ကျွန်မ၏သား နှင့် ဂဏန်းများ
ကျွန်မ၏သားနှင့် ဂဏန်းများ
ကျွန်မ ဘွဲ့ရတော့ အသက် ၂၅နှစ်။ ရတန်းမှာ ပညာသင်နေစဉ် ၈၈ အရေးအခင်းဖြစ်လို့ ကျောင်းနားခဲ့ ရသည်လည်း တကြောင်း။ ၁ဝတန်း အောင်၍ တက္ကသိုလ်တက်ပြီး သကာလ ပထမနှစ်အပြီး ဒုတိယနှစ်အတက် ကျောင်းဖွင့်စတွင် အရေးအခင်းထပ်ဖြစ်ကာ ထပ်၍ နားရပြန်လေသည်။ သည်လိုနဲ့ ကျောင်းဖွင့်လျှင် သွား၍ တက်ပြီး ကျောင်းပိတ်ပြီ ဆိုလျှင် ထပ်နား သည်လို တက်လိုက် နားလိုက်နှင့် ကျွန်မ ဘွဲ့ရတော့ အသက် အစိတ် ရှိလေပြီ။ ရသည့်ဘွဲ့သည် သချာင်္ဘွဲ့ဖြစ်သည်။ ပထမနှစ်တွင် သချာင်္ တစ်ဘာသာ။ ဒုတိယနှစ် နှစ်ဘာသာ၊ နောက်ဆုံးနှစ်တွင် လေးဘာသာ။ ထို့ကြောင့် ကျွန်မသည် ဂဏန်းများနှင့် မစိမ်းလှဟု ဆိုရပေမည်။ ရင်းနှီးသည်ဟုတော့ မဆိုလိုပါ။
ဘွဲ့ရသည့်အခါ ရွေးသောအလုပ်သည် ဈေးသည်။ အထည်မျိုးစုံကို နိစ္စဓူဝ ရောင်းဝယ် ဖောက်ကားသည့် အလုပ်ဖြစ်သည်။ ငွေပေး ငွေယူ ရေတွက်သည့် အခါတွင်လည်း ဂဏန်းများပါလေသည်။ ပိတ်စ ကိုက်ထိုးများ ဖြတ်၍ ရောင်းသော အခါတွင်လည်း ဂဏန်းများမပါမဖြစ် တွက်ရချက်ရပြန်ပါသည်။ တကိုက် ၁၀၀ဝ တန်သော ပိတ်စကို သုံးတောင့်ထွှာ ဝယ်သောအခါ တကိုက်ကို ၁၀၀၀၊ တတောင်သည် ၅၀၀၊ တထွှာသည် ၁၂၅၊ စုစုပေါင်း ၁၇၅ဝ ကျသင့်ပေသည်။ သည်လို သည်လို တွက်ရသည်မို့ ဂဏန်းများနှင့် လက်ပွန်းတတီး နေရပြန်လေသည်။ အပေါင်းအနှုတ် အမြောက်အစား မပါမဖြစ်၊ တခါတလေ အလီလေးများဆိုကာ မြှောက်ရပြန် စားရပြန်လေသည်။ သို့ပေမဲ့ အလုပ်အတွက်သာ ပတ်သက်၍ ပြီးသွားလျှင် ပြီးစေသဘောဖြင့် ကျွန်မသည် ဂဏန်းများကို အသုံးချရုံသာ သုံး၍ စိတ်မဝင်စားခဲ့ရိုး အမှန်ပင်။ ဂဏန်းအကြောင်းများ တခါမှပင် စိတ်ဝင်တစား မတွေးမိခဲ့ပေ။ ဤ ကဲ့သို့ စိတ်ထားရှိခဲ့သော အမျိုးသမီးတယောက်၏ ရင်နှစ်သည်းချာ သားလှလေးသည် မိခင်၏ ခြေရာကိုမနင်း မိခင်နှင့် လားလားမျှမတူသည်ကို များမကြာမီက ပို၍ ပို၍ သိခဲ့ရ၍ ကျွန်မ အလွန်ပင် အံ့ဪ ခဲ့ရသည်။
သားအသက် ၂နှစ်ကျော်ကျော် ကျွန်မနှင့် နှစ်ယောက်တည်း ရှိစဉ် အချိန်ကတည်းက သားသည် ဂဏန်းတွေကို စိတ်ဝင်စားသူမှန်း စ၍ သတိပြုမိသည်။ သတိထားမိရုံအပြင်တော့ သိပ်မပိုပါ။ ၁မှ ၂ဝထိကို ကျွန်မကို သင်ခိုင်းပြီး ကျန်သော ဂဏန်း ၁၀ဝအထိကို သူ့စိတ်ကူးနှင့်သူ တိုးကာ သင်သွားလေသည်။ သား ဉာဏ်ကောင်းတယ်ဟု ကိုယ့်ငါးချဉ်လေး ချဉ်မိရုံသာ။ ဂျုး ကားသမားကပင် ကျွန်မတို့ သားအမိကို လာကြိုတိုင်း လမ်းတလျှောက်သား တတွတ်တွတ် ရွတ်လာသည်ကို ကြားပြီး ကျောင်းနေပြီလားဟုမေးသည်။ မနေသေးဘူး သူ့ဘာသာ 1 to 100 ကို ဆိုတတ်တာ ဆိုတော့ ဉာဏ်ကောင်းတယ်ဟု တခုတ်တရ ချီးမွမ်းတော့ ကျွန်မ ဂုဏ်ယူမိသေးသည်။ သို့ပေမဲ့ သားသည် တခြား အရာများထက် ဂဏန်းများကို ပိုစိတ်ဝင်စားသည် ဆိုတာကိုတော့ဖြင့်ဂရုမပြုမိသေးပေ။
