ဆောင်းည အလွမ်းနှင့် ရေးဖြစ်ခဲ့သည့် ကဗျာလေးများ
ရေးဖြစ်ခဲ့တာ နှစ်လကျော်ခဲ့ပေမဲ့ ရွာထဲမှာ အခုမှ တင်ဖြစ်တော့တယ် . . .
ဆောင်းည အလွမ်းနှင့် ရေးဖြစ်ခဲ့သည့် ကဗျာလေးများ
@@@@@@@@@@@@@@@@@@@@
ဆောင်းည …
အအေးတွေပိုနေလိုက်တာ …
ကောင်းကင်ကို မော့ကြည့်မိတော့ နှင်မှုန်တွေနဲ့ ဝေဝေဝါး….
ကြယ်လေးတွေက ချမ်းလွန်းလို့ ထင်ပါရဲ့ မှိတ်တုတ် မှိတ်တုတ်ပေါ့ …
အရင်က ဒီလိုဆောင်ညမျိုးတွေဆို ည ၁၂ နာရီလောက်မှ အလုပ်ကပြန်ရ ….
အိမ်ရောက်ပြီဆို … ခြေဖျားလက်ဖျားတွေ အေးစက်လို့ တော်တော်နှင့်
အိပ်မပျော်နိုင် … တစ်ခါတစ်လေကျတော့ အအေးဒဏ်ကို အံ့တုဖို့
မွန်းကြပ်မှုတွေ ဖောက်ထုတ်ပစ်ဖို့ အဝေးပြေးလမ်းမကြီးရဲ့ဘေးက
ညလုံးပေါက်ဖွင့်တဲ့ ဆိုင်လေးဆီကို အရောက်သွား အနွေးဓာတ်ရစေဖို့
ယမကာစောင်လေး ပြေးခြုံရင်း မွန်းကြပ်မှုတွေကို ဖွင့်အန်ပြီး
ပေါက်ကွဲခဲ့ကြဘူးတယ်။ အခုအချိန် ပြန်တွေးကြည့်တော့ လွမ်းစရာတွေပေါ့ …။
လွမ်းစရာတွေ့ရင် နာစရာနဲ့ဖြေတဲ့ … ဖြေရပါသည် … နာစရာတွေနဲ့တော့ မဟုတ်
….။ ဆောင်ပုဒ်လေး တစ်ခုနဲ့ပေါ့ … “မကင်းဘူးလား ကောင်းအောင်နေပါ။
မကောင်းဘူးလား ကင်းအောင်နေပါ” တဲ့လေ…။ ဘဝရဲ့ အမှတ်ရစရာနေ့စွဲတွေ ဘဝရဲ့
ခံပြင်းစရာ နာကျည်းစရာကောင်းတဲ့နေ့စွဲတွေ …. အများကြီးပါပဲ ….။ အခု
အဲ့အချိန်က ဆောင်းညတွေကို ကျနော်လွမ်းနေတယ်။
အလွမ်းဆိုတာမျိုးကလည်း အချိန်တိုင်း ရင်ထဲမှာ ပေါ်ထွန်းလာတတ်တာမျိုး
မဟုတ်ဘူးလေ…..။ ပေါ်လာတဲ့ အချိန်လေးမှာ အတိတ်ကို
တငြိမ့်ငြိမ့်ပြန်တွေးရင်း တိတ်တဆိတ်လေး လွမ်းပါရစေ…။
ဘာတွေကလွမ်းစရာကောင်းတာလဲလို့ မေးစရာရှိမယ် …။ ညပေါ့ … ဆောင်းညပေါ့
…. နှင်းမှုန်တွေဝေနေတဲ့ ဆောင်းညတွေကို လွမ်းတာပေါ့လို ဖြေချင်ပါတယ်။
အလုပ်ကနေ အိမ်ကို လမ်းလျှောက်ပြန် … ဆောင်းရဲ့လေညှင်းနဲ့အတူ
လွင့်ပျံ့လာတဲ့ ညမွေးပန်းရနံ့… အပြန်လမ်းတစ်လျှောက်မှာ တွေးရင်း
ရေးဖြစ်တဲ့ ကဗျာလေးတွေ …. ပြန်ရောက်ချိန်တိုင်းရေးဖြစ်တဲ့
နေ့စဉ်မှတ်တမ်းလေးတွေ … အဲ့ဒီအချိန်က ခံစားမှုမျိုး အတွေးနုနုမျိုးကို
အခုအချိန်မှာ ကျနော် မခံစားမိတော့သလို ကဗျာ နုနုလေးတွေလည်း မရေးဖြစ်တော့
…။ ဟိုတစ်လောကပင် ကျနော့်သူငယ်ချင်းနဲ့ စကားပြောဖြစ်တော့
