ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၁၄ (ချစ်စရာ့ ဘောလယ်)

CourageJune 19, 20151min99027

ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၁၄

ချစ်စရာ့ ဘောလယ်

 

“ဘာလဲ လှိုင်ထိပ်ထား။ မင်းက မင့်သမီးမဟုတ်လို့ ရှုပ်လှတယ်ဆိုပြီး ဒီလို အကောက်ကြံလွှတ်လိုက်တာလား”

“မဟုတ်ဘူး မောင်ဘုရား။ မောင်ဘုရား အထင်တော်မှားနေပြီ”

“ကျုပ်ဘာမှ အထင်မမှားဘူး လှိုင်ထိပ်ထား။ မင်းသမီးလေးရဲ့ အဆောင်တော်လာတောင်းတဲ့ စပယ်ဆီ ရွှေခွက်ထဲမှာ ပိုးလေးတစ်ကောင် ပါသွား မပါသွားဆိုတာကို သတိမမူမိလောက်အောင် မင်းဟာ နမောနမဲ့နိုင်သူ မဟုတ်ပါဘူး။ ဒါဟာ မင်းသိသိရက်နဲ့ မသိလိုက်ချင်ယောင် ဆောင်နေလိုက်တာပဲ။ ကိုယ့်သမီးမဟုတ်လို့ ဂရုစိုက်စရာမလို ဆိုပြီး မင်းနေလိုက်လို့ ဖြစ်တာပဲ။”

တစ်ရက်ဆက် အပြစ်တင်စကားများ ဆိုနေသော အိမ်ရှေ့စံကိုယ်တော်၏ စကားလုံးများကို နားထောင်ရင်း ထိပ်ထား၏ မျက်နှာတော် တင်းမာလာသည်။

တစ်ကယ်တော့ လှိုင်ထိပ်ထားဆိုသူဟာ အခြားသူမဟုတ်။ ရွှေဘိုမင်း(သာယာဝတီမင်း)နဲ့ အနောက်နန်းမတော် မမြလေးတို့ရဲ့ သမီးတော်၊ ရွှေနန်းရှင် သာသနဒါယိကာ မင်းတုန်းမင်းတြားကြီးရဲ့ နှမဝမ်းကွဲတော်သူလဲဟုတ် မွေးစားသမီးဆိုလဲ ဟုတ်သူ။ ဤကဲ့သို့ အရှိန်အဝါတွေကြား ကြီးပြင်းခဲ့တဲ့ လှိုင်ထိပ်ထားလေးမှာလဲ ရာဇမာန်ဆိုတာတွေ အပြည့်ပေါ့။

“ဒီမယ် မောင်တော်။ တစ်ဖက်စကားကို တစ်ဖက်နားနဲ့သား ကြားယောင်ပြီး ထိပ်ထားကိုချည် အပြစ်ဖွဲ့မယ်လို့တော့ မကြံရွယ်လေနှင့်။ အကယ်၍များ မောင်တော်ဆိုခဲ့သလို ထိပ်ထားဟာ မင်းသမီးလေးအပေါ် မိခင်စိတ်မမွေး မေတ္တာသာ မထားနိုင်ဘူးဆိုရင်ဖြင့် ယခုလို စပယ်ဆီမွေးကို ပို့သဖို့နေနေ ရှုပ်လှချည်ရဲ့လို့ ဆိုကာ မာန်မဲခွင့်ပင် ရှိနေသူဆိုတာကိုတော့ မေ့မထား သင့်ပါဘူးဘုရား”

တစ်ကြိမ်တစ်ခါမျှ သူ့ကို လေသံမာမာဖြင့် ပြန်မပြောဘူးသော လှိုင်ထိပ်ထား၏စကားကိုကြားလိုက်ရာ အိမ်ရှေ့စံကိုယ်တော် အတော်ပင် ဒေါသဖြင်သွားကာ

“ဒီမယ် လှိုင်ထိပ်ထား။ မင်းငါ့ကို ပြန်ပြီး နှုတ်လှန်မထိုးနဲ့”

ပြောပြောဆိုဆိုဖြင့် အိမ်ရှေ့စံကိုယ်တော် သူ၏ လက်သုံးတော် သီလဝင်ဓါးကို ဆွဲကိုင်လိုက်သည်။ ဒါကို လှိုင်ထိပ်ထားက မြင်တော့ ချက်ချင်းပင်

“ဪ မောင်တော်က ထိပ်ထားကို ဓါးဖြင့်ပိုင်မယ်ပေါ့။ ဟုတ်စ။ မောင်တော်မှတ်ထားပါ။ ထိပ်ထားက ဒီလို အဖြူအမဲ မသဲကွဲတဲ့ ဖြစ်ရပ်တစ်ခုအတွက်တော့ ငြိမ်ခံနေမယ့်သူတော့မဟုတ်ဘူးနော်။ လုပ်လိုက်စမ်းပါ မောင်တော်။ ပြည်တန်တဲ့ ရွှေဓါးကြီးနဲ့ ထိပ်ထားကို ပိုင်းကြည့်လိုက်စမ်းပါ”

သူ၏လည်တိုင် ကျော့ကျော့လေးကို မြင်နိုင်အောင် ခေါင်းကိုမော့ရင်း လှိုင်ထိပ်ထား အိမ်ရှေ့စံရှေ့သို့ တိုးဝင်သွား၏။

အိမ်ရှေ့စံလဲ ဓါးအိမ်တွင်းမှ ဓါးကို ဆွဲထုတ်မည်ပြုပြီးမှ သတိရှိသူ ပညာရှိပီပီ ချက်ချင်းပင် ဓါးအိမ်အတွင်း ပြန်သွင်းကာ အိပ်ခန်းဆောင်အတွင်းမှ ဒုန်းစိုင်း ထွက်ခွာသွားသည်။ ထိုအခါမှ လှိုင်ထိပ်ထားမှာလဲ တင်းထားသော မာန်များကို လျော့ချလိုက်ရာ ကြမ်းပြင်ပေါ်လို့ လဲကျသွားပြီး ရှိုက်ဖို ငိုကြွေးနေလေတော့သည်။            ။

