ဝါးခယ်မမုန့်မျိုးစုံ ရောင်းပွဲ – @ 27th December 2015
သကျမဟာသီရိဘုရားကြီးတန်ဆောင်းထဲမှာ မုန့်ပွဲတော်အတွက် အရုဏ်ဆွမ်းမလောင်းခင် မနက် ၅နာရီကတည်းက အစောဆုံး လာထွက်ပေးတဲ့ မုန့်သည်ကတော့ အာဒက်ပါပဲ။
မုန့်အဖြူ ကို သကြားဖြူးပေးရင် တခု 150 ပါ။ ကြက်ဥထည့်ရင်တော့ တခု 300 တဲ့။
ပူပူနွေးနွေး ချိုဆိမ့်ဆိမ့် ကျွတ်ကျွတ်လေး မို့လို့ အတူပါသွားတဲ့ တူနဲ့ တူမတွေက အဲဒီ မုန့်သည်နားက မခွာတော့ပါဘူး။
နွားနို့နဲ့ စိမ်စားရင် ပိုကောင်းတာပေါ့။ လက်ဖက်ရည်နဲ့လည်း လိုက်တယ်။
မနက် ရနာရီလောက်မှာ အားလုံးကုန်လို့ ဆေးကြောနေတုံး ဘယ်လောက်ဖိုးရောင်းရလဲဆိုပြီး အင်တာဗျူးလိုက်တာ ပြုံးပြုံးကြီးနဲ့ တသောင်းခွဲဖိုး ရောင်းရတယ်တဲ့။
ဒီဇင်ဘာ ၂ရ သိမ်တော်ကြီး ဝါးခယ်မအသင်း နှစ်ပတ်လည်ကျရင် လိုက်လာရောင်းနော်ဆိုတော့ လာမှာပေါ့တဲ့။ အကိုကြီး အမကြီးတို့ လာအားပေးကြမှာလား။
.
.
.
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အာဒက်သည်နောက်က ရောက်လာတာကတော့ အရပ်မြင့်မြင့်နဲ့ ဘူးသီးကြော်သည်။
သူ့ဘူးသီးကြော်က အတွဲလိုက်ကို နှမ်းလေးတွေ ကပ်ကြော်ထားလို့ ဆိမ့်ဆိမ့်လေး။ရောက်တာနဲ့ ဝိုင်းဝယ်ကြတာ လက်မလည်ဘူး။
ထူးဆန်းတာက ချိန်ခွင်နဲ့ ချိန်ရောင်းတာ၊ဈေးတော့ လူအုံနေတာနဲ့ မမေးလိုက်ရဘူး။
သူငယ်ချင်း လဲ့လဲ့ကြည်ကတော့ အများကြီးဝယ်ပြီး သတင်းစာနဲ့ ထုပ် ကျွပ်ကျွပ်အိတ် ထပ်ပတ်ပြီး ရန်ကုန်သယ်မယ်တဲ့။ ကျမအကိုက မုန့်ဟင်းခါးထဲ ထည့်စားဖို့ ဝယ်ရင်း လဲ့လဲ့ကို နင်ဘယ်လို စားသလဲလို့ ဗျူး လိုက်တယ်။
ကျမက မနက်ကျမှ ထမင်းကြမ်းနဲ့ ဘူးသီးကြော်ကို ငံပြာရည်လေး ဆမ်းပြီး စားတာပဲတဲ့။ သွားရေတောင် ကျသွားပြီ လဲ့လဲ့ရေ။
ဘူးသီးကြော်သည်က ရောက်တာနဲ့ သူ့အကြော်ကို ဘုရားဆွမ်းတော်ကပ်တယ်။ ဘေးက အုန်းကောက်ညှင်းသည်ဆီက အုန်းကောက်ညှင်း ဝယ်ပြီး ဘုန်းကြီး အချိုပွဲ ကပ်ဖို့ လှူလိုက်သေးတယ်။
အစောဆုံး ရောင်းကုန်သွားတာကတော့ သူပါပဲ။ ရန်ကုန်ပွဲကျရင်လည်း လိုက်ရောင်းမယ်တဲ့။
အဘ ဦးအံ့ကျော် ကြိုက်တဲ့ မုန့်ကို အဘကျေးဇူးသိတဲ့အနေနဲ့ အပင်ပန်းခံပြီး လိုက်ရောင်းပေးပါမယ်တဲ့။ ဒါလေးလည်း အားပေးဖို့ ပြင်ထားကြနော်။
.
