ပြဿနာက ဘယ်ကစလဲဆိုရင် လှည်းတန်းစိန်ဂေဟာမှာ 4G U-sim ပြောင်းတဲ့ကိစ္စက စရပါလိမ့်မယ်။ တကယ်တော့ ဆင်းမ်ကတ်ပြောင်းဖို့ သွားတာမဟုတ်ဘူး။ (၆) လပိုင်းလောက်က ပျောက်သွားတဲ့ဖုန်းလေး ပြန်လျှောက်ဖို့သွားတာ။ တန်းစီနေတဲ့သူတွေ အများကြီးဆိုတော့ ကိုယ်လည်း ဝင်တန်းစီလိုက်တယ်။ ကောင်တာမှာက တစ်ယောက်တည်း ရှိတာကိုး။ ရှေ့ကလူတွေအကုန်လုံးက ဆင်းမ်ကတ် လဲနေကြတာ။ ကိုယ့်အလှည့်လည်းရောက်ရော ဖုန်းကတ်ပြန်လျှောက်ချင်တယ်ဆိုတော့ ဒီနေ့က တစ်ယောက်တည်းရှိလို့ မနက်ဖြန်မှ လာခဲ့ပေးပါတဲ့။ ဒီတော့ ကိုယ်လည်း မထူးပါဘူးဆိုပြီး ဆင်းမ်ကတ်လဲမယ်ပေါ့။ ဖုန်းကတ်ပြန်လျှောက်ဖို့ လိုတာတွေမေးပြီး စကားတပြောပြောနဲ့ လဲပေးလိုက်တာ ခဏလေးရယ်။ ဗိုက်ကဆာနေတာနဲ့ ကတ်ကို ဖုန်းထဲတောင် ပြန်မထည့်တော့ဘဲ ဒီအတိုင်းယူလာလိုက်တယ်။ မုန့်စားရင်း ဆိုင်မှာ ပြန်ထည့်ကြည့်တော့ လိုင်းက လုံးဝတက်မလာဘူး။ ဒါနဲ့ ကမန်းကတန်းနဲ့ ပြန်သွား၊ ကိုယ့်ဖုန်းအကြောင်း ပြောပြတော့မှ အဖြေက ထွက်လာတယ်။ ကိုယ်က postpaid သုံးထားတာ။ လဲပေးလိုက်တာက prepaid ကတ်။ ဒါနဲ့ ကောင်တာမှာ ထိုင်နေတဲ့ အမျိုးသားက သူ့အထက်ကို ဖုန်းဆက်ပေးတယ်။ postpaid ကတ်နဲ့ ပြန်လဲပေးရမယ်တဲ့။

 

ကိုယ်ကလည်း ကြိုမပြောလိုက်တော့ အားနာနေတာာ။ ဒါပေမယ့် သူက စကားတစ်ခွန်းစပြောတယ်။ သူ့အမှားမဟုတ်ဘူးနော် တဲ့။ သူ့အထက်က ဆူနေတယ်တဲ့။ customer ကလည်း မပြောဘူးလို့ ပြောလိုက်တယ်တဲ့။ စိတ်ထဲ အနှောင့်အယှက်တော့ ဖြစ်သွားတယ်။ ဒါပေမယ့်လည်း ဘာမှမပြောလိုက်ပါဘူး။ ဟုတ်ပါတယ်.. ကျွန်မလည်း မပြောလိုက်မိဘူး…သိမှမသိတာကိုး လို့ ပြန်ပြောလိုက်တယ်။ ဒါပေမယ့် ဖြစ်ချင်တော့ postpaid ကတ်က ကုန်နေတယ်။ ဆိုတော့ ဒီနေ့အတွက် ကိုယ့်ဖုန်းပြန်ရဖို့ မဖြစ်နိုင်တော့ဘူး။ သူက ဆက်ပြောတယ်။ ဘယ်လိုမှ အဆင်မပြေရင် အစ်မရဲ့ ဖုန်းအဟောင်းကို ပြန်လျှောက်ပေးပါမယ်တဲ့။ သူ့ပုံကြည့်ရတာ အိမ်လည်း ပြန်ချင်နေတယ်၊ စိတ်လည်း ရှုပ်နေတဲ့ပုံပါပဲ။ ကိုယ်ကတော့ အားနာနေတာပေါ့။ ထပ်ဖြစ်ချင်တော့ ကိုယ့်ဖုန်းအဟောင်းရဲ့ PUK ကုတ်က အိမ်မှာ ကျန်နေခဲ့တယ်။ အဲဒါမရှိလို့ မရဘူးတဲ့။ ဒါပေမယ့် history တွေ ဖြည့်ပေးပါမယ်ဆိုတော့ form ထုတ်ပေးမယ်။ ကိုယ်လည်း မှတ်မိသလောက်လေးဖြည့်ပေးပြီး ပေးလိုက်တော့ သူက system ထဲရိုက်ထည့်တယ်။ ပြီးလည်းပြီးရော လူကို ခပ်ထေ့ထေ့နဲ့ အစ်မ တော်တော်နောက်တယ်နော်… (၆) လတောင် ကျော်နေပြီ.. ဘာ history မှ မပေါ်တော့ဘူးတဲ့။ ဒုတိယအကြိမ် စိတ်ထဲ ထောင်းကနဲ ဖြစ်သွားပေမယ့် သည်းခံနေလိုက်သေးတယ်။ ဒါပေမယ့် ဇာတ်လမ်းက ဆုံးနေပြီ။ သုံးနေတဲ့ဖုန်းလည်း ပြန်မရဘူး။ ဖုန်းအဟောင်းကိုလည်း ပြန်လျှောက်လို့ မရဘူး။ PUK ကုတ်လို့ရင် အခုချက်ချင်း အိမ်ပြန်ယူပေးမယ်ဆိုတော့ ကိုးနာရီ ဆိုင်ပိတ်ချိန်ရောက်နေပြီ… စိန်ဂေဟာက ကိုးနာရီခွဲမှ ပိတ်တယ်ဆိုပေမယ့် သူတို့ကောင်တာက ကိုးနာရီပိတ်တာ.. သူ့မှာ စာရင်းတွေလည်း ပိတ်ရဦးမယ်… အဝေးကြီးလည်း ပြန်ရဦးမယ်ဆိုပြီး ပြန်ပြောတယ်။ မသိရင် ကိုယ်က ကိုယ်ချင်းမစာမနာ ခိုင်းနေသလိုကြီး။ ဒါဆို ကျွန်မ ဘယ်လိုလုပ်ရမလဲ.. ကျွန်မကလည်း အလုပ်ကိစ္စအတွက် ဖုန်းမရှိလို့ အဆင်မပြေဘူး.. ဘယ်လို လုပ်ပေးလို့ ရမလဲ လို့ ပြန်မေးတော့ ခပ်တည်တည်နဲ့ ပြန်ဖြေတယ်။ ကျွန်တော့နာမည်နဲ့ ကွန်ပလိန်းတက်လို့ ရတယ်နော် တဲ့။

 

စိတ်ဆိုးတာ စိတ်ဆိုးတာ ပြောမနေပါနဲ့။ ဒါပေမယ့် စိတ်ကို ထိန်းလိုက်တယ်။ ဒီလို စင်တာကြီးမှာ အကျယ်အကျယ်တွေ မဖြစ်ချင်ဘူးဆိုပြီး စိတ်ကို အတော်လေးထိန်းယူလိုက်တယ်။ ပြန်ပြောလိုက်တယ်။ ကျွန်မကိုယ်တိုင်လည်း service field က လူတစ်ယောက်ပဲ.. ကျွန်မမှာ ကွန်ပလိန်းတက်ဖို့ အစီအစဉ်မရှိဘူး.. ဒါပေမယ့် ကျွန်မက solution ကို လိုချင်တာ လို့။ သူ့ပုံစံကြည့်ရတာလည်း ဘာမှဖြေရှင်းပေမယ့်ပုံမပေါ်ဘူး။ ဒီတော့ ကိုယ့်ပြဿနာ ကိုယ်ပဲ တာဝန်ယူလိုက်ပါတယ်။ ဖုန်းကတ်အသစ်ထပ်ဝယ်ဖို့ပဲ ရှိတော့တာပေါ့လို့။ အဲဒီအခါကျ ပြန်ပြောတတ်တယ်။ ဖုန်းကတ်ဝယ်ရင် ဖုန်းဘေလ် ၃၀၀ဝ တန်တစ်ကတ်ပါ ဝယ်ရတယ်။ စုစုပေါင်း ၄၅၀ဝ ကျပါမယ်တဲ့။ မထူးတော့ပါဘူးလေ။ စိတ်ကို အစွန်းဆုံအထိ လျှော့ချပြီး ဖုန်းကတ်အသစ်ရော ဖုန်းဘေလ်ရော ဝယ်လာခဲ့တယ်။ ပြန်ရောက်တော့မှ ဒီရက်ပိုင်း အရေးတကြီးဆက်သွယ်ရမယ့်သူတွေကို facebook ကနေ message တွေပို့ပြီး နံပါတ်အသစ်ပေးရတယ်။ facebook ရှိနေတဲ့အတွက် ဖုန်းနံပါတ်မရှိလည်း ဆက်သွယ်လို့ရနေတာ တော်သေးတယ်ပြောရမယ်။ အဲဒီကတ်အသစ်နဲ့ တစ်ပတ်နီးပါးလောက် သုံးလိုက်တယ်။ သူက နောက်နေ့ပြန်လာပါလို့ ပြောထားပေမယ့် ရုံးဆင်းချိန် တန်းစီနေတဲ့လူတွေကို ကြည့်ပြီး မစောင့်ချင်တာနဲ့ ပိတ်ရက်နေ့ခင်းပိုင်းလောက်မှပဲ ပြန်သွားယူလိုက်တော့တယ်။

 

ပြဿနာက ပြီးသွားပေမယ့် မပြီးသေးတာက ကိုယ့်အတွေးတွေ။ Telenor လို လုပ်ငန်းကြီးက ဝန်ထမ်းတစ်ယောက်က ပြဿနာကို ဖြေရှင်းဖို့ မစဉ်းစားဘဲ ကျွန်တော့်အကြောင်း ကျွန်တော့်အထက်ကို တိုင်လို့ရပါတယ်ဆိုတာကတော့ မဖြစ်သင့်ဘူး ထင်တာပဲ။ ကိုယ် ကိုယ်တိုင်ကလည်း သိပ်ကို ထိလွယ်ရှလွယ်ပါတယ်ဆိုတဲ့ Tourism Industry ထဲမှာ အလုပ်လုပ်နေလို့လား မသိဘူး။ ပြဿနာဖြစ်လာရင် အရင်ဆုံးရှင်းဖို့ ကြိုးစားတာ။ ရှုံးတာမြတ်တာ နောက်အကြောင်း။ ကိုယ်တိုင်က complaints ပေါင်းများစွာကို ကြုံနေရတော့ (ရစ်လှပါချည်ရဲ့ဆိုတဲ့ ပြင်သစ်တွေနဲ့ အလုပ်လုပ်ရတာကိုး) သူများကို complaints တက်ဖို့ အတော်လေး ဝန်လေးတယ်။

 

ဒီရက်ပိုင်း အဲဒီအကြောင်း ခေါင်းထဲရောက်နေတာနဲ့ အင်တာနက်ထဲမှာ complain နဲ့ ပတ်သက်တာတွေ ရှာကြည့်မိရော။ ဆောင်းပါးလေးတစ်ပုဒ် သွားတွေ့တယ်။ University of Florida website က Customer Complaints and types of Customers တဲ့။ ဖတ်ကြည့်မိတော့ စိတ်ဝင်စားစရာကောင်းတယ်။ ဒါနဲ့ပဲ မနေနိုင်မထိုင်နိုင် ဘာသာပြန်ကြည့်မိတယ် ဆိုပါတော့။ တတ်သလောက် မှတ်သလောက် ပြန်ထားတာဆိုတော့ လွဲနေတာတွေ ရှိရင်လည်း ပြောကြပေါ့နော်။ ကျေးဇူးတင်ပါတယ်ရှင်။

 

*********************************

 

Customer ကို အဓိကထားပြီး လုပ်ဆောင်နေတဲ့ လုပ်ငန်းတိုင်းဟာ complaints လို့ခေါ်တဲ့ မကျေနပ်ချက်တွေကို ထိထိရောက်ရောက် ဖြေရှင်းပေးရုံတင် မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်မှုပေးနေရတဲ့သူတွေမှာရှိနိုင်မယ့် မကျေနပ်ချက်တွေကိုလည်း ရှာဖွေဖော်ထုတ်ကြပါတယ်။ ဧည့်သည်တွေက သူတို့ရဲ့ မကျေနပ်ချက်တွေကို ဖော်ထုတ်ခွင့်ရစေဖို့ ဘယ်လိုနည်းလမ်းတွေကိုများ ခင်ဗျားတို့လုပ်ငန်းက အသုံးပြုနေပါသလဲ။ အဲဒီနည်းလမ်းတွေကရော တကယ်အကျိုးရှိပါရဲ့လား။ လေ့လာသူတွေရဲ့စစ်တမ်းအရဆို ကျွန်တော်တို့သိလိုက်ရတဲ့ မကျေနပ်ချက် တစ်ခုစီတိုင်းအတွက် အခြားမသိလိုက်ရတဲ့ မကျေနပ်ချက် ၂၅ ခုကျော်တောင် ရှိပါတယ်တဲ့။ ဒါကြောင့် ဧည့်သည်တွေကို ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုပေးချင်တဲ့ လုပ်ငန်းတိုင်းဟာ ကိုယ့်ဧည့်သည်တွေကို သူတို့ရဲ့မကျေနပ်ချက် အဆင်မပြေမှုတွေကို ဖော်ထုတ်ပြောပြနို်င်ဖို့ အခွင့်အရေးတွေ ပေးရပါမယ်။ ခင်ဗျားတို့ လုပ်ငန်းမှာရော ဧည့်သည်တွေဆီက အဆင်မပြေမှုတွေကို ပိုပြီးသိနိုင်မယ့် အခွင့်အလမ်းတွေ ရှိနေပါရဲ့လား။ မကျေနပ်ချက်တွေကို ပြောပြခွင့်ရှိမယ့် အခြေအနေတစ်ခုကို မပေးနိုင်တဲ့ ဘယ်လုပ်ငန်းကမှ ပြီးပြည့်စုံတဲ့လုပ်ငန်းတစ်ခု ဖြစ်မလာနိုင်ပါဘူး။ ခင်ဗျားတို့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ ဧည့်သည်ဆီက ဘာသတင်းမှ မကြားရဘူးဆိုတိုင်း သတင်းကောင်းတစ်ခုတော့ မဟုတ်နိုင်ဘူးလေ။

 

မကျေမနပ်ဖြစ်တတ်ကြတဲ့သူအမျိုးအစားကို အနည်းဆုံး (၅) မျိုးလောက်တော့ ခွဲခြားနိုင်ပါတယ်။ တစ်မျိုးစီတိုင်းမှာ မတူညီတဲ့ ယုံကြည်ချက်တွေ၊ စိတ်ဓာတ်အဆင့်အတန်းတွေ၊ လိုအပ်ချက်တွေ ရှိကြပါတယ်။ အောက်မှာ ကျွန်တော်ပြောပြမယ့် လူအမျိုးအစားအဓိပ္ပာယ်ဖွင့်ဆိုချက်တွေ၊ ဘယ်လိုတုံ့ပြန်ရမယ်ဆိုတာတွေနဲ့ မလုပ်သင့်တဲ့အရာတွေကို တစ်ချက်လောက် ကြည့်ကြရအောင်။

 

The Meek Customer

အနေအေးတဲ့သူမျိုး

 

သူတို့တွေက များသောအားဖြင့်တော့ မကျေနပ်ချက် အဆင်မပြေမှုတွေကို ထုတ်ပြောလေ့ မရှိကြပါဘူး။

 

ဒီလို ဧည့်သည်မျိုးအတွက်ဆို သူတို့ဆီက မှတ်ချက်တွေ၊ အဆင်မပြေမှုတွေကို သိခွင့်ရဖို့ အတော်လေး ကြိုးစားရမှာပါ။ သိပြီးတဲ့အခါမှာလည်း အဆင်ပြေအောင် ဖြေရှင်းပေးရပါမယ်။

 

The Aggressive Customer

စိတ်ကြီးတတ်တဲ့သူမျိုး

 

အပေါ်က အနေအေးတဲ့သူမျိုးနဲ့ ဆန့်ကျင်ဘက်ပါပဲ။ ထစ်ခနဲဆို မကျေမနပ်ဖြစ်တယ်။ အော်ဟစ်ပြောဆိုဖို့လည်း ဝန်မလေးဘူး။

 

ဒီလိုသူမျိုးတွေအတွက် ဖြေရှင်းပေးဖို့ဆို သူတို့ပြောသမျှကို ပြီးတဲ့အထိ နားထောင်ပေးပါ။ ပြီးရင် “ဘာများ ရှိပါသေးလဲ” လို့ မေးပါ။ ဒီလိုမေးခြင်းအားဖြင့် ဒီပြဿနာဟာ တကယ်ဖြစ်နေပါတယ်ဆိုတာ ကိုယ်က သဘောတူပေးလိုက်တဲ့သဘောပါ။ ပြီးရင် ဒါကိုဖြေရှင်းဖို့ ဘာလုပ်ပါမယ်၊ ဘယ်အချိန်မှာ ဖြေရှင်းပြီးပါမယ်ဆိုတာ သေသေချာချာ ပြောပြပါ။

 

သူတို့နဲ့အပြိုင် စိတ်မကြီးပါနဲ့။ ဒီလိုဧည့်သည်မျိုးတွေက ဘာကြောင့်ဖြစ်ရပါတယ်ဆိုတဲ့ ဆင်ခြေတွေ အကြောင်းပြချက်တွေကို လုံးဝနားမထောင်ချင်ကြပါဘူး။

 

The High-Roller Customer

သုံးနိုင်ဖြုန်းနိုင်တဲ့သူမျိုး

 

ဒီလိုလူမျိုးတွေကတော့ ပေးချင်သလောက်ပေးရပါစေ၊ အကောင်းဆုံးဆိုတာကိုမှ လိုချင်သူတွေပါ။ စိတ်ကြီးတတ်တဲ့အကျင့် ပါလာတဲ့သူမဟုတ်ဘူးဆိုရင်တော့ သူတို့တွေဟာ ဖြစ်သင့်တဲ့အခြေအနေတစ်ခုမှသာ မကျေနပ်တဲ့အကြောင်းကို ပြောတတ်ကြပါတယ်။

 

သူတို့တွေဟာ ထွက်လာမယ့်အဖြေရယ်၊ ဖြစ်နေတဲ့ပြဿနာအတွက် ခင်ဗျားအနေနဲ့ ဘာပြန်လုပ်ပေးမလဲ ဆိုတာရယ်ကို စိတ်ဝင်စားကြပါတယ်။ သူတို့ပြောတာကို လေးလေးစားစားနဲ့ စိတ်ဝင်တစား နားထောင်ပေးပါ။ အကြောင်းရင်းမှန်ကို သိရဖို့ မေးတဲ့အခါမှာလည်း ဂရုတစိုက်နဲ့ မေးပါ။ နောက်ဆုံးမှာ “ဘာများ ရှိပါသေးလဲ” လို့မေးပါ။ ပြီးရင်တော့ ပြဿနာကို ပြေလည်အောင် ဖြေရှင်းပါ။

 

စိတ်ကြီးတတ်တဲ့သူတွေလိုပဲ သူတို့တွေကလည်း ဆင်ခြေတွေ အကြောင်းပြချက်တွေကို လုံးဝစိတ်မဝင်စားပါဘူး။

 

The Rip-Off Customer

ပဿနာရှာချင်တဲ့သူမျိုး

 

ဒီလိုလူမျိုးကကျတော့ ပြေလည်အောင်ဖြေရှင်းပေးတာကို မလိုချင်ဘူး။ သူတို့ရမယ့် ဝန်ဆောင်မှုထဲမှာမပါတဲ့ အပိုဝန်ဆောင်မှုတွေကို လိုချင်ကြတာ။ “သိပ်မကောင်းတာ အမှန်ပါပဲ” လို့သာ ခဏခဏပြောပေး၊ သူတို့တွေ ကျေနပ်ကြလိမ့်မယ်။

 

ဒါကို ဖြေရှင်းဖို့ဆိုရင် ဖြစ်နေတဲ့ပြဿနာကို ဒီအတိုင်းသာ ထားပါ။ ကိုယ်ပြန်လုပ်ပေးနိုင်မယ့် ပမာဏကို သေချာစဉ်းစားပါ။ ကိုယ်လုပ်ပေးမယ့်အရာက ကိုယ့်လုပ်ငန်းမျာ လုပ်ပေးနေကျ ဟုတ်မဟုတ်လည်း သေချာပြန်စစ်ပါ။ ပြီးရင်တော့ “သိပ်မကောင်းတာ အမှန်ပါပဲ.. အဆင်ပြေအောင် ဘာများလုပ်ပေးရမလဲ” လို့သာ မေးလိုက်ပါတော့။

 

The Chronic Complainer Customer

အဆိုးမြင်တဲ့သူမျိုး

 

ဘယ်တော့မှ ကျေနပ်မှာ မဟုတ်ဘူး။ သူတို့အတွက်ကတော့ အရာရာတိုင်းက မှားနေတာပဲ။ ပြဿနာရှာရမှကို ကျေနပ်တဲ့သူမျိုးတွေ။ ဒါပေမယ့်လည်း သူတို့က ခင်ဗျားရဲ့ ဧည့်သည်တွေပဲလေ။ ဘယ်လောက်ပဲ ခင်ဗျားစိတ်ညစ်ညစ် သူ့ကို မေ့ပစ်ထားလို့မှ မရတာ။

 

သူတို့အတွက် ဖြေရှင်းပေးတော့မယ်ဆိုရင် အစွန်းဆုံအထိ သည်းခံနိုင်စွမ်းရှိရပါမယ်။ ဂရုတစိုက်တဲ့ ဆုံးတဲ့အထိ နားထောင်ပေးရမယ်။ သူတို့တွေရဲ့ ဒေါသကိုတော့ ဘယ်တော့မှ သွားမဆွမိစေနဲ့။ စာနာစိတ်အပြည့်နဲ့ နားထောင်ပေး၊ အနူးအညွတ်တောင်းပန်ပေး၊ အရိုးသားဆုံးသာ ဖြေရှင်းပေး၊ တကယ်အကျိုးရှိပါတယ်။ အပေါ်က ပြဿနာရှာချင်တဲ့သူမျိုးတွေနဲ့ မတူတာက ဒီအဆိုးမြင်တဲ့သူတွေဟာ ပြဿနာကို ပြေလည်အောင်ဖြေရှင်းပေးတဲ့ ခင်ဗျားရဲ့ လုပ်ရပ်တွေကို အသိအမှတ်ပြုပေးကြပါတယ်။ သူတို့တွေက သေချာနားထောင်ပေးပြီး တောင်းပန်တာကို လိုချင်ကြတာ။ (ခဏခဏ မကျေနပ်ချက်တွေ များနေပေမယ့်) သူတို့ရဲ့ စိတ်ထဲမှာ ဧည့်သည်ကောင်းတစ်ယောက် ဖြစ်ချင်ကြတယ်။ ပြီးရင် သူ့အဆင်မပြေမှုပေါ်မှာ ခင်ဗျားဖြေရှင်းပေးလိုက်တဲ့ ကောင်းကွက်တွေကိုလည်း တစ်ခြားသူတွေကို ပြန်ပြောပြပါလိမ့်မယ်။

 

မန်နေဂျာကောင်းတွေဟာ သူတို့ရဲ့ ဧည့်သည်ဆီက အဆင်မပြေမှုတွေကို ကြားချင်ကြပါတယ်။ ဒီလိုတွေ သိမှသာ ပြေလည်အောင် ဖြေရှင်းပေးလို့ ရမှာကိုး။ မသိရဘူးဆိုရင်တော့ စီမံအုပ်ချုပ်နေတဲ့သူတွေအနေနဲ့ အရာရာအဆင်ပြေနေတယ်လို့ပဲ ထင်နေကြမှာလေ။

 

ကျွန်တော်တို့သိလိုက်ရတဲ့ မကျေနပ်ချက် တစ်ခုစီတိုင်းအတွက် အခြားမသိလိုက်ရတဲ့ မကျေနပ်ချက် ၂၅ ခုကျော်တောင် ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။ ဘယ်လိုစစ်တမ်းကများ ပြောထားတာပါလိမ့်။ အဆင်မပြေမှုနဲ့ ကြုံထားတဲ့ ဧည့်သည်တစ်ယောက်ဟာ အဲဒီအကြောင်းကို တစ်ခြားဧည့်သည် အယောက် ၂ဝ ကနေ ၂၅ ယောက်အထိ၊ နောက် ဧည့်သည်ဖြစ်လာနိုင်ခြေရှိတဲ့သူတွေကို ပြန်ပြောပြလေ့ ရှိပါတယ်။ ဒါကြောင့် လုပ်ငန်းတိုင်းမှာ ဧည့်သည်တွေကြုံရတဲ့ အဆင်မပြေမှုတွေ၊ မကျေနပ်ချက်တွေကို ဖြေရှင်းဖု့ိ နည်းလမ်းအဆင့်ဆင့် လိုအပ်ပါတယ်။

 

အောက်မှာပြထားတဲ့ အဆင့် (၈) ခုကတော့ ပြဿနာကို ဖြေရှင်းနည်း အဆင့်ဆင့်ပါပဲ။

 

(၁) ဧည့်သည်တွေရဲ့ အဆင်မပြေမှုတွေ၊ မကျေနပ်ချက်တွေကို ပြောပြခွင့်ပေးပါ။

(၂) ဧည့်သည်ကို အပြည့်အဝ အာရုံစိုက်ပေးပါ။

(၃) ပြီးဆုံးတဲ့အထိ နားထောင်ပေးပါ။

(၄) အဓိကမေးရမယ့် မေးခွန်းဖြစ်တဲ့ “ဘာများ ရှိပါသေးလဲ” ဆိုတာကို မေးပါ။

(၅) ပြဿနာဖြစ်နေတယ်ဆိုတာကို သဘောတူပေးပါ။ ငြင်းခုန်တာတွေ အခြေအတင်ဖြစ်တာတွေ မလုပ်ပါနဲ့။

(၆) တောင်းပန်ပါ။

(၇) ပြဿနာကို ဖြေရှင်းပေးပါ။ “ဘာများ ရှိပါသေးလဲ” လို့ ထပ်မေးပါ။

(၈) ကျွန်တော့်ကို ဒီလိုမျိုး ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ ပြောပါ။

 

ဒီ (၈) ချက်ကို စမ်းစစ်ကြည့်ရင် ခင်ဗျားတို့လုပ်ငန်းမှာ ဘယ်အချက်တွေကို အများဆုံး နဲ့ အနည်းဆုံး လုပ်လေ့ရှိပါလဲ။ ခင်ဗျားရဲ့ အဖြေကိုမူတည်ပြီး ခင်ဗျားဧည့်သည်တွေရဲ့ အဆင်မပြေမှုတွေကို ပိုမိုကောင်းမွန်အောင် ဖြေရှင်းပေးဖို ဘာတွေလိုအပ်နေသေးလဲဆိုတာ ဆုံးဖြတ်လိုက်ပါတော့ဗျာ။

 

 

About လုံမလေးမွန်မွန်

has written 169 post in this Website..

ကိုယ်ချစ်တဲ့သူတွေကို ကိုယ့်ရဲ့မေတ္တာတရားကို ပြသဖို့ ၀န်မလေးပါနဲ့... ဘ၀ဆိုတာ တိုတိုလေးရယ်ပါ... .... CJ # 11202010