ဒါကတော့ တစ်ခြားအကြောင်းအရာမဟုတ်ပါဘူး။ ရတနာပုံခေတ် အိမ်ရှေ့စံ ကနောင်ကိုယ်တော်ကြီးနှင့် လှိုင်ထိပ်ခေါင်တင် မိဖုရားတို့ရဲ့ အချစ်ကစားပွဲလေးအကြောင်းကို မောင်ကာကြီး စိတ်ကူးယဉ်ကာ ပုံဖေါ်ကြည့်ခြင်းပါ။ ဒါနဲ့ “နေပါဦး မောင်ကာကြီးရ။ ဒီလောက်ကြီး တုတ်ဆွဲ ဓါးဆွဲနဲ့ စကားအခြေအတင် ရန်ဖြစ်နေတဲ့ဟာ မင့်က ဘာလို့ အချစ်ကစားပွဲလို့ ဆိုသလဲ”လို့တော့ မမေးလေနဲ့။ ဒီရန်ပွဲလေးကစခဲ့တဲ့ ပြသနာကြောင့် မြန်မာ့ ဘောလယ်ကဗျာ သမိုင်းထဲက ချစ်စရာအရမ်းကောင်းတဲ့ ကဗျာလေးနှစ်ပုဒ်ပေါ်ပေါက်ခဲ့လို့ မောင်ကာကြီးက အချစ်ကစားပွဲလေးလို့ ဆိုရခြင်းပါ။

တစ်ကယ်ဆို လှိုင်ထိပ်ထားဟာ အခုလို ကနောင်ကိုယ်တော်ကို အမျက်မာန်ကြောင့် တစ်ခွန်းမကျန် နှုတ်လှန်ထိုးခဲ့ပေမယ့် မိမိရဲ့ မောင်တော်ကို အလွန်တရာမှ ချစ်မြတ်နိုးသူပါ။ မနက်သုံးနာရီထိ သူ့ယောက်ျား ဆောင်တော်ကူး ဝင်မလာသေးလို့ လွမ်းစိတ်နဲ့ စိန်ခြူးကြာညောင်ဘောလယ်ကို ရေးသားကာ အမျှော်စိုက်ခဲ့သူ။ ယခုလို စကားအခြေအတင်များကာ ရန်တွေဖြစ်ပြီးတဲ့ နောက်မှာလဲ မိမိမောင်တော်ကို မုန်းမာန်မပွားပဲ ချစ်စိတ်ထားခဲ့သူပေါ့။ ကြည့်လေ သူနဲ့သူ့မောင်တော် ဒီလိုဒီပုံ စကားများကျတဲ့အကြောင်း မိမိရဲ့ မွေးစားဖခင်လည်းဖြစ် မောင်တော်ရဲ့ အကိုတော်လဲဖြစ်တဲ့ ရွှေနန်းရှင် ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းကြီးကို တိုင်တန်းတဲ့ ဘောလည်မှာတောင် မောင်တော်ကို အပြစ်တင်စကားတစ်ခွန်းမှ မဆိုတာကိုကြည့်ပါလား။ မြန်မာသံ အဆိုပညာရှင် အမေဒေါ်မာမာအေးရဲ့ စကားနဲ့ဆိုရရင် “ဖေကြီးရေ… လျှပ်စီးကပြက်၊ မိုးကြိုးစက်နဲ့ ကြင်သက်ဖေါ်ဝေး သမီးလေးတစ်ယောက်ထဲမို့ ရွှေသဲတုံပါတယ်”လို့ပဲ ဆိုတာလေ။ “မောင်တော်က ရက်စက်တယ်။ သူ့ကိုခေါ်ဆူလိုက်”ဆိုပြီး ပြောခဲ့တာမှ မဟုတ်ပဲ။

ထားဦးတော့ စကားချီးတွေ ဇာတ်ကွက်ဆင်တာတွေနဲ့ပဲ စာက အတော်ရှည်နေပြီ။ ပြောချင်တာက ဒီပြသနာကို အခြေတည်ပြီး ဘောလယ်နှစ်ပုဒ်ပေါ်လာလေရဲ့။ တစ်ပုဒ်ကတော့ လှိုင်ထိပ်ခေါင်တင် ကိုယ်တိုင်ရေးတဲ့ “နာဂဆဒ္ဒန် ဘောလယ်” ဖြစ်ပြီး နောက်တစ်ပုဒ်ကတော့ ကနောင်မင်းသားကိုယ်စား လူယုံတော် မြင်းစာရေးကြီးရဲ့ညီ မောင်မောင်ဘ ရေးသားခဲ့တဲ့ “ဖူးပွေ့လက်တင် ဘောလယ်”ပါ။

ဆိုတော့ကာ ဒီလိုဒီပုံ ကနောင်နဲ့ လှိုင်ထိပ်ထားတို့ ရန်တွေဖြစ် စိတ်တွေဆိုးကြတယ်ပေါ့။ အချိန်ကြာလာ စိတ်ဆိုးတွေ ပြေကာလာတော့ လင်မယားနှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် လွမ်းလာတယ်ပေါ့။ တွေ့ချင်စိတ်တွေ ဖြစ်လာတယ်ပေါ့။ ဒါနဲ့ပဲ လှိုင်ထိပ်ထားဆီက ဘောလယ်လေးတစ်ပုဒ် စဖြစ်လာတယ်ပေါ့။ သိတယ်မို့လား။ အနုပညာသမားဆိုတာက သူများ ခံစားချက်ကိုတောင်မှ အငှားယူတတ်သေးတာလေ။ အခုလို ကိုယ်တိုင်ခံစားနေရပြီဆိုမှတော့ ရသမြောက် အနုပညာတစ်ခု ပေါ်လာတယ်ဆိုတာ ယုံမှားဖွယ် ဘယ်ရှိမလဲ။

