စာရေးဆရာမောင်သာရနဲ့ သူ့ကျန်းမာရေး – ညိုခက်ကျော်
၂၀၁၅၊ ဇွန်၂၈နေ့လယ်ပိုင်းက Las Vegas မြို့ Life Care Center of Paradise Valley မှာရှိနေဆဲဖြစ်
တဲ့ ဆရာမောင်သာရကိုသွားတွေ့ခဲ့ပါတယ်။ ဆရာ့ အခြေအနေကလွန်ခဲ့တဲ့၃လဧပြီလဆန်းတုန်းကထက် အများကြီးတိုးတက်လာတာတွေ့ရပါတယ်။
ပထမတခါ သူဆေးရုံမတက်ခင်က “ငါအခြေအနေမကောင်းဘူးဟ။ လာခဲ့ကြဦး” ဆိုဖုန်းဆက်ပြီး ပြောတဲ့အသံ
က တော်တော်မောနေပုံရပြီး နောက်တပတ် လောက်ထိ ဆရာ့ဆီဖုန်းခေါ်မရခဲ့ဘူး။ ဧပြီလကကျမတို့ရောက်သွားချိန်မှာ တော့ ဆရာကဆေးရုံကဆင်းပြီး Life Care Center of Paradise Valley
မှာပြောင်းပြီးနေရပါတယ်။ အဲ့ဒီ့တုန်းက နှလုံးနဲ့အဆုတ်အခြေအနေကခုထက်ပိုဆိုးတာမို့ မျက်နှာကဖောနေပြီး လူကလည်းမောနေတာမို့ စကားပြောတဲ့အခါမှာ အားယူပြီး ဖြည်းဖြည်းချင်းပြောရပါတယ်။ ဆီးပိုက်လဲတပ်ထားရတယ်။ အောက်ဆီဂျင်နဲ့အသက်ရှုရတယ်။ ဆီးသွားတာနဲလွန်းတဲ့အတွက် သူနာပြုက ဆီးဘယ်လောက်သွားတယ်ဆိုတာ ဆီးအိတ်မှာ လာလာကြည့်ပါတယ်။ ပါးစပ်ထဲမှာလည်း လည်ချောင်းထဲအထိ မှိုကြောင့်ဖြစ်တဲ့အနာတွေကြောင့် အစာစားရင်နာတာမို့ အစာစားမရဘဲ ရေအေးကိုသာ ပိုက်တပ်ပြီး စုပ်နေရပါတယ်။ အရင်ခန္ဓာကိုယ်နဲ့ယှဉ်ရင် တော်တော်ပိန်သွားပါတယ်။
အဲ့ဒီ့တုန်းက ဆရာ စကားတခွန်းကို မောနေတဲ့ထဲက တလုံးချင်းသေသေချာချာပြောခဲ့ပါတယ်။
“ မင်းတို့ ဆေးလိပ်မသောက်ကြနဲ့ကွာ။ ဆေးလိပ်သောက်တာ မကောင်းဘူးကွ” တဲ့။
သူ့ကိုယ်ပေါ်ကထိုးထားတဲ့ တက်တူးတွေအကြောင်းပြောတော့ “ငါငယ်ငယ်တုန်းက မန္တလေးမှာ သင်္ကြန်တွင်းကြီးထိုးတာပေါ့”ဆိုပြီး ပြောပြပါတယ်။ ဆရာက သင်္ကြန်ပြီးရင်တခေါက်လာခဲ့ကြဦးလို့မှာပါတယ်။
ခုတခေါက်ရောက်တဲ့အခါ ဆရာက နောက်တခန်းကိုပြောင်းသွားပါပြီ။ ကျန်းမာရေးလည်း တော်တော်တိုးတက်လာပြီး အစားလည်း အမာစာတွေကလွဲလို့ဝင်နေပါပြီ။ ရေခဲစိမ်ထားတဲ့အချိုရေကို နည်းနည်းချင်းမော့သောက်နေပါတယ်။ မတ်တပ်တော့ မရပ်နိုင်သေးပါဘူး။ Physiotherapy ယူနေရတုန်းရှိပါသေးတယ်။ မတ်တပ်ရပ်နိုင်တဲ့အခါမှာလဲ ဒူးကမခိုင်တော့ ခြေရှပ်တိုက်လျှောက်ရမယ်လို့ပြောပါတယ်။
