ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၁၃ (အမျက်လေးရယ်တဲ့ ပြေစေလို)

CourageJune 12, 20151min84020

ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၁၃

အမျက်လေးရယ်တဲ့ ပြေစေလို

            မြန်မာရှေးခေတ် စာဆိုတို့ရဲ့ သမိုင်းကို စစ်ကြည့်လိုက်မယ်ဆို မင်းပြစ်ဒဏ်သင့်ခဲ့တဲ့ စာဆိုအမတ်ကြီးများစွာကို တွေ့ရမှာပါ။ ထိုအမတ်ကြီးတွေကလဲ မင်းပြစ်ဒဏ်သင့်နေချိန်အတွင်းမှာ ရေးခဲ့တဲ့ အမျက်တော်ပြေစေဖို့ရွယ်ကာ ရတု၊လင်္ကာများစွာ ရေးသားခဲ့တာကိုလဲ တွေ့ရမှာ မလွဲ။ အဲ့ဒီ့အထဲမှာမှ “မဲဇာတောင်ခြေ၊ စီးတွေတွေတည်း”အစချည် လက်ဝဲသုန္ဒရအမတ်ကြီးရဲ့ “မဲဇာတောင်ခြေ” ရတုဟာ အလွန်ထင်ရှားတာပေါ့။ မှတ်မိသလောက်ပြောရရင် ရာဇသင်္ကြန်၊ ဦးပေါ်ဦးတို့ ရေးသားခဲ့တဲ့ လင်္ကာတွေကလဲ ထင်ရှားတာပါပဲ။

ထို အမျက်ဖြေကဗျာတွေထဲမှာမှ သက်တော်ရှည် ပညာရှိသုခမိန်အမတ်ကြီး အနန္တသူရိယရဲ့ မျက်ဖြေလင်္ကာကတော့ အစောဆုံး မျက်ဖြေလင်္ကာလို့ဆိုရမယ့်ကဗျာပါ။ ဒီကဗျာဟာ အစောဆုံး မျက်ဖြေလင်္ကာဖြစ်ရုံမက မြန်မာစာပေသမိုင်းမှာ “သိုးကလေ”အစချည် “ရွှေနှင့်ယိုးမှား ပန်းစကား”၊ “မြကန်သာ တောင်ကျချောင်းတေး ရေဝင်ပြေးလျက်”အစချည် “မြကန်”ကဗျာတို့ရဲ့ နောက် တတိယ အစောဆုံး ကဗျာလို့လဲ သတ်မှတ်ခြင်းခံရတဲ့ကဗျာပါ။ ပုဂံခေတ် ပထမမြန်မာနိုင်ငံတော်ရဲ့ စာပေအဆင့်အတန်းကို ရုပ်လုံးထင်စေတဲ့ ကဗျာဆိုရင်လဲ မလွဲပါဘူး။ ဒီကဗျာရဲ့ သက်တန်းကို စစ်ကြည့်မယ်ဆိုရင်တောနရပတိစည်သူမင်းရဲ့ နန်းစံသက် ၅၃၅-၅၇၂ခုနှစ် အတွင်းကရေးသားခဲ့တာဆိုတော့ နှစ်ပေါင်း ၈၀ဝကျော်ပြီးပေါ့။

မောင်ကာကြီးအနေနဲ့ မျက်ဖြေလင်္ကာတစ်ပုဒ်အကြောင်းကို ရေးမယ်လို့ စဉ်းစားမိလိုက်ချိန် လက်ဝဲသုန္ဒအမတ်ရဲ့ မဲဇာေတောင်ခြေထက် အနန္တသူရိယအမတ်ရဲ့ လင်္ကာကိုပိုပြီး ရေးဖို့ ဓါတ်ကျမိပါတယ်။ အကြောင်းကတော့ မဲဇာတောင်ခြေရတုဟာ မြန်မာစာပေသမိုင်းရဲ့ အဖိုးမဖြတ်နိုင်တဲ့ ရတနာတပါးဖြစ်လင့်ကစား သူဟာ ဘုန်းတော်ဘွဲ့ရတုပါ။ အနန္တသူရိယရဲ့ လင်္ကာကျတော့ လောကဓမ္မအကြောင်းကို ဇောင်းပေးဖေါ်ပြပေးခဲ့တဲ့ ကဗျာမို့ပါ။

