၄။ “ရေမကြည် မြက်မနုသော်ငြားလည်း”
၄။ ရေမကြည် မြက်မနုသော်ငြားလည်း
” ခြေတစ်လှမ်း အကွာက သူတို့နေရာ “(အပိုင်း ၄)
ဟိုးရှေးရှေးကလူတွေက ဘဝနေထိုင်စားသောက်ရေးအတွက်
ရေကြည်ရာမြက်နုရာကို လှည့်လည်ရှာဖွေရပါသတဲ့။
အခုခေတ်မှာတော့ ရေနောက်ကိုမသောက်ချင်
မြက်ခြောက်ကိုလဲမစားချင်တော့
ကိုယ့်မြေကိုယ့်ရေကို ခွဲခွာပြီး ထမင်းတစ်လုတ်အတွက်
အိုးပစ်အိမ်ပစ်နေရသူတွေရှိပါတယ်။
ရေမကြည် မြက်မနုပေမယ့် အခြေအနေအရ နေရတာပေါ့။
ဒီလိုလူတွေက တရုပ်ပြည်နယ်စပ်က ကျယ်ခေါင်မြို့မှာအများကြီးတွေ့နိုင်ပါတယ်။
ဒီကျယ်ခေါင်ထဲမှာရောရွှေလီမှာပါ မြန်မာလုပ်သားတွေ
အတော်လေးများပါတယ်။
ကျနော်တို့မြန်မာများထုံးစံအတိုင်းတစ်ယောက်ရောက်တယ်ဆိုရင်
တစ်နွယ်ငင်တစ်စင်ပါ ဆိုသလိုဘဲတစ်ရွာလုံးနီးပါး အကုန်လိုက်လာကြတာပါဘဲ။
ကိုယ့်ရပ်ကိုယ့်ဒေသမှာလုပ်ငန်းကိုင်ငန်းကရှားပါးတာကိုး။
ရှားပါတယ် ဆိုတဲ့အထဲမှာက မြေပျောက်ရေရှား ဆိုတာတွေကလဲရှိသကိုးဗျ။
နောက်ပြီး အခုခေတ်လူငယ်တွေဆိုတာကလဲ မြို့တက်ပညာသင်လာတဲ့သူများလာတော့
ပင်ပန်းဆင်းရဲတဲ့ လယ်အလုပ်ကိုင်းအလုပ်ဆိုတာကို မလုပ်ချင်ကြတော့ဘူးလေ။
မြို့တက်ပြီးသက်တောင့်သက်သာနဲ့ငွေရတဲ့အလုပ်ကိုဘဲလုပ်ချင်ကြပါတော့တယ်။
ဒီတော့အလုပ်ပေါတယ်ဆိုတဲ့ နေရာ ကိုနားစွင့်ပြီး ပြေးကြတာပါဘဲ။
ဒီကျယ်ခေါင်ဘက်မှာကအလုပ်ပေါတယ်လို့ဆိုနိုင်ပါတယ်။
ဒီကအလုပ်ပိုင်ရှင်တွေကလဲ ဒေသခံတွေကို အလုပ်သိပ်မခေါ်တာကိုတွေ့ရပါတယ်။
အလုပ်မှာလူလိုရင် လဲ ကိုယ့်ဆီမှာအလုပ်လုပ် တဲ့သူတွေကိုဘဲ
“နင်တို့ဆီမှာ အလုပ်လုပ်ချင်တဲ့သူမရှိဘူးလား”လို့မေးပြီးရှာခိုင်းလိုက်တာများပါတယ်။
အဲတော့ ဆိုင်တစ်ခု လုပ်ငန်းတစ်ခုမှာဆိုရင် သူ့အဆက်အသွယ်နဲ့သူရောက်လာသူ
တွေဘဲများပါတယ်။
စားဝတ်နေရေးအတွက် လုပ်ကိုင်စားသောက်ကြတဲ့လုပ်ငန်းတွေအမျိုးမျိုးပါဘဲ။
ကုန်ပစ္စည်းဖြန့်ချိရေးကုမ္ပဏီတွေမှာ အလုပ်လုပ်ကြတဲ့
မန်နေဂျာ၊စာရင်းကိုင်၊အရောင်းဝန်ထမ်းတွေရှိမယ်။
အရင်ဘဏ်စံနစ် မထွန်းကားခင်ကတည်းကရှိနေတဲ့
ငွေလွှဲလုပ်ငန်းမှာ အလုပ်လုပ်တဲ့စာရေးဝန်ထမ်းတွေရှိမယ်။