အရင်တခေါက်ကလို မျက်နှာဖောတာလဲမရှိတော့ဘဲ စကားကိုလည်း အသက်ပုံမှန်ရှုလို့ရတဲ့အနေအထားနဲ့ ပြောနိုင်လာပါပြီ။ အောက်ဆီဂျင်ပိုက်ကိုတော့ မောတဲ့အခါ သူ့ဟာသူနှာခေါင်းမှာတပ်လိုက် ခဏနေပြန်ဖြုတ်လိုက်ပါပဲ။ ဆီးပိုက်ကတော့ တပ်ထားတုန်းပဲ။ ဆရာက ကလေးငယ်တွေကို ဂရုစိုက်တတ်၊ဦးစားပေးတတ်ပေမယ့် သူ့ကုတင်နားကပ်ထိုင်နေတဲ့ ကျမသမီး ခိုင်သံစဉ်လေးကို “ သမီးလေး။ ဒီဘက်ရွှေ့ထိုင်နော်။ ဆီးပိုက်ထိလို့ ပြုတ်သွားလို့နောက်တခါပြန်တပ်ရင် ဘိုးဘိုးကြီးအရမ်းနာတယ်” လို့ပြောပါတယ်။ ဆီးပိုက်တပ်ရတဲ့ဒုက္ခကို ဆရာတော်တော်ကြောက်ပုံရပါတယ်။ Las Vegas မှာနေတဲ့ဦးဆန်နီရဲ့သမီး မငုဇာ CMM ရံပုံငွေထိုင်းဈေးရောင်းပွဲကနေဝယ်ပြီးထည့် ပေးလိုက်တဲ့ အီကြာကွေးနဲ့ပုဇွန်ကြော်ကိုပေးတော့ အီကြာကွေးကို ကော်ဖီနဲ့ပျော့အောင်စိမ်ပြီးစားမယ်လို့ပြောပါတယ်။
ဒီတခါ စကား၂နာရီကျော်ကြာအောင်ပြောနိုင်ပါတယ်။
“ဘာစာတွေဘယ်လောက်ပဲရေးရေး ရသစာပေမရေးတဲ့သူကို စာရေးဆရာလို့ ခေါ်လို့မရဘူးကွ” လို့ပြောတဲ့ဆရာမောင်သာရအသံက သူ့အသက်တဝက်လောက် ပြန်ငယ်သွားတဲ့အတိုင်း ပြတ်ပြတ်သားသားကြည်ကြည်လင်လင်ပါပဲ။
ဆရာက Ernest Hemingway ရဲ့ The old man and the sea ဝတ္ထုကို ရသစာပေဆိုတာ ဘာကိုခေါ်တယ်ဆိုတာကို နမူနာပြပြောပြပြီး သူတခါက အမေရိကားကပေးစာ အခန်းဆက် ဆောင်းပါးတပုဒ်မှာရေးခဲ့ဘူးကြောင်း ပြောပြပါတယ်။ ဒီနေ့ခေတ် မဂ္ဂဇင်းဝတ္ထုတိုတွေ ဆရာဖတ်လားလို့မေးတော့ မျက်မှန်က အိမ်မှာကျန်ခဲ့တာကြောင့် ခုတလောတော့ သိပ်တော့ မဖတ်ဖြစ်တဲ့အကြောင်းနဲ့ “ ဒီနေ့ခေတ်နိုင်ငံရေးအခြေအနေကိုက မတင်မကျ၊ မရေမရာကြီးဆိုတော့ ထွက်လာတဲ့ဝတ္ထုတိုတွေကလည်း အဲ့ဒီ့လိုတွေများတာပေါ့။ ငါဖတ်မိသလောက်ကတော့ အဖေမေတ္တာဘွဲ့တွေ၊ မိသားစုအကြောင်းတွေတွေ့ရတယ်။” လို့ဆိုပါတယ်။ သာရမဂ္ဂဇင်းနေ့ရက်တွေအကြောင်း၊ စာရေးဆရာမဂျူး စာစရေးစဉ်က သာရမဂ္ဂဇင်းတွင်စာမူဖော်ပြခဲ့တဲ့အကြောင်းတွေ၊ ဂျူးဟာ အတွေးအခေါ်ရော၊ အရေးအသားပါ ပြောင်မြောက်တဲ့ ရသစာရေးဆရာစစ်စစ်ဖြစ်တဲ့အပြင် ရေးအားလည်းကောင်းပြီး ဒီနေ့ထိအခိုင်အမာရပ်တည်နေနိုင်တဲ့အကြောင်းလည်း ပြောပါတယ်။ ဆရာကသူရေးသားထားတဲ့ အငှားကိုယ်ဝန်ဆောင်အမေရိကားဇာတ်ကောင်နောက်ခံဝတ္ထုအကြောင်းပြောပြပြီး သူ့ရဲ့ယခင်ဝတ္ထုတွေထဲက နိုင်ငံရေးနောက်ခံဝတ္ထုတချို့ကိုပြန်ပုံနှိပ်ထုတ်ဝေချင်တယ်လို့ဆိုပါတယ်။
