၅။အသက်ရှင်ခြင်းအတွက်အသက်ရူသံများ
၅။အသက်ရှင်ခြင်းအတွက်အသက်ရူသံများ
” ခြေတစ်လှမ်း အကွာက သူတို့နေရာ “(အပိုင်း ၅)
မနက်မနက်ဆိုရင် တရုပ်ပြည်ဘက်က တံခါးဖွင့်ပြီဆိုတာနဲ့
မူဆယ်ဘက်က လူတွေကားတွေ ဆိုင်ကယ်တွေ ထော်လာဂျီတွေ
အသီးသီးဝင်လာကြပါတယ်။
အားလုံးက အပျော်လာသူမရှိ အလုပ်လုပ်ဘို့ဝင်လာကြတာပါ။
မြန်မာလူမျိုးအတော်များများက မူဆယ်ဘက်မှာနေကြပါတယ်။
မူဆယ်ဘက်ကနေ ရွှေလီ ကျယ်ခေါင်ထဲလာ အလုပ်လုပ်သူတွေလဲအများကြီးပါဘဲ။
မူဆယ်မှာအိမ်ငှားနေပြီး
မနက်မိုးလင်းမှ ကျယ်ခေါင်ဘက်ကိုလမ်းလျှောက်ပြီးဝင်လာကြတာများပါတယ်။
တရားဝင်ဂိတ်ပေါက်ကနေဝင်လာသူရှိသလို
ခိုးပေါက်ကနေဝင်လာတဲ့သူတွေလဲရှိပါတယ်။
အချို့ကတော့လဲ ရွှေလီဘက်က ရှမ်းရွာလေးတွေထဲမှာအိမ်ငှားနေကြပါတယ်။
ရွှေလီထဲကနေ ကျယ်ခေါင်ဘက်ကိုသွားလုပ်တဲ့လူတွေရှိသလို
မူဆယ်ဘက်ကနေပြီးကျယ်ခေါင်ရွှေလီထဲကို
လာပြီးဈေးရောင်းကြသူတွေလဲရှိပါတယ်
ဈေးလာရောင်းတဲ့သူတွေထဲမှာ တံမြက်စီး ကြက်မွေးရောင်းသူကတော့ ပုံမှန်တွေ့နေရတဲ့သူတွေပါ။
ခြေလျင်လျောက်ပြီးဝင်လာသူတွေရှိသလို စက်ဘီးနဲ့လည်ရောင်းသူတွေလဲရှိပါတယ်။
မနက်ဝင်လာပြီး ညနေအထိ တစ်နေကုန် လှည့်ပါတ်ပြီး ရောင်းကြတာပါ။
လက်တွန်းလှည်းလေးတွေနဲ့ဈေးရောင်းထွက်တဲ့ အချဉ်ပေါင်းသည်လေးတွေကလည်း
ရွှေလီထဲထိခြေဆန့်လို့ရောင်းကြပါတယ်။
ဝက်သားတုတ်ထိုးသည်လေးတွေကတော့ကျယ်ခေါင်မြို့ရဲ့နေရာအနှံ့ရှိနေပါတယ်။
နောက်ညပိုင်းမှလာတဲ့ မီးဖိုလေးဆွဲလာတဲ့ ဘယာကြော်သည်လေးတွေလဲရှိ။
သူတို့ကလဲ ကျယ်ခေါင်က ဂိုဒေါင်နားတစ်ဝိုက်လှည့်ရောင်းတာအတော်လေးရောင်းရတယ်ပြောပါတယ်။
ဒီဘယာကြော်သည်လေးတွေက မူဆယ်ဘက်မှာအိမ်တစ်လုံးကိုလူဆယ်ယောက်လောက်
စုငှားပြီးအတူနေကြတာပါတဲ့။
(သင်္ကြန်မတိုင်ခင် ကတည်းက ပျောက်သွားလို်က်တာအဲဒီအသည်တွေအခုထိပြန်မတွေ့။)