ပြီးတော့ မောင်ကာကြီး လက်လှမ်းမှီသလောက် လေ့လာမိသလောက် ပြောရရင် ဒီကဗျာရဲ့ စာအသွားအလာဟာ အခြား အမျက်ဖြေကဗျာတွေနဲ့မတူပါဘူး။မျက်ဖြေကဗျာဖြစ်စေမယ့် လှုံ့ဆော်မှုအပိုင်းလို့ဆိုရမယ့် မင်းပြစ်ဒါဏ်သင့်တယ်၊ ထိုအခါ ရာဇဒဏ်ထိ အမတ်တစ်ဦးက မိမိ စိတ်ထဲမှာ ရှိတဲ့အကြောင်းကို စာစီတယ်၊ ပြီးနောက် မင်းကြီးကို ဆက်သတယ်၊ အဲ့အခါ မင်းကြီးက အမျက်ပြေကာ လွှတ်စေ အမိန့်ပေးခဲ့တယ်။ ဒီအထိ အခြားကဗျာများစွာနဲ့ အသွားအလာတူပေမယ့် မတူတာက ဒီကဗျာကို အနန္တသူရိယအမတ်ကြီးဟာ လူသတ်ကုန်းမှာရေးခဲ့တာပါ။ ပြီးတော့ မင်းကြီးရဲ့ ရာဇမာန်ပြေခဲ့ လွှတ်စေအမိန့်စေခဲ့ပေမယ့် အချိန်လွန်ခဲ့ပြီမို့ အနန္တသူရိယဟာ ကဗျာရေးပြီး နောက်မှာပဲ ဆုံးပါးသွားရဲ့ရပါတယ်။ မောင်ကာကြီး ဉာဏ်မှီသလောက် ပြောရရင် ဒီကဗျာရဲ့ အထူးခြားဆုံးကတော့ အခြား မျက်ဖြေကဗျာများနဲ့မတူ “ငါ့အားသနားပါ လွှတ်ပေးပါ”ဆိုတဲ့ အဓိပ္ပါယ်မျိုးပါဝင်သော တောင်းပန်စကား လုံးဝမပါဝင်သော ကဗျာတစ်ပုဒ်ပါ။

မဲဇာတောင်ခြေဟာ တောဘွဲ့၊ ဘုန်းတော်ဘွဲ့၊ အလှဘွဲ့၊ အလွမ်းဘွဲ့တွေ များစွာ ရောပွန်းနေတဲ့ ရသမြောက် ကဗျာလင်္ကာ တစ်ပုဒ်ဆိုတာ ညင်းနိုင်စရာမရှိပါဘူး။

“မြစ်ရေတွေ ပတ်လည်ဝန်းရံနေတဲ့ မြိုင်တောဆီကနေ ရွှေပြည်ဌာနမှာရှိတဲ့ ဘိုးတော်မင်းကြီးရဲ့ ကောင်းမှု စေတီတော် ဂူပုထိုးတွေနဲ့ ရွှေရောင် ဖိတ်ဖိတ်တောက်နေတဲ့ ရွှေနန်းတော်ကြီးကို လွမ်းမိပါတယ်။ မဲဇာဆိုတာက တစ်ကယ်တော့ တောကြီးမျက်မဲတစ်ခုပေါ့။ ချုံနွယ်တွေပိတ်ပေါင်းလို့ သစ်ကြီးဝါးကြီးရဲ့ အရိပ်တွေကလဲ နေ့ဆိုလဲ နေကိုတောင်မမြင်၊ ညဆိုလဲ ကြယ်ကိုတောင်မမြင်ရပါလား။ မြစ်ကိုလဲဖြတ်ကာ တောကိုလဲဖြတ်ကာ တိုက်ခတ်လာတဲ့ လေတွေကလဲ အေးလိုက်တာပါ့လား။” ဆိုတဲ့ အဖွဲ့မျိုးတွေဟာ မောင်ကာကြီးတို့လို နှောင်းခေတ် စာပေဝါသနာရှင် လူငယ်တွေအနေနဲ့ နှုတ်တိုက်ကို အလွတ်ကျက်ကာ မှတ်သားသင့် အတုယူသင့်တဲ့ အရေးအသားပါ။ ဒါကြောင့်မို့လဲ လက်ဝဲသုန္ဒရ ရယ်လို့ နာမည်ကြီးတာပေါ့။