ဆရာမတ်တပ်ရပ်နိုင်ပြီး သူ့ရဲ့စက်ကုလားထိုင်ပေါ်ပြန်ထိုင်နိုင်ပြီဆိုရင်တော့ အိမ်ကိုပြန်ခွင့်ရမယ်လို့သိရပါတယ်။ နှလုံးစက်ဘက်ထရီလည်း လဲရဦးမှာပါ။ ဆရာမောင်သာရဟာ အခုအသက်၈၄နှစ်ရှိပြီဖြစ်ပြီး လာမယ့်အောက်တိုဘာမှာ အသက်၈၅နှစ်ပြည့်တော့မယ်ဆိုပေမယ့် မှတ်ဉာဏ်၊ အသိနဲ့သတိ အလွန်ကောင်းပါတယ်။ စိတ်ဓာတ်ကလည်း ကြံ့ခိုင်လွန်းပြီး ဒီအသက်ဒီအရွယ်ထိ ရေခြား၊ မြေခြားမှာပြောင်း ရွှေ့အခြေချနေတဲ့တိုင် ဘာမဆို လေ့လာစူးစမ်းလိုစိတ်၊ လေ့လာစူးစမ်းအားက ကောင်းဆဲဖြစ်ပါတယ်။
အခန်းအပြင်မှာ အပူချိန်ဘယ်လောက်လဲ။ ဒီ Life Care Center ရဲ့စနစ်က ဒီလို။ ဝန်ထမ်းတွေအလုပ်လုပ်ပုံကဒီလို။ စသဖြင့် သူနေထိုင်နေရတဲ့ပတ်ဝန်းကျင်အကြောင်းကိုလည်း ပြောပြပါတယ်။
ကျမတို့ဆရာနဲ့အကြာကြီးစကားပြောနေကြတာ၊ ဆရာ့ကိုကန်တော့ကြတာတွေကို ဆရာ့နဲ့တခန်းထဲနေတဲ့ဘေးက အမေရိကန်အဘိုးကြီးက တခါခါ ဒီဘက်လှည်ကြည့့်ပြီး သဘောကျသလိုပြုံးလိုက်၊ တခါခါ ဟိုဘက်ပြတင်းပေါက်ဘက်လှည့်ပြီး တွေတွေ ငေးငေးကြည့်နေလိုက်။ ရက်ရှည်လများ Life Care Center မှာနေနေကြရတဲ့ မကျန်းမမာသူများအဖို့ သူလဲပဲ သူ့ဧည့်သည်တော့ မျှော်ရှာမှာပဲလို့တွေးမိတယ်။
ဆရာမောင်သာရရော အဲ့ဒီ့ဘေးက အမေရိကန်အဘိုးကြီးဆို ဧည့်သည်တွေ လာချိန်မှာရော အဲ့လိုမျိုး လှည့်ကြည့်တတ်လေမလား ကျမတွေးနေမိတယ်။ ဆရာကတော့ ဘယ်အခြေအနေမျိုးမှာမဆို ကိုယ့်ကိုကိုယ်အသက်သာဆုံး၊ အဆင်ပြေဆုံးဖြစ်အောင် စိတ်ရော၊ ကိုယ်ရော ထားတတ်နေတတ်သူမို့ သူ့လောက်တော့ မဆိုးလောက်ပါဘူးလေလို့လည်း ချေဖျက်အတွေးပြန်တွေးမိတယ်။ ဆရာမောင်သာရကို သူ့မိသားစုဝင်တွေကတလှည့်စီနဲ့ ဦးဆန်နီ (Sonny Sushi) တို့က လာရောက်ပြုစုစောင့်
ရှောက်ကြတယ်လို့ဆိုပါတယ်။
၂နာရီခွဲကြာအောင် စကားပြောပြီးတဲ့နောက် ဓာတ်ပုံရိုက်မယ်ဆိုတော့ မျက်နှာကို တချက်မှန်ထဲကြည့်တဲ့ကျမကို “ဟဲ့။ ကျောက်ပြင်နဲ့ သနပ်ခါးရော ယူဦးမလား” လို့ အော်ပြောပါသေးတယ်။ မြန်မာ့ဂဇက်ကနေဆရာဘာပြောဦးမလဲလို့မေးတော့ “ အခြေအနေက ကောင်းပါတယ်။ အိပ်ယာထဲမှာပဲရှိသေးတယ်။ မတ်တပ်တော့မရပ်နိုင်သေးဘူး။ ကျန်းမာရေး အတွက်ဆုတောင်းပေးကြ၊ ပူပန်ကြတဲ့ ဗမာပရိသတ်ကို ကျေးဇူးတင်ပါတယ်” လို့ ဆရာကပြောပါတယ်။