ရန်ကုန်ပြန်ရောက်သောအခါ သားအသက် ၃နှစ်ခွဲ။ ပြက္ခဒိန်တွေကို စသိပြီမို့ သူ သိပ်စိတ်ဝင်စားသည်။ လကုန်တိုင်း လကုန်တိုင်း အခန်းတိုင်းက ပြက္ခဒိန်စာရွက်တွေကို သူကိုယ်တိုင် လိုက်ပြောင်းလေသည်။ တခြား မည်သူမှ မပြောင်းရပေ။ ပြောင်းထားလျှင်လည်း ပြန်ပြောင်းပေးရသည်။ ပြီးမှ သူကိုယ်တိုင် ပြန်ပြောင်းလေသည်။ သူ့ ဝါသနာပဲဟု သဘောထားကာ မည်သူမှ မပြောင်းတော့ပါ သူသာ ဝတ္တရားမပျက် လိုက်လံပြောင်းလေသည်။ ပြောင်းသည့် ပြက္ခဒိန်တိုင်းကို သေချာ စုန်ချည် ဆန်ချည် ကြည့်သည် ဘာတွေကို မှတ်နေသည်တော့ မသိ။ နောက် အလုပ်တခုက အချိန်အားတိုင်း စာအုပ် အလွတ်တွင် ပြက္ခဒိန်များကို မပျင်းမရိကူးသော အလုပ်ဖြစ်သည်။ အချိန်အားတိုင်း တကုပ်ကုပ် ကူးလေသည်။ ကြာတော့ သူ တနှစ်စာ ပြက္ခဒိန်ကို အလွတ်ရပေပြီ။တအိမ်လုံးရှိ လူအားလုံး၏ မွေးနေ့ ဘယ်နေ့ ဘယ်ရက်မှာ ကျရောက်မည်ကို သူတပ်အပ် ပြောနိုင်သည်။ အခါကြီး ရက်ကြီး ရုံးပိတ်ရက်တွေ ဘယ်နေ့ ကျမယ် သူသိသည်။
( ဘောင်ဘောင်….. ၁၉ရက်နေ့ အာဇာနည်နေ့က အပြာထဲမှာ မရှိဘူး။ အနီထဲ ရောက်နေတယ်)
သူက ပိတ်ရက်တွေကို အနီနဲ့ မှတ်ထားပြီး ရုံးဖွင့်ရက်တွေကို အပြာဟု မှတ်ထားသည်။ အာဇာနည်နေ့သည် စနေနေ့ ကျ၍ အနီထဲမှာ အနီထပ်ကျသောကြောင့် သူနားမလည်၍ မေးခြင်းဖြစ်သည်။ အဖွားဖြစ်သူသည် သားသိချင်၍ မေးသော မေးခွန်း အားလုံးကို ဂရုတစိုက် နားထောင်၍ သားနားလည်အောင် သေသေချာချာ ဖြေတတ်သည်။ တခါတလေ ပေါက်ပေါက်ရှာရှာ မေးသော မေးခွန်းကိုပင် ယုတ္တိရှိရှိဖြေပေးတတ်သေးသည်။ သေချာသည်က ကျွန်မဆိုလျှင်မဖြေတတ်၍ အော်မိမှာပင်။
( လွန်းရေ…ဒီနေ့ ဘယ်နှစ်ရက်လဲ)
( ၂၃ရက် ဗုဒ္ဓဟူး ကြီးနွဲ့ )
သည်နေ့ ဘာနေ့ ဘယ်နှစ်ရက်ဆိုတာကို သိချငိ၍ သား ကြီးဒေါ်က သားကိုမေးလေသည်။
( အမကလည်း ကလေးကို မေးနေတယ် )
( အမလေး ကိုယ့်ဘာသာ ကြည့်မှ မမြင်မကန်းနဲ့ လွဲ နေဦးမယ် သူ့ မေး မလွဲဘူး )
ကျွန်မက သူတို့ တူအရီးကြား ဝင်ပြောတော့ သား ကြီးဒေါ်က သူ့တူကို စိတ်ချသည့်ပုံ။
သားသည် ဘယ့်အတွက်ကြောင့်မှန်းမသိ ဂဏန်းတွေ၊ ပြက္ခဒိန်တွေ ၊ နာရီတွေကို အတော် စိတ်ဝင်စားသည်။
သားအဖေသည် လည်း သားကို လက်ဆောင်ပေးတိုင်း ပြက္ခဒိန် ၊ နာရီ စသည့် သား စိတ်ဝင်စားသည်များကိုသာ ပေးတတ်လေသည်။ သားသည် ပြက္ခဒိန်တွေကို လွန်လွန်ကျုးကျုး စွဲလန်းလွန်းသည်ဟု ကျွန်မ ထင်မိသည်။ ပြက္ခဒိန်တခု လက်ဆောင်ရလျှင် အိပ်ရာထဲအထိ ယူတတ်သည်။ နောက် စာအုပ်တွင် ကူးရေးပေမည်။ သူ့ ဝါသနာသည် တမျိုးပဲ ဟုသာ သဘောထား၍ ကြည့်နေရသည်။
