ကျေးဇူးတင်စကား

hmeeMarch 15, 20161min62728

“ကျေးဇူးတင်စကား ”

ကျေးဇူးတင်စကားကို လူတိုင်းကြားဖူးမည် ထင်ပါသည်။ နောက် ….. ပြောလည်း ပြောဖူးကြပါမည်။ မိမိက ကူညီလိုက်သောကြောင့် ကျေးဇူးတင်ခံရသည်မှာ သိပ်မထူးဆန်းလှသော်လည်း မိမိတာဝန်မို့ လုပ်သင့် လုပ်ထိုက်လို့ လုပ်ရသော အလုပ်ကို ကျေးဇူးတင်ခံရသည်မှာ ထူးဆန်းသလိုလို ရှိသည်။ မည်သို့သော အကြောင်းကို အခြေခံစေကာမူ ကျေးဇူးတင်ပါတယ် ခင်ဗျာ၊ ကျေးဇူးတင်ပါတယ်ရှင် ဆိုသည်ကတော့ နားဝင်ချိုလှသည်မှာ အမှန်ပင်။ ကျွန်မ ပညာ သင်ယူဖူးသော ဆရာတယောက်မှ သင်ကြားသည်ကို ကျွန်မ ဘယ်တော့မှ မမေ့သလို အမြဲလည်း လိုက်နာဖြစ်သည်။ ကျေးဇူးတင်ပါတယ် ဟူသော စကားကို ပြောရန် တိုက်တွန်းခြင်းဖြစ်သည်။ မိမိ အခပေး၍ ဌါးစီးလာသော ကြောင့် လိုရာလိုက်ပို့ပေးသော ကားသမားကိုပင် ကားခပေးရင်း ကျေးဇူးတင်ပါတယ်ဟု ပြောဖြစ်အောင် ပြောလိုက်ပါ သူ့စိတ်ထဲတွင် ချမ်းမြေ့သွားသောကြောင့် နောက်လူကို သူဆက်ဆံသောအခါ သူ စေတနာထား၍ ဆက်ဆံပေးလိမ့်မည် ဤကဲ့သို့ လက်ဆင့် ကမ်းစေလိုခြင်းဖြစ်သည်။ ကျွန်မ သိပ်သဘောကျသောကြောင့် အမြဲတစေ လိုက်နာဖြစ်သည်။ အစကတော့ နှုတ်မရဲသော်လည်း ယခုမူ အတော်ပင် အသားကျလာပေပြီ။ ကျေးဇူးတင်ပါတယ် ဆိုသော စကားကို ကြားရသူလည်း ကျေနပ် နှစ်ခြိုက်ပေလိမ့်မည်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ကနေဒါ လူမျိုးများသည် အင်မတန်ကို ဖော်ရွှေလှသည်။ မနက်တိုင်း သားကို ကျောင်းပို့သွားရာ လမ်းတလျှောက် မျက်နှာခြင်းဆိုင် ဆုံမိသည့် လူတိုင်း ပြုံးပြတတ်သည်။ ကျွန်မနှင့် တခါတရံမှ ဆုံဖူးသူ မဟုတ်သည့်တိုင် “ ဟဲလို ကောင်းသော မနက်ခင်းပါ ” “ နေကောင်းပါလား” စသည်ဖြင့် နှုတ်ဆက်စကားဆိုသည်။ လူတိုင်းနီးပါး နှုတ်ဆက်ကြသည်။ မနှုတ်ဆက်သော သူသည် ကနေဒါလူမျိုး မဟုတ်၍ ဖြစ်မည်။ လူတိုင်းလိုလိုပင် “ ဟဲလို” “ဟိုင်း” ဟု နှုတ်ဆက်သည်။ သည်ထက် ပို၍ ဖောရွှေသူဖြစ်လျှင် ရာသီဥတု အခြေအနေပါ ပြောမည်။ မင်းဘယ်ကလာသလဲ၊ ကနေဒါ ရာသီဥတုကို သဘောကျ သလား စသည်ဖြင့် စကားစမြည် ပြောပေလိမ့်မည်။ ဒါက အသွားတွင်ဖြစ်သည်။ အပြန် ဓါတ်လှေကားထဲတွင် ဆုံလျှင်တော့ “ဘိုင့် ကောင်းသောနေ့ဖြစ်ပါစေ” “ပျော်ရွှင်ဖွယ်နေ့ ဖြစ်ပါစေ” စသည်ဖြင့် နှုတ်ဆက်ပေမည်။ မိမိ အရင်ဆင်း၍ နှုတ်ဆက်လျှင်တော့ “ မင်းလည်း ထပ်တူ ဖြစ်ပါစေ” ဟု ပြန်ပြောပေမည်။ အင်မတန်မှ ဖော်ရွှေသော လူမျိုးဖြစ်သည်။ တခါတရံ ဈေးဝယ်ပြီးပြန်အလာ ကလေးလှည်းကတဖက် အထုတ်တွေက တဖက်နှင့် အဆောက်အဦး တံခါးကို သော့ဖွင့်ရန် ကို့ရို့ကားယား ဖြစ်နေမှာ ပူရန်မလို lobby ထဲတွင်ရှိသော မည်သူမဆို တခါတရံ လေးချောင်းထောက်နှင့် အဖိုးအဖွားပါ မကျန် တံခါး လာဖွင့် ပေးလိမ့်မည်။ ကိုယ့် အခန်းကိုယ် အသာအယာ တက်သွားရုံ။ ကိုယ်က ကြုံကြိုက်၍ ကူညီလျှင်တော့ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင် စကားကို ဆိုပေမည်။ တခါတလေ လမ်းမှာ ရပ်၍ ဟိုကြည့်သည်ကြည့် လုပ်နေလျှင်ပင် ဖြတ်သွားဖြတ်လာ တယောက်မှ လာ၍မေးလိမ့်မည်။ လမ်းပျောက်နေသလား အကူအညီများ လိုသလား ဟူ၍ပင်။ တဦးတယောက် မဟုတ်ပဲ အားလုံးနီးပါး ကူညီတတ် သောကြောင့် ဘာ့ကြောင့် သည်မျှလောက် ကူညီတတ်ကြသနည်း၊ ကျေးဇူးတင်တတ်သနည်းဟု ကျွန်မ တခါတခါ တွေးမိပေသည်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