.
.
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျမတို့ငယ်ငယ်တုံးက မနက်ဆိုရင် ဈေးထဲမှာ မောင်နှမတတွေစားဖို့ မုန့်သွားသွားဝယ်ရတယ်။
မနက်တော်တော်များများမှာ ဝယ်ဖြစ်တာကတော့ ခါးကုန်းကုန်းနဲ့ ဒေါ်ကျင်သိန်းရဲ့ အုန်းကောက်ညှင်းပါပဲ။
သူ့ဆိုင်လေးရှေ့မှာ တန်းစီရပါတယ်။
တောင်စွန်ဖက်ပေါ်မှာ အုန်းကောက်ညှင်းအသားကို ထည့် ၊ကောက်ညှင်းချိုးလေးကို နည်းနည်းလေးဖဲ့ထဲ့၊အုန်းသီးခြစ် နှမ်းထောင်းနဲ့ ပုဇွန်လှော်လေးထည့်ပြီး ထုပ်ပေးတာကို စောင့်ရပါတယ်။
လူတော်တော်များများက ချိုးလေး ပိုထည့်ပါလို့ တောင်းကြပါတယ်။
(ဒေါ်ကျင်သိန်းက အုန်းကောက်ညှင်း တမယ်တည်း ရောင်းပြီး သားသမီးတွေကို ဘွဲ့ရပညာတတ်ကြီးတွေ ဖြစ်အောင် ကျောင်းထားပေးနိုင်ခဲ့ပါတယ်)
ဒီအုန်းကောက်ညှင်းက ဝါးခယ်မမှာပဲ ရှိပြီး အနီးအနား တခြားမြို့တွေမှာ မရောင်းတဲ့မုန့်ပေါ့။
(ဦးသန့်တို့မြို့သူက မစားဖူးဘူးတဲ့)
အုန်းဆီနံ့မွှေးနေတဲ့ ကောက်ညှင်းကို အုန်းသီးနုနု၊နှမ်းထောင်းငန်ဆိမ့်ဆိမ့်နဲ့ ပုဇွန်ပေါတဲ့မြို့ပီပီ ပုဇွန်အစိုကို (ပုဇွန်ခြောက်မဟုတ်ဘူးနော်) ခြောက်နေအောင်လှော်ထားတာနဲ့ ပေါင်းစားလိုက်ရရင် ဆွေမျိုးသာမက တိုင်းပြည်ပါ မေ့သွားမတတ်ပဲ။
သွေးတိုးမှာ ဝမ်းချုပ်မှာတွေနဲ့ မစားဘူး မစားဘူး ငြင်းကြရင်း နည်းနည်းစားမိတာနဲ့ ရပ်မရတဲ့ မုန့်ပါ။
အုန်းကောက်ညှင်းသည်ကို ဒီပွဲလာရောင်းပေးဖို့ မမဒေါ်တင်တင်ဝင်းDaw Tin Tin Winက အုန်းကောက်ညှင်း၄ပြည် အာမခံပေးထားရတယ်။မကုန်ရင် ကျန်တာ အကုန်သူဝယ်ပြီး လှူပေးပါ့မယ်လို့လေ။
အုန်းကောက်ညှင်းသည်က နည်းနည်းနောက်ကျမှ ရောက်တယ်။ သူ့ကို မျှော်လိုက်ကြရတာ။ ရောက်လာတော့ ဝိုင်းအုံဝယ်ကြရတယ်။
လူတွေ တချက်စဲသွားတော့ တဝက်ကျိုးနေပြီ။
အသည်က လူမလာတော့ဘူးထင်ပြီး ကျန်တာကို မြပုဏ္ဏမာသီလရှင်ကျောင်းကို သွားလှူတော့မယ် တကဲကဲ။
ကျမတို့က အတင်းတားထားရတယ်။ ခဏလေးစောင့်ပါအုံးဟယ်လို့။