သည်လိုနှင့် သားသည် သူငယ်တန်း တက်ပေပြီ။ တခြား ဘာသာများထက် သချင်္ာကို ပိုစိတ်ဝင်စားသည်။ ဒါပေမဲ့ စာမေးပွဲတိုင်း အဲ့သည့် ဘာသာ ကသာ အမှတ်လျှော့တတ်သည်ကိုတော့ ပြောစရာရှိပေသည်။ သူသိပ်ကြိုက် သိပ် သဘောကျသည်မို့ ပေါ့လျှော့ သလား မပြောတတ်တော့ပါ။
သည်နှစ်တော့ သားသည် ပထမတန်း တက်လေပြီ။ ကျောင်းတက်စကတည်းက တက်တက်ကြွကြွနဲ့ ကျောင်းကို သွားသည်။ ပထမရက်များတွင် ဘာသံမှ မကြားရသော်လည်း နောက်နေ့များတွင် သူ အသံထွက်လာပေပြီ။
( မေမေရေ…..သချာင်္ကလည်း သူငယ်တန်းစာတွေပဲ သင်နေတယ်)
စိတ်မကျေနပ်သော အမူအရာဖြင့် ဆိုလေသည်။
( သားတို့ ကျောင်းပိတ်ထားတာ ကြာတော့ စာတွေ မေ့မှာ စိုးလို့ မှတ်မိအောင် ပြန်သင်တာ နေမှာပါသားရဲ့)
ကျွန်မ အဖြေကို ကျေနပ်သည် ထင်ပါရဲ့ ဘာမှတော့ ထပ်မပြောတော့ပေ။
( မေမေရေ…ဒီနေ့ အလီတွေ သင်တယ် )
ကျောင်းကားပေါ်က ဆင်းဆင်းခြင်း ခြံဝကတည်းက အော်လာလေသည်။ မျက်နှာကြီးလည်း ပြုံးလို့။ သူ့အတွက် အသစ်အဆန်းမို့ ပျော်နေပေသည်။
လွယ်အိတ်ကိုချ။ အဝတ်အစားမလဲပဲ စာအုပ် အလွတ်ထဲ နှစ်အလီကို ကူးရေးပေပြီ။ နှစ်ခေါက်လောက်ရေးပြီးမှ အဝတ်လဲကာ မုန့်စားတော့သည်။ ညနေ ကျုရှင်သွားရာ လမ်းတလျှောက် တလမ်းလုံး ဆိုလေသည်။ သားသည် အဲ့သည်လို ဂဏန်းများကို စိတ်ဝင်စားသည်။
( ပါပါ …အလီကလေ ဘယ်လို ဖြစ်တာလဲ )
ဖခင်ဖြစ်သူ ရုံးက ပြန်ရောက်ရောက်ခြင်း သူ သိလိုသည်ကို သူ့စိတ်ထဲ မရှင်းလင်းသည်ကို စတင်၍ မေးပြီ။ တအိမ်လုံးလည်း နှစ်အလီ ဆိုသံ နားငြီး ပြီးလေပြီ။ ၃နှစ်အရွယ် သမီးငယ်လေးပင် တခွန်း နှစ်ခွန်းစ လိုက်၍ ဆိုနိုင်နေလေပြီ။
( အလီဆိုတာ သားရဲ့ ပေါင်းတာပဲ ကွ၊ နှစ်တလီဆိုတာ နှစ်ကို တကြိမ်ပေါင်းတာ ။ နှစ်နှစ်လီဆိုတော့ နှစ်ကို နှစ်ကြိမ်ပေါင်းကွာ။ နှစ်သုံးလီဆိုတော့……..)
( သုံးကြိမ် ပေါင်းတာပေါ့….ဟုတ်တယ်နော် ပါပါ )
ဖခင် ဖြစ်သူ စကား မဆုံးခင် အားတက်သရော ဝင်ပြောပြီး စာအုပ်အလွတ်တွင် စတင်၍ ပေါင်းပါလေတော့သည်။ နှစ် အလီကို အစ အဆုံးပေါင်းပြီး သဘောကျကာ သုံးအလီကို သူ့ဘာသာ ရေးပါတော့သည်။ နောက်…..လေးအလီ။ သည်နေ့ အတွက် ဒါတော့ လွန်ပြီဟု ထင်သောကြောင့် ကျွန်မ တားမှ ရပ်လေသည်။
( ကလေးက ငယ်သေးတယ် ဦးနှောက်တွေကို သိပ် အသုံးပြုလွန်းရင် ကြီးလာမှ မိဘ ငိုနေရမယ် )
အလီကို လွန်လွန်ကျုးကျုး စိတ်ဝင်စား လာသောအခါ သားအဖွားက ဆူလေပြီ။
( ကလေးကို ဒီလောက်ကြီး မသင်နဲ့)
( သမီး မသင်ဘူး။ ကျောင်းက သင်တာ။ သူ စာပြန်တာကို နားထောင်ပေးတာ )
( ကျောင်းက သင်ပြီ။ တစ်တန်းကလေးကို အလီတွေ ဒီလောက် သင်ပြီ )
အလီ ဆိုနေသော သားကို ကြည့်၍ အဖွား အံ့ဩသွားသည်။ ကျွန်မ ခေါင်းငြိမ့် ပြသော အခါမှ အဖွားသည် အံ့ဩစကားဆိုသည်။
( ၄နှစ်ခွဲတို့ ၅နှစ်မပြည့်သေးပဲ ကျောင်းအပ်တဲ့ ကလေးတွေဆို ဘယ့်နှယ့်လိုလုပ် စာလိုက်နိုင်ပါ့မလဲ)