ကျယ်ခေါင်မှာနေတဲ့သူတိုင်းကသူများအလုပ် လုပ်သူတွေမဟုတ်ပါ။
မြန်မာပြည်ဘက်ကနေဒီဘက်လာပြီး စားသောက်ဆိုင်လေးတွေဖွင့်ထားသူကလဲအများကြီးပါဘဲ။
ကွမ်းယာဆိုင်လေးတွေကတော့နေရာအနှံ့အပြား။
ပြောင်းဖူးပြုတ်၊ဒါန်ပေါက်၊မုံ့အစုံ၊ဟင်းသီးဟင်းရွက်အစုံ၊ရာသီပေါ်သီးနှံတွေကိုလည်း
သုံးဘီး တို့ ဆိုက်တွဲတို့ တွန်းလှည်းတို့နဲ့နေရာအနှံ့အပြားလှည့်ရောင်းသူလည်းရှိပါတယ်။
ကိုယ့် တစ်ပိုင်တစ်နိုင်ကျောက်အရောင်းအဝယ်လုပ်သူတွေရှိသလို
ကုန်ကားဂိတ်ထောင်ထားသူတွေလဲရှိပါတယ်။
သုံးဘီးထော်လာဂျီ ဝယ်ထားပြီး ကုန်စည်ပို့ဆောင်ရေးလုပ်သူတွေလည်းရှိကြပါတယ်။
တစ်ရက်ထမင်းဆိုုင်မှာ ထမင်းစားနေတုန်း စုံတွဲတစ်တွဲစကားပြောတာကို
ကြားနေရပါတယ်။
“နင်သန့်ရှင်းရေးဝင်လုပ်ပါလား တစ်ရက် ၅ဝ တောင်ရတယ်ပြောတယ်”
“ပိုက်ဆံရတာကတော့ ဟုတ်တယ် တစ်နေကုန်လုပ်ရတာ အမိူက်ကိုအချိန်ပြည့်ကောက်နေရတာ
လမ်းပေါ်အမိူက်တွေ့ရင်အဆူခံရတာ”
“နင်အခုအလုပ်က တစ်ရက် ဆယ်နာရီလောက်လုပ်နေရတာထည့်ပြောအုံးလေ ပြီးတော့တစ်လမှ
၁၄၀ဝ ဘဲရတာ”
သူတိုု့ပြောတာလေးကိုသတိရမိတော့
ကုန်ထမ်းနေတဲ့ သူတွေကိုလည်းမေးကြည့်ဘူးပါတယ်။
တစ်ရက်အောက်ခံ တစ်သောင်းလောက်တော့ ရကြပါတယ်။
အဲလောက်မှမရ ရင်လဲမဖြစ်ပါဘူးတဲ့။
လက်ဖက်ရည်ဘိုးကွမ်းယာဘိုးဆေးလိပ်ဘိုးကတစ်ရက်သုံးလေးထောင်ကုန်တယ်လို့
ဆိုပြန်ပါတယ်။
ကျယ်ခေါင်ဘက်က အချို့လုပ်ငန်းတွေကတော့ သူတို့ဝန်ထမ်းတွေကိုနေစရာ
ပေးပါတယ်။
ဝန်ထမ်းအားလုံးကိုစုပြီး အိမ်ခန်းတစ်ခန်းငှားပေးထားလိုက်တာပါဘဲ။
အချို့အလုပ်ကတော့ ထမင်းကျွေးပေမယ့် တစ်ချို့အလုပ်ကတော့မကျွေးပါဘူး။
နေစရာပေးတယ် မပေးဘူး
ထမင်းကျွေးတယ်မကျွေးဘူး
ဆိုတဲ့အပေါ်မှာမူတည်ပြီးသူတို့တွေရဲ့လုပ်ခတွေလဲကွာသွားပါတယ်။
ဒီမှာရှိတဲ့ ဝန်ထမ်းတွေက တစ်နေ့ကို ဆယ်နာရီလောက်တော့အလုပ် လုပ်ကြရပါတယ်။