ဆရာမောင်သာရ အမြန်ဆုံးပြန်ကျန်းမာပြီး အသက်ရှည်ပါစေ။
ညိုခက်ကျော်
25 comments
ဇီဇီခင်ဇော်
July 28, 2015 at 9:32 am
ကျနော် အမေဆို ဆရာ မောင်သာရ စာအုပ် တို့ ဆရာမ နုနုရည် အင်းဝ စာအုပ်တွေ အရမ်းကြိုက်တာ။
ဆရာ့ သမီး က ဖြိုးသာရ မလားဟင်?
ဘယ်မှာ နေ တုန်းမသိ။ 🙄
BTW အဲလာ … ဆရာမ ညိုခက်ကျော် လားးးး
ချောထာ။
အကြည့်ခံတယ်။
kai
July 28, 2015 at 4:33 pm
ဆရာမောင်သာရက.. သူတင်တဲ့သူတွေထဲ.. ဂျူးကိုပိုအားရတယ်ပြောတာပဲ..။
ဆရာမ နုနုရည် အင်းဝ ထက်စာရင်ပေါ့..တဲ့..။
ဖြိုးသာရက.. ရန်ကုန်မှာပဲလားမသိ…။
သားတယောက်.. ကိုနံ့သာကတော့.. ယူအက်စ်မှာ.. တပ်ထဲပဲရောက်သလားမသိ..။ အဆက်အသွယ်မရတော့ဘူးပြောတာပဲ..။
ဆရာ့ဇနီးတွေကတော့. ယူအက်စ်မှာလို့ထင်တယ်..။
ညိုခက်ကျော်ကိုချောတယ်ပြောလို့.. အစိမ်းပေးထားတယ်..။ :k:
nozomi
July 28, 2015 at 4:52 pm
ဆရာမောင်သာရကြီး ဒိထက် ပိုနေကောင်း လုပ်ချင်တာ လုပ်နိုင်တဲ့ ကျန်းမာရေး အခြေအနေနဲ့ အသက်ရှည်ရှည်နေရပါစေ
သမီးလေးက ချစ်စရာလေး
အမေရုပ်လှတာနဲ့ ( အဖေမလှတောင် ) သမီးချောမွေးတယ်ဆိုတာ လက်တွေ့ ပြထားတာပဲ
Ma Ma
July 29, 2015 at 10:39 am
သဂျီးက ကွင်းထဲက စာကို ကျော်ဖတ်သွားပါတယ်တဲ့ ကိုနိုရေ။ :k:
kai
July 29, 2015 at 2:05 pm
မကျော်ပါဘူး..။ အမှန်ပြောတာပဲ.. ဂစ်..။ :k:
Alinsett @ Maung Thura
July 28, 2015 at 10:53 am
ဆရာမ ညိုခက်ကျော်နဲ့ အဲ့ ကလေးမလေးကို မြင်ဖူးသလိုပဲ
:kwi:
ဦးဦးပါလေရာ
July 28, 2015 at 12:40 pm
.ဆရာမောင်သာရဟာ ကျုပ်ရဲ့ အတွေးအခေါ်ပိုင်းလူလားမြောက်စေခဲ့တဲ့ ကျေးဇူးရှင်တစ်ဦးဆို မမှားပါဘူး။
.သဘောထားချင်းတော်တော်မတိုက်ဆိုင်သလောက် အင်မတန်လေးစားမိတဲ့ ဆရာကြီးပါပဲ။
.ဆရာကြီး ကျန်းကျန်းမာမာနဲ့ အသက်ရှည်ပါစေ..။
ဦးကျောက်ခဲ
July 28, 2015 at 1:10 pm
မောင်သာရရဲ့ စာတွေကို အတော်လေးကြိုက်တယ် … လက်သံလည်းပြောင်တယ်…
အဲ… လူကိုတော့ ဘယ်လောက်အသက်ကြီးကြီး တစ်ပြားဖိုးတောင် ကြည်ညိုလို့မရ…
:k:
kai
July 28, 2015 at 4:29 pm
အဟမ်း..