သားကို မနက်တိုင်း ၈း ၁၅ တွင် ကျောင်းပို့ရသော အလုပ်သည် ကျွန်မ အလုပ်ဖြစ်သည်။ သားတို့ကျောင်းသည် ၈း၃ဝတွင် တက်သည်။ အိမ်မှ ထွက်လာပြီး ကျောင်းရှေ့ရောက်လျှင် ပထမဦးဆုံး ကျောင်းမျက်နှာစာ ဝင်ပေါက်ကိုတွေ့ပေမည်။ ( ကျောင်းကို ဝန်းခြံခတ်မထားပါ။ ) ထို ဝင်ပေါက်သည် ကျောင်းကားစီးသော ကလေးများသာ ဝင်ရသည်။ မိဘ လိုက်ပို့သော ကလေးများမဝင်ရပါ။ ၎င်း ဝင်ပေါက်နှင့်ကပ်လျှက် အခန်းသည် KG အခန်းဖြစ်သည်။ အခန်းနံရံဘေးမှ ဖြတ်လျှောက်သွားမူ အခန်း၏ဘေးဘက် အခန်းကပ်လျှက်တွင် လူကြီး ရင်စို့ နီးပါး မြင့်သော သံဇကာ ကာထားသော ကလေးကစားကွင်းရှိသည်။ တဖက်တွင် ကျောင်းနံရံရှိ၍ သံဇကာသည် သုံးဖက်သာ ကာရန်ထားသည်။ ကစားကွင်းကို ပတ်ကျော်လိုက်ပါက ကျောင်းဘေးဘက် ဝင်ပေါက်ရှိပြီး သားတို့သည် ၎င်း အပေါက်မှ ဝင်ရသည်။ ၁၃နှစ်ကျော်သော မိဘ လိုက်ပို့စရာမလိုသော ကလေးများကမူ ကျောင်း အနောက်ဖက် အပေါက်မှ ဝင်ရထွက်ရသည်။ သားတို့ ကျောင်းအဝင် တံခါးမကြီးရှေ့တွင် အဝါရောင် မျဉ်းများ တားထားသည်။ သားသည် သူရပ်ရမည့် အဝါရောင်မျဉ်းကွက်အတွင်း သူ့ကျောပိုးအိတ်ကို ချထားခဲ့ကာ ကျောင်းအနောက်ဖက် ကစားကွင်းတွင် ကစားရသည်။ ကျောင်းစာသင်ခန်းထဲ ဝင်၍ ထိုင်နေခွင့်မရှိပေ။ ကလေးတိုင်း ကစားရသည်။ ကစားကွင်းတွင် တာဝန်ကျ ဆရာမ နှစ်ယောက်မှ သုံးယောက် အပြင် volunteer လုပ်သော မိဘ နှစ်ဦး ပုံမှန်ရှိသည်။ ကလေးတွေကို တချိန်လုံး လိုက်ကြည့်နေသည်။ တခါတရံ ကျောင်းအုပ်ဆရာကြီးပင် ပါတတ်သေးသည်။ မိုးရွာ၍ ရေတင်နေသောနေရာ ၊ အေးလွန်းသောနေ့တွင် ရေခဲပြင် ဖြစ်နေသော နေရာများကို အဝါရောင်ဘလော့တုံးများ ကာထားတတ်သည်။ မည်သည့် ကလေးမှ ဝင်မရအောင် စောင့်ကြည့်နေသည်။ ကျွန်မသည် သားကို ထားခဲ့ပြီး အိမ်အပြန် နေ့စဉ် ကျောင်းနှင့် ခပ်လှမ်းလှမ်းနေရာတွင် ကျောင်းတက် ခေါင်းလောင်းသံ ကြားရတတ်သည်။ တရက်၌မူ အိမ်မှ အထွက် နောက်ကျသည့်အပြင် ညက ကျထားသော နှင်းရုန်းနေရသောကြောင့် ခါတိုင်းထက် နောက်ကျပေသည်။ သားတို့ ကျောင်းဝင်ပေါက် အရောက် ကျောင်းတက်ခေါင်းလောင်း ထိုးလေသည်။ ကစားနေသော ကလေးများ ပြေးလာကာ ကျောပိုးအိတ်တွေ ကောက်လွယ်ပြီး သက်ဆိုင်ရာနေရာတွင်ရပ်ကာ တန်းစီနေကြသည်။ အရင်နေ့တွေတုန်းက ကျွန်မ တခါမှ မကြုံဘူးပေ။ ကျောင်းအုပ်ဆရာကြီးသည် တံခါးရှေ့တွင် ရပ်နေသည် ကလေးတွေလည်း ငြိမ်ငြိမ်လေးရပ်နေကြသည်။ ကျောင်းအုပ်ကြီး စကား တခွန်းနှစ်ခွန်းပြောအပြီး ကလေးတွေ ကျောင်းထဲ တန်းစီ၍ ဝင်သွားကြသည်။ ဤသည်မှာ သိပ်မထူးဆန်း။ ထူးဆန်းသည်က သံဇကာကွက်ထဲမှ KG ကလေးတွေဖြစ်သည်။ junior KG နှင့် KG ကလေးတွေလည်း ကိုယ့်အိတ်ကလေးတွေကိုယ်လွယ်ကာ တန်းစီလျှက်။ အရင်နေ့များမှာတော့ ကျောင်းဆင်းချိန်တွင် ကပ်လျှက်ဘေးအခန်းတံခါးမမှ ထွက်လာသည်ကို နေ့တိုင်း ကျွန်မ မြင်နေကြပါ။ ယခုကျောင်းတက်ချိန်တွင်မူ ထို ဘေးတံခါးမှ မဝင်ကြပေ။ သူတို့ သံဇကာ ဟိုဖက်ထိပ်နှင့် သည်ဖက်ထိပ်တွင် တံခါးရှိသည်။ သူတို့ သံဇကာအနောက်ဖက်တံခါးနှင့် သားတို့ကျောင်းဝင်ပေါက်သည် လူကြီးခြေလှမ်း ၅ လှမ်းစာသာရှိသည်။ junior KG ဆရာမ လက်ထဲတွင် ကွင်းတွေကို ဆက်ထားသော ကြိုးတချောင်းကို ကိုင်ထားသည်။ ကွင်းတကွင်းကို ကလေးနှစ်ယောက် ဟိုဘက်သည်ဘက် ကိုင်ကာ ရပ်နေသည်။ ကလေးတွေ နှစ်ယောက်တတွဲ တန်းစီနေသောပုံစံပင်။ နောက်ဆုံးကွင်းတွင်မူ မိဘတဦး။ ကလေးတွေ ဘေးတွင် ရပ်ကာ စာရွက်ထဲမှာပါသော နာမည်များကို ခေါ်ကာ လူစစ်နေသော မိဘတစ်ဦး။ ကျွန်မတယောက် အိမ်မပြန်နိုင်သေးပဲ စိတ်ဝင်စားလွန်းသောကြောင့် ရပ်ကြည့်နေမိသည်။ နာမည် စစ်ပြီးသောအခါ ရှေ့ဆုံးမှ ဆရာမသည် ကွင်းကိုကိုင်ကာ စထွက်လေသည်။ သည်လောက် လူကြီးခြေလှမ်း ၅လှမ်းစာ အကွာအဝေး ကလေးကို ကွင်းကိုင်၍ ဝင်ကြရသည်။ ကလေးပျောက်မှာ ကျန်မှာ ပူစရာပင်မလို ။ သေချာလိုက်လေခြင်း ကောင်းလိုက်ပါဘိခြင်း။ နောက် သူတို့ထက် တနှစ်ပိုကြီးသော KG ကလေးတွေလည်း ထိုနည်းအတိုင်း။ သူတို့ကမူ အရှေ့ဖက် တံခါးမှ ထွက်၍ ကျောင်းရှေ့တံခါးမှ ဝင်ကြလေသည်။ ရှေ့ဆုံးမှ ဆရာမသည် ပလက်ဖောင်းအတိုင်း လမ်းကိုကျောပေး ကလေးတွေဖက် မျက်နှာမူကာ ပါးစပ်မှ ရှုးရှုး ထရိန်းလို့ အော်ကာ သွားသည်။ အထူးအဆန်းပင် ။ ကလေးတွေလည်း အော်ကာ လျှောက်ကြသည်။ နောက်ဆုံးကလေး ကစားကွင်းတံခါးမှ ထွက်ပြီးချိန်တွင် ဆရာမသည် ခဏရပ်လိုက်ပြီး ထိုကလေးကို စကားပြောလေသည်။ မင်း ဆရာမ အတွက် တံခါးလေး ပိတ်ပေးနိုင်မလားတဲ့။ ကလေးကလည်း တံခါးကို သေသေချာချာ ပြန်ပိတ်ပေးသည်။ ကျန်ကလေးများအားလုံး တန်းစီကာ ရပ်နေကြသည်။ စည်းကမ်းကျလိုက်သည့် ဖြစ်ခြင်း။ တံခါး ပိတ်ပြီးသောအခါ ဆရာမက ထပ်ပြောလေသည် မင်း ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်တဲ့။ ကျွန်မ အတော်ကို သဘောကျကာ လိုက်ကြည့်နေမိသည်။ ဒါတင် မပြီးသေးပါ ကျောင်းထဲ ဝင်ခါနီး ဆရာမက တံခါးကို ဖွင့်လိုက်တဲ့ အခါ ရှေ့ဆုံးကလေးမှ တံခါးကို ကျောဖြင့်တွန်းကာ ခြေကို မြေကြီးတွင် စုံကန်ရပ်ထားသည်။ တံခါးပြန်မပိတ် သွားစေရန်ဖြစ်သည်။ ကျန်ကလေးများ ဝင်ရ လွယ်ကူစေရန် သူကူညီခြင်းဖြစ်သည်။ ကျန်သော ကလေးများအားလုံး တံခါးအဝင်တွင် ထို တံခါးဖွင့်ပေးထားသော ကလေးကို ကျေးဇူးတင်ပါတယ်ဟု ကလေး အယောက်တိုင်းက ပြောသွားကြလေသည်။ ကျွန်မ သဘောတကျနှင့် သဘောပေါက်သွားပါပြီ။ ကလေးတွေ ကောင်း၍ လူကြီးတွေ ကောင်းကြခြင်း ဖြစ်သည်ဟုပါ။ သူတပါးကို ကူညီတတ်အောင် နောက် ကျေးဇူးတင်ထိုက်သူကိုလည်း ကျေးဇူးတင်တတ်အောင် သင်ပေးလိုက်ကြသည်ကိုး။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မနေ့ မနက်ဖက်တွင် ကျောင်းမှ အိမ်ကြီးရှင် အီးလ်မေးကို စာပို့သည်။ ၃.၃.၁၆ ကြာသပတေးနေ့တွင် winter fun day ကို ကျောင်းဝန်းအတွင်း ကျောင်းဆောင်အပြင် နှင်းတောထဲတွင် ကစားမည် နောက် ရာသီဥတု မည်ကဲ့သို့ လျှင်မြန်စွာ ပြောင်းလဲသည်ကို သင်ကြားမည်ဖြစ်သောကြောင့် ကလေးကို နွေးထွေးစွာ ဝတ်ဆင်ပေးလိုက်ရန်နှင့် အဝတ်အစား အပိုတစုံ၊ ခြေအိတ် လက်အိတ်အပို တစုံပါ ထည့်ပေးလိုက်ပါရန် ပန်ကြားသော စာဖြစ်သည်။ သားတွင် လက်အိတ် တစုံသာ ဝယ်ရသေးသည်။ နောက် တစုံ ထပ်ဝယ်ရပေမည်။ ၂.၃.၁၆ နေ့သည် တောင်သူလယ်သမားနေ့ ရုံးပိတ်သောကြောင့် ရုံးမသွားရသော အိမ်ကြီးရှင်ကို သမီးနှင့် အိမ်စောင့်။ သားကို ကျောင်းကြိုပြီး အပြန် Lincoln field ဘက် လှည့် ဝင်ကာ လက်အိတ်ဝယ်မည်။ ကိုယ့်အတွေးနှင့် ကိုယ်တော့ အဆင်ကိုချောလို့။