တအောင့်နေတော့ 84 Batch ထင်တယ်၊ စပယ်ခိုင်တို့ တအုပ်စု ရောက်လာတာ ကျန်တဲ့ တဝက် အကုန်ကုန်ပါလေရော။ ၄ပြည်ဆိုတော့ အနည်းဆုံး ၄သောင်းဖိုးတော့ ရောင်းလိုက်ရမှာပေါ့။
ကျမလား….??? ဘယ်ရမလဲ။အစောကြီးကတည်းက တပြည်ကြိုမှာထားတယ်လေ။
တပြည်ကို စတီးဇလုံလေးနဲ့ထည့်ပြီး အုန်းသီးတလုံးမခြစ်ပဲထည့်ပေးတယ်။ နှမ်းထောင်းနဲ့ ပုဇွန်လှော်ကို ကြွပ်ကြွပ်အိတ်နဲ့ ထည့်ပေးလိုက်တယ်။(တပြည်ချက်ကို ၁သောင်းပေးရပါတယ်)
ရန်ကုန်အရောက်သယ်လာပြီး အမျိုးတွေနဲ့ မနက်ကို တွေ့နိုင်တဲ့ မိတ်ဆွေတွေကို အမြည်းလက်ဆောင် ကျွေးလိုက်တယ်လေ။
စားရသူတိုင်းက ကောင်းလိုက်တာ၊ကောင်းလိုက်တာ ပါးစပ်ဖျားက မချဘူး။
ကြာကြာမခံတာမို့လို့ သွားမပို့ပေးနိုင်တဲ့သူတွေကို မကျွေးလိုက်ရတာ စိတ်မကောင်းပါဘူး။
ဒီဇင်ဘာ ၂ရ သိမ်တော်ကြီးမှာ ကျင်းပမယ့် ဝါးခယ်မအသင်းနှစ်ပတ်လည် မှာ ရောင်းပေးပါမယ်နော်။
.
.
.
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နည်းနည်းနောက်ကျမှ တောင်းကြီးတလုံးထမ်းဝင်လာတာက ကောက်ညှင်းထုပ်/ငှက်ပျောသီးမုန့်/မုန့်ဖက်ထုပ်သည်ပါ။
တောင်းကြီးချပြီး ကိုသက်ရှည်ကို `ထားခဲ့ပြီနော်´ လို့ ပြောသွားတယ်တဲ့။
`ဟာ..ဒုက္ခပဲ။ငါတို့တော့ ကောက်ညှင်းထုပ်ရောင်းရတော့မယ်ထင်တယ်၊ဘယ်ဈေးမှန်းလဲမသိ ´ဆိုပြီး ပူနေကြတာ၊၁၅မိနစ်လောက်ရှိမှ အသည်က ပြန်ပေါ်လာတယ်၊ကောက်ညှင်းထုပ်နဲ့ မုန့်ဖက်ထုပ်က ၁၀ဝစီ၊ ငှက်ပျောသီးမုန့် က ၅ဝ တဲ့။
ဝယ်မယ့်လူတွေက နည်းနည်းစဲသွားပြီဆိုတော့ မကုန်မှာ ပူရပြန်ရော။ဒါနဲ့ ကျမအကိုက ရောင်းမကုန်ရင် ကျန်ဖြတ်ဖြတ်ပေးပါမယ်။ရန်ကုန်က တပည့်တွေလည်း ကျွေးရတာပေါ့ လို့ နှစ်သိမ့်ထားရတယ်။
မုန့်ဟင်းခါးသွားစားနေတဲ့ လူတွေ တအုပ်ရောက်လည်းလာရော ဝိုင်းဝိုင်းလည် ဝယ်လိုက်ကြတာ ကိုယ်မှာထားတဲ့ ကျန်ဖြတ်လေးတောင် မရှိတော့လို့ မနည်းပြန်တောင်းဝယ်ရတယ်။