ဆရာရော.. သူ့မြေးမလေးရော.. ဒီရွာသူားတွေဗျနော…။
အကောင့်လည်းရှိ်..စာလည်းရေးတင်ဖူး..။
ဆရာက..သူ့ မြေးချည်းထိုင်တွက်ပြတာ.. ၁၃လား.. ၁၄လားပဲ..။
အင်အားတောင့်…။ :k:
ဦးကျောက်ခဲ
July 29, 2015 at 12:12 pm
ဒီစကားအတွက်တော့ ရှေ့နောက်ကြည့်စရာမလိုပေါင်…
အမေဂျီးကား မရောက်ခင် နယ်စပ်မှာ သူကိုယ်တိုင်ကြားပြီးသား…
မောင်သာရဟာ မောင်သာရ ၊ သူ့သမိုင်းနဲ့သူမို့…
ဆရာတင်မိုးကိုယ်တိုင် လူငယ်တွေကို ဖျောင်းဖြရတာ မှတ်မိသား…
:k:
kai
July 29, 2015 at 1:59 pm
ဟုတ်ပါ့..
“မင်းရဲ့ဆရာဟာငါ..ပေမယ့်.. မင်းဟာငါ့တပည့်မဟုတ်..” တလုံးနဲ့တင်တော်တော်ထိ…
ရသစာပေမှာတော့.. ဘုရားတဆူပါပဲ..။
ဒါပေမယ့်.. :k:
အောင် မိုးသူ
July 28, 2015 at 3:44 pm
“ဘာစာတွေဘယ်လောက်ပဲရေးရေး ရသစာပေမရေးတဲ့သူကို စာရေးဆရာလို့ ခေါ်လို့မရဘူးကွ”
မှတ်သားထိုက်ပါပေတယ်။
kai
July 28, 2015 at 4:17 pm
Ernest Hemingway ရဲ့ The old man and the sea ကို ညွှန်းတာမို့.. ရှာတောင်ပြန်ဖတ်ကြည့်ရသေး…။
ဗမာလိုလည်းရှိသဗျ..။
ပင်လယ်ပြာနှင့် တံငါအို
ကျူးဘားပင်လယ်ပြင်တွင် ငါးဖမ်းထွက်သည့် အဖိုးအို၊ ငါး၊ ပင်လယ်ပြင် နှင့်လူငယ်လေးတစ်ဦးတို့၏ ရက်ပိုင်းမျှသာ ရိုးရိုးစင်းစင်း ဇာတ်လမ်းကို နိမိတ်ပုံ စုတ်ချက်ဖြင့် ကဗျာသို့ ဖွဲ့သီထားသည်။ ဤသတ္တုကို အကြောင်းပြု၍ ဟဲမင်းဝေးသည် ပူလစ်ဇာနှင့် နိုဗယ်ဆုရခဲ့သည်။
Specifications
စာစဉ်: ၁ဝ၅
စာရေးသူ: မောင်ဆုရှင်
ဈေးနှုန်း: ၂၅ဝ ကျပ်
အကြိမ်: (၃) ကြိမ်
ထုတ်ဝေသည့်ခုနှစ်: ၁၉၉၉
စာမျက်နှာ: ၁၇၉ စာ
အရွယ်အစား: ၁၈ စင်တီ
မူရင်းစာအုပ်: The Old Man and the Sea by Ernest Hemingway.