ကျောင်းတံခါးဝမှ ထွက်လာသော သားလက်တွင် လက်အိတ် ဝတ်မထား။ ရှိစုမဲ့စု တစုံတည်းသော လက်အိတ် ပျောက်ခဲ့လေပြီ။ အနှုတ် ၄ဝထိအေးသော မြို့တွင် လက်အိတ်မပါလျှင် အပြင်သို့ မည်ကဲ့သို့မှ မထွက်နိုင်။ ကမန်းကတန်း အမေ့လက်အိတ်ချွတ် သူ့စွပ်ပေးလိုက်ရသည်။ ကျောင်းတွင် ကျပျောက်လျှင် ပစ္စည်းပျောက်ဌါနတွင် ရှာ၍ ရနိုင်သော်ငြားလည်း ယခုမူ အပြင် လေ့လာရေးသွားခိုက် လမ်းတွင် ကျကျန်သောကြောင့် ပြန်ရနိုင်ရန် လမ်းမမြင်။ လက်အိတ်သည် မရှိမဖြစ်မို့ နောက်နေ့ ကျောင်းတက်ရန်အတွက် သည်နေ့ မဖြစ်မနေ ရအောင် ဝယ်ရပေတော့မည်။ lincoln field ထဲ ပတ်ရှာရာ ရှာမရ။ မရ ရအောင် ဝယ်ရမည်မို့ သားအမိ နှစ်ယောက် ဘတ်စကားစီးကာ carliwood ကို ချီတက်ကြရသည်။   carliwood ရောက်တော့ ညနေ ၄နာရီ။ Sears ထဲ ပတ်ရှာတော့ လုံးဝ ရှာမရတော့။ ဆောင်းကုန်တော့မည်မို့ Sears တဆိုင်လုံး ဆောင်း အထည်တွေ ပျောက်ကာ နွေထည်တွေ အပြည့်။ carliwood ထဲက ဆိုင်တွေအကုန် တပတ်ပတ်ရှာ။ အားလုံး နွေရာသီဝတ်စုံတွေ ဖြစ်ကုန်ပြီမို့ လုံးဝ ရှာမရတော့ပေ။ သားလည်း အားကြိုးမာန်တက် အမေနှင့် အတူတူ ရှာရင်း ညောင်းနေရှာပြီမို့ လက်လျှော့ကာ ပြန်လာရသည်။ လက်အိတ် ရှာဝယ်၍ မရမချင်း ကျောင်းနားနေရမည်ကို တွေးကာ စိတ်လည်း ညစ်နေရှာသည်။ သားအမိနှစ်ယောက် အိမ်ပြန်ရောက်တော့ ၅နာရီ ခွဲပြီ။ မနက်ဖြန် winter fun day ကို သွားချင်နေသော သားကိုကြည့်ပြီး ကျွန်မတို့ နှစ်ယောက် စိတ်မကောင်းချေ။