ဒီ့နောက် လှိုင်ဖုရားလေးရဲ့ ဘောလယ်ကိုလဲကြားရော ကနောင်ခများနေမထိ ထိုင်မသာနဲ့ ခွေချိယိုင်လာပေါ့။ ဖြစ်ချင်တော့ သူ့ကလဲ လောကီ အတတ်တွေကိုသာ စည်းပူးလေ့လာနေသူလေ။ လှိုင်ဖုရားလေးလို စာတွေကဗျာတွေလဲ မရေးတတ်တော့ အခက်တွေ့လေရော။ ဒါနဲ့ပဲ လူယုံလဲဖြစ် လက်စလက်နလဲရှိသူဖြစ်တဲ့ မောင်မောင်ဘကို သူခံစားရသမျှတွေကို စာစီခိုင်းလိုက်တာပေါ့လေ။ ဒီလိုရေးခိုင်းရတာလဲ အကြောင်းရှိရဲ့။ လှိုင်ဖုရားလေးက သူ့မောင်တော်ကို လွမ်းတယ် ဆွေးတယ်သာပြောတာ ရာဇမာန်ကြီးသူတို့ သဘောအတိုင်း အိမ်ရှေ့စံကို စိတ်ဆိုးပြေဟန်မပြ၊ တွေ့ခွင့်မပေးဘူးလေ။ ဒါကြောင့်ပဲ မောင်မောင်ဘက တစ်ဆင့် သူ့မိဖုရားရဲ့ စိတ်ဆိုးပြေအောင် ဖြေရှင်းခိုင်းရတာပေါ့။

တစ်ကယ်တော့ အခုမောင်ကာကြီးရေးပြမှာက လှိုင်ထိပ်ခေါင်ထင်ရဲ့ နာဂဆဒ္ဒန်ဘောလယ်ကိုပါ။ အမှန်ဆိုရင် မောင်ကာကြီးက ဒီဘောလယ်နှစ်ပုဒ်စလုံးကို ပေါင်းပြီးရေးပြချင်တာပါ။ ဘာလို့လဲဆိုတော့ ဒီနှစ်ပုဒ်ကို ပေါင်းပြီး ကြည့်လိုက်မှ တစ်ယောက်က စိတ်ဆိုးလို့ အပြစ်တင်၊ တစ်ယောက်က ပြန်ကာချော့မြူ ဒီလိုဒီလို ချစ်စရာ့ ဟန်လေးတွေနဲ့ ချစ်စရာ့ အဓိပ္ပါယ်တွေ ပိုပေါ်မှာပေါ့။ဒါမဲ့ စာကလဲ အရမ်းရှည်ရင် ဖတ်ရသူတွေ ဟုံသွားမှာလဲ စိုးရသေးတယ် ဟုတ်ဘူးလား။ ကဲ အခုတော့ နာဂဆဒ္ဒန်ကို အစချီလိုက်ပါပြီ။

“ရွှေနန်းစံ သန္ဓေစစ်တဲ့ တိမ်မြင့်ယံ ရွှေကိုယ်တော် မောင်ဘုရားနဲ့ ထိပ်ထားလေးတို့ဆိုတာ ရာသက်ပန်ပေါင်းဖို့ရွယ်ကာ စိန္တေမြတ်ထံ ဆုပန်ထားသူမဟုတ်ပါလား။ ရာဇဂုဏ် မာန်တွေမောက်ပါလို့ ဒီဆုတောင်းကို မေ့လေပြီလားကွယ်။

မောင်တော်ရယ်။ လက်သုံးတော် ရွှေဓါးကိုကိုင်ပါလို့ ပိုင်းသတ်ဖို့ရွယ်ရက်တယ်နော်။ တစ်ကယ်ပဲ မုန်းပြီလား အမောင်ရယ်။ ထိပ်ထားကို ရှောင်ဖယ်ကာ နေနိုင်ပြီလားမောင်။ ထိပ်ထားရဲ့ ရင်ထဲမှာ  သဲကျွမ်းလုခံစားနေရတာကို မောင်တော်သိရဲ့လား။ တစ်ကယ်သာ မုန်းနိုင်လို့ ပိုင်းသတ်ဖို့ ရွယ်ခဲ့တာဆိုရင်လေ ထိပ်ထားရဲ့ ဒီတစ်သက်တင်မဟုတ်ပါဘူး။ ဆယ်သက်ကိုပင် အပ်နှင်းလိုက်ပါမယ် မောင်ဘုရားလိုသလိုသာ နှင်းပါ။

တစ်ကယ်ဆို မြတ်ဘုရားထံပါးမှာ ပြုခဲ့တဲ့ သစ္စာ မယိမ်းယိုင်နိုင်တော့ပါလို့ ကြံရွယ်မိကာမှ ကံတရားရယ် ဆိုးလှတယ်နော်။ ခုတော့လေ ထိပ်ထားလေးမှာ ဆွေးနေရပါပြီ။ တစ်ကိုယ်ရည် ဆွေးနေရပါပြီ။

သိပါတယ်။ မောင်တော်ရဲ့ စိတ်သဘောထား ပြောင်းလဲလာတာကို ထိပ်ထား သတိထားမိပါတယ်။ ဟိုယခင် ငယ်စဉ်ကနဲ့ မတူဘဲ အပေါ်ယံဆန်တဲ့ မောင်တော့် အကြင်နာတွေကို ထိပ်ထား သတိထားမိခဲ့ပါတယ် ရှင်ရယ်။

တစ်ကယ်ဆို ထိပ်ထားကိုက မိုက်တာပါ။ ရှေးလူကြီးတွေရဲ့ ဆိုရိုးစကားကို နားမထောင်မိတာကိုက မှားတာပါ။ မောင်တော်လို ကြင်ယာများသူအဖို့ ထိပ်ထားအပေါ်ပဲ အကြင်နာ မထားနိုင်တာ အစောကတည်းက ကြိုသိသင့်ခဲ့တာပေါ့။ ဒါကိုမှ အမိုက်တွေဖုံးလို့ ရိုးမြေကျတိုင်အောင် ပေါင်းဖို့ ရွယ်မိခဲ့တာ ထိပ်ထားရဲ့ အမှားပါ။ ထိပ်ထား အမှားပါ။

