“ကျနော်ဓါတ်ဖမ်းသမား” (၁) (ငယ်ငယ်လေးနဲ့လက်ဆော့ သူ)
“ကျနော်ဓါတ်ဖမ်းသမား” (၁)
(ငယ်ငယ်လေးနဲ့လက်ဆော့ သူ)
ဓါတ်ပုံကို စိတ်ဝင်စားတာကတော့ ငယ်ငယ်ကတည်းကပေါ့၊
ဒါပေမယ့်ကျနော်ကြီးပြင်းတဲ့ခေတ်က ဖလင်ခေတ်။
သာမန်ဝန်ထမ်းမိသားစုက ပေါက်ဖွားတဲ့ကျနော့်အဘို့
ကင်မရာကိုင်ပြီးဓါတ်ဖမ်းဘို့ဆိုတာ စိတ်ကူးတောင်မယဉ်ရဲပါဘူး။
ကင်မရာအသာထား ဖလင်ဆေးခ ကူး ခတောင် မရှိပါဘူး။
နောက်အဲဒီခေတ်က ကိုယ်ရိုက်ထားတဲ့ပုံလေးကြည့်ချင်ရင်
ဖလင်တစ်လိပ်လုံးကုန်အောင်ရိုက်ပြီးမှ ဓါတ်ပုံဆိုင်သွားကူး
မှ ကိုယ့်ပုံလေးပြန်မြင်ရတာလေ။
ငွေကုန်မှပုံမြင်ရတဲ့ အချိန်ဖြစ်နေလေတော့
ဝါသနာကိုမြိုသိပ် ထား ပြီး
သူများရိုက်တာတွေဘဲကြည့်၊
မြဝတီမဂ္ဂဇင်းမှာပါတဲ့ဓါတ်ပုံပြိုင်ပွဲက ပုံတွေကြည့်
အဲဒီကပေးတဲ့မှတ်ချက်တွေလိုက်ဖတ် နဲ့ဘဲ
စိတ်အယားပြေအောင်နေခဲ့ရတာပေါ့၊
*******************************************************
နောက်ပိုင်းမှာတော့
ရိုးရိုးကင်မရာနေရာမှာ ဒစ်ဂျစ်တယ်ကင်မရာတွေအစားထိုးလို့လာပါတယ်။
ဖလင်တွေနေရာမှာ မင်မိုရီကဒ်တွေအစားထိုးလာပါတယ်။
အရင်ကလို ဖလင်ဆေးစရာ ကူးစရာမလိုဘဲ ခုရိုက်ခုကြည့်
မကြိုက်ရင်ဖျက်လိုက်။
မကြိုက်မချင်းပြန်ထပ်ရိုက်။
အတော်လေးကိုဟန်ကျပါတယ်။
ဒါပေမယ့်လဲ ကင်မရာနဲ့ကျနော် မနီးစပ်သေးဘဲဝေးနေပါသေးတယ်။
ဝါသနာတစ်ခု အတွက် ကင်မရာ ဝယ်ပြီး ဖြုန်းနိုင်လောက်တဲ့ပိုက်ဆံမရှိသေးလို့ပါ။
၂၀၁ဝခုနှစ်မှာတော့ ရှမ်းမြောက်ကိုကျနော်အလည်ရောက်သွားခဲ့ပါတယ်။
မူဆယ်ကနေ နယ်စပ်ဂိတ်ကိုဖြတ်ပြီး ကျယ်ခေါင်ဘက်ဝင်ကြတာပေါ့။
အဲဒီမှာ ရောက်တုံးရောက်ခိုက် အမှတ်တရလေးရိုက်ချင်တဲ့ပိုးက ပြန်ထလာပါတယ်။
ဒါနဲ့ဘဲ ကင်မရာပေါက်စလေး တစ်လုံးဝယ်မိသပေါ့။
မှန်တာပြောရရင်ကင်မရာအကြောင်းဘာမှသိပ်နားမလည်ပါဘူး။
မှန်ဘီလူးမသိ ပရစ်ဇယ်မသိ
ဘာမှ မသိ။
ဆိုင်မှာရှိတဲ့အထဲက ကိုယ့် ပိုက်ဆံနဲ့တတ်နိုင်တာလေးရွေးကြည့်တော့
ဆမ်ဆောင်းတံဆိပ်နဲ့ ကင်မရာလေးတစ်လုံးကို မြန်မာငွေတစ်သိန်းကျော်ကျော်
(တရုပ်ငွေ ကိုးရာ ထင်ပါရဲ့)နဲ့ဝယ်လာပြီး ဟိုရိုက်ဒီရိုက်ပေါ့။
