လျှပ်တပြက် ပန်းခြံ။
မင်္ဂလာပါ။
မြန် ဂေဇက်သူကြီးနဲ့တကွ ရွာသူ/ရွာသားအားလုံး ကျန်းမာတော်မူကြပါစဗျာ..။
ဒီရက်ပိုင်းတော့ မြန်ရွှေပြည်ပေါ် မင်္ဂလာစည်တော်သံတွေတဝေဝေနဲ့မို့ အားလုံးလည်း စိတ်ရွှင်လန်းနေကြမယ်ထင်ပါရဲ့။
ရာသီဥတုကလည်းဘောလုံးသမားများအကြိုက် အဲလေ.. ဆွေမျိုးပေါက်ဖေါ်တို့ဖက်က ဝင်လာတဲ့ လေအေးစီးကြောင်းကြောင့် ရန်ကုန်အပြင်နိုင်ငံတလွှားချမ်းလိုက်တာ ခိုက်ခိုက်တုန်ပေါ့။
မြို့တော်ရန်ကုန်တော့ အဲလိုဆို နေပူစာလှုံသူတွေ ၊ မနက်ခင်းကျန်းမာရေးလေ့ကျင့်သူတွေဟာ စည်ပင်သာယာရဲ့ လှပတဲ့ ပန်းခြံတွေထဲမှာ တက်ကြွစွာ ရှိနေကြတာတွေ့ရတော့ ငယ်ငယ်က ဒီဇင်ဘာလလူထုလမ်းလျှောက်ပွဲတွေကိုအမှတ်ရမိပြန်တယ်။
ဒါနဲ့ ရုံးပိတ်တဲ့ တနင်္ဂနွေနေ့တော့ အပျင်းကြီးပြီးအိပ်နေရာက .. အင်း…မဟာရန်ကုန်မှာ စောစောစီးစီးမင်္ဂလာရှိတဲ့ သူငယ်မတွေ ပန်းခြံထဲပြေးနေတာလေး လိုက်ကြည့်ရင်း မင်္ဂလာယူအုံးမှပါလေဆိုပြီး…..။
မဟာဗန္ဓုလပန်းခြံထောင့် ဧမာနွေလဘုရားကျောင်းဘေးနားက လက်ဖက်ရည်ဆိုင်ထိုင် မနက်စာဖြည့်ပြီးသကာလ နာရီကြည့်မိမှ ..ဘယ့်နှယ်စောတော့မလဲ ။
၁ဝ နာရီလောက်တောင်ရှိပေါ့.. သေဟဲ့နန္ဒိယ။ ဒီအချိန်မှတော့ ပြေးနေတဲ့ ပေါင်တိုမလေးတွေ အိမ်ပြန်ပြီး ကွေးနေလောက်ပြီ။
အဲလေ ဘယ်တတ်နိုင်ပါ့မလဲ။ကိုယ်က အိပ်ရာထနောက်ကျသကိုး။
ဒါနဲ့ ပါလာတဲ့ စာအုပ်လေးချိုင်းကြားညှပ် ၊ပန်းခြံထဲဝင်။
ဝင်ခမပေးရတော့ စိတ်ချမ်းသာစွလေ။
နို့မို့ ဝင်ကို မဝင်ချင်တာ။ မြို့တော်စည်ပင်က ကောက်လိုက်တဲ့အခွံ အဲလေ အခွန် ဆိုတာ နေရာတကာပဲ။ အဲဒါပြင်မြို့တော်စည်ပင်အောင် ဖွင့်ထားတဲ့ ပန်းခြံကို အခပေးဝင်ရတာလောက် မြင်ပြင်းကတ်စရာကောင်းတာမရှိ။
ဒါနဲ့.. လေကောင်းလေသန့်လေး အားပါးတရရှူရင်း ပန်းခြံထဲကလမ်းလေးအတိုင်းလျှောက်။