နောက်တော့ အိမ်နှင့် အတန်ငယ်ဝေးသော bayshore ကို အိမ်ကြီးရှင် သွားဖို့ ပြင်လေသည်။ ထွက်သွားပြီး အနည်းငယ်ကြာတော့ ဖုန်းဆက်လာသည် ရှာ၍ မရတော့ပေ။ မည်သို့ လုပ်ရပါ့မည်နည်းဟု သောကပွားနေတုန်း ဖုန်းထပ်အဆက်မှာတော့ တွေ့ပြီ ဖြစ်ကြောင်းရယ်ပါ။ အရင် Sears တွင် ၁၄ကျပ်သာ ပေးရသော လက်အိတ်။ နာမည်ကြီး တံဆိပ်မို့ သည်တခါ ၄ဝ တဲ့။ မဖြစ်မနေ ဝယ်ရမည်မို့ ၂စုံဝယ်ခဲ့ရသည်။ အဖေ ပြန်ရောက်တော့ ည အတော် မိုးချုပ်ပြီ။ လက်အိတ်ပါလာတာ မြင်ရသောအခါ မနက်ဖြန် သူ ကျောင်းတက်ရတော့မည်မို့ သားမှာ ပျော်နေရှာသည်။ မိဘပီပီ သားကိုကြည့်ကာ ကျေနပ်နေမိသည်။