ကိုယ့် ရိုက်ထားတဲ့ပုံလေးတွေကြည့်ပြီးသဘောတွေကျ။
မန်းလေးပြန်ရောက်တော့လဲ အလုပ်အားပြီဆိုတာနဲ့ဟိုနားသွားရိုက်ဒီနားသွားရိုက်ပေါ့။
အဲ့ဒီအချိန်ကျနော်ကလဲ အင်တာနက်မှာစာတွေရေးနေပြီဆိုတော့ ကျနော်ရေးနေကျ
“Mandalay gazette”တို ့မြန်မာသူငယ်ချင်းများ တို့ ထာဝရသူငယ်ချင်းများဆိုဒ်တွေနဲ့
ဖေ့စ်ဘုတ်က ကျနော့်ဝေါပေါ်မှာပါ ကျနော်ပုံလေးတွေ တင်တာပေါ့။
နောက်ခရီးသွားဆောင်းပါးတွေထဲမှာ ကိုယ့်ဓါတ်ပုံလေးတွေနဲ့ဝေဝေဆာဆာပေါ့။
မိတ်ဆွေတွေကလည်း Like တွေပေး ကော်မင်းတွေပေးနဲ့ အတော်ကိုဟုတ်နေခဲ့တာ။
ကိုယ်တိုင်လည်းအတော်လေးကို ကျေနပ်ပျော်ရွှင် ခဲ့ပါတယ်။
ကျနော်ဖေ့စ်ဘုတ်သုံးတဲ့ ၂၀၁ဝပါတ်ဝန်းကျင်က ဆိုရှယ်ဝက်ဆိုက်တွေခေတ်စားပါတယ်။
ဖေစ့်ဘုတ်က အခု လောက်ကြီးသုံးတဲ့သူသိပ်မများသေးတာအမှန်ပါဘဲ။
နောက်ဖေစ်ဘုတ်မှာ ဓါတ်ပုံ တင်တဲ့ဓလေ့ကလဲ သိပ်မထွန်းကားသေးတဲ့အချိန်ပေါ့။
တကယ်ကျနော့်ပုံတွေအတင်များတာက “Mandalay gazette”ဆိုတဲ့ဝက်ဆိုဒ်မှာပါ။
အဲချိန်က အဲဒီဆိုဒ်က လူအဝင်လဲများတယ်။
အဖွဲ့သားတွေရဲ့အင်အားကလဲတောင့်တယ်။
အဲဒီဆိုက်က ဓါတ်ပုံတင် လို့လဲ လွယ်တယ်။
တင်လို့လွယ်တာတောင်မှ သူများတွေက သင်ပေးလို့ တင်နိုင်တာပါ။
ကျနော်ပုံလေးတစ်ပုံတင်လိုက်ရင် အဖွဲ့သားတွေက ကောင်းတယ်ကောင်းတယ်နဲ့ကော်မင်းတွေပေး
ကြတော့ ကျနော်လဲအားတက်ပြီး အားတိုင်းရိုက်တာပေါ့။
ဖြစ်ချင်တော့ ဒီကင်မရာလေးလက်ထဲရောက်တဲ့အချိန်ကစပြီးကျနော်လဲ
လုပ်ငန်းကိစ္စနဲ့ခရီးတွေထွက်ဖြစ်ပါတယ် ။
၁၉၉၅ ခုနှစ်လောက် ကစပြီး မန်းလေးကနေ ဘယ်မှမခွာဘဲ နေလာခဲ့ရတာ ဆယ်နှစ်ကျော်လောက်၊
၂၀၁ဝ ခုနှစ်ကျော်မှ ဘယ်လိုမှရောက်မယ်လို့ထင်မထားတဲ့ မြို့တွေကို
အကြောင်းအမျုိုးမျိုးနဲ့ရောက်ဖြစ်သပေါ့၊
ရန်ကုန်ဆိုရင် ၁၉၈၃ ခုနှစ် က တစ်ခေါက်ရောက်ပြီး နောက်
မရောက်တော့ တာ ၂၀၁၁ ထိဘဲ။
၂၀၁၁ကစပြီး ရန်ကုန်ဆို မကြာခဏရောက်။
ရှမ်းပြည်တောင်ပိုင်းဖြစ်တဲ့ ကလော အောင်ပန်း တောင်ကြီး အင်းလေး ပင်းတယ။
ရှမ်းပြည်မြောက်ပိုင်းဆိုရင်လည်းမူဆယ် ကျယ်ခေါင် ရွှေလီ ထိ။