သို့ပေမယ့် မောင်ကာကြီးကတော့ အနန္တသူရိယရဲ့မျက်ဖြေလင်္ကာကိုသာ ပိုလို့ကြိုက်ပါ၏။ အဘယ်ကြောင့်ဆိုသော် ရေးထားတာရှင်းလို့ ဖတ်ရတာလွယ်သလို၊ အကြောင်းအရာပိုင်းထင်းတော့ နားလည်ရလဲ ပိုလွယ်လို့ပါခင်ဗျာ။

ကဲ… အခုတော့ နရပတိစည်သူမင်းကြီးက နောင်တော် မင်းယဉ်နရသိင်္ခရဲ့ အိမ်တော်ပါသား လူယုံတစ်ယောက်ဖြစ်တဲ့ အနန္တသူရိယအမတ်ကြီးအား အထင်တော်လွဲကာ သတ်စေ အမိန့်ချပြီး သကာလ၊ အမတ်ကြီးအားလူသတ်ကုန်းသို့ထုတ်ကာ အသတ်အံ့စဲစဲတွင် ပေနှင့်ကညွတ်ကိုတောင်းခံကာ အမတ်ကြီးလင်္ကာတစ်ပုဒ် စတင်ရေးသားခဲ့လေပြီ ဆိုတဲ့ အခြေအနေလေးကို ပြေးမြင်ကြည့်လိုက်ကြပါစို့။

“ရေမြေ့သခင် အရှင်မင်းကြီး နားဆင်ပါလော့။ အရှင်မင်းကြီး… လွန်ခဲ့သော နှစ် အနည်းငယ်ခန့်က အခြေအနေကို ပြန်လည်ကာ မြင်ယောင်ကြည့်ပါတော့အရှင်။ အာဏာကို တက်မက်လေသော ဇောဖြင့် သားကိုအဖေသတ်၊ အကို ကို ညီသတ်သော အရေး၊ အမှတ်မဲ့ပြုခဲ့လေသော အမှားကြောင့် တိုင်းတပါးသားတို့၏ သတ်ဖြတ်ခြင်းကိုခံခဲ့ရသော အရေး။ ထိုထိုသော နှလုံးပျက်ဖွယ် အရေးတို့၏နောက်တွင်တော့ တဏှာရမ္မက်အမိုက်ဖုံးမှုကြောင့် တရား၏လော မတရား၏လော ဆုံးဖြတ်နိုင်စွမ်းတွေ လျော့နည်းလာကာ မိမိညီတော်အရင်ဖြစ်သူ၏ မိဖုရားအား ကူးကျော်တော်ကောက်ခြင်းဆိုသော မပြုသင့်သည့်အမှုကို ပြုမိခဲ့သည့်အတွက်ကြောင့် ညီတော်၏ လက်စားခြေ သတ်ဖြတ်သုတ်သင်မှု ခံရခြင်းဆိုသောအရေးတို့ကို ပြန်မြင်ယောင်ကြည့်တော်မူပါ အရှင်မင်းကြီး။ လူသားတစ်ယောက်၏ ကောင်းစားရေးအတွက် အခြားလူတစ်ယောက်မှာ ကြွေပျက် ပျက်သုန်းခဲ့ရလေသည်ဆိုသော အမှုကို လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားစွာ မြင်နိုင်ပါလိမ့်မည် အရှင်။

ရွှေနားတော် ပန်ဆင်တော်မူလဲ့ပါ အရှင်မင်းကြီး။ စည်းစိမ်းချမ်းသာ မင်းနန်းလျာဖြင့် အမတ်ပေါင်းခြံစွာ နေထိုင်ရခြင်းသည်မှာလဲ အပြောကျယ် ကျယ်ပြောလှသည့် သမုဒ္ဒရာရေပြင်ထက်မှ ခဏတက်သည့် ရေပွက်ပမာ မျက်တစ်ခတ်မျှသာ ရှိပါသည်အရှင်။ မည်သည့်အရာမှ ထာဝရတည်မြဲသည်မရှိပါ။ အနိစ္စသဘောကို ရှုမည်ပါလော့ အရှင်။

