မဖယ်စကောင်း ဖယ်စကောင်း
“မဖယ်စကောင်း ဖယ်စကောင်း ”
တရုပ်ပြည်နယ်စပ်မြို့ဖြစ်တဲ့ကျုယ်ခေါင်ထဲမှာနေပြီး စာအုပ်အနီကိုင်ထားတဲ့သူတွေကတစ်ပါတ်တစ်ခါ
တော့ မြန်မာပြည်ဘက်ကို အထွက်ပြကြရပါတယ်။
ထွက်ပြီးရင်ပြန်ဝင်ပေ့ါ။
ပြီးခဲ့တဲ့ဥပုဒ်နေ့ကတော့ အပြင်ထွက်ရမယ့်ရက်နဲ့ အလုပ်ပိတ်ရက်ဆုံတော့
တစ်ချက်ခုတ်နှစ်ချက်ပြတ် ဘုရားဖူးထွက်ရင်ကောင်းမယ်လို့ စဉ်းစားမိပါတယ်။
ဘယ်သွားရင်ကောင်းမလဲလို့ရုံးက ကလေးတွေနဲ့ တိုင်ပင်ကြည့်တော့မူဆယ်ဘက်က
လှိုဏ်ဂူဘုရားကိုသွားမယ် ဘုရားကအပြန် မှာနမ်းခမ်းဘက်သွားတဲ့လမ်းက
က္ကစာ္ဆာသယတောင်ကိုသွားမယ်ဆိုပြီး ခရီးစဉ်ဆွဲလိုက်ကြပါတယ်။
အားလုံးပေါင်းရှစ်ယောက်။
မနက်ရှစ်နာရီလောက်အပြင်ထွက် အသွားလမ်းမှာရှိတဲ့
ရှမ်းခေါက်ဆွဲဆိုင်လေးမှ ဝင်စားလိုက်ကြပါတယ်။
တစ်ပွဲငါးရာ အတော်လေးစားလို့ကောင်းပါတယ်။
တိုဟူးကျော်တွေဝက်ခေါက်ကြော်တွေထည့်စားတာမှ ငါးထောင်ဘဲကျပါတယ်။
စားသောက်ပြီးကြတော့လှိုဏ်ဂူဘုရားကိုသွားကြတာပေါ့။
လှိုဏ်ဂူဘုရားက မူဆယ်မြို့ကနေ မန်းလေးဘက်ထွက်တဲ့လမ်းမှာပါရှိတာပါ။
မြို့နဲ့သိပ်မဝေးပါဘူး။
ဆင်ဖြူဂိတ်ကနေဆယ့်ငါးမိနစ်လောက်မောင်းလိုက်ရင် ဘုရားသွားတဲ့လမ်းခွဲကို
ရောက်သွားပါတယ်။
ဘုရားမုဒ်ဦးအဝင်ဝမှာကားထားပြီး ဘုရားတောင်ကုန်းလေးပေါ်ကိုတက်ခဲ့ကြပါတယ်။
သိပ်မမြင့်တော့ သက်တောင့်သက်သာပါဘဲ။
ဘုရား ဝင်ဝင်ခြင်း ဘယ်ဘက်ခြမ်းမှာ လှိုဏ်ဂူလေးရှိပါတယ်။
လှိုဏ်ဂူထဲကိုအပြန်မှဝင်မယ်ဆိုပြီး အောက်ဖက်ကိုဆင်းခဲ့ကြပါတယ်။
အဝင်စနားလေးမှာရေတံခွန်လေးလိုလုပ်ထားတဲ့နေရာလေးမှာအုပ်စုလိုက်ဓါတ်ပုံတွေရိုက်ကြပါတယ်။
ပြီးမှအုတ်လေခါးလေးကနေအပေါ်ဖက်ကိုတက်ခဲ့ကြပါတယ်။
လမ်းတစ်ဘက်ကတော့ တောင်နံရံအမြင့် တစ်ဖက်ကတော့ ရေမြောင်းကလေးရှိပါတယ်။
ရွှေရောင်ဝင်းနေတဲ့လျောင်းတော်မူ ကိုယ်တော်ကြီးရဲ့အရိပ်ကရေထဲမှာကျနေပုံက
ဖူးမြင်ရသူအဖို့ စိတ်ကြည်နူးစေပါတယ်။
သစ်ရိပ်ဝါးရိပ်နဲ့ရေကြည်တွေစီးဆင်းနေတဲ့မြောင်းလေးတွေနဲ့ဆိုတော့
အေးမြတဲ့ရသကိုခံစားရပါတယ်။