အထက်ပိုင်းဆို မိုးကုတ် အဲလိုခရီးတွေထွက်ခဲ့ရတာ။
ဖြစ်ချင်တော့ အလုပ်မှာလဲ ကြော်ငြာကပ်တာ ဗွီနိုင်းတွေကပ်တာတွေကို
လိုက်မှတ်တမ်းတင်ရတဲ့အလုပ်ကို လုပ်ရပြန်တော့ ရုံးသုံးဆိုပြီး
ကင်နွန် A3300 အိမ်သုံးကင်မရာ ပေါက်စနလေး တစ်လုံးလက်ထဲကိုရောက်လာပါတယ်။
ရီးစားရတဲ့အချိန်မှ အင်တာနက်ကော်နက်ရှင်ကောင်းတာဆုံလိုက်သလိုပါဘဲ
ခရီးထွက်ရတာနဲ့ကင်မရာလက်ထဲရောက်တာကတော့ တကယ့်ကိုအံကိုက်။
ဒီတော့လဲရိုက်လိုက်တဲ့ဓါတ်ပုံတွေကလဲ မရပ်မနားပါဘဲ။
ခရီးသွားဆောင်းပါးတွေရေး
ရိုက်သမျှဓါတ်ပုံတွေကို အဲဒီဆောင်းပါးထဲမှာထည့်သုံး
ဖတ်ကြတဲ့ဘော်ဒါတွေကလဲ “ကောင်းတယ် လှတယ်” နဲ့ အားပေးဆိုတော့
ဓါတ်ရူးကျနော့်ကို ဘုံမြောက်ပေးလိုက်သလိုပါဘဲ။
အဲဒီ တုံးကပုံတွေအခုပြန်ကြည့်တော့ focus မပြတ်
(ကြည်လင်ပြတ်သားမူ့မရှိ)တဲ့ပုံတွေ့ တွေ့ရတော့ ရီချင်မိပါတယ်။
အဲဒီအချိန်မှာဓါတ်ပုံတွေမြင်သမျှရိုက်ပြီး
“ကိုပေါက်လက်ဆောင်အမြင်ဒေါင့်စောင်းစောင်းလေး”ဆိုတဲ့ tag နာမည်ပေးလို့
ဝက်ဆိုဒ်တွေမှာတင်လို့သာတင်နေတာ ဓါတ်ပုံပညာအကြောင်းဘာမှမသိတာအမှန်ပါ။
အပါချာ၊ရှပ်တာစပိ၊အိုင်အက်စ်အို၊ဒက်အောဖ့်ဖီးလ် သိဘို့ဝေလာဝေး
ရူးလ်အောဖ့်သာဒ် တို့ ရွှေ အချိုးတို့ဆိုတာတွေကတော့ တကယ့် ကို မကြားဘူးခဲ့တာအမှန်ပါ။
ခရော့တယ်ဆိုတာလဲ ဘာမှန်းမသိဘဲ
ကင်မရာပေါက်စနလေးနဲ့ ထင်တိုင်းကျဲနေခဲ့တဲ့အချိန်ပါဘဲ။
၂၀၁၁ ဇူလိုင်လမှာရန်ကုန်ရောက်တော့ မန်းလေးဂေဇက်က အဖွဲ့ကလူတွေနဲ့တွေ့ကြ
တဲ့အထဲမှာ Mလုလင် ဆိုတဲ့လူငယ်လေးနဲ့ကျနော်ဆုံကြပါတယ်။
သူက ကင်နွန်ကင်မရာအကြီး ကိုင်ပါတယ်။
တွေ့ဆုံပွဲပြီးလို့အပြန်မှာတော့ သူနဲ့ကျနော် ရွှေတိဂုံဘုရားကို ညရူ့ခင်းသွားရိုက်ကြပါတယ်။
အဲအချိန်မှာကျနော်က ညရူ့ခင်းဆိုတာ လုံးဝမရိုက်ဘူး သေးပါဘူး။
တကယ်လဲရိုက်ရောကျနော်ပုံတွေမှာ အလင်းရောင်တွေများလို့များ
(သူတို့ကတော့ အိုဗာဖြစ် တယ်လို့ခေါ်ပါတယ်။)
မှောင်မှောင်မဲမဲဖြစ်တာတွေက ဖြစ် နဲ့ပေါ့။
(သူုတို့အခေါ် အန်ဒါ ဖြစ်နေတယ်ပေါ့)