လျောက်တင်ပါသည် အရှင်မင်းကြီး။ အရှင်မင်းကြီးထံမှ ကြင်နာသနား မေတ္တာထားလျက် ယခုအချိန်တွင် ကျွန်တော်မျိုးအား မသတ်ခဲ့လျှင်လဲ ကြမ္မာဘေး မလွတ်သေးသည့် ပုထုဇဉ်လူသားများအဖို့ တစ်နေ့တွင်တော့ သေကြရဦးမှာပါအရှင်။ မမြဲသစ္စာ သံသရာ ဝဋ်ဘေး မရှောင်လွဲနိုင်သေးသည့် လူသားများအဖို့ အို နာ သေ အရေးဆိုသည်မှာ ကြုံတွေရမည်မှာ မလွဲဓမ္မတာပါအရှင်။ သတိချပ်တော်မူပါ။

ရှိခိုးကော်ရော် အကျွန်ပူဇော်ခဲ့ပါသည် အရှင်မင်းကြီး။ သံသရာနယ်အတွင်း မလွတ်ကင်းနိုင်သေးသမျှ အကျိုးဝိပါက်ဆိုသည်မှာလဲ ဆပ်၍ကုန်နိုင်မည်မထင်ပါအရှင်။ ယခုအခါတွင် ကျွန်တော်မျိုး အပေါ်အား မင်းကြီးထားတော်မူသော အမိန့်စကားအတွက် အလွန်တရာမှ အားရတော်မူပါသည်။ ကျွန်တော်မျိုးကြီးအပေါ်တွင် တင်ရှိသော အတိတ်ကံကြွေး ဆပ်ခွင့်ပေးခဲ့သည်ဟုသာ မှတ်ယူခဲ့ပါသည်။ ကျေးဇူးတော် ကြီးမြတ်လှ ကြောင်းပါအရှင်။ ကျွန်တော်မျိုးသည် မင်းကြီးပေးခဲ့သော ထိုပြစ်ဒဏ်နှင့်ပတ်သတ်ပြီး မည်သို့သော အကြောင်းကြောင့်မှ မင်းကြီးအပေါ်တွင် စိတ်ကွက်ခြင်း အပြစ်တင်ညိုညင်ခြင်း လုံးဝမရှိတော်မူပါ။ အရာအားလုံးအတွက် ခွင့်လွှတ်ခဲ့ပါသည်။ ကြည်လင်သော စိတ်နှလုံးတော်ဖြင့် ကျွန်တော်မျိုး၏ ဝဋ်ကြွေး အရှင့်အပေါ်တွင် မကျရောက်စေရန် ဆုပန်ခဲ့ပါသည်။ ဤသည်ကား မမြဲခန္ဓာ အနိစ္စာကို လက်ခံ၍ သွေးဖြင့်ရေးသော ကျွန်တော်မျိုး၏ သစ္စာစကား ဖြစ်တော်မူပါသည် အရှင်။”

မောင်ကာကြီးကတော့ ဒီ အနန္တသူရိယ အမတ်ကြီးရဲ့ ကဗျာကို ဖတ်ရတာ သူ့အကြောင်းကို ပြန်ရေးရတာ အရမ်းကို အားရတော်မူပါသည် အဲ အားရတာပါပဲ။ တစ်ကယ်တော့ အရေးအသားလဲကောင်းပြီး တရားစကားတွေပါ နှောနေတဲ့ ဒီကဗျာကို မောင်ကာကြီးရဲ့ ပင်ကို အရည်အချင်းနဲ့တော့ ဘယ်လိုမှ ရေးနိုင်မှာမဟုတ်ဘူး ဆိုတာကိုတော့ ဝန်ခံပါရစေ။ တစ်လောက မွေးရပ်မြေကို ခဏပြန်သွားတဲ့အချိန် မောင်ကာကြီးကို စာကောင်းပေကောင်းတွေ ဖတ်တတ်အောင် စာတွေကဗျာတွေ ရေးတတ်ရေးချင်လာအောင် အဓိက လှုံ့ဆော်သူလို့ တစ်ခါကပြောဖူးတဲ့ ဆရာဖြစ်သူနဲ့သွားတွေ့ဖြစ်ခဲ့ပါတယ်။ အဲ့မှာ ဆရာနဲ့ စကားတွေလဲပြောရင် စာကြောင်းပေကြောင်းတွေလဲပြောရင်းနဲ့မှ “ကျွန်ုပ်၏ အမှတ်တရ ကဗျာများ” ခေါင်းစဉ်နဲ့ စာတွေရေးနေကြောင်းကို ပြောမိတော့ ဆရာက မောင်ကာကြီးကို ကုန်ကြမ်းတွေ များစွာကိုပေးခဲ့ပါတယ်။ ဒီထဲမှာမှ ဒီ မျက်ဖြေလင်္ကာအကြောင်းကို အထူးပြုပြီး ရှင်းပြပြောပြ ခဲ့ပါတယ်။ အခုလို ဒီစာကို ရေးဖြစ်သွားတာကလဲ ဆရာသမားရဲ့ စေ့ဆော်မှုကြောင့်လို့ပဲ ပြောပါရစေ။ ပြီးတော့ ဒီစာထဲမှာပါတဲ့ အဖွဲအနွဲ့တို့ ဘာတို့ဆိုတာဟာ မောင်ကာကြီးရဲ့ ကိုယ်ပိုင်ဆိုတာထက် ဆရာ့ရဲ့ စကားတွေပဲဖြစ်ကြောင်း ဆိုပါရစေ။