ရေအိုင်လေးထဲမှာကလေးတွေ ရေဆင်းဆော့နေတာမြင်ရတော့
သူတို့လိုတောင် ရေဆင်းဆော့ချင်စိတ်ပေါက်လာမိပါတယ်။
ရပ်တော်မူဘုရားဘေးနားကနေ ဖြတ်လျောက်ပြီး ဘုရားဆင်းတုတွေတန်းစီထားတဲ့နေရာမှာ
ဘုရားကန်တော့ပြီး
အရှေ့ဘက်အဆုံးမှာရှိတဲ့ဘုရားကိုဖူးပြီးပြန်အထွက် ဂူဘုရားထဲကိုဝင်မယ်လုပ်တော့
လူတွေစည်ကားနေတာနဲ့မဝင်ဘဲ က္ကစာ္ဆာသယတောင်ကိုသွားဘို့ ခရီးဆက်ခဲ့ကြပါတယ်။
အဲဒီကိုသွားမယ်ဆိုတော့ မနက်ဆယ်နာရီလောက်ဘဲရှိပါသေးတယ်။
ထမင်းစားဘို့စောသေးတော့ တောင်ပေါ်ဘုရားကိုအရင်သွားဖူးပြီးမှဘဲထမင်းစားမယ်လို့ ဆုံးဖြတ်လိုက်ကြပါတယ်။
မူဆယ်စက်မူ့ရပ်ကွက်ကြီးကိုဖြတ်ပြီ း နမ်းခမ်းဘက်သွားတဲ့လမ်းဘက်ကိုဆင်းလာခဲ့ကြပါတယ်။
မန်ဝိန်းဂိတ်ပေါက်အလွန်ရောက်တဲ့အခါ
ကားအသွားအလာနည်းနည်းများတော့ တစ်လမ်းလုံးဖုံတထောင်းထောင်းနဲ့ပါဘဲ။
ဒါပေမယ့်လည်း ကားအသွားအလာဝေးသွားတဲ့အခါ
လမ်းဘေးတစ်ဘက်တစ်ချက်က လယ်ကွင်းစိမ်းစိုစိုတွေမြင်နေရတော့
မျက်စေ့အေးလှပါတယ်။
ဒီတောင်ကလည်း ကျယ်ခေါင်-မူဆယ်ကနေ လှမ်းကြည့်ရင်မြင်နေရတဲ့တောင်ပူုစာလေးပါဘဲ။
“တောင်ပေါ်မှာဘုန်းကြီးကျောင်းတစ်ကျောင်းရှိတယ် ရွှေလီမြစ်ကြီးကိုလှမ်းမြင်နေရတယ်
သာယာတယ်”လို့ မိတ်ဆွေတစ်ယောက်ပြောပြဘူးလို့ သွားချင်နေခဲ့တာကြာပါပြီ။
နာရီဝက်လောက်ကားမောင်းလိုက်မိရင်ဘဲ
လမ်းညာဘက်ခြမ်းမှာတောင်ပေါ်ဘုရားကိုတက်ဘို့အတွက်မုဒ်ဦးကြီးကို
တွေ့လိုက်ရပါတယ်။
တောင်တက်လမ်းက သိပ်တော့မကျယ်ပါဘူး။
ကွန်ကရစ်လမ်းခင်းထားတာရယ် တောင်က သိပ်မမတ်တာရယ်ကြောင့်
သက်တောင့်သက်သာနဲ့ဘဲကားလေးက တောင်ပေါ်ရောက်သွားပါတယ်။
တောင်ပေါ်ရောက်တာနဲ့မြင်လိုက်ရတဲ့မြင်ကွင်းကအတော်ကိုသာယာလှပါတယ်။
နှစ်သက်တမ်းအတော်ရင့်တဲ့ ညောင်ပင်ကြီးရဲ့အရိပ်ကလဲ ကျောင်းပုရဝုဏ်ထဲ
ဝင်လာသူကိုအေးမြစေတာအမှန်ပါဘဲ။
ကျနော်တို့ကျောင်းထဲရောက်တဲ့အချိန်မှာတော့ ဆရာတော်တွေကိုဆွမ်းကပ်ဘို့
ပြင်ဆင်နေတဲ့အမျိုးသမီးတွေကိုတွေ့ရပါတယ်။
ပါလာတဲ့အဖွဲ့တွေကတော့ ဆရာတော်ကိုဝင်ပြီး ဝတ်ပြု။
ကျနော်ကတော့ ဘယ်နားနေဓါတ်ပုံရိုက်ရင်ကောင်းမလဲဆိုပြီး လှည့်ပါတ်ကြည့်နေပါတယ်.။