( ခေတ်က ပညာခေတ် ဖြစ်နေပြီမို့ လိုက်မှီ သလောက်တော့ လိုက်ရမှာပဲလေ။ သူ့အကြောင်းနဲ့ သူပေါ့)
အဖွားသည် ဘာမှ ဆက်မပြောတော့ပါ။
( မေမေ ကျုရှင်က သူငယ်ချင်းကလေ အလီဆိုတာ ကြာလှပြီ အခုထိမရသေးဘူး )
သားက အံ့ဩသော ပုံစံဖြင့် ပြောပြနေ၍ ကျွန်မ စိတ်ဝင်စား သွားသည်။
( ဘာ … အလီလည်း သားရဲ့ )
( ငါးအလီလေ မေမေရဲ့ ဒီလောက် အလွယ်လေးကို နာရီနဲ့ အတူတူပဲလေ ငါးခုဆီ တိုးသွားရမှာ ခြောက်လည်းရောက်ရော သုံးဆယ်လည်းဖြစ်ရော )
ရီကျဲကျဲဖြင့် ပြောနေသော သားကို ကြည့်ပြီး ကျွန်မ ဘာပြန်ပြောရမှန်းမသိ။ သူစိတ်ဝင်စားသော အလီနှင့် သူသဘောကျသော နာရီကို သူ့ ဘာသာ တွဲပြစ်ပြီး တွက်ပြတော့ အံ့ဩမိတာ အမှန်။
သူပြောချင်တာပြောပြီး ထုံးစံအတိုင်း ကျောင်းက ရှစ်အလီ သင်လိုက်သောကြောင့် သူ့ဘာသာ ကိုးအလီ ရေးလေပြီ။ သူ့ ဝါသနာမို့ ဘာမှ ပြောမနေတော့ပါ။ စာကို စိတ်ဝင်တစားရှိသည်ကို ကပင် ကျေးဇူးတင်စရာ ကောင်းနေပြီ မဟုတ်လား။ သား တွက်နေသည်ကိုသာ အနားကနေ ခပ်ဆိတ်ဆိတ် ထိုင်ကြည့်နေမိသည်။
( မေမေ …..မေမေ….ကိုး အလီက လွယ်လိုက်တာ )
(….ဟင်…)
ကျွန်မ ထပ်၍ အံ့ဩရပြန်လေပြီ။ ကျွန်မတို့ ငယ်ငယ်တုန်းက ဆယ်အလီနှင့် တစ်ဆယ့်တစ် အလီသာ သိပ်လွယ်သည်ဟု ထင်ခဲ့သည်။ လွယ်တဲ့ အထဲ ကိုး အလီ မပါတာတော့ သေချာသလောက်ပင်။
ကျွန်မ ငယ်ငယ်တုန်းက သချာ် သင်သော ဆရာသည် အလီတွေကို ကျက်ခိုင်းသောအခါ နှစ်တစ်လီမှ၊ နှစ် တစ်ဆယ့်နှစ်အလီထိ အစဉ်လိုက်ဆိုရသည်။ ပြီးလျှင် ပြောင်းပြန် ပြန်ဆိုရသည်။ နောက် ကြားပေါက် ဖောက်မေးပြန်သည်မို့ အလီကို အတော်လေးကို ကျက်ခဲ့ရသည်။ ပြီးတော့မှ အစားနှင့် အမြှောက်ကို သင်ခဲ့သည်။ အဲ့ သည်တုန်းက အလီ ကျက်ခဲ့ရစဉ်အချိန်က ကိုး အလီကို လွယ်သည်ဟု ကျွန်မ မထင်ခဲ့တာကို ကျွန်မ ခပ်ရေးရေး မှတ်မိနေသည်။ သားသည် ဘာ့ကြောင့် လွယ်သည်ဟု ထင်သနည်း။
( ဘာလို့ လွယ်တာလဲ သားရဲ့ )
( သည်မှာလေ မေမေရဲ့…ရှေ့ ဂဏန်းကို တစ်တိုးပြီး နောက် ဂဏန်းကို တစ်လျှော့လေ )
၉x၁=၉
၉x၂=၁၈
၉x၃=၂၇
၉x၄=၃၆
၉x၅=၄၅
၉x၆=၅၄
၉x၇=၆၃
၉x၈=၇၂
၉x၉=၈၁
၉x၁၀=၉၀
၉x၁၁=၉၉
၉x၁၂=၁၀၈
( အဲ…ဟုတ်သား…)
သား ပြောပြမှ ကျွန်မ သိလေသည်။ ၉x၁=၉ ပြီးတော့ ၉x၂=၁၈ မှာ ရှေ့က ၁ဖြစ်လာပြီး နောက်ဂဏန်းက ၈ ဖြစ်ပေသည်။ ၉x၃=၂ရမှာ ရှေ့ဂဏန်းက ၁တိုးပြီး ၂ဖြစ်လာက နောက်ဂဏန်း ၁လျှော့ပြီး ရ ဖြစ်လာသည်။ ကျွန်မ ကိုးအလီကို အကြိမ်ပေါင်း မြောက်များစွာ အသုံးပြုခဲ့ဖူးသည်။ ဒါပေသည့် သားပြောသည်ကို ကျွန်မ တခါမှ နှိုက်နှိုက်ချွတ်ချွတ် မတွေးမိဘူးပေ။ ကျွန်မသည် သားလောက် ဂဏန်းများကို စိတ်မဝင်စားခဲ့သည်မှာ အသေအချာပင်။
(…ဟာ…မေမေ…သူတို့ အားလုံးကို ပေါင်းကြည့် ကိုးပဲပြန်ရတယ် )
(..ဟ…လာပြန်ပြီ နောက်တမျိုး..)