ကဇန်းရွက်ခေါ်တဲ့ မြစ်ကမ်းစပ်မှာ ပေါက်တဲ့ အရွက်ရှည်ရှည် တရွက်တည်းနဲ့ ပတ်ပြီး ထုပ်တဲ့ ကောက်ညှင်းထုပ်က ပဲငှက်ပျော၊ပဲသက်သက်၊ငှက်ပျောသက်သက် ၃မျိုးပါ။
တချို့ ကောက်ညှင်းထုပ်တွေလို အလယ်မှာ မနပ်တာ ဆန်ကျော်ပါတာမျိုး မရှိ၊စေးစေးပိုင်ပိုင်လေးပါ။
တချို့အသည်ကတော့ ခုပုံထဲကလို တမိုက်လောက် မထုပ်ပဲ အဖြူထည် တတောင်လောက် အရှည်ထုပ်တယ်။ ပြီးမှ လက်တဆစ်လောက်စီ ကြိုးနဲ့ဖြတ်ပြီး အုန်းသီးသကြားဖြူး ပေးတယ်။အဲဒါကို ကောက်ညှင်းကြိုးပြတ် ဆိုပြီး ရောင်းပါတယ်။ ကရင်နှစ်သစ်ကူး ဆို အမြဲစားရတယ်။ ဒီပွဲမှာတော့ ကောက်ညှင်းကြိုးပြတ်မပါခဲ့ပါဘူး။
ငှက်ပျောသီးမှည့်မှည့်ပျော်ပျော်ကိုမှ ဆန်ကြိတ်ပြီးသားနဲ့ရော ပြီး ငှက်ပျော်ဖက်နဲ့ ပြန်ပေါင်းထားတဲ့ ငှက်ပျောသီးမုန့်ကလည်း ပျော့စိစိမနေဘဲ မာမာထုပ်ထုပ်လေးနဲ့ စားကောင်းတာပဲ။
ပဲခူးက အမကတော့ ငှက်ပျောသီးမုန့် ဝယ်သွားမိတာ နည်းလို့ ထပ်ပို့ပေးပါလို့ မှာနေတယ်။ ရက်ကြာကြာ မခံတာကြောင့် ဒီဇင်ဘာ ၂ရ မှ ဝယ်ပေးမယ်လို့ ပြောရသေးတယ်။
မုန့်ဖက်ထုပ်ကတော့ အထဲမှာ အုန်းသီးနုနုကို သကြားနဲ့ ယိုထိုးပြီး ဌာပနာ သွတ်ထားပါတယ်။
အမှန်တော့ ဝါးခယ်မမှာ မုန့်လုံးကြီး အုန်းနို့ဆမ်း ဆိုတာ ရှိသေးတယ်။ ကောက်ညှင်းကြိတ်ထားတဲ့ မုန့်နှစ်ကို အုန်းသီးယို ဌာပနာပြီး ပေါင်းထားတဲ့ အပေါ်မှာ အုန်းနို့လေး ဆမ်းပေးထားတယ်။ အဲဒီမုန့် လုပ်ရောင်းတာ ကျမတို့ အဒေါ်တော်တဲ့ ဒေါ်ကြင်မြ လက်ရာ အကောင်းဆုံးပါ။ အခုတော့ သူမရှိတော့ပါဘူး။
ဒီမုန့်တွေက ဈေးမကြီး ၊စားလို့ကောင်း၊သန့်သန့်ရှင်းရှင်းရှိတဲ့ အတွက် မြို့ပြန်လက်ဆောင် ပေးလို့ ကောင်းတာကြောင့် ပါလာတဲ့ တတောင်းလုံး မထင်ဘဲ ကုန်သွားပါလေရော။ တချို့ဆို တခါဝယ် အထုပ် ၅ဝ တောင် ဝယ်ကြတာ။ ၅၀၀ဝ ဖိုးဆို သူငယ်ချင်းတွေကို လက်ဆောင် ပေးပါလေ့။
ဒါလေးလည်း ဒီဇင်ဘာ ၂ရ သိမ်ကြီးဈေး သိမ်တော်ကြီးမှာ ကျင်းပမယ့် ဝါးခယ်မ အသင်း နှစ်ပတ်လည်ပွဲ ကျရင် လာရောင်းပေးဖို့ ခေါ်ခဲ့ပါမယ်။
.
.
.