သည်နေ့မနက် လက်အိတ် အသစ်ကိုဝတ် တစုံကို အိတ်ထဲ ထည့်ကာ ပျော်ရွှင်စွာ ကျောင်းသွားလေသည်။ ညနေ အိမ်အပြန် လမ်းတလျှောက် သည်ကနေ့ ကျောင်းတွင် ကြုံတွေ့ရသော အတွေ့အကြုံကို တလမ်းလုံး မမောနိုင် မပန်းနိုင် ပြောပြသည်။ သား အတော်ကို ပျော်ခဲ့သည်မှာ သေချာသည်။

ညဖက် မိသားစု စုံချိန်တွင် ကျောင်းမှ စာတစောင် ထပ်ဝင်လာသည်။ ဖတ်ကြည့်လိုက်သောအခါ ကျောင်းအုပ်ကြီးထံမှ ကျေးဇူးတင်ကြောင်း ရေးထားသော စာဖြစ်သည်။ သည်နေ့ ကျောင်းတွင် ကလေးတွေနှင့် ကစားဖြစ်သော ကစားနည်းများနှင့် ကစားရသည်ကို ပျော်ရွှင်ကြောင်း၊ နောက် ကလေးကို နွေးထွေးလုံခြုံစွာ ဝတ်ဆင်ပေးလိုက်သည့် အတွက် ကျေးဇူး အင်မတန် တင်ကြောင်းတို့ ဖြစ်သည်။ ကျွန်မ သားသမီးကို သည်လို နွေးထွေးလုံခြုံစွာ ဝတ်ဆင်ပေးရမည်မှာ ကျွန်မ လုပ်သင့် လုပ်ထိုက်သော လုပ်ကို လုပ်ပေးရမည့် တာဝန်ဖြစ်သည်။ ဤသည်ကို ကျေးဇူးတင်ပါသည်ဟု တခုတ်တရ ဆိုသည်မှာ ထူးဆန်းသလိုလိုပင်။ သို့ပေမင့် သဘောတော့ ကျမိသည်။ ကျောင်းအုပ် ဆရာကြီး၏ စာအကြောင်း နှစ်ယောက်သား သဘောတကျ ပြောနေတုန်း သားဆီမှ ထူးထူးဆန်းဆန်း ကြားရပြန်ပါသည်။

“သားလည်း ပါပါနဲ့ မေမေ့ကို ကျေးဇူးတင်ပါတယ်”

ကျွန်မတို့ နှစ်ယောက် တအံ့တဩ။

“ဘာလို့လဲ သားရဲ့”

“ပါပါနဲ့မေမေ မနေ့က သားအတွက် လက်အိတ် ရအောင် ဝယ်ပေးလို့ သား ဒီနေ့ ကျောင်းမှာ ပျော်ခဲ့ရတယ်။ အဲ့ဒါကြောင့် ကျေးဇူးတင်တာ”

ကျွန်မတို့ နှစ်ယောက် တယောက်မျက်နှာ တယောက် ကြည့်ရင်း ကျေကျေနပ်နပ် ပြုံးလိုက်မိပါတယ်။ စေတနာပါသည် မှန်သော်လည်း လုပ်ကိုလုပ်ရမည့် တာဝန်မို့ လုပ်ခဲ့ကြသည့်အတွက် သား၏ တခုတ်တရ ကျေးဇူးတင်စကားကြောင့် ကျေနပ်ရသည်။ သည်နေ့ ကြားရသော ကျေးဇူးတင်စကားသည် နားဝင် ချိုမြိန်လှပေသည်။ အခုတော့ ကျွန်မ၏ သားသည်ပင် ကျေးဇူးတင်စကား ပြောတတ်လာလေပြီ ဖြစ်၍ ကျေနပ်နေမိပါတော့သည်။

 

 

 