ပန်းခြံအလယ်မှာ ငွါးငွါးစွင့်စွင့်တည်ရှိနေတဲ့ လွတ်လပ်ရေးကျောက်တိုင်ကြီးကလည်း ကျက်သရေရှိပါပေ့။
အဲ ဒါပေသိ အဲဒီကျောက်တိုင်က လွပ်လပ်ရေးမော်ကွန်းဖတ်ရဲဘူး။ ဟိုးတလောဆီက တနှစ်လောက်ရှိပေါ့။ အဲဒီကျောက်တိုင်ကစာဖတ်လို့ဆိုပြီး အထဲရောက်သွားတာ ခုထိပြန်မလာရသေးတဲ့သူရှိသတဲ့။
သို့ကလိုနဲ့ ပန်းခြံတပတ်ပတ်မိတော့ချွေးကလေးစို့လာတာနဲ့ အဆင်ပြေရာတနေရာရာကိုရှာပြီး အမောပြေ အပန်းပြေထိုင် ပြီးသကာလ ခါးကြားထိုးလာတဲ့ စုံထောက်ဇာတ်လမ်းဝတ္ထုစာအုပ်လေးထုတ်ပြီး ဖတ်ဖို့အစပျိုး ဟိုလှန် ဒီလှန်နေတုန်း……။
”ဟဲ့.. ညဉ်းတို့က အိမ်မပြန်သေးပဲ ဒီအထဲဘာလုပ်ရအောင်တုန်း။”
”ဟာ..ဖွား..ကလည်း ဘုရားဖူးြ့ပီး ဆင်းတာနဲ့ပန်းခြံရောက်မှတော့ ၊ ဘုရားဖူးပြီး ပန်းခြံထဲဝင်ခဏအမောဖြေအုံးပေါ့။”
”ဟုတ်ပါတယ်..ဖွား..ရယ်။ မီးတို့ချည်းပဲဆို သက်သက်လာနေရအုံးမှာ။ ခုတော့ ..ဖွား..ကောင်းမှုနဲ့ ဆူးလေဘုရားလည်းဖူး ဒီမှာလည်း ခဏနားရတာပေါ့..ဖွားရဲ့။”
အသံတွေက နားထဲရောက်လာတာပဲ။ ဒါနဲ့ ကိုယ့်စာအုပ်ကို ဖတ်ဖို့ စိတ်က အဲဒီအသံတွေဆီရောက်သွားတာနဲ့ မသိမသာလေး စောင်းငဲ့ကြည့် စပ်စု။
ဆံပင်ကိုသေသေသပ်သပ်ဘီးကျော့ပတ်ထားပြီး ပေါ့ပေါ့ပါးပါး အနွေးထည်ဝတ်ထားတဲ့ အသားလတ်လတ် မျက်နှာတည်တည် ကျန်းမာရေးကောင်းပုံရတဲ့ အသက် ၆ဝ လောက် အဒေါ်ကြီးတစ်ယောက်နဲ့အတူ တိုင်းရင်းသားဆင်ချည်ထည်လုံခြည်ကိုယ်စီနဲ့တီရှပ်ဆင်တူဝတ်ထားတဲ့ ဆံတိုဂုတ်ဝဲ ဆယ်ကျော်သက် ၂ယောက်ကို တွေ့လိုက်ရတယ်။
မိန်းကလေး၂ယောက်က အဖွားဖြစ်သူထိုင်ဖို့ အုတ်ခုံနေရာလေးမှာ ပါလာတဲ့ လက်ကိုင်ပုဝါလေးနဲ့ ဖုံ ခါ ပေးပြီးထိုင်ခိုင်းတယ်။ ပြီးမှ သူတို့ ၂ယောက်က ဘေးတဖက်တချက်မှာ ထိုင်ကြတယ်။
ကြည့်ရတာ ။ အနေအထိုင်ကျစ်လစ်တယ်။ ခေတ်လူငယ်မို့ ခေတ်အလိုက်နေရပေမယ့် လူကြီးတွေက အထိန်းအကွပ်ကောင်းပုံရတယ်။
” မမရေ..”