သူပြောသလို ကျွန်မ ပေါင်းကြည့်မိပြန်သည်။
၉x၁=၉ ပေါင်း ၉
၉x၂=၁၈ ပေါင်း ၉
၉x၃=၂ရ ပေါင်း ၉
အဲ….ဟုတ်သား ..။ အမေထက် သား တလ ကြီးလေပြီ။ အသက် အစိတ်တွင် သချာင်္ဖြင့် ဘွဲ့ယူခဲ့သော အမျိုးသမီးကြီး။ ဘွဲ့ရပြီး သည်မှာ ၁၅နှစ်တိတိ် ကြာလေပြီ။ သချာ်နှင့်ပင် ပေါင်းနှုတ်မြောက်စား လုပ်ကိုင်ကာလည်း အသက်မွေးခဲ့ သည်မှာလည်း နှစ်ကြာလေပြီ။ အသက် ရနှစ်ပင် မပြည့်သေးသော ကလေးလောက်ပင် မသိခဲ့ပါလား။ စိတ်မဝင်စားခဲ့ပါလား။
သားကဲ့သို့ ဂဏန်းများကို စိတ်ဝင်စားသူ မည်မျှ ရှိသနည်း။ ကျွန်မကဲ့သို့ စိတ်မဝင်စား မေ့မေ့လျှော့လျှော့ ကျော်သွားခဲ့သူ မည်မျှ ရှိမည်နည်း။ ကျွန်မ သိချင်လှပေသည်။
ကဲ…..စာဖတ်သူတွေကော မည်သည့် အဖွဲ့တွင် ပါဝင်ကြပါသနည်း။
35 comments
ကိုပေါက်(မန္တလေး)
June 28, 2015 at 3:35 pm
ကလေးက အတော်ဉာဏ်ထက်တယ်ပြောရမယ်
၉လီမှာ အရှေ့ကိုတစ်တိုးပြီး အနောက်ကို တစ်လျော့လိုက်တာ
အခုချိန်ထိ တစ်ခါမှ မစဉ်းစားမိ
သတိမထားမိခဲ့တာအမှန်ပါဘဲ
hmee
June 29, 2015 at 4:32 pm
ဟုတ်တယ် လေးပေါက် တခါတလေ ကိုယ်အမှုမဲ့ အမှတ်မဲ့ လေးတွေကို သူက ထောက်ပြရင် အံ့ဩမိတယ်။ စာဖတ်လည်း ဝါသနာပါတယ်။ စာဖတ်ရင်ဖတ် မဖတ်ရင်း ရေးနေတာပဲ။
မြစပဲရိုး
June 28, 2015 at 4:55 pm
မှီ ရေ
အသံလေး ပြန်မြင်ရတာ ဝမ်းသာလှတယ်။ :-)))
သားလေး က ပထမတန်း ကိုတောင် တက်ပြီလား။
အချိန်တွေ များ မြန်လိုက်တာ။
ကလေး က သချာင်္ကို စိတ်ဝင်စားတာ အတော် ဟန်ကျပါတယ်။
သူပြောတဲ့ “…ရှေ့ ဂဏန်းကို တစ်တိုးပြီး နောက် ဂဏန်းကို တစ်လျှော့လေ” ဆိုတာ တော်ရုံ သတိမထားမိတာ လေ။
အတော် ဉာဏ်ပြေးတဲ့ ကလေးဘဲ။
သူ့အကြောင်းလေး ဖတ်ရတာ စိတ်ဝင်စားစရာတွေ အများကြီးဘဲ။
မကြာမကြာ ကလေးတွေ အကြောင်းမျှပါ မှီ ရယ်။ :-))
တကယ်တော့ အဲဒီလို ကလေးမျိုး က ပါရမီ ကို ပါလာတယ် ခေါ်ရမလားဘဲ မှီရဲ့။
အာရှ ကလေး တွေက သချာင်္ချွန်တာတော့ အမှန်ဘဲ။
အိန္ဒိယမှာ ကလေးတစ်ချို့ (၁ယောက် တောင်မက) ၅နှစ် လောက် နဲ့ ကို ဖြေနိုင်ခဲ့ပြီ။
အမှတ်နဲ တာ ကတော့ ကလေး ဖြေ တဲ့ အဖြေ က မှန်လဲ ဆရာမ က တွက်နည်းမှားတယ် ဆိုပြီး အမှတ်မပေး တဲ့ ဇာတ်လမ်းမျိုး တွေ အဲဒီမှာ ရှိနေတာ ကော။
မှီ ရဲ့ အစ်မ ကတော့ ဂဏန်းကြိုက်တဲ့ ၊ စိတ်ဝင်စား တဲ့ အဖွဲ့ ထဲပါတယ် ဆိုပါစို့။
စာမေးပွဲ ဖြေ ရတဲ့ ကာလ ဘာသာတွေထဲ သချာင်္ကို ဘယ်တော့မှ မကြောက်ဘူး။
ဆရာမ တွက် နည်းလို မဟုတ်ဘဲ ကွန့်ပြီး လျှောက်တွက်တတ် ပြီး အချိန်တွေ ဖြုန်းခဲ့တာလဲ ရှိတယ်။
ကျက်စာတွေ မှာတော့ အမြဲအားနည်းတယ်။
ကိုယ့် ကလေး ကတော့ Science ကို အတော်လေးအားသန် နေတာ တွေ့တယ်။
သူဖတ်တတ်တဲ့ သတ္တဝါ တွေ ရဲ့ ဗီဇ တွေ အကြောင်း၊ အာကာသ ထဲ က အကြောင်း တွေ က ကိုယ့်အတွက် အဆန်းတွေပေါ့။