ကျနော်ပြောမိတာက “ကျနော့်အတွေးတွေ မလတ်ဆတ် မနုထွတ်တော့ဘူး ဆရာရေ…”လို့
ပြောမိသေးတယ်။ ဟုတ်မှာပေါ့လေ …. အရင်က လွတ်လပ်ပေါ့ပါးခဲ့တဲ့
အချိန်တွေကိုး …။ လွမ်းစရာက အများမှ အများကြီးပါပဲလေ….။
လောကဓံ
@@@@@@
မျှော်လင့်ခြင်းတိမ်တစ်စကို
အိတ်ကပ်ထဲ ထည့်သိမ်းဖို့ ကြိုးစားရင်း
အက်ရှရှ အသံတွေကြားမှာ
တရကြမ်း ခရီးနှင်နေခဲ့ရ…။
ဆိတ်ငြိမ် စိတ်ကူးတွေကို
ကိုယ်တွင်းမှာ တစ်ခု
ကိုယ်ပြင်မှာ တစ်ခု
လွှတ်တင်ဖို့ ကြိုးစားရင်း
လ္ဘက်ရည်ဆိုင်က ဖန်ခွက်လေးတစ်လုံးလို
ခဏခဏ မော့သောက်ပစ်တာ ခံနေရ…။
မနေ့က အကြောင်းအရာတွေကို
ဒီနေ့ထိ သယ်သယ်လာပြီး
အားပါးတရ ရောင်းချဖို့
ပြင်ဆင်နေသူတွေကြားမှာ
ဝေခွဲမရနိုင်တဲ့ အပြုံးလေးတစ်ခုနဲ့
မှောက်ခုံရော ပက်လက်ပါ
မျှော… မျှော…. ပါနေရ ….။
ကဲ ….
ဒီဇာတ်လမ်းရဲ့ အဆုံးသတ်ကို
ဒီမှာတင်ရပ်လိုတယ် …
တကယ်တမ်းက
ငါဟာ….
ဗလာလက်နဲ့
ကြိုးဝိုင်းပေါ် တက်ခဲ့မိသူ …..။
ဒီကဗျာလေးဟာ ဆောင်းည အိမ်ပြန်ချိန်ကနေ ရတဲ့ အတွေးလေးကနေ ရေးဖြစ်တဲ့
ကဗျာလေး … ကျနော်တို့ ဒေသမှာ ပထမအကြိမ် ကျင်းပပြုလုပ်တဲ့
စာပေဟောပြောပွဲလေးမှာ ဆရာ ချစ်ဦးညို ရွတ်ပြသွားတဲ့ ကဗျာလေးပါ။ ဒါကြောင့်
အရင်က ဆောင်းညတွေကို ကျနော် လွမ်းမိတာပါ။ အခုအချိန်မှာ ကျနော်
ဒီလိုကဗျာလေးတွေကို မရေးတတ် မရေးနိုင်တော့ဘူးလေ ……။
ဒီလိုပဲ ဆောင်းညအိမ်ပြန်ချိန်မှာ ရေးဖြစ်တဲ့ .. နောက်ထပ်
ကဗျာတစ်ပုဒ်ကိုလည်း ဖော်ပြပါရစေ …. ကျနော့်အတွက်
ပုံနှိပ်စာမျက်နှာပေါ်ရောက်ရှိသွားစေတဲ့ ပထမဆုံး ကဗျာလေးလည်း ဖြစ်ပါတယ်။
နှစ်ဆယ်သုံး နှစ်ပိုင်းတစ်ပိုင်း
@@@@@@@@@@@@
ကျနော့်အိပ်မက်များကို
နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်းဒီကရီ
စောင်းငဲ့ကြည်သောအခါ
အရာရာပုံမှန်မဟုတ်သလိုပါပဲ …။
သက်တမ်းရဲ့ သုံးပုံတစ်ပုံက
တဖျပ်ဖျပ်လောင်ကျွမ်းသောအခါ
ဘဝဟာ လက်တွေ့မဆန်တာတွေ
များလာသလိုပါပဲ …။
ပတ်ဝန်းကျင်ကို တိတ်တဆိတ်ငေးကြည့်မိသောအခါ
အတ္တ ၊ မာနထိုးထိုးထောင်ထောင်တွေဟာ
အရိပ်တွေကြားမှာ
ခြေသံတစ်ဖြောက်ဖြောက်ပေးပြီး
နွေဦးရဲ့ ဂီတ သစ်ရွက်ကြွေများနဲ့
ကခုန်နေကြသလိုပါပဲ ….။
နှင်းကြွင်း နှင်းကျန်တို့ရဲ့ အသက်ငင်မှုတွေနဲ့
မနက်ခင်းတွေဟာလည်း