”ဝေ့”
”ဟိုမှာကြည့်လိုက် အဲဒီစတိုင်လေး မလှလား”
”အေး လှတယ်။ အရောင်လည်းလှတယ်။ ချပ်ချပ်ရပ်ရပ်လည်းရှိတယ်။”
”ဟဲ့..ဘယ်ဟာလဲ..ဖွား ကိုပြစမ်း”
”ဟိုမှာလေ ဖွား..ရဲ့ ။ဒီဖက်လျှောက်လာတဲ့ အမတစ်ယောက်ဝတ်ထားတာ။”
”အလိုလေးအေ.. အဲ့ဒါ စတိုင်ဆိုတဲ့ ဘောင်းဘီလား။ စစ်ပြေးဒုက္ခသည်လားလို့။”
”အာ.. ဖွား ..ကလည်း အဲဒါ စတိုင် လုပ်ထားတာ။ ဂျင်းပင်န် မှာ ပေါင်လယ်ကနေ ဒူးလောက်ထိ ဒါးရာပေးခွဲထားတာ.။”
”နမိတ်မရှိ ၊နမာမရှိ။ မင်္ဂလာ ကျက်သရေမရှိနဲ့ အေ..။”
”အဲဒါ နိုင်ငံတကာမှာ ဒီလိုပဲ ဖက်ရှင်အဖွားရဲ့..။”
”တော်ပါအေရယ်..ညဉ်းတို့ဖက်ရှင်တွေကြောင့်ပဲ ညဉ်းတို့ခေတ်ကာလမှာ ဒုက္ခတွေများနေတာထင်ပါရဲ့။ တို့ ငယ်ငယ်က အဝတ်ဝတ်တယ်ဆိုတာ လှမှ သပ်ရပ်မှ မြင်လိုက်တာနဲ့ ကျက်သရေရှိမှ။ ခုတော့ အကောင်းတွေကို အစုတ်လုပ် ပြီး ဝတ် ၊ အဖာတွေ ဗရပွ နဲ့ အနုတ်စုတ် ဂုတ်စုတ်တွေဝတ်တာကို ဖက်ရှင်တဲ့အေ..။ အံ့ပါ ့။”
ဟိုသူငယ်မ ၂ယောက် ခေါင်းလေးတွေပုလို့ အသံတိတ်နေတယ်။ ခဏနေတော့ ….
”အာ..ဖွားကလည်း ဖွားတို့ခေတ် လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝ လောက်ကလည်းဖက်ရှင်ဆိုတာရှိခဲ့မှာပေါ့ ။ ဖွား ပဲ ခု အသက် ၇ဝ ရှိနေပြီကို..။”
”ရှိတာပေါ့ ..ရှိခဲ့တာပေါ့။ နောက်လည်းရှိနေအုံးမှာ။ လူတွေရှိနေသရွေ့ လှသထက်လှအောင် ဝတ်ဖို့။ လူကြည့်ခံချင်လို့ ထွင်ကြ ဝတ်ကြအုံးမှာပေါ့ မြေးတို့ရဲ့။ ဒါပေမယ့် တောင်းမှာ အကွပ် လူမှာအဝတ်တဲ့ ။ ဖက်ရှင်ဆိုတာ သူများဝတ်တိုင်းကိုယ့်ခန္ဓာပုံတည်ဆောက်ပုံနဲ့ ကြည့်လို့ ကောင်း ကောင်း ၊မကောင်းကောင်း ဖက်ရှင်ဖြစ်ရင်ပြီးရော ဝတ်လို့ဘယ်ဖြစ်မလဲ။ ကိုယ့်ငွေနဲ့ကိုယ် အကဲ့ရဲ့ နှာခေါင်းရှုံ့ ခံရတတ်တယ်။ ဖက်ရှင်ဆိုတာ ကိုယ်ဝတ်လိုက်တာနဲ့ ကိုယ်တိုင်လည်း သက်တောင့်သက်သာရှိပြီး မြင်ရတဲ့ သူတွေကလည်း ကြည့်လို့ ကောင်းပါပေတယ်လို့ သတ်မှတ်ခံရတဲ့အပြင် လုံခြုံလှပသပ်ရပ်တဲ့ အဝတ်စားဖြစ်ရမယ်။ ခုရော ဖွားက မြေးတို့ကို ရှေးအဝတ်တွေပဲဝတ်ခိုင်းလို့လား။ ငါ့ မြေးတွေကို အဖွားက