သချာင်္ကို တော့ ပျင်းစရာ လို့ ပြောနေလို့ ချော့တစ်ခါ ခြောက်တလှည့် စိတ်ဝင်စား အောင် လုပ်နေရတယ်။
သချာင်္က မယူမနေ အဓိက ဘာသာ မို့ လဲ တစ်ကြောင်း၊ Science မှာလဲ အတွက်အချက် ဖော်မြူလာ တွေ လိုတာ တစ်ကြောင်း စိတ်ကို မဝင်မစား မဖြစ် ဝင်စား ရမှာ။ :-))
hmee
June 29, 2015 at 4:45 pm
သားက သချင်္ာကို အတော်လေးကို အားသန်တယ်။ နောက် သူလေ သိပ်တွေးတယ်။ စာလည်းဖတ်တယ်။ အင်္ဂလိပ်စာ စာလုံးလေးတွေလည်း ၁တန်းနဲ့မလိုက် ဝေါဟာရ ကြွယ်တယ်။ သူ့ အဖွားနဲ့ စာလုံးဆက်တိုင်းကစားရင် သူက စာလုံး အဆန်းတွေ ဆက်တတ်တယ်။ အဖွားက မကြားဘူးဖူးဆို အဘိဓာန်မှာ ရှာပြပေးတယ်။ အဓိက က သူအားရင် စာအုပ်လေးတွေ ဖတ်နေတယ်။ ရုပ်ရှင်လာလို့ ဇာတ်လမ်းနာမည် မသိရင် အကြွေးမထားပဲ အဘိဓာန်လှန်ကြည့်တတ်တဲ့ ဉာဉ်လေး အတော်ကောင်းတယ်။ ကျွန်မနဲ့ စာလုံးဆက် ကစားရင် သူက မေမေ နောက်တခါ စာလုံး သုံးလုံးတွဲလေးတွေ တွေ့ရင်ရေးမှတ်ပေးပါတဲ့ ဘာလို့လဲ သားရဲ့ ဆိုတော့ ၃လုံးတွဲလေးတွေက အလိုအပ်ဆုံးတဲ့ အရီးရေ။ အဲ့လို စပ်စပ်စုစု ကို သူသိတာ။ ၁တန်းကလေးက အဘိဓာန်ကြည့်တတ်။ စာလုံးဆက် ကစားတတ်လို့ အိမ်ကို အလည်လာလို့ တွေ့တဲ့ သူတိုင်း အံ့ဩတယ်။ သူ့ဝါသနာနဲ့သူပါပဲ။ သမီးလေးကတော့ သားနဲ့ မတူဘူး။ သူက စာမှာ သိပ်အားမသန်ဘူး နှစ်ယောက်သား ပုံစံ သိပ်ကွာတယ်။
အတွေးလေးတွေရတိုင်း စာတိုလေးတွေကောက်ရေးထားပေမဲ့ ြပြီးဆုံးအောင် တခါမှ ဆက်မရေးနိုင်တဲ့ စာကိုယ်ဝန်တွေ အများကြီး အရီးရေ။ ဝီရိယ နည်းတယ် ဆိုရမှာ။ ဒီပို့စ်လေးကတော့ အာရုံထဲရောက်တုံး တထိုင်တည်းရေး တထိုင်တည်းရိုက်ပြီးတင်လို့ အထမြောက်သွားတာ။ 🙂
ဇီဇီခင်ဇော်
June 28, 2015 at 6:09 pm
ဒီ အရွယ်မှာ ဒီလိုစူးစမ်းနိုင်ပြီး တွေးနိုင်တာ အတော်တော်တယ် ခေါ်ရမယ်။
အလီကို ကျက်ဖို့ သင်နေကြတဲ့ ပညာရေး အလယ်မှာလေ။
ကိုးအလီ ရဲ့ ရလာဒ်က ဂဏန်းတွေ ပေါင်းတာလည်း ကိုးပဲ ရတယ်။
hmee
June 29, 2015 at 4:51 pm
ဇီရေ အတော်ကို စူးစမ်းြပြီးတွေးတာ။ သူ့ ဘာသာသူ တွေးြပြီးမေးတာတွေကို တခါတလေ အမ မဖြေနိုင်ဘူး။ ကိုယ့်ကကိုယ် ညံနေတာနေမှာ။ 🙂
koyinmaung
June 28, 2015 at 10:52 pm
၉နဲ့မြောက်လို့ရတဲ့အဖြေ မှန်သမျှပြန်ပေါင်းရင်၉ဘဲရတယ်…၉X၁၅=၁၃၅…၁+၃+၅=၉…..၉နဲ့သက်ဆိုင်တဲ့ဂဏန်းတွေလဲဒီအတိုင်းဘဲ ပြန်ပေါင်းရင်နောက်ဆုံး၉ဘဲရတယ် ၉x၁၂=၁၀၈….၂၅၆၀x၁၀၈=၂၉၁၀၆၀…၂+၉+၁+၀+၆+၀=၁၈…၁နဲ့၈နဲ့ပြန်ပေါင်း၉ဘဲရတယ် ၉ဂဏန်းရဲ့ထူးခြားတဲ့ဂုဏ်သတ္တိ……
koyinmaung
June 28, 2015 at 11:05 pm
မြန်မာပြည်မှာ ကလေးတွေအလီသင်ရင်မလိုအပ်ဘဲအများကြီးသင်ကြတယ် အလီကို12အထိဆိုခိုင်းတယ် ကျနော်တို့ငယ်ငယ်တုန်းက24အလီထိဆိုကြရသေးတယ်..