အခုလို အနန္တသူရိယအမတ်ကြီးရဲ့ မျက်ဖြေလင်္ကာကို ရေးပြီး နောက် မောင်ကာကြီး စိတ်ထဲမှာ ပေါ်လာတာ တစ်ခုရှိပါတယ်။ ဒါကတော့ အတိတ်ဘဝကရှိခဲ့သော သံသရာဝဋ်ဘေးများ အတိတ်ကံကြွေးများ ကုန်ပါစေ။ မိမိပြုမိသော အမှုကြောင့် မိမိထံတွင်ရှိနေသော အမျက်များကျေပါစေ၊ ပြေပါစေလို့ ဆုပဲတောင်းလိုပါတော့တယ်။ စာဖတ်သူများအတွက်လဲ ထပ်တူထပ်မျှ တောင်းဆုပြုလိုက်ရပါတယ်။ ။ လွန်တာရှိရင် ဝန္ဒာမိပါ။

အနုပညာသည် အနုပညာအတွက်သာ ဖြစ်သည်

Courage

 

— မျက်ဖြေလင်္ကာ —

သူတည်းတစ်ယောက်၊ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ၊ပျက်လင့်ကာသာ
ဓမ္မတာတည်း။
ရွှေအိမ်နန်းနှင့်၊ကြနန်းလည်းခံ
မတ်ပေါင်းရံလျက်၊ပျော်စံရိမ်ငြိမ်
စည်းစိမ်မကွာ၊မင်းချမ်းသာကား
သမုဒ္ဒရာ၊ရေမျက်နှာထက်
ခဏတက်သည့်၊ရေပွက်ပမာ
တစ်သက်လျာတည်း။
ကြင်နာသနား၊ငါ့အားမသတ်
ယခုလွှတ်လည်း၊မလွတ်ကြမ္မာ
လူတကာတို့၊ခန္ဓာခိုင်ကြည်
အတည်မမြဲ၊ဖောက်လွဲတတ်သည်
မချွတ်စသာ၊သတ္တဝါတည်း။
ရှိခိုးကော်ရော်၊ပူဇော်အကျွန်
ပန်ခဲ့တုံ၏၊ခိုက်ကြုံဝိပါက်
သံသာစက်၌၊ကြိုက်လတ်တုံမူ
တုံ့မယူလို၊ကြည်ညိုစိတ်သန်
အခင်မွန်ကို၊ချန်ဘိစင်စစ်
အပြစ်မဲ့ရေး၊ခွင့်လျှင်ပေး၏
သွေးသည်အနိစ္စာ၊ငါ့ခန္ဓာတည်း။

———– အနန္တသူရိယ

20 comments

  • မြစပဲရိုး

    June 12, 2015 at 4:20 am

    မောင်ကာကြီး
    . ပျောက်နေတာ ကြာလို့ အလုပ်တွေ များနေလား လို့ တွေးနေတာ။
    . အသံပေး ပြန်မြင်ရတာ ရော၊ ကဗျာလေး တွေ ပြန်ဖတ်ရတာ ရော ဝမ်းသာသွားတယ်။

    ဒီကဗျာ ကိုတော့ ကောင်းကောင်းကြီး သိသကွဲ့။
    မတူအောင် တွေးပြောရရင်တော့
    {သူတည်းတစ်ယောက်၊ကောင်းဖို့ရောက်မူ
    သူတစ်ယောက်မှာ၊ပျက်လင့်ကာသာ
    ဓမ္မတာတည်း။ }
    အဲ့အချိန် အမတ်ကြီး တို့ ခေတ်မှာ ဝင်းဝင်း အကြောင်း ကို မသိသေးလို့ နေမှာပါ။ :-)))