ခေတ်မီအောင်ထားပေးတယ်။ လွတ်လပ်ပေါ့ပါးတဲ့ အဝတ် ဝတ်လို့ရတယ်။ ဂျင်းပင်န် ဝတ်ပါ အဖွားခွင့်ပြုတယ်။ ဒါပေမယ့် ဒီလို စုတ်ပြတ်သတ်နေတဲ့ ဖက်ရှင်တော့အဖွားခွင့်မပြုဘူး။ ညဉ်းတို့ပြောနေတဲ့နိုင်ငံတကာကိုကြည့်ရင်တောင် တကယ့်အခမ်းအနားတွေ လူကြီးလူကောင်းတွေတက်တဲ့ပွဲတွေ မှာ ဒါမျိုးတွေမဝတ်ဘူး။ နောက်ပြီး သူတို့ ဆီမှာ အဝတ်အစားဝတ်တာ ခွဲခြားသတ်မှတ်တဲ့ ဓလေ့ရှိတယ်။ဖိတ်စာတွေပို့ရင်တောင်ဘယ်လိုအဝတ်ဝတ်ပါလို့ဆိုတာမျိုးတွေပါတတ်တယ်။ အဲဒီတော့ ညဉ်းတို့ သူငယ်ချင်းတွေထဲမှာ နိ်ုင်ငံတကာအဆင့်မီဆိုတာတွေကို ဘယ်နေရာမှာမီတာလဲဆိုတာအရင်လေ့လာကြအုံး။ ”
”အဖွားကလည်း ခု ဒီမိုကရေစီခေတ်လေ ..ကိုယ်ကြိုက်တာကိုယ်လုပ်လို့ရပြီဆို…။”
အလဲ့.. တယ်လာတဲ့ သူငယ်မ တစ်ယောက်။
”အေးပါ.. ကိုယ်ပိုင်လွတ်လပ်ခွင့်လို့ပြောချင်တာလား ငါ့မြေးရဲ့။”
”အဲ့လိုပဲပြောနေ ရေးနေကြတာကိုး ဖွား ရဲ့။”
”ကဲ ဆိုပါအုံး။ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ကိုယ်ဝတ်ချင်ရာဝတ် ၊ကိုယ်လုပ်ချင်ရာလုပ် တာ ကိုယ်ပိုင်လွတ်လပ်ခွင့်လို့မှတ်နေကြလားကွယ့်။ဒါဆိုစည်းကမ်းသည် လူ၏တန်ဖိုးဆိုတာ ဘယ်နေရာရောက်သွားမလဲ။ လူတိုင်းမှာ လူမျိုးတိုင်မှာ ကိုယ်ပိုင်ယဉ်ကျေးမှုဆိုတာရှိတယ်။အဲဒီကိုယ်ပိုင်ယဉ်ကျေးမှုဆိုတာကို ကိုယ်တိုင်ထိန်းသိမ်းစောင့်ရှောက်ရတယ်။ ခေတ်မီတဲ့အဝတ်အစားတွေမှာတောင် သပ်ရပ်တင့်တယ်တဲ့ ဖက်ရှင်တွေရှိတယ်။ အဲဒီလို အစုတ်အနုတ်တွေကို ဖက်ရှင်ထင်နေတဲ့ စိတ်တွေဟာ တကယ်အဆင့်အတန်းမြင့်တဲ့ စိတ်တွေဖြစ်မလာဘူး။ ငါ့ မြေးတွေကို အဖွားက လှပတင့်တယ်တဲ့ မိန်းမပျိုလေးတွေ ဖြစ်စေချင်တာ။ ငါ့ မြေးတွေက လိမ်မာပါတယ်။ ဆိုဆုံးမလို့လွယ်တဲ့ သူ၊ အမှားအမှန်ကိုသိတဲ့ သူ မှ လူ့အဆင့်အတန်းမြင့်တာ။ ဒီတော့ အိမ်ရောက်မှ ကိုယ်ပိုင်လွတ်လပ်ခွင့်လို့ ညဉ်းတို့သိနေတဲ့ ထင်နေတဲ့ ဒီမိုကရေစီ ဆိုတာကို ဝန်ကြီးချုပ်ဟောင်း ဦးနုက ဒီမိုကရေစီကို ကာကွယ်ကြ ဆိုပြီး ဒီမိုကရေစီရဲ့အဓိပ္ပါယ်ဖွင့်ဆိုရေးသားထားတဲ့ ဖွား စာအုပ်စင်မှာ ရှာပေးမယ် ။ ငါ့မြေးတွေဖတ်ကြ ။ ကဲ .. ဖွားလည်း အမောပြေပြီ။ ညဉ်းတို့လည်း စိတ်အပန်းပြေရောပေါ့။ ပြန်ကြစို့ရဲ့..။”