28 comments

  • ခင်ဇော်

    March 15, 2016 at 8:36 am

    ကျနော်တို့ လူ့လောကမှာ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်နည်းတွေကို ကင်ဒါဂါဒင်း ကတည်းက သင်ပေးလိုက်တဲ့ သဘောပေါ့။
    အမမှီရေ။
    ကျေးဇူးတင်တယ်ဆိုတာလည်း စကားအရာသာမဟုတ်ပဲ စိတ်ထဲက လှိုက်လှိုက်လှဲလှဲ တင်တတ်အောင်ပါ သင်ယူခွင့်ရတဲ့ကလေးတွေပါ။ ကံသိပ်ကောင်းတယ်။
    🙂
    Appreciation တို့ ကျေးဇူးသိတတ်မှုတို့ဆိုတာလည်း စားဝတ်နေရေး ခေါင်းအေးရမှ သိတတ်မှာမို့ ဆင်းရဲတွင်းနက်တဲ့ တိုင်းပြည်တွေမှာတော့ အတွေးအခေါ်ရော အပြောအဆိုရော ရိုင်းလာတတ်တာပေါ့နော်။

    လူလို ဆက်ဆံခံရမှ လူစိတ်ပေါက်တာမျိုးကိုးး

    ကျနော်တို့ အများကြီးကြိုးစားရအူးမယ်။
    🙂

    • hmee

      March 16, 2016 at 6:16 am

      အချစ်ခံရမှ ချစ်တာတဲ့။ ငယ်ကတည်းက အကြင်နာတရားနဲ့ ကြီးလာရတော့ ကြင်နာတတ်ကြတာပေါ့။
      သူတို့ဆီမှာ အတုယူစရာတွေ အများကြီး ဇီရေ။

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    March 15, 2016 at 9:27 am

    ခုလို အတုယူဖွယ်ရာလေးတွေ တင်ပေးတဲ့
    အန်တီမှီကိုလဲ ကျေးဇူးတင်ပါတယ်

    အစ္စရေး ဘီအီး တစ်လုံးလောက် ပို့ပေးလိုက်ရင်
    ပိုလို့တောင် ကျေးဇူးတင်မိမှာပဲ
    အာဝု ဂါလု ဂေ့ ဂွီ..

    • ခင်ဇော်

      March 15, 2016 at 9:45 am

      နိ ဘယ်နားသွားမူးနာတုန်းး
      မွမှီ အစ္စရေးမှာ ဟုတ်တော့ဘူးးး
      ကနေဒါ ရောက်တွားဘီ။

      :k:

      • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

        March 15, 2016 at 12:33 pm

        ဟုတ်ပါဝူး
        လမ်းကြုံရင်ပြောဒါဘာတော်

        • hmee

          March 16, 2016 at 6:20 am

          အိပ်ပျော် နေသလားကွယ် အစ္စရေးက ပြန်လာပြီး မွေးထားတဲ့ သာမီးလေးတောင် ၄နှစ်ပြည့်တော့မယ်နော်။
          အဲ့ အရက်လည်း ပြောစရာရှိတယ်။ ဆေးလိပ် အရက် ဝယ်ရ အခက်ဆုံးပဲ။ စူပါမားကက် တွေမှာ လုံးဝ မရှိပါ။ အရက် ဝယ်ချင်ရင် အိုင်တီကတ်နဲ့ လျှောက်။ စီစစ်တာနဲ့ တခါလျှောက်ရင် တလလောက်ကြာတယ်။ ဆေးလိပ်က ပိုခက် အိမ်ကြီးရှင်တောင် သည်ရောက်မှ ဆေးလိပ်ပြတ်တော့မယ် သောက်စရာကို မရှိလို့။ း)

  • Ma Ei

    March 15, 2016 at 9:41 am

    မှီ ရေ
    ဒီလို စိတ်ခွန်အားမြှင့်စာလေးတွေဖတ်ရလို့
    ကျေးဇူးတင်ပါတယ် နော်

    • hmee

      March 16, 2016 at 6:22 am

      ဟုတ် အမ အိ။ မှန်မှန်ရေးနိုင်အောင်တော့ ကြိုးစားပါ့မယ်။

  • Thint Aye Yeik

    March 15, 2016 at 10:07 am

    အသိအမှတ်ပြုမှု အနေနဲ့ Thank you နော့ လို့
    အလွယ်တကူ ပြောထွက်ဖို့ ပြောတတ်ဖို့ အခု သင်ယူနေချိန်မို့ ဒီပိုစ့်လေး ဖတ်ရတာကိုပါ
    သင်ယူစရာတွေထဲ ထည့် မှတ် သွားပါတယ်။
    —————–

    ရွာထဲက အန်တီကြီးတစ်ယောက်နဲ့ ဆုံတုန်းက
    စားသောက်ဆိုင်မှာ အစားအသောက် လာချပေးတဲ့ စားပွဲထိုးလေးတွေကို တစ်ခုလာချရင်တစ်ခါ မျက်နှာကို သေချာကြည့်ပြီး” Thank you နော် သား” ”Thank You နော် သမီး” ဆိုပြီး
    တခုတ်တရ အသိအမှတ်ပြုစကား ဆိုတတ်တဲ့ သူမ အမူအကျင့်ကို တွေ့ပြီးကတည်းက အတုယူ အားကျပြီး လိုက်လုပ်မိနေတာ။

    အဲ့ဒီ ရွာသူ အန်တီကြီးက ဘယ်သူလဲ ?

