” မပိတ်စကောင်း ပိတ်စကောင်း “
“မပိတ်စကောင်း ပိတ်စကောင်း ”
ပြီးခဲ့တဲ့ ငါး ရက်လောက်က ကျနော် မန်းလေးက နေမူဆယ်ကို အလုပ်နဲ့သွားဘို့ဖြစ်လာပါတယ်။
ဒါနဲ့ဘဲ လမ်းခရီးအကြောင်းစုံစမ်းတော့ ဟိုရက်ကတော့ လမ်းတွေပိတ်နေတယ်လို့
အခုရက်တော့ လမ်းနည်းနည်းပွင့်ပြီလို ့ သတင်းကြားရပါတယ်။
မသွားမဖြစ်ခရီးဆိုတော့လည်း လမ်းတွေပိတ်တယ်ဆိုပေမယ့်လည်း
ကားငှားပြီးသွားဖြစ်ခဲ့ပါတယ်။
မနက် ရနာရီလောက်မှာ လာကြိုတဲ့ကားနဲ့ မူဆယ် မန်းလေးခရီး
ကို စတင်ခဲ့ပါတယ်။
ပြင်ဦးလွင် ရောက်တော့ မနက် ရှစ်နာရီကျော်ကျော်။
မနက်စာ စား ဘို့ ခဏသာနားပြီး ခရီးဆက်ခဲ့ပါတယ်။
ဝက်ဝံကိုလွန်ပြီး မကြာခင်မှာဘဲ ဆောင်းတွင်းကြီးမှာ မိုးတွေ
ရွာလာပါတော့တယ်။
မိုးကသဲလဲ မသဲ ခပ်ဖွဲဖွဲ ဆိုတော့ ကားကို ဖြည်းဖြည်းဘဲမောင်းလို့ရပါတယ်။
အဲဒီနေ့က အဆင်းကားဆက်ပြတ်နေတော့
“လမ်း ပိတ်နေပြန်ပြီ ထင်တာဘဲ “လို့ ကားဆရာလေးက ညည်း ပြော ပြောပါတယ်။
ပုံမှန် ဆိုရင် မန်းလေးကနေ မနက်စောစော (၇)နာရီလောက်ထွက် ခပ်သွက်သွက်
မောင်း လမ်းမှာလဲ အကြာကြီးမနားဘူးဆိုရင် ညနေလေးနာရီခွဲလောက်မှာ
မူဆယ် မြို့ထဲကို ရောက်နိုင်ပါသတဲ့။
အိပ်စ်ပရက် ကားကြီးတွေတောင်မှ ညနေ ငါးနာရီလောက်ထွက်ရင်
နောက်နေ့ မနက် ဆယ်နှစ်နာရီဆိုတာအလွန်ဆုံးထားပြီး မူဆယ်
ကားကြီးကွင်းကိုရောက်ပါသတဲ့။
ပြီးခဲ့ အပါတ်ထဲ က ကားအသေးတွေတောင်မှ အဆင်မသင့်ရင် တစ်ညအိပ်ရပါသတဲ့။
လမ်းပိတ်တယ်ဆိုတော့ ကားအသွားအလာနည်းသွားပါသတဲ့။
ဒါပေမယ့် အခုရက်လမ်းနည်းနည်းပွင့်ပြီဆိုတဲ့အသံကြားတာနဲ့
ကုန်ကားတွေ ဖရဲကားတွေ အတက်များလာပါတယ်။
နှစ်သစ်ကူးနီးလာပြီဆိုတော့ ဖရဲသီးအရောင်းသွက်တာလဲ ပါ ပါတယ်။
(အခုနောက်ပိုင်း ဖရဲကားတွေက အပြန်မှာဘာကုန်မှမတင်ဘဲ
ခါလီပြန်ကြတာများပါတယ်။
ကုန်တင်ပြီး ပြန်လာရင် ပုံမတော်ရင် ရှုံးတယ်လို့ဆိုပါတယ်)
ကျနော်တို့တက်လာတဲ့နေ့က တော့ လမ်းမှာ ဖရဲကားအတော်များများကို
တွေ့ရပါတယ်။
ဂုတ်တွင်းအဆင်းမှာတော့ လမ်းပိတ်နေတယ်ဆိုတဲ့သတင်းစကားလေးကြားရပါတယ်။
