တီကောင်များနှင့်၊မိတ်သင်းဖွဲ့လျက်
ရွံတတ်ရင်တော့ ဆက်မဖတ်ပါနဲ့နော်။
ဟုတ်တယ်လေ၊တီကောင်ဆိုတာ စာထဲမှာတောင် တော်တော်ရွံဖို့ကောင်းပါတယ်။ ထိလိုက်မိရင်လည်း အေးစက်စက် ပျော့စိစိ ချွဲတဲတဲနဲ့။
ကျမလည်း အစက တီကောင်မြင်ရင် ကြောက်တော့ မကြောက်ပေမယ့် ရွံမိပါတယ်။အပင်တွေ စိုက်ဖို့ မြေကြီးတူးဆွရင်း အမှတ်တမဲ့များ တီကောင် မည်းမည်းဝဝကြီးတွေကို ကိုင်မိရင် အလန့်တကြား လွှင့်ပစ်မိခဲ့ပါတယ်။
အခုတော့ ကျမ တီကောင်တွေနဲ့ မိတ်ဆွေ ဖြစ်နေပါပြီ။
မိုးလေး တပြိုက်နှစ်ပြိုက်ရွာလိုက်ပြီဆိုရင် သူတို့နဲ့ ကျမ မျက်နှာချင်းဆိုင်တွေ့ရပါပြီ။
တီကောင်တွေ့တာများ ဆန်းတာလိုက်လို့။ဒါပေမယ့် သူတို့ ကျမကို လာတွေ့တဲ့နေရာက တီကောင်တွေ ကျက်စားလေ့ရှိ်တဲ့ မြေကြီးကနေ ၁၅ပေ လောက်မြင့်မယ့် အိမ်အပေါ်ထပ်က ကျမရဲ့ ရေချိုးခန်းမှာပါ။
အိမ်မှာ တခြားရေချိုးခန်းတွေ ရှိပေမယ့် ကျမရေချိုးခန်းကို ကိုယ်တော်တွေ မချောတွေက ဘာကြိုက်ကြတယ်မသိပါဘူး။ မြေဆွဲအား ဆန့်ကျင်ပြီး ရေဆင်းပိုက်ကနေ တက်လာကြတယ်။ အိမ်အောက်ထပ်က ရေချိုးခန်းထဲတောင် သူတို့ကိုမတွေ့ရတတ်ဘူး။(ဧကန္တတော့ ကျမ အမျိုးဟောင်းတွေ ဖြစ်မှာပဲ၊သူတို့ တီထွေးကြီးထဲက ထွက်လာတာ မကြာသေးလို့ လိုက်နှုတ်ဆက်ကြတယ်နဲ့ တူပါရဲ့)
ရောက်လာတာနဲ့ ရေချိုးခန်း ကြွေပြားတွေပေါ် တွန့်တွန့်တွန့်တွန့်နဲ့ အပြိုင်အဆိုင် တွားသွားကြတာပဲ
၊ဒေါင်လိုက်တက်တဲ့ အကောင်ကတက်၊လူတရပ်ထက်တော့ ပိုမတက်နိုင်ဘူး။
ကျမ အရပ်နဲ့ တတန်းထဲလောက်ဆို တက်တာ ရပ်သွားပြီ။
ဒါ့ကြောင့် မျက်နှာချင်းဆိုင်တွေ့ရတယ်လို့ ပြောခဲ့တာပေါ့။
တချို့ကတော့ ၁ဝပေလောက်ကျယ်တဲ့ ရေချိုးခန်းကို အလျားလိုက် ဖြတ်ကြတယ်၊အဲသလောက် ဝေးဝေး တွားသွားပြီးရင်တော့ သူတို့ အမြင့် သိပ်မတက်နိုင်တော့ဘူး။
ဒီကောင်တွေက မြေကြီးမှာတွေ့တဲ့ တီကောင်တွေလို အစာတွေ ဝနေအောင် မစားရတော့ သေးသေးသွယ်သွယ် ဆလင်းဘော်ဒီနီနီလေးတွေ။ပထမတွေ့ခါစမှာ တကောင် နှစ်ကောင်ရယ်။၂ရက်လောက်များနေရင် မိသားစုလိုက်ကြီး ဖြစ်လာရော(ဘင်္ဂါလီခေါ် ရိုဟင်ဂျာတွေကျနေတာပဲ)။အမှတ်တမဲ့နင်းလိုက်မိလို့ နှစ်ပိုင်းပြတ်သွားရင်လည်း ဘိုးဘိုးအောင်နဲ့များတွေ့သွားသလားမသိ၊နှစ်ကောင် အလိုလိုဖြစ်သွားပါလေရော။