တစ်ချို့မုန့်လုပ်ငန်းတွေစက်မူ့လက်မူ့လုပ်ငန်းလေးတွေဆိုရင် ၁၄နာရီလောက်ထိရှိပါသတဲ့။
ပရိဘောဂ စက်ရုံမှာအလုပ်လုပ်တဲ့ သူတစ်ယောက်ကပြောတာကတော့
အလုပ် မှာ အချောင်ခိုလို့မရဘူးဆိုပါတယ်။
အလုပ်လုပ်ရင်းဆေးလိပ်သောက်ချင်ရင် ဆေးလိပ်ကိုအမြန်သောက်ပြီး
အလုပ်ထဲမြန်မြန် ပြန်ပြေးရပါသတဲ့။
အလုပ်ခွင်မှာ မရှိဘဲပျောက်နေရင် စကားပြောစက်နဲ့လှမ်းအော်ပါသတဲ့။
မိန်းကလေးတွေအများစုနဲ့လုပ်နဲ့ အလုပ်ရုံလေးတွေမှာလဲ အလုပ်မလုပ်ဘဲလေပေါနေရင်
ဖုန်းပြောနေရင် လှမ်းအော်တတ်ပါသတဲ့။
အဆူခံထိပါသတဲ့။
သူတို့က CCTVဖွင့်ထားပြီး အလုပ်လုပ်တာကိုအမြဲလှမ်းကြည့်နေတာလို့ဆိုပါတယ်။
ကျနော်တို့မြန်မာအလုပ်သမားတွေကတော့ ကုန်တင်ကုန်ချလုပ်တဲ့အခါ နည်းနည်းအလုပ်ရှုပ်ပါတယ်။
ဆေးလိပ်သောက် ကွမ်းစား ဇာတ်လမ်းတွေများပါတယ်။
ဒါပေမယ့်လည်း ကျယ်ခေါင်ဘက်က ဂိုဒေါင်တွေမှာ ကုန်တင်ကုန်ချ လုပ်ငန်းတွေမှာ
မြန်မာလုပ်သားတွေဘဲငှားတာတွေ့ပါတယ်။
တရုပ်ကုန်ထမ်းလုပ်သားမတွေ့သလောက်ပါဘဲ။
ကုန်တင်ကုန်ချအတွက်လူခေါ်ရင် အလုပ်သမားခေါင်းကတစ်ဆင့်ခေါ်တာရှိသလို
အလုပ်သမားတွေနဲ့တိုက်ရိုက်ဆက်သွယ်ခေါ်တာလဲရှိတတ်ပါတယ်။
အလုပ်သမားခေါင်းက တစ်ဆင့်ခေါ်တာက ဈေးနည်းနည်းပိုပေမယ့် အဆင်ပြေတယ်လို့ပြောပါတယ်။
အတင်အချမှာပစ္စည်းအကွဲအပြုရှိရင်အလုပ်သမားခေါင်းကိုတာဝန်ယူခိုင်းလို့ရပါတယ်။
ဘောက်အလုပ်သမားခေါ်ခိုင်းရင် ဈေးနည်းနည်းသက်သာပေမယ့် အလုပ်လုပ်ရင်းတန်းလန်း
ကနေ ဆက်မလုပ်ဘူးဆို ပြန်ချင်ပြန်သွားတတ်တာမျုးိ။
ပစ္စည်းချလို့ တစ်ဝက်လောက်ရောက်မှဈေးတိုးတောင်းတာမျိုး၊
ပစ္စည်းကို အပြီးထိ မချတော့ဘူး ဆိုပြီး ဂဂျီဂဂျောင်လုပ်တာမျုးိတော့ကြုံရတတ်ပါတယ်။
ကုန်ထမ်းတဲ့အလုပ်မလုပ်ဘဲ သုံးဘီးတွေ ထော်လာဂျီနဲ့ကုန်ပို့သူတွေလဲရှိပါတယ်။
သူတို့ကိုငှားရင်တော့ တစ်ခေါက်စာဘယ်လောက်ဆိုတာ အပြတ်ပေးပြီးငှားရပါတယ်။