    :k:

    • Ma Ei

      March 15, 2016 at 10:34 am

      အစ်မ ဒုံ
      ဟုတ်တယ်ဟုတ်

      • Thint Aye Yeik

        March 15, 2016 at 5:41 pm

        ်တီဒုံလည်း အဲ့လို အသိအမှတ်ပြုတဲ့အပြုအမူလေး ရှိတယ်။

        ဒါမယ့် ဒီနေရာမှာ ကျနော် ပြောတဲ့ အန်တီကြီးကတော့. . .
        နိုင်နံဂျားကနေ ညန်မာပြည်ထဲ ခန လာလည်တဲ့ ”ရွာသူ”ကြီး. . .
        အတော်များများက သူ့ကို သိပ်မတွေ့ဖူးကြဘူးလေ။

        :k:

    • Kaung Kin Pyar

      March 15, 2016 at 3:04 pm

      စကားမစပ်..
      အရီးနဲ့ မဆုံလိုက်ရပေမယ့်.. လွမ်းတယ်အေ..

      • hmee

        March 16, 2016 at 6:24 am

        အရီးနဲ့ ဆုံချင်တာ။ အမကတော့ ကျေးဇူးတင်စကားကို နှုတ်ဖျားလေးက မပြောပဲ ရင်ထဲက ပြောနိုင်အောင် ကြိုးစားနေတယ်။ အတတ်နိုင်ဆုံးတော့ ပြုံးပြပြီးပြောတယ်။

  • kai

    March 15, 2016 at 10:08 am

    အဲဒီကင်ဒါဂါးဒင်းတွေမှာ… မူလတန်းမှာ.. အလယ်တန်းမှာ.. အထက်တန်းမှာ..
    .. တရားစခန်းမှာ… ဘုန်းဘုန်းတွေ.. တရားထိုင်ခိုင်းလို့.. ငုတ်တုတ်တရားထိုင်နေတဲ့ကလေးတွေမြင်တိုင်း….
    မြင်တိုင်း…
    “အော်အော်… အင်း.. ” လို့သာ…။
    ခေတ်မှီ ကလေးပညာသင်ကြားရေးစနစ် ထွက်လာရေး.. သူ့အရေး..သူ့အရေး.. :k:

      • hmee

        March 16, 2016 at 6:29 am

        သည်မှာတော့ ကလေးတွေကို လှုပ်ရှား ပြေးလွှား ဆော့ခိုင်းတာပဲ။ အတန်းထဲ ဝင်ထိုင်နေရင် တခါဆို ပြောပြတယ် ၂ခါဆိုမေးတယ် ၃ခါဆိုရင်တော့ ဘာ့ကြောင့်လဲသိဖို့ ကျောင်းအုပ်ကြီး ရုံးခန်းမှာ ဆွေးနွေးရသတဲ့။ ကျောင်းဆောင်ထဲမှာ gym အခန်းရှိတယ် ဆရာမ ဦးဆောင်ပြီး ဆော့ရတယ်တဲ့။ ကိုယ်ခန္ဒာ သန်စွမ်းအောင်ပါ လေ့ကျင့်တယ် ထင်တာပဲ။

  • naywoon ni

    March 15, 2016 at 1:37 pm

    ပိတ်​ထားတဲ့ တံခါး​တွေပြန်​ဖွင်​့​ပေးလိုက်​သလိုပါဘဲ ။ ဘယ်​နဲ့ ကမ္ဘာ​ပေါ်မှာ ဗမာ လူမျိုး​တွေပဲ ​ဖော်​​ရွေတတ်​သလိုလို အကူအညီ ​ပေးဖို့ဝန်​မ​လေးသလိုလို အလှူအတန်​းရက်​​ရော သလိုလိုနဲ့ ဝါးလုံး​ခေါင်​း အ​ပေါက်​ပိတ်​ထဲမှာ မွန်​းကြပ်​​နေထိုင်​ကြရတာ ကြာ​တော့ ြငြီး​ငွေ့လာဘီ​လေ 🙂

    • hmee

      March 16, 2016 at 6:35 am

      ကနေဒီးယန်းတွေက ပိုပြီး လူမှုရေးလုပ်တယ် ချမ်းသာကြလို့ ထင်တယ်။ သည်မှာ အလုပ်မရှိလည်း အိပ်စရာပေးထားတဲ့နေရာမှာ သွားအိပ် အချိန်တန် အစားအစာ ဝေတဲ့ နေရာမှာ သွားတန်းစီရုံပဲ။ ခိုးဆိုးလုယက်စရာမလိုဘူး။ အကျင်္ ီတွေပါ ဝေတော့ ပြီးရော။ အဲ့လိုတွေ လောက်င ကြလို့ထင်ရဲ့ လုံခြုံရေး တယ်ကောင်း အဘနီရေ။ ဘယ် အိမ်မှ ခြံစည်းရိုးမရှိဘူး။ ဟီး ကျွန်မတော့ အိမ်တွေ ခြံစည်းရိုးမရှိလို့ စိတ်မလုံဘူး မနေရဲဘူး ကြောက်တာ။

  • uncle gyi

    March 15, 2016 at 3:01 pm

    အရေးကလည်းကောင်း
    သွက်ကလည်းသွက်
    အကြောင်းအရာကလည်းဒီမှာဆိုအထူးအဆန်း
    အတုယူဖွယ်
    လူကြီးတွေဒီလောက်ဖော်ရွေပြီး
    ကူညီစိတ်ရှိတာငယ်စဉ်ကတည်းက
    လေ့က ျင့်ပေးလိုက်တာ
    ကွ ျန်တော်တို့ဆီဒီလိုဖြစ်ဖို့မ ျိုးဆက်တဆက်တော့စောင့်ရအုန်းမယ်

    • hmee

      March 16, 2016 at 6:37 am

      အန်ကယ်ကြီးရေ သူ့အိမ်လေး သာယာ လှပတော့ ကိုယ့်အိမ်လေးကို အဲ့လို ဖြစ်စေချင်တာ။ ကလေးတွေကို သင်ကြားတာတွေ သဘောကျ။ ကိုယ်တွေဆီမှာ အဲ့လိုလေးတွေ ဖြစ်စေချင်တာ ဘယ်တော့များမှ။

  • Kaung Kin Pyar

    March 15, 2016 at 3:10 pm

    မမှီရေ..
    ဒီပိုစ့်လေး ဖတ်တာ အများကြီးတွေးမိသွားပါတယ်….နိုင်ငံရေးရော၊ စီးပွားရေးရောပဲ.၊ ပညာရေးလဲ ပါတယ်…
    ကိုယ့်စားခွက် ဘယ်သူလာလုမလဲ၊ ဘယ်သူ့စားခွက် ကိုယ်လုရမလဲ ဖြစ်နေတဲ့ ဒီတိုင်းပြည်မယ်တော့ အခြေခံလူ့ကျင့်ဝတ်ဆိုတာ ပျောက်ဆုံးနေတာ ကြာပြီရယ်…။
    ချီးကျူးစကားတစ်ခွန်း နေ့တိုင်း မပြောဖြစ်ရင်တောင် ကျေးဇူးတင်စကားတော့ ပြောဖြစ်အောင် ကျင့်နေပါတယ်..။
    ဟိုတလောက.. ကားငှားစီးတော့ ဆင်းခါနီးပိုက်ဆံပေးရင်း.ကျေးဇူးတင်ပါတယ် လို့ ပြောလိုက်မိတာ..၊ ကျေးဇူးတွေပေါလွန်းလို့..အိမ်မှာပုံနေတာပဲ လို့ ပြန်ပြောသွားတယ်.. :byee:

    တစ်ချိန်တော့ မြန်မာနိုင်ငံလည်း.. ကနေဒါလို…….

    • hmee

      March 16, 2016 at 6:41 am

      အားလုံးဟာ ဆက်စပ်နေတာပါ။ တခုပျက်တော့ အားလုံးပါ ပျက်ကုန်တာပေါ့နော့။ ညီမရေ ပြောဖြစ်အောင်ပြောပါ ပေးရမှာ ကိုယ့်အလုပ် မယူတာတော့ သူ့အပိုင်းပေါ့ကွယ် တယောက်ကစ တရာအဆုံး ပြောင်းလဲလာကြမှာပါ။ အမကတော့ အမြဲကို ပြုံးပြုံးလေးနဲ့ ပြောဖြစ်အောင်ပြောတယ်။ တချို့ဆို ကိုယ့်ကို ဂြိုလ်သားလိုလို ကြည့်သွားတာတောင် ခံရသေး။

    • hmee

      March 16, 2016 at 6:42 am

      စိတ်ကူးထဲရှိပြီး မရေးတော့ မဖြစ် မဖြစ်တော့ မရေးရတာတွေ နှမြောစရာမို့ ရေးပါကွယ်။

  • Ma Ma

    March 15, 2016 at 10:55 pm

    ဟိုးတုန်းက မြန်မာ့အသံက မကြာခဏ လွှင့်ပေးတဲ့ အဆိုတော်သန်းသန်းလွင်ရဲ့ ကျေးဇူးတင်ပါတယ်ရှင် ဆိုတဲ့ သီချင်းလေးကို သတိရမိတယ်။
    အင်မတန်ကောင်းတဲ့ အလေ့အကျင့်မို့ အတုယူစရာပါပဲ။ 🙂

    • hmee

      March 16, 2016 at 6:44 am

      နားထောင်ဘူးတယ် အမရေ။ ကျေးဇူးတင်ပါတယ်ရှင် ကျေးဇူးတင်ပါတယ်ရှင်ကို ကျော့ကျော့ပြီး ဆိုသွားတာ။

  • .အင်မတန်ကောင်းတဲ့ပို့စ်လေးပါ..ကျုပ်တို့ဆီက မူလတန်းပြဆရာတွေအတုယူပြီးကလေးတွေကိုသင်ပေးသင့်တယ်
    .ကျနော်ကိုယ်တိုင်လည်းအဲ့လိုအသိအမှတ်ပြုခံရတာကြိုက်တော့
    .ကိုယ်ကလည်းပြန်အသိအမှတ်ပြုပေးပါတယ်
    .ရေဒီယိုခေတ်က မကြာမကြာမြန်မာ့အသံကလွှင့်တဲ့“ကျေးဇူးတင်ပါတယ်ရှင်” ဆိုတဲ့သီချင်းလေး
    .ကြားယောင်လာတယ်ဗျာ..သီချင်းလေးကအဓိပ်ပါယ်ပါလွန်းတယ်

  • ဦးကြောင်ကြီး

    March 20, 2016 at 9:21 am

    မာမီမှီကိုလည်း သာမီးမွေးထားလို့ ကေ ျးဇူးတင်ပါဒယ် ထညာ…

Leave a Reply