အဝတ်အထည်ရောင်းတဲ့ဆိုင်တွေမှာလုပ်တဲ့အရောင်းစာရေးမလေးတွေရှိမယ်။
လက်ဖက်ရည်ဆိုင်၊စားသောက်ဆိုင်တွေမှာအလုပ်လုပ်တဲ့စားပွဲထိုးဝန်ထမ်းလေးတွေရှိမယ်။
လက်ဖက်ရည်အဖျော်ဆရာ မုန့်ဆရာရှိမယ်။
လူသုံးကုန်ပစ္စည်းထုတ်လုပ်တဲ့ အိမ်တွင်းစက်မူ့လက်မူ့ လုပ်ငန်းမှာအလုပ်လုပ်နေသူရှိမယ်။
ဆိုင်ကယ် ကယ်ရီသယ်တဲ့သူတွေရှိမယ်။
ဆိုင်ကယ် တပ်ဆင်ရေးလုပ်ငန်းမှာလုပ်သူတွေရှိမယ်။
ကျောက်သွေးသူရှိမယ်။
အင်ကြင်းကျောက်လုပ်သားတွေရှိမယ်။
သန့်ရှင်းရေးအလုပ်သမားလုပ်ကိုင်နေသူတွေရှိမယ်။
မြန်မာ့ရိုးရာအနှိပ်ခန်းလို့ နာမယ်တပ်ထားတဲ့အလုပ်ခန်းမှာ
အလုပ်လုပ်ရတဲ့သူတွေရှိမယ်၊
လူအမျိုးမျိုး
ပညာအဆင့်အတန်းအမျိုးမျိုး
အသက်အရွယ်အမျိုးမျိုး
အလုပ်အကိုင်ကလဲအမျိုးမျိုးပါဘဲ။
အချို့ကတော့အလုပ်အတည်တကျရှိပေမယ့်
ဘောက်အလုပ်သမားဆိုတဲ့ကျပန်းအလုပ်သမားတွေလဲအများကြီးပါ။
ကျယ်ခေါင်ကနေရွှေလီသွားတဲ့လမ်းမကြီး ဘေးကဘ ပလက်ဖောင်းတွေမှာ
အလုပ် လုပ်ဘို့ လာခေါ်သူကိုစောင့်နေတဲ့ပျံကျအလုပ်သမားတွေကို
မနက်ကနေညနေစောင်းထိမြင်နိုင်ပါတယ်။
လက်ကိုင်ဖုန်းကနေ ဝီချက် (we chat)ကြည့်ရင်း
ဆေးလိပ်သောက်ရင်း
စကားပြောရင်း
ဖဲရိုက်ရင်း အလုပ်လာခေါ်မယ့်သူကိုမျှော်ကြရပါတယ်။
ကားတစ်စီးစီး သူတို့နားရပ်တယ်ဆိုရင် အပြေးအလွှားသွားပြီး
ဈေးစကားပြောကြရပါတယ်။
နောက်တော့ခေါ်သလောက် လူအရေအတွက်တက်လိုက်သွားသပေါ့။
ရွှေလီတံတားအလွန်က နယ်စပ်ကုန်သွယ်ရေးရုံးနားကမှာဆိုလဲ အလုပ်ကို
စောင့်နေကြတဲ့မြန်မာအလုပ်သမားတွေအများကြီးပါဘဲ။
ရွှေလီအတွင်ပိုင်းမှာလည်း ပျံကျအလုပ်သမားတွေစုဝေး
တဲ့နေရာရှိပါတယ်။
ဒီတော့ သူတိုု့ကို နေ့စဉ်ဒီလို အလုပ်စောင့်နေရတာ
ပုံမှန်အလုပ်မရှိလို့လားလို့လားမေးကြည့်တော့
ကုန်တင်ကုန်ချအလုပ်သမားအများစုကတော့ ပုံမှန်အလုပ်မရှိဘူးလို့ဆိုပါတယ်။
ဒါပေမယ့်လည်းအလုပ်မလုပ်ရတဲ့ရက်တစ်ခါတစ်ရံတော့ရှိတတ်တယ်။
အထူးသဖြင့် တရုပ်နှစ်သစ်ကူးရက်တွေဆိုရင်တော့ အလုပ်မရှိတတ်ဘူးလို့ဆိုပါတယ်။