    • Courage

      June 12, 2015 at 7:24 am

      အိမ်ပြန်နေလို့ဒေါ်လေးမြ…
      ဒါနဲ့ အဲ့ ဝင်းဝင်းဆိုတာ တားတိပုညော်

  • kai

    June 12, 2015 at 6:29 am

    အဲဒီခေတ်က..
    သက်ဦးဆံပိုင်ကို.. တော်တော်ကြောက်ကြရတဲ့သဘောကို ပြနေတဲ့ သမိုင်းပြလင်္ကာပေါ့…

    ဆိုတော့…

    ကြင်နာမသနား၊ ငါ့အားသတ်ပစ်
    အပြစ်ရှိလည်း သည်းညည်းမခံ
    တုံ့ပြန်ယူကာ သံသရာတနေ့
    ပုဂံရွေ့လည်း လိုက့်ဖြည့်ကျွေးမည်
    ဖနောင့်တချက် လက်သီးစက်။ ။

    • Courage

      June 12, 2015 at 7:32 am

      ရှိခိုးကော်ရော်၊ပူဇော်အကျွန်
      အချိန်လွန်၍၊သံရာတစ်နေ့
      ပြန်ကာတွေ့လျှင်၊
      ငါကာတူဖြစ်၊မင့်ပေဖြစ်လို့
      ခံဖို့သာပြင်၊မြေတို့အရှင်။
      မင်္ဂလာပါ သူကြီးမင်း 🙂

  • ဇီဇီခင်ဇော်

    June 12, 2015 at 6:33 am

    ဝေဠုဝတီ ကို လု ကြ ရာ က
    အကို ကို သတ်ပြီးး မင်းးဖြစ်
    အမတ်ကြီးး ကို လည်းး အကို ရဲ့ လူ ဆိုပြီးးး မရှုဆိတ် ရာက ဖြစ်တဲ့ အကျိုးးဆက်တွေ ထင်ပါ့…

    ယူတတ်ရင် တရားးးရ..!!!

  • Courage

    June 12, 2015 at 7:33 am

    ကျူပင်ခုတ် ကျူငုတ်ပါမကျန်တွေပေါ့

  • တောင်ပေါ်သား

    June 15, 2015 at 3:40 pm

    ( ယခုလွှတ်လည်း၊မလွတ်ကြမ္မာ
    လူတကာတို့၊ခန္ဓာခိုင်ကြည်
    အတည်မမြဲ၊ဖောက်လွဲတတ်သည် )

    ကောင်းလိုက်တဲ့ အဖွဲ့ဗျာ

    • Courage

      June 16, 2015 at 2:15 pm

      ဂုတ်ပေါ် ဓါးမိုးလုစဲစဲမှာ ဒီလောက်တည်ငြိမ်တဲ့ စကားလုံးတွေ ထွက်လာခဲ့တယ်ဆိုတာ အံ့ဪလို့ မဆုံးပါဘူးဗျာ

  • manawphyulay

    June 16, 2015 at 2:55 pm

    တယ်… လက်မ မကောင်း လက်မ
    ခြေမ မကောင်း ခြေမ
    နန်းတော်တိုင်ကို ဘယ်သူထုံးသုတ်သွားသတုန်း….

    • Courage

      June 16, 2015 at 9:14 pm

      မှန်လှပါ… ထီးဖုရားကြီး လက်ကမြည်းထားခြင်းဖြစ်ကြောင်း CCTV မှတ်တမ်းများကို ဖေါ်ပြနေပါသည် ဖုရားးးးးးးးးးးး 🙂

  • Alinsett @ Maung Thura

    June 17, 2015 at 10:24 am

    အနုပညာသည် ငါ သူတပါး ယောကျာ်း မိန်းမအတွက် မဟုတ်…

    • Courage

      June 17, 2015 at 11:11 pm

      အနု=အစဉ်လိုက်ခြင်း(ပါ) သို့မဟုတ် အစစ်မဟုတ်ခြင်း(မြန်)
      ပညာ= အတတ်
      အနုပညာ= အစဉ်လိုက်ပါစေခြင်း အတတ် (သို့) အစစ်မဟုတ်သော ခံစားမှုကို စီးဝင်စေတတ်သောအတတ်
      လို့ ဆရာ ဦးသုခ ပြောတာ ကြားဖူးပါရဲ့…