အဲတော့ကတိမ်တွေကအဆုပ်လိုက်အခဲလိုက်ရှိနေတာရယ်
ပြာလွင်နေတဲ့ကောင်းကင်ကြီးရယ်
ရင့်မှည့်စပြုလို့အဝါရောင်သန်းနေတဲ့လယ်ကွက်တွေနဲ့စိုက်ပျိုးထားတာမကြာသေးလို့
စိမ်းနေတဲ့ပြောင်းခင်းတွေရယ်က
သဘာဝတရားကိုလှသထက်လှအောင်ဝိုင်းပြီး
အလှဆင်ပေးနေသလိုပါဘဲ။
အဲဒီအလှတွေကိုပိုပြည့်စုံအောင်ဖြည့်ဆည်းပေးနေတာကတော့
တရုပ်ပြည်ကိုဖြတ်စီးပြီးထွက်လာတဲ့ ရွှေလီမြစ်မင်းပါဘဲ။
ကျနော်တို့အဖွဲ့လဲ ကျောင်းတောင်ဘက်ခြမ်းမှာရှိတဲ့ညောင်ပင်ကြီးအောက်မှာ
အေးအေးလူလူ နားကြ ပါလာတဲ့မုန့်တွေအဆာပြေစားကြရင်း
ပါတ်ဝန်းကျင်အလှအပတွေကို ငေးမောလို့ဝတဲ့အခါ ပြန်ဘို့ပြင်ကြပါတယ်။
တောင်ပေါ်ကနေကျနော်တို့ဆင်းလာတော့ ဆယ့်နှစ်နာရီထိုးခါစဘဲရှိပါသေးတယ်။
ထမင်းစားချိန်ရောက်ပေမယ့်လည်း ဒီအနီးအနားမှာ ထမင်းဆိုင်ကောင်းကောင်းမရှိတာရယ်
နောက်နာရီဝက်လောက်နေရင် မူဆယ်ဘက်ရောက်မှာဆိုတော့
ဟိုရောက်မှဘဲ စားနေကျဆိုင်မှာထမင်းစားမယ်လို့ တွက်ထားကြပါတယ်။
ကျနော်တို့လာလိုက်ကြတာ နယ်စပ်ခရီးသွားလာရေးရုံးနားကိုလဲရောက်ရော
ကားတန်းရှည်ကြီးကိုမြင်လိုက်ရပါတယ်။
ရှေ့ဆက်ပြီးသွားလို့ မရတော့ ကားပေါ်ကဆင်းပြီးမေးတဲ့အခါ
လမ်းပိတ်နေတာ တစ်နာရီကျော်လောက်ရှိပြီပြောကြပါတယ်။
ကျနော်တို့ကားလည်းသူများနည်းတူရပ်ထားရတော့တာပေါ့။
နမ်းခမ်းကနေပြန်လာလို့ မူဆယ်ကို ဝင်ရင် ဒီတစ်လမ်းဘဲရှိပါတယ်။
စက်မူ့ဘက်ကို ကွေ့ ပါတ်သွားလို့ရမယ့် ဖြတ်လမ်းရှိပေမယ့် ကျနော်တို့ရောက်နေတဲ့နေရာနဲ့ဆိုရင်
အဲဒီနေရာကအတော်လှမ်းပါသေးတယ်။
လမ်းကျဉ်းကျဉ်းလေးထဲမှာ ဟိုဘက်ရောက်ဒီဘက်ရော
ကားတန်းက သုံးတန်း ဖြစ်နေပြီး လမ်းတွေပိတ်နေပါတယ်။
ကားတွေပိတ်ကျပ်ညှပ်နေတဲ့ကြားထဲမှာ ဆိုင်ကယ်တွေကတော့ ကွေ့ကောက်ပြီး
ရှေ့ရောက်အောင်မရမက ဇွတ်အတင်းတိုးပြီးသွားနေကြပါတယ်။
ကျနော်တို့လဲလမ်းခဏလောက်ဘဲ ပိတ်တယ်ထင်ပြီးကားထဲမှာထိုင်နေပါတယ်။
အဲဒီနေ့ကနေအတော်လေးပူပါတယ်။
နာရီဝက်လောက်ကြာတော့ ပူတဲ့ဒဏ်မခံနိုင်တော့တာနဲ့အပြင်ထွက်လိုက်ပါတယ်။