ဖြစ်ကြောင်းရယ်ကုန်စင်ကို မထိန်ချန် အဖန်ဖန်စဉ်းစားမိတော့ ဘုန်းကံရှင် မောင်တော်ကိုလေ ထိပ်ထားလေ ထိပ်ထား မမုန်းရက်ပါဘူးရှင်။ ထိပ်ထားရဲ့ မောင်တော့်အပေါ်မှာထားတဲ့ မေတ္တာတွေဟာ ဘာကြောင့် ဘာအတွက်နဲ့မှ မပြောင်းလဲနိုင်ပါ။ မပြောင်းလဲပါဘူး ခင့်ဘုရားရယ်။”

ထူးဆန်းလိုက်တာနော်။ သူတို့ လင်မယားနှစ်ယောက်ရန်ဖြစ် စိတ်ဆိုးစိတ်ကောက်တော့ကျ ဒီလို ကဗျာကောင်း စာကောင်းတွေ ပေါ်စေသတဲ့လေ။ ထူးထွေသည့် အံ့ရာသော်။

ဒီ နာဂဆဒ္ဒန်ဘောလယ်ကို ဖတ်ကြည့်ရုံနဲ့ လှိုင်ထိပ်ထားရဲ့ စိတ်ထားဟာ ဘယ်လောက်တောင် နူးညံ့နေမလဲဆိုတာကို မှန်းစလို့ ရကောင်းပါရဲ့။ ပြီးတော့ သူ့လင် အိမ်ရှေ့စံအပေါ်မှာလဲ ဘယ်လောက်တောင် ချစ်လိုက်သလဲ ဆိုတာကိုလဲ သိမြင်နိုင်ပါရဲ့။ ကနွဲ့ကလျနဲ့ အဖွဲ့အလှတွေဟာလဲ လှိုင်ထိပ်ထားဆိုတာ အလွန်ရှားပါးတဲ့ အမျိုးသမီး စာဆိုတစ်ပါးဖြစ်တယ်ဆိုတာ ညင်းဖွယ်ရာမရှိအောင် သက်သေပြုနေတယ် မို့လား။

မောင်ကာကြီးတောင် ဒီဘောလယ်ကို ဖတ်မိပြီး ရန်ဖြစ်ဖို့လူတစ်ယောက်လောက် ရှာရကောင်းမလားလို့ တွေးမိသေး။ ဒါမဲ့ တော်ကြာ တွေ့တဲ့သူက လှိုင်ထိပ်ထားလို စာတစ်တန် ပေတစ်ဖွဲ့နဲ့ သစ္စာတိုင် ကဗျာရေးသူမဟုတ်ပဲ “ကျွန်မကို ညှင်းပန်းနှိတ်စက်နေပါတယ်”ဆိုပြီး အမျိုးသမီးရေးရာ သွားတိုင်နေမှ ဒုက္ခဟလို့ တွေမိပြီး ဒီအကြံကို ချက်ချင်းပဲ စွန့်လွှတ်လိုက်ရလေရဲ့။ သနားပါတယ် နော်။

ကဲလေ… ကဲလေ…။ စာလဲ ရှည်နေပါပြီ။ အခါသင့် အခွင့်သာမယ်ဆိုရင် အိမ်ရှေ့စံကနောင်မင်းသားရဲ့ ပြန်ချေပတဲ့ “ဖူးပွေ့လက်တင်” အကြောင်းကို ပြောကြည့်ချင်ပါသေးတယ်။ အခုတော့ မိဖုရား လှိုင်ထိပ်ခေါင်တင်ရဲ့ “နာဂဆဒ္ဒန်”လေးကို နိဂုံးချုပ်ပါရစေ။ အရေးအသားမှားယွင်းမှု၊ ဖွဲ့ဆိုချက် လွဲမှားမှုများရှိနေရင်လဲ အပြစ်မမြင်ပဲ အချစ်ဝင်ပေးကြပါဦးလို့။                 ။ လွန်တာရှိရင် ဝန္ဒာမိပါ။

အနုပညာသည် အနုပညာအတွက်သာ ဖြစ်သည်

Courage

 

နာဂဆဒ္ဒန် အစချီဘောလယ်

 

နာဂဆဒ္ဒန်၊ သန္ဓေမှန်နှစ်ပေပ။ ချိန်မူးစစ် တိမ်တိုက်စံ။ စက်သွားသီလဝင်။ စိန်ရွှေရိုးငယ်လေး။ဘိုးပြည်ထိုက်တန်။ ။

ရွှေကိုယ်တော်ဘုန်းမှာလ၊ လက်သုံးတော်မှန်။ မချွင်းချန်ပါနှင့်-ရာသက်ပန်ပေါင်း။ မြတ်ဉာဏ်ယူလောင်းပါလို ့။ ဆုတောင်းပါတယ်။ ရာဇဂုဏ်မာန်။ ကြိမ်ကြိမ်ထပ်တယ်လေး။ပိုင်းသက်မဲ့ရွယ်။ ။

တကယ်ပင်မုန်းတော့မလား။ မောင်ဘုန်းကြွယ်။ ရှောင်လွှဲငယ်သွေဖယ်လို ့။ မတာတွယ်ဘဲ။ ရွှေရင်ထဲမှာလှ။ ငွေသဲဆိုင် ကျွမ်းလုကြွှေယိုင်။ အို-ဆယ်ပြန်သက်ကိုလေး။ နှင်းဆက်တော့နိုင်။ ။
မြတ်စိနေ ္တဦးမှာလ။ ဆုထူးတော်ပိုင်။ မယိမ်းယိုင်အောင်လို့ ကြံပါကဘဲ။ ဘုန်းမဘန်ဘဲငယ်နှင့် ကံလဲမကူ။ သင်းပျံ့ ဘုံဘွေ။ တကိုယ်ရေဆွေးတယ်လေး တွေးကြံလို ့ပူ။ ။