”ဟုတ်ကဲ့ ..ဖွား.. အိမ်ကျ အဲဒီစာအုပ်ရှာပေးပါ သမီးတို့ဖတ်ပါ့မယ်..။”
မင်္ဂလာရှိပါပေရဲ့ ဗျာ .. ။ ဒီလိုမိသားစုတိုင်းသာဆိုရင် ခေတ်မီပြီး ယဉ်ကျေးသိမ်မွေ့တဲ့ လူ့လောကကြီးကျယ်ပြန့်လာမှာပဲလို့ တွေးရင်း သဘောကျလိုက်မိတယ်။
စောစောက ပေါင်ပြတ်မလေးတွေကို ကြည့်ချင်တဲ့ကိုယ့်ကိုယ်ကိုလည်း ရှက်ပြုံးပြုံးမိပါရဲ့။
မြန်ဂေဇက်သူကြီးရော ပြုံးဖူးလား။
ကြားခဲ့ရတဲ့ တခန်းရပ်ဇာတ် ဤတွင်ခဏနားပါအုံးမယ်။
မြန်မာဂေဇက် ရွာသူ/သားအားလုံး ချမ်းသာကြည်မြ ရှိကြစေသောဝ်။
မြန်ပြည်တခွင် ကြည်ရွင်စေချင်တဲ့
ကြည်လွင်
ရန်ကုန်မြို့။
၂.၂.၂၀၁၆
13 comments
သင့်အေးရိပ်
February 3, 2016 at 12:51 am
လွတ်လပ်ရေး ကျောက်တိုင်ကစာဖတ်လို့ဆိုပြီး အထဲရောက်သွားတာ ခုထိပြန်မလာရသေးတဲ့သူရှိတယ်… ဟုတ်လား
တိန်တိန်(နှစ်ခါတိန်)
Kyi Lwin
February 3, 2016 at 8:53 am
ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ဗိုလ်ချုပ်အောင်ဆန်းနှစ် ၁၀ဝ ပြည့် အတွက် ကျောင်းသားလေးတွေကို လွတ်လပ်ရေးကျောက်တိုင်ကစာဖတ်ပြတဲ့အမှုနဲ့စွဲချက်တင်သေးတယ်။ တနှစ်လောက်ကြာမှ လွန်ခဲ့တဲ့ ၂ လလောက်ကမှ ထင်တယ်။အဲဒီစွဲချက်အပြစ်မရှိဘူးလို့အမိန့်ချတာ။ ဒါပေမယ့် တရုတ်သံရုံးရှေ့ ဆန္ဒပြမှုနဲ့ ခုထိ မလွတ်သေးဘူးလေ။
အရင်ကကျော်စွာဦးကြီးမိုက်
February 3, 2016 at 4:24 pm
.အဖွားကြီးကိုခေတ်မီတယ်လို့ခေါ်ရမယ်..ဆုံးမနည်းတတ်လို့
Ma Ma
February 3, 2016 at 4:47 pm
သဂျီးကတော့ မြန်မာ့နန်းတွင်းဝတ်စားတာမှာတောင် .. ဘာလား ညာလားးးးး မကြာခဏပြောလေ့ရှိတာပဲ။ :a:
kai
February 3, 2016 at 5:04 pm
ယဉ်ကျေးမှုဆိုတာ.. ရေစီးကြောင်းလို.. စီးမျောနေရ/စီးမျောနေပါသတဲ့..။
ကလေးမတွေ.. ပေါင်တိုလေးတွေဝတ်.. ပြေးကြ..အားကစားလုပ်ကြတော့.. ပန်းခြံကြီး အမျိုးသားတွေပိုလို့စီ… သူတို့ကြောင့်.. တခြားလူတွေလည်း.. အလုပ်အကိုင်အခွင့်အလန်းတိုးမှာပေါ့..