နှစ်စဉ် စတွေ့တိုင်း ရေပိုက်ထဲ ပြန်ထိုးချပေမယ့် မဟာဇနက္ကမျိုးတွေက မလျှော့သော ဇွဲလုံ့လနဲ့ ပြန်တက်လာတာပါပဲ။
တကယ်ဆို တွားသွားသတ္တဝါတွေထဲ သူတို့က သနားစရာ အကောင်းဆုံးပါပဲ။
မျိုးတူတဲ့ မြွေတွေလို အဆိပ်လည်းမရှိရှာဘူး။
အိမ်မြောင်တို့၊ပုတ်သင်ညို၊တောက်တဲ့တို့လို မြန်မြန်ဆန်ဆန်လည်း မသွားနိုင်ရှာဘူး။
လိပ်လိုလည်း ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ အခွံမာ မရှိရှာဘူး။
မိကျောင်းလိုလည်း သန်မာတဲ့ အမြီးမရှိရှာဘူး။
သူများပြုသမျှ နုရတဲ့ ဘဝ။ဒါ့ကြောင့်လည်း သဘာဝက ဘက်မျှအောင် သူတို့ကို ဘယ်နားက ပြတ်ပြတ် နောက်တကောင်ဖြစ်အောင် ခွင့်ပြုထားတယ်နဲ့ တူပါတယ်။ဒါပေမယ့် တကောင်လုံး အနင်းခြေခံရရင်တော့ သေရတာပါပဲ။အရေပြားစွတ်စိုနေမှ ရှင်နိုင်တဲ့ သတ္တဝါဖြစ်လို့ ခြောက်သွေ့တာ ကြာပြီဆိုရင်တော့ သေရတာပေါ့။
ဒါ့ကြောင့် ရေနဲ့ဝေးရာ တွားသွားနေတဲ့ကောင်တွေကို တွေ့တိုင်း ရေလောင်းလောင်းပြီး ရေဆင်းပိုက်ဝရောက်အောင် ပြန်ပြန်ပို့ပေးရတာ အလုပ်တခုပါပဲ။ တခါတလေ ကိုယ်အိမ်မှာ မရှိတုန်း သူတို့ အမြင့်တက်ရင်း ခြောက်ပြီး အမည်းရောင် ကြိုးစလေးလို ကြွေပြားပေါ် ကပ်နေတာတွေ့ရင် ရေမြန်မြန်လောင်းပေးလိုက်ရပါတယ်။ အသက်ပြင်းတဲ့ ကောင်တွေက ရေလေးထိတာနဲ့ ပြန်လူးလွန့်လာပါရော။
တချို့လည်း အချိန်မမီတော့ဘူး။အဲသလို သေကုန်မှာစိုးလို့ ရေဆင်းပိုက်နား ရေစုစုလေး ကျန်နေတဲ့ နေရာကနေ မသွားအောင် ဘယ်လိုပဲ ရေလောင်းချချ သူတို့ကတော့ အဝေးကို သွားနိုင်သမျှ သွားဖို့ပဲ အသည်းအသန်ကြိုးစားကြတာပဲ။ ရေနဲ့ လောင်းချရင် အားသစ်တွေရလာသလို (အရေပြားတွေ ချောမွေ့သွားလို့ ဖြစ်မှာပေါ့) ပိုပြီး မြန်မြန်ဆန်ဆန် လူးလွန့်ရင်း ကိုယ်မသွားစေချင်တဲ့ဖက် ရေနဲ့ ဝေးရာ ပြေးကြတာပဲ။
တကယ်ဆို ဒီရေချိုးခန်းထဲ မြေကြီးလည်းမရှိ၊ဘာမှလည်း စားစရာမရှိ၊မသကာ ရေနည်းနည်းရှိတဲ့ ရေဆင်းပိုက်ဝကမှ နေပျော်စရာ ကောင်းအုံးမယ်။
ဘာစိတ်ကူးနဲ့များ ခြောက်သွေ့တဲ့ အပေါ်တွေ အဝေးတွေချည်း သွားဖို့ ကြိုးစားကြပါလိမ့်။သူတို့ကို ကယ်ဖို့ ရေနဲ့လောင်းချတာကိုလည်း အကောင်းမထင်ဘူး။ခြောက်သွေ့တဲ့ နေရာမှာ ရေမရရင် သေမှာလေ။ရှေ့ဆက်သွားရင် ခြောက်ခြောက်လာလေ သေဖို့ နီးလာလေ ဆိုတာ နည်းနည်းမှ မစဉ်းစားကြဘူးလား။
တော်တော်တုံးတဲ့ တီတွေ။
အဲသလို မှတ်ချက်ချမိရင်း ကိုယ်တွေကရော ဒီတီကောင်တွေနဲ့ ဘာများ ထူးလို့လဲလို့ တွေးလိုက်မိပါတယ်။
တကယ်ဆို ဘာမှ မက်မောလောက်စရာ မရှိတဲ့ စည်းစိမ်လေးတွေ ပိုင်ဆိုင်ဖို့ ကြိုးစားရင်း တယောက်နဲ့ တယောက် ပြိုင်ဆိုင်ကြ။မာန်မာနတွေ တက်ကြ။
ရှေ့ဆက်သွားရင် ဒုက္ခသံသရာလည်မယ်ဆိုတာ သိလု့ိ ကိုယ့်ထက်ဉာဏ်ကြီးသူတွေက သတိပေး တားမြစ်ရင်လည်း ကိုယ်သာ အသိဆုံးအတတ်ဆုံးလို့ထင်ပြီး မရမက ဇွတ်တိုးကြ။
ပြောတော့ အသိဉာဏ်ရှိတဲ့လူတဲ့။ လုပ်တော့ မောဟဖုံးတဲ့ တီကောင်လို လုပ်ရပ်တွေ လုပ်နေမိပါလားလို့ တီတွေက ကျမကို ဟားတိုက်သွားပါတယ်။
28 comments
ခင်ဇော်
May 24, 2015 at 6:05 am
တီကောင် အကြောင်းးဆိုတော့ နည်းးနည်းး ပွားးအူးးမယ်..
ငယ်တုန်းးက တွားးသွားး အကောင်တွေ ကျောရိုုးးမဲ့ အကောင်တွေ သိပ်ကြောက်တာ…
အာတီဒုံ ပြောသလိုပေါ့.. မြွေလိုမျိုးးက အဆိပ်ရှိတော့ သတ်ရက် သတ်နိုင်စိတ်
ရှိသေးးးး
သူတို့ က တော့ ကျနော်တို့ အခေါ် ပြိတ္တာခေါ်မားးးး
အသုံးးမဝင်တဲ့ ခန္ဓာပဲရှိတယ်..
တီကောင် က တစ်ကောင်တည်းးမှာ တင် အထီးးရော အမရောလို့ ကြားးဖူးးတယ်..
ဟိုဘက်ရော ဒီဘက်ရော ခေါင်းးတွေမို့ ပြန်ကွေ့ စရာမလို သွားးလို့ရတယ်..
ငယ်တုန်းးကတော့ တီကောင်မြင်ရင် မြွေတွေ့ တာထက် ပိုအော်တာ..
နယ်စုံမှာမို့ တီကောင်စုံ အရွယ်စုံမြင်ဖူးးပါတယ်..
မုန်းးလွန်းးတော့ မာမီက ဘဝ အဆက်ဆက် တရားး အဆင့်ဆင့်တက်အောင် အားးမထုတ်နိုင်ရင်
တီထွေးးးကြီးးက လာပြီးး တီထွေးးကြီးးထဲ ပြန်သွားးရမယ်တဲ့ ခြောက်တယ်..
ခုထိတော့ တီတီဇီ လည်းး ဦးးးတည်ရာ ဘာရယ်မရှိ ရေရှိနိုင်မယ့် စိုစိစိနေရာတွေဆီ မမြင်မကမ်းးး
စမ်းးတဝါးးဝါးး တွားးသွားးနေရဆဲပါလေ…
padonmar
May 24, 2015 at 9:49 am
နောင်ဆို သူများတွေက တီဒုံလို့ ခေါ်တိုင်း ငါ့ကို တီကောင်လို့ ပြောသလားလို့ မလုံမလဲ ဖြစ်နေမိမှာပဲ။
Ma Ma
May 24, 2015 at 8:00 am
အိမ်မှာလည်း ရေချိုးခန်းထဲမှာ တီကောင်တွေအများကြီးပဲ။
ရေဆင်းပိုက်ထဲလောင်းချ၊ ဘေစင်က လောင်းချလည်း ပြန်တက်လာတာပဲ။
ကိုယ်ကတော့ ကြောက်လည်း မကြောက်၊ ရွံလည်း မရွံတတ်တော့ ဒီအတိုင်းပဲ အတူတကွ ယှဉ်တွဲနေထိုင်ခြင်း လုပ်လိုက်တယ်။
အဲ… ကိုယ့်ကိုကိုယ် မောဟဖုံးနေပါလားလို့ အသိတော့ မဝင် :a:
padonmar
May 24, 2015 at 9:51 am
ချစ်မလည်း တီမျိုးဆက်ပါလို့ ဖြစ်မယ်။တီတီမမပေါ့။
surmi
May 24, 2015 at 10:10 am
တီကောင်ကတော့ မကြောက်ရေးချ မကြောက်
ဘယ်ကြောက်ပါ့မလဲ ငယ်စဉ်မသိတတ်ခင်တုန်းက ငါးမြှားချိတ်မှာတပ်ပြီး ငါးမျှားခဲ့တာကိုးး
ငယ်ငယ်က အကုသိုလ်များဘယ်လောက်လုပ်သလဲဆို အဲ့ဒီတီကောင်ကိုမသေနိုင်လို့ ဆားတွေယူပြီးပုံပေးလိုက်တာ ထွန့်ထွန်လူးပြီး အရေပျော်သလောက်ကိုဖြစ်သွားတာဘဲ ။
ပြောရင်း အကုသိုလ်တွေဘက်ရောက်ကုန်ပြီ 🙂
.
.
အင်း သေချာစဉ်းစားကြည့်ရင် အစ်မဒုံပြောသလိုပါဘဲ
ကျနော်တို့တွေလည်း တီကောင်နဲ့မခြားပါဘူးလေ
တစ်နေ့တစ်နေ့ ဒုက္ခ တောထဲကိုတိုးဝင်နေတော့တာပါဘဲ ။
ဘယ်တော့များ ငါးမျှားချိတ်မှာ တပ်ပြီးဘဝတုံးမယ်ဆိုတာ နည်းနည်းလေးမှမတွေးမိ 🙁
padonmar
May 24, 2015 at 9:23 pm
ဆာဆာရေ
FBမှာလည်း တင်ထားတော့ သူငယ်ချင်းတယောက်က ငါးမျှားချင်လာပြီတဲ့။
မြစပဲရိုး
May 24, 2015 at 12:29 pm
ဒီမှာလဲ “တီမြ” ပါ “တီဒုံ” .
တီကောင်ဆိုတာ မစင်ထဲ ပျော်တဲ့ ချီးပိုးထိုးအကောင်ထက် ပိုသာသေးလို့ အပြေးလာပြီး နာမည် အတပ်ခံပါတယ်။ :-))
နဲနဲပါးပါး ရွံတတ်ပေမဲ့ တီကောင် ကိုတော့ မရွံမိဘူး။
.ကြောက်ဖို့တော့ ဝေးရော။
တီဒုံ ပြောသလို သနားတဲ့ဘက် တောင် ပါပါ့။
ဒီမှာလဲ တီကောင် ရှိတာဘဲ။ ဒါပေမဲ့ တွေ့ရတာ အတော် ရှားတယ်။
အိမ်တွေမှာထက် လမ်းပေါ် မှာ တွေ့ဘူးတာ။
. အေးလို့ဘဲ သိပ်မရှိကြတာလားမသိ။
padonmar
May 24, 2015 at 9:26 pm
အေးတဲ့ အရပ်မှာ အဲသလို အကောင်တွေ ရှားမယ်ထင်ပါရဲ့။
မလတ်ပြောမှ သတိရသွားပြန်ပြီ။ ဖတ်ဖူးတဲ့ အိုင်ယာလန်မှာ မြွေမရှိဆိုတဲ့ ဝတ္ထုတိုလေး ကောင်းလွန်းလို့ စာမြည်းညွှန်းချင်တာ ခေါင်းထဲ အကြွေးကျန်နေတယ်။
ဒေါ် လေး
May 24, 2015 at 2:22 pm
တီကောင်တွေလို ပျော့စိစိ အကောင်တွေမြင်ရင်ကို ကြက်သီးထတယ်
ရွံတာလဲမဟုတ်
:-p
padonmar
May 24, 2015 at 9:28 pm
မိန်းမစရိုက်လေ၊ကာတွန်းလေးတောင်ရှိသေး။စစ်သမီးက အိမ်ခန်းထဲမှာ ကြွက်ကလေးကို တွေ့ပြီး ခုံပေါ်တက်ရပ် အသားကုန်အော်နေတဲ့ အကြောင်း။
စည်းနဲ့ ကမ်းနဲ့ လစ်ဘရယ် ယောကျာ်း
May 24, 2015 at 11:52 pm
ညဘက် ရေချိုးခန်းမယ် သတင်းစာစက္ကူလေး ခင်း
ရေလေးဖျန်းထားလိုက်ရင်
မနက်ဆို တထွေးကြီးရရော..
ပီး…
(တော်ဘာဘီလေ.. အကုသိုလ်တွေ)
😛
padonmar
May 25, 2015 at 9:43 pm
မောင်ဂီ ဘာလုပ်ခဲ့လဲ သိတယ်။
ဦးကြောင်ကြီး
May 24, 2015 at 11:52 pm
အာတီဒုံဂျီး ခိုနီကြတော့ ကြောက်ဆြာမီကောင်းဗူးနော်…
padonmar
May 25, 2015 at 9:44 pm
ခိုနီဆို ဘယ်ကြောက်ဖို့ ကောင်းမလဲ။
ကြောင်နီဆိုရင်သာ ဝေါင်ဝေါင်ရှေး။
Mike
May 25, 2015 at 10:01 am
.အိမ်ကရေချိုးခန်ထဲလည်း ရှိပါ့
.နံရံကပ်ကြွေပြားတွေကြားကထွက်ထွက်လာတာ..ရေနဲ့ပက်လိုက်ရင် ကြွေပြားကြားတိုးဝင်သွားရော
.ပြီးတော့ပြန်ထွက်လာကြ သံသရာကိုလည်လို့
.ကျုပ်ကလဲငယ်ငယ်က ငါးကိုနည်းမျိုးစုံနဲ့ဖမ်းခဲ့သူဆိုတော့ တီ နဲ့ရင်းနှီးခဲ့တာပါပဲ
. ငယ်စဉ်မသိတတ်ခင်တုန်းက ငါးမြှားချိတ်မှာတပ်ပြီး ငါးမျှားခဲ့တာကိုးး
.အဲ့ရေချိုးခန်းထဲ တက်တက်လာတဲ့တီမျိုးက ငါးမျှားလို့မကောင်းဘူး
.မြေကြီးကတူးတဲ့ တီခပ်ဝဝ တွေမှ ငါးကြိုက်တာ…
.ငရဲ ငအုံတော့ ကရုမစိုက်ပါဘူးဗျာ…ခုကကိုယ်ချင်းစာတတ်သွားလို့ မလုပ်ဖြစ်တော့တာပါ :))
padonmar
May 25, 2015 at 9:45 pm
ကိုယ်ချင်းစာတရားကပဲ လောကကြီးကို လှပအောင် လုပ်ပေးနိုင်တာပါ ဦးမိုက်ရယ်။
Kaung Kin Pyar
May 25, 2015 at 10:05 am
တီကောင်ကတော့ ဘယ်လောက်ကြီးပဲ မြင်နေရမြင်နေရ မြင်တိုင်း ရွံ့မိတာတော့ အမှန်ပဲ…။ သူတို့ကိုယ် အေးတိအေးစက်မှာ တွန့်လိမ်တွန့်လိမ်ဖြစ်နေတဲ့ အဲ့ အင်ဗာတီဗရိတ်တွေကို မြင်တိုင်း အသည်းယားတယ်….။
မြင်တာခြင်းတူတူမှာ…အာတီဒုံတွေးသလိုတော့ မတွေးမိခဲ့ဖူးဘူး။
padonmar
May 25, 2015 at 9:46 pm
တီဒုံက ဂေါက်ကလပ်မန်ဘာပါဆို။
အောင် မိုးသူ
May 25, 2015 at 11:48 am
တီကောင်လေးတွေကနေ အသိတစ်ချက်ပေါ့နော်။ တီတို့ဘာတို့တောက် မကြောက်ပါဘူး။ လောကမှာ အကြောက်ဆုံးက မြွေပဲ။
padonmar
May 25, 2015 at 9:53 pm
အဘိဓမ္မာရုပ်ပိုင်းသင်တော့ အသေးဆုံးရုပ်ကလာပ်တိုင်းမှာ ဓာတ်ကြီးလေးပါးအပြင် အဆင်း၊အသံ၊အနံ့၊အရသာ ရှိတယ်တဲ့၊
မြေကြီးတို့ သစ်သားတို့မှာ အရသာရှိလားလို့ ဆရာမကမေးတော့ အရသာမရှိပါဘူးလို့ ဖြေမိကြတယ်။ကိုယ့်အတွက်သာ အရသာမရှိ ထင်တာလေ။
တီတွေအတွက် မြေကြီးဟာ အရသာအပြည့်၊
ခြတွေအတွက် သစ်သားဟာ အရသာအပြည့်ပေါ့။
အဲလို သင်လိုက်ရတော့ နေရာတိုင်းမှာ ကိုယ်ချင်းစာတတ်သွားတယ်။
ကိုယ်က မလှဘူးထင်တာ သူ့အတွက် အရမ်းလှ၊
ကိုယ်က ရွံစရာထင်တာ သူ့အတွက် စားကောင်းသောက်ဖွယ်ဖြစ်။
အဲသလိုနဲ့ အတွေးက နယ်ချဲ့။
aye.kk
May 25, 2015 at 11:57 am
တီတွေကနေစွန့်ထုတ်ပစ်တဲ့
တီကျစ်စာတွေက အပင်တွေကို အကျိုးပြုလို့
တီတွေကိုချစ်တတ်လာပါတယ်။
တီတွေကိုချစ်တတ်အောင် အဖေကသင်ထားပေးလို့ပါ။
ငယ်ငယ်ကတော့ တီတွေမြင်ရင် ရွံတဲ့စိတ်နဲ ့သတ်ပစ်မိတဲ့အခါ
အဖေကဆူပါတယ်။ အဖေက အပင်စိုက်တာ ဝါသနာပါပြီး အပင်ကိုအကျိုးပြုတဲ့
တီတွေကို ချစ်တတ်လာအောင် သင်ပေးခဲ့ပါတယ်။
padonmar
May 25, 2015 at 9:55 pm
တီကျစ်စာကြောင့် မြေဩဇာပိုကောင်းသွားတာ အမှန်ပါပဲ။
အန္တရာယ်မပေး အကျိုးပဲပေးပေမယ့် သူတို့ ဘဝပေးက ရွံစရာဖြစ်ရရှာတာကိုး။
Wow
May 25, 2015 at 1:06 pm
တီကောင်ကိုမကြောက်ဖူး ခေါက်ဆွဲကြော်စားမလားဆိုပီး ကြောက်တဲ့သူတွေကို လိုက်တို့ဖူးတယ်.. တီတူးပြီး ဘဲကျွေးဖူးတယ် ခုတော့ မလုပ်တော့ပါဘူး
padonmar
May 25, 2015 at 9:56 pm
မမဝေါင်းကိုလည်း ဝေါင်ဝေါင်ရှေးမှ. တီနဲ့ လိုက်တို့မှာ စိုးလို့.
kai
May 27, 2015 at 2:39 pm
အိမ်ထဲမှာ.. ကြွေပြားနံရံမှာ.. အဲလိုကောင်တွေနဲ့..တော်တော်ရွံ့စရာကောင်းတယ်လို့တော့ယူဆမိ..။
ဆားကိုရေဖျော်ပြီး… ပိုက်အတိုင်းလောင်းချလိုက်ရင်… ကိစ္စတုံးသွားမှာပေါ့..။
အငန်ဓာတ်ကြောင့်တော်တော်နဲ့လည်း..ပြန်လာမယ်မထင်…။
တီဗီမှာတလောက “survival of the fittest” ထဲတင်ပြနေတာ.. တောထဲတောင်ထဲအစာငတ်ရင်…စားသင့်တဲ့အကာင်ထဲ..တီကောင်ပါသဗျ..။
လူ့အတွက်”တယ်”အဟာရရှိတယ်ဆိုပဲ..။
ငတ်ရင်တော့..စားကြမှာပဲ…ထင်..။ :k:
padonmar
May 30, 2015 at 10:25 pm
သူကြီး
ရွံတယ်လည်းပြောသေး၊စားဖို့လည်း ပြောသေး။
ပုံပြင်လေးတခု သတိရမိတယ်။
တခါက ခရီးသွားတွေ ညဖက်ကြီး လမ်းခရီးအိမ်တအိမ်မှာ ဝင်အတည်း၊ဗိုက်ဆာနေချိန် အိမ်ရှင်က ထမင်းကျွေးတော့ ပဲပင်ပေါက်ဟင်းချိုနဲ့ တယ်ချိုဆိုပဲ။စားလို့လည်း မြိန်ပါ့။
မနက်လင်းတော့ ခင်ဗျားဟင်းချို ဘာပဲပင်ပေါက်လဲမေးမှ တီကောင်နဲ့ ချက်တာပါဆိုတော့ တဝေါ့ဝေါ့။
ဆိုတော့ ချိုမယ့်ပုံတော့ပေါ်ပါတယ်။
ဒါပေမယ့် သူကြီးရယ်၊ ရိုးရိုးနေ၊ရိုးရိုးစား၊ရိုးရိုးသေ တဲ့။
ဆန်းဆန်းနေ၊ဆန်းဆန်းစား၊ဆန်းဆန်းသေ တဲ့။
မောင်ဂီ ရေးသလို တနေ့ သေရမည်၊မသေခင် ကိုယ်ကြိုက်တာ ကိုယ်လုပ်။
kai
May 31, 2015 at 2:03 am
တီကောင်က.. မရှိသင့်တဲ့နေရာရှိနေတာမို့ပါ…။
တရားသဘောအရပေါ့..။ :k:
မတူတဲ့အတွေးနဲ့ပြောကြည့်ရရင်.. တီကောင်မှာ.. ဖို/မ တွဲနေသမို့.. လူတွေမှာသာ ဖို/မတွဲနေရင်..တော်တော်အလှုပ်ရှုပ်သက်သာမယ်တောင်တွေးမိ..။
အဲဒီကနေ…
ဂေးတွေ ..လိင်တူချင်းလက်ထပ်တာကို…(အလုပ်အကိုင်အခွင့်အလန်းတိုးလာမှာမို့) အစိုးရတွေအသိအမှတ်ပြုသင့်ကြောင်း.. အဖြေထွက်လာ…။ :k:
Alinsett @ Maung Thura
May 31, 2015 at 4:53 pm
စာရေးကောင်းသူဆိုတော့…တီကောင်လေးတွေ မြင်မိတာကိုတောင်… အကျိုးများစေတဲ့ စာ ဖွဲ့တတ်တယ်…