မာလာရုံကွန်းမှာလ ချွေညွှန်းပျံ့ကြူ။ ဟိုရှေးငယ်တမူနှင့်။ မတူလေဘဲ။ ပေါ်ရံချွဲငယ်နှင့်ထဲဝါပုံဆောင်။ သိပေါ့သခင်။ဘမယာ ကွန်းမှာလေး၊ ထွန်းနေလရောင်။ ။

ဆိုဆိုပေသားငယ်နှင့်။ မယ်နားမထောင်။ ရိုးပြာမြေတိုင်အောင်ပ-ကြံရွှယ်ဆောင်ပေါင်း။ ရှေးသူဟောင်းငယ်တို ့-
ပုံသက်သေ၊ နိမှသောင်။ နောင်မှသိမယ်လေး။ ထုံးရှိလျက်ပေ။ ။
(သဖြန်)    တွေးဆမချန်။ ရှေ့နောက်ကယ်ပြန်လှန်လို ့။ ဖန်ဖန်စိတ်ထဲ။ ။ဘုန်းရှိသူ။မုန်းပြစ်ကိုရင်မယူနှင့်။ သွင်တမူ-ကြင်သူလွှဲပါဘူး။.      ထူးတဲ ့ကံဘဲ။  ။

လှိုင်ထိပ်ခေါင်တင်

27 comments

  • တောင်ပေါ်သား

    June 19, 2015 at 11:31 am

    အဲသလို ပြန်ချော့တတ်တဲ့ ချစ်သူမျိုး ရှိချင်လိုက်တာ ၊ 🙂

    အဲဒီ ဘောလယ်ကလည်း ကောင်း သရုပ်ဖော်ရေးဖွဲ့သူကလည်း တော်

    မျက်စိထဲတောင် မြင်ယောင်လာသဗျာ ၊

    • Courage

      June 20, 2015 at 12:16 am

      ဒီလိုချစ်သူမျိုးတွေ့ဖို့ဆိုရင်တော့ ထမင်းထုပ်ကြီးသား သိုးသွားမယ် ထင်တယ် ကိုတောင်ပေါ်သားရေးးးးး။ အခုခေတ် မိန်းကလေးတွေက အမျှော်စိုက်ဖို့ထက် ကိုယ့်ထူးကိုယ်ချွန်ဖို့ စဉ်းစားနေပြီဗျ။
      အားပေးသွားလို့ ကျေးဇူးပါ။

  • ဇီဇီခင်ဇော်

    June 19, 2015 at 2:43 pm

    ကနောင် ကိုယ်တော် ဘယ်လောက် တော်တယ် ပြောပြော
    လှိုင်ထိပ်ခေါင်တင်ကို စိမ်းကားပုံတွေ ဖတ်ရကတည်းက သဘောကို မကျ။

    ၉/၁ဝ တန်းတုန်းက ဆရာမ ဆို ကဗျာတွေကို ချစ်တတ်အောင် ရွတ်ပြတာနဲ့တင် လှိုင်ထိပ်ခေါင်တင် ရဲ့ ဖွဲ့ဆိုချက်တွေ မှာ တအားသနားခဲ့ဖူးတာ။
    အနုပညာအကြောင်းတော့ ခေါင်းထဲမရောက်ဘူးး
    ဟီးဟီး

    • Courage

      June 20, 2015 at 12:22 am

      ကနောင်ဆိုတာကလဲ စာရင်းပေါက်တောင် မိဖုရားက ၅၂ယောက်ရှိတယ်ဆိုပဲ။ ဒီလောက်များတဲ့ သူတွေကြား လှိုင်ထိပ်ထားလေး ခမျာလဲ ကိုယ့်မောင်တော်ကို တွေ့ရဖို့ မျှော်ရပေမပေါ့။
      ကျွန်တော်က လှိုင်ထိပ်ထားလေး လွမ်းလို့ မျှော်တာကို ဘာမှမပြောဘူး မျှော်လိုက်တိုင်း ဘောလယ် တစ်ပုဒ် ဖြစ်ဖြစ်လာတာကို အံ့ဩောတာဗျ။ အဟီး

      • မြစပဲရိုး

        June 20, 2015 at 12:47 pm

        . မောင်ကာကြီး ရေ့
        ငယ်တုန်းက လေ အဲဒီ ဘောလယ် ကဗျာ တွေ အကြောင်း ဟာသ တစ်ခု ပြန်သတိရတယ်။
        အဲဒီ “ဘော” ကြီး ကိုယ့်ဆီ “လယ်” လာဖို့ ဆိုတာကို။ lol:-))))

        . ရှေးခေတ် မြန်မာ ဘုရင် တွေ ရဲ့ မိန်းမ တွေများ သနား ဖို့ ကောင်းလိုက်တာ လို့ အမြဲ တွေးမိ တယ်။
        သိမိသမျှ အင်္ဂင်္လိပ် သမိုင်းထဲ မိန်းမ အင်မတန် ရှုပ်တဲ့ ဟင်နရီ (၈) တောင် မှ မယားပြိုင် ယူခွင့် မရရှာဘူး။
        တရားမဝင် တိတ်တိတ် ဘဲ ရှုပ် ရဲတာ။
        အဲဒါ ကို ခမျာ စိတ်နာ လွန်းလို့ သူ့ကို ကြိုးကိုင်နေတဲ့ ရောမ ဘုန်းကြီး တွေ ကို ဆန့်ကျင်ဖို့ Church of England ရဲ့ အစ အင်္ဂလန် Church ကို အတင်း ထောင် ခဲ့တာ လို့ နားလည်တယ်။

        တို့ မြန်မာမင်းများ နှာထ ပုံ ကတော့ လက်ဖျားခါ တယ်။
        အဲလို မျိုး တဏှာတွေ ယစ် နေလို့ လဲ အာဏာရှင်စနစ် ကို မလွတ်တမ်း ဆွဲကိုင် နေတော့တာဘဲ။
        ဒါမှ အားလုံး က လက်ညိုးညွှန်တာ ရေဖြစ်မှာကိုး။
        အာဏာရူး ဆိုမှတော့ အတော် အတ္တကြီး တဏှာကြီး လို့ သာဘဲ။