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မုန့်အစိုတွေ အပြင် တာရှည်အထားခံတဲ့ မုန့် အခြောက်တွေလည်း ရွှေခယ်လက်ဆောင် ရှိပါသေးတယ်။
အဲဒါကတော့ ငါးဖယ်မုန့်၊ငှက်ပျောကြော်၊ ကန်ဇွန်းဥကြော် ၊မြေပဲယို၊နှမ်းပျစ်တွေပါ။
ဒီမုန့်တွေက မနှစ်က စားဖူးသူတွေ သိကြပြီးမို့ အထူးညွှန်းနေဖို့ မလိုတော့ ဘူးထင်ပါတယ်။
ဝါးခယ်မ ငှက်ပျောကြော်က ညောင်တုန်းမှာ ရောင်းတဲ့ လက်ရာတွေနဲ့ မတူပါဘူး။
အရောင်ကိုက ကွာပါတယ်။
ကန်ဇွန်းဥကြော်လေးကလည်း ချိုနေတာပါပဲ။
မြေပဲယို နှမ်းပျစ်က သဲမပါ၊အချို မစူးတာကြောင့် စားမိရင် လက်ကမချချင်ပါဘူး။
ဒီဇင်ဘာ ၂ရ သိမ်တော်ကြီး ဝါးခယ်မအသင်း နှစ်ပတ်လည် ကျရင် ကိုယ်တိုင် ကြိုက်သလောက် ထပ်ဝယ်စားလို့ရပါပြီ။
.
.
.
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဝါးခယ်မ လို့ ပြောရင် မုန့်ဟင်းခါးနဲ့ ပုဇွန်ချဉ်က ပါပြီးသားပေါ့။
ဝါးခယ်မ မုန့်ဟင်းခါးကို တချို့က တောချက်တဲ့။ တောချက်လို့ ခေါ်ချင်လည်း ခေါ်ပါ။ ကိုယ့်မူနဲ့ ကိုယ်ရှိဖို့က လိုရင်းပါပဲ။
တကယ်တော့ ဝါးခယ်မမုန့်ဟင်းခါးက မြောင်းမြမုန့်ဟင်းခါးနဲ့ ဆင်ပါတယ်။ ငရုပ်သီးဆီသပ်မပါပါဘူး။
ဆန်မှုန့် အကျက်နဲ့ ချက်ပါတယ်။ ၊ကြက်သွန်ဖြူ ဒါးပြားရိုက်ကို ငရုပ်ကောင်းနိုင်နိုင်ထည့်ပြီး ချက်ထားလို့ ပူပူမွှေးမွှေးလေး ဖြစ်ပါတယ်။ ဆီချက် ၊ပဲမှုန့်အကျက် ဖြူးစားရပါတယ်။
အရင်တုန်းက နာမည်ကြီး ကြက်တညင် မုန့်ဟင်းခါးသည် မမသန်းတို့ အပျိုကြီး ညီအမတတွေ ဈေးထိပ်ကို လှေကလေးနဲ့ လာရောင်းကြတာ လက်မှာ ရွှေလက်ကောက်တွေ ဆယ်ကွင်းစီလောက် ဝတ်နိုင်တာပေါ့။
သူတို့ရောင်းတာ ချိန်ခွင်လေးနဲ့ပါ။ မုန့်ဟင်းခါးကို ၅ကျပ်သား၊၁ဝသား နဲ့ ပြောပြီး ဝယ်စားရတာ ဝါးခယ်မပါပဲ။
မုန့်ဟင်းရည်ကို အကြမ်းသောက်ပန်းကန်လေးနဲ့ အပိုဆောင်းပေးရတာလည်း ဝါးခယ်မထုံးစံပါ။
.
.
.
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒါကတော့ မရောင်းဖြစ်လိုက်တဲ့ ဝါးခယ်မမုန့်တွေအကြောင်းပါ။
