက်လေး တစ်ခုပေ့ါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဆရာအော်ပီကျယ်ရေးထားသသလို ကိုယ့်ရဲ့ကြွယ်ဝချမ်းသာမှုကို စပွန်ဆာပေးပြီး အလဟဿ ဖြစ်စေမလား
မိဘမဲ့ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုလို နေရာမျိုးတွေမှာ သုံးမလား။
ငွေဆိုတာက သုံးတတ်လျှင် ဆေး၊ မသုံးတတ်လျှင် ဘေး ဖြစ်နိုင်တယ်လေ။
တစ်နေ့ပြီးတစ်နေ့ (၁၀)မှာတုန်းက
ငွေရဲ့စွမ်းအားနဲ့ ဘဝတွေကို စောင့်ရှောက်ပါ
ဆိုတာနဲ့ သဘောချင်းတူလို့
ဒီကာတွန်းကိုဖတ်ပြီးတော့ ကိုယ်ရဲ့ပိုင်ဆိုင်မှု (ကြွယ်ဝမှု) တွေကို ကမာ္ဘ့လူသားတွေအတွက် အကျိုးရှိရှိ လှူဒါန်း (အသုံးပြု) နေတဲ့ မိုက်ခရိုဆော့ဖ်ဝဲလ်ရဲ့ အရှင်သခင် ဘီလ်ဂိတ်ကို မြင်ယောင်မိပါတယ်။ 🙂
သူတို့က ချမ်းသာတာကိုး လှူနိုင်မှာပေ့ါလို့ ပြောမယ်ဆိုရင်
သူလိုချမ်းသာတဲ့သူတိုင်း သူ့လို မလှူနိုင်ကြပါဘူး။
ကိုယ်တိုင်လည်း သူ့လောက်ချမ်းသာလာတောင် သူ့လိုလှူနိုင်ချင်မှ လှူနိုင်မှလို့ တွေးမိပြီး
သူတပါးဒုက္ခခံစားရတာကို ကိုယ်ခံစားရသလို ကိုယ်ချင်းစာစိတ်နဲ့ ထားရှိတဲ့စေတနာကို လေးစားမိပါတယ်။ 🙂
18 comments
မြစပဲရိုး
May 24, 2015 at 4:35 pm
ဇွန်လတောင် ရောက်သွားပြီ။ မေလ က ပုံတွေ ကို ဘယ်လိုကျော်သွားပါလိမ့်။
==================================
ဇွန်(၁)
ကားကြပ်တဲ့ အထဲ ရောက်ခဲ့ရင်တော့ ဘယ်လိုမှ မတတ်နိုင်။ အရှိန်လျှော့ ကို လျှော့လိုက်ရပါတယ်။
ဇွန်(၆)
ယနေ့ အလုပ် အခုလုပ်ဖို့ဟာ မနေ့က နဲ့ ဟိုနေ့တွေ က အကြွေးတွေကျန်နေတာမို့
ဇွန်(၈)
. အောင်မြင်ဖို့ အတွက် အိမ်မက်က စလို့ အိမ်မက်အောင် အရင် အိပ်လိုက်ဦးမယ်။
ဇွန်(၁၀)
အနားယူလွန်းသူကရော အချိန်စီမံခန့်ခွဲသူကောင်းလား 🙄
==============================================
အတည်ပြောတာဝုတ်ဘူးနော်။ တမင် ဝင်နောက်တာ lol:-))))
Ma Ma
May 24, 2015 at 5:18 pm
(ယနေ့ အလုပ် အခုလုပ်ဖို့ဟာ မနေ့က နဲ့ ဟိုနေ့တွေ က အကြွေးတွေကျန်နေတာမို့ )
ကိုယ်တိုင်လည်း ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့လို့ ပြောရမလိုပါပဲ။ :kwi:
ကြွားချင်တာကို မသိလိုက်ဖူး ဝုတ်လားးးးး :k:
ကာတွန်းပုံတွေကိုရိုက်တာ ဘေးက စာတွေများလွန်းတာနဲ့၊ မှောင်နေတာနဲ့ အဆင်မပြေလို့ စိတ်ညစ်နေတာ။
ပုံတွေကို ဖြတ်ကပ်ညှပ်လည်း မလုပ်တတ်ပဲနဲ့
Photo edit မှာ တွေ့သမျှtool တွေကို ယူသုံးကြည့်ရင်းနဲ့
ရမ်းသမ်းလုပ်လိုက်တာ ပုံတွေကို ဖြတ်လို့ရသွားတယ်။
ပုံတွေက ကြီးလိုက် သေးလိုက် ရှည်လိုက် ပြားလိုက်ဖြစ်နေတာတော့ ဆက်မလုပ်တတ်တော့လို့ ဒီအတိုင်း လွှတ်ပေးလိုက်တယ်။ 🙂
ခင်ဇော်
May 24, 2015 at 4:45 pm
ကျောင်းးစဖွင့်တဲ့ လ မှာ….
