ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၁၆ (သီတင်းကျွတ်တော့မည် သီတင်းကျွတ်တော့မည်)

CourageOctober 19, 20152min48814

ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၁၆

သီတင်းကျွတ်တော့မည် သီတင်းကျွတ်တော့မည်

“ဟိုဘက်ကမ်းက မီးထိန်ထိန်

ဒီဘက်ကမ်းက မီးထိန်ထိန်

ဆီမီးထိန်ထိန် လင်းပါလို့

မနှင်းတို့အိမ်”

 

မှတ်မိပါသေးတယ်။

ငယ်ငယ်က ခြံထဲမှာ ဟိုတစ်တိုင် ဒီတစ်တိုင် ဖယောင်းတိုင်တွေလိုက်ထွန်းနေတုန်း အဒေါ်က အနားကိုလပြီး “— — ဆီမီးထိန်ထိန်လင်းပါလို့ ခွေးကလေးတို့အိမ်” ဆိုပြီး မောင်ကာကြီး ခေါင်းကို ကိုင်လိုက်တာလေးတွေ၊ ရန်ကုန်ကိုရောက်တော့ တိုက်ရှေ့က သံဗမန်းမှာ မီးကြိုးတွေ သီနေတုန်း ဘေးတိုက်က လုံးကြီးပေါက်လှကောင်မလေး (အခုတော့ မင်းသမီးတောင်ဖြစ်နေပြီ) အခွေငှားသွားတာမြင်တော့ အိမ်အောက်အပြေးဆင်းပြီး စကားလိုက်ပြောတာတွေက မမေ့နိုင်စရာတွေပေါ့။ ပြီးတော့ အာလူးဗြောက်တွေ (ရန်ကုန်ကတော့ ပေသီးလို့ခေါ်ပါတယ်) ညီအကိုနှစ်ယောက် အပြိုင်ပေါက်ခဲ့တာ၊ ခြံရှေ့ တမံသလင်းမှာ မီးပန်းဆော့နေရင်း ပြစ်လိုက်တဲ့ ရှူးဒိုင်း (Rocket)က မိုးပေါ်မတတ်ပဲ အရှေ့ဘက်ကအိမ်ရဲ့ ပြတင်းပေါက်ကိုဖြတ်ပြီး ဧည်ခန်းထဲ သွားပေါက်တာ ဒါတွေကလဲ အမှတ်တရတွေပဲ။

အဲ့ထဲမှာမှ တစ်ကယ့်တစ်ကယ့် အမှတ်တရက မောင်ကာကြီးတို့ ညီအကိုနှစ်ယောက်ရယ် သူငယ်ချင်းတွေရယ် ခြံရှေ့မှာ မီးပုံးလွှတ်တော့ လွှတ်လိုက်တဲ့မီးပုံးက မှိုင်းကလဲမဝ ပေါက်ကလဲပေါက်နေပြန်ဆိုတော့ လေဟုန်ကိုစီးပြီး မိုးမြင့်ကို ပျံရမယ့်အစား ဘေးခြံက နွားထင်းကုပ်အပေါ်က ကောက်ရိုးပုံထဲကျမလိုဖြစ်လို့ မနည်းလိုက်ဖမ်းရတာကတော့ ဒီတစ်သက် မမေ့နိုင်စရာတွေပေါ့။

ပြီးတော့ ဦးလေးလုပ်ပေးတဲ့ ကြယ်ပုံမီးပုံးကို ညညမီးထွန်းဖို့ ညီအကိုနှစ်ယောက် လုရတာကလဲအမော။ တစ်ခါကျတော့ အဒေါ်လုပ်သူ စီစဉ်ပေးလို့ မြေခွက်လေးတွေမှာ ဆီလေးတွေထဲ ဝါဂွမ်းလေးတွေကို လိပ်ပြီး အိမ်အနှံတောင် လိုက်ထွန်းခဲ့ဖူးသေး။

ပြောရရင်တော့ မောင်ကာကြီးကို သီတင်းကျွတ်လထဲ မွေးလို့လားတော့မသိဘူး မြန်မာ့ ဆယ့်နှစ်လရာသီပွဲတွေထဲမှာ မီးမြင့်မိုရ်ပွဲကို အကြိုက်ဆုံးပဲ။ ပြီးတော့ တောင်ပေါ်ကလာတဲ့သူဆိုတော့ အချိန်က မိုးအကုန် ဆောင်းအကူး စပ်ကူးမတ်ကူးမို့ သိပ်လဲမအေး မိုးကလဲကျဲနဲ့မို့လား။ နေလို့ကအရမ်းကောင်းတယ်လေ။ မနက်မနက်ဆို ကောင်းကင်မှာ မြူတွေပိတ်ဆိုင်းနေတဲ့ကြားက ကျောင်းကိုသွားရတာကလဲ ပျော်စရာကြီးပေါ့။

သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) ဆို မြို့ထဲဘက် ရွှေစည်းခုံဘုရားက ဆီးမီးတစ်ထောင်ပွဲကိုသွား မုန့်တွေ ဝယ်စားလိုက် ရှမ်းရိုးရာ အကတွေကိုကြည့်လိုက်နဲ့ပျော်စရာကြီး။ တစ်နှောင်နှောင် မောင်းသံတွေနဲ့ စည်ချက်ညီညီလိုက်ကတဲ့ တိုးနယားအကကိုတော့ မောင်ကာကြီးအကြိုက်ဆုံးပဲ။ ပြောရရင်ကျောက်ဆည် ဆင်အက ထက်တောင်မှကြိုက်တာ။

ဒီလိုနဲ့ ရန်ကုန်ကိုရောက်လာတော့ သီတင်းကျွတ်မှာ အရင်လိုသိပ်တော့မပျော်ဖြစ်တော့ပါဘူး။ သိတဲ့အတိုင်း ရန်ကုန်မှာက မီးထွန်းတော့လဲ သံဗန်းနေရာလောက်၊ မီးဘေးကြောက်ရလို့ ဖယောင်တိုင်တောင်သိပ်မထွန်းဖြစ်ပဲ လျှပ်စစ်မီးကြိုးတွေလောက်သာ အားပြုထွန်းရတာမို့လား၊ မီးပုံးဆိုလဲ လျှပ်စစ်မီးပုံးတွေပဲများတယ်လေ။ ပြီးတော့သိတဲ့အတိုင်း အဲ့ဒီအရာတွေက လျှပ်စစ်ရှိမှဖြစ်တာဆိုတော့ သိတဲ့အတိုင်း သိကျတဲ့အတိုင်းပေါ့။ နယ်မှာလို ထိန်ထိန်လင်းတော့ သိပ်မရှိဘူး။ လျှောက်လည်စရာ ပွဲခင်းဈေးတွေရှိတယ်ဆိုပေမယ့် လူတွေက ကျိတ်ကျိတ်တိုးနေတဲ့အပြင် အပျော်ထက် အပျက်ကများပြန်တော့ မောင်ကာကြီးမှာ သိပ်တော့မပျော်ခဲ့ဖူးပါဘူး။

ထားပါဦးလေ… မောင်ကာကြီးရဲ့ ငယ်ဘဝတွေ အမှတ်တရတွေ ပြောနေလို့လဲ ဘာမှတော့ထူးမှာ မဟုတ်။ ဒီတော့ သီတင်းကျွတ်ကဗျာလေးတစ်ပုဒ်အကြောင်းကို လှည့်လိုက်ဦးစို့လေ။

သီတင်းကျွတ်နဲ့ ပတ်သက်ပြီး ကဗျာပေါင်းများစွာရှိတဲ့အထဲကမှ အခုလောလောဆယ် မောင်ကာကြီး ရင်ထဲကိုရောက်နေတာက ဆရာ မင်းသုဝဏ်ရဲ့ “ဝါကျွတ်ကန်တော့ပန်း”ဆိုတဲ့ ကဗျာလေးပါ။ ကဗျာပါ အကြောင်းအရာက မောင်ကာကြီး အခုရနေတဲ့ အခြေအနေနဲ့လဲ ကွက်တိလိုဖြစ်နေတာမို့ ခဏခဏ ခေါင်းထဲပေါ်ပေါ်လာနေတယ်လေ။ ဆရာကြီးက ဒီကဗျာကို သူအင်္ဂလန်ပြည်ရောက်နေတဲ့အချိန်မှာ မွေးရပ်မြေမှာရှိတဲ့ ယဉ်ကျေးမှုပွဲတော်ကို သတိရစွာ၊ ချစ်စရာ ဓလေ့တွေကို လွမ်းဆွတ်စွာနဲ့ လူကြီးသူမ ဘိုးဘွားမိဘတွေကို မှန်းစကာရေးထားခဲ့ခြင်းဖြစ်ပါတယ်။ မောင်ကာကြီးမှာလဲ အမိမြေနဲ့ဝေးနေသူဖြစ်ပေမယ့် ဆရာကြီးလို အကွန့်အမြူးလေးတွေနဲ့ မလွမ်းတတ်တာမို့ ဒီကဗျာကို ငှားကာပဲ လွမ်းလိုက်တယ် ဆိုပါတော့။

ကဲ… ဒီတော့ ကဗျာထဲမှာ ဆရာကြီးက ဘယ်လိုတွေရေးထားခဲ့လို့ မောင်ကာကြီးခမျာ ဘယ်ပုံတွေ လွမ်းနေရလဲဆိုတာကို ပြောကြည့်မယ်လေ။

‘ဝါခေတ်တစ်ခါကုန်လို့ မီးရောင်စုံ ထိန်ထိန်ညီးတဲ့ သီတင်းကျွတ်လ အချိန်ကိုရောက်ပြန်တော့ အရောက်မလာနိုင်တဲ့ သူရင်မှာ ပူးဆွေးလှပါတယ်လေ။

ဒီချိန်ဆို ရွာလယ်လမ်းတစ်လျှောက် ကန်တော့ပွဲတွေကိုယ်စီကိုင်လို့ ကိုယ့်ထက် အရွယ်အားဖြင့်၊ ဝါအားဖြင့်၊ ဂုဏ်အားဖြင့် ကြီးရင့်သူတွေကို ဂါရဝပြုဖို့ သူသူငါငါ ဟန်ရေးပြနေချိန်မို့လား။ လူကြီးသူမတွေမှာလဲ ဒီနေ့တော့ဖြင့် ငါတို့ကို ဘယ်သူတွေများ လာကန်တော့ပါမလဲလို့ စောင့်ကြိုနေတာပေါ့။ ညနေချိုနေညိုပြီဆိုရင်ဖြင့် သူ့သားစာဆိုလေး ခေါင်းပေါ်ကို ကန်တော့ပွဲရွက်ကာ ရောက်များလာလေမလားလို့ အမေများ မှန်းစမျှော်နေလိမ့်မလား။

စာဖိုချောင်ထဲက နတ်ညီနောင်က စာဆိုရဲ့ငယ်ပေါင်းဖြစ်တဲ့ လှေကားကိုမေးလေရဲ့ “ပျောက်လှတဲ့ စာဆိုတစ်ယောက် ဘယ်ကိုများ သွားနေသလဲ”တဲ့။ လှေကားမှာတော့ဖြင့် လွမ်းတသ ဟန်နဲ့ “သူ့အသံ မကြားရတာဖြင့် တစ်ဝါကုန်လို့ နောက်တစ်ဝါတောင် ကူးပါပေါ့” လို့ ဖြေရလေပြီ။

အမိမြန်မာပြည်ကို ခွဲခွာကာ ရေခြားမြေဝေး တစ်ရပ်တစ်ကျေးမှာ အသားကျအောင် နေထိုင်နေရာတာကလဲ မိဘကျေးဇူးကို ဆပ်နိုင်ဖို့ပါပဲ။ ဒီတစ်ဝါနဲ့ ဒီတစ်မိုးမှာ ကြိုးစားပြီး ရှာဖွေစုဆောင်းပါရစေဦး။ နောင်နှစ် ဝါဆိုချိန်ဆိုရင်တော့ ရွာလမ်းမကနေ ကန်တော့တွေ အများကြီးနဲ့ ဂါရဝလာပြုမယ့် သားလေးရဲ့ပုံရိပ်ကို မြင်ယောင်ရင်း ဒီနှစ်ခါတော့ အခန်းဝက လွမ်းသမျှကို မှန်းစကာ တမ်းတပုံဖေါ်ပေးပါဦးလို့ အဝေးကနေပဲ တောင်းပန်ပါရစေ… ။’

ဒီကဗျာဟာ ပုံရိပ်အားလုံးပါဝင်တဲ့ကဗျာလို့ပဲ မောင်ကာကြီးကတော့ ပြောချင်ပါတယ်။ မီးထွန်းပွဲပုံရိပ်၊ ဂါရဝတရားရဲ့ပုံရိပ်၊ အလွမ်းပုံရိပ်၊ ပရိယေသနဝမ်းစာကိုရှာဖွေရမှုပုံရိပ်၊ ပျော်ရာမှာမနေ တော်ရာမှာနေဆိုတဲ့ ကံကြမ္မာရဲ့ လှည့်စာမှုပုံရိပ်၊ နောက်ဆုံးတော့ မိဘနဲ့ သားသမီးရဲ့ မေတ္တာတရားပုံရိပ် စတဲ့ ပုံရိပ် ပုံရိပ်ပေါင်းများစွာကို နှလုံးသားမှာ ထင်ဟပ်သွားစေမှာပါ။

ရိုးရှင်းတဲ့ အကြောင်းအရာကို သိမ်မွေတဲ့အဖွဲ့လေးတွေနဲ့ စာပန်းချီချယ်သသွားပုံမှာ လှလိုက်တာ။ “လူရောင်ပြချိန်”တဲ့၊ “မွန်းစာဆို”တဲ့၊ “အပြန်ကို စရံနှင့်”တဲ့၊ ဘယ်လောက်လှလိုက်တဲ့ အဖွဲ့တွေလဲမျာ။ ဒါပေမယ့် ဒီကဗျာမှာ လိုနေတာ တစ်ခုကျန်သေးသလားလို့။ ဟို အာဝါဟ ဝိဝါဟဆိုတဲ့ အမှုကိုပြုဖို့ စိုင်းပြင်းနေသူတွေအကြောင်းလေ။ မောင်ကာကြီး ထင်ပါတယ်။ ဆရာကြီးကာ ဒီအကြောင်းကို ထည့်မရေးခဲ့တာဟာ ရိုးရာအလှနဲ့ ဂါရဝတရားကိုပဲ အလေးပေးချင်လို့ဖြစ်မှာပါ။  အိမ်ယာတည်ထောင်မှုထက်စာရင် သားသမီးနဲ့ မိဘရဲ့ ချစ်ချင်းတရားကို ဖွဲ့သီခြင်းက ပိုလို့ နူးညံ့တယ်မို့လား။

ဒီမှာတွင်ပဲ ဆရာမင်းသုဝဏ်ရဲ့ ဝါကျွတ်ကန်တော့ပန်း လေးကို နိဂုံးချုပ်ပါရစေ။

ဒီကဗျာလေးနဲ့ပဲ သီတင်းကျွတ်ခါသမရမှာ လူကြီးသူမ၊ ဆွေမျိုးညာတိ၊ မိဘနှစ်ပါးကို အဝေးကနေပဲ ဂါရဝပြုလိုက်ပါတယ်။

ပြီးတော့ လူပျိုကြီး၊ အပျိုကြီးစာရင်းဝင် မိတ်ဆွေများကိုလဲ “သီတင်းကျွတ်တော့မည်၊ သီတင်းကျွတ်တော့မည်”လို့ သတိပေး ကျီစယ်လိုက်ပါတယ် ခင်ဗျာ။             ။ လွန်တာရှိရင် ဝန္ဒာမိပါ။

အနုပညာသည် အနုပညာအတွက်သာ ဖြစ်သည်

Courage

 

 

— ဝါကျွတ်ကန်တော့ပန်း —

မလာဖြစ်နိုင်ဘု၊

ဝါခေတ် တခါကုန်တော့၊

မီးရောင်စုံ ကျွတ်သီတင်းကိုလ၊

ရင်တွင်းက ပူဆာဆာ။          ။

သူတစ်ကာ ကန်တော့ပွဲတွေနှင့်၊

ရွာထဲမှာ လူရောင်ပြချိန်မို့၊

နေညိုမှာ မေအိုတရှာလိမ့်၊

စာဆို လာလိုလှသော်လည်း၊

မှန်းဆရုံသာ။         ။

နတ်ညီနောင် စာဖိုကြားဆီက

မွန်းစာဆို ဘယ်ကိုသွားတယ်လို့၊

လှေကားကို သူတို့မေးပြန်တော့၊

ဆိုတေး သံမကြာတာဖြင့်၊

တဝါ နှစ်ဝါသို့လျားပေါ့-လို့၊

လှေကားက အဖြေလာ၊

စာဆိုမောင့် ငယ်ပေါင်း။         ။

မိမြန်မာ-

နေရပ်ကို ငါခွါလို့၊

တရပ်ရွာ တမြေခြားမှာလ၊

ဖဝါးယာဉ်သာပြုပါလို့၊

ရှာစုသည့် နို့ချိုဘိုးပါဘဲ၊

သည်တဝါ သည်တမိုးကိုတော့၊

ကြိုးစာကာ စာဆိုခဲလျှင်ဖြင့်၊

သုံးမကုန် ကန်တော့ပွဲရယ်နှင့်၊

ရွာထဲမှာ လူရောင်ပြနိုင်လိမ့်၊

သားစာဆို လူညိုလှကိုလ၊

လွမ်းရာခန်းသာဝဆီက၊

အပြန်ကို စရံနှင့် တ ပေးတော့၊

ဝေးက ပန်တောင်း။  ။

——— မင်းသုဝဏ်

 

 

14 comments

  • ဇီဇီခင်ဇော်

    October 20, 2015 at 8:57 am

    မောင်ကာကြီး ပို့(စ) မှနေပြီး
    ရွာထဲမှ ကိုယ့်ထက် အသက် တစ်မနက် တစ်ရက်ကြီးတဲ့ သူတိုင်းကို ကန်တော့ပါတယ်။
    ဦးတော်
    ဦးတော်
    ဦးတော်။

    ကဲ။ မုန့်ဖိုးပေးဂျဒေါ့!!!

    :k:

    • Courage

      October 20, 2015 at 9:08 pm

      ကျော်လဲ မကြီးဇီဇီ့ကို ကန်တော့ပါတယ်။
      ဘီယာဘဲလေး ငါးပေါင်းလေးများ စားရမလားလို့

  • kai

    October 20, 2015 at 3:11 pm

    သီတင်းကျွတ်တော့..ဝါထွက်တော့… မင်္ဂလာဆောင်လို့ရပြီပေါ့…။
    ဆိုတော့…
    နိုဝင်ဘာမှာယူကြရင်..
    ၉လလွယ်..၁ဝလမွေးနိုင်သမို့… နောက်နှစ် စက်တင်ဘာလောက်ဆို.. ပိပိလေးတွေထွက်လာ…။
    ယူအက်စ်မှာဆိုရင်တော့.. ကျောင်းအပ်ရတာ… နောက်ဆုံးလနဲ့ညိနိုင်သမို့.. အဆင်မပြေ..
    ကလေးက… ကျောင်းအပ်လို့မရရင်.. အတန်းထဲ.. သူများတွေထက်.. ၁ဝလလောက်ကြီးနေပြီး.. အတန်းကငယ်နေတတ်…

    မြန်မာပြည်မှာတော့… ကျောင်းအပ်ချိန်တွေက… ဧပြီ-မေ-ဇွန်လောက်ထင်တာပဲ..။
    အဆင်ပြေနိုင်…။

    အဲလို… ဖန်မလီ… ပလန်င်တွေလည်း.. ထားသင့်..ရှိသင့်… ရှိကြ…. :k:

    • Courage

      October 20, 2015 at 9:11 pm

      ဟိုက် သူကြီးမှာက ပလန်တွေ အပြည့်နဲ့ပါလား…
      မှတ်ထားဦးမှပါ… မတော် တချိန်ချိန် အမေကြီးကားမှာ အိမ်ထောင်မကျဘူးလို့ မဆိုနိုင်ဘူးလေ။

  • Alinsett @ Maung Thura

    October 20, 2015 at 7:12 pm

    .သူ ့ ဘက်ကမ်းက မီး
    ဘယ်လောက် လင်းသလဲ သိချင်ရင်
    ကိုယ့်ဘက်ကမ်းကမီးကို မှိတ်ကြည့်သင့်တယ် ဆိုတဲ့စကားလေးတောင်
    သွား သတိရတယ်

    • Courage

      October 20, 2015 at 9:11 pm

      ကို့ဘက်ဘက်ကမ်းကတော့ မီးမှိန်နိုင်လောက်တော့ဘူး
      မီးစက်ကိုယ်စီ ဆိုလာကိုယ်စီဖြစ်ကုန်ပြီလေ

  • kai

    October 21, 2015 at 7:13 am

    သီတင်းကျွတ်ကန်တော့တယ်ဆိုတဲ့အလေ့အထက… ခုခေတ်မှာ…
    ဓလေ့နဲ့..လာဘ်လာဘပေးတာကို… ယဉ်ကျေးမှုမျက်နှာဖုံးတတ်…. ရောချတာတမျိုးပဲလို့… ပြောချင်..။

    • Courage

      October 21, 2015 at 7:18 pm

      ဂါရဝတရားကို လာဘ်လာဘအဖြစ် အသွင်ပျောင်းတွေရှိနေပေမယ့် ယဉ်ကျေးသော ဓလေ့ထုံးစံတန်းတစ်ခုကို လက်ကိုင်ထားနေချင်းကိုက ချစ်စရာ ဟန်လို့ပဲမြင်ပါတယ်။
      ဆန်ရဖို့ ဆီပေးတဲ့ ဂါရဝတရားလို့ မြင်လိုက်တာနဲ့ ခေတ်အဆက်ဆက်က ကျင့်သုံးလာတဲ့ ဒီဓလေ့က ကိုတွေခေတ်မှ စွန့်လွှတ်လိုက်ရမယ့် သဘောတွေ ဖြစ်ကုန်မှာပေါ့လေ။
      ရိုးသားတဲ့ ဒီအစဉ်အလာကို အဘယ်သူတွေက အိုးမဲသုတ်ခဲ့သုတ်ခဲ့ ယဉ်ကျေးမှုတစ်ခုကို မေးငေါ့စရာအဖြစ်တော့ အသွင်မပျောင်းပစ်စေချင်ပါ။

  • HMM

    October 21, 2015 at 3:54 pm

    သီတင်းကျွတ်ရောက်ပြီဆိုတိုင်း ဘာရယ်ကြောင့်မသိ မန်းတင်ရေးတဲ့ အဘမီးထွန်းပွဲကို သွားသွားသတိရတယ်…

    • Courage

      October 21, 2015 at 7:19 pm

      ကျွန်တော်တော့ မဖတ်ဖူးဘူးဗျ။ ဗဟုသုတလေးတွေ ဝေမျှပေးပါဦး

  • kai

    October 23, 2015 at 6:02 am

    ဝါကျွတ်ကန်တော့ပန်း -ဆရာမင်းသုဝဏ်
    ကဗျာလေးကို… အဝေးရောက်တွေအတွက်.. သတင်းစာထဲအမှတ်တရ ပုံနှိပ်ဖေါ်ပြချင်ပါတယ်…။
    စာလုံးပေါင်းမှန်မမှန်. .မူလသတ်ပုံစစ်ပေးပါဦး…။ :k:

    • Courage

      October 23, 2015 at 10:37 am

      ကျွန်တော် ဒီကဗျာကို ၁၉၄၁ခုနှစ်ထုတ် သပြေညိုနှင့်အခြားကဗျာများ စာအုပ်ကနေ ထုတ်ယူထားတာပါ။
      စာအုပ်ထဲမှာတော့ ခေါင်းစဉ်ကို
      အမိမြန်မာပြည်အဘို့
      ဝါကျွတ်ကန်တော့ပန်း။
      (အင်္ဂလန်မှာရေး။) လို့ဖေါ်ပြထားပါတယ်။
      စာလုံးပေါင်းအနေနဲ့ကတော့ ကျွန်တော်ကူးထားတာက ၁၉၄၁ထုတ်စာအုပ်ကဖြစ်တဲ့အတွက် ရှေးသတ်ပုံနဲ့အခုသတ်ပုံကွာခြားတာရှိနိုင်ပါတယ်။ ဥပမာ တဝါ(တစ်ဝါ)၊ တရပ်ရွာ(တစ်ရပ်ရွာ) တို့လိုပါ။
      ဖေါ်ပြထားတဲ့ စာလုံးပေါင်းတွေကတော့ စာအုပ်ထဲကအတိုင်း မှန်ပါတယ်။

      • kai

        October 23, 2015 at 10:46 am

        ကြိုးစာကာ စာဆိုခဲလျှင်ဖြင့်၊

        အဲဒီနေရာမှာ…
        ကြိုးစားကာ စာဆိုခဲ့လျှင်ဖြင့် .. ဖြစ်မလား… စစ်ပါဦး..။
        ကြိုးစားကတော့ ရှင်းတယ်..။ ခဲလား.. ခဲ့လား..။ ?

        • Courage

          October 24, 2015 at 6:43 pm

          “ခဲ”ပါ။ အားခဲ တဲ့သဘောပါ။

Leave a Reply