        ဒီ အတွက်မို့ မိန်းမ များများ ယူတဲ့ မြန်မာမင်း ဆိုသူများ ရဲ့ အစွမ်း ကို လုံးဝ မကြိုက်ပါ။
        ဒါဟာ တကယ်တော့ ဂုဏ်ယူဖွယ်မဟုတ်။

        . ပြောရင်း ချော်ပြီ။ ပြုံးလာ ပြီး ဆူ နေဦးမယ်။
        ဘာပြောပြော ဒီ က မထွက်လို့။ lol:-))))))))))))))))

        • Courage

          June 20, 2015 at 8:27 pm

          ဒေါ်လေးမြပြောမှ သွားသတိရမိတယ်။
          မြန်မာတွေက တစ်လင်တစ်မယားစနစ်ပဲ ဆိုတာက ဘယ်ခေတ်ကမှ စခဲ့တဲ့ စနစ်လဲမသိဘူးနော်။

        • Alinsett @ Maung Thura

          June 21, 2015 at 3:33 am

          စုဖုရားလတ်ရဲ့ သီပေါအပေါ် အချစ်ကြီး
          သဝန်တို အပိုင်သိမ်းချင်တဲ့ စိတ်နဲ့
          တချက်လွှတ်အမိန့် ထုတ်လိုက်ရာက စသလားလို့

          (သဂျီး စကားနဲ့ ပြောရ ရင် ကျနော် အမှတ်မမှားရင်)

          :k:

        • kai

          June 21, 2015 at 3:20 am

          ဥပဒေကြောင်းအရ.. မြန်မာတွေမယ်.. တလင်တမယားစနစ်ဆိုပြီး.. ရှိဖူးလို့လား…။
          အခု မဘသတွေလက်ချက်နဲ့.. ရှိလာ/ရှိနေရင်တော့မပြောတတ်…။

        • Courage

          June 21, 2015 at 4:14 am

          ကို ALinsettရေ… စုဖုရားလက်ချက်နဲ့ ပေါ်ခဲ့တာမဟုတ်တာတော့ သေချာတယ်။ ဘာကြောင့်ဆို အဲ့တုန်းက သီပေါမှ စုဖုရားကြီးဆိုတဲ့ မိဖုရားလဲရှိပြီးသားမို့ပါ။
          သူကြီးရေ ဥပဒေကြောင်းအရတော့ မရှိခဲ့ပေမယ့် တစ်လင်တစ်မယားစနစ်ဆိုပြီး ပြောနေကြားနေတာကတော့ မဘသ မပေါ်ခင်ကတည်းက ကြားဖူးနေတာလေ။ ဒါမို့ ဥပဒေဆိုပြီး မပေါ်ခဲ့ပေမယ့် စနစ်ကတော့ ရှိခဲ့တာ ကြာပြီထင်ပါ့။

        • Alinsett @ Maung Thura

          June 21, 2015 at 7:35 am

          ဟုတ်ပါ့။
          စုဖုရားကြီး စုဖုရားလတ်တို့ရဲ့ မယ်တော်ကြီးက
          သီပေါနဲ့ စစချင်းပေးစားတာ စုဖုရားကြီး
          ဒါမယ့် လက်ထပ်မင်္ဂလာပွဲမှာကိုပဲ
          စုဖုရားလတ်က သီပေါဘုရင်နဲ့ အစ်မတော် စုဖုရားကြီးတို့ကြား ငုတ်တုတ်ကြီး ဝင်ထိုင်တာဆို။
          သူ(စုဖုရားလတ်)က သီပေါနဲ့ ငယ်ချစ်ကိုးးး။

          .နောက်ပိုင်းမလဲ သီပေါခမျာ စုဖရားကြီးဆီ အဆောင်တော်တောင် ဖြောင့်ဖြောင့်တန်းတန်း မကူးရ
          အဲ့လိုနဲ့ စုဖုရားကြီးက ဘေးထွက်မှန်းမသိ ထွက်
          စုဖုရားလတ်က သီပေါနဲ့ ပူးကပ်မှန်းမသ်ိကပ်
          အဲ့ဒီနောက်
          အဲ့ဒီနောက်မှာတော့
          စုဖုရားလတ်က သီပေါဘုရင်ကို သူတစ်ယောက်ထဲ အပိုင်သိမ်း. . .
          အစ်မတော်လက်ထဲက မရ အရ လု
          (ကိုရီးယားကားတွေအတိုင်းပဲ)
          အဲဒီနောက်မှာမှ တလင်တမယား စနစ်ကျင့်ထုံးပါ မောင်မောင်သီပေါ ဆိုပြီး
          ချုပ်ခဲ့တယ်လို့. . .

          ရာဇဝင်ထဲ ဖတ်ခဲ့ဖူးတာပဲ။

        • မြစပဲရိုး

          June 21, 2015 at 5:07 am

          အရင်က မြန်မာပြည်ထဲ တစ်လင်တစ်မယား စနစ်လို့ ဘဲ မှတ်နေကြတာ များတယ်။
          လူတွေ တောင် ဒီ ကိစ္စ ကို အသေအချာ မသိဘဲ ဘာမဆိုင် တဲ့ ဘုန်းကြီးများက အတွင်းကျကျ သိနေတာ အံ့ရော။ lol:-)))

        • Courage

          June 21, 2015 at 4:17 pm

          ရတနာဂီရိထိ စုဖုရားကြီးပါသွားပုံထောက်ရင်တော့ နိုင်ငံတွင်းမှာတော့ မကျင့်သုံးခဲ့ဘူးလို့ ယူစလို့ရသဗျ။ ပေါင်းတာမပေါင်းတာ အပထား တရားဝင်တော့ သီပေါမှာ နှစ်မယား စာရင်းပေါက်တာပဲလေ။ စာရင်းမပေါက်ဆိုရင်တော့ ဒိုင်းခင်ခင် ရှိတာပေါ့။
          ရတနာဂီရိရောက်မှ ကျင့်သုံးခဲ့သလားတော့ မပြောတတ်ဘူး။