စိတ်အားးထက်မှုနဲ့ ကြိုးးစားးခြင်းး ဝီရိယတွေ များးမယ်ထင်….
:mrgreenn:
Ma Ma
May 24, 2015 at 5:22 pm
ကျောင်းတက်တဲ့အရွယ်တွေကို တွန်းပေးလိုရင်းဖြစ်မှာပေမယ့်………
သူ့ကာတွန်းကြည့် ရေးထားတဲ့စာတွေဖတ်ပြီး ကိုယ်မှာတော့ အတော်မောသွားသလိုခံစားမိလို့။ :e:
Kaung Kin Pyar
May 25, 2015 at 9:54 am
ယနေ့တွေကို ဂရုစိုက်ပါ…။ လိုချင်တဲ့အနာဂတ်ကို ရောက်သွားလိမ့်မယ်…။ 🙂
Ma Ma
May 25, 2015 at 10:36 am
အော်ပီကျယ်ပေးချင်တဲ့ အတွေးကို ရယူကျင့်သုံးနိုင်ရင် တိုးတက်ဖို့ အကျိုးများဖို့အတွက်ပဲ ဖြစ်မှာပါ။ 🙂
Mike
May 25, 2015 at 10:33 am
.စိတ်တွေပဲကူးနေပြီး လက်တွေ့အကောင်အထည်ဖေါ်မှုအားနည်းနေတုန်းပဲ
.အနားယူတာကျများနေပြန်ရော
.ဘာအခက်အခဲမှမကြုံပဲ သင့်ဆီက ဘာအရည်အချင်းမှ ထွက်မလာနိုင်ဘူး။
.ဒါ့ကြောင့် အရည်အချင်းပြည့်ဝချင်ရင် အခက်အခဲတွေကို မကြောက်ပါနဲ့………. တဲ့။ .ဆိုတာလေးသဘောကျတယ်
Ma Ma
May 25, 2015 at 10:20 pm
ကာတွန်းဒဿ န တွေ ဖတ်ပြီး ကောင်းလိုက်တာ ကောင်းလိုက်တာ ဆိုပြီး အများသိစေချင်လို့ ပြန်ရှဲနေပေမယ့် ကိုယ်တိုင်ကျင့်သုံးမှုမှာတော့ အားနည်းနေတာပါပဲ။
ဘာပဲဖြစ်ဖြစ် မသိတာထက်စာရင် သိတာက တော်သေးတာပေ့ါနော်။
အောင် မိုးသူ
May 25, 2015 at 11:46 am
ခုတလော စိတ်ကလေးအေးချမ်းစွာ ထားနေတယ်။ နက်ဖန်ထက ်ဒီနေ့ကို အကောင်းဆုံးလုပ်နေမိတယ်။
Ma Ma
May 25, 2015 at 10:21 pm
ကောင်းလိုက်တဲ့ လုပ်ရပ်ပဲ။
ကြားရုံနဲ့တင် စိတ်အေးချမ်းသွားတယ်။ 🙂
aye.kk
May 26, 2015 at 9:45 am
တစ်နေ့ပြီးတစ်နေ့,တစ်ရက်ပြီးတစ်ရက်ပေါ့နော်
မမရေးတဲ့postဖတ်ပြီးသဘောကျမိပါတယ်။
တိပိဋကယောဆရာတော်ကြီးရဲ ့ဆုံးမဩဝါဒမှာပါတာလေး
ပြန်ပြီးမျှဝေချင်ပါတယ်
“အချိန်ထိန်း အာရုံထိန်း စိတ်ထိန်းကရိယာသတိနှင့်
ချင့်ချိန်တတ်သောပညာဟူသည့်ချိန်သီး အမြဲတပ်ထားဖို့လည်း
အထူးလိုအပ်သည်”။
ဆိုတာကိုနှလုံးသွင်းဖြစ်ဖို့လိုအပ်လှတာ၊ပြောပြလိုက်ပါရစေ။။
Ma Ma
May 26, 2015 at 11:13 am
သဘောကျတယ်ဆိုလို့ ဝမ်းသာပါတယ်။
စကားလက်ဆောင်အတွက်လည်း ကျေးဇူးတင်ပါတယ်။
တရားသားနဲ့ ပြည့်ဝနေတဲ့ မအေးကိုလည်း အားကျမိပါတယ်။ 🙂
aye.kk
May 26, 2015 at 11:40 am
Ma Ma
Thank u par.