ငြိမ်သက်အေးစက်နေကြဆဲပါ …။
ကျနော် ခင်ဗျား နာမ်စားများနဲ့
ဝါကျတစ်ခုဖွဲ့ကြည့်သောအခါ
အားလုံးဧည့်သည်တွေပါလို့
အော်သံသဲ့သဲ့ကြားမိပြန်ရဲ့ …။
အဆင့်အတန်းတွေနဲ့
အဖြူအမည်းတွေကြားမှာ
ကြားနေဝါဒတစ်ခုပေါ်ပေါက်လာခြင်းဟာ
ငိုစားရယ်စား လူတွေအတွက်တော့
ဒါမျိုးကလည်းမခါးလှပါဘူးလို့
ငါးခူပြုံးပြုံးရင်း နှုတ်ဆိတ်နေသလိုပါပဲ …။
မနေ့ကရော ဒီကနေ့ပါ
ကျနော့်အိပ်မက်များကို ချိတ်ဆွဲထားနေမိဆဲ …။
ကြိုးဆွဲရာကရတဲ့ ကံကြမ္မာဇာတ်ခုံကိုလည်း
မကျေမနပ်နဲ့ ကားလိပ်ချခိုင်းမိတယ်…။
ဝိညာဉ်တွေကတော့ လိပ်ပြာအတောင်တွေပေါ်မှာ
ပန်းချီရေးနေကြဆဲ ….။
ဒီတော့ သူငယ်ချင်းရေ …
ဘဝမှာ ငြိမ်နေရတာတွေကြောင့်
ညောင်းလှပြီဆိုရင် …
ကျနော့်လို အိပ်မက်ကို နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်းဒီကရီ
စောင်းကြည့်လိုက်ပါလား ….။
ကဲ…. ဒါလေးတွေကတော့ နှင်းမှုန်တွေ ဝေတဲ့ ဆောင်းည အေးမြတဲ့ ဆောင်းညနဲ့အတူ
အမှတ်တရရေးဖြစ်ခဲ့တဲ့ ကဗျာလေးတွေပါ…။ လွမ်းမိတဲ့ လွမ်းရတဲ့
ဆောင်းညလေးမှာ ရေးဖြစ်ခဲ့တဲ့ ကဗျာလေးတွေကို ပြန်ဖတ်မိ
ပြန်လွမ်းမိတာကြောင့် ရေးဖြစ်လိုက်တဲ့ စာလေးတစ်ပုဒ်ပါ ….
ပျော်ရွှင် ချမ်းမြေ့ကြပါစေ …
k.t.w.l
4 comments
Thint Aye Yeik
March 8, 2016 at 9:59 am
ကဗျာလေးတွေက ကောင်းတယ်ဗျို့
အဲ. . .
အက်ဆေးလေးနဲ့ ရောပြီး ချပြလိုက်တော့လည်း ပိုကောင်းသွားပြန်ရော
ကျနော်ကတော့ ကဗျာ ဆို ကဗျာချည်းပဲ ချပြထားတဲ့ အနုပညာထက်
ကဗျာကို အခြားတစ်ခုခုနဲ့ တွဲစပ်ပြထားရင် ပို အရသာတွေ့. . .(ရသတွေ့)
ကဗျာက ကျနော့်အချစ်ဦး
အက်ဆေးက ကျနော်အခု တွဲချင်နေတဲ့ရည်းစား
ဝတ္ထုတိုက တခါတလေ အပျော်တွဲချင်သူ
ဝတ္ထုရှည်ကတော့ ကျနော် အသက်ကြီးတဲ့အထိ လက်ထပ်ပေါင်းသင်းချင်တဲ့သူ
kotun winlatt
March 8, 2016 at 3:46 pm
အယ် . . . ဖွေးဖွေးတော့ သနားစရာဖြစ်ရှာပီပေါ့လေ
Thint Aye Yeik
March 8, 2016 at 6:27 pm
.ဖွေးဖွေးက အဲ့ဒီအရာတွေ အားလုံး ပေါင်းထားတဲ့ အချုပ်အခြာ
”အနုပညာ”
:k:
အရင်ကကျော်စွာဦးကြီးမိုက်
March 9, 2016 at 3:45 pm
.ကိုထွန်းဝင်းလတ်ကြီးကတယ်ရေးတတ်သကိုးဗျ…ကျုပ်တော့ကဗျာကိုမဝေဖန်တတ်ပါဘူး..
.အရသာခံပြီးပဲဖတ်ရှုအားပေးသွားတယ်ဗျာ :))