အချို့ကတော့အလုပ်သမားခေါင်း တစ်ယောက်ယောက်နဲ့ချိတ်ထားလိုက်ပါတယ်။
အလုပ်သမားခေါင်းက အလုပ်ရှင်ဆီကအလုပ်တောင်းပေးပါတယ်။
ပြီးရင်တင်ခ ချခ ကိုသူကဘဲညှိနိုင်းပေးပါတယ်။
အလုပ်ရှင်က လုပ်အားခ ကို တရုပ်ငွေနဲ့ ရှင်းပေးပါတယ်။
အလုပ်သမားခေါင်းကတော့မြန်မာအလုပ်သမားတွေကို
မြန်မာငွေနဲ့ပြန်ရှင်းပေးပါတယ်။
ငွေလဲနူန်းခြားနားချက်အပေါ်မှာယူသလိုရှိသလို့ သူ့အတွက်ကျန်အောင်
လဲသူချန်ထားတာမျိုးလဲရှိပါတယ်။
သူတို့ထမ်းရပိုးရတဲ့ပစ္စည်းကလဲ ပုံသေမဟုတ်။
ဖရဲသခွားလိုအသီးအနှံရှိမယ်။
နှမ်း ပြောင်း ဆန် လို ကောက်ပဲသီးနှံရှိမယ်။
ဘီယာ အရက်တွေရှိမယ်။
စက်ပစ္စည်းတွေရှိမယ်။
စားသောက်ကုန်တွေရှိမယ်။
လူသုံးကုန်ပစ္စည်းတွှေရှိမယ်ဆိုတော့
ပစ္စည်းအမျုးိမျိုး ဈေးအမျုးိမျိုးပေါ့။
ကုန်ထမ်းသူအတော်များများကတရုပ်စကားမတတ်တော့
တရုပ်စကားတတ်တဲ့အလုပ်သမားခေါင်းကဘဲ လုပ်ခဘာညာပြော
သူရှင်းပေးတာဘဲ ယူရတာပါဘဲ၊
အဲတော့ ဒီကုန်ထမ်းတဲ့လူတွေတစ်ရက်ကို ကုန်ထမ်းခ
ဘယ်လောက်ရသလဲလို့မေးကြည့်တဲ့အခါ
………………………………………………
ဆက်လက်ဖော်ပြပါမည်
ကိုပေါက်လမ်းသလားနေသည်
6 comments
အောင် မိုးသူ
July 20, 2015 at 9:31 am
တရုတ်လိုနဲ့ မြန်မာလို တွဲရေးထားကြတယ်နော်
ကိုပေါက်(မန္တလေး)
July 20, 2015 at 7:50 pm
ကိုအောင်မိုးသူရေ
ကျယ်ခေါင်ထဲရော ရွှေလီမြို့ကဆို အချို့မှာ တရုပ်မြန်မာ နှစ်ဘာသာနဲ့ရေးထားကြပါတယ်.
စာလုံးပေါင်းသတ်ပုံ အမှားတွေနဲ့ပေါ့
ဒါကိုကြည့်ပြီး တရုတ်နဲ့မြန်မာကုန်သွယ်မူ့ဆက်ဆံရေးကို မြင်လို့ရပါတယ်
အညာတမာ
July 20, 2015 at 2:45 pm
ရေမကြည်၊ မြက်မနုပေမယ့် ဝမ်းရေးဆိုတော့လဲ အမျိုးမျိုး ကြိုးစားရုန်းကန်နေရတောပေါ့…..
ကိုပေါက်(မန္တလေး)
July 20, 2015 at 7:51 pm
ရေမကြည် မြက်မနုပေမယ့် စားလို့ သောက်လို့ တော့ ရသေးတယ်ဆိုတော့လဲ
မိတကွဲ ဘတကွဲလုပ်ကိုင်စားသောက်ရတာပေါ့
Mike
July 20, 2015 at 4:02 pm
.ဆက်လက်စောင့်မျှေ ျာ်ဖတ်ရှုပါမည်..
ကိုပေါက်(မန္တလေး)
July 20, 2015 at 7:52 pm
ကိုမိုက်ရေ ဆက်တိုက်တင်မှာပါ
အပိုင်း ကိုး အထိ ရေးပြီးပါပြီ