Ma Ei
May 26, 2015 at 12:32 pm
မမ
ချောင်းသာ
ငွေဆောင်
နောက်တစ်ခေါက်
အလုပ်ခွင်ကိုခေတ္တဖြတ်၍ အနားယူပါ
ပြန်လာလှ ျှင် ပိုမိုလန်းဆန်း လာလိမ့်မည်…ဆိုတာ အကြိုက်ဆုံးပဲ.
.ခေတ္တဖြတ်၍ အနားယူပါ ဆိုတာထက် ကို ခဏလောက် ထွက်ပြေးချင်တာ…
😥
Ma Ma
May 26, 2015 at 4:35 pm
ကျောင်းတက်တုန်းက စာမေးပွဲနီးလေ စာကျက်ရမယ်ဆိုတဲ့အသိကို မကျက်ချင်ဘူးဆိုတဲ့ စိတ်နဲ့ စာအုပ်ဖွင့်ပြီး အချိန်ကုန်တတ်တာကို…
သူငယ်ချင်းတစ်ယောက်က စိတ်ကို ဖွင့်ပေးရတယ်တဲ့။
ကိုယ့်ကိုကိုယ် စာမကျက်ချင်ရင် မကျက်နဲ့ဆိုပြီး နေပလိုက်။
၁ရက် အလွန်ဆုံး ကြာရင် ၂ရက်လောက်ဆို စိတ်တွေပူလာပြီး မကျက်လို့မရဘူးဆိုတဲ့စိတ်ပေါ်လာရင် စာကျက်ရတာ အရှိန်ရသွားရော။
အလုပ်ကတော့ အဲလို လွှတ်ထားလို့မရတော့ ခက်သားးးး
🙄
kai
May 27, 2015 at 3:16 pm
ဒီတပါတ်..တိုမ်းမဂ္ဂဇင်းအဖုံးက… Who Killed Summer Vacation? ဆိုတာကြီး..
အမေရိကန်တွေလည်း… အပန်းဖြေချိန်တွေအခိုးခံနေရသဗျ…။
ဘယ်သူခိုးသလည်းဆိုတော့… ကိုယ်တိုင်ပါပဲ… တဲ့..။
အဲဒီထဲမှာမှ.. ကိုယ့်အပန်းဖြေရက်ကပြန်လာရင်.. အလုပ်တွေပုံကျလာတာကိုမခံနိုင်လို့..အပန်းဖြေခွင့်မယူသူက..၄၀%နှုန်းနဲ့အများဆုံး…တဲ့..။
မြန်မာတွေ.. အပန်းဖြေခရီးသွားသင့်ပါတယ်..။
ဈေးဝယ်ထွက်…ဘုရားဖူးသွားမဟုတ်တာတွေလုပ်သင့်ကြလှပေါ့…။
Ma Ma
May 28, 2015 at 6:51 am
အပန်းဖြေခရီးဆိုလို့ မယ်ပုချ်လို တောင်တက်ခရီးသွားရမလား သဂျီး။
ထမ်းစင်အရင်ရှာအုံးမှဖြစ်မယ်။ :k:
ကိုယ်နေ့စဉ်ကျင်လည်နေရတဲ့ ဘဝပုံစံခွက်ထဲက လွတ်မြောက်ပြီး ကိုယ်စိတ်သန်ရာ တစ်ခုခုကို လုပ်ခွင့် သွားခွင့်ရတာ အပန်းဖြေတာပဲလို့ ထင်တာပဲ။ 🙂
pooch
May 28, 2015 at 1:34 pm
အခု နောက်လထဲ summer vacation လစာပြည့်နဲ့ တလရတယ် ကြွားပါရစေ ဟီး :mrgreenn:
ဒီအလုပ်မြဲနေတာ ဒါတွေကြောင့်လည်း ပါတယ်
သွားအုန်းမို့ပဲ အိမ်ကလည်း ဆိုင်လေး ကူပါအုန်းဆိုလို့
ရက်သိပ်အကြာကြီးမရလည်း ရတဲ့နေရာတော့သွားအုန်းမှာ
မဟုတ်ရင် အရမ်းငြီးငွေ့တယ်
ခရီးက ပြန်လာရင်တော့ လူက တကယ်လန်းတယ် စိတ်လည်းပျော်တယ်
လုပ်ချင်ကိုင်ချင်စိတ်လည်း ပိုလာတယ်
တောင်တက်ဆိုလို့ သူငယ်ချင်းတယောက်ပြောတာ သတိရတယ်
ကျနော်ကတောင်တက်သမားဆိုတော့ တောင်တက်နေရမှတဲ့ ဘယ်မှ မသွားရမတက်ရရင်
အိမ်က အိမ်သာတက်နေတာပဲ တဲ့ :loll: