ဦးအောင်သိန်းနဲ့ ကြာဆံချက်…

ဦးေက်ာက္ခဲNovember 25, 20151min48831

“ကိုစိန်ရေ…. ဗျို့… ကိုစိန်… တံခါးဖွင့်ပါဦးဗျ”
မော်တော်ကား ဆီဖြည့်ပြီး ပြန်လာတဲ့ အဖေနဲ့ မောင်ကျောက်ခဲ အိမ်တံခါးပိတ်ပြီးယုံရှိသေး ၊ အိမ်ရှေ့ကနေ အော်ခေါ်နေတဲ့ အိမ်နီးချင်း အဖေ့သူငယ်ချင်း ဦးအောင်သိန်းရဲ့ အသံကြောင့် အဖေလည်း အိမ်တံခါးပြန်ဖွင့်ရင်း…
“ရေးကြီးသုတ်ပြာ ဘယ်လိုဖြစ်ရပြန်တာတုန်း ကိုအောင်သိန်းရဲ့” လို့ အမေးရှိလိုက်တော့…
“ကိုစိန်… မေးချင်ရင်နောင်မှမေး… အခု ကျုပ်မျောနေတယ်… ခင်ဗျားပိုက်ဆံနဲ့ရိုက်မှဖြစ်တော့မယ် ၊ ကျုပ်ကို ပိုက်ဆံနှစ်သောင်းခဏလှည့်ဗျာ ။ ဟေ့လူ … ခင်ဗျားကိုယ်ပိုင်ပိုက်ဆံနော်”
“ဟား ဟား ဟား … ကိုအောင်သိန်းရယ် ဒီအိမ်မှာ ကျနော်က အိမ်ထောင်ဦးစီး ၊ စီးပွါးလည်း ကျနော်ပဲရှာတာမို့ အားလုံး ကျုပ်ပိုက်ဆံပါဗျာ ။ ကဲ ကဲ… ခဏလေး”
အဖေလည်း ရယ်ရယ်မောမော စကားပြန်ရင်း ဦးလေးဦးအောင်သိန်းကို ဗီရိုထဲကနေ ပိုက်ဆံ ထုတ်ပေးပါတယ် ။ ပိုက်ဆံလည်းယူပြီးရော ဦးလေးဦးအောင်သိန်းလည်း သူ့အိမ်ဘက်ကို ခပ်သုတ်သုတ်ပြန်သွားပါရောခင်ဗျ ။
.
.
တကယ်တော့ ဒီလိုအဖြစ်မျိုးက မောင်ကျောက်ခဲတို့ မိသားစုအတွက် မထူးဆန်းလှပါဘူး ။ ဦးလေးဦးအောင်သိန်း သူ့အိမ်မှာ ဖဲကြိတ်ဝိုင်းထောင်လို့ ဖဲရှုံးပြီဆို အဖေ့ဆီက အမြဲပိုက်ဆံလာယူနေကြလေ ။ သူ ပိုက်ဆံလာချေးတာက သူ့မှာမရှိလို့မဟုတ် ၊ မောင်ကျောက်ခဲရဲ့ မွေးသဖခင် ပိုက်ဆံက သူ့အတွက် ကံကောင်းစေတယ် ၊ အဲသည့်ပိုက်ဆံနဲ့ ဖဲရိုက်ရင် နိုင်တယ်ဆိုပြီး ရှုံးတိုင်းလာယူတာပါ ။ အဲသည့်လိုလာယူရင် မောင်ကျောက်ခဲတို့မိသားစုလည်း အလွန်ပျော်ပါတယ် ။ ဘာလို့လဲဆိုတော့ သူပိုက်ဆံပြန်လာဆပ်ရင် လက်ဗလာနဲ့မလာပဲ စားကောင်းသောက်ဖွယ် ချိုင့်ကြီးချိုင့်ငယ်နဲ့ အမြဲပါလာတတ်ကိုး… အဲသည့်တော့ ဦးအောင်သိန်းကြီး နိုင်ပါစေပေါ့ဗျာ…
.
.
အနှီ ဦးအောင်သိန်းက အဖေ့ငယ်သူငယ်ချင်းဆိုလည်းဟုတ် ၊ လုပ်ဖော်ကိုင်ဖက်ဟောင်းဆိုလည်း ဟုတ်ပါတယ် ။ သူက ပြည်တွင်းရေကြောင်း မြစ်ဝကျွန်းပေါ်သွားတဲ့ သင်္ဘောပေါ်မှာ စားသောက်ဆိုင်ဖွင့်တာပါ ။ ဟိုးအရင် မဆလခေတ်က အဲသည့်လိုဆိုင်အားလုံးကို လုပ်သားပိုင်ဆိုပြီး လုပ်ကြရတာတောင်မှ သူကဝန်ထမ်းဖြစ်ရဲ့နဲ့ အစိုးရသင်္ဘောပေါ် ကိုယ်ပိုင်ဆိုင်ဖွင့်နိုင်လောက်အောင် လူချစ်လူခင်များသူပါ ။ သူ့ဆိုင်က အကြော်အလှော် ဟင်းချက်လက်ရာ အတော်ကောင်းပြီး မြို့ပေါ်က စားသောက်ဆိုင်တွေလက်ရာကိုမီတာမို့ အဲသည့်ခေတ်က ရေလမ်းခရီးသွားတော့မယ်ဆို သူ့ဆိုင်ရှိတဲ့ သင်္ဘောကို ဘွတ်ကင်တင်ပြီး စီးကြတဲ့အထိပါ…
.
.
အမြဲတန်း ကတုံးဆံထောက် စွပ်ကျယ်လက်စကနဲ့ ဦးအောင်သိန်းက အလွန်လည်း အာဝဇ္ဇန်းရွှင်ပါတယ် ။ သူ့အကျင့်က ညနေ ၄း၃ဝ ဆို ပုလင်းနဲ့ဖန်ခွက်ကိုင်ပါပြီ ၊ ၃-ပက်လောက်သောက်ပြီး ခပ်ထွေထွေဖြစ်လာရင်တော့ မောင်ကျောက်ခဲတို့အိမ်ဘက်ကိုကူး ထွေရာလေးပါး ရယ်စရာတွေပြောပြီး အဖေနဲ့ စကားဖောင်ဖွဲ့ပါတော့တယ် ။ ပြီးရင် အဖေ့ကိုလည်း စ ပါသေးတယ်…
“မင်း အဖေက အရက်သာတိုက်မရတာ ၊ အမြည်းစားဖို့ဆို စပါယ်ရှယ်လစ် … အာလူးပေးပြီး အောက်ကြည့်လိုက်ရင် ငါ့အမြည်းပန်းကန်က ပြောင်သလင်းခါနေပြီကွ” လို့ အမြဲပြောတတ်ပါတယ် … ဟုတ်လည်း ဟုတ်တာကိုးခင်ဗျ…
.
.
အဖေ သင်္ဘောတက်သွားတော့ ဦးအောင်သိန်း ညနေစောင်းလို့ အရက်သောက်ပြီဆို ဘော်ဒါအသစ် ဘိုနီ ၊ ဘိုဖြူ ၊ ရွှေဂဲတို့နဲ့ ဝိုင်းထိုင်ပါတယ် ။ သူတို့တွေက လူတော့မဟုတ်ပေမည့် ညနေ ၄း၃ဝ လို့ ပုလင်းသံဖန်ခွက်သံကြားရရင် ရောက်ရာအရပ်ကနေ စားပွဲဝိုင်းကို ဒုန်းစိုင်းတော့တာပဲ ။ ဘိုနီက အိမ် ဖိနပ်ချွတ်မှာ မွေးထားတဲ့ ခွေး ခင်ဗျ ၊ မူးလာရင် အားကြီးချစ်ဖို့ကောင်းတယ် ကန်ကန်ကျောက်ကျောက် အိပ်လိုက်တာ သိုးနေတာပဲ ။ ဘိုဖြူကတော့ သွားမစနဲ့ မူးလာရင် ယိမ်းထိုးပြီးလမ်းလျှောက် ဟိုအပေါ် သည်အပေါ် ဆန်အိတ်ပေါ်က ပြုတ်ကျရင်တောင် နီးရာ သတ္တဝါကိုရန်ရှာတဲ့ ကြောင်ငမူး ။ အဲ… ရွှေဂဲကတော့ တဘာသာ… နည်းနည်းသောက်ပြီးရင် အတောင်ပံခတ် တဂစ်ဂစ်နဲ့အော် … ပြီးရင် ပက်လက်အိပ်သွားတဲ့ ကြက်တူရွေးငမူးပါ ။ ဦးအောင်သိန်းလား… သူ့ဘော်ဒါတွေမူးတာကြည့်ပြီး တဟားဟားနဲ့ အော်ရယ်တော့တာပဲ ။
.
.
ဦးအောင်သိန်းက အရက် ဖဲ မိန်းမ ဘာမှမကင်းသလို သူ့ရဲ့ ငယ်ဘဝက စိတ်ဝင်စားဖို့ကောင်းပါတယ် ။ သူ့အဖေရော အမေပါ ကရင်သွေးပါ ပါတယ် ၊ သူ့အဖေက တောသူဋ္ဌေး မြာသမားလို့ခေါ်ရမယ်ထင်ရဲ့ ၊ မိန်းမပေါင်းများစွာ ယူသူပါ ။ ဘယ်လောက် မိန်းမယူပက်စက်သလဲဆိုရင် ဦးအောင်သိန်းအမေနဲ့ ဦးအောင်သိန်းရဲ့ ဖအေတူ မအေကွဲ အမကြီးတို့က သူငယ်ချင်းအရင်းခေါက်ခေါက်တွေပါ ။ ဦးအောင်သိန်း မိဘတွေ အိမ်ထောင်ကွဲကြပြန်တော့ “ညည်း မောင်လေးကို ညည်းပဲယူတော့အေ” ဆိုပြီး သူ့အမေက ထားခဲ့တာမို့ ၊ သူ့ခမြာ ဖအေတူ မအေကွဲ အမအပျိုကြီးလက်ပေါ် ကြီးပြင်းလာရတာ အပျိုကြီး အသက် ၈ဝ နောက်ဆုံးထွက်သက်အထိခင်ဗျ ။
.
.
ငယ်ငယ်က ဘယ်လောက် ဆိုးပေတေမိုက်လာတယ်ဆိုတာ သူ့ခေါင်းက သက်သေပါ ၊ တစ်ခေါင်းလုံး အနာရွတ် ဗရပွနဲ့လေ ။ အဲသည့် အနာရွတ်တွေမှာ သမိုင်းကြောင်းတွေလည်းရှိတာမို့ ဦးအောင်သိန်း ရှေးဖြစ်ဟောင်း အောက်မေ့ဘွယ်တွေပြောရင် မောင်ကျောက်ခဲတို့ တမိသားစုလုံး တအံ့တဩနဲ့ စုတ်သတ်ပြီး နားထောင်ရပါတယ် ။ မောင်ကျောက်ခဲတို့ အဖေက ဦးအောင်သိန်းထက် ၅-နှစ်လောက် ငယ်တာမို့ အဖေဝိုးတိုးဝါးတား သိပ်မမှတ်မိတဲ့ ကေအန်ဒီအို ခေတ် မြစ်ဝကျွန်းပေါ်အကြောင်း ပြန်ပြောပြရင် သည်းထိတ်ရင်ဖိုပါ ။ ဦးအောင်သိန်းက ခရေစေ့တွင်းကျ ပြန်ပြောနိုင်မှာပေါ့ … သူ ခလေးသာသာ လူပျိုပေါက်မဖြစ်တဖြစ်မှာ ကေအန်ဒီအိုနဲ့လိုက်ပြီး မိုင်းခွဲတတ် ချောင်းပစ်တတ်နေပြီလေ ။
.
.
ကံကြမ္မာအလှည့်အပြောင်းက ကောင်းစေဖို့ဖြစ်လေသလား ဆိုးစေဖို့ဖြစ်လေသလားတော့မသိ ၊ အသက် ၁၂-၁၃ နှစ်နဲ့ ကေအန်ဒီအို ဆတ်သားလုပ်နေတဲ့ သူ့ကို ဟင်္သတရဲစခန်းက မသင်္ကာမှူနဲ့ ဖမ်းပါတော့တယ် ။
“ကျနော့်ကိုဗျာ ဂတ်တဲက အုတ်ရေကန်ထဲထည့်ပြီး ရေပေါ်ကို ပေါ်လာတိုင်း နံပါတ်တုတ်နဲ့ ခေါင်းကိုရိုက်တာ ၊ တခေါင်းလုံး သွေးချင်းချင်းရဲနေတာပဲ ။ ကံကောင်းပြီး မမကြီးအသိမြန်သွားလို့ ငွေထုပ်ပိုက်ပြီး ဋ္ဌာနာအုပ်ကို ရှိခိုးဦးချ မနဲတောင်းပန်ပါမှ ပြန်လွတ်တယ်… ။ ရဲလက်ကလည်းလွတ်ရော ၆-လလောက် မနဲဆေးကုယူလိုက်ရတာဗျ ။ နောက်ပိုင်း မြစ်ဝကျွန်းပေါ်မှာ စစ်တပ်က ပိုက်စိတ်တိုက်ပြီး စစ်ဆင်ရေးတွေလုပ် ၊ ကျနော်တို့လည်း မြို့ပေါ်ပြောင်းရတာမို့ ကေအန်ဒီအိုနဲ့ အဆက်အသွယ်ပြတ်သွားတယ်” …
.
.
မိုက်ဇက မသေးတာမို့ မြို့ပေါ်ရောက်လည်း ဦးအောင်သိန်းအချိုးက မပြောင်းပါဘူး ။ ဘုန်းကြီးကျောင်းမှာ သေစာရှင်စာသင်ဖူးတာကလွဲရင် ၊ အတန်းပညာကလည်းမတတ် ငယ်ငယ်ရွယ်ရွယ်နဲ့ ရပ်ကွက်တကာလှည့်ပြီး ရန်ဖြစ် ၊ ညနေစောင်းရင် တရုတ်ဘုံဆိုင်မှာ အရက်သောက် အကျင့်ကောင်းတွေ အကုန်တတ်ပြီလေ ။ နောက်ဆုံး ဆိုင်ရှင်ပေါက်ဖော်ကြီးလင်မယားက မနေနိုင်တော့တာမို့ သူ့လက်ထဲ ပိုက်ဆံမထည့်ဖို့ သူ့အမကို တိုးတိုးတိတ်တိတ် ကြိတ်မှာပါတော့တယ် ။ ပိုက်ဆံမရှိလည်း အရက်သောက်ချင်တာမို့ ပေါက်ဖော်ကြီးကို တနေကုန်ခိုင်းချင်တာအကုန်ခိုင်း ညနေစောင်းရင် ခေါက်ဆွဲတစ်ပွဲနဲ့ အရက်တစ်စိတ်တိုက်ရမယ်ဆိုပြီး သွားသောင်းကျန်းလိုက်တာ နောက်ဆုံး အဲသည့်ဆိုင်မှာ ပေါက်ဖော်ကြီး မျက်နှာလွှဲရတဲ့ လက်ထောက် အကြော်ဆရာဖြစ်သွားပါရောတဲ့ ။ အဲသည့်ကနေ သူလည်း အချက်အပြုတ်ကို ဝါသနာပါသွားပြီး ဆရာစုံအောင် တပည့်ခံလိုက်တာ နောက်ပိုင်း လူကြီးတစ်ယောက် မ စ လို့ မြစ်ဝကျွန်းပေါ်သွားတဲ့ သင်္ဘောပေါ် ဆိုင်ဖွင့် စီးပွါးအတော်ဖြစ်တဲ့အထိပါ ။ ဒါပေမည့် ချွင်းချက်တစ်ခုတော့ရှိပါတယ် … VIP လို့ခေါ်တဲ့ လူကြီးလမ်းကြောင်းရှိရင် ချက်ဖို့လိုက်ရပါတယ် ။
.
.
အဲသည့် လူကြီးလမ်းကြောင်းမှာ ဦးအောင်သိန်း ကြုံခဲ့ရတာလေး အိမ်လာပြီးအဖေ့ကို ဖောက်သည်ချလို့ ပြန်ပြောပါရစေဦး…
မဆလ ခေတ်နှောင်းပိုင်းမှာပေါ့ … နိုင်ငံတော်အဆင့်လူကြီးကတော်တစ်ဦးနဲ့ ဝန်ကြီး ဝန်လေးကတော်တွေ မြစ်ဝကျွန်းပေါ်အနှံ့ ခရီးထွက်ကြတဲ့ လမ်းကြောင်းတစ်ခုမှာပါ ။ ထုံးစံအတိုင်း ဇာတ်လိုက်ကျော် ဦးအောင်သိန်းလည်း ချက်ဖို့ပြုတ်ဖို့တွေဈေးဝယ် သူ့အတွက်ရိက္ခာ အရက်ပုလင်းတွေလည်းဝယ်ပြီး သင်္ဘောပေါ်မှာ အသင့်စောင့်နေတာပေါ့ဗျာ ။ ကတော်တွေလည်းရောက်လို့ သင်္ဘောလည်းကမ်းကခွါပါမှ ညွှန်ချုပ်က မပြောမဆို ဦးအောင်သိန်းအခန်းကို ရှောင်တခင်ဝင်ပြီး သူ့ပုလင်းတွေကို သိမ်းလိုက်ပါတော့တယ်…
“အောင်သိန်း…. လူကြီးကတော် အမျိုးသမီးတွေပါလာတာ မင်း မသောက်ရဘူး”… တဲ့
.
.
ဒုက္ခနဲ့ လှလှ… အဲ အဲ… ဒုက္ခနဲ့ ဦးအောင်သိန်းတွေ့ချေပြီ ။ နေညိုတော့ လေကပြို ၊ လူကလည်း ကတုန်ကရင် ၊ အလုပ် လုပ်ရတာလည်းစိတ်မပါ ၊ အဲသည့်ညက အိပ်မပျော်ပါဘူးတဲ့ ။ သန်းခေါင်ကျော်တော့ အိပ်ရာပြန်ထပြီး လူကြီးကတော်တွေ နံနက်စာ “ကြာဆံချက်” စားမယ်ဆိုလို့ စိတ်မပါ လက်မပါ ပြင်ဆင်ရပါတော့သတဲ့ ။ နံနက်လင်းတော့ ကတော်လေးတွေနဲ့ ညွှန်ချုပ်ကြီးလည်း ဦးအောင်သိန်း ချက်ထားတာတွေ လာမြည်းကြည့်ပြီး မျက်လုံး မျက်ဆန်ပြူး ပွက်လောရိုက်ကုန်ကြပါတော့တယ်…
“ဟိုက်… သောက်ခွေး ၊ အောင်သိန်း မင်းဘယ်လိုလုပ်လိုက်တာလဲ ။ ကြာဆန်ချက်က ဆီမပါပြားမပါ … လက်ဆေးရေကြနေတာပဲ ။ ဆင်းဝယ်ရအောင် မြို့နဲ့လည်းမနီး … မင်းတော့ ပုသိမ်ရောက်ရင် အထုပ်ပိုက်ပြီး ဆင်းဖို့ပြင်ပေတော့” လို့ ကြိမ်းမောင်းပါတော့တယ်….
.
.
အဲသည့်အချိန်မှာပဲ လူကြီးကတော်ချုပ် စားသောက်ခန်းထဲဝင်လာပြီး …
“ကျက်ပြီလားဟင်… စားတော့မယ်” လို့ လောဆော်ပါသတဲ့ ။ ကတော်တွေလည်း မျက်နှာပျက် ၊ ညွှန်ချုပ်ကြီးလည်း ခြေမကိုင်မိ လက်မကိုင်မိတွေဖြစ် ၊ ဦးအောင်သိန်းလည်း “ငါတော့ သွားပဟ” ဆိုပြီး ပျားတုတ်ကုန်ကြပါသတဲ့ ။ နောက်ဆုံးတော့ ဖြစ်လိုရာဖြစ်ဆိုပြီး ကြာဆန်ချက်ပန်းကန်တွေ ချပေးလိုက်တော့… ကတော်ချုပ်ကြီးက ရှလွတ်စ် ရှလွတ်စ်ဆိုပြီး ခေါင်းမမော့ပေမည့် ဝန်ကတော်တွေ မျက်စောင်းက ဦးအောင်သိန်းဆီ အစုလိုက်အပုံလိုက်ရောက်လာပါတော့တယ် ။
.
.
ကတော်ချုပ်ကြီးလည်း တစ်ပန်းကန်ကုန်သွားတော့ နောက်ထပ်တစ်ပန်းကန် လှမ်းမှာရင်း…
“ကောင်းလိုက်တဲ့ ကြာဆံချက် ၊ ဒါမျိုးစားချင်နေတာကြာပြီ ။ ရန်ကုန်မှာက ဟင်းချိုမှုန့်အရသာနဲ့ အပေါ်မှာ ဆီတွေ အိုင်နေအောင်ချက်ကြတာ မမ ဘယ်လိုမှစားလို့မရဘူး… ။ ဒီကြာဆန်ချက်က မမ အဒေါ်တွေချက်တဲ့လက်ရာနဲ့ တပုံစံထဲပဲ”
ဦးအောင်သိန်းလည်း မျက်လုံးပြူးသွားသလို စားသောက်ခန်းတစ်ခုလုံးလည်း ငြိမ်ကျသွားပါတယ် ။ နောင်မှ ဝန်ကတော်တွေဆီက တစ်ယောက်တစ်ပေါက် ချီးမွမ်းသံတွေထွက်လာပြီး အားရပါးရ ဝိုင်းဝန်းအားပေးလိုက်ကြတာ ကြာဆံချက်တစ်အိုးလုံးလည်းပြောင် ညွှန်ချုပ်ကြီးလည်း ဖြီးနေတာပဲတဲ့ ။ နောက်တော့ ညွှန်ချုပ်ကြီးလည်း ဦးအောင်သိန်းကို အသာလက်ကုပ်ခေါ်ပြီး…
“အောင်သိန်း မင်း ပုလင်းတွေပြန်ယူ ။ လူရှေ့တော့ အနံ့မထွက်စေနဲ့ … နောင်လည်း ဒီလိုမလုပ်ပါနဲ့ကွာ ။ ငါ့မှာ ရင်ကို ထိတ်နေတာပဲ… တော်ပါသေးရဲ့” လို့ ဘုရားတရင်း တောင်းပန်ရှာသတဲ့…
.
.
အဲသည့်လိုနဲ့ပဲ ချောချောမွေ့မွေ့ ခရီးစဉ်ပြီးသွားပြီး … ဦးအောင်သိန်းကြီး အဖေ့ကိုအဲသည့်အကြောင်းဖောက်သည်ချရင်း တဟားဟား ရယ်ပွဲဖွဲ့ပါတော့တယ်ခင်ဗျား…
.
.
ဦးကျောက်ခဲ

31 comments

  • ဇီဇီခင်ဇော်

    November 25, 2015 at 3:44 pm

    ဟယ်။
    ကိုကိုကျောက်။
    ရှင် က ချက်နည်းတော့ ချန်ခဲ့တာလားး ??
    :k:

    အမှန်က ကျနော်လည်း ဆီပေါလောကို လုံးဝမကြိုက်။
    ကြက်သားချို လေးနဲ့အရည်လေးနဲ့ ။
    ခု မိုးတွေ အားဂျီးရွာနေတာဗျာ။
    :sar:
    စားချင်စရာ။

    • ဦးကျောက်ခဲ

      November 25, 2015 at 3:48 pm

      သွတ်ပြားရဲ့ အချက်အပြုတ်ဆြာက အဲသည့် ဦးအောင်သိန်း…
      ငယ်ငယ်တုန်းက သူ ချက်ပြီဆို ဘေးကနေဟင်းမြည်းရင်း ထိုင်ကြည့်လာတာ… :k:

  • Wow

    November 25, 2015 at 4:27 pm

    ကြာဇံချက်က ဆီမပါကောင်းပါ့မလား…
    ကျောက်စ် ရေးတော့ ငယ်တုံးက မြောင်းမြ-ပုသိမ် သင်္ဘောစီးခဲ့ရတာ သွားသတိရတယ်…
    ဝါးခယ်မ ဆီထမင်းနဲ့ ငါးကြော်… ပြီးတော့ ဘယ်မြို့နားနီးလဲမသိ ခြင်တွေတပုံကြီးဝင်လာလို့ ခြင်ထောင်ချထားရတယ် :kwi:

    • ဦးကျောက်ခဲ

      November 26, 2015 at 11:52 am

      ကြက်ပြုတ်ကိုဆီသတ်ရင် နဲနဲတော့ပါမှာပေါ့…
      ခြင်ပေါတာအမှတ်တရကတော့ ဝါးခယ်မနားက “ရွှေလောင်း” ပဲ…
      ခြင်တွေဆိုတာ အဆုပ်လိုက် ပြုံခဲနေတာပဲ…
      တစ်သက်နဲ့တစ်ကိုယ် အဲသလောက်ခြင်အကိုက်မခံရဖူးဘူး… :k:

  • Shwe Ei

    November 25, 2015 at 4:30 pm

    -ကြာဆံချက်ထက်…ရဲစခန်းမှာ နှိပ်စက်ခံရတဲ့ကိတ်စ ခေါင်းထဲပိုရောက်သွားတယ်
    -အာ့မျိူးးဒေ ကြားရရင် စိတ်မချမ်းသာဘူးညော် 🙁

    • ဦးကျောက်ခဲ

      November 26, 2015 at 11:55 am

      ရဲဆိုတဲ့အမျိုးက မနှိပ်စက်ရရင် စားမဝင်ဘူးလားမသိ…
      လက်သွေးချင်လို့ တမင် ထုတ်ရိုက်တယ်ဆိုတာရှိသေး…
      နယ်တွေမှာ ပိုဆိုးမယ်ထင်ရဲ့… 🙁

  • Kaung Kin Pyar

    November 25, 2015 at 4:31 pm

    ငယ်တုန်းက ရထားစီးရင်း ဘေးနားလာအော်သမျှ ဈေးသည်အစုံဝယ်စားရတာ အရမ်းကြိုက်တာ..။ အကြော်တို့ ဆီထမင်းတို့….ရထားစီးချင်တာထက် အဲ့ဒီအသည်တွေဆီက စုံစီနဖာလိုက်စားရတာကို ပိုကြိုက်တာ.. :mrgreenn:
    အဲ့သည်တုန်းက ရန်ကုန်-လားရှိုးရထား အစုန်အဆန်ကူးခဲ့တာရယ်…. ။ ဂုတ်ထိပ်တံတားပေါ်ရောက်ရင် အိပ်ပျော်နေလဲ အမေကနှိုးတယ်…။
    ကြာဇံချက်ကတော့ အရမ်းကြိုက်ပဲ…။ အမယ်များလေ စားကောင်းလေ….. :mrgreenn:
    အပေါ်ဝေ့နေတဲ့ ဆီတွေကိုတော့ တတ်နိုင်သလောက် ဖယ်ဖယ်စားတယ်
    ခုတောင်.. လွမ်းလာပြီ…. ဒီချိန်ဘယ်နားရှာရပါ့.. 😥

    • ဦးကျောက်ခဲ

      November 26, 2015 at 12:03 pm

      ခရီးသွားရင် အဲသည့်လို စုံစီနဖာစားရတာ ဦးလေးလည်းကြိုက်တယ်…
      အဲ တတိယနှစ်ကွင်းဆင်းတုန်းက ပဲခူးဘူတာမှာ ဘဲကင်ဝယ်တာ…
      ဘဲမံမီနဲ့မိသွားတာတော့ မေ့မရ … ခြောက်ပြီး မာတောင်နေပြီ… :k:

  • HMM

    November 25, 2015 at 4:36 pm

    အာဝဇ္ဇန်းရွှင်တဲ့ အူးအောင်သိန်းရယ်… ‘နေညိုလေပြို’ ကြာဆံချက်ဖြစ်ဖြစ် ‘ဟင်္သတအောင်သိန်း’ ကြာဆံချက်ဖြစ်ဖြစ် နာမည်လေးတပ်ပြီး ရွှီးလိုက်ပြီးရော :k:

    • ဦးကျောက်ခဲ

      November 26, 2015 at 12:07 pm

      ဟီ ဟိ သူ့မှာရွှီးနိုင်ဖို့ နေနေသာသာ ရင်တုန်နေတာတဲ့…
      ပြီးမှ သူချက်ထားတဲ့ မကောင်းမကန်းကို ကတော်ချုပ်က ကောင်းတယ်ပြောလို့…
      ဟန်လုပ်ပြီး အတင်းစားပြနေတဲ့ ဝန်ကတော်တွေကို မြင်တော့…
      အသံထွက် ရယ်မိမှာစိုးလို့ မနဲအောင့်ထားရသတဲ့… လူတွေ လူတွေ ခွိ :k:

  • Ma Ma

    November 26, 2015 at 2:47 pm

    ငယ်ငယ်တုန်းက ဧရာဝတီသင်္ဘောစီးရင် သင်္ဘောပေါ်က ထမင်းဆိုင်မှာစားရတာကို သိပ်သဘောကျခဲ့တာ။
    ဦးအောင်သိန်းကြီးဆိုင်များ ဖြစ်ခဲ့မလားတောင် မသိနိုင်ဘူး။

    • ဦးကျောက်ခဲ

      November 26, 2015 at 3:16 pm

      ရန်ကုန် – ပုသိမ်သင်္ဘောဆိုရင်တော့ ဟုတ်ပါလိမ့်မယ်…
      အာ ဟိ … နာမည်ကို တစ်လုံးလွှဲထားတာ အန်တီမာမား… :k:

  • kai

    November 26, 2015 at 3:10 pm

    သဘောက.. စိတ်မပါ့တပါမို့.. တလွဲကြာဆံချက်ပေါ့..
    အဲလိုလား..
    ဒါမှမဟုတ်.. အမူးသမားသိုင်းလို… မူးလေကောင်းလေ..လား..။ :k:

    • ဦးကျောက်ခဲ

      November 26, 2015 at 3:18 pm

      တလွဲကြာဆံချက်ကို လူကြီးကတော်က ကောင်းတယ်ဆိုတော့…
      ဘေးက “အနားပြာ”တွေ မကောင်းလည်း လိုက်ကောင်းကြတာလေ… ခွိ :k:

  • Mr. MarGa

    November 26, 2015 at 3:15 pm

    ဘာ အရသာမို့
    ကြက်ကန်း ဆန်အိုးတိုးပြီး အကြိုက်တွေ့သွားရတာတုန်း ဗျ…….

    • ဦးကျောက်ခဲ

      November 26, 2015 at 3:20 pm

      သူ့ဟာသူတောင် ချက်ရတာစိတ်မပါလို့ မကောင်းဘူး ဝန်ခံထားတာ…
      ခံတွင်းပျက်နေတဲ့ ကတော်ချုပ်နဲ့တွေ့တော့ ကြက်ကန်းဆန်အိုးတိုးသွားတာပေါ့… :k:

  • Mike

    November 27, 2015 at 10:27 am

    .ကျုပ်လည်း ဧရာဝတီသေဘောင်္မျိုးစုံနဲ့ ဧရာဝတီတိုင်းနှံ့ခဲ့ပါသဗျ
    .ဟုတ်တယ်..သဘောင်္ဖင်မှီးနားဖွင့်တဲ့ထမင်းဆိုင်တွေစားကောင်းပါ့ဗျာ

    • ဦးကျောက်ခဲ

      November 28, 2015 at 9:40 am

      အရင်ကတော့ ဟုတ်တယ်ဆြာမိုက်ရဲ့… အခုတော့သွားပြီ…
      ကုန်းလမ်းက ခရီးသွားကြတာများတော့ ရိုးရိုးခရီးသည်က မရှိသလောက်…
      ဧရာဝတီသဘောင်္တွေက အခုဆို ငါးနဲ့ ကုန်တွေပဲသယ်တော့တယ်… :k:

  • Nyo Win

    November 27, 2015 at 4:26 pm

    ဒါနဲ ့……..
    အဲ့ဒီနေ ့က ဦးအောင်သိန်းကြီးနိုင်သွားလားဟင်…ဆကျောက်စ်…:D

    • ဦးကျောက်ခဲ

      November 28, 2015 at 9:43 am

      အဲသည့်နေ့က နိုင်ပါ့ဗျား … ဦးအောင်သိန်းရှုံးတာ မတွေ့ဖူးသလောက်ပဲ…
      ၁၂-မျိုးဟင်းချို အကြော်အလှော်တွေနဲ့ ကျောက်စ်တို့လည်း အူစိုတာပေါ့… :k:

  • Crystalline

    November 27, 2015 at 7:10 pm

    တော်စပ်မှုကိုရေးတာ….ခုထိစပ်မတတ်ဘူးဖြစ်နေတယ်… 😀 ခွေးတွေကိုလည်း… အရက်တိုက်တာလား… :kwi:
    အဲ့ဘွားတော်ကလည်း… တသက်လုံး…အစားကောင်းမစားဖူးတာနေမယ်…. သများဆို… သူများ food review ရေးတာတွေ..ကွန်မင့်တွေဖတ်
    သွားစား….ငွေကုန်တာပဲအဖတ်တင်တယ်… 😛

    • ဦးကျောက်ခဲ

      November 28, 2015 at 9:47 am

      ဖအေတူ မအေကွဲပါဆို… ဝီးပါ့ကွီ… ဟီ ဟိ
      ဦးအောင်သိန်းက အိမ်လည်လာတဲ့သူလည်း အရက်တိုက်တယ်…
      ခွေး ကြောင် ကြက်တူရွေးတောင်တိုက်တာ … အမြည်းနဲ့လေ…
      ကျောက်စ် သန်းမဂျီးဖြစ်ရင် ညည်းကို အစားအသောက်ရေးရာဝံဂျီးခန့်မယ်… ခွိ :k:

    • ဦးကြောင်ကြီး

      November 28, 2015 at 1:26 pm

      ခွစ်လေးရဲ့ စစ်တပ်ကို ရီးပဲ လို့ အစဲသော့ဗါပူး… ဂလုထဲ ပ ျံလာဘ်ခံပေးပါ။

  • တောင်ပေါ်သား

    November 28, 2015 at 12:46 pm

    ဟိုးတုန်းက ဗန်းမော် – မန်း သင်္ဘောကြီးတွေက

    အဆန် ၃ ညအိပ် ၄ ရက် ၊ အစုန် ၂ ညအိပ် ၃ ရက်ဆိုတော့ ပျင်းနေအောင်စီးရတာဗျ ၊

    သင်္ဘောပေါ်မှာက စာအုပ်ဆိုင် ထမင်းဆိုင် အဲ အဲ ဖဲဝိုင်းက ၃ – ၄ ဝိုင်း ၊

    ဟီး ဟီး လွမ်းလိုက်တာ ၊

    အခုတော့ ကားက ၁၂ နာရီပဲကြာတော့ ကားစီးကြ ၊

    ရေလမ်းဆိုလည်း ရှပ်ပြေးပဲ စီးကြတော့

    အညာဆန်ကြီးတွေခမျာ ကုန်သင်္ဘောဘဝ ရောက်ရရှာလေသတည်း ပေါ့ ၊

    မိုးတားမုန့်တီမစားရတာ ဆယ်နှစ်မကတော့ပါဘူးဗျာ ၊

    • ဦးကျောက်ခဲ

      November 28, 2015 at 12:57 pm

      ဝုတ်ဒယ်… ဝုတ်ဒယ်…
      သင်္ဘောပေါ်မှာ စာအုပ်အငှါးဆိုင်လည်းရှိ…
      တိုးတိုးတိတ်တိတ် ဖဲကြိတ်ဝိုင်းလည်းရှိ… ဟီ ဟိ :k:

      • တောင်ပေါ်သား

        November 28, 2015 at 1:17 pm

        တိုးတိုးတိတ်တိတ်ကို မဟုတ်
        အစောင့်လိုက်တဲ့ ရဲတွေလည်း ဝင်ဆွဲတာပဲ ၊
        😛
        ညနေဆို သင်္ဘောခေါင်မိုးပေါ်တက် ၊ ယမကာဝိုင်းတွေက လွမ်းစရာ
        🙂

        • ဦးကြောင်ကြီး

          November 28, 2015 at 1:25 pm

          အူးမ ျိုးတမီးကို ခြစ်သယ်ဂ ျာ… ဒါနဲ့ ဗါပုလ ျို့ အနော ့်ကို ဘော့သွားဒါလ ျဲ….

  • မြစပဲရိုး

    November 29, 2015 at 6:16 am

    ကျောက်စ် လက်ရာ ဖတ်ရင်း ဧရာဝတီမြစ်ထဲ နှစ်ထပ်သဘောင်္ကြီး နဲ့ တစ်ခါက ခရီး သွားတာ တွေ လွမ်းမိပါ့။
    အဲဒီ တုန်းက လဲ ပြည်က နေ မန္တလေး ကို စုန်/ဆန် သွားတဲ့ သိပ္ပံမောင်ဝ ရဲ့ “မင်းလတ်” ကို မှန်းပြီး လွမ်းခဲ့ဖူးတာပါ့။
    မဖတ်ရတာကြာလို့လား မသိ အရသာရှိတာမှ ဦးအောင်သိန်း ရဲ့ ကြာဆံချက် အတိုင်းပါဘဲ။ 😉

    • ဦးကျောက်ခဲ

      November 30, 2015 at 10:47 am

      နိုင်ငံရေးနှိပ်စက်တာ စာရေးချင်စိတ်ပါပျောက်သွားလို့…
      ဟရောင် ကျောက်စ်… မုဗ် မုဗ်… ဟီ ဟိ :k:

  • ကျောက်စိမ်း တိန်ညင်

    November 29, 2015 at 1:05 pm

    ငယ်ငယ်က ဝါးခယ်မသွားရင် …. သင်္ဘောနဲ့ကိုး … ဧရာဝတီသင်္ဘော(အစိုးရပိုင်) စီးရင်တော့ အစားအစုံ မစားရဘူး .. ကြားသင်္ဘော(ပုဂ္ဂလိကပိုင်) ဆိုရင်တော့ ရန်ကုန်ဆိပ်ကမ်းကထွက်ကတည်းက ခေါက်ဆွဲသုပ်၊ ကြာဇံသုပ် ၂ပွဲအုပ်ပီးသား ပြီးရင် အိမ်သာပြေးဘီ 😉 …..

    တွံတေးကြော်လို့ မြစ်လေးခွဆုံရောက်ရင် ထမင်းလှေ ဆီထမင်းလှေ တွေ ကပ်လာပီ … ထမင်းပူပူကို ငှက်ပျောဖက်နဲ့ထုပ်လို့ ကြက်သား၊ ဝက်သား၊ ပုစွန် စတဲ့ဟင်းတွေကို ဆီပါးပါးပြန်ထားတဲ့ ခပ်စပ်စပ် ကရင်ချက်ဟင်းတွေနဲ့ ဗူးသီးဟင်းခါး တချို့ကျလည်း ချဉ်ပေါင်ဟင်းပေါ့ စားရတဲ့ အရသာ ဒီနေ့အထိ မမေ့နိူင်

    ညလည်စာ ဆီထမင်းထုပ်ကို စာလေးကြော်နဲ့ သိမ်းပီးသကာလ … မအူပင်ရောက်ရင် သရက်သီးချဉ်ငံစပ် စားရကောင်းမလား? ငှက်ပျော်ကြော်ပဲ စားရကောင်းမလား? အဖွားကို မေးရတာအမော … ကျောင်းပိတ်လို့ ဝါခယ်မပြန်တိုင်း အဖေပေးတဲ့ မုန့်ဖိုးက သင်္ဘောပေါ်မှာတင် တဝက်ကုန်တယ် 🙂

    ခုများတော့ ရုပ်ဝတ္ထုတို့ဆီ လိုက်ရင်းပြေးရင် ဒေသ၊ သဘာဝရဲ့ အရသာတွေကို မခံစားနိူင်ခဲ့တာ ဆယ်စုနှစ်တွေ ကျော်ပီလေ …..

    စကားမဆီမဆိုင် တခါသား သီတင်းကျွတ်ကျောင်းပိတ်ရက် ဝါးခယ်မပြန်ရင်း … သင်္ဘောပေါ်မှာ မိတ်ဆက်ခဲ့တဲ့ မအူပင်သူ လသာမှာနေတဲ့ လွင်မာထွေးဆိုတဲ့ တရုတ်ကပြားမလေးကို သတိရသား အဟေး အဟေး

    • ဦးကျောက်ခဲ

      November 30, 2015 at 10:52 am

      ဟုတ်တယ်ဗျ… တွံတေးတူးမြောင်းအဝမှာ လှေကလေးတွေနဲ့…
      သက်စွန့်ဆံဖျား မောင်းနေတဲ့သင်္ဘောကြီးကိုကပ်ပြီး တက်ရောင်းတဲ့…
      ဈေးသည်တွေနဲ့ စားစရာတွေကိုလည်း လွမ်းတယ်…
      အခု သင်္ဘောခေတ်မဟုတ်တော့ သူတို့ ဘာလုပ်စားကြတယ်မသိ… 🙁

Leave a Reply