  • Ma Ma

    June 20, 2015 at 8:22 am

    ဘောလယ်တို့ လေးချိုးတို့ ဒွေးချိုးတို့ကို နားမလည် မခံစားတတ်လို့ ကဗျာဆိုရင် သိပ်မဖတ်ဖြစ်ဘူး။
    မောင်ကာကြီးရဲ့ ရှင်းလင်းချက်ဖတ်ပြီး ကဗျာကို ဆက်ဖတ်လိုက်ရတော့ အရသာရှိသွားတယ်။

    ရန်ဖြစ်ဖို့လူတစ်ယောက်လောက် ရှာရကောင်းမလားလို့ တွေးမိရုံနဲ့ အမျိုးသမီးရေးရာကို သတိရတဲ့ မောင်ကာကြီးရဲ့ သတ္တိကိုလည်း ချီးကျူးမိပါရဲ့။ :kwi:

    • Courage

      June 20, 2015 at 7:51 pm

      အဟဲ ချီးကျူးလဲ ခံရတော့မှာပဲ မမရေ။ အဲ့လိုကြောက်တတ်လို့လဲ ခုထိ တစ်ယောက်တည်းဖြစ်နေတာပေါ့။ (ကြုံတုန်း ကြော်ညာဝင်တာ)

  • Mike

    June 20, 2015 at 1:29 pm

    .မြန်မာမင်းများ အားရင်မိန်းမယူဖို့လောက်စဉ်းစားနေခဲ့တာကလား…
    .ဒါကြောင့်လည်း မင်းဆက်ပြုတ်ခဲ့တာ
    .ဘာဖြစ်ဖြစ် ရသမြောက်တဲ့ ဘောလယ်လေးကို ဇတ်ရုပ်ပေါ်အောင်သရုပ်ဖေးသွားပုံလေးတော့ချီးက ျူးပါရဲ့ဗျာ

  • Mike

    June 20, 2015 at 1:30 pm

    .မြန်မာမင်းများ အားရင်မိန်းမယူဖို့လောက်စဉ်းစားနေခဲ့တာကလား…
    .ဒါကြောင့်လည်း မင်းဆက်ပြုတ်ခဲ့တာ
    .ဘာဖြစ်ဖြစ် ရသမြောက်တဲ့ ဘောလယ်လေးကို ဇတ်ရုပ်ပေါ်အောင်သရုပ်ဖေါ်သွားပုံလေးတော့ချီးက ျူးပါရဲ့ဗျာ

    • မြစပဲရိုး

      June 20, 2015 at 1:43 pm

      ဟေ့ လူကြီး ဘာလို့ နှစ်ခါ မန့် နေတုန်း။
      ဒီလို မျိုး အကြံ နဲ့ မြ ကို ပြန်ကျော်တက်ဖို့ လုပ်သလား။ ဟင်း ဟင်း ဟင်း
      မရဘူး ကိုကိုမိုက်။
      .
      .
      နောက်တာပါ ကကြီးမိုက် ရယ်။
      .မြန်မာပြည် က နေ ရွာထဲ ဝင်ရတာ အတော်စိတ်ရှည်ရတာကို သများ ခံစားခဲ့ဖူးပြီးသားပါ။

    • Courage

      June 20, 2015 at 7:54 pm

      သူတို့က ယူချင်လို့ ယူတာဟုတ်ပါဘူး လေးမိုက်ရ။ အားလုံးကို တစ်သားတည်း ချစ်ကြောင်းပြတာပါ။

  • kai

    June 20, 2015 at 2:03 pm

    အဲဒီခေတ်က.. သက်ဦးဆံပိုင်ဘုရင်တိုင်း(တိုင်း) မင်းဆရာတွေရှိတယ်…။
    မင်းဆရာ..ဆရာတော်တွေက.. ဘုရင်ကိုအကြံပေး..
    ပူးတွဲတိုင်းပြည်အုပ်ချုပ်တာပဲ..။
    မင်းညီမင်းသားတွေရယ်..။ ဖြတ်လမ်းလိုက် နန်းတွင်းဝင်လို့ရတဲ့.. ဘုန်းဘုန်းတွေရယ်..။
    နန်းတွင်းမှာပဲ.. တဘဝလုံး ချာလပတ်လည်နေတဲ့နန်းတွင်းသူတွေရယ်…။
    ကိုယ်လုပ်တော်တွေရယ်..။
    တောနယ်က.. နန်းတွင်းထဲဝင်ချင်လို့.. ကြိုးစားကြသူတွေရယ်…။
    ဘာတွေဖြစ်ခဲ့မလည်း.. ရုပ်ရှင်လေးများ စိတ်ကူးယဉ်ရိုက်ကြည့်ချင်သား…

    S2 လို့ခေါ်တဲ့ ဘိုချုပ်တင်ဦး တန်ခိုးထွားစဉ်က.. နယ်တနယ်ရောက်ရင်.. အဲဒီနယ်ကအလှဆုံးတွေ ညအိပ်ချင်လို့တော်တော်ကြိုးစားကြရတယ်ကြားဖူးသပ..။
    တညအိပ်ရပြီးရင်.. တသက်သုံးစားလို့ရတာကို..။
    S2 နဲ့ပိုင်တယ်ပေါ့…။ အဲဒီခေတ်က ဖုံးလေး.. မြေကွက်လေး.. အခွင့်အရေးလေးတွေလည်းတွဲပါလာ..။ ဆိုင်ရာနယ်ထဲ..ဘယ်သကောင့်သားကမှလည်း..မထိ မတို့ရဲတော့..။
    ကွိ..။

    • မြစပဲရိုး

      June 20, 2015 at 5:01 pm

      ဒီထဲ ပြောလို့ တောင် မဆုံးသေး
      အခုဘဲ သတင်းတစ်ခု ဖတ်လိုက်ရတယ်။
      ဒီလောက် ပြောဆို နေကြတဲ့ အချိန်မှာ တောင် အဲဒါတွေ ကို မကြားနိုင်ဘဲ ရှေးမူ မပျက် အပူဇော်ခံ နေချင်နေ ကြတာ တကဲ့ ကို စိတ်ပျက်စရာဘဲ။
      ဟုတ်မဟုတ်တော့ မသေချာ။ ဒါပေမဲ့ ဟုတ်ဖို့ များပါတယ်၊