ဝတ်ကြပါစေ…။
မြန်မာဆန်ဆန်လေးတွေဆိုလည်း.. ထမီတွေ..ရောင်းကောင်း.. မြန်မာတွေအတုခိုးပြီး တခြားနိုင်ငံတွေလိုက်ဝတ်… အလုပ်အကိုင်အခွင့်အလန်းတိုးမှာပေါ့..
လုပ်ချင်တာ.. လုပ်ချင်သလို လုပ်ကြစေချင်တာပါပဲ…။ အထူးသဖြင့် ..လူငယ်တွေပေါ့..။
ဘယ်သူမှမထိခိုက်ရင်.. ပြီးရော..။
အမေရိကားမှာလည်း.. သမ္မတတောင် ဂျင်းဘောင်းဘီဝတ်တယ်..။ တီရှပ်နဲ့ ရုံးကိစ္စတွေမှာအပြင်ထွက်တာရှိလာတယ်..။ မဲဆွယ်ပွဲတွေမှာလည်း.. ဝတ်ချင်တာဝတ်လာကြတယ်..။
အိုင်တီသမားတွေဆို.. ဖော်မယ်.. ဆုနဲ့နက်ခ်တိုင်နဲ့အပြည့်နဲ့ရုံးတက်ခွင့်တောင်မရှိတော့…။
မိုက်ကရိုဆော့ဖ်က စဖျက်တာ.. အခု ဖေ့စ်ဘုတ်အဆုံးပဲ..။
အမေရိကန်တွေက.. အဲဒီရှေးရိုးစဉ်လာကို.. သိသိသာသာကို.. ဖျက်ပစ်နေတာပါ…။
ဆိုတော့…
အဲဒါတွေကြည့်ပြီးသာ… ပြုံးနေမိ..။ :k:
Kyi Lwin
February 4, 2016 at 9:15 am
ခုလို ဝင်ရောက်မှတ်ချက်ပေးတာ ကျေးဇူးပါ Kai ရေ ။
အစဉ်အမြဲပြောင်းလဲနေတာ လူတွေရဲ့စိတ်တွေမို့ လူတွေနဲ့ ပတ်သက်တဲ့ ဝတ်စားဆင်ယင်မှုတွေ ပြုမူပြောဆိုပုံတွေ အတွေးအခေါ်တွေဆိုတာ အမြဲပဲ ဆက်စပ်စီးမျောနေတာအမှန်ပါပဲ။
သူများကိုမထိခို်က်တဲ့ အပြုမူအပြောအဆို တွေ ၊ဝတ်စားမှုတွေ ဆိုတာ လွတ်လပ်ခွင့်ရ ရမှာ မှန်ပေမယ့် ကိုယ့်ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့အမြင်မတော်တာမျိုး လူယဉ်ကျေးတွေရဲ့ ယဉ်ကျေးမှုနဲ့အမြင်မတော်တာမျိုးတွေကိုတော့ အမှား အမှန် အရိုင်း အယဉ် ဆိုတာကို လူငယ်တွေ သိစေချင်တာပါ။
ကမ္မသကာ လို့ စိတ်ထားတတ်ရင်တော့ နေတတ်စရာ ကျေနပ်စရာပါပဲ။
လူတိုင်း ကိုယ့်အတွေးနဲ့ ကိုယ်မို့လား။
ဒါပေမယ့် လောကဓမ္မဆိုတာတော့ ရှိနေတယ်ဆိုတာ သိကြမှ တွေ့ရှိမှုတခုဟာ လုပ်သင့်တာလုပ်ဖို့ မလုပ်သင့်တာမလုပ်ဖို့ ဆိုတာတွေမြင်လာမှာ။
ရှေးစကားအရတော့ ရှေးထုံးလည်း မပယ်နဲ့ ဈေးသုံးလည်း မလွယ်နဲ့တဲ့။ ကိစ္စတိုင်းမှာ အစွန်းမရောက်ဖို့ သာပါပဲ။
ခုလို မှတ်ချက်ပေးတာ ကျေးဇူးတင်ပါတယ်။