တကယ်လိုအပ်တာက9အလီထိဘဲလိုတာ 1အလီကို9ထိ 2အလီကို2×2ကနေစဆိုလိုရတယ် 2×1က1×2
ဆိုပြီးလို2×2ကနေစဆိုလို့ရတယ် ဒီအတိုင်းဘဲ 3အလီကို3×3ကနေစဆိုလို့ရတယ်9အလီကျတော့9×9
တကြိမ်ဘဲဆိုစရာလိုတော့တယ်…အဲဒါ တရုတ်ပြည်က ကလေးတွေ သင်တဲ့နည်းဘဲ..အပိုတွေမသင်တဲ့သဘောပေါ့…
hmee
June 29, 2015 at 4:54 pm
သူတို့ ကျောင်းကပေးတဲ့ ဗလာစာအုပ်မှာတော့ အလီကို ကိုရင်မောင် အခုပြောသလို ပုံ နှိပ်ထားတယ်။ ကိုရင်မောင် ပြောပြတဲ့ ကိုးဂဏန်းရဲ့ ဂုဏ်သတိကို သားကိုပြောပြလိုက်မယ်။ သူ သိရင် ချက်ချင်းကို ချတွက်မှာတော့ အသေအချာပဲ။ 🙂
aye.kk
June 29, 2015 at 1:44 am
ဉာဏ်ပြေးတဲ့သားလေးပါပဲ။
တော်တဲ့သားသားအတွက်ကို၊ဝမ်းသာဂုဏ်ယူမိပါတယ်။
hmee
June 29, 2015 at 4:55 pm
ကျေးဇူးပါ အမရေ။
ဝင့်ပြုံးမြင့်
June 29, 2015 at 10:04 am
.မမှီ သားလေး တော်လိုက်တာ။ အမကတော့ ခုထိ သားအတွက် စိတ်မောရတုန်း။
hmee
June 29, 2015 at 4:56 pm
အဆင်ပြေသွားမှာပါ မြပြုံးရေ။
ဦးကျောက်ခဲ
June 29, 2015 at 11:40 am
မမှီသားကတော်တယ်ဗျ…
Pythagoras လိုမဖြစ်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ…
လောကကိုအလှဆင်တဲ့နေရာမှာ ပညာရှင်တိုင်း အသုံးဝင်တာမို့…
သူဝါသနာပါရာကို အားပေးအားမြှောက်ပြုသင့်တယ်…
hmee
June 29, 2015 at 4:58 pm
ဟုတ်တယ် ဦးကျောက်ရေ ကျွန်မကတော့ သူ ဝါသနာပါတာကို မြေတောင်မြှောက်ပေးမယ်။ ကိုယ် လိုချင်တာကို ပုံ မသွင်းဘူးလို့ တွေးထားပါတယ်။
ဦးကြောင်ကြီး
June 29, 2015 at 12:53 pm
ခ ျဲဒိုင်ဖြစ်အောင် မြေတောင် မြှောက်ပေးပါလေ…
hmee
June 29, 2015 at 5:01 pm
ဦးကြောင် ရေ သူသာ ဆန ရှိပါစေ မိဘ တာဝန်ကျေပေးရမှာပေါ့။ 🙂
Ma Ma
June 29, 2015 at 1:47 pm
တော်လိုက်တာ။
သချင်္ာပါရမီထူးထူးခြားခြားပါလာတယ် ပြောရမယ်။
ကြီးလာရင် သူစိတ်ဝင်စားတဲ့လိုင်းသာ လိုက်ခွင့်ရရင် ထူးထူးချွန်ချွန်ကို ဖြစ်အုံးမှာ။ 🙂
hmee
June 29, 2015 at 5:04 pm
သူ့ ဘကြီးလို အင်ဂျင်နီယာ လုပ်မလားဆိုတော့။ သားက လေယာဉ်မောင်းတဲ့ ပိုင်းလော့ လုပ်မယ်ဆိုပဲ။ ဟုတ်မဟုတ်တော့မသိဘူး။ 🙂
padonmar
June 29, 2015 at 9:36 pm
လေထဲက နိုနို ကို မြင်ဖူးလို့ များလား။
manawphyulay
June 29, 2015 at 3:51 pm
အင်း ဒါဆို မမှီရေ… မနောလည်း သမီးလေးကို သင်ဖို့ ခုကတည်းက ပြန်လေ့လာရတော့မယ်ထင်တယ်နော်…
hmee
June 29, 2015 at 5:10 pm
ဟုတ်တယ် မနောရေ ပြန်လေ့လာထားရမှာ။ တခါတလေ သူတို့ မေးတာ ကိုယ် မသိရင်တောင် အလိုက်သင့်လေးနြေပြီး ကွယ်ရာကြမှ သူမေးတာ ပြန်ဖြေနိုင်အောင် ပြန်ပြီး ကမန်းကတန်း လေ့လာရတယ်။ သားကပြောတတ်တယ် မေမေ မေမေဆိုတာ အကုန်ဩိပြီး ဘာလို့ အကုန်လုပ်တတ်တာလဲတဲ့။ အမှန်တော့ အမေက သူ မသိခင် အမြန် ပြန်ပြီး အဖြေရှာရတာ သူမှမသိတော့ အမေကို အထင်တွေကြီးနေတာ။ 🙂
ဦးကျောက်ခဲ
June 30, 2015 at 8:32 am
အယ်… တိုးတက်သွားပြီလား…
ကွန်ကရက်ကျူလေးရှင်းပါ မနောရေ…
သမီးလေးဆိုတော့ … အဟိ အဟိ :k:
Alinsett @ Maung Thura
June 29, 2015 at 6:29 pm
ဂဏန်းတွေထဲ.. ၉ ကို အကြိုက်ဆုံး..