ကျယ်ခေါင်ထဲကမနောကွင်းနံဘေးနားမှာဆိုရင် ကုန်တင်သုံးဘီးလေးတွေတန်းစီနေပါတယ်။
သွားခေါ်စရာမလို ကိုယ့်အဆက်အသွယ်နဲ့ကိုယ်ဖုန်းလေးတော့လိုက်ရင်ရောက်လာပါတယ်။
ကုန်ပို့တာကတော့ ကျယ်ခေါင်ထဲကဂိတ်တွေတင်ပို့ရတာလဲရှိတယ်။
ကျယ်ခေါင်ကနေမူဆယ်ဘက်ကိုပို့ရတာလဲရှိတယ်။
မူဆယ်ဘက်ပို့ရင်တော့ အချိန်ကုန်ပါတယ်။
သုံးဘီးကားတွေထော်လာဂျီတွေဆိုက်တွဲတွေထွက်လို့ရတဲ့ ဆင်ဖြူပေါက်က အမြဲကျပ်
အမြဲလမ်းပိတ်နေလို့ပါဘဲ။
ဒီမှာတစ်ခုကောင်းတာက လုပ်ငန်းပေါများတော့ တစ်ယောက်နဲ့တစ်ယောက်အလုအယက်
ရှာစားရတယ်ဆိုတာမရှိသလောက်ပါဘဲ။
ကျယ်ခေါင်ထဲမှာရောရွှေလီထဲမှာပါမြန်မာတွေအလုပ်လုပ်ကြပါတယ်။
အလုပ်လုပ်ကြတဲ့ကလေးတော်တော်များများက အလုပ်လုပ်လို့ရတဲ့ငွေလေးတွေကို
စုဆောင်းပြီး အိမ်ပြန်ပို့ပေးကြပါတယ်။
သုံးလိုက်စွဲလိုက်နဲ့ အပျော်အပါးမက်တဲ့ကလေးတွေလဲရှိပါတယ်၊
ဒီနယ်စပ်ဒေသမျုးိကအပျော်အပါးအများကြီးပေါပါတယ်။
မူးယစ်ဆေးဝါး ၊အရက်၊မိန်းမ၊လောင်းကစားလွယ်လွယ်နဲ့ရနိုင်ပါတယ်။
ကိုယ့်ကိုကိုယ်မထိန်းသိမ်းနိုင်ဘူးဆိုရင် ပျက်စီးလွယ်ပါတယ်။
ကျနော်တို့မြန်မာတွေက ဒီလိုအောက်ခြေသိမ်းအလုပ်ကအစမကျန်
ဝင်လုပ်ကြတော့သူတို့နယ်ခံလူတွေဘာလုပ်သလဲဆိုတာလေ့လာကြည့်မိတော့
…………………………………………………………………………………………
ကိုပေါက်လမ်းသလားနေသည်
20-7-2015
8 comments
မြစပဲရိုး
July 20, 2015 at 9:01 pm
သူတို့ ဘက် မှာ အလုပ်လုပ် ရ တဲ့ သန့်ရှင်းသမား တွေ တောင်မှ ပြောင်ပြောင်ယောင်ယောင် မြင်ရတယ်။
“သူခြံ တွင် ဖြူပြာ ပွင့်လေတော့ ငါ့ခြံ မှာ နီဝါ ပွင့်ရမပေါ့” လို့ ကြုံးဝါးပြီး ဦးဆောင် မဲ့ အစိုးရကို ဘဲ ရ အောင် လုပ်ကြပါတော့။
ကိုပေါက်(မန္တလေး)
July 20, 2015 at 10:27 pm
သန့်ရှင်းရေးလုပ်တဲ့ အလုပ်သမားတွေက မြန်မာတွေ ရှမ်းတွေ နဲ့ တရုတ်လူမျိုးတွေလုပ်ကြပါတယ်။