ဓာတ်ပုံ: ရုပ်ပုံ ၂ဝ
စာမူခွင့်ပြုချက်အမှတ်: ၃၇ဝ/၉၉(၄)
Tawwin Pan
March 4, 2016 at 3:48 pm
ဆရာမောင်ဆုရှင်ရေးတဲ့အဲဒီစာအုပ်ဖတ်ဖူးတယ်။
Mike
July 28, 2015 at 4:03 pm
.သူ့စာတွေငမ်းငမ်းတက်ရှာဖတ်ခဲ့ရတာပေါ့..သူ့ခေတ်တုန်းက ဝတ္ထုတစ်ပုဒ်ရေးရင် .သမ္မတဟိုတယ်တက်ရေးတယ်လို့ကြားဖူးတယ်…ဆရာကြီးကျန်းမာပါစေ
ကိုပေါက်(မန္တလေး)
July 28, 2015 at 4:14 pm
မောင်သာရ ဆိုရင် ပြောစရာ တွေအများကြီးချန်ထားခဲ့တဲ့ စာရေးဆရာလို့ပြောနိုင်ပါတယ်.
ပြောင်မြောက်သောခေါင်းစဉ်များကို အမည်ပေးနိုင်သော
အကြောင်းအရာတစ်ခုဖြစ်စဉ်ကို နိူက်နိူက်ချွတ်ချွတ်စေ့စေ့ပေါက်ပေါက် ရေးနိုင်သော
အချစ်ဝတ္တု တွေ လူကြိုက်များနေချိန်မှာ ဘဝသရုပ်ဖော်တွေပြောင်းလဲရေးခဲ့သော
အနုပညာမာနကြီးလွန်းသော
သူ့စာမူကိုပုံနှိပ်ရင် စာလုံးအထားအသို စာလုံးပေါင်းသတ်ပုံ လုံးဝ အလွဲမခံသော
ထူးခြားသော ပုံစံဖြင့်ရေးထုတ်ပြီး ပုံနှိပ်စေခဲ့သော
စာမူခကို ကြိုတင်ပေးရသော
ဆိုတဲ့အချက်တွေနဲ့ပြည့်နေတဲ့
ရေးတတ်ရင်ဝတ္တုုဖြစ်တယ်ဆိုတဲ့ ဆရာကြီး တစ်ပါးပါဘဲ။
လူမူရေးအကြောင်းပြောမယ်ဆိုရင်တော့လဲ
အများကြီးထွက်လာအုံးမယ်ထင်ပါတယ်။
မြစပဲရိုး
July 28, 2015 at 11:16 pm
သမီးလေး နဲ့ သူ့မေမေ ကို မြင်ရတာ နဲ့ ဆရာကြီး ရောဂါတစ်ဝက်ပျောက်သွားမယ်။
သူကြီးမင်း ကိုလဲ မြင်ရော ရောဂါတစ်ဝက် ပိုတက်နိုင်တယ် လို့ မပြောပါဘူး။
ပိပိလေး က ပိုပြီး ထွားလာပြီး သူ့မေမေ က ပိုပြီး ငယ်ပြီး နှစ်ယောက်လုံး ချစ်ဖို့ ပိုကောင်းနေတယ်။
ဓာတ်ပုံထဲ မှာ တော့ ဆရာကြီးကြည့်ရတာ လန်းလန်းဆန်းဆန်းဘဲ။
ကိုယ့် အကြိုက် စာရေးဆရာကြီး မဟုတ်ပေမဲ့ ဒီလို သူ့ခေတ်နဲ့ သူ နာမည်ကျော် ခဲ့တဲ့ စာရေးဆရာကြီးတစ်ယောက် အသက်ရှည်နေစေချင်ပါသေးတယ်။
အမြန်ဆုံး ပြန်ပြီး ကျန်းမာပါစေ ဆုတောင်းပါတယ်။
စာတွေ ဆက်ပြီး ရေးနိုင်ပါစေ။
အသက် ဘယ်လောက်ရှိပြီလဲ။
“ မင်းတို့ ဆေးလိပ်မသောက်ကြနဲ့ကွာ။ ဆေးလိပ်သောက်တာ မကောင်းဘူးကွ” တဲ့။
သူ နဲ့ ရင်းပြီး ပြောလိုက်တဲ့ စေတနာ စကား ကို အထင်းသား မြင်လိုက်မိတယ်။
ဒါထက် “ဗမာပရိသတ်ကို ကျေးဇူးတင်ပါတယ်” ဆိုတာ ဘာကိုဆိုလိုပြီး ပြောတာလဲ သူကြီး။ 🙄