အပြန်အလှန်ပြောကြမှ အမြင်ကျယ်တာမို့ မိတ်ဆွေများက ဝိုင်းဝန်းရေးသားကြစေချင်တယ်။
အားလုံးလည်း ကျန်းမာကြပါစေ။
kai
February 4, 2016 at 5:15 pm
တကယ်တော့… လူကို နိုင်ငံရေးအရခွဲထုတ်ရင်.. ၂မျိုးပဲရှိတော့တယ်…။ လစ်ဘရယ်နဲ့ ကွန်ဆာဗေးတစ်..။
လွတ်ပြန့်စွဲနဲ့… ရှေးရိုးစွဲ…။
၂ဖက်ရှုထောင့်ကိုယ်စီကကြည့်ပြော… ၂ဖက်လုံး.. အားလုံးမှန်ပါတယ်..။ မြန်ပြည်တခွင် ကြည်ရွင်စေချင်တဲ့ကြည်လွင် ရဲ့အတွေးလည်း မှန်ပါတယ်..။ ပေါင်တိုလေးတွေ အမြင်မတော်ရင်.. ကွန်ဆာဗေးတစ်တွေကတော့.. ပြောရမှာပါပဲ..။ မပြောပဲ မြှောက်ပေးတဲ့.. လစ်ဘရယ်တွေနဲ့လည်း.. ငြင်းခုန်ရ.. ကန့်ကွက်ရမှာပါပဲ..။
ဒီလိုနဲ့ပဲ.. အားပြိုင်ရင်း… စိစစ်တိုးတက်သွားတာပါ…။
အောင် မိုးသူ
February 4, 2016 at 8:59 am
လျှပ်တပြတ်
လုံမလေးမွန်မွန်
February 5, 2016 at 12:14 pm
အဲဒါ ပြောချင်နေတာရယ်…
Tourism မှာ လုပ်နေတော့ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့နေရာမှာ နည်းနည်းပို သတိထားမိတယ်…
(တကယ်တော့ မလုပ်မဖြစ်လို့ လုပ်မိတာရယ်.. )
ဘာတွေ့လာသလဲဆိုရင် မြန်မာ့ယဉ်ကျေးမှုဟာ ခေတ်ရေစီးကြောင်းထဲမှာ အမြဲတမ်းအဆင်မပြေနို်င်ဘူး ဆိုတာလေး တွေ့လာတယ်..
ဥပမာ. သနပ်ခါးလိမ်းတာပေါ့လေ…
နောက်မှ ပြန်လာပွားပါ့မယ်.. 🙂
Kyi Lwin
February 5, 2016 at 12:49 pm
ကောင်းပါတယ်မွန်မွန် ရေ။
ပြန်လာပွါးပေးပါ။
ဗဟုသုတရတာပေါ့။
စောင့်မျှော်နေမယ်နော်။
ယမကာကျော်စွာ အူးမြောက်မြောက် (B.E)
February 5, 2016 at 9:00 pm
ပေါင်တို ဒူးကွဲလောက်ကတော့
ဇွန်ကြီဒို့ ဇာကြီးဒို့ အိပ်နေသလောက်ပဲရှိတယ်
အဲလောက်နဲ့တက်မလာနဲ့ ညှင်းညှင်း 😯
ကိုပေါက်(မန္တလေး)
February 12, 2016 at 9:43 pm
ခေတ်ရေစီးကတော့ပြောင်းနေမှာပါဘဲ
ပြောင်းလဲတဲ့ အတိုင်းလူကြီးတွေကလိုက်လုပ်ဘို့မလိုပါ
လက်ခံနားလည်ပေးဘို့ဘဲလိုပါတယ်
Kyi Lwin
February 15, 2016 at 9:10 am
ဒီလျှပ်တပြက်မှာလည်း လူကြီးက နားလည်ပေးထားတာလို့မြင်ပါတယ်ကိုပေါက်ရေ။