ဒါပေမယ့် အားလုံးက သပ်သပ် ရပ် ရပ်
အစိုးရ က ကံထရိုက်ပြန်ပေးထားတယ်လို့တော့ ပြောသံ ကြားတယ်
(ဒါပေမယ့် ဒီအချက်အလက်က သိပ့်တော့ မသေချာပါ)
မြစပဲရိုး
July 20, 2015 at 10:51 pm
ဟုတ်မှာ ကိုပေါက်ရဲ့။
ဒီမှာတွေလဲ ဒီလိုဘဲ။ အစိုးရ က Private တွေ ကို ကန်ထရိုက် ပေးတာပါ။
ကျွန်မ ကြားခဲ့တာတော့ မြန်မာပြည်မှာလဲ ဒီလိုလုပ်နေတာ ဆိုဘဲ။
သို့ပေသည့်။ လက်ဝါးချင်းရိုက် တာများ ပြီး စည်းကမ်း ဥပဒေ မမြဲ တော့ စနစ်တကျ စေတနာ ပါဖို့ ထား။
တာဝန်ကျေတောင် မလုပ်ကြတော့ဘူး။
ကိုပေါက်(မန္တလေး)
July 21, 2015 at 9:20 pm
ဒီက လုပ်သားတွေက တော့ အချိန်ပြည့် တမျက်စီးလှည်းအမိုက်ကောက်လုပ်နေကြတာပါ
ကျနော်တို့ရုံးခန်းနေရာမှာဆိုလဲ တစ်ယောက်ကို 18ထပ်အမြင့် တိုက်ခန်းတစ်ခန်းလုံးအတွက်သန့်ရှင်းဘို့
တာဝန်ပေးထားတာ
ထိုင်နေတာ မတွေ့ ဘူး ဘူး
တစ်ချိန်လုံးလုပ်နေတာ
အလုပ်လုပ်တဲ့လူတွေရဲ့ စိတ်ဓါတ်ချင်းကွာတာကိုသွားတွေ့ရတယ်
အောင် မိုးသူ
July 21, 2015 at 9:31 am
ဓာတ်ပုံဆောင်းပါးလေးပေါ့။
ကိုပေါက်(မန္တလေး)
July 21, 2015 at 9:22 pm
ဟူတ် ကိုအောင်မိုးသူ
ကိုပေါက်လမ်းသလားနေသည်
ဆိုရင် ဓါတ်ပုံပါတဲ့ ခရီးသွားဆောင်းပါး လို့ သာ မှတ်ထားပေတော့
Mike
July 22, 2015 at 3:55 pm
.ဘာပြောပြောသန့်ရှင်းရေးကိုတော့အတုယူစရာဗျို့..အမှိုက်ကိုမမြင်ရ
.ကန်ထရိုက်ပေးလည်း..ကန်ထရိုက်ကမခိုမကပ်လုပ်ပုံရတယ်…ဒီမှာတော့ ကရော်ကမယ်ပဲ..
.ဥပမာ…လမ်းအသုံးပြုခကောက်ခံနေတဲ့ နေရာတဝိုက်တောင် နဲတဲ့ချိုင့်ကြီးတွေလား…မပြင်ဘူး
ကိုပေါက်(မန္တလေး)
July 22, 2015 at 8:46 pm
ပြောရရင်တော့ ဒီက အလုပ် လုပ် သူနဲ့
ကျနော်တို့ ဆီက အလုပ်လုပ်သူ
အလုပ်မှာအားစိုက်တာခြင်းမတူပါဘူး
မရလို့ မလုပ်သလား
မလုပ်လို့ မရသလားတော့
ပြန်ပြီး ဆန်းစစ်ကြဘို့လိုပါတယ်။