ဒီတကြိမ် မုန့်ပွဲတော်က ဒီဇင်ဘာ ၂ရ သိမ်ကြီးဈေး သိမ်တော်ကြီးမှာ ကျင်းပမယ့် ဝါးခယ်မ အသင်းပွဲကျရင် ဒုတိယအကြိမ် Little Wakema လုပ်ဖို့အတွက် အားစမ်းရင်း မုန့်သည်လေးတွေကို လာရောင်းရဲအောင် စည်းရုံးတဲ့ ပွဲပါ။
နောက်ပြီး ဝါးခယ်မမုန့်တွေကို စားဖူးလို့ ကောင်းမှန်းသိသွားတဲ့အခါ/ ဈေးသည့်လေးတွေနဲ့လည်း အဆက်အသွယ်ရသွားတဲ့အခါ ဝါးခယ်မသားတွေရော ဝါးခယ်မရဲ့ ချစ်မိတ်ဆွေတွေရော ကိုယ့်ရဲ့ အလှူမင်္ဂလာ ဆွမ်းကျွေး စသည်မှာ အချိုပွဲအတွက် မှာယူ ကျွေးမွေးနိုင်ရင် ဒို့ ဝါးခယ်မသားတွေ သမ္မာအာဇီဝနဲ့ ဝင်ငွေ တိုးမယ်လို့ မျှော်လင့်လို့ပါပဲ။
ပထမအကြိမ်ဖြစ်လို့ မုန့်သည်တွေက ကျမတို့ စည်းရုံးရေးအဖွဲ့ကို မယုံကြည်သေးပါဘူး။
ဒါ့ကြောင့် အခု ပြတဲ့ ဓာတ်ပုံထဲက ပီလောပီနံရွှေကြည်သည်ဆို သူလုပ်ထားတဲ့ မုန့်ကို ရောင်းနေကျ ဘုရားကြီးလမ်းဒေါင့်မှာ ညနေကတည်းက ရောင်းပစ်လိုက်ပါတယ်။
မမတင်တင်ဝင်း Daw Tin Tin Win က ကျမအတွက် လက်ဆောင် အရအမိ ဝယ်ထားပေးရတာပါ။
ရန်ကုန် ရွှေပုဇွန်မှာ ရောင်းနေကျက ဆန်ရွှေကြည်၊ကောက်ညှင်းရွှေကြည်၊အာလူးရွှေကြည်၊ကွေကာအုတ်ရွှေကြည်တွေပဲ ရှိတာပါ။
ပီလောပီနံရွှေကြည်က ဝါးခယ်မမှာတောင် ဒီတသည်ပဲ ရောင်းပါတယ်။
အင်မတန် တောက်တတ်တယ်။အဆိပ်ရှိတယ် ဆိုတဲ့ ပီလောပီနံကို စားကောင်းအောင် ရွှေကြည်စေးစေးလေးထိုးပြီး အုန်းနို့ပျစ်ပျစ်လေး ဆမ်းစားရတာပါ။
တခါ ဝါးခယ်မပြန်ရင် ၅ဝသား /တပိဿ ာ ဝယ်လာပြီး ရေခဲသေတ္တာထဲ ထည့်ထား ဖြည်းဖြည်းထုတ်စားရပါတယ်။
နောက်ပြီး လာမရောင်းဖြစ်တဲ့ ဈေးသည်တွေက မုန့်ပျစ်စလက် အဖြူအနီ(မုန့်ပျားသလက် လို့လည်း ခေါ်တယ်) ၊ဘိန်းမုန့်၊အေးမုန့်၊ အုန်းသီးကြော်ဖြူးထားတဲ့ သက်ကယ်ရွာက သာကူရွှေကြည်၊ပဲကပ်ကြော်မွမွ နဲ့ ကြက်သွန်ဖြူကြော် တို့ပါပဲ။
ကျမသူငယ်ချင်း ဒေါက်တာ မျိုးသန့်ကတော့ မုန့်နှပ်၊ အောင်ဗလကျော်၊မုန့်ကြိုးလိမ်တွေ စားချင်ပါသတဲ့။
ကျမကတော့ ငယ်ငယ်က စားရတဲ့ ဖက်ကလေးကို ကတော့ထိုးပြီး ထန်းလျက်ရည်နဲ့ မုန့်နှစ်ရောထည့်ပြီးပေါင်းထားတဲ့ မုန့်ဖက်ကတော့ရယ်၊
ဦးခင်ဖေတို့ အမေ အန်းမကြီးရောင်းတဲ့ အကြမ်းပန်းကန်လုံးထဲ ဆန်မှုန့်ခြစ်ထည့် ၊အုန်းယိုလေးမြှုပ်၊အပေါ်က ပဲလွန်းဖြူပြုတ်လေးဖြူးပြီး ရေနွေးပူပူအိုးလေးပေါ်မှာ ခင်းထားတဲ့ ပိတ်စပေါ်ကို မှောက်ချပြီး စလောင်းဖုံးလေး အုပ်လုပ်ရတဲ့ မုန့်ပေါင်းရယ်၊