      • kai

        June 18, 2015 at 5:52 am

        အနု- အဖန်ဖန် အထပ်ထပ် အကြိမ်ကြိမ်၊ .. တဲ့..။
        http://dictionary.sutta.org/fr_FR/browse/a/anu
        မှာကျ..။
        Anu,1 (indecl.) [Vedic anu,Av. anu; Gr. a]/nw to a]/na along,up; Av. ana,Goth. ana,Ohg. ana,Ags. on,Ger. an,Lat. an (in anhelare etc.)] prep. & pref. — A. As prep. anu is only found occasionally,and here its old (vedic) function with Acc. is superseded by the Loc. ‹-› Traces of use w. Acc. may be seen in expressions of time like anu pañcāhaṁ by 5 days,i. e. after (every) 5 days (cp. ved. anu dyūn day by day); a. vassaṁ for one year or yearly; a. saṁvaccharaṁ id. — (b) More freq. w. Loc. (= alongside,with,by) a. tīre by the bank S.IV,177; pathe by the way J v.302; pariveṇiyaṁ in every cell Vin.I,80; magge along the road J v.201; vāte with the wind J.II,382.

        B. As pref.:(a) General character. anu is freq. as modifying (directional) element with well-defined meaning (“along”),as such also as 1st component of pref.-cpds.,e. g. anu + ā (anvā°),anu + pra (anuppa°),+ pari,+ vi,+ saṁ. — As base,i. e. 2nd part of a pref.-cpd. it is rare and only found in combn sam-anu°.

        အင်္ဂလိပ်လို.. Art ဆိုရင်တော့ အဓိပ္ပါယ်ဖွင့်ချက်.. တသိန်း…။

        • Courage

          June 18, 2015 at 1:56 pm

          ဟုတ်ကဲ့… … သက္တတလိုဆိုရင်တော့ aNu=atom ပါတဲ့။
          တစ်ကယ်တော့ ကျွန်တော့က ပါဠိလိုလဲနားလည် သက္တတလိုလဲ တစ်လုံးမှ မတတ်တဲ့အတွက် ဆရာဦးသုခ ပြောခဲ့တဲ့ စကားကို ကိုးကားကြည့်ရုံပါ။ ကြားဖူးတာလေးကို ဝေမျှတဲ့ သဘောပေါ့။

        • kai

          June 18, 2015 at 2:22 pm

          အနုပဿနာ ဆိုတာရှိသဗျ…။ ဝိပဿနာရှေ့က.. ဘုရားဟောအစစ်..။
          အနု… က.. ဗမာလိုတော့..အနုစိတ်.. အနုလုံပဋိလုံ…
          အသေးစိတ်သဘော.. ပါတယ်ထင်တာပဲ…။

        • Courage

          June 18, 2015 at 8:56 pm

          ဟုတ်တယ်။ အနုမြူဆိုတဲ့ စကားကို ခြေခံပွားကြည်မယ်ဆိုရင်လဲ
          အနုပညာဆိုတာ အလွန်တရာမှ သေးနုသော အနုစိတ်သော အတတ်လို့ ပြောလို့ရသွားပြန်ရော