ဂုတ်တွင်းကို စတက်တဲ့အချိန်
လမ်းအပေါ်ကိုလှမ်းကြည့်လို်က်ပြန်တော့ကုန်ကားတွေရောအိမ်စီးကားသေးတွေပါ
တန်းစီနေတာကို မြင်ရပါတယ်။
ဆယ့်နှစ်ဘီးတွဲကား တစ်ကားက အရှိန်လွန်ပြီး ကွေ့မရပြုမပြဖြစ်နေလို့ပါတယ်။
ကျနော်တို့လဲ အများနည်းတူရပ်နေရပြန်ပါတယ်.။
ဆယ့်ငါးမိနစ်လောက်ကြာတော့မှ ကားလေးတွေ တန်းစီပြီး ဆင်းလာတာတွေ့မိမှ
စိတ်အေးလက်အေးဖြစ်သွားပါတယ်။
ကျနော်တို့ ဆက်လာလိုက်တာ ကျောက်မဲသီပေါ ကိုဖြတ်လာချိန်မှာတော့
အဆင်းကားလေးတွေဆက်တိုက်လိုလို တွေ့ရတော့
“လမ်းပွင့်သွားပြီနေမှာ”လို့ပြောရင်း စိတ်အေးလက်အေးမောင်းလာကြပါတယ်။
ကားဆရာလေးက “ဘယ်မှာ ထမင်းစားကြမလဲ “လို့မေးတော့
ဘိုက်လဲသိပ်မဆာတော့ လားရှိုးရောက်မှ စားမယ်လို့ပြောလိုက်ပါတယ်။
ဒါနဲ့ဘဲလားရှိုးမြို့ရှောင်လမ်းက မလာဘဲ မြို့ထဲကဖြတ်လာခဲ့ကြပါတယ်။
ကျနော်တို့ လားရှိုးမြု့ိ အထွက် က ထမင်းဆိုင်လေးကိုရောက်တော့
ညနေသုံးနာရီထိုးပါပြီ။
ထမင်းစားနေတုန်းမှာဘဲ ကားဆရာလေး ဆီကို ဖုန်းဝင်လာပါတယ်။
အစောကလေးတင်ဘဲ ရှု့ခင်းသာနားမှာ တွဲကားတစ်စီးမှောက်တယ်ဆိုတဲ့သတင်းဆိုးပါဘဲ။
ကျနော်တို့ထမင်းစားပြီးတဲ့အခါ လိုရမယ်ရဆိုပြီး
ရေသန့်ဘူးတွေရယ် အလွယ်စားလို့ ရတဲ့ အာလူးကြော်တို့
ငါးမုန့်ထုပ်တို့ ရယ် ငှက်ပျောသီးတစ်ဖီးရယ်ဝယ်လာခဲ့ကြပါတယ်။
ခပ်မှန်မှန်မောင်းလာနေရင်းက ကားတန်းအရှည်ကြီးနားကိုရောက်လာပါတယ်။
ရှု့ခင်းသာမရောက်ခင်နားမှာပါ။
မိုးကလဲခပ်ဖွဲဖွဲလေးကျနေပါတယ်။
သိပ်မကြာခင် အဆင်းကားဘက်က ကားတွေ တစ်စီးချင်းဆင်းလာတာတွေ့ရပါတယ်။
ကျနော်တို့အတက်ကားတွေသွားခွင့်ရတဲ့အချိန်တအိအိ တရွှေ့ရွှေ့နဲ့သွားရပါတော့တယ်။
ခရာသံတရွှီးရွှီးကြားတာနဲ့လှမ်းကြည့်တော့ လမ်းရှင်းပေးနေသူတွေနဲ့အတူ
ပိန်လိန်စုတ်ပြတ်နေတဲ့ တွဲကားတစ်စီးကိုလဲမြင်ရပါတယ်။
လမ်းနံဘေးမှာတော့ အဲ့ကားက ချထားတဲ့ပစ္စည်းတွေပုံထားပါတယ်။
အဲဒီနေရာက လွန်ပြီး သိပ်မကြာခင်မှာ နောက်ထပ်ကားတွေတန်းစီရပ်ထားတာကိုမြင်ရပြန်ပါတယ်။
အဲဒီအချိန်မှာ အလင်းရောင်ကလည်းတစ်စထက်တစ်စနည်းလာပါတယ်။
မိုးမှောင်တော့ အလင်းပျောက်တာ ပိုမြန်သွားသလိုပါဘဲ။
ဘေးဘယ်ညာ နှစ်ဖက်မှာကားတွေတန်းစီရပ်ထားတာမြင်ရပြန်ပါတယ်။
မိုးဖွဲဖွဲထဲမှာ အောက်ဆင်းပြီးလျောက်သူကလျောက်
ဘယ်နားမှာကားပိတ်နေလဲလို့သွားပြီး စနည်းနာသူက
နာလို့နေပါတယ်။
ကျနော်လဲ အညောင်းပြေလမ်းဆင်းလျှောက်တော့ မှ
ကားတန်းက က နှစ်တန်းမဟုတ်ဘဲ အလည် မှာ
အဆင်းကားနဲ့အတက်ကား ခေါင်းခြင်းဆိုင်နေတာကိုတွေ့ရပါတယ်။
ကားတစ်ကားခြင်းတန်းစီပြီးအလှည့်ကျလွှတ်ပေးနေချိန်မှာ
စည်းကမ်းမဲ့တဲ့ကားအသေးတွေက လွတ်တဲ့နေရာလေးကိုဇွတ်ဝင်တိုးပါတယ်။
အဲလိုအချိန်မျိုးမှာ ဆယ်နှစ်ဘီးတွဲကားကြားကိုရောက်သွားချိန်မှာ
ရှေ့တိုးမရ နောက်ဆုတ်မရနဲ့ဖြစ်သွားတတ်သလို
အတက်အဆင်းနှစ်ဘက်စလုံးက စည်းမဲ့ကမ်းမဲ့ဆင်းလာတဲ့ကားချင်း
ခေါင်းချင်းဆိုင်မိချိန်မှာလည်းလမ်းက ပိတ်သွားတတ်ပါတယ်။
ဒီလိုလမ်းပိတ်နေချိန်မှတော့အချို့သောကားလေးတွေက နည်းနည်းလေး
လွတ်နေတဲ့မြေလမ်းကနေ ဇွတ်တိုးပြီး ရှေ့ရောက်အောင်သွားနေတာကိုမြင်ရပြန်ပါတယ်။
တစ်စီးဝင်တာမြင်တော့နောက်တစ်စီးက လိုက်ဝင်ရင်းပိတ်နေတဲ့
ကားတန်းကြီးကလေးတန်းဖြစ်သွားပါတယ်။
လမ်းပြောင်းပြန်ရော လမ်းအတည့် ပါ နေရာလွတ်မကျန်အောင်
ပိတ်ရပ်ထားကြတော့ ရှေ့တိုးမရ နောက်ဆုတ်မရနဲ့ ကားတွေက အချိန်ကြာလေများသထက်များလေဖြစ်လာပါတယ်။
နောက်တော့မှ ကောင်လေးနှစ်ယောက်က ကားတစ်စီးခြင်းကိုလိုက်ပြောပြီး
တောင်းပန်ရင်း လမ်းရှင်းပေးပါတော့တယ်။
မိုးတဖွဲဖွဲထဲမှာရှေ့သွားလိုက်နောက်ပြန်ပြေးလိုက်နဲ့ပိတ်နေတဲ့ကားတွေကို
ဖယ်ပေးဘို့လိုက်ညှိနိုင်းတော့မှ တစ်စီးခြင်းတရွှေ့ရွှေ့နဲ့ထွက်ရပါတော့။
ပိတ်တဲ့နေရာကလွတ်လို့ မှ မကြာသေးခင် ရှေ့တစ်နေရာက
ပိတ်နေတဲ့ကားတန်းကြီးက ကြိုဆိုလို့နေပြန်ပါတယ်။
ပိတ်လို့ရပ်နေတဲ့နေတာသိပါလျက်နဲ့နည်းနည်းလေးလွတ်တဲ့နေရာကို
ဇွတ်တိုးဝင်လာတဲ့ကားသေးတွေကြောင့်
ကားလမ်းတွေက ပိတ်သထက်ပိတ်
နောက်ထပ်ရောက်လာတဲ့ကားတွေကများသထက်များ
အလင်းရောင်ပျောက်လို့မှောင်သထက်မှောင်ဖြစ်လာပါတယ်။
ဘိုက်ဆာလာရင် အာလူးကြော်လေးဝါးလိုက်ရေသောက်လိုက်နဲ့ပေါ့.။
နာရီဝက်လောက်စောင့်ပြီးတဲ့အခါမှာ ကားက တရွှေ့ရွှေ့နဲ့ပြန်ထွက်ကြရပြန်ပါတယ်။
ညမှောင်မဲနေချိန် တောင်ပေါ်တက်နေတဲ့ကားတွေရဲ့မီးတွေက တစီတန်းကြီးက
မီးစောင်းတန်းကြီးလို မြင်နေရပါတယ်။
ဒီလိုနဲ့ဘဲ ကားတန်းနဲ့တိုးရင်ရပ်လိုက်။
အတက်ကားနဲ့အဆင်းကားတစ်လှည့်စီစောင့်သွားလိုက်။
လမ်းနည်းနည်းချောင်သွားရင် မြန်မြန်လေးသွားလိုက်နဲ့ဘဲ
မှောင်မှောင်မဲမဲထဲမှာ ခရီးဆက်ခဲ့ရပြန်ပါတယ်။
ခရီးသွားရာလမ်းမှ လမ်းဖြတ်သန်းခတွေမြို့ဝင်ကြေးတွေ
အဆင့်ဆင့်ကောက်ခံထားကြပေမယ့် လမ်းခရီးသွားလာသူတွေရဲ့
အခက်အခဲကို တာဝန်ယူပြီးဖြေရှင်းပေးခြင်းမရှိတာကတော့
“စားပြီးနားမလည်” ဆိုတဲ့စကားလုံးကို အသက်သွင်းပေးနေသလိုပါဘဲ။
သွားနေရင်းနဲ့ဘဲ စစ်ဆေးရေးဂိတ်တစ်ခုအရောက်မှာ
ကားကိုးတားပြီး မှန်ချခိုင်းပါတယ်။
မြန်မာနှစ်ယောက်ထဲ ပါလာတာတွေ့တော့မှ
“စေတနာ ပါသလောက်ပေးခဲ့ပါ”
ဆိုပြီး ပိုက်ဆံတောင်းပါတယ်။
သွားလာနေတဲ့ ခရီးသည်တွေ ကုန်ကားတွေ မိုးထဲရေထဲ
ဒီလောက်မိုးချုပ်ချုပ်မှာ ဒုက္ခရောက်နေတာကူညီဖော်မရဘဲ
ပိုက်ဆံတောင်းရဲတဲ့စိတ်ဓါတ်ကိုတော့ အတော်လေးအံ့ဩမိပါတယ်။
ကားလေးနေရာလောက်ပိတ်တာကို စိတ်ရှည်လက်ရှည်စောင့်ပြီး
ရပ်လိုက်သွားလိုက်နဲ့မောင်းနေရင်း မူဆယ်မြို့ထဲကိုရောက်တော့
ည ဆယ့်တစ်နာရီကျော်နေပါပြီ။
မိုးအေးတော့ ဆိုင်အတော်များများပိတ်ရုံမက တစ်မြို့လုံးနီးပါးလောက်အိပ်နေပါပြီ။
နာရီစဉ်မရောက်ခင်နားမှာ တွေ့တဲ့ဆိုင်လေးမှာ ညစာခေါက်ဆွဲစားလိုက်ကြရပါတယ်။
စားသောက်ပြီး အိပ်စရာတည်းခိုခန်းကိုလိုက်ရှာကြရပါတယ်။
တည်းခိုခန်းရောက်လို့ အဝတ်အစားလဲပြီးချိန်မှာတော့ ည ဆယ့်နှစ်နာရီတိတိဖြစ်နေပါပြီ၊။
ပုံမှန်ဆိုရင်ဆယ်နာရီကျော်ကျော်လောက်ဘဲမောင်းရတဲ့ဒီခရီးမှာ ဒီလောက်ကြန့်ကြာ
နေရတာ ဘာကြောင့်လဲလို့ တွေးကြည့်မိပါတယ်။
ဒီမူဆယ်မန်းလေး လမ်းတွေက အရင်ကထက်စာရင်ပိုကောင်းလာတာအမှန်ပါဘဲ။
လမ်းကျဉ်းကျဉ်းလေးကနေ လမ်းတွေကိုချဲ့ထားတယ်။
လမ်းမှာလဲ လမ်းပြင်တဲ့ လုပ်သားတွေ အမြဲရှိနေပါတယ်။
အချို့သောနေရာတွေမှာ ကတ္တရာလမ်းပျက်နေပေမယ့် သွားမရလောက်အောင်မဆိုးသေးပါဘူး။
ကားအသွားအလာကတော့ အရင်ကထက်ပိုပြီး များလာတာအမှန်ပါဘဲ။
ဟိုးအရင်ကတော့ ခြောက်ဘီးကား ဆယ့်နှစ်ဘီးကားတွေ အသွားများပါတယ်။
ဒီဘက်နှစ်ပိုင်းတွေမှာတော့ တွဲကားတွေ ပေါ်လာပါတယ်။
တွဲကားတွေက ကားသမားတွေအတွက်အဆင်ပြေပါတယ်။
ကုန်ချစရာရှိတဲ့နေရာမှာနောက်တွဲဖြုတ်ပြီး ထားခဲ့လို့ရတော့
ကုန်ချတာစောင့်ရတဲ့ ဒုက္ခက ငြိမ်းသွားပါတယ်။
ဒါပေမယ့် ဒီကားတွေက ကွေ့တဲ့အခါမှာ ကားခေါင်းနဲ့အတူပါမသွားဘဲ
နောက်မှာကျန်နေခဲ့ပါတယ်။
ဒီတော့ ကွေ့တဲ့အခါ မှာ နေရာအရမ်းယူတော့လမ်းကိုကန့်လန့်ပိတ်သလိုဖြစ်သွားပါတယ်။
နောက်တစ်ချက်က ကားမောင်းမကျွမ်းကျင်တဲ့သူတွေက
ဒီရှမ်းမြောက်လမ်းကို လာပြီးမောင်းတဲ့အခါ
ယာဉ်မတော်တဆမူတွေ အဖြစ်များလာပါတယ်။
လမ်းကြောမကျွမ်းကျင်ဘဲအမြန်မောင်းတဲ့အတွက်အရှိန်မထိန်းနိုင်ဘဲမှောက်တာ
ကား ချောက်ထဲ ထုးိဆင်းသွားတာ
မဆင်မခြင်နဲ့လမ်းလုမောင်းရင်း အရှိန်မထိန်းနိုင်ဘဲဝင်တိုက်တာတွေပိုပိုများလာပါတယ်။
အခုနောက်ပိုင်းလမ်းမှာ ကားပျက်တာ မတော်တဆမူ့တွေက
တွဲကားတွေက ပိုအဖြစ်များတာကိုတွေ့လာရပါတယ်။
နောက်တစ်ချက် က အိမ်စီးကားအသေးလေးတွေ
လိုင်းဆွဲတဲ့ကားအသေးတွေ ကလဲ
လမ်းလုပြီးမောင်းတာ
ဇွတ်ကျော်တက်တာတွေကြောင့် ယာဉ်တိုက်မူ့ဖြစ်တာကိုတွေ့ရပါတယ်။
မတော်တဆ လမ်းပိတ်သွားတဲ့အခါ ကိုယ့်လမ်းကြောဘက်မှာ
အများနည်းတူ မစောင့်ဘဲ လမ်းလုပြီးဇွတ်တိုးကြတာတွေ
တစ်စီးနဲ့တစ်စီး လမ်းမလွတ်တဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက်
အလျှော့မပေးဘဲ ခေါင်းခြင်းဆိုင် မာနပြိုင်ကြတာတွေကြောင့်
ဘယ်သူမှသွားလို့မရဘဲလမ်းတွေပိတ်ကုန်ပါတယ်။
အခုအခါမှာတော့ မူဆယ် မန်းလေးလမ်းမှာအသွားအလာများသထက်များလာပါပြီ။
စည်းမဲ့ကမ်းမဲ့သွားနေကြရင်
ဒီလိုဘဲ လမ်းပိတ်တဲ့ကိစ္စက ဖြစ်နေကြအုံးမှာပါဘဲ။
ကျနော်အမြင်ပြောရရင်တော့ ဒီလမ်းကို ဒေါနတောင်လမ်းလိုဘဲ့
အတက်တစ်ရက်
အဆင်းတစ်ရက် သတ်မှတ်လိုက်ရင် ကားလမ်းပိတ်တဲ့ ပြဿနာ
နည်းသွားမယ်လို့ထင်မိပါတယ်။
နောက်တစ်ချက်က လမ်းအပိုင်းတိုင်းမှာ ကိုယ်နယ်နဲ့ကိုယ်
လမ်းအသွားအလာကို ကြည့်ရှု့စောင့်ရှောက်ပေးတဲ့
ဝန်ထမ်းတွေ ရှိဘို့လိုအပ်ပါတယ်။
နောက်ဆုံးပြောရရင်တော့ ဒီတောင်ပေါ်လမ်း နဲ့
အခု အသုံးများနေကြတဲ့ တွဲကားတွေ
ုုုုုုုုုုသဟဇာတ ဖြစ်မဖြစ် ပြန်လည်စီစစ်ဘို့ လိုပြီလို့ ပြောချင်ပါတယ်။
အားလုံးဘေးကင်းကွာပြီး သွားလိုရာ ခရီးကို
သက်တောင့်သက်သာ နဲ့ မြန်မြန်ရောက်စေချင်လှပါတယ်။
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
27-1-2016
18 comments
အောင် မိုးသူ
January 28, 2016 at 9:07 am
ငါဆိုတဲ့ အတ္တ
ကိုပေါက်(မန္တလေး)
January 28, 2016 at 12:04 pm
စွဲတွေမကင်းရင်
အရင်ကကျော်စွာဦးကြီးမိုက်
January 28, 2016 at 11:54 am
.ရန်ကုန်မှာကားပိတ်တာအများစုကလည်း အဲ့ဒီလိုစည်းကမ်းမရှိလမ်းပြောင်းပြန်ကျော်တက်လို့ပါပဲ
.လူတွေစည်းကမ်းမရှိသ၍ ဒီဒုက္ခတွေဘယ်လိုမှရှင်းပေးဖို့မလွယ်ဘူး ကိုပေါက်ေ၇
ကိုပေါက်(မန္တလေး)
January 28, 2016 at 12:06 pm
ကိုယ့်အလှည့်ရောက်အောင် မစောင့်နိုင်တဲ့
အကျင့်ဆိုး ကိုမပြင်နိုင်သ၍
အမြဲကားပိတ်နေမှာပါဘဲ
ယမကာကျော်စွာ အူးမြောက်မြောက် (B.E)
January 28, 2016 at 1:40 pm
လိုင်စင် မပေးခင် အရည်ချင်းစစ်တဲ့အခါ ယာဉ်မောင်း
တတ်ယုံနှင့် မပြီးပဲ အကျင့်စာရိတ္တနဲ့ဆိုင်တဲ့
ဆိုက်ကို မေးခွန်းများများ မေးပြီးစောက်ကျင့်မကောင်းတဲ့
စရိုက်လက္ခဏာ ပါရင် အကျစာရင်းသွင်းသင့်တယ် လို့
ထင်ဘာဒယ်
ကိုပေါက်(မန္တလေး)
January 28, 2016 at 1:51 pm
အေးဗျအဲလို တစ်ခါမှမစဉ်းစားမိဘူး
ကထူးဆန်း
January 28, 2016 at 2:25 pm
အဟိဟိ .. လေးပေါက် ရေးထားသလိုဘဲ စေတနာ ပါ သလောက် နဲ့ မက ပေးလိုက်လို့ ရနေသရွေ့ .. အေးချေးပါ … နောက် မေးခွန်းတွေ copy ဆွဲ ရောင်းမှာပေါ့ အူးမြောက်မြောက် ရယ် .