အပြင်ရောက်တော့မှကိုယ့်ထက်အရင်ရောက်နေသူကို စုံစမ်းစပ်စု လုပ်ရပါတယ်။
ဘယ်နားက စပိတ်လဲလို့ မေးတော့ မန်ဝိန်းပေါက်ကနေစပိတ်တာလို့ဆိုပါတယ်။
ဒါနဲ့ဘဲ ကျနော်ရယ် ကားမောင်းတဲ့ကလေးရယ်က ရှေ့ဆက်လမ်းလျောက်ပြီး
ကြည့်လိုက်တော့ တစ်နေရာမှာ လမ်းပြောင်းပြန်ရပ်ပြီး ထားတဲ့ ဆယ့်နှစ်ဘီးကား
တစ်စီးကိုတွေ့ရပါတော့တယ်။
“ပြောင်းပြန်ရပ်ထားတဲ့ကားကို မဖယ်ခိုင်းဘူးလားလို့”
ကားနားရပ်နေတဲ့လူတစ်ယောက်ကို မေးကြည့်တော့
“ဒီဘက်လမ်းတွေက လူတွေက တစ်ယောက်နဲ့တစ်ယောက်ကပ်တယ်။
ပြောလဲဖယ်မှာမဟုတ်ဘူး”လို့ပြန်ဖြေပါတယ်။
ကျနော်လဲ လမ်းပြောင်းပြန်ရပ်ထားတဲ့ကားနားကိုသွားကြည်တော့
မျက်နှာခပ်တင်းတင်းနဲ့ လူလတ်ပိုင်းတစ်ယောက် ကိုကားပေါ်မှာတွေ့ရပါတယ်။
“ညီလေး ရေ လမ်းပြောင်းပြန်ရပ်ထားတာလေးဖယ်လိုက်ရယ်
လမ်းနည်းနည်းတော့ ပွင့်သွားမယ်ထင်တယ်” လို့စကားစလိုက်တော့
“ကျုပ်တို့က ဒီနားတင်ည အိပ်လဲ ဘာမှ မဖြစ်ဘူး “လို့ ပြန်ဖြေပါတယ်။
“ညီလေး က လမ်းပြောင်းပြန်ရပ်ထားတာ ဖယ်လိုက်ရင် ဒီဘက်က ကားတွေသွားလို့ရတာပေါ့“လို့ပြောလိုက်တော့
“လူပါးဝ စကားပြောလို့ သေချာရပ်ထားတာ”လို့ ခပ်တင်းတင်းပြန်ပြောပါတယ်။
သူကဘဲဆက်ပြီး
“ကျုပ်ကားကိုလဲဇွတ်ကျော်တက်သေးတယ် လူပါးဝစကားလဲပြောသေးတယ်။
အဲတော့ လမ်း ပြောင်းပြန်ရပ်တယ် ကြိုက်တဲ့ကောင် လာခဲ့လို့ ရတယ်”
လို့ မာန်ပါပါနဲ့ပြောပါတယ်။
“ညီလေးရေ အဲဒီလူ လူပါးဝသွားတာဘယ်သူမှသိမှာမဟုတ်ဘူး။
အခုအချိန်မှာတော့ မင်းလမ်းပြောင်းပြန်ရပ်လို့
လမ်းပိုပိတ်တယ်လို့ဘဲအားလုံးကထင်မှာဘဲ”
လို့ပြောလိုက်ပါတယ်။
“ မိုက်ရိုင်းသူတစ်ယောက်ကြောင့်
မဆိုင်တဲ့သူတွေက ကြားကဒုက္ခခံရတာပေါ့ကွာ။
အချို့တွေက ခရီးဆက်သွားမယ့်သူတွေလဲပါတယ်လေ။
ငါ့ညီက သဘောထားကြီးကြီးနဲ့ဖယ်ပေးလိုက်ပါကွာ” လို့ပြောတော့
သူနည်းနည်းတော့ မျက်နှာကြောလျော့သွားပါတယ်။
“ ကဲဗျာ ကျနော် ကားဘေးချ ပေးမယ် နောက်ဆုတ်လို့ရအောင်တော့ ရှင်းပေး“လို့ဆိုတာနဲ့
အားလုံးက ဝိုင်းပြီး သူ့ကား နောက်ဆုတ်လို့ရအောင် ဝိုင်းကူပြီးရှင်းပေးကြပါတယ်။
သူ့ကား ဖယ်လိုက်တော့ တစ်ဖက်လမ်းကြောပွင့်သွားပါတယ်။
ဒီလမ်းပေါ်မှာပိတ်နေတာ ကားအစီးရေက ဟိုဘက်ဒီဘက်ရာချီပြီးရှိနေပါတယ်။
အဲဒီညီလေးက လမ်းဖယ်ပေးလို့သာ တစ်ဖက်က ကားတွေသွားလို့ရနေပေမယ့်
ကျနော်တို့ကားရှိတဲ့ဘက်ကတော့တစ်လှိမ့်မှမရွှေ့ရသေးပါဘူး။
တောတော်လေးကြာတော့ ကားထဲက ကလေးတွေလဲ ပူလွန်းတော့ မနေနိုင်တော့ပါဘူး၊
အနီးအနားမှာ ထိုင်စရာ စားစရာ ဆိုင်ရှိလိုရှိငြားအပြင်ထွက်လာကြပါတယ်။
ဒီနေရာမှာရပ်နေရတာ တစ်နာရီကျော်လောက် ကြာပြီဆိုတော့ ဘိုက်လဲဆာ ရေလဲငတ်ပေါ့။
ကံကောင်းချင်တော့ ကျနော်တို့ ရပ်နေရတဲ့နေရာနဲ့အတော်လှမ်းလှမ်းမှာ ကျနော်တို့ထဲက
သူနဲ့ သိတဲ့ ဆိုင်လေးတစ်ဆိုင်ရှိတယ်လို့ဆိုပါတယ်။
အတော်လေးလမ်းလျောက်လိုက်တော့ အဲဒီဆိုင်ရောက်သွားပါတယ်။
အဲဒီဆိုင်ကထိုင်စရာပေး ယပ်တောင်တွေထုတ်ပေး သောက်ရေသန့်ဘူးတွေချပေး
ဆိုတော့ အတော်လေးကိုအဆင်ပြေသွားပါတယ်။
“ အခုနောက်ပိုင်း လမ်းက ခဏခဏ ပိတ်တာ ၊
တစ်ခါတစ်လေ တစ်ရက်လုံးနီးပါးဘဲ။
ကံကောင်းရင်လေးငါးနာရီ။
ကုန်ကားတွေက တနေ့ထက်တနေ့များလာ။
ကိုယ့်လမ်းနဲ့ကိုယ်မမောင်းဘဲ မောင်းချင်သလိုမောင်း။
ပြီးရင်တစ်ယောက်နဲတစ်ယောက်အလျော့မပေး လမ်းမဖယ်ဘဲ
ခေါင်းချင်းဆိုင်ပြီးရပ်ချင်ရပ်နေကြတာ။
စိတ်ပျက်ဘို့ကောင်းတယ် “လို့ ဆိုင်ရှင်ကောင်မလေးပြောပြတာကြားရတော့
ရင်ထဲဆို့သွားသလိုပါဘဲ။
ကျနော်တို့ထိုင်နေတာတစ်နာရီကျော်လောက်ရှိပေမယ့် ကျနော်တို့ကားကတော့ ရောက်မလာသေးပါဘူး။
နည်းနည်းခြင်းရွှေ့လို့တော့ လာနေပါတယ်။
ဟိုဘက်ယာဉ်တန်းကတော့ ကျနော်တို့ဘက်တဲ့စာရင်မြန်မြန်လေးရွှေ့နေပါတယ်။
ထိုင်နေရင်းကကျနော်တို့ ဘိုက်ဆာလာပါတယ်။
ဆာဆို နေ့လည် နှစ်နာရီတောင်ရှိနေပါပြီ။
အနီးအနားမှာကြည့်လိုက်တော့ တရုတ်ထမင်းဆိုင်လေးတစ်ဆိုင်တွေ့ပါတယ်။
လူတော့ အတော်လေးစည်ပါတယ်။
ဒါနဲ့အုပ်စုလိုက်ထမင်းစားမယ်ဆိုဝင်လိုက်ကြပါတယ်။
ကားပေါ်ကကောင်လေးအတွက်တော့ ထမင်းဘူးနဲ့ထည့်ပြီး ပို့ပေးမယ်ပေါ့။
စားချင်တဲ့ဟင်းတွေမှာ အမြန်လုပ်ပေးပါ လို့ ပြောထားပေမယ့်
နာရီဝက်ကျော်လောက်ကြာတာတောင်ဟင်းကရောက်မလာ။
ရောက်မလာဆို လူကလဲအတော်လေးများနေတာကိုး။
ကျနော်တို့ ဟင်းပွဲတစ်ပွဲစရောက်တဲ့အချိန်မှာ ကျနော်တို့ကား လဲ ကျနော်တို့နားရောက်လာတာနဲ့
ကားကို ကားတန်းထဲက ထွက်ပြီး ထမင်းဆိုင်နားမှာရပ်ခိုင်းရပါတယ်။
ကျနော်တို့ထမင်းစားနေတုန်းမှာဘဲ ခရာသံတတွီတွီနဲ့မော်တော်ပီကယ်တွေရောက်လာပါတယ်.။
ကားတွေကို တစ်စီးပြီးတစ်စီး ဖြည်းဖြည်းချင်းထွက်ခိုင်း။
သူများလမ်းကြောထဲဝင်ရပ်ထားတဲ့ကားတွေကို ဖယ်ခိုင်း။
ဟိုဝင်ဒီထွက်ကွေ့ကောက်ပြီး ရှေ့ရောက်အောင်မောင်းနေတဲ့မော်တော်ဆိုင်ကယ်တွေကိုလည်း
တန်းစီပြီးရပ်ခိုင်းလုပ်တော့မှ လမ်းကြောက နည်းနည်းခြင်းပွင့်လာပြီးကားတွေသွားတာမြန်လာပါတယ်။.
ကျနော်တို့လည်းစားသောက်ပြီးတဲ့အခါ နာရီကြည့်လိုက်တော့ ညနေသုံးနာရီကျော်နေပါပြီ။
ကားတွေ့တရွှေ့ရွှေ့သွားနေပေမယ့် ကားအစီးရေ ရာချီပြီးရှိနေပါသေးတယ်။
ကျနော်တို့လဲ ကားတန်းထဲဝင်စီပြီး တစ်လှိမ့်ချင်းရှေ့ဆက်ခဲ့ရပါတယ်။
အတော်လေးကြာမှ စက်မူ့ ဘက်ကို ဝင်လို့ရတဲ့ နေရာရောက်မှ ကားကွေ့ပြီးဝင်ခဲ့ရပါတယ်။
အရင်က ကားအသွားအလာသိပ်မရှိတဲ့ ဒီလမ်းကြားလေးမှာတောင်
ကားတွေဆက်နေပါတယ်။
လမ်းရယ်လို့မဆိုနိုင်တဲ့လမ်းလေးမှာကားက တလူးလူးတလိမ့်လိမ့်နဲ့
ခပ်ဖြေးဖြေးချင်းမောင်းလို့လာပါတယ်။
ကျယ်ခေါင်ထဲပြန်ဝင်မယ့် ဂိတ်ပေါက်ရောက်တော့ ညနေလေးနာရီကျော်နေပါပြီ။
ဘာကြောင့်လမ်းတွေအခုလိုပိတ်သလဲလို့ စဉ်းစားကြည့်မိတဲ့အခါ
လမ်းကျဥ်းတာရယ် စည်းကမ်းမရှိတာရယ်ကြောင့်ပါ။
အချို့ကတော့ လမ်းပြောင်းပြန်ရပ်ထားတာ ကိုယ်ကစည်းကမ်းဖောက်ထားတာကိုဘဲ
ငါလုပ်ရဲတယ် ဆိုတဲ့ တလွဲ မာနတွေ
တစ်ယောက်နဲ့တစ်ယောက်အနိုင်မခံအရှုံးမပေး လမ်းလုကြတာတွေ
ငါရှေ့ရောက်ရင်ပြီးရောဆိုပြီး သူ့လမ်းကိုယ့်လမ်း မရှောင်ဇွတ်တိုးကြတာတွေ
ကိုယ်ချင်းစာနာစိတ်မရှိတာတွေကြောင့်လမ်းမပိတ်သင့်ဘဲပိတ်ကုန်တာလို့မြင်မိပါတယ်။
တွေးရင်းတွေးရင်းကနေ အတွေးတွေဆက်သွားတော့
လမ်းပိတ်တယ်ဆိုတာကတော့ အချိန်တန်ရင်ပွင့်သွားမှာအမှန်ပါဘဲ။
တစ်တိုင်းတစ်ပြည်လုံးနဲ့သက်ဆိုင်တဲ့ အရေးကိစ္စတွေမှာသာ
ဖယ်သင့်သူက မဖယ်ဘဲ လမ်းပိတ်ထားမယ်ဆိုရင်
လို့တွေးပြီး ရင်မောမိတာအမှန်ပါဘဲ။
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
15-10-2015
6 comments
ကိုပေါက်(မန္တလေး)
October 16, 2015 at 12:07 am
ထပ်နေတယ်ဗျာ
ဖုန်းနဲ့ဆိုတော့ ပြင်လို့ခက်နေတာ
ပြင်နိုင်သူက ပြင်ပေးစေချင်ပါတယ်
Mike
October 16, 2015 at 10:34 am
.ကိုပေါက်ရယ်..ဓါတ်သေလေးတွေနဲ့ရောတင်ရင်ပိုကောင်းမှာဗျ…
.ရန်ကုန်အပါအဝင် မြို့တော်တော်များများမှာလမ်းပိတ်တာ အဲ့လိုတွေကြောင့်များပါတယ်
ကိုပေါက်(မန္တလေး)
October 16, 2015 at 10:51 am
ကိုမိုက်ရေ
ဓါတ်ပုံတော့ရိုက်လာသေးတယ်
ကားနံပါတ်တွေပါနေတာနဲ့မတင်တာပါ
Shwe Ei
October 16, 2015 at 1:41 pm
-ရှုခင်းတွေအကြောင်းရေးထားတာ .. တော်တော်သာယာမယ်လို့ မှန်းလို့ရတယ်
-လေးပေါက်ရေ..ဒတ်ပုံကျိရရင်တော့ ပိုကောင်းမယ်..
-အခုတစ်လော နေရာအနှံ့မှာ..ဒေါသအပြည့် မောဟ အပြည့်နဲ့ နေရာလုနေကျတာတွေ
-တွေ့ရတော့…သံဝေဂ တောင် ရမိသလိုလို 😛
-လမ်းမှားနေမှန်းသိသိနဲ့ မျက်နှာပြောင်တိုက်သူကတစ်မျိုး..
-လမ်းမှန်နေလို့ဆိုပီး…ဖိပြောလိုက်မယ်..ဖိဆဲလိုက်မယ် ဆိုတဲ့သူက တစ်မျိုး
-ဘဒူ ဘာပျောပျော ပြန်ပြောပလိုက်မယ်လို့ ပြင်ဆင်ထားပီး .. လက်ပါချင်သူက တစ်မျိုး
-အေးအေးချမ်းချမ်းမရှိကြတာတော့အမှန်ဘဲ..
-လူတွေ ဒေါသကြီး လာရင် ကမ္ဘာပျက်ဖို့ နီးလာဘီလို့တော့ ကြားဖူးတယ် ခည..
ကိုပေါက်(မန္တလေး)
October 16, 2015 at 5:35 pm
ပုံလေးတွေတင်ပေးပါမယ်
Alinsett @ Maung Thura
October 16, 2015 at 8:19 pm
ကားမောင်းရင် လမ်းပိတ်တဲ့ ဒဏ်ကို အခုတလော အတော်ခံရတယ်..
ရန်ကုန်ထဲတင် ဆိုးတယ် ထင်နေတာ..
တခြားနေရာတွေမှာလည်း… အဲ့ဒုက္ခ ခံရတာပဲနော်..
အင်းလေ… လူဦးရေက ထူထပ်လာတော့လည်း….
အဲ… လူဦးရေ…ထူထပ်တာတင်မက…
အဲ့လူဦးရေတွေထဲ တချို့က…အသိဉာဏ် ထူ ပိန်းပြီး.. ထင်ရာစိုင်းတတ်ကြတာတွေကြောင့်လည်း…
မကြာသင့်ဘဲ ပိုကြာရတတ်သေး…
🙁