kai
July 29, 2015 at 2:31 am
ဆရာဦးဝင်းငြိမ်းကတဆင့်.. သူ့စာတွေဗမာပြည်စာစောင်တွေမှာ ပါပါလာတတ်တယ်လေ…။
သူ့ဝတ္ထုတွေလည်း..ပြန်ပုံနှိပ်နေပါတယ်…။
အဲဒါရယ်.. သူ့သတင်းမေးကြတဲ့သူတွေရယ်ကိုကျေးဇူးတင်တာရယ်.. ပြောလိုက်တာပါ..။
ဆရာမောင်သာရက.. နိုင်ငံရေးနွယ်ဝတ္တုဖြစ်တဲ့.. ကျဉ်တုတ်ခံဝံ့..မခံဝံ့ကို ပြန်ပုံနှိပ်ထုတ်ဝေစေချင်တဲ့အကြောင်းပါပြောလိုက်သေးတယ်..။
ကျန်တာတွေတော့..ကုန်သလောက်ရှိသွားပြီ..။
Ma Ma
July 29, 2015 at 10:42 am
ဆရာကြီး ကျန်းမာအသက်ရှည်ပါစေလို့ ဆုတောင်းပေးပါတယ်။
ဘေးကုတင်က အမေရိကန်အဖိုးကြီးကို ကြည့်ပြီး ဆရာကြီးလည်း အဲလိုများဖြစ်နေမလားလို့ တွေးမိတဲ့ ဆရာမရဲ့ အတွေးလေးကို သဘောကျတယ်။ 🙂
kai
July 29, 2015 at 2:00 pm
ဘေးကုတင်က.. အမေရိကန်ကြီးကို.. ပိပိလေးက.. လင်ကွန်းနဲ့တူတယ်လို့.. တိုးတိုးလေးကပ်ပြောတယ်..။
ရီလိုက်ရ..။
လုံမလေးမွန်မွန်
July 29, 2015 at 2:05 pm
ကြည့်ရတာ ညီအစ်မနဲ့ တူနေတယ်.. အတော်လေး နုတယ်နော်… ဘယ်လိုမှ မလိုက်ဖက်ဘူး.. အဟိ…
၈၅ နှစ်ဆိုတော့ အတော်လေး သီလကောင်းခဲ့ပါလားလို့ တွေးမိတယ်..
ဦးကြောင်ကြီး
July 30, 2015 at 12:00 pm
…ကြောင်က္ခမဂ ျီး ဒေါ်ညိုကို အူးခြပါဒလှယ်……
…သာမီးဒေါ်ဂလေး သန်ဆင်ခိုင်ကို ခြစ်ပါဒရယ်…
…ကြောင်က္ခထီး မာမွတ်ခိုမ်ကို ဟာလာလှုပ်ခြင်ပါတဂယ်…
Ma Ei
July 30, 2015 at 12:59 pm
ဆရာကြီး အမြန်ဆုံး ပြန်လည် ကျန်းမာပါစေ စာတွေဆက်လက် ရေးနိုင်ပါစေကြောင်း ဆုတောင်းပါတယ်။
ဆရာမ ညိုခက်ကေ ျာ်က ငယ်ငယ် ခေ ျာခေ ျာ ညိုချောလေး၊ သမီးလေး ခိုင်သံစဉ် ပိပိလေးကလဲ ဝတစ်တစ်လေးနဲ့ ချစ်စရာလေး သူကြီးတော့ ဇနီးချော သမီးချော နဲ့ မျက်နှာအတော ်ပွင့်နေမှာ မြင်မိပါတယ်…
Courage
July 31, 2015 at 3:49 am
ပန်းဆိုးတန်း အဟောင်းဆိုင်ကနေ ဝယ်ခဲ့ဖူးတဲ့ စာအုပ်တွေထဲမှာ ဆရာ့ရဲ့ “ကြောင်ကိုဘယ်သူခြူဆွဲပေးမလဲ” စာအုပ်ဟာ ကျွန်တော့အတွက် အဖိုးအတန်ဆုံးလို့ပဲ ဆိုရမှာပါ။
ဆရာရဲ့ ရသစာပေတွေကို ထပ်ကာ အထပ်ထပ် ဖတ်နိုင်ဖို့ ဆရာကျန်းမာပါစေလို့ တောင်းဆုခြွေပါရစေ။
kai
March 1, 2016 at 3:22 pm
အမှတ်တရမှသည်… ပို၍အမှတ်တရအဖြစ်..