ကိုပေါက်(မန္တလေး)
January 28, 2016 at 3:04 pm
ပေးရင် အေးတဲ့စနစ်ဆိုးက
ကျနော်တို့ လွတ်နိုင်ပါ့မလား
ကထူးဆန်းရေ
သင့်အေးရိပ်
January 29, 2016 at 9:06 am
အဲ့လို နယ်ဘက် လမ်းတွေမှာ ကိုယ်တိုင် မမောင်းဖူးသေးဘူး…
သူများမောင်းတာပဲ စီးပြီး လိုက်ဖူးသေးတယ်…
ကိုယ်တိုင်ကိုယ်ကျ မောင်းပြီး… လေ့လာချင်သေးတယ်…..
ယာဉ်လမ်းကြောပိတ်တဲ့ ဒဏ်က… ရန်ကုန်လို် မြို့ကြီးထဲမှာတောင် မဟုတ်တော့ပဲ….
နယ် လမ်းတွေထိ…ဖြစ်ကုန်ပြီဆိုတော့….
ဆိုတော့….
သူကြီးပြောသလိုပဲ…
စနစ်ကြောင့် မဟုတ်…
:k:
ကိုပေါက်(မန္တလေး)
January 29, 2016 at 12:07 pm
နယ်လမ်းတွေထဲမှာ
ကားပိတ်တတ်တာက
မူဆယ် နမ်းခမ်းလမ်း
မူဆယ် ကွတ်ခိုင် မန်းလေးလမ်း
ဘဲပိတ်တာများပါတယ်
uncle gyi
January 29, 2016 at 4:17 pm
အရင်မူဆယ်လမ်းပိတ်တယ်ဆိုတာသဘာာဝက ျတယ်
အခုမူဆယ်လမ်းပိတ်တယ်ဆိုတာလက်ခံစရာမရှိ
လမ်းရှိရင်မတော်တဆဖြစ်တာရှိမယ်
အဲလိုအခါယာဉ်အားလုံးစီးကမ်းလိုက်နာရင်ဒီလောက်ပိတ်စရာမရှိ
စီးကမ်းဆိုတာကိုယ်တိုင်တဦးခ ျင်းလိုက်နာမှ
မလိုက်နာရင်လိုက်နာအောင်လုပ်ရမှာအစိုး၇
ကိုပေါက်(မန္တလေး)
January 29, 2016 at 10:23 pm
အန်ကယ်ဂျီး
လူတွေက ပြောင်းလဲမူ့ကိုသာလိုချင်ကြတာ
ကိုယ်တိုင်တော့ မပြောင်းလဲနိုင်ကြဘူူး
ကိုပေါက်(မန္တလေး)
February 12, 2016 at 10:13 pm
ဒီဆောင်းပါးလေး က 9-2-2016 နေ့ထုတ် ကုမုဒြာ ဂျာနယ်မှာ ဖော်ပြတာ ခံရပါတယ်
kai
February 13, 2016 at 8:58 am
လူသားတိုင်းခွင့်တူညီမျှရှိရမယ် ..ဆိုတာကို.. (မသိစိတ်/သိစိတ်)ထဲကနေ..လက်မခံနေလို့ဖြစ်တာလို့ပြောရင်.. မြန်မာအများစုကြီးက.. လက်ခံမှာမဟုတ်ဖူး..။
ဒါပေမယ့်.. ဒါအမှန်ပဲလို့.. ရဲရဲပြောဝံ့တယ်…။
လူသားတိုင်း… ခွင့်တူညီမျှ ရှိပါမှ…။
ကိုပေါက်(မန္တလေး)
February 13, 2016 at 9:13 am
ရှေးပဒေသရာဇ်လက်ထက်ကစပြီး
အခုချိန်ထိ အခွင့်ထူးခံ လူတန်းစားကရှိနေဆဲပါဘဲ။
အဲတော့ ရတုန်းလေးယူထားမှဆိုတဲ့စိတ်ဓါတ်နဲ့
ဘဝကိုမောင်းနှင်နေကြတာကြာပေါ့
kai
February 13, 2016 at 3:33 pm
အတွေးအခေါ်တို့၏ အမြုတေ..အချုပ်သည်… ဘာသာရေး.. :k:
ကိုပေါက်(မန္တလေး)
February 13, 2016 at 4:10 pm
အဲလိုဖြစ်နေတာ နေရာအနှံ့အပြား
Shar Thet Man
May 14, 2018 at 11:48 am
ခုလည်းမူဆယ်သွားချင်နေတာ..စစ်ဖြစ်နေလို့သွားရဲတော့ဘူး