  • aye.kk

    June 17, 2015 at 1:15 pm

    ဒီကဗျာရဲ ့အဓိပါယ်က
    ကျယ်ပြန့်နက်နဲပြီးအသက်ဝင်ပါတယ်။
    ဒီကဗျာနဲ ့စတင်မိတ်ဆက်ပေးခဲ့တဲ့၊သွားလေသူ
    ဆရာကြီးဦးထွန်းမြိုင်(ပညာရေးတက္ကသိုလ်ဌာန)ကို၊အောင့်မေ့မိပါတယ်။
    တော်လှန်ရေးကေါင်စီတက်ပြီး၊ပညာရေးစနစ်ကိုမနှစ်သက်လို့
    ဆန့်ကျင်စာတွေရေးသားမိရာက၊တက္ကသိုလ်အဆင့်ကနေအလယ်တန်းအဆင့်ထိ
    ရာထူးလျှော့ချအပြစ်ပေးခံရသူ၊ဆရာကြီးပါ။
    ၁၉၇၃ခုနှစ်နှောင်းပိုင်းကာလမှာရန်ကုန်တက္ကသိုလ်-ပညာရေးဌာနကနေပြောင်းရွှေ့ခံရပါတယ်။
    ဆရာကြီးကသူ့နေရပ်ဖြစ်တဲ့ကျိုက်ထိုကိုအသနားခံစာတင်ရင်း၊နေရပ်ဖြစ်တဲ့ကျိုက်ထိုကို
    အလယ်တန်းကျောင်းအုပ်အဆင့်နဲ့ရောက်ရှိခဲ့ပါတယ်။
    ဒီကဗျာကို၊နားလည်သဘောပေါက်အောင်၊စကါးပြေပြန်ပြပြီးတော့၊နောင်အခါမှာမင်းအမှုထမ်းအရာထမ်း
    မလုပ်မိစေဘို့၊လုပ်ခဲ့ရင်လည်းမင်းနားမှာမနေမိစေဘို့မှာပါတယ်။
    အာဏာဆိုတာဟာသမုဒ္ဒရာရေမျက်နှာထက်မှာ၊ခဏတက်သည့်ရေပွက်ပမာလို့ညွှန်းဆိုပါတယ်။
    သူ ့ခံစားချက်အရ၊ဒီကဗျာဟာအားလုံးအတွက်ညွှန်းဆိုရေးဖွဲ ့ထားတာဖြစ်လို့၊အသိသံဝေဂရစေတဲ့အကြောင်း
    ပြောပြရှာပါတယ်။အမ်တီကိုလည်းနောင်ကြီးပြင်းလာတဲ့အခါမှာနိုင်ငံကိုအကျိုးပြုနိုင်ပါစေဆိုပြီး၊ဒီကဗျာကို
    အကြောင်းပြုပြီးတော့၊ကဗျာသင်ပေးရှာပါတယ်။
    ကလောင်ကိုင်တဲ့လက်နဲ့တိုင်းပြည်ကိုအကျိုးပြုစေနိုင်တဲ့စာပေတွေရေးသားနိုင်တဲ့အလုပ်ကိုရွေးချယ်ပြီးလုပ်တတ်စေဖို့
    မှာရှာပါတယ်။ဆရာကြီးရဲ ့ဆန္ဒတွေကို မဖြည့်ဆည်းပေးနိုင်ခဲ့တာကိုလည်း၊အခုချိန်ထိစိတ်မကေါင်းဖြစ်ရပါတယ်။။
    ဒီကဗျာဟာ(မျက်ဖြေ)အလင်္ကါမြောက်တဲ့ကဗျာမို့အင်မတန်နှစ်သက်မြတ်နိုးခဲ့ရပါတယ်။။

    • Courage

      June 17, 2015 at 11:03 pm

      ဟုတ်ပါတယ်။ တစ်ကယ်တော့ ဒီလို တန်ဖိုးရှိတဲ့ ကဗျာတွေစာတွေကို ကျွန်တော်တို့လို နောက်လူတွေ တန်ဖိုးထားတတ်ဖို့ဆိုတဲ့ နေရာမှာလဲ ဆရာ ဆရာမများရဲ့ ကဏ္ဍက အရမ်းကို ရေးကြီးတာပေါ့။ ဘာမှ မသိတဲ့ လူတစ်ယောက်ကို အသိအလင်းရဖို့ နှလုံးသား နူးညံ့သွားစေဖို့ဆိုတာ ဆရာ တစ်ယောက်ရဲ့ အဟော အပြော ပေါ်မှာ အများကြီး မူတည်တာပေါ့လေ။ သင်ကြားပေးတဲ့ ဆရာကိုယ်၌က ဒါဟာ ကဗျာ တစ်ပုဒ်အဖြစ်ပဲ နားလည်နေရင် သင်ယူသူတွေအနေတဲ့ ကဗျာဆိုတာလောက်ပဲ သိနိုင်မှာပါ။ အကယ်၍ သင်ကြားပေးသူများက ဒါဟာ အနုပညာ ဒီလိုခံစား ဒီလိုတွေ ဒီလိုရေးရတယ်လို့ ရှင်းလင်းပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။
      အခုလို ကျွန်တော်တို့ မသိမှီလိုက်တဲ့ ဆရာကြီးတစ်ယောက်ရဲ့ အကြောင်းကို ဝေမျှပေးလို့ ကျေးဇူးတင်ပါတယ် အန်တီအေး

Leave a Reply