အရှေ့ပိုင်းက ဒေါ်အေးချစ်ရောင်းတဲ့ ထန်းသီးစစ်စစ်နဲ့ လုပ်တဲ့ ထန်းသီးမုန့်ရယ်။
မုန့်လုံးကြီးအထဲမှာ ဘိုကိတ်ပဲပြုတ်ကို ထန်းလျက်နဲ့ ထိုးတဲ့ ယိုလေးကို ဌာပနာပြီး ရွှေကြည်အိုးပြန့်ပြန့်နဲ့ အပေါ်မီးအောက်မီးဖုတ်ထားတဲ့ မုန့်လုံးကြီး ကြပ်တိုက်ရယ်၊
အဲဒါတွေကိုလည်း လွမ်းမိပါတယ်။
မေတ္တာကြယ်စင် တံဆိပ်ကတော့ မူကြို ရံပုံငွေတွက် ကျန်းမာရေးနဲ့ ညီညွတ်သော မုန့်ဟင်းခါး မို့ အငန်/အချိုမှုန့် လျှော့ထားပါတယ်။
ရွှေညာ/ချင်းမ စတဲ့ တံဆိပ်တွေ လည်း ရောင်းနေပါတယ်။
ပုဇွန်ပေါတဲ့အရပ်ဖြစ်တဲ့ ဝါးခယ်မရဲ့ ပုဇွန်ချဉ်ကတော့ စားဖူးသူတိုင်း ကြိုက်တဲ့ နာမည်ကျော်ပါ။
စူပါမားကက်တွေမှာ ရောင်းနေတာတွေနဲ့ မတူ၊အသားများများ မာမာလေးမို့ မနှစ်က နှစ်ပတ်လည်မှာ ရောင်းပြီးကတည်းက ဝါးခယ်မ ပုဇွန်ချဉ်ဟာ ဟောင်ကောင်၊စင်္ကာပူ၊ထိုင်ဝမ်သာမက ဩစတေးလျားထိ ရောက်ပြီးပါပြီ။ အမေရိကားသာ အစားအသောက် ကန့်သတ်တာကြောင့် မရောက်ဖြစ်သေးပါဘူး။
17 comments
ဇီဇီခင်ဇော်
November 27, 2015 at 3:40 pm
မြေပဲယို/နှမ်းပြစ်
ပုဇွန်ချဉ်
ငါးခြောက်
မုန့်ဟင်ခါးး
အလွန်ကောင်းတယ်ဆိုတာ အာမခံပါကြောင်းး
:k:
အားကျတယ်။
ဒီတခါ မန်းလေးကို ဘုရားပွဲနဲ့ တိုက်ပြန်ပြီး ကြော်ငြာအူးမှပါ။
:chit:
padonmar
December 2, 2015 at 9:05 pm
ကျေးဇူးပါ ဇီကလေး
မန်းလေးလို မြို့ကြီးက ဘုရားပွဲနဲ့ ကြော်ငြာဖို့ မလိုဘူးလေ။
Ma Ma
November 27, 2015 at 7:44 pm
အုန်းကောက်ညှင်းကို တစ်ယောက်ထဲတစ်ဘူးကုန်အောင် အားပေးထားတာမို့ အမှန်အကန်ကောင်းကြောင်းထောက်ခံပါတယ်။
ရောင်းတဲ့နေ့မှာ အားပေးဖို့ စားအားကောင်းသူတွေကိုလည်း စုဆောင်းထားပြီးပြီ။
padonmar
December 2, 2015 at 9:06 pm
အဲလို ထောက်ခံစာပေးအောင် အဝကျွေးထားတာ။ငါကွ။
ဦးကြောင်ကြီး
November 28, 2015 at 1:28 pm
အဆိုးလ ျဘဏ်တွေကို သွားသဒိလ ျတယ်… ငွေလာထုတ်တဲ့ လှုပ်ငမ်းရှင်တွေကို အတင်းမဝယ်မနေလ ျ ဝယ်ခိုင်းဒါ…။ ကဲကဲ အားပေးလိုက်ကြပါ… ဒီခ ျုပ်အစိုးလ ျ မတပ်ခင်..
padonmar
December 2, 2015 at 9:07 pm
အစိုးမရဘဏ်နဲ့ ဘာဆိုင်လို့လဲ။
ကြောင်သားကင်လည်း ရတယ်နော်။
Ko Two
November 28, 2015 at 11:27 pm
မုန့်ဈေးတန်းပုံလဲ ပါဘု
padonmar
December 2, 2015 at 9:45 pm
ကွန်မန့်က 5825 နဲ့ဆိုတော့ ဒါဘူလေးလား။
မြစပဲရိုး
December 2, 2015 at 9:48 pm
အစ်မဒုံ – မြန်မြန်ပြေး။ နောက်မှာ ကပ်ပါလာနေပြီ။
သများ ဒါဘဲ သတိပေးမယ်။ ဟွန့်၊
padonmar
December 3, 2015 at 8:34 pm
အပြေးကလည်း မသန် ကိုးနတ်ရှင်ကလည်း မဖေးမ ရွာသဂျီးကလည်း စိတ်ကြီးဝင် ဆိုတော့ ကျော်ပါစေတော့ မလတ်ရယ်။
စိတ်နဲ့ ရေးနေတာတွေတော့ အများကြီး။
ကျောက်စိမ်း တိန်ညင်
November 29, 2015 at 1:19 pm
သတိရတယ် …..
သတိရတယ် …..
ဝါးခယ်မပုစွန်ချဉ်က ဘာလို့ ထမင်းစေ့ပျောက်နေလဲ ရှင်းရတာအမော
ထမင်းစေ့နဲ့ ပုစွန်အကောင်လို ပါစွန်ချဉ်နဲ့ အကောင်ပျောက် ကြိတ်ချဉ် ပုစွန်ချဉ်ကို ခွဲပြောရတာလည်း မောတာပဲ …
ငါးရံ့ခေါင်းကျပ်တိုက်
ငရှဥ့်ကျပ်တိုက်
ကဒက်ချဉ်
ပုစွန်ဥလှော် …. အဲ့လာတွေလည်း လွမ်းမိပါရဲ့ ….
padonmar
December 2, 2015 at 9:51 pm
ပုဇွန်ဥကတော့ သိပ်ကြိုက်ပေမယ့် မစားသင့်တော့ပါဘူးအေ။
အဲသလိုနဲ့ ပုဇွန်တွေ ရှားလာတာ။
ကတက်ချဉ်ကလည်း ဒို့ဆီမှာ ရာဘာပင်မရှိတော့ အစစ်ရတယ်။
ထမင်းကို ကတက်ချဉ်သုတ်နဲ့ စားရရင် ဘာဟင်းမှ မလိုဘူး။
ငါးရံ့ ကို စပါးလင်နဲ့ တုပ်ချက်တာလေးရော မစားချင်ဘူးလား။
ဝင်းဦး ရှိတုံးက မန်းလေးနဲ့ ဝါးခယ်မ ၂နေရာပဲ သီချင်းလိုက်ဆို ပြဇာတ်ကတယ်တဲ့၊(နောက်တော့ မော်လမြိုင်လည်း သွားတယ်ထင်ရဲ့)
သူလာရင် ငါးရံ့ တုပ်ချက်လေးရယ်၊ပုဇွန်ဆီရယ်၊နံ့သာပု ငှက်ပျောသီးရယ် စားချင်လို့ ဆိုပြီး ချက်ကျွေးရတတ်တယ်တဲ့။
အောင် မိုးသူ
November 30, 2015 at 9:38 am
အာဒက် နဲ့ ပုစွန်ချဉ် စိတ်ဝင်စား
padonmar
December 2, 2015 at 10:27 pm
စိတ်ဝင်စားရင် လာစားပါ ဘကြီးအောင်။
Shwe Ei
December 4, 2015 at 11:23 am
-သိမ်တော်ကြီးက ဘယ်နားမှာလဲ အန်တီ ???
Alinsett @ Maung Thura
December 11, 2015 at 4:25 pm
မုန့်တွေကိုတော့….သိပ် မက်မက်မောမော မရှိမိ…
ပုစွန်ချဉ်တော့…. အခုတောင်…စားချင်လာပြီ…
ရှလွတ်…
.မုန့်လင်မယား ကို..ဖွေးဖွေးနဲ့ ညားပြီးနောက်တစ်နေ့မှာ…အတူတကွ မြိန်ရှက်စွာ စားမည်.။
Shar Thet Man
May 15, 2018 at 1:39 pm
ပုဇွန်ချဉ်ဆို ပဲခူးမနီကိုတော့ ရှယ်စားတာ..အများကြီးပဲ..ကြိုက်လွန်းလို့ ပဲခူးရောက်ရင်ကို ဝယ်ရတာမနည်းမနောပဲ။ ခုဝါးခယ်မ
ပုဇွန်ချဉ်လည်းကောင်းတယ်ဆိုတော့ မှတ်ထားဦးမှပဲ။