      မနေ့က ဦးအောင်သောင်း ရဲ့ ပညာချွန်ဆုပေးပွဲ ( တောင်တွင်းကြီး လို့ ထင်ပါတယ်) မှာ ရှစ်တန်းကျောင်းသူလေး တစ်ယောက် ခုံအောက်က နေ ကျုံ့ကျုံ့လေး ထိုင်နေပြီး ယပ်ခပ်ပေးနေတာ။
      (Credit to DrKyaw Swe – တဆည ဖြစ်နေတာ တော့ မပြောတော့ပါဘူး။ ရည်မှန်းချက် မှန်ဖို့ ဘဲလိုတာပါ)
      ပွဲ အစ က အဆုံးတဲ့။ ကလေးမလေး မျက်နှာ ကို ကြည့်ပြီး စိတ်ထဲ မကောင်းလိုက်တာ။
      ဘယ်သူ တွေ က ခိုင်းလဲ မသိ။ ခိုင်းသူ က လဲ မျက်နှာလုပ်ပြီး ခိုင်းရက်တယ်။
      အဲဒါမျိုး အဖား တွေ ရှိနေလို့လဲ သူတို့ သက်ဆိုးရှည်နေတာ။
      ဒါဟာ ကျွန်တစ်ယောက် ကို ခိုင်းနေသလို မဟုတ်ဘဲ ကြီးသူကို အရိုအသေ ပေးနေတာ လို့ ပြောချင်သူများ ရှိနေမှာလဲ သိပါတယ်။
      အဲဒီ မြင်ကွင်း တွေ က လွတ်ဖို့ အတွက် ဒီ အာဏာရူး တွေ ကို ဖယ်နိုင်မှ ဖြစ်မယ်။

      • Courage

        June 20, 2015 at 8:21 pm

        ဒေါ်လေးကလဲ သူ့ကိုတော့ သွားပြီး အပြစ်မပြောပါနဲ့ နိုင်ငံကျော် ချဉ်ဖတ်ကြီးကို သနားပါတယ် ပြောနဲ့

      • kai

        June 21, 2015 at 4:21 am

        ဂါရဝလွန်လျှင်.. ကျွန်ဖြစ်…။

    • Courage

      June 20, 2015 at 8:09 pm

      အာဏာမက်တဲ့လူရယ် အခွင့်အရေးမက်တဲ့လူတွေ ပေါင်းပြီး လောက်ကိုက်နေကျတာပေါ့။
      ဒါနဲ့လေ ဖြတ်လမ်းလိုက် နန်းတွင်းဝင်တဲ့ ဘုန်းဘုန်းဆိုတာကတော့ ကုန်းဘောင်ခေတ်နှောင်း ရတနာပုံခေတ်မှာ မတွေ့မိဘူးဗျ။ ဗန်းမော်ဆရာတော်တို့ ဦးဗုဓ်တို့လို ဘုဘောက် ဆရာတော်တွေပဲ တွေ့ရတယ်ဗျ။

      • kai

        June 21, 2015 at 3:41 am

        သံဃာတွေဂိုဏ်းတွေကွဲတဲ့အကြောင်း.. မြန်မာ့သမိုင်း ဖတ်ကြည့်ရင်.. နန်းတွင်းဝင်တဲ့ဘုန်းကြီးတွေ.. ကန်ထုတ်ခံရသူတွေ.. အားပြိုင်တဲ့ဇတ်လမ်းတွေ.. တွေ့လိမ့်မယ်ထင်တာပဲ..။
        တုံဂိုဏ်းတို့…ရုံဂိုဏ်းတို့က.. ကုန်းဘောင်ခေတ်ပဲ..။
        ဘိုးတော်ဘုရားက.. တုံဂိုဏ်းဖက်ကနေပေးလိုက်တယ်လေ…။

        ကုန်းဘောင်ခေတ်နှောင်း ရတနာပုံခေတ်မှာဆိုရင်တော့.. ရွေကျင်ဂိုဏ်းအကြောင်းဖတ်ကြည့်ပေါ့…။
        ရွှေကျင်ဂိုဏ်းထောင်တဲ့ဆရာတော်က.. မင်းတုန်းမင်းလက်ထက်..။ အဲဒီတုံးက..သာသနာပိုင်ဆရာတေ်ာနဲ့က.. အဆင်မပြေလို့.. နန်းထဲမနေ…။

        • Courage

          June 21, 2015 at 4:32 am

          ဟုတ်ကဲ့ သံဃာဂိုဏ် ကွာပြားမှုကတော့ ရှိနေစဲပါ။ သုဓမ္မာနဲ့ ရွှေကျင်ကတော့ အထင်ရှားဆုံးပေါ့။ ဒါမဲ့လေ ကျွန်တော် ဆိုလိုချင်တာက မင်းအလိုလိုက်တဲ့ ဆြာတော်တွေထက် မင်းကို အရေးမလုပ်တဲ့ ဆြာတော် ပိုများသလားလို့ပါ။

  • manawphyulay

    June 22, 2015 at 12:56 pm

    အမယ်လေး မောင်တော်ဘုရားရဲ့… မျှော်တော်မမူနေပါနဲ့ဘုရား….
    ရှာပုံတော်ဖွင့်လို့ တစ်ခေတ်တစ်ခါ ထပ်ရောက်လာမယ် မထင်ပါဘုရား…
    နှမတော်ကတော့ဖြင့် ကိုယ့်ထူးကိုယ်ချွန်နေရတာမို့ လှည့်မကြည့်နိုင်ပါဘုရား….

    :mrgreen: :mrgreen:

    • Courage

      June 22, 2015 at 7:38 pm

      အဟတ်။ မျှော်တော်ယောင် ကဗျာတွေအစား လူရည်ချွန်ကဗျာတွေ တွေ့ရမယ့် အချိန်ကို ရောက်လာပြီထင်ပါ့။ 🙂

Leave a Reply