တစ်ခါတစ်ခါ အလင်းရောင်အကွက်လိုက်ဖြူဖြူကြီးပါလို့ပါ။
(အလင်းပေါက်နေတယ်ပေါ့)
အဲဒီမှာ သူက ကျနော်ကိုဘယ်လိုရိုက် ဘယ်လိုချိန်ဆိုသင်ပေးပါတယ်။
သူနဲ့တွေ့တော့ မှ ဘာမှမသိတာကနေ နည်းနည်းသိလာပါတယ်။
ရန်ကုန်ကနေပြန်တော့ တောင်ကြီးကိုဆက်သွားချိန်မှာ မှ
မန်းလေးဂေဇက် ဝက်ဆိုဒ်မှာ ဓါတ်ပုံတွေတင် ဓါတ်ပုံနဲ့ပါတ်သက်တဲ့
ဆောင်းပါးတွေရေးနေတဲ့ Dinmond Key ( ကိုစိန်သော့) ဆိုတာ
မန်းလေးမှာနေတဲ့သူဆိုတာသိရပါတယ်။
အဲတော့သူနဲ့ဆက်သွယ်ဘို့ကြိုးစားရပြန်သပေါ့။
(ဆက်လက်ဖော်ပြပါမည်)
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
28-5-2015
4 comments
အောင် မိုးသူ
May 28, 2015 at 1:13 pm
ကိုပေါက်ရဲ့ အချို့လက်ရာတွေကို အတော်သဘောကျမိပါတယ်။ ဝါသနာဆိုတာကလည်း ပါလာရင် မလွယ်ဘူးနော်။ 🙂
ကိုပေါက်(မန္တလေး)
May 28, 2015 at 1:20 pm
ဟုတ် ကိုအောင်မိုးသူရေ
ကျနော်ဖြတ်သန်းခဲ့တဲ့ ဓါတ်ဖမ်းသမားဘဝ ကို
အပိုင်းအပိုင်းခွဲပြီးရေးထားပါတယ်
အားလုံး 11 ပိုင်းရှိပါတယ်
ဖေစ်ဘုတ်မှာတော့ စာသက်သက်ဘဲ တင်ပါမယ်။
မန်းဂေဇက်မှာတော့ ဓါတ်ပုံနဲ့တကွတင်ပါမယ်
မြစပဲရိုး
May 29, 2015 at 2:23 am
ကပေါက်ကြီး အခု မမန်း တော့ဘူးဗျ။
မြန်မာဂဇက် ဖြစ်သွားပြီကော။
ရှူခင်းပုံတွေ တစ်အားလှပါတယ်။ တစ်ပုံ ရွေးဆို “့ ဆောင်းဦးပေါက်တောင်သမန်” ရွေးမယ်ဗျို့။
ကျွန်မ ၁၉၉၉ လောက်မှာ ကိုယ်ပိုင် ကင်မရာလေး တစ်လုံး ဝယ်တယ်။ ဖလင်ထည့် ရိုက်ရတဲ့ဟာ။
အဲဒီအချိန် ဒစ်ဂျစ်တယ်ကင်မရာ တွေ ပေါ်နေလဲ ဈေးကြီးသေးတယ်။
နှမြောလို့ မဝယ်တာ။
တကယ်တော့ ကွာမှကွာလေ။ ဖလင်က ရိုက်ပြီး ကူးရသေး။
၂၀၀၂ လောက်မှာ ကလေး ကို မှတ်တမ်း ရိုက်ဖို့ ဝယ်တဲ့ ဒစ်ဂျစ်တယ်ကင်မရာ လေးတောင် အခု ရီစရာဖြစ်nနေပြီး ပြတိုက်ထဲ ထည့်လိုက်ရပြီ။
အဲဒီ နှစ်တွေထဲ နည်းပညာ အပြောင်းအလဲ က တစ်အား မြန်တာဘဲ။
ကိုပေါက်(မန္တလေး)
May 29, 2015 at 8:29 am
ကိုလတ်ကြီးရေ
နည်းပညာအပြောင်းအလဲ
ခေတ်အပြောင်းအလဲ
အတွေး အပြောင်းအလဲမှာ
ကျနော်တို့လို ဘီးကျဲကြီးတွေက
မနည်းဟဲပြီး မှီအောင်လိုက်နေရကြောင်းပါ