ကျနော်ကိုယ်တိုင်ကလည်း… ၉ သမား..
အဲ… အန်တီမှီ့ သားတော်မောင်လောက်တော့ သချင်္ာပိုင်းမှာ မထူးချွန်လောက်….
:kwi:
ဒါမယ့်..အန်တီမှီ ညီမတော်လောက်တော့ တော်မယ်ထင့်…
.နေကောင်;တယ်ဟုတ်.. ?
:k:
hmee
June 30, 2015 at 7:21 am
အဲ့ ညီမ က တော်တယ် ဆက်ဆက်ရေ။ ညီအမ ၅ယောက်မှာ အထက်ဆုံးပဲ။ 🙂 ခု နေမကောင်းဘူး အလုပမ်ထွက်ပြီး အမေတို့ဆီ ပြန်ပြီးနားနေတယ်။ 🙂
padonmar
June 29, 2015 at 9:42 pm
ကားနံပါတ်+ဖုန်းနံပါတ် +သမိုင်းထဲက ခုနှစ်တွေ မမှတ်မိ။အကြောင်းအရာဆို မှတ်မိတယ်။
…………….
မှီ့သားလေးကို လွတ်လွတ်လပ်လပ် ကြီးပြင်းပါစေနော်။
hmee
June 30, 2015 at 7:18 am
ဟုတ် အမဒုံ။ ပုံမသွင်းဘူး။ သူ ဖြစ်ချင်တာကိုပဲ ပံ့ပိုးပေးမယ်လို့ စဉ်းစားထားပါတယ်။
Mike
June 30, 2015 at 1:42 pm
.လက်ဖ ျားတောင်ခါတယ်မမှီရေ…တော်လိုက်တာ
.ကိုးကထူးတာအမှန်ပဲ…“၉နဲ့မြောက်လို့ရတဲ့အဖြေ မှန်သမျှပြန်ပေါင်းရင်၉ဘဲရတယ်” .ဆိုတာတော့သိခဲ့တယ်…“…ရှေ့ ဂဏန်းကို တစ်တိုးပြီး နောက် ဂဏန်းကို တစ်လျှော့လေ ” ဆိုတာတော့
.ကိုယ်တွေတောင်ခုမှသိတယ်…ထူချွန်မဲ့ကလေးပဲ..ဝမ်းသာစရာပေါ့
hmee
July 1, 2015 at 1:07 pm
ဦးကြီးမိုက် သမီးလေးလို သားက်ို တော်စေချင်လိုက်တာ။ ြပြီးမှသာ သားဝါသနာပါရာ လု်ခွင့်ပေးမှာပါ။
ပ
HMM
June 30, 2015 at 4:12 pm
တော်တော်တွေးတတ်တဲ့ ကလေးလေးပဲ…
ငယ်ငယ်တုန်းက ကိုးအလီကို လက်ဆယ်ချောင်းနဲ့ မှတ်ခဲ့ဘူးတာလေးတော့ သတိရသား XD
hmee
July 1, 2015 at 1:12 pm
သားက တွေးတာတော့ တော်တော်ကို တွေးတာ။ 🙂
အောင် မိုးသူ
July 1, 2015 at 11:56 am
အားလုံးပေါင်းကိုးတော့ သိတယ်။ အလီကိုချပြသွားတာလေး မှတ်သားထားလိုက်ပါတယ်။
kai
July 1, 2015 at 4:00 pm
ကလေးကြီးလာမယ့်…. ခေတ်လောက်ဆို… ဝါသနာပါတာကနေ.. အသက်မွေးဝမ်းကြောင်းဖြစ်လောက်အောင် ဝင်ငွေရတဲ့ခေတ်ဖြစ်နေလောက်မှာပါ…။
ပါရမီရှိ…။ ဝါသနာပါ…။ ဝင်ငွေရ.. သမ္မာအာဇီဝဆို… ကောင်းလှပေါ့..။
ဆိုလိုတာက…
ဆက်လက်… မြေတောင်မြောက်ပေးပေါ့လေ…။
မွသဲ ( 17082011 )
July 4, 2015 at 11:42 am
အရင်ဆုံးနှမျောလိုက်တာလို့ပြောရမယ်ထင်တယ်။ အမေရိကားမှာဆိုဒီကလေးမျိုးကို ကျောင်းကအပြန်ပြန်လေ့လာပြီး တကယ့်ထူးချွန်ကလေးဆိုရင် သီးသန့်ဆရာနဲ့ ပညာရှင်ဖြစ်အောင်လုပ်ပေးတော့မှာ။ ဒီနိုင်ငံမှာဖြစ်နေလေတော့ နှမျောတသရွတ်ရုံမှတပါး
ဒေါ် လေး
July 5, 2015 at 8:00 am
တော်လိုက်တာ ကလေးက ဒီအသက်အရွယ်နဲ့
ကိုယ်တွေတောင် ရှေ့ကတစ်တိုးနောက်က တစ်လျော့ကိူ
ကိုယ့်ကလေးတွေ အလီကျက်တုန်းက မှသတိထားမိတယ်
၉ရဲ့မြောက်လဒ် တွေပေါင်းရင် ၉ရတာ ခုမှသိတယ်