ပွင့်လင်းမြင်သာရှိကြရာဝယ်

htet wayNovember 22, 20151min3176

ကိုမြသာဖုန်းဆင်းကဒ်တစ်ခုရလာတယ်ဆိုရင်ပဲဟမ်းဆက်ဝယ်ဖို့စဉ်းစားရတော့တယ် ။ရိုးရိုးဂဏန်းနိပ်ရတဲ့ဟမ်းဆက်ထက်မှန်ပေါ်လက်ထောက်ရွေ့ရတဲ့ HUAWEIဟမ်းဆက်မျိုးလောက်မှ ဓါတ်ပုံရိုက်ချင်လို့လည်းရမယ် အသံဖမ်းလို့လည်းအဆင်ပြေမယ်မဟုတ်လား။ လူတိုင်းကိုယ်ဆီဖုန်းလေးနဲ့ဆိုတော့ ကိုမြသာလည်းစိတ်ထဲမှာဖုန်းပြောနေမိတာအကြိမ်ကြိမ်။အိမ်နားကကိုစိန်ဘမ်းဆိုသူ့ဖုန်းကိုတော်တော် ရိုသေပါတယ်။ အိတ်ထဲသေသေချာချာထည့်တယ်။ ညဆိုအိပ်ယာဘေးမှာ အခင်းလေးထားပြီးသိပ်တယ်။သူ့ဆီဘယ်သူတွေဖုန်းဆက်တယ်ဆိုတာမေးစရာမလိုဘူးဖုန်း စပီကာဖွင့်ပြီးမှပြောတော့အကုန်ကြားရတယ် ။ ဟိုနေ့ကဆိုအကြွေးတောင်းတဲ့အသံညံ့နေတာပဲ ကိုစိန်ဘမ်း ရှင်ချေးထားတဲ့ငွေဘယ်တော့ဆပ်မှာတုန်း…မဆပ်နိုင်သေးရင်လည်းအတိုးသတ်ထားပေါ့ရှင် အခုဟာက…….ဖုန်းအသံစူးစူးကြီးထွက်နေပေမယ့် ကိုစိန်ဘမ်းက အသံမပိတ်ပါဘူး ‘ဟဲ့ နီလာစိုးရဲ့ ခါတိုင်းလည်းပုံမှန်ဆပ်နေတာပဲဟယ် ညည်းနည်းနည်းတော့ အောင့်ပါအုံး’ လို့ ပြန်အော် ပြောနေတယ် ။ ဟိုကလည်း ပြော သူကလည်းပြော အကုန်ကြားရတာပါကို ကိုမြသာကကြိုက်တယ် ။ အခုပြောပြောနေတဲ့ ပွင့်လင်းမြင်သာရှိတယ်ဆိုတာ ဒါမျိုးလို့ဘာသာတွေးလိုက်မိတယ် ။ လူတွေစပီကာဖွင့်ပြီးဖုန်းပြောတာအားကျတယ် ဒါကြောင့်လည်းပြောပြီဆိုရင် သူမသိမသာနားထောင်တတ်တယ် ။သူတို့ရပ်ကွက်ကလူကြီးဖုန်းပြောကိုလည်းသူသဘောကျတယ် ။ပွင့်လင်းမြင်သာရှိတယ် ဆိုရမယ် ။စပီကာဖွင့်ထားလို့နှစ်ဖက်စလုံးကအသံကြားနေရတယ် ။
‘ဟဲ့ ဘုတ်ဆုံ ရပ်ကွက်ရုံးဆိုတာကြွေးတောင်းပေးတဲ့ရုံးမဟုတ်ဘူး ငါတို့ကပြေလည်အောင်ညှိနှိုင်းပေးလို့ပဲရတယ် ။ နင်ကဘာဖြစ်ချင်တာတုန်ဟဲ့..။ဒီလိုခပ်ထန်ထန်လေးေြ့ပာတော့ ဟိုဘက်ကလည်း
‘လူကြီးမိုလို့အားကိုးပြီးပြောတာလေ ကိုယ့်ရပ်ကွက်သားတွေကိစ္စခေါင်းထဲမထည့်ချင်တာလား တဆိတ်ရှိတရားရုံးသွားပြောရအောင် ထမင်းရည်ပူရှာလွှဲလုပ်ချင်နေတာလား အရေးကိစ္စကိုအကူအညီမတောင်းရတော့ဘူးလား ပြောပါအုံး” လို့ခပ်ဆတ်ဆတ်လေး ပြန်ပြောတာပေါ့ ရပ်ကွက်လူကြီးကလည်း နရဂိုကဇာတ်ဆရာလုပ်ဖူးသူဆိုတော့ လေပြေကလေးနဲ့
“အော် ဘုတ်ဆုံမရယ် နင်နဲ့ငါနဲ့က သူငယ်ချင်းတွေလေ ကူညီရမှာပေါ့ ငါဆိုလိုတာက ညှိညှီနှိုင်းနှိုင်းလေးလုပ်စေချင်တာပါ ..ဒီလိုမျိုးတွေပြောနေတာ ကိုမြသာ သဘောကျတယ် ။ဖုန်းကိုစပီကာဖွင့်ပြီးပြောကြတာ ကိုသူသိပ်သဘောကျတယ် ။သူဖုန်းဝယ်ပြီးရင်လည်းဒီလိုမျိုးပြောချင်တယ် ။လူတွေသူ့ကိုဘယ်လိုထင်ထင် ၊ထင်ကြပါစေ ပွင့်လင်းမြင်သာမှုရှိရမယ် ။
“ဟဲလို ချက်ကြီးလား ငါမြသာပါ မင်းလည်းလိမ္မာအောင်နေ အရင်လို မဆိုးနဲ့ ဟုတ်ပလား .”.ဒါမျိုးတွေ ပြောချင်နေတယ် ။ဟလို အေးတုတ်လား
ငါတော့ ဘဝပေးကမကောင်းတော့ ကြမ်းလာပြီ အလုပ်ကြမ်းတွေလုပ်နေရတယ် ဟယ် နင်ရော အရင်လို အပျိုကြီးပဲလား စသဖြင့် သူမေးတဲ့မေးခွန်းတွေ ဘေးလူတွေကြားပါစေ ။ဒါရိုးသားမှုကိုပြတာပဲလို့သူတွေးထားတယ် ။တလောကခရီးတစ်ခုသွားတော့ မိတ်ဆွေကိုချိုဆီ သူ့မိန်းမကဖုန်းလှမ်းဆက်တယ် ကိုချိုကလည်းစပီကာဖွင့်ထားတော့ သူလည်းကြားတာပဲ ကိုချို ဘယ်ရောက်နေပြီလဲ အေး အခု ညောင်တုန်းကျော်လာပြီ လို့ပြန်ပြောတယ် ရှင်က တော့ အလေလိုက်
ပြီး အဲ့ဒီငမှုးတွေနဲ့တွဲပြီး ဟိုဟာအကြောင်းးပြ ဒီဟာခေါင်းစဉ်တပ် သူများကြွေးတာမြိုဆို့……………….။ထပ်မကြားရတော့ဘူး ကိုချိုက စပီကာအမြန်ပိတ်လိုက်တာကိုး။မပိတ်လို့လည်းမရဘူး ကားထဲက လူတွေအကုန်ကြည့်နေကြပြီ ကိုချိုက အေးပါကွာ…အေးပါကွာ နဲ့ ဒါမျိုးကပွင့်လင်းမြင်သာမှုမရှိတာပဲ ကိုမြသာမကြိုက်ဘူး။ပြောစမ်းပါစေ.ဒါအားနာစရာမဟုတ်ဘူး။ဟိုတစ်ညက လက်ဖက်ရည်ဆိုင်ထိုင်တော့
စကားဝိုင်မှာ ကိုညိုရယ်၊လူကြီးဖိုးသိန်းရယ် ရဲခေါင်ဘတင့်ရယ် စာရေးဆရာရယ် စကားကောင်းနေတုန်း ရဲခေါင်ဘတင့်ရဲ့ အမျိုးသမီးဖုန်းဝင်လာတယ်။
ဖုန်းက စပီကာဖွင့်ထားတယ် ။ရဲခေါင် ..ပြန်မလာသေးဘူးလား လို့သူ့ဇနီးအသံစူးစူးလေးထွက်လာတယ် ။အေး ငါစာရေးဆရာကိုထက်တို့နဲ့လက်ဖက်ရည်ဆိုင်မှာစကားကောင်း….စကားတောင် မဆုံးလိုက်ဘူး
‘အောင်မာ..ရှင်က လက်ကြောမတင်း ဘာမှဟုတ်တိပတ်တိမရှိတဲ့လူနဲ့ထိုင်လို့ပါကလား မသိလို့မေးရအုံးမယ် စာရေးဆရာဆိုလို့ ဘာစာတွေရေးလို့လဲ တောင်ရေးမြောက်ရေးကိုများအားကျလို့ ..လာခဲ့ အခုပြန်လာ…”
စပီကာထဲက ခပ်မာမာအသံက တစ်ဝိုင်းလုံးကြားတယ် ။စာရေးဆရာလည်းကြားတယ် ။ရဲခေါင်ဘတင့်ခမျာ
ခပ်သွက်သွက်လေးထလို့ ဆရာရယ် ..ကန်တော့ပါဗျာလို့ပြောသွားရှာပါတယ် ။ဒါကောင်းတယ် လေ ပွင့်လင်းမြင်သာပေါ့။ရဲခေါင်ဘတင့်နဲ့ စာရေးဆရာတို့အုပ်စုတော့ နောက်ထပ်အတူထိုင်တာထပ်မတွေ့တော့ဘူး။
(၂)
ကိုမြသာ ဟာဝေး((HUAWEI)ဟမ်းဆက်လေးတစ်ခုဝယ်ပြီကတည်းက ဆိုက်ကားထွက်ရက်တွေနည်းနည်းပျက်လာတယ်။ဖုန်းထဲသီချင်းတွေသွင်းတာတို့၊ဗီဒီယိုကားလေးတွေကူးထည့်တာတို့နဲ့ အလုပ်ရှုပ်နေသလို သူ့ဇနီးဒေါ်အေးဘုံကိုလည်းနည်းစနစ်တွေ သူတတ်သလောက်သင်ပေးနေရသေးတယ် ။အဓိက သူသင်ပေးတာကတော့ ဖုန်းပြောရင် စပီကာဖွင့်ပြောရမယ် ဆိုတာပဲ။နားကပ်ပြီးနားထောင်တာ ကျန်းမာကိုထိခိုက်ကြောင်းကအရင်စသင်တာပေါ့၊နောက် ပွင့်လင်းမြင်သာမှုရှိဖို့လိုတယ် ဆိုတဲ့အကြောင်းတွေပါ သူပြောတော့တာပဲ။မအေးဘုံကတော့ မျက်စောင်းတခဲခဲနဲ့ သူမသိတာဆိုတော့
လည်း ဆရာလုပ်တာခံရတာပေါ့။အမြဲတမ်းဆရာလုပ်နေကြလူက ဒီတခါ တပည့်ဖြစ်နေရတာတော့ အခဲမကျေနိုင်ဘူးဖြစ်နေပုံရပါတယ် ။
တီ…တီ..တီး…
ဖုန်းသံမြည်လာတယ်။ကိုမြသာကကောက်ကိုင်လိုက်တယ် ထုံးစံအတိုင်းစပီကာဖွင့်လိုက်တယ် ဆိုရင်ပဲ
‘ကိုကြီး……မေ့နေတာလားမေ့ချင်ယောင်ဆောင်တာလား..မလာတာကြာနေပြီလေ..မချစ်တော့ဘူးလားလို့…
ချွှဲချွှဲနွဲ့နွဲ့တစ်လုံးချင်းထွက်လာတဲ့စကားသံကိုကြားတော့ ကိုမြသာမျက်လုံးတွေပြူးလာတယ် ပါးစပ်အဟောင်းးသားနဲ့မအေးဘုံကလည်း ဝုန်းကနဲမတ်တပ်ရပ်လိုက်တယ် ။လက်သီးကိုဆုပ်လို့ မီးဝင်းဝင်းတောက်မျက်လုံးတွေနဲ့ကိုမြသာကိုကြည့်တယ် ။မျက်ရည်တွေရစ်ဝိုင်းလာတယ် ။
ကိုကြီး..ပြောတာမကြားဘူးလားလို့..တဖက်ကနွဲ့နွဲ့လေးထွက်လာတဲ့အသံကိုယောင်ရမ်းပြီးကြားပါတယ် လို့ကိုမြသာကဖြေတယ် ။မအေးဘုံက ကိုမြသာကျောကိုဘုံးကနဲထူုပြီး ဟီးကနဲ အသံပြဲကြီးနဲ့ ငိုချလိုက်တော့တယ် ။ဒီတော့မှ ကိုမြသာက .ဟို…. ဖုန်းမှားနေတယ် ကလေးမ…မင်းဖုန်းမှားနေပါတယ် .
ဖုန်း..မှား……ကိုမြသာပြန်ပြောတဲ့အသံက အထစ်ထစ်အငေါ့ငေါ့ဖြစ်ေနေတယ် ။ဒီတော့မှ ကလေးမလေးက အယ် ..ကန်တော့နော် မှားလို့ ၁၀၁ကိုခေါ်ရမှာ၁၁ဝဖြစ်သွားလို့..တဲ့ ။ဖုန်းပိတ်သွားပေမယ့်မအေးဘုံငိုသံက မတိတ်သေးဘူး။ကိုမြသာကို စိမ်းစိမ်းကြီးစိုက်ကြည့်နေတုန်း..အံကြိတ်ထားတာလည်းမဖြေသေးဘူး
မိန်းမ…အေးဘုံ..ဖုန်းမှားဆက်တာပါဟယ် ..ကဲငါဆိုက်ကားထွက်တော့မယ် ။ကိုမြသာက သိပ်လည်းချော့မော့တတ်သူမဟုတ်တော့သူဖုန်းလေးကို တယုတယအိပ်ကပ်ထဲထည့်လို့ ဆိုက္ကားထုတ်ထွက်လာလိုက်တော့တယ် ။
ကိုမြသာ လမ်းထိပ်ရောက်တော့ ဝတ်ကောင်းစားလှဝတ်ထားတဲ့ အသက်၆ဝလောက်လူကြီးတစ်ဦး
ဆိုက်ကားကိုတားစီးတယ် ။ဘယ်ကိုပို့ရမလဲမေးဖို့ထက် သူ့လက်ထဲက ကိုင်ထားတဲ့ဖုန်းကို ကိုမြသာသဘောကျနေမိတယ် ။ဟမ်းဆက်က အပြားကြီးကြီးရွှေရောင် သိပ်လှတာပဲလို့ စိတ်ထဲက တီးတိုးရေရွတ်လိုက်မိတယ် ။ဆိုက်ကားကို အလိုက်သင့်နင်းရင်း ဖုန်းအကြောင်းစကားစလိုက်မိတယ် ဖုန်းမှာပါတဲ့waveလှိုင်းတွေက လူကိုဒုက္ခပေးစေတယ် ဆိုတာ ဟုတ်လား ဦးလေး’
လို့မေးတော့ ခရီးသည်ကြီးက လက်ထဲက လက်ဆွဲအိတ်ကို ပေါင်ပေါ်ပြင်တင်လိုက်ရင်း
ဟုတ်တယ်ကွ ဟု တုံးတိတိဖြေတယ် ။
ကျနော်ကတော့ နား နားကိုဘယ်တော့မှ မကပ်ဘူး ဖုန်းပြောရင် စပီကာဖွင့်ပြောတယ် ။ပွင့်လင်းမြင်သာရှိတဲ့သဘောပါ ခင်ဗျားစဉ်းစားကြည့်လေ ကိုယ်မှန်တယ် ဆိုရင် ဘာမဆိုပွင့်လင်းမြင်သာမှုရှိရမယ်မဟုတ်လားလို့ ကိုမြသာပြောတော့ လူကြီးက သူကိုဘုကြည့်ကြည့်တယ် ။ဒီအချိန်မှာပဲလူကြီးလက်ထဲက ဖုန်းကမြည်လာတယ် ။
ဟလို ….သားလား လို့ဖြေရင်း လူကြီးက ကိုမြသာကိုမော့ကြည့်တယ် ။ပြီးတော့ ဆတ်ကနဲစပီကာကိုဖွင့်လိုက်တယ် ။
အဖေအသံတွေတုန်နေတယ် နေမကောင်းဘူးလို့မေးတော့
လူကြီးက ဆိုက်ကားစီးနေတာပါကွာလို့ ပြန်ဖြေတယ် ။
ကိုမြသာကလည်း အလိုက်သိတယ် လေ။ သူ့ဆိုက်ကားကိုရပ်လိုက်တယ် ။သူရပ်လိုက်တဲ့နေရာက
ဈေးရှ့တည့်တည့် လူစုံရာနေရာမှာ.။
‘ အဖေ ..ဘယ်တွေလျှောက်သွားနေတာလဲ..အဖေရယ် အသက်လည်းမငယ်တော့ဘူး အားနေရင် ကေတီဗီသွားလိုက် ၊မာဆက်သွားလိုက် ဘီယာလေးနဲ့ ရီဝေနေတာ အဖေ့ အတွက် ဟန်ကျသလောက်
သားတို့မှာ နာမည် ပျက်တယ် အဖေ”
ဖုန်းသံက ကြည်ကြည်လင်လင် စူးစူးရှရှကြီးထွက်လာတယ် ။လူကြီးက ဖုန်းကိုဆုပ်ကိုင်ပြီးရန်သူတစ်ယောက်လိုဖုန်းကိုစူးစူးရဲရဲ စိုက်ကြည့်နေတယ် ။
အဖေ..ဟလိုကြားလားအဖေ ..လူကြီးက “အေ”..လို့ တစ်လုံးတည်းပြန်ေြ့ပာလိုက်တယ် ။
အဖေရယ် ကေတီဗီက ကောင်မလေးတုန်းကလည်း ပြဿနာရှာလို့ ဘုံးနှစ်ဆယ် လျှော်ပေးလိုက်ရပြီးပြီး အခု အဖေ နယ် ထွက်တာ မဟုတ်လား..အဖေ ဆီကို ဖုန်းခဏခဏဆက်နေတဲ့ ဒေဝီဆိုတဲ့ ကောင်မလေးဆီလိုက်ပြီး အဖေ စပွန်ဆာပေးအုံးမလို့ မလား
အရင်ထက် ဖုန်းသံက ပိုကျယ်လာတယ် ။ပတ်ဝန်းကျင်က လူတွေလာည်း ဝိုင်းကြည့်ကြလို့ပေါ့။လူတွေရဲ့သဘာဝအတိုင်းတစ်ယောက်ကြည့်ရင် အားလုံးပါ စိတ်ဝင်စားလာကြတယ် ။ခပ်လှမ်းလှမ်းကလူတွေလည်းဘာလဲဆိုပြီး အနားကပ်လာကြတယ် ။ကိုမြသာကတော့ ဆိုက်ကားကိုရပ်ထားတုန်းပါ ။
အဖေ ဒီအရွယ်ဟာ တရားရိပ် ဘုရားရိပ်ကိုခို….ခွမ်း’
ကိုမြသာမျက်လုံးပြူးသွားတယ် ။လူကြီးက ဖုန်းကို ကတ္တရာလမ်းပေါ်ဒေါသနဲ့ပစ်ပေါက်လိုက်တာပါ ပြီးတော့ သူ့ကို စူးစူးရဲရဲကြည့်ပြီး ဆိုက်ကားပေါ်က ခုန်ဆင်းသွားတယ် ။လမ်းပေါ်မှာ လူတွေကလည်း ဝိုင်းကြည့်လို့ ၊ကိုမြသာကလည်း ကတ္တရာလမ်းပေါ်က ဖုန်းအကွဲလေးကိုပြူးပြီးကြည့်နေလို့ပေါ့ ..သူ့နုတ်ကတိုးတိုးလေးတဖွဖွရေရွတ်မိတာကတော့
ဒါဟာ ပွင့်လင်းမြင်သာမှုကိုစော်ကားလိုက်တာပဲ…..ပွင့်လင်းမြင်သာမှုမရှိတာပဲ..လူတွေကလည်းဝိုင်းအုံကြည့်နေတုန်း
ကိုမြသာကလည်း ဆိုက်ကားပေါ်ငူငူကြီးထိုင်လို့ နုတ်က တဖွဖွရွတ်နေတုန်း…။ ။

ထက်ဝေး

6 comments

  • kai

    November 22, 2015 at 7:36 pm

    အင်း.. ပို့စ်နဲ့..ဘာမှတော့မဆိုင်ဘူး..
    ဖွေးဖွေးက.. ရုပ်ထုကို စာပြနေတဲ့ဓာတ်ပုံပြန်တွေ့လို့ တင်လိုက်တာ..
    သူတို့တွေ အယ်လ်အေရောက်တုံးရိုက်ထားတာ..။
    အလင်းဆက်အတွက်… ဆိုဆို…။

    • Alinsett @ Maung Thura

      November 24, 2015 at 11:03 am

      ချစ်သွားပြီ…. သဂျီးရယ်….အဲလေ…ဖွေးဖွေးရယ်…

      :k:

  • htet way

    November 23, 2015 at 4:12 pm

    ရယ်ရတယ်ဆိုလို့ ဝမ်းသာပါတယ် ဆရာMike

  • ဦးကြောင်ကြီး

    November 28, 2015 at 1:45 pm

    ကိုမြသာ ဟိုထလာ ခ ုျိ မြစွာ ပ ျို ညဝါ

  • ဇီဇီခင်ဇော်

    November 30, 2015 at 8:29 am

    အလိုက်မသိတတ်တဲ့ အသိုင်းအဝိုင်းမှာ ပွင့်လင်းမြင်သာမှုဆိုတာ ထင်သလောက် မလိုအပ်လှပါဘူးး
    အဟေးဟေးဟေး